Chapter : 46 ( မီး မိန်းကလေး [21] )
Viewers 3k

Chapter : 46 ( မီး မိန်းကလေး [21] )

ဟိုင်ရိ : "တာ့တာ" 

သူထွက်သွားတော့မလို လှည့်လိုက်သည်။
ရှန့်ချန့်ယန်က သက်တောင့်သက်သာ အိပ်ရာပေါ်တွင် လဲလျောင်းနေ၏။ 

"အင်း ဖုန်းမယူတော့ဘူးလား"

ဟိုင်ရိက မကျေနပ်သည့်ပုံစံဖြင့်

"ပြန်ပေး..."

ရှန့်ချန့်ယန် သူ့အမူအရာကို သေချာကြည့်လိုက်သည်။ 

"ဘာလို့စိတ်ဆိုးနေတာလဲ ခင်ဗျား ကိုယ်တိုင်ပြောခဲ့တာ မဟုတ်ဘူးလား"

ဟိုင်ရိ : "ငါ '0' ဆိုတာ မင်းကို ဘယ်တုန်းက ပြောခဲ့လို့လဲ"

ရှန့်ချန့်ယန်က ကြောင်တောင်တောင် စိုက်ကြည့်နေ၏။

ရှန့်ချန့်ယန် : ...

ဟိုင်ရိက သူ့ကို စောင်းငဲ့ကြည့်လိုက်သည်။ 

"ပြောစမ်းပါဦး၊ ငါ့အကြောင်း ဘယ်သူ့ကို မေးခဲ့တာလဲ"

ဟိုင်ရိက ရှန့်ချန့်ယန်ရှေ့၌ ဗီရိုထဲမှ ထွက်ခဲ့သော်လည်း၊ ရှန့်ချန့်ယန်ကို တိုက်ရိုက်ပြောပြဖို့ဆိုတဲ့ အခြေခံစည်းမျဉ်းတွေတော့ မပျက်ခဲ့ပေ။ သူသည် သူ့ပုံရိပ်ကို အမြဲထိန်းသိမ်းချင်ခဲ့၏။ တခြားသူများနှင့် မဟုတ်တမ်းစကားများပြောသည်က ကိစ္စမရှိပေမယ့်၊ ရှန့်ချန့်ယန်ရှေ့၌ '0' နှင့် ပတ်သက်သည့် မည်သည့်စကားလုံးမှ မပြောခဲ့ဖူးပေ။

( ဗီရိုထဲမှ ထွက်ခဲ့ – ဂေးဖြစ်ကြောင်း ဝန်ခံ )

တကယ်တော့၊ ဟိုင်ရိက ဘယ်သူလဲဆိုတာ ခန့်မှန်းနိုင်၏။ ရှန့်ချန့်ယန်သည် သူ့အကြောင်းကို လျိုကျယ်ကိုပဲ မေးခဲ့ခြင်း ဖြစ်နိုင်ပေသည်။ အခြားဘယ်သူမှ မဖြစ်နိုင်ပေ။

ရှန့်ချန့်ယန်က ဝန်မခံခဲ့။ 

"ကျွန်တော်ခန့်မှန်းလိုက်တာ"

ဟိုင်ရိက ချီးကျူးလိုက်သည်။ 

"အထင်ကြီးစရာပဲ...လျိုကျယ်၊ ဟုတ်တယ်မလား"

ရှန့်ချန့်ယန် : "ခင်ဗျားကျွန်တော့်ကို အထင်သေးနေတာပဲ"

ဟိုင်ရိ : ?

