Chapter - 8 : ကျွန်တော်က သူ့ရဲ့ပရိတ်သတ်ပါ ( 1 )
Viewers 1k

Chapter - 8 : ကျွန်တော်က သူ့ရဲ့ပရိတ်သတ်ပါ ( 1 )

“ဖန့်ကော… မစ္စတာပိုင် ရောက်လာပါပြီ”

ဖန်းဇုန်းသည် အသိအမှတ်ပြုသည့်အနေဖြင့် 'အင်း' ဟူ၍ အသံပြုလိုက်သည်။ သို့သော် သူ၏စိတ်ကူးထဲတွင် မြေအောက်ရထားဘူတာမှ ရှောင်ကောကောလေးသာ ရှိနေဆဲဖြစ်သည်။ ခဏမျှ စဉ်းစားပြီးနောက် သူသည် သူ့လက်ထောက်အား အမိန့်ပေးလိုက်၏။

“မင်း ဒီကောင်လေးရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ထား… တခြားရှိုးတွေရှိလာခဲ့ရင် ငါတို့ သူ့ကို ဆက်ရှာနိုင်သေးတယ်”

ထိုကောင်လေးအား စတွေ့ချင်းကတည်းကပင် သဘောကျခဲ့သော လက်ထောက်မလေးသည် ချက်ချင်းပင် ခေါင်းညိတ်လိုက်၏။

“ဖန့်ကော၊ ကျွန်မ အွန်လိုင်းက လှုပ်ရှားမှုတွေကို ဆက်ပြီးလိုက်ကြည့်နေမယ်… ဘယ်အချိန်ဖြစ်မလဲ မသိနိုင်ဘူး… အို၊ ဘုရားရေ… ပြောရင်းဆိုရင်း ရောက်ချလာပြီ”

သူ့ဘေးမှ လက်ထောက်၏ အသံမှာ ရုတ်တရက် ကျယ်လောင်လာသည်။ ဖန့်ဇုန်းသည် မျက်မှောင်ကြုတ်လိုက်၏။

“ဘာလို့ ဒီလောက် ခုန်ပေါက်နေရတာလဲ၊ မင်း ဘယ်သူ့ကို ပြောတာလဲ…”

သူသည် လက်ထောက်မလေး၏ ကြည့်နေသည့်နေရာအတိုင်း လှည့်ကြည့်လိုက်၏။ ထိုအခါ သူပြောလက်စ စကားများသည် လည်ချောင်းအတွင်း နစ်မြုပ်သွားတော့သည်။

ပိုင်ဇယ်ဘေးမှာ လမ်းလျှောက်လာနေတဲ့ အဲဒီကောင်လေးက မြေအောက်ရထားဘူတာက အွန်လိုင်းပေါ် နာမည်ကြီးနေတဲ့ ရှောင်ကောကော မဟုတ်လား…

ပိုင်ဇယ်သည် အရပ်ရှည်ပြီး ခန့်ညားစွာ ရပ်နေ၏။ ဖန့်ဇုန်း၏ အကြည့်မှာ လုရွှိအပေါ်တွင် ဖုံးကွယ်၍မရစွာ ရောက်နေသည်အား မြင်သောအခါ သူသည် မျက်ခုံးပင့်လိုက်သည်။

“ဖန့်‌ကော အင်တာဗျူးဖို့ အသစ်ကလေးကို ခေါ်လာတာပါ”

“မင်္ဂလာပါ… ဖန့်ကော*

လုရွှိသည် ဖန့်ဇုန်းအား နှုတ်ဆက်သည့်အနေဖြင့် သဘာဝအတိုင်း ခေါင်းညိတ်ပြလိုက်သည်။

ယဉ်ကျေးသော်လည်း အရမ်းရင်းနှီးဟန် မရှိနေပေ။

“မင်္ဂလာပါ… မင်္ဂလာပါ”

