လုရွှိအား ထိုင်ရန် ပိုင်ဇယ် ဖိတ်ခေါ်လိုက်သည်။ သူသည် ကောင်တာသို့ လျှောက်သွားကာ ခေါင်းလှည့်၍ မေးလိုက်သည်။
“ကျွန်တော့်မှာ လက်ဖက်ရည်၊ Black ကော်ဖီ၊ ဆိုဒါ အကုန်ရှိတယ်၊ မစ္စတာလု ဘာသောက်ချင်လဲ”
“ဒါရိုက်တာ ပိုင်၊ အလုပ်ရှုပ်မခံပါနဲ့၊ ရေတစ်ခွက်ဆိုရင် ရပါပြီ”
ပိုင်ဇယ်သည် ရေသန့်တစ်ဘူး ယူကာ သူ့တစ်ဖက်တွင် ထိုင်နေသော လုရွှိထံသို့ ကိုယ်တိုင်ကိုယ်ကျ ကမ်းပေးလိုက်သည်။
“သေမင်းတမန်ဌာနက လူရွေးရင် ရုပ်ရည်ကိုပါ ကြည့်ပြီး ရွေးတယ်ဆိုတာကို ဒီနေ့မှပဲ ကျွန်တော်သိရတော့တယ်ဗျာ”
အကယ်၍ တစ်ဖက်လူမှ ကြိုတင်နှုတ်ဆက်စကားပြောမထားလျှင် ပိုင်ဇယ်သည် သူ့ရှေ့မှ ပြုံးရယ်နေသည့် ဤကောင်လေးအား သေမင်းရနံ့ဖြင့် ပြည့်နှက်နေသော မြေအောက်ကမ္ဘာမှ လမ်းပြသူနှင့် လုံးဝဆက်စပ်မိမည် မဟုတ်ပေ။
လုရွှိ၏ ရုပ်ရည်သည် နေရောင်ခြည်ကဲ့သို့ တောက်ပနေပြီး မျက်လုံးများမှ အရောင်အဝါများလည်း ထွက်လို့နေသည်။ ပထမတစ်ချက် ကြည့်လိုက်သည်နှင့် သူသည် ဆွဲဆောင်မှုရှိပြီး ကျက်သရေရှိကာ လှပသည့် ကောင်လေးတစ်ယောက်နှင့် တူနေသည်။
မန်နေဂျာ ပိုင်ဇယ်သည် အနုပညာရှင်များစွာအား ကိုယ်တိုင် ပျိုးထောင်ခဲ့ဖူးသူဖြစ်ရာ တစ်ယောက်ယောက် နာမည်ကြီး မကြီးကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။
“ဒါရိုက်တာ ပိုင်၊ ကျွန်တော့်ကို မြှောက်လွန်းနေပါပြီ”
ဒါရိုက်တာ ပိုင်၏ ချီးမွမ်းစကားအား ရင်ဆိုင်ရချိန်၌ လုရွှိ၏ မျက်နှာအမူအရာသည် အလွန် တည်ငြိမ်အေးချမ်းနေပြီး သူ့နှုတ်ခမ်းထောင့်များမှာ ဆွဲဆောင်မှုရှိသည့် အနေအထားဖြင့် ကော့တက်နေသည်။
“ဒါဆိုရင် ကျွန်တော့်ကို ဒီရှိုးပွဲထဲ ဝင်ဖို့ စီစဉ်ပေးလို့ရပြီလား”
ပိုင်ဇယ်သည် သူ၏ လက်မောင်းများအား ပေါင်ပေါ်တွင် ချိတ်ထားလိုက်သည်။ သူ၏ဝတ်စုံမှာ လုံးဝ အစွန်းအထင်းကင်းနေပြီး အရေးအကြောင်းပင် တစ်ချက်မျှ မရှိပေ။
“မစ္စတာလု၊ ခင်ဗျားက ကျွန်တော့်ကုမ္ပဏီရဲ့ စာချုပ်ချုပ်ထားတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်ပါ၊ ခင်ဗျားကို ‘အိုင်ဒေါတစ်ဦးမွေးဖွားခြင်း’ မှာ ပါဝင်ဖို့ သေချာပေါက် ထောက်ခံပေးမှာပါ”
