❓️Chapter 20
"ကိုယ်လည်း အိပ်မပျော်ပါဘူး.."
ဝမ်းချန်ရှီးအသံက တိုးလျနေသည်။ အိပ်ရာဘေးမှမီးအိမ်မှာ သိပ်မလင်းဘဲ အခန်းကို လင်းရုံမျှသာရှိပြီး အရိပ်များကိုဖုံးကွယ်နေစေသည်။
"မင်းလိုအပ်နေတာတစ်ခုခုရှိလို့လား.."
အိပ်ရာဘေးတွင်ရပ်နေခဲ့သောကောင်လေးမှာ အမှောင်ထဲတွင် တဖျတ်ဖျတ်တောက်ပနေသောကြယ်လေးတစ်ပွင့်ပမာ အလင်းဖြာနေသည်။ စွမ်းအင်အပြည့်ဖြစ်နေကာ အိပ်ချင်စိတ်လုံးဝမရှိပုံပင်။
ဝမ်းချန်ရှီးမှာ ယခုကဲ့သို့ အလွန်တရာတက်ကြွနေသောကျောင်းယန်ယွိကို တစ်ခါမျှမမြင်ဖူးပါချေ။
ကျောင်းယန်ယွိက ဝမ်းချန်ရှီးတွေးနေသည့်အတွေးကိုမသိပေ။ သူအိပ်မပျော်ကြောင်းကြားလိုက်ရပြီးနောက် ကျောင်းယန်ယွိ၏မျက်လုံးတို့က အနည်းငယ်တောက်ပသွားခဲ့သည်။
ကျောင်းယန်ယွိ: "ဒါဆို မနက်ဖြန့်နေ့လယ်လုပ်မယ့် ထိပ်သီးအစည်းအဝေးကို ခင်ဗျားသွားမှာလား.."
ဝမ်းချန်ရှီး: "အင်း.."
ကျောင်းယန်ယွိက အမြန်တွက်ချက်လိုက်သည်။ သူ၏အစ်ကိုက သူအိပ်မပျော်နိုင်သလို မနက်ဖြန်တွင် စောစောထရန်လည်းမလိုပေ။ ဆိုလိုသည်မှာ ဝမ်းချန်ရှီးက မနက်တွင်တရေးအိပ်နိုင်သည်။ ယခုညကို ညဥ့်နက်သည်အထိနေလျှင်လည်း ပြဿနာမရှိပေ။
ဤမျှကောင်းသောအခွင့်အရေးကို အရမယူလျှင် အရှက်ရစရာဖြစ်သွားလိမ့်မည်။
ကျောင်းယန်ယွိ၏မျက်လုံးတို့က အလင်းရောင်များဖြာထွက်နေလေသည်။
"အားရှီး အိပ်လို့မပျော်မှတော့ အခြားတစ်ခုလုပ်ကြမယ်လေ ဘယ်လိုလဲ.."
ကျောင်းယန်ယွိ၏စကားကိုကြားရသည့်အခါ မှိန်ဖျော့သောအလင်းရောင်အောက်မှ ဝမ်းချန်ရှီး၏နက်ရှိုင်းသည့်မျက်လုံးများက ကျောင်းယန်ယွိ၏မျက်နှာပေါ်သို့ကျသွားခဲ့သည်။ ၎င်းက နားလည်ရခက်နေသည့်သဘောကိုဆောင်လေသည်။
ဝမ်းချန်ရှီးက အတွေးမလွန်ရန် သူ့ကိုယ်သူသတိပေးလိုက်သည်။ ထို့အပြင် ဤငါးလေး၏အတွေးမှာ အမြဲထူးဆန်းနေတတ်သည်။ သူဆိုလိုသည့်အဓိပ္ပါယ်က ဝမ်းချန်ရှီးအတွေးနှင့်မတူတတ်ပေ။
သို့သော် ကောင်လေး၏ ရှင်းလင်းပြတ်သားပြီး စိတ်အားထက်သန်သည့်မျက်ဝန်းများက ဝမ်းချန်ရှီးကို အလိုလိုနေရင်း အာခေါင်ခြောက်လာစေသည်။
ဝမ်းချန်ရှီး၏အသက်ရှူသံက အမှောင်ထဲတွင်အိပ်နေသောကြောင်ပေါက်လေး နိုးသွားမည်ကိုစိုးရိမ်နေသည့်နှယ် အရှိန်လျော့သွားခဲ့သည်။ လှုပ်ရှားမှုတိုင်းက သတိကြီးနေပြီး စဥ်းစားချင့်ချိန်လာသည်။
"ဘာဖြစ်လို့လဲ.."