ဟိုင်ရိက သူ့ကို မယုံကြည်ချေ။

"လျိုကျယ်မဟုတ်ရင် ဘယ်သူဖြစ်နိုင်ဦးမှာလဲ"

ရှန့်ချန့်ယန်က သူ့ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။ 

"ခင်ဗျားသိချင်မှာ မဟုတ်ဘူး"

"ဘာကိုဆိုလိုတာလဲ"

ဟိုင်ရိ၏ ပုန်ကန်တတ်သည့် စိတ်ဓာတ်က ပေါ်လာသည်။ သူက အိပ်ရာဘေးတွင် ထိုင်ချလိုက်ပြီး ရှန့်ချန့်ယန်၏ ဖုန်းကို လက်ထဲမှ လုယူကာ ရှန့်ချန့်ယန်ကို ကြည့်ခိုင်းလိုက်၏။ 

"မင်းဘယ်ကကြားတာလဲ၊ ပြောစမ်းပါဦး... ငါ့နာမည်က အခု လူသိများနေပြီလား"

ရှန့်ချန့်ယန် : "မမေးဖို့ ကျွန်တော်အကြံပေးတယ်"

ဟိုင်ရိ : ?

ပို၍ပင် ရှုပ်ထွေးသွားသော ဟိုင်ရိက မေးလိုက်သည်။

"ဘာဖြစ်နေတာလဲ"

သူ့အကြောင်းကို တခြားသူတွေ သိတာ သူဂရုမစိုက်ပေမယ့်၊ ရှန့်ချန့်ယန်က လျှို့ဝှက်ဆန်းကြယ်စွာ လုပ်နေသည့်အချိန်မှာတော့ ဘာပဲဖြစ်ဖြစ် သိကိုသိရမည်ဟု သူ့ကို ခံစားရစေခဲ့သည်။

ရှန့်ချန့်ယန် : "ဒါကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး၊ ကျွန်တော် ခင်ဗျားကို သတိပေးပြီးပြီနော်"

ဟိုင်ရိ : ...

ရှန့်ချန့်ယန်က သူ့ဖုန်းကို ပြန်ယူပြီး ဓာတ်ပုံတစ်ပုံကို ရှာကာ သူ့ကို ဖုန်းပြန်ပေးလိုက်သည်။ ဖုန်းစခရင်ပေါ်တွင် ဖောင်တစ်ခု၏ ဓာတ်ပုံကို ပြသထား၏။ ဟိုင်ရိက အစကတော့ သိပ်နားမလည်ပေမယ့်၊ အနည်းငယ် ထပ်ကြည့်ပြီးနောက် သဘောပေါက်သွားသည်။ 

၄င်းသည် သူစရောက်ကာစအချိန် ကောင်တာရှေ့မှာ ဖြည့်ခဲ့သည့် ဖောင်ပင်။

သူ့မျက်လုံးများက ဖောင်အောက်ဘက်သို့ ရွေ့သွားသည်။ လိင်စိတ်တိမ်းညွတ်မှုအောက်တွင် 'ဆက်ပြီး ဆက်ပြီး 0 ပဲ' ဟူသော စကားလုံးများကို စာရွက်ဖြူပေါ်တွင် အနက်ရောင်ဖြင့် ရေးထားသည်။

'ဆက်ပြီး ဆက်ပြီး 0ပဲ'...

ဟိုင်ရိက ရိုးအခြင်းအဖြစ် ဆက်လက်သတ်မှတ်နိုင်သော လေသံဖြင့် မေးလိုက်၏။

"ဒီဖောင်ကို ဘယ်ကရတာလဲ"

"ကျွန်တော်တို့ရဲ့ တရားဝင် ခရိုင်ကွန်ရက်ကနေ"

ရှန့်ချန့်ယန်သည် ကြင်နာစွာ အသိပေးလိုက်သည်။ 

"အောက်မှာ ဆက်ရှိသေးတယ်"

ဟိုင်ရိက အောက်သို့ဆင်းပြီး အမြန်ဖတ်လိုက်၏။

'သေကြောင်းကြံရန် အကြောင်းပြချက်' 

အောက်တွင် - 

'သူဌေးတစ်ဦးနှင့် လက်ထပ်နိုင်စွမ်းမရှိခြင်း' ဟု ရေးထားသည်။

ရှန့်ချန့်ယန်က နောင်တရစွာဖြင့် 

"ဒီဖောင်က အခု ပြည်သူလူထုကြည့်ရှုဖို့ တရားဝင် ကွန်ရက်မှာ ထုတ်ပြန်ထားပြီး အနာဂတ်မှာ မှတ်တမ်းထဲမှာ ထည့်သွင်းသွားမှာ၊ သေဖို့ လျှောက်ထားတဲ့အခါလည်း ဒီဖောင်ကို လက်မှတ်ထိုးရမှာ၊ ခင်ဗျားပြန်သွားရင်လည်း ဒီဖောင်ကို ခွင့်ပြုချက်အတွက် အထောက်အထားအဖြစ် ထည့်သွင်းသွားမှာပါ"

ဟိုင်ရိ : ...