ဖန့်ဇုန်းသည် လုရွှိအား ကြည့်ပြီး ပြုံးလိုက်သည်။ သူသည် အလွန်ပျော်ရွှင်နေ၏။

ဗီဒီယိုထဲရှိ လုရွှိ၏ အသွင်အပြင်မှာ အလွန်လှပလေသည်။ ဖန့်ဇုန်းသည် ဓာတ်ပုံရိုက်လျှင်သာ ရုပ်ထွက်ကောင်းသည်ဟု မူလက ထင်ထားခဲ့သည်။ သို့သော် အပြင်တွင် ပို၍ပင် ချောမောသည်ဟု သူလုံးဝ မတွေးခဲ့မိပေ။

၎င်းသည် လက်တွေ့ဘဝတွင် မြင်လိုက်ရသည့် တုန်လှုပ်မှုကြောင့် ဖြစ်နိုင်သည်။ တစ်ချက်ကြည့်ရုံဖြင့် ဖန့်ဇုန်းသည် ဤကောင်လေးအား မဖြစ်မနေ ဖမ်းဆုပ်ထားရမည်ဟု ဆုံးဖြတ်လိုက်သည်။

လုရွှိနှင့် ပိုင်ဇယ်တို့နှစ်ဦးစလုံးသည် အရပ်မြင့်မားပြီး ဆွဲဆောင်မှုရှိသော ရုပ်ရည်များ၌ အကောင်းဆုံး ဖြစ်ကြသည်။ မြေအောက်ရထားဘူတာရုံဘေးတွင် ရပ်နေရုံမျှဖြင့် လူတိုင်း၏ အကြည့်အား အလိုအလျောက် ဆွဲဆောင်နိုင်ကြသည်။

လူများပြည့်နေသော ဧည့်ခန်းမကြီးမှာ စကားပြောဆိုရန် အဆင်မပြေသော နေရာဖြစ်သည်။ ဖန့်ဇုန်းသည် ၎င်းတို့အား အစည်းအဝေးခန်းသို့ လာရောက်ပြီး အကြောင်းအရာများကို ဆွေးနွေးရန် နွေးထွေးစွာ ဖိတ်ခေါ် လိုက်သည်။

“အား… တကယ်ပဲ မြေအောက်ရထားဘူတာက ရှောင်ကောကောပဲ!”

“ဟုတ်တယ်၊ ဟုတ်တယ်!”

ငယ်ရွယ်သော လက်ထောက်နှစ်ဦးသည် စိတ်လှုပ်ရှားမှုဖြင့် သူတို့ကိုယ်သူတို့ မထိန်းနိုင်အောင် ဖြစ်နေကြသည်။ ဤအသစ်တွေ့ရှိရသော အမျိုးသားနတ်ဘုရားအား ဤမျှလျင်မြန်စွာ အပြင်တွင် တွေ့ရလိမ့်မည်ဟု ၎င်းတို့ လုံးဝမတွေးခဲ့မိပေ။

“ဒါဆို သူက ယောင့်ကွိုင်းကုမ္ပဏီက အသစ်ကလေးပေါ့”

