Chapter - 9 : ကျွန်တော်က သူ့ရဲ့ပရိတ်သတ်ပါ ( 2 )
Viewers 1k

Chapter - 9 : ကျွန်တော်က သူ့ရဲ့ပရိတ်သတ်ပါ ( 2 )

လုရွှိ၏ အသွင်အပြင်ကိုသာ အခြေခံ၍ သူသည် လုံးဝ အတွေ့အကြုံမရှိသူ ဖြစ်သည့်တိုင် လေ့ကျင့်ပေးရန် ကျွမ်းကျင်သူများကို ရှာဖွေလိုစိတ်ရှိသည်။ သူသာ ကြိုးစားပြီး ကျွမ်းကျင်သူအချို့၏ လမ်းညွှန်မှုရှိပါက တိုးတက်မှုရရန် အလွန်လွယ်ကူပေလိမ့်မည်။ ထို့အပြင် လုရွှိ၏ အရည်အချင်းသည် ရေထဲတွင် လှော်ခတ်နေရုံမျှသာ ရှိသည့်တိုင် သူသည် အစီအစဉ်၏ ဆွဲဆောင်မှုရှိသော အချက်တစ်ခု ဖြစ်နေဦးမည်။

ကောင်းမွန်သော ရသစုံရှိုးပွဲသည် အာရုံစိုက်မှုနှင့် ဆွေးနွေးမှုအပေါ် မူတည်လေသည်။ ဖန့်ဇုန်းသည် ပထမတစ်ချက်ကြည့်ရုံဖြင့် သူ(လုရွှိ)သည် ထိုအရာအား ယူဆောင်လာနိုင်သည် ဟု သိရှိလိုက်သည်။

“ဒီနေ့ စာချုပ်ချုပ်လိုက်… ပြီးရင် ဝန်ထမ်းတွေက ရိုက်ကူးရေးစမယ့်နေရာကို မင်းတို့ရဲ့ အီးမေးလ်ဆီ ပို့ပေးလိမ့်မယ်”

ဖန့်ဇုန်း၏ အကြည့်မှာ လုရွှိထံသို့ တောက်ပနေသော ရွှေစ တစ်ခုအား ကြည့်သကဲ့သို့ စူးစူးနစ်နစ် ရှုစားနေသည်။

“လုရွှိ၊ ငါ့ရဲ့ ထိုးထွင်းသိမြင်မှု မှန်ကန်တယ်လို့ ယုံကြည်တယ်… မင်း စင်ပေါ်မှာ တောက်တောက်ပပနဲ့ လင်းလက်နေတာကို မြင်ရဖို့ ငါ စောင့်မျှော်နေမယ်”

“ကျေးဇူးတင်ပါတယ် ဖန့်ကော”

လုရွှိသည် ပြုံးရယ်လိုက်ပြီးနောက် အဓိပ္ပာယ်မရှိဟန်ဖြင့် မေးလိုက်သည်။

“ဪ… ဟုတ်သားပဲ၊ ဖန့်ကော… ကျွန်တော် နည်းပြ ကျိကို အကဲဖြတ်သူစာရင်းမှာ တွေ့ခဲ့တယ်… သူ ကျွန်တော်တို့နဲ့အတူ လေ့ကျင့်ရေးစခန်းကို လိုက်လာမှာလား”

'အိုင်ဒေါလ်တစ်ဦး မွေးဖွားခြင်း' ၏ အဓိကအာရုံစိုက်မှုသည် ကျွမ်းကျင်သူများ အပေါ်တွင် ဖြစ်သည်။

သင်တန်းသားများသည် လေ့ကျင့်ရေးစခန်းအား အာရုံစိုက်ရပေမည်။ သူတို့သည် သုံးလကြာ အထီးကျန်စွာ ခွဲနေရပြီး လေ့ကျင့်ကာ ရိုက်ကူးရမည်ဖြစ်သည်။

လုရွှိသည် အသက်သိပ်မကြီးသေးပုံ ပေါ်သော်လည်း သူ့တွင် အရှင်သခင်တစ်ပါး၏ စိတ်နေသဘောထား ရှိပြီး အလွန်ကောင်းမွန်သော စိတ်နှလုံးရှိပေသည်။ 

သူသည် အစီအစဉ်တွင် နေရာရရှိကြောင်း ကြားသိရသော်လည်း သူ၏မျက်နှာသည် အလွန်အမင်း ပျော်ရွှင်မှုအား မဖော်ပြဘဲ တည်ငြိမ်နေပုံရ၏။ ဖန့်ဇုန်းသည် လုရွှိမှ ကျိရှိုးနျန်အကြောင်း မေးမြန်းလိမ့်မည်ဟု မထင်ထားမိဘဲ ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်၊ အကဲဖြတ်ဆရာတွေက သင်တန်းသားတွေနဲ့အတူ လေ့ကျင့်ရေးစခန်းကို ရိုက်ကူးဖို့ လိုက်သွားကြမှာပါ”