ရှန့်ချန့်ယန် : "ရှုထောင့်တစ်ခုကနေ ကြည့်ရင် ခင်ဗျားနာမည်က တကယ်ပဲ လူသိများနေပါပြီ"

ဟိုင်ရိ : "မင်းနောက်နေတာလား"

ရှန့်ချန့်ယန်က သူ့ကို ကြည့်လိုက်သည့်အကြည့်သည် နောင်တတို့ဖြင့် ပြည့်နေ၏။

ဟိုင်ရိ၏ နှလုံးသားထဲတွင် မုန်တိုင်းတစ်ခု တိုက်ခတ်နေပြီး ထိုခံစားချက်ကို စကားလုံးဖြင့် ဖော်ပြ၍မရနိုင်ပေ။

ရှန့်ချန့်ယန် : "စိတ်မပူပါနဲ့၊ ဒီဖောင်က ခင်ဗျားမှတ်တမ်းတွေထဲမှာပဲ ထည့်သွင်းသွားမှာပါ"

ဟိုင်ရိ : "တိတိ...တော်လောက်ပြီ..."

ရှန့်ချန့်ယန်သည် သူ့ရယ်မောသံကို ထိန်းလိုက်သည်။ ဟိုင်ရိ အိပ်ရာပေါ်သို့ ပြုတ်ကျသွားပြီး ဖောင်ပေါ်သို့ သူ့မျက်လုံးများ စူးစိုက်စွာကြည့်လိုက်သည်။ နောက်တစ်ကြိမ် အသေးစိတ် စစ်ဆေးကြည့်ရှုပြီးနောက်၊ သူပြောခဲ့သော စကားများ ဖောင်ပေါ်တွင် စကားလုံးတစ်လုံးချင်းစီ အမှန်တကယ်ရေးထားသည်ကို အတည်ပြုလိုက်သည်။

ဟိုင်ရိက အကူအညီမဲ့စွာ ပြောလိုက်သည်။

"ဘာလို့ ဘယ်သူမှ ငါ့ကို သတိမပေးခဲ့တာလဲ..."

ရှန့်ချန့်ယန် : "ဖြစ်နိုင်တာက ဘယ်သူမှ ကိုယ့်သေဆုံးမှုအကြောင်းကို ပြက်လုံးထုတ်ဖူးမှာ မဟုတ်လို့ပဲ"

ဖောင်ကို စိုက်ကြည့်ရင်း ဟိုင်ရိက ထိုနေ့က သူအဘယ်ကြောင့် အရူးအမူးလုပ်ခဲ့သနည်း ဟု စဉ်းစားမိ၏။ သူစဥ်းစားမိလာခဲ့သော ကောက်ချက်မှာ ထိုနေ့က အရာအားလုံးက ပုံမှန်ပင် ဖြစ်ခဲ့သည်။ ၎င်းကို သူ့ပုံမှန်အပြုအမူဟု သတ်မှတ်နိုင်၏။ ထိုနေ့က သူသာ ဖောင်ဖြည့်ခိုင်းခံရပါက၊ ထိုကဲ့သို့သော အဓိပ္ပာယ်မရှိသည့် စကားများကို သူလည်း ထုတ်ပြောမိလိမ့်မည်ဖြစ်သည်။

ဟိုင်ရိ : "ဒါဆို မင်းအကြာကြီးကတည်းက မြင်ဖူးတာပေါ့၊ မင်းမှာ မင်းရဲ့ဖောင်ရှိလား၊ ငါကြည့်ရအောင်"

