အိမ်တွင်းပုန်း အကသမားတစ်ဦးအနေဖြင့် ထိုမိန်းကလေး၏ အကောင့်တွင် နောက်လိုက် ထောင်ဂဏန်းအနည်းငယ်ရှိသည်။ သို့သော် မည်သူမျှ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆက်သွယ်မှု မရှိသောကြောင့် သူမ၏ အမြင်အများဆုံး အကြောင်းအရာသည် နှစ်သက်မှုပေါင်း နှစ်သောင်းဝန်းကျင်သာ ရှိသည်။
ဗီဒီယို တင်ပြီးနောက် မှတ်ချက်များ စတင် ပေါ်လာသည်။
[ နိုင်ငံ၏ ထိပ်တန်း အနားယူထားသော ဗုံတီး မှူးမတ် - ဘုရားရေ၊ ဒီမောင်လေးက အရမ်းချောတာပဲ! ]
[ ဒီအစ်ကိုကြီး လာနေပြီ - ဘာပြောရမလဲ၊ မင်း မျက်နှာချင်းဆိုင်ရှိနေတုန်းကကျ မတောင်းဘူး၊ အခုကျမှ အင်တာနက်သူငယ်ချင်းတွေကို ကောက်ရိုးပုံထဲက အပ်ရှာခိုင်းချင်နေပြီ ]
[ မင်းအကြောင်းကို ငါ့ရဲ့ တခြားရည်းစားတွေ မသိစေရဘူး - အိုး ဘုရားရေ၊ ဒါ မကောင်းဆိုးဝါးတစ်ကောင်လို မျက်နှာပဲ၊ ငါ ဒီမောင်လေးရဲ့ အဆက်အသွယ်အချက်အလက်ကို အွန်လိုင်းမှာ စောင့်ကြည့်ဦးမယ် ]
[ အရမ်းမိုက်တယ် - သူ နောက်ဆုံးမှာ ကင်မရာကို ပြုံးပြသွားတာ… လုပ်လိုက်ကြစို့၊ သူ နင့်ကို ကြိုက်နေတာ သံသယမရှိဘူး]
[ ဂေးတစ်သိုက်ကို ပို့ပေးပါ - ဒီနှစ်ယောက် အချင်းချင်း မသိရင် ငါ နံရံကို ဝါးပြမယ်]
…
မိနစ်အနည်းငယ်အတွင်း နှစ်သက်မှု အရေအတွက် တစ်ရာကျော်သွားပြီး မှတ်ချက်အရေအတွက်မှာလည်း ဆက်တိုက် တက်နေလေသည်။
[ တူ အစ်မကြီး - တကယ် မသိဘူး၊ မောင်လေးကိုလည်း အနှောက်အယှက် မပေးချင်ဘူး၊ သူ့ကို တကယ် ကြိုက်ပါတယ်လို့ ပြောချင်ရုံပါပဲ ]
စာတစ်စောင် ပြန်ဖြေရန် ကြာသောအချိန်ထက်ပင် ပိုနည်းသောအချိန်၌ စာမျက်နှာအား ပြန် refresh လုပ်လိုက်သောအခါ နှစ်သက်မှု အရေအတွက် တစ်ထောင်ကျော်သွားလေသည်။ ကြည့်ရှုမှုများအား နှိပ်ကြည့်လိုက်သောအခါ ၎င်းတို့သည် ခြောက်သောင်းကျော်သွားလေပြီ။
မိန်းကလေးနှစ်ဦးသည် စိတ်လှုပ်ရှားစွာ မျက်တောင်ခတ်ရင်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
ဒီဗီဒီယိုကတော့ နာမည်ကြီးပြီပဲ…
ထိုအချိန်တွင် လုရွှိသည် သူ့ကိုယ်သူ ရေပန်းစားရှာဖွေမှုစာရင်းတွင် ပါနေသည်အား မသိသေးပေ။
ယောင့်ကွိုင်း ကုမ္ပဏီသည် သူ၏ အိမ်မှ မြေအောက်ရထား သုံးဘူတာမျှသာ ဝေးသည်။ လုရွှိသည် တံခါးအား တွန်းဖွင့်ကာ ရှေ့စားပွဲဆီသို့ လျှောက်သွားပြီး ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ"