သူသည် လုရွှိအား ခဏမျှ စိုက်ကြည့်ပြီးနောက် ရုတ်တရက် မေးလိုက်သည်။

“ရှောင်လုက ရှိုးနျန်ရဲ့ ပရိသတ်လား”

လုရွှိသည် ပြုံးရုံသာ ပြုံးလိုက်ပြီး ဝန်ခံခြင်း၊ ငြင်းဆိုခြင်း မပြုခဲ့ပေ။

ဖန့်ဇုန်းသည် မှန်ကန်စွာ ခန့်မှန်းမိပြီဟု ယူဆကာ ပြုံးရွှင်သွားသည်။

“စိတ်မပူပါနဲ့၊ ရှိုး စရိုက်ကူးတဲ့အခါ မင်းရဲ့ အိုင်ဒေါလ်နဲ့ တွေ့ရမှာပါ”

လုရွှိသည် သူ၏နှုတ်ခမ်းအား ပင့်တင်လိုက်ပြီး သူ၏မျက်လုံးများမှာလည်း ညှင်သာစွာ တောက်ပ နေသည်။

“အဲဒီအချိန်ကို ကျွန်တော် စောင့်မျှော်နေပါတယ်”

စာချုပ်လက်မှတ်ရေးထိုးပြီးနောက် လုရွှိသည် ရှိုး၏ တရားဝင်သင်တန်းသား ဖြစ်လာခဲ့သည်။

သူကိုယ်တိုင် လုရွှိကဲ့သို့သော ရွှေတွင်းကြီးအား စာချုပ်ချုပ်နိုင်ခဲ့သည်ဟု တွေးလိုက်သောအခါ ဖန့်ဇုန်း၏ မျက်ခုံးများမှာ ပျော်ရွှင်နေလေ၏။

'မြေအောက်ရထားဘူတာမှ ရှောင်ကောကော' အဖြစ် လုရွှိ၏ ကျော်ကြားမှုသည် လောလောဆယ် ရေပန်းစားနေသည်ကား ကောင်းပေ၏။ သူသည် ဤလှိုင်းအား မလွဲဧကန် စီးနင်းနိုင်မည်ဖြစ်သည်။

ဖြစ်နိုင်ခြေရှိသော အရောင်းမြှင့်တင်ရေး အစီအစဉ်များ အား စဉ်းစားနေစဥ် သူ၏ဖုန်းသည် ရုတ်တရက် မြည်လာ၏။ ဖန့်ဇုန်းသည် မျက်လုံးမှေးကာကြည့်လိုက်ပြီး ဖုန်းခေါ်ဆိုသူမှာ ကျိရှိုးနျန် ဖြစ်ကြောင်း သိရှိလိုက်သည်။

သူတို့နှစ်ဦးသည် ဆယ်စုနှစ်တစ်ခုကျော် သိကျွမ်းခဲ့ကြသည်ဟု ပြောနိုင်ပေသည်။

ထိုအချိန်က ကျိရှိုးနျန်သည် တုန်းချန် အလယ်တန်းကျောင်း၌ ဒုတိယနှစ်ကျောင်းသားဖြစ်သည်။ ဖန့်ဇုန်းသည် ထိုနေရာတွင် ရသစုံရှိုးပွဲအား ရိုက်ကူးရန် သွားခဲ့၏။

သူသည် ကျိရှိုးနျန်အား ချက်ချင်းပင် သတိထားမိပြီး ဒါရိုက်တာသူငယ်ချင်းတစ်ဦးအား အကြံပြုခဲ့သည်။ ကျိရှိုးနျန်သည် ဤရုပ်ရှင်ကြောင့် ရုပ်ရှင်ဧကရာဇ် ဘွဲ့အားရရှိခဲ့ပြီး ရုပ်ရှင်မင်းသားအဖြစ် သူ၏ အသက်မွေးဝမ်းကြောင်းကို စတင်ခဲ့သည်။

ဖန့်ဇုန်းသည် ကျိရှိုးနျန်အား ရှာဖွေတွေ့ရှိခဲ့သော အရည်အချင်းရှာဖွေသူတစ်ဝက် အဖြစ် ခေါ်ဆိုနိုင်သည်။

ထို့ကြောင့် ရသစုံရှိုးပွဲများတွင် မည်သည့်အချိန်ကမှ မပါဝင်ဖူးသော ကျိရှိုးနျန်သည် ဖန့်ဇုန်း၏ ဖိတ်ခေါ်ချက်အစီအစဥ်အား သဘောတူခဲ့ခြင်းလည်း ဖြစ်သည်။