လုရွှိသည် မျက်ခုံးတစ်ဖက်ပင့်ကာ မေးလိုက်သည်။
“စာချုပ်ချုပ်ထားတဲ့ အနုပညာရှင် ဟုတ်လား”
ထို့နောက် သူသည် ရှိုးပွဲ၏ ရွေးချယ်မှုလိုအပ်ချက်များ စဉ်းစားကာ ခေါင်းညိတ်လိုက်သည်။
“ကျွန်တော် ခင်ဗျားတို့ ကုမ္ပဏီကို စာချုပ်ချုပ်ထားတဲ့ သင်တန်းသားအဖြစ် အလီဘိုင်ရဖို့အတွက် အသုံးပြုချင်တာတော့ မှန်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်က ခဏပဲ ဝင်ပြီး ထွက်သွားမှာဆိုတော့ အခန်းတွေ အများကြီး ရိုက်နိုင်မှာမဟုတ်ဘူး”
သူသည် အခြားသူများ၏ ဂုဏ်သတင်းအား အသုံးပြုရမည်ဖြစ်သောကြောင့် လုပ်ထုံးလုပ်နည်းအရ ပိုင်ဇယ်အား ကြိုတင် နှုတ်ဆက်စကားပြောခြင်းသာ ဖြစ်သည်။
“ဟုတ်ပါတယ်၊ မစ္စတာလုရဲ့ အလုပ်ကို ကျွန်တော် နားလည်ပါတယ်၊ အိုင်ဒေါ ရှင်သန်ရေး ရှိုးပွဲတွေဟာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဘဝတွေနဲ့ အလွန်ကို ကွာခြားပါတယ်၊ အချိန်တန်တဲ့အခါ ပိတ်လှောင်ထားပြီး လေ့ကျင့်ရတာတွေ၊ ရိုက်ကူးရတာတွေ ရှိပါမယ်၊ အခန်းတွေထဲမှာ ကင်မရာတွေ ရှိနေမယ်၊ သင်တန်းသားတွေရဲ့ လှုပ်ရှားမှုတိုင်းကို ကင်မရာတွေက ဖမ်းယူနေမယ်၊ မစ္စတာလုက ကျွန်တော်တို့ ကုမ္ပဏီရဲ့ စည်းမျဥ်းစည်းကမ်းတွေကို ပါဝင်ခွင့်ရရှိဖို့အတွက် လက်ခံထားတာကြောင့်၊ ရိုက်ကူးနေစဉ်အတွင်းမှာ မစ္စတာလု အလေးအနက်ထားပါမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”
ယောင့်ကွိုင်းကုမ္ပဏီမှ အနုပညာရှင် များပြားစွာ မရှိသော်လည်း ၎င်းတို့အားလုံးသည် ဖျော်ဖြေရေးလောကတွင် နာမည်ကြီးပြီး ထင်ရှားကျော်ကြားသော ထိပ်တန်းအနုပညာရှင်များ ဖြစ်ကြသည်။
မည်သူမျှ သူတို့၏ ကုမ္ပဏီမှ အနုပညာရှင်များအား ပျက်စီးစေချင်မည် မဟုတ်သောကြောင့် လုရွှိ ခေါင်းညိတ်၍ ဝန်ခံလိုက်သည်။
“မစိုးရိမ်ပါနဲ့၊ ဒါရိုက်တာ ပိုင်၊ ကျွန်တော် ရှိနေသရွေ့ ရိုက်ကူးတဲ့နေရာမှာ ပူးပေါင်းဆောင်ရွက်ပါ့မယ်၊ ဒါပေမဲ့ ကျွန်တော် အဆုံးထိ ရှိနေမယ်လို့တော့ ကတိမပေးနိုင်ဘူး၊ ခင်ဗျား ဒါကိုလည်း နားလည်ဖို့ လိုပါတယ်”
“ဟုတ်တာပေါ့”
ပိုင်ဇယ်သည် သူ၏ အတွင်းရေးမှူးအား ဖုန်းခေါ်လိုက်ပြီး သူ့စကားသံမှာ တက်ကြွနေသည်။