ဧည့်ကြိုသည် ငိုက်မြည်းနေ၏။ လှုပ်ရှားသံအား ကြား၍ မျက်လုံးဖွင့်လိုက်သောအခါ သူမ ရှေ့တွင် ခန့်ညားသော လူငယ်တစ်ဦး ရပ်နေသည်ကို မြင်လိုက်ရသည်။ ဧည့်ကြိုသည် ကုမ္ပဏီတွင် ချောမောသော နတ်ဆိုးများစွာအား ယခင်က မြင်ဖူးသော်လည်း ဤမောင်လေးသည် အလွန်ချောမောသည်ဟု သူမ ထင်မိသည်။
သူသည် အမြီးကိုးချောင်းမြေခွေးများ၊ ရေသူမများနှင့်ပင် နှိုင်းယှဉ်နိုင်သည်။
ပိုအရေးကြီးသည်မှာ ဤခန့်ညားသော လူထံမှ သူမ၏ အမျိုးအနွယ်အနံ့အား မရပေ။
စစ်မှန်သော လူသားတစ်ဦး ကုမ္ပဏီသို့ ရောက်လာခြင်းသည် ရှားပါးသောအဖြစ်အပျက်ဖြစ်သည်။ ဧည့်ကြိုသည် လုရွှိအား ရတနာတစ်ခုအား ကြည့်နေသကဲ့သို့ ကြည့်ကာ၊ သူမ၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးဖြင့် နွေးထွေးစွာ မေးလိုက်သည်။
"မင်္ဂလာပါရှင်၊ ချိန်းဆိုမှု ရှိပါသလား"
လုရွှိ ခေါင်းညိတ်လိုက်သည်။
"ကျွန်တော့်သူငယ်ချင်းက ချိန်းထားပေးတာပါ၊ ကျွန်တော့်နာမည်က လုရွှိပါ”
"ကောင်းပါပြီ၊ ခဏလေး စောင့်ပေးပါရှင်"
ဧည့်ကြိုသည် ရုံးခန်းသို့ ဖုန်းခေါ်ဆိုပြီး လုရွှိ၏ နာမည်အား သတင်းပို့ကာ ထို့နောက် လမ်းပြရန် ထရပ်လိုက်သည်။
"ဒါရိုက်တာ ပိုင်ရဲ့ ရုံးခန်းသို့ ခေါ်သွားပါ့မယ်"
"အဆင်ပြေအောင် လုပ်ပေးတာ ကျေးဇူးတင်ပါတယ်"
လုရွှိသည် ဧည့်ကြိုနောက်မှ လိုက်ပါသွားလေသည်။ သူမ၏ အမြီးသည် သူမနောက်တွင် ယမ်းခါနေသည်အား မြင်သော်လည်း သူ မည်သည့်စကားမှ မပြောဘဲ သူ၏အမူအရာသည် အမြဲတစေ ငြိမ်သက်နေသည်။
ကုမ္ပဏီအဆောက်အအုံအား ဖြတ်သွားစဉ် လုရွှိသည် ချီးပိုးကောင် စိတ်ဝိညာဉ်ဖြစ်သော သန့်ရှင်းရေးသမားတစ်ဦး၊ ရေဘဝဲ စိတ်ဝိညာဉ်ဖြစ်သော အော်ပရေတာတစ်ဦးနှင့် ဦးချိုရှည်များနှင့် ခေါင်းပေါ်တွင် မြက်များ ပေါက်နေသော စာရေးမငယ်များစွာအား တွေ့လေသည်။
ယောင့်ကွိုင်း ကုမ္ပဏီသည် ၎င်း၏အမည်နှင့် ထိုက်တန်သည်မှာ အမှန်ပင်။
"ဒါရိုက်တာ ပိုင်၊ မစ္စတာလု ရောက်ပါပြီ"
"ဝင်ခဲ့"
ဧည့်ကြိုသည် လုရွှိအား ပြုံးပြကာ မသွားချင် သွားချင်နှင့် သူမ၏ အလုပ်နေရာသို့ ပြန်သွားလေသည်။
လုရွှိသည် တံခါးအား တွန်းဖွင့်၍ ဝင်ရောက်လာသောအခါ ဒါရိုက်တာ ပိုင်သည် သူ့အား ကြိုဆိုရန် ထရပ်ပြီးသားဖြစ်သည်။
"မင်္ဂလာပါ လုရွှိ၊ ကျွန်တော်က ပိုင်ဇယ်ပါ"