ရှန့်ချန့်ယန် : "မရှိဘူး၊ ကျွန်တော်မသိမ်းထားဘူး"

ဟိုင်ရိက အကျိုးအကြောင်းပြော၍မရပေ။

"ဒါပေမယ့် မင်းငါ့ဟာကိုသိမ်းထားတယ် မဟုတ်လား"

ရှန့်ချန့်ယန် : "ဒီအချိန်လေးအတွက်ပဲ" 

ဟိုင်ရိ၏ စိတ်ပိုင်းဆိုင်ရာသည် လုံးဝရှုပ်ထွေးသွားသည်။ သူသည် အိပ်ရာပေါ်၌ လဲလျောင်းလျက် ဘဝအကြောင်း စတင်စဉ်းစားနေ၏။

ရှန့်ချန့်ယန် : "ဘာတွေစဉ်းစားနေတာလဲ"

ဟိုင်ရိ : "လူတွေကို တိတ်ဆိတ်အောင် လုပ်တာ"

ရှန့်ချန့်ယန်က ရယ်မောလိုက်သည်။
ဟိုင်ရိက လှန်လှဲလိုက်ပြီး၊ အသက်ပြင်းပြင်း ရှူလိုက်၏။

ရှန့်ချန့်ယန်က အနည်းနဲ့အများ အံ့ဩသွားသည်။ 

"ခင်ဗျားဂရုမစိုက်ဘူး ထင်ခဲ့တာ"

ဟိုင်ရိ : "မဖြစ်နိုင်တာ"

"ငါ့လိင်စိတ်တိမ်းညွတ်မှုက မှတ်တမ်းတွေထဲမှာ 'ဆက်ပြီး ဆက်ပြီး 0ပဲ' လို့ ရေးထားတာ၊ ဘယ်လိုလုပ် ဂရုမစိုက်ပဲ နေနိုင်မှာလဲ"

ဟိုင်ရိ : "ငါသေကြောင်းကြံရခြင်းရဲ့ အကြောင်းရင်းက 'သူဌေးတစ်ဦးနဲ့ လက်ထပ်နိုင်စွမ်းမရှိခြင်း' ပဲ ဘယ်လိုလုပ် ဂရုမစိုက်ပဲ နေနိုင်မှာလဲ"

"အခုဆို လူတိုင်းက ငါ့ကို ဘယ်လိုမြင်လဲဆိုတာ မင်းစိတ်ကူးကြည့်နိုင်တယ်"

ဟိုင်ရိက ထိုပုံရိပ်ကို စိတ်ကူးကြည့်ရန် ကြိုးစားခဲ့သော်လည်း အချည်းနှီးပင်။

"ငါ့ရဲ့ ခံနိုင်ရည်အားကြောင့် ချက်ချင်းမသေသွားတာ ကျေးဇူးတင်ရမှာပဲ"

ရှန့်ချန့်ယန် : "တော်တော်မိုက်တယ်၊ ကျွန်တော့်အတွက်ပျော်ဖို့ကောင်းတယ် ထင်လို့ ခင်ဗျားကို ပြတာ"

ဟိုင်ရိ : "မိုက်တယ်လား...မင်းကိုယ်တိုင် မလုပ်ကြည့်ချင်ဘူးလား"

"ဟုတ်ပါပြီ" 

ရှန့်ချန့်ယန်က မထီမဲ့မြင် စကားလုံးကို ထုတ်ပြောလိုက်သည်။ 

"ကျွန်တော့်ကိုလည်း ပြောင်းခိုင်းလိုက်မယ်၊ ဘာပြောင်းရမလဲ"

ရှန့်ချန့်ယန်က ချက်ချင်းပင် စတင်လုပ်ဆောင်၏။

"ကျွန်တော့်ကိုလည်း 'ဆက်ပြီး ဆက်ပြီး 0ပဲ' ပြောင်းလိုက်ရမလား"

ဟိုင်ရိ : ...