“ဒီလောက် ရုပ်ရည်ကောင်းတဲ့သူက လမ်းပေါ်က သာမန်လူတစ်ယောက် မဖြစ်နိုင်ဘူးလို့ ငါမပြောထားဘူးလား!”

~~~

ဖန့်ဇုန်း၏ သဘောထားသည် ဤရှောင်ကောကောအား သဘောကျကြောင်း ရှင်းရှင်းလင်းလင်း ပြသနေသည်။ ပြိုင်ပွဲဝင်ခွင့်၌ အာမခံချက်ရှိပြီးသားပင် ဖြစ်နေသည်။

Mouyin ပေါ်ရှိ ဗီဒီယိုအား ပြန်ကြည့်မည်ဆိုလျှင် ထိုမျှတိုတောင်းသော အချိန်လေးအတွင်း ပို့စ်၏ Like အရေအတွက်သည် နှစ်သန်းသို့ ရောက်ရှိနေပြီဖြစ်သည်။ ဤမျှ ရိုးရှင်းသော ဗီဒီယိုသည်ပင်လျှင် ထိုမျှလောက် များပြားသော အာရုံစိုက်မှုရရှိနိုင်ခြင်းသည် ဤကောင်လေး၏ ရုပ်ရည်မှာ ဟာသမဟုတ်ကြောင်း သက်သေပြနေသည်။

ယခုအခါတွင် လူအများအပြားသည် ဤ 'မြေအောက်ရထားဘူတာမှ ရှောင်ကောကော' အား ရှာဖွေရန် တောင်းဆို အော်ဟစ်နေကြသည်။ ထုတ်လုပ်ရေးအဖွဲ့မှ ပူးပေါင်းဆောင်ရွက်မှု သတင်းအား ကြေညာလိုက်သောအခါ အင်တာနက်သည် မလွဲဧကန် ပေါက်ကွဲသွားမည်ဖြစ်သည်။

ပွဲမထွက်မီကပင် နာမည်ကြီးနေခြင်းမှာ အချို့လူများ၏ ဘဝသည် နာမည်ကျော်ကြားရန်သာ ရည်ရွယ်ပြီးသား ဖြစ်နေခြင်းပင်…

~~~

အစည်းအဝေးခန်းထဲတွင် ဖန့်ဇုန်းသည် လုရွှိအား အကြိမ်များစွာ ကြည့်နေလေသည်။

သူကြည့်လေလေ… ပို၍ ကျေနပ်လေလေ ဖြစ်သည်။

“လုရွှိ၊ မင်းက အသက် ၁၈ နှစ်ဆိုတော့ ကျောင်းတက်နေတုန်းလား”

အနုပညာရှင်၏ အခြေခံအချက်အလက်များအား စီမံခန့်ခွဲမှုကုမ္ပဏီမှ ဖန်တီးပေးထားခြင်းဖြစ်သည်။ လုရွှိသည် ပိုင်ဇယ်မှ သူ၏အသက်အား ၁၈ နှစ် အဖြစ် မှတ်ပုံတင်ထားလိမ့်မည်ဟု မထင်ခဲ့ပေ။ သူသည် ထိုအသက်အရွယ်သို့ ရောက်နေပြီဖြစ်သော်လည်း အယောင်ဆောင်၍ ရိုးသားဟန်ဆောင်နေဆဲဖြစ်သည်။ လုရွှိသည် စိတ်ထဲမှ ရယ်မောလိုက်သော်လည်း သူ၏မျက်နှာတွင် မည်သည့်အရိပ်အယောင်မှ မပေါ်ပေ။

“ကျွန်တော် ကျောင်းမတက်ပါဘူး… ကျွန်တော် အလုပ်လုပ်နေတာပါ”

ဖျော်ဖြေရေးလုပ်ငန်းနယ်ပယ်တွင် အနုပညာရှင်များစွာသည် အလွန်ငယ်ရွယ်စဉ်ကပင် သူတို့၏ အသက်မွေးဝမ်းကြောင်းအား စတင်ခဲ့ကြသည်။ ပိုင်ဇယ်သည် ၎င်းအား နားလည်နိုင်ပြီး လုရွှိအတွက် စိုးရိမ်ပူပန်မှုအား ဖုံးကွယ်မထားပေ။

“မင်း အရင်က ဘာလုပ်တာလဲ”

လုရွှိသည် လျင်မြန်စွာ စဉ်းစားလိုက်သည်။ ဝိညာဉ်များ စုဆောင်းသည့် သူ၏အလုပ်အား မည်မျှထိ သိမ်မွေ့စွာ ဖော်ပြနိုင်မည်နည်း။

ပိုင်ဇယ်သည် ဘေးတွင်ထိုင်လျက် သူ့အတွက် ဝင်ပြောပေးရန် စဉ်းစားနေစဥ် လုရွှိသည် တည်ငြိမ်စွာ ပြောလိုက်သည်အား ကြားလိုက်ရသည်။

“အဲဒါက ဝန်ဆောင်မှုလုပ်ငန်းနဲ့ ပတ်သက်ပါတယ်”

လူတွေကို ငရဲပြည်ဆီ လမ်းပြပေးတာက ဝန်ဆောင်မှုတစ်ခုအဖြစ် သတ်မှတ်နိုင်တယ် မဟုတ်လား...