ပိုင်ဇယ်သည် အရပ် ၁၈၇ စင်တီမီတာခန့်ဖြင့် အလွန်အရပ်ရှည်သည်။ သူသည် မော်ဒယ်တစ်ဦး၏ ပုံမှန် အချိုးအစားများနှင့် ခန့်ညားသော ရုပ်ရည်ရှိပြီး မသိနားမလည်သူများ၏ မျက်လုံးထဲတွင် အေဂျင်စီတစ်ခုအောက်မှ အနုပညာရှင်တစ်ဦး ဖြစ်နိုင်လေသည်။ သူသည် သပ်ရပ်စွာ ချုပ်ထားသော ဝတ်စုံအား ဝတ်ဆင်ထားပြီး သူ၏ ရွှေရောင်ဘောင်ပါသော မျက်မှန်အောက်တွင် ကြည်လင်ပြတ်သားသော မျက်လုံးတစ်စုံရှိနေသည်။
လုရွှိ တံခါးမှ ဝင်လာသည့်အချိန်မှစ၍ ပိုင်ဇယ်သည် သူ့အား အကဲခတ်ပြီးသားဖြစ်သည်။ သရဲလည်းမဟုတ်၊ နတ်ဆိုးလည်းမဟုတ်၊ ပထမတစ်ချက်ကြည့်လျှင် လူသားနှင့် အတိအကျတူသည်။
တစ်ဖက်မှ ဖုန်းခေါ်ဆိုကာ လူတစ်ဦးအား ထပ်ထည့်လိုသည်ဟု ပြောသောအခါ ပိုင်ဇယ်မှာ အစကတည်း၌ သံသယအချို့ ရှိခဲ့သည်။
ကမ္ဘာပေါ်တွင် စကြာဝဠာသုံးခု ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ခြင်းမှာ စကြာဝဠာတစ်ခုစီ၏ ဌာနများမှ မရှိမဖြစ် လိုအပ်သော စီမံခန့်ခွဲမှုများကြောင့် ဖြစ်သည်။
လူများသည် နတ်ဆိုးများနှင့် မတူသဖြင့် ၎င်းတို့သည် သဘာဝအတိုင်း မတူညီသော ဌာနများအောက်တွင် ရှိကြသည်။
လူသားများသည် အသက်ရှင်နေစဉ် အထူးနိုင်ငံတော် ဝန်ဆောင်မှုများရှိပြီး သေဆုံးပြီးနောက် ငရဲဘုံ အစိုးရ ဝန်ဆောင်မှုများ ရှိသည်။ နတ်ဆိုးများတွင် မတူညီသော စနစ်တစ်ခုရှိ၏။ ၎င်းတို့သည် ဥပဒေအရ စိတ်ဝိညာဉ်များအသွင် ပြောင်းလဲနိုင်သရွေ့ နတ်ဆိုးကြီးကြပ်ရေးရုံး၏ စီရင်ပိုင်ခွင့်အောက်တွင် ရှိသည်။ စိတ်ဝိညာဉ်ဖြစ်ရန် လိုင်စင်ရရှိသူများသည် သေမျိုးတို့၏ လောကတွင် နေထိုင်ရန် အမျိုးမျိုးသော ကိုယ်ပိုင်အမှတ်အသားများအား အသုံးပြုကြပြီး လူသားများနှင့် အတူနေထိုင်ရန် အပြည့်အဝ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ပြီးသားဖြစ်သည်။
အခြေခံ ရှင်သန်မှုအား ထိန်းသိမ်းရန်အတွက် စိတ်ဝိညာဉ်ဖြစ်လာသော နတ်ဆိုးများသည် ၎င်းတို့၏ ကိုယ်ပိုင် စိတ်ဝင်စားမှုနှင့် ကျွမ်းကျင်မှုအပေါ် အခြေခံ၍ လုပ်ငန်းများသို့ ဝင်ရောက်ကာ မတူညီသော နယ်ပယ်များတွင် ထူးချွန်တတ်ကြသည်။ ၎င်းတို့အနက် နတ်ဆိုးများစွာသည် ၎င်းတို့၏ ထူးခြားသော ရုပ်ရည်ကြောင့် ဖျော်ဖြေရေးသမားများ ဖြစ်လာသည့် လမ်းအား လျှောက်လှမ်းတတ်ကြသည်။
၎င်းတို့အား စီမံခန့်ခွဲရန်အတွက် နတ်ဆိုးစီမံခန့်ခွဲမှု ကုမ္ပဏီများ ဖန်တီးခဲ့ကြ၏။