“အတွင်းရေးမှူး ကျန်း၊ စာချုပ်ကို ယူလာပေးပါ”
သိပ်မကြာမီတွင် အတွင်းရေးမှူး ကျန်းသည် တံခါးခေါက်ကာ ဝင်လာသည်။
“ဒါရိုက်တာ ပိုင်၊ ဒါ မစ္စတာလု အတွက် စာချုပ်ပါ”
လုရွှိသည် သူဝင်လာစဉ်က ဤ အတွင်းရေးမှူး ကျန်းအား ဝေဝါးစွာ မြင်လိုက်ရသည်ကို သတိရမိသည်။ သူ(မ)၏ ရေဘဝဲလက်တံ ရှစ်ချောင်းမှာ လှုပ်ရှားနေပြီး အချို့မှာ အချိန်ဇယားများ ရှင်းလင်းနေသည်။ အချို့မှာ ပစ္စည်းများ ပေးပို့လက်ခံနေသည်။ နှစ်ချောင်းမှာမူ ကီးဘုတ်ပေါ်တွင် စာရိုက်၍ အချက်အလက်များ ထည့်သွင်းနေသည်။
လုရွှိသည် အတွင်းရေးမှူး ကျန်းအား စစ်ဆေးသကဲ့သို့ ကြည့်နေသည်အား မြင်သောအခါ ပိုင်ဇယ်သည် ရယ်မောလိုက်ပြီး သူ၏ ဝန်ထမ်းအား ချီးမွမ်းလိုက်သည်။
“အတွင်းရေးမှူး ကျန်းက ဒီကုမ္ပဏီရဲ့ ဝါရင့်အလုပ်သမားပါ၊ သူ့ရဲ့ စွမ်းဆောင်ရည်က အရမ်းကို အားကောင်းတယ်လေ… သူက ကုမ္ပဏီရဲ့ ကြော်ငြာပစ္စည်းအားလုံးကို တာဝန်ယူပြီး အခြား သတင်းအချက်အလက် အမျိုးမျိုးကို စီစဉ်ပြီး ပုံနှိပ်ပေးရတယ်”
“ဒါဆိုရင် အတွင်းရေးမှူး ကျန်းက သူ့အလုပ်မှာ တကယ်ကို အရမ်းတော်တာပဲ”
လုရွှိသည် သူ(မ)၏ လုပ်ငန်းခွင် စွမ်းဆောင်ရည်အား အသိအမှတ်ပြုသည့်အနေဖြင့် အတွင်းရေးမှူး ကျန်းအား ယဉ်ကျေးစွာ ပြုံးပြလိုက်သည်။
ကုမ္ပဏီရှိ လှပသော နတ်ဆိုးအနုပညာရှင်များ အားလုံးရှိနေသော်လည်း အတွင်းရေးမှူး ကျန်းသည် လုရွှိ၏ ပြုံးနေသော မျက်နှာနှင့် ရုတ်တရက် ရင်ဆိုင်လိုက်ရသောအခါ မျက်နှာနီသွားသည်။ သူ(မ)သည် သူ(မ)၏ အထက်လူကြီးရုံးခန်းမှ ထွက်ခွာသွားပြီးနောက် ချက်ချင်းပင် သူ(မ)၏ ဖုန်းအား ထုတ်ကာ ကုမ္ပဏီ ဂရုချက်သို့ စာပို့လိုက်သည်။
[ အတွင်းရေးမှူး ကျန်း : သူဌေး စာချုပ်ချုပ်ထားတဲ့ အနုပညာရှင်အသစ်က အရမ်းကို ချောတယ်၊ အရေးအကြီးဆုံးက သူက တကယ့်လူတစ်ယောက်နဲ့တူနေတယ် ]
[ ရှေ့စားပွဲ အချစ်လေး : ဟုတ်တယ်၊ ဟုတ်တယ်မလား… ငါ ခုနက အဲ့တာကို ပြောချင်နေတာ၊ ဒီလူသစ်က အရမ်းခန့်တယ်လို့ ငါလည်း ထင်တယ် ]
[ သန့်ရှင်းရေးမှူး လောင်ရှီး : ဖာ့ခ်၊ လူလား...ငါတို့ ကုမ္ပဏီထဲမှာ လူတစ်ယောက်ရှိနေတာလား ]
~~~
ရေအောက်နတ်ဆိုးတစ်အုပ်စုလုံးသည် စိတ်လှုပ်ရှားမှုဖြင့် ဆူညံသွားသည်။