“ရှိုးနျန်… ဘာကိစ္စလဲ”

ဖုန်း၏တစ်ဖက်မှ လူသည် သူ၏အသံမှ မအီမသာဖြစ်ခြင်းအား ဖိနှိပ်ရန် ကြိုးစားရင်း အသံတိုးတိုးဖြင့် နှစ်ကြိမ်ခန့် ချောင်းဆိုးလိုက်သည်။

“ဖန့်ကော၊ မနက်ဖြန် မနက်ပိုင်း ရိုက်ကူးမယ့် အစီအစဉ်ကို နေ့လည်ခင်းကို ရွှေ့ပေးလို့ရမလား… ကျွန်တော် နည်းနည်း ဖျားနေပြီး မနက်ပိုင်းမှာ ပုံရိပ်ကောင်းကောင်းမထွက်မှာစိုးလို့”

ဖန့်ဇုန်းသည် ထိုစကားအား ကြားသောအခါ စိုးရိမ်ပူပန်စွာ ချက်ချင်းမေးလိုက်သည်။

“အဖျားက ပြင်းလား… ဘယ်နေရာမှာမှ မအီမသာ မဖြစ်ဘူးလား”

“မဖြစ်ပါဘူး၊ နာတာရှည်ပြဿနာလေးပါ… နားလိုက်ရင် အဆင်ပြေသွားမှာ”

ဤမျှကြာအောင် သိကျွမ်းခဲ့ကြသောကြောင့် ဖန့်ဇုန်းသည် ကျိရှိုးနျန်၏ ကျန်းမာရေးအခြေအနေများ အားနားလည်ထားသည်။

သူသည် ကျန်းမာသော လူငယ်တစ်ဦးကဲ့သို့ ပေါ်လွင်နေသော်လည်း အချို့သော အကြောင်းများကြောင့် သူသည် မကြာခဏ ဖျားတတ်သည်။ ဆေးရုံသို့ သွားပြီးနောက်တွင်ပင် အကြောင်းရင်းအား ရှာမတွေ့ခဲ့ပေ။

ထို့အပြင် ကျိရှိုးနျန်သည် တစ်ခါတစ်ရံ သေးငယ်သော မတော်တဆမှုများနှင့် ကြုံတွေ့ရလေ့ရှိသည်။ ၎င်းတို့သည် အသက်အန္တရာယ် မရှိသော်လည်း အမှန်တကယ် စဉ်းစားကြည့်ပါက မကောင်းသော သဘာဝရှိကြသည်။

ဖန့်ဇုန်းသည် ခဏမျှ တုံ့ဆိုင်းနေသော်လည်း ဆက်လက်ပြောကြားလိုက်သည်။

“ရှိုးနျန်၊ ငါ့သူငယ်ချင်းက အရမ်း ပညာရှိပုံရတဲ့ ဆရာကြီး တစ်ယောက်ကိုသိတယ်… ငါ မင်းကို မိတ်ဆက်ပေးရမလား”

တစ်ဖက်မှ လူသည် နှစ်ကြိမ်ချောင်းဆိုး လိုက်ပြီး အနည်းငယ် မသက်သာစွာ ရယ်မောလိုက်သည်။

“ဖန့်ကော ခင်ဗျား သိပါတယ်၊ ကျွန်တော် ဒီလိုအရာတွေကို မယုံဘူးဆိုတာ”

“ရှိုးနျန်… ကဲပါ မင်းကို ထိခိုက်အောင် မလုပ်ပါဘူး၊ အချို့အရာတွေကို သိပ္ပံပညာနဲ့ ရှင်းပြလို့ မရတာတွေ ရှိတယ်”

ဖန့်ဇုန်းသည် ငယ်ရွယ်စဉ်က ခိုင်မာသော အယူအဆမရှိသူ တစ်ဦးဖြစ်ခဲ့သော်လည်း အသက်ကြီးလာသောအခါ အရာများစွာအကြောင်းအား သိကြားခဲ့ရပြီး သဘာဝအတိုင်း အနည်းငယ် ပို၍ အာရုံစိုက်လာသည်။

“ဖန့်ကော…”

“ကောင်းပြီ၊ ကောင်းပြီ… မင်း နားမထောင်ချင်ရင် ငါ ထပ်မပြောတော့ဘူး”

ဖန့်ဇုန်းသည် ကျိရှိုးနျန်မှာ ထိုကဲ့သို့ အယူအဆများကို ခိုင်မာစွာ ယုံကြည်လေ့ရှိသူ မဟုတ်သည်အား သိရှိပြီး ထိုကိစ္စအား အတင်းအကျပ် မတောင်းဆိုတော့ပေ။ အနည်းငယ် အဆင်မပြေသော အခြေအနေအား လျှော့ချရန် သူသည် ခေါင်းစဉ်အား ပြောင်းလိုက်၏။