ဟိုင်ရိ : "ဒါဆို ပြောင်းလို့ရတယ်လား" 

ရှန့်ချန့်ယန် : "ကျွန်တော်မသိဘူး၊ မေးကြည့်လို့ရတယ်"

ဟိုင်ရိက သူ့လက်ကို အမြန်ပိတ်လိုက်သည်။
 
"ငါ့ဆုံးရှုံးမှုလို့ပဲ သဘောထားလိုက်ပါ၊ မလုပ်ပါနဲ့၊ ကော"

ရှန့်ချန့်ယန်က တကယ်ကို ဂရုမစိုက်ခဲ့ပေ။ သူက 'အော်' ဟုပြောပြီးမှ ထပ်မံပြောလိုက်၏။

"ကိုယ်တွေ့ အတွေ့အကြုံအရ၊ ခင်ဗျားကို မသိတဲ့သူတွေရဲ့ ထင်မြင်ယူဆချက်တွေက အသုံးမဝင်ဘူး"

ဟိုင်ရိ : "မင်းပြောတာမှန်ပါတယ်၊ ဉာဏ်ပညာပိုင်းအရ နားလည်ပေမယ့် စိတ်ခံစားမှုအရ လက်မခံနိုင်ဘူး"

ရှန့်ချန့်ယန် ရယ်မောလိုက်သည်။

ဟိုင်ရိက သူ့နှင့် ရှန့်ချန့်ယန်ကြားက အကွာအဝေးမှာ တဖြည်းဖြည်း လျော့နည်းလာသည်ကို ခံစားမိ၏။ ရက်အနည်းငယ်သာ အတူရှိခဲ့သော်လည်း သူတို့နှစ်ဦးသည် အလွန်လျင်မြန်စွာ ရင်းနှီးလာခဲ့သည်။ သူတို့၏ ဆက်ဆံရေးသည်လည်း မျှော်မှန်းထားသည်နှင့် ဆန့်ကျင်ဘက် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။ ရှန့်ချန့်ယန်သည် သူပေါ်လွင်သလောက် ရန်လိုခြင်း မရှိခဲ့ပေ။ အချိန်အများစုတွင် သူသည် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်သော ရိုးသားသည့် ကောင်လေးတစ်ဦးသာ ဖြစ်သည်။ မနေ့ည၌ နမ်းခဲ့သည့်အရာမှလွဲ၍ အခြားဘာမှ မဖြစ်ခဲ့ပေ။

ဟိုင်ရိ : "ဘယ်သူက ငါ့ကို သတ်ချင်တယ်လို့ မင်းထင်လဲ" 

ရှန့်ချန့်ယန် : "လူသတ်သမားက" 

"ခင်ဗျားဒီမေးခွန်းကို မေးလာမှတော့ ဘယ်သူက လူသတ်သမားလဲဆိုတာ ခင်ဗျားကို ပြောပြဖို့ကလွဲလို့ ကျွန်တော့်မှာ ရွေးချယ်စရာ မရှိတော့ဘူး"

ဟိုင်ရိ : "မင်း တကယ်သိတာလား"

ရှန့်ချန့်ယန် : "ဖြစ်နိုင်တယ်"

"?"

ရှန့်ချန့်ယန် : "ဒီ ဇာတ်လမ်းရဲ့ အတွင်းပိုင်းစစ်ဆေးမှု ကာလမှာ မဲအားလုံးပေးပြီးတဲ့အထိ ကျွန်တော်တို့ ကစားခဲ့ကြတယ်၊ ဒါပေမယ့် လူသတ်သမားကို အဆုံးမှာ မကြေညာခဲ့ဘူး၊ ဒါကြောင့်...ကျွန်တော်လည်း တကယ်မှန်တဲ့ အဖြေကို မသိတာ ဖြစ်နိုင်တယ်"

ဟိုင်ရိ : "ဒါဆို မင်းဘယ်သူလို့ ထင်လဲ"

ရှန့်ချန့်ယန် စဉ်းစားနေပြီး စကားမပြောခဲ့ချေ။ သူသည် ထိုမေးခွန်းကို ရှောင်လွှဲလိုက်သည်။