၎င်းတို့ ကုမ္ပဏီအား စတင်တည်ထောင်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက ဝန်ထမ်းများအားလုံးသည် သူဌေးမှစ၍ ဝန်ထမ်းများအထိ နတ်ဆိုးများသာ ဖြစ်သည်ကို နားလည်ထားပေ၏။
ရုတ်တရက် လူသားတစ်ဦး ပေါ်လာသောအခါ လူတိုင်း အံ့အားသင့်သွားခြင်းမှာ အဆန်းမဟုတ်ပေ။
ဤလူသစ်မှာ ၎င်းတို့ ကုမ္ပဏီတစ်ခုလုံးတွင် တစ်ဦးတည်းသော လူသားဖြစ်နိုင်သည်။
~~~
ရုံးခန်းထဲ၌ လုရွှိမှာ စာချုပ်အား အသေးစိတ်ဖတ်ရှုလျက်ရှိသည်။
နှစ်ဦးနှစ်ဖက်အတွက် ပါဝင်သော စာချုပ်ဖြစ်သည့်အခါ ပို၍ပင် အလေးအနက်ထား စစ်ဆေးရန် အရေးကြီးပေသည်။
ယောင့်ကွိုင်းဘက်မှ ပေးအပ်သော တိုက်ခန်းနေရာများ မှာ မဆိုးလှပေ။ စာချုပ်သည် ငါးနှစ်တာ အတွက်ဖြစ်ပြီး အကျိုးအမြတ်အား ၄၀-၆၀ ရာခိုင်နှုန်း ခွဲဝေမည်ဖြစ်၏။ ပို၍အရေးကြီးသည်မှာ ပိုင်ဇယ်မှ သူ၏ မန်နေဂျာအဖြစ် လုပ်ကိုင်ပေးမည် ဖြစ်သည်။
“ဘယ်နေရာမှာပဲဖြစ်ဖြစ် ပြဿနာရှိတယ်လို့ ထင်ရင် ထုတ်ပြောပါ၊ ကုမ္ပဏီက အကောင်းဆုံး ဖြည့်ဆည်းပေးပါလိမ့်မယ်”
ပိုင်ဇယ်သည် သူ၏ စကားများတွင် အလွန် ယဉ်ကျေးသည်။ လုရွှိသည် ခေါင်းခါကာ ပြုံးပြလိုက်သည်။
“စာချုပ်ထဲက စည်းကမ်းတွေနဲ့ ပတ်သက်လို့ ကျွန်တော့်မှာ ပြဿနာမရှိပါဘူး”
ထိုသို့ပြောရင်း သူသည် ဘောပင်အား ကောက်ကိုင်ကာ ဒုတိယပါတနာ မျဉ်းပေါ်တွင် သူ၏ နာမည်အား လက်မှတ်ထိုးလိုက်သည်။
လုရွှိသည် ဆွဲဆောင်မှုရှိရုံသာမက သူ၏ လက်ရေးမှာလည်း ကောင်းပေသည်။ သူသည် ရှင်ခိုင်လက်ရေးလှစာလုံးများဖြင့် သေသပ်စွာ ရေးတတ်လေသည်။ သူ၏ ဘောပင်မှလှုပ်ရှားမှုသည် ပေါ့ပေါ့ပါးပါး ဖြစ်သော်လည်း ထွက်လာသော စာလုံးများသည် စတိုင်ကျပြီး ရဲရင့်သော အရှိန်အဝါဖြင့် ရေးထား၏။ စာလုံးများသည် လူကို ထင်ဟပ်သည်ဟူသော စကားရှိရာ ဤစကားသည် ယခုအခါတွင် အတော်လေး အဓိပ္ပာယ်ရှိနေသည်။
( Note: ရှင့်ခိုင်လက်ရေးလှပုံစံ ဆိုတာ တရုတ်လက်ရေးလှပုံစံ ၅ မျိုးထဲက ခိုင်ရှူး < ဖတ်ရလွယ်တဲ့ ရှင်းလင်းတဲ့ လက်ရေးလှပုံစံ > နဲ့ ရှင့်ရှူး < လက်ရေးဆက်လို အမြန်ရေးတဲ့ လက်ရေးလှပုံစံ > နှစ်မျိုးကို ပေါင်းထားတဲ့ လက်ရေးလှပုံစံပါ )
~~~