“ဟုတ်သားပဲ၊ ငါ မျိုးစေ့ကောင်း တစ်ခု ရှာတွေ့ထားတယ်၊ သူက မင်းရဲ့ ပရိသတ်တောင် ဖြစ်နေသေးတယ်”

ကျိရှိုးနျန်သည် နွေးထွေးစွာ ရယ်မော လိုက်သည်။

“တကယ်လား… အခွင့်အရေးရရင် တွေ့ကြတာပေါ့”

“ရှိုးစရိုက်တဲ့အခါ မင်း သူ့ကို တွေ့ရမှာပါ… ရပြီ၊ ငါ မင်းကို ဆက်မနှောင့်ယှက်တော့ဘူး၊ မြန်မြန် ဖုန်းချပြီး ကောင်းကောင်း အနားယူလိုက်… အရမ်း မအီမသာဖြစ်နေရင် အတင်းအကျပ်မလုပ်နဲ့၊ တခြားနေ့ ရိုက်ကူးလို့ရတယ်”

ကျိရှိုးနျန်သည် ဖန့်ဇုန်း၏ စိုးရိမ်ပူပန်မှုအတွက် ကျေးဇူးတင်စကား ပြောပြီးနောက် ဖုန်းချလိုက်သည်။

သူသည် ကျယ်ဝန်းသော တိုက်ခန်းတွင် တစ်ဦးတည်း ရှိနေပြီး ရိုးရှင်းသော အလှဆင်မှုများသည် ထိုနေရာအား ပို၍ပင် ဗလာနတ္တိ ဆန်စေသည်။

သူ၏ ခန္ဓာကိုယ်သည် ပင်ပန်းနွမ်းနယ်နေပြီး ကိုက်ခဲနေသော်လည်း ကျိရှိုးနျန်သည် လောလောဆယ် အိပ်ရန် ရည်ရွယ်ချက် လုံးဝမရှိပေ။ သူသည် မျက်လုံးများ မှိတ်လိုက်သည်နှင့် လေးလံသည့် ခံစားချက်မှာ ချက်ချင်းပင် သူ့ထံသို့ လှိုက်တက်လာပြီး အသက်ရှူမရသည်အထိ သူ့အား ဝန်းရံထားလေ့ရှိသည်။

ဆေးဘက်ဆိုင်ရာ နယ်ပယ်တွင် ဤကဲ့သို့သော အခြေအနေအတွက် 'သွေးလေခြောက်ခြားခြင်း' ဟူသော ကျွမ်းကျင်ဝေါဟာရ ရှိသော်လည်း လူအများအပြားသည် ၎င်းအား 'သရဲစည်းခြင်း' ဟု ခေါ်ဆိုလိုကြသည်။

သူ၏ဘေးမှ လူများစွာသည် သူ့အား အစွမ်းထက်သောဆရာကြီးများနှင့် မိတ်ဆက်ပေးရန် ကြိုးစားခဲ့ကြသော်လည်း ကျိရှိုးနျန်သည် ၎င်းတို့အားလုံးအား ငြင်းပယ်ခဲ့သည်။

သူသည် သူ၏ လည်ပင်းပတ်လည်ရှိ ကျောက်စိမ်းအား ကိုင်ထားရန် သူ၏လက်အား မြှောက်လိုက်သည်။ သူ၏ လှပသော မျက်လုံးများတွင် နွေးထွေးသည့် အရိပ်အယောင်တစ်ခု ရှိနေခဲ့သည်။

၎င်းသည် သူ၏မိခင်မှ နောက်ဆုံးထားခဲ့သော လက်ဆောင် ဖြစ်၏။ သူမသည် သူ့အတွက်အထူးရရှိခဲ့သော အကာအကွယ်အဆောင် ဖြစ်သည်ဟု သူ့အား ပြောခဲ့ဖူးသည်။ သို့သော် မကြာမီမှာပင် သူ့မိဘများသည် ကားမတော်တဆမှု ဖြင့် ကွယ်လွန်သွားကြလေသည်။

ဒီလောကကြီးမှာ တကယ်တမ်း သရဲတွေရှိရင် သူတို့ တစ်ခါမှ ငါ့အိပ်မက်တွေထဲ ရောက်မလာတာ ဘာလို့လဲ....

ကျိရှိုးနျန်သည် ထရပ်လိုက်ပြီး ကြမ်းပြင်အထိရှိသော ပြတင်းပေါက်များဆီသို့ လျှောက်သွားကာ အပြင်သို့ ကြည့်လိုက်သည်။ မှန်၏ ရောင်ပြန်ဟပ်မှုတွင် မျက်နှာတစ်ခု ထပ်ရှိနေသည်အား သူ သတိမထားမိလိုက်ပေ။

~~~