"ဒါကို ဂိမ်းတစ်ခုလိုပဲ သဘောထားစေချင်ပါတယ်၊ ပျော်ပျော်ပါးပါးနေရုံနဲ့ အဆင်ပြေပါတယ်...ကျန်တာတွေကို သိပ်အများကြီး မစဉ်းစားနဲ့"

ရှန့်ချန့်ယန်သည် တကယ်တော့ ပေါ့ပေါ့ပါးပါး နေထိုင်သူတစ်ဦးဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် ဟိုင်ရိမှာ အရာအားလုံးကို အလေးထားပြီး၊ ပြန်မလှည့်နိုင်သော လမ်းပေါ်သို့ တွန်းပို့ခံရသည့် အနေအထား ဖြစ်ခဲ့ရ၏။ ရှန့်ချန့်ယန်ကတော့ အရာအားလုံးကို ပေါ့ပေါ့တန်တန် သဘောထားပြီး၊ ၎င်းကြောင့် သူ့ကိုယ်သူလည်း အလွယ်တကူ လက်လျှော့ခဲ့သည်။

ဟိုင်ရိက စဉ်းစားရင်းဖြင့် သူတစ်ဖန် အကျပ်အတည်းထဲသို့ ရောက်သွားပြန်၏။ လူသတ်သမားနှင့် တာဝန်ကို ဘေးဖယ်ထားကာ၊ သူက ရုတ်တရက် ပြောလိုက်သည်။

''တိတိ၊ ငါဘာလုပ်ရမလဲ''

ဟိုင်ရိကိုယ်တိုင်လည်း သူရုတ်တရက် မေးလိုက်သည့် မေးခွန်းကြောင့် ရှုပ်ထွေးနေသော်လည်း ရှန့်ချန့်ယန်သည် သူ့အား နားလည်သည်။

ရှန့်ချန့်ယန် ပြောလိုက်သည်။

"ဘာဆက်လုပ်ရမလဲဆိုတာ စဉ်းစားဖို့ အချိန်မကျသေးဘူး"

ရှန့်ချန့်ယန် : "ဒီလောကမှာ ဘာဆက်လုပ်ရမလဲ စဉ်းစားတာက ခင်ဗျားပျော်ရွှင်စွာ နေထိုင်ရမယ်လို့ မဆိုလိုပါဘူး၊ ပျော်ရွှင်မှုရဲ့ အခိုက်အတန့်တိုင်းက ဒီအချိန်မှာ ထာဝရပါပဲ"

ဟိုင်ရိ : ...

ဟိုင်ရိ ထိုစကားကြောင့် ဆွဲဆောင်ခံရပြီး ခဏတာ ပြန်မတုံ့ပြန်နိုင်ခဲ့ပေ။ သူသေချာစဉ်းစားခဲ့သည်။ ထိုစကားက အတော်လေး အဓိပ္ပာယ်ရှိပုံရ၏။

အကယ်၍ သူက အနာဂတ်ဆီသို့ ဦးတည်နေသလိုမျိုး နေ့တိုင်းနေထိုင်ခဲ့လျှင် ထိုနေ့ရက်များထဲ တစ်ရက်မှ ပျော်ရွှင်စွာ ကုန်ဆုံးမည်မဟုတ်။ သို့သော် သူသာ ပစ္စုပ္ပန်၌ နေထိုင်ပြီး မိနစ်တိုင်း၊ စက္ကန့်တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်းပါက၊ ထိုငြိမ်သက်သည့် နေ့လယ်ခင်းကိုလည်း လှပသည့်နေ့တစ်နေ့လို့ သတ်မှတ်နိုင်ပေသည်။

အနာဂတ်ကို ထိန်းချုပ်လို့မရနိုင်ပေမယ့် ပစ္စုပ္ပန်ကိုတော့ ထိန်းချုပ်လို့ရ၏။ ပစ္စုပ္ပန်မှာ ပျော်ရွှင်မှုဆိုတာ ဖြစ်နိုင်သည်။

🌟🌟🌟