ဒါဆို သူက စားပွဲထိုးပေါ့…

ဖန့်ဇုန်းသည် ထိုအကြောင်းအား စဉ်းစားလိုက်ပြီးနောက် ပိုင်ဇယ်၏ ပခုံးအား ပုတ်ကာသက်ပြင်းချလိုက်မိသည်။

“ဒါရိုက်တာပိုင်က တကယ်ကို အရည်အချင်းရှိတာပဲ၊ အရင်က စူးမုပိုင်… ပြီးတော့ ယွီမန့်မန့်၊ အခု လုရွှိကို ခေါ်လိုက်ပြန်ပြီ… နိုင်ငံရဲ့ နံပါတ်တစ် မန်နေဂျာဆိုတာ မပြောဘဲ သိသာပါတယ်”

ပိုင်ဇယ်သည် ပြုံးလိုက်ပြီး ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။

“ဘာ နံပါတ်တစ် တုန်းဗျာ… ကျွန်တော် ကံနည်းနည်း ကောင်းရုံပဲရှိတာပါ… ဖန့်ကော၊ ရှိုးကိစ္စကကော”

“ဟုတ်ပြီ၊ လက်ခံတယ်… ငါ ပြန်ပြီး ညှိနှိုင်းရေးမှူးနဲ့ စကားပြောပြီး သူ့အတွက် စီစဉ်ပေးမယ်”

ဖန့်ဇုန်းသည် သဘောတူလိုက်ပြီးနောက် ပေါ့ပေါ့ပါးပါး ရယ်မော လိုက်သည်။

“တကယ်တော့… လေ့ကျင့်ရေးတစ်နှစ်ဆိုတာ အချိန်ကြာတာ မဟုတ်ဘူး၊ ဒီတစ်ခါ ပြိုင်ပွဲဝင်တွေက အရမ်း စွမ်းဆောင်ရည်မြင့်ကြတယ်… ဒါပေမဲ့ ရှောင်ရွှိ၊ ဖိအားအရမ်း မများပါနဲ့… မင်းကို တစ်ဦးချင်း လမ်းညွှန်ပေးမဲ့ အထူးနည်းပြဆရာတွေ ငါတို့မှာ ရှိတယ်၊ မင်းက မင်းရဲ့ အားသာချက်ကို ရှာပြီး အဲဒါကို အသုံးချဖို့ပဲလိုတယ်၊ ဪ… ဟုတ်သားပဲ၊ မင်းက အကသမားလား ဒါမှမဟုတ် အဆိုတော်လား”

လုရွှိသည် စာချုပ်လက်မှတ်ထိုးလိုက်ရုံရှိသေးသည်။

ဘယ်အချိန်တုန်းက သွားလေ့ကျင့်ရမှာတုန်း…

လေ့ကျင့်ရေးကာလကို သုညကနေ တစ်နှစ်အထိ ဆွဲဆန့် နိုင်တာ မန်နေဂျာ ပိုင်ဇယ်က တကယ်သတ္တိရှိတဲ့သူပဲ…

ပိုင်ဇယ်သည် ဖန့်ဇုန်းအား တည်ငြိမ်စွာ ပြုံးပြပြီး ပြောလိုက်သည်။

“လုရွှိက အသစ်ပါ… သူ ပိုတော်လာဖို့ အလားအလာတွေ အများကြီးရှိပါတယ်”