နတ်ဆိုးစီမံခန့်ခွဲမှု ကုမ္ပဏီ၏ ပိုင်ရှင်ဖြစ်သော ပိုင်ဇယ်သည် နတ်ဆိုးတစ်ဦးစီ၏ ဝိသေသလက္ခဏာများအား သိရှိပြီး ၎င်းတို့၏ စွမ်းရည်အပေါ် အခြေခံ၍ ၎င်းတို့၏ ရုပ်ပုံများအား ဒီဇိုင်းထုတ်ပေးသည်။ သူသည် ရေပန်းစားသော အနုပညာရှင်များစွာအား ထောက်ပံ့ပေးခဲ့သည်။
သူသည် လှပသော အမြီးကိုးချောင်းမြေခွေးများအား တီဗီဖန်သားပြင်ပေါ်တွင် အလှကုန်များ ရောင်းချစေခဲ့ပြီး၊ လှပသောအသံပိုင်ရှင် ရေသူများအား ဂီတဘုရင်များအဖြစ် မြှင့်တင်ပေးခဲ့သည်။
(T/N: ဒီနားက ရေသူက ရေသူမလိုမျိုးကိုမှ Siren မဟုတ်ဘဲ ငါးမန်းအမြီးနဲ့ပါတဲ့ မျိုးနွယ်ပါ )
သူ၏ ထူးခြားသော စွမ်းရည်များကြောင့် သူ၏ဘေးသို့ လူများ စေလွှတ်လိုသူများလည်း များစွာရှိသည်။ ၎င်းတို့အနက် ထူးခြားသော အသွင်အပြင်များမရှိသူ မဟုတ်သော်လည်း ပိုင်ဇယ်သည် စရိုက်လက္ခဏာ သိပ်မရှိသူများအား အမြဲတစေ ပယ်ချတတ်၏။
သေမင်းတမန်ဌာနမှ ဤဝန်ထမ်းအား လူရွေးပွဲသို့ ပို့ပေးရန် တောင်းဆိုထားသည်။ ပိုင်ဇယ်သည် အခြေအနေအား ရှင်းရှင်းလင်းလင်း ပြောပြလိုက်၏။
သူ တံခါးပေါက်အား ဖွင့်ပေးနိုင်သည်။ သို့သော် သူ ပြိုင်ပွဲ၌ ဆက်နေနိုင်မလား သို့မဟုတ် ပွဲဦးထွက်နိုင်မလားဆိုသည်မှာ သူ၏ ကိုယ်ပိုင် စွမ်းရည်များပေါ်တွင်သာ လုံးဝမူတည်သည်။
သေမျိုးတို့၏ လောကတွင် အရည်အချင်းရှိသော ဖျော်ဖြေရေးသမားများစွာရှိသည်။ သရဲများနှင့် နတ်ဆိုးများပင် နာမည်ကြီးလိုပါက ထိုသို့လုပ်ဆောင်နိုင်သည့် စွမ်းရည်များ ပိုင်ဆိုင်ရန် လိုအပ်သည်။
လုရွှိ တံခါးမှ ဝင်မလာမီ အချိန်တွင်ပင် ပိုင်ဇယ်သည် သူ၏ အခြေအနေများ မမှန်ကန်ပါက ကြိုတင်ရှင်းပြရမည်ဟု စဉ်းစားနေဆဲဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စသည် အဖွဲ့အစည်းနှစ်ခုကြား ပူးပေါင်းဆောင်ရွက်မှုနှင့် သက်ဆိုင်ပြီး ဤကဲ့သို့သော အရာတစ်ခုကြောင့် ၎င်းတို့ ရန်ဖြစ်မည်အား မလိုလားပေ။
သို့သော် သူ လုရွှိအား မြင်လိုက်သည့်အခိုက်တွင် သူ၏ မျက်လုံးများအတွင်းမှ အလင်းသည် ရုတ်တရက် လင်းထိန်သွား၏။
ဒီ သေမင်းတမန်က အလားအလာရှိတယ်…
ပိုင်ဇယ်၏ လှမ်းပေးထားသော လက်အားကြည့်ရင်း လုရွှိသည် သူ၏မျက်ခုံးများ ပင့်ကာ လက်ဆွဲနှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ ဒါရိုက်တာပိုင်၊ ကျွန်တော်က လုရွှိပါ"
~~~