ဖန့်ဇုန်းသည် ထို 'နတ်ဆိုး' အား ရှာတွေ့သည့် ဝမ်းမြောက်မှုထဲတွင် နစ်မြုပ်နေခဲ့သည်။ ယခု သူစိတ်တည်ငြိမ်သွားသောအခါ တစ်ခုခု မှားယွင်းနေကြောင်း လျင်မြန်စွာ သဘောပေါက်သွားသည်။ အကြောင်းမှာ သူသည် ဤလုပ်ငန်းနယ်ပယ်တွင် နှစ်ပေါင်းများစွာ ရှိနေခဲ့သူဖြစ်သောကြောင့် ဖြစ်သည်။

သူသည် တစ်ခုခုအား စဉ်းစားမိသွားပုံရသည်။

“ပိုင်ဇယ်၊ ငါ့ကို ရိုးရိုးသားသားပြော… ရှောင်ရွှိကို မင်း အခုမှ စာချုပ်ချုပ်လိုက်တာမလား”

ဖန့်ဇုန်း၏ ထွင်းဖောက်ဝင်ရောက်စွာ ကြည့်လာသော အကြည့်အား ခံလိုက်ရသော်လည်း ပိုင်ဇယ်သည် အလွန် တည်ငြိမ်နေဆဲဖြစ်သည်။

“တစ်နာရီပဲရှိသေးတယ် ကျွန်တော်တို့ စာချုပ်ချုပ်ထားတာ”

“…”

ဖန့်ဇုန်းသည် ပိုင်ဇယ်အား ကြည့်ပြီး ရယ်ရမည်လား ငိုရမည်လား မသိဖြစ်နေသည်။

“ငါ မင်းကို ဖုန်းဆက်တုန်းက ပြောတယ် မဟုတ်လား… ရှိုးအတွက် ပြင်ဆင်နေချိန်မှာလေ၊ မင်းမှာ သင့်လျော်တဲ့ အနုပညာရှင်ရှိရင် ငါ့ကို အဲဒီတုန်းကတည်းက အကြံပြုသင့်တယ်လေ”

“အဲဒီတုန်းက ကျွန်တော် လုရွှိနဲ့ မဆုံသေးဘူးလေ… ဘာပဲဖြစ်ဖြစ် ဖန့်ကော၊ ကျွန်တော် ခင်ဗျားကို လှည့်စားဖို့ စီစဉ်ထားတာ မဟုတ်ပါဘူး… ကောင်လေးက ဒီမှာ ရှိနေပြီ… သူနေမလား၊ သွားမလားဆိုတာက ခင်ဗျား ဆုံးဖြတ်ချက်ပါ… ကျွန်တော်တို့က ခင်ဗျားရဲ့ သဘောထားကို လေးစားပါတယ်”

ပိုင်ဇယ်၏ စိတ်ကူးသည် အလွန်လျင်မြန်သည် ဟု ပြောရမည်။

သူသည် လုရွှိအား ယခုမှ စာချုပ်ချုပ်ထားသည်ဟု ဖုန်းပေါ်တွင် ပြောခဲ့ပါက ဖန့်ဇုန်းသည် တွေ့ဆုံရန်ပင် သဘောတူမည်မဟုတ်ပေ။

သူ၏ မူရင်းအစီအစဉ်မှာ အိုင်ဒေါလ် ဖြစ်လာနိုင်သည့် အလားအလာရှိပြီး ကြိုးစားအားထုတ်လိုသည့် လူငယ်များအား ရွေးချယ်ရန်ဖြစ်သည်။ ထို့ကြောင့် ပြိုင်ပွဲဝင်များတွင် စွမ်းရည်များ ရှိစေလိုသည်မှာ သဘာဝကျသည်။

သို့သော် လုရွှိအား မြင်ပြီးနောက် သူသည် စိတ်ပြောင်းလဲသွားသည်။

~~~