ဝမ်းချန်ရှီးစကားပြောလိုက်သည့်အသံက အနည်းငယ်အက်နေသည်။
ကျောင်းယန်ယွိ၏မျက်လုံးများက အောက်ဘက်သို့ဖြည်းညင်းစွာရွေ့သွားကာ မျက်လုံးထဲ၌ မျှော်လင့်ချက်တစွန်းတစဖြင့် ဝမ်းချန်ရှီး၏အိပ်ရာပေါ်သို့သို့ရောက်သွားလေသည်။
"ကျွန်တော် အိပ်ရာပေါ်တက်လို့ရလား.."
ဝမ်းချန်ရှီး သူ့ကို ခဏမျှတိတ်ဆိတ်စွာကြည့်လိုက်သည်။ လည်စလုတ်လေးက အပေါ်အောက်ခုန်သွားပြီးနောက် ပြန်ဖြေလိုက်၏။
"ရတယ်.."
သူပြောပြီး စက္ကန့်ပိုင်းသာရှိသေးစဥ် ကျောင်းယန်ယွိက သူ့စကားအားပြန်ရုတ်သိမ်းသွားမည်ကိုစိုးရိမ်နေသည့်နှယ် သူ့အိပ်ရာပေါ်သို့တက်လာခဲ့သည်။
အိပ်ရာပေါ်သို့ရောက်သည့်အခါ အနည်းငယ်မျှသောပျော်ရွှင်မှုကြောင့် ကျောင်းယန်ယွိ၏မျက်နှာက အနည်းငယ်နီနေပြီး သူ ပျော်ရွှင်နေကြောင်း အရိပ်အယောင်ပြလာလေသည်။
ဝမ်းချန်ရှီးက မတိုင်ခင်ကအတိုင်း မလှုပ်မယှက်ထိုင်နေပြီး သူနောက်ထပ်လုပ်လာမည့်အရာကို စောင့်နေလေသည်။
ကျောင်းယန်ယွိက သူ့ဘေးမှအိပ်ရာကိုပုတ်ပြကာ ဝမ်းချန်ရှီးကိုအနားလာရန် အချက်ပြလိုက်သည်။
သူက အိပ်ရာအလယ်တွင်ထိုင်နေပြီး မှီစရာမရှိပေ။ ဝမ်းချန်ရှီးက အိပ်ရာခေါင်းရင်းအနီးတွင်ထိုင်နေသည်။ သာမန်အခန်းမှအိပ်ရာမှာသိပ်မကြီးသော်လည်း နှစ်ယောက်ကြားထဲတွင် နေရာလွတ်အမြောက်အများရှိနေသေးသည်။
ဝမ်းချန်ရှီးက နှစ်စက္ကန့်မျှတိတ်ဆိတ်နေပြီးမှ ကျောင်းယန်ယွိ၏မျှော်လင့်နေသောမျက်လုံးအောက်တွင်ထိုင်ချလိုက်သည်။ နှစ်ယောက်ကြား၌ လက်တဝက်စာအကွာအဝေးသာရှိတော့၏။
ဝမ်းချန်ရှီး၏နှလုံးက ထိန်းချုပ်မရအောင် အခုန်မြန်လာတော့သည်။
ဤမျှနီးကပ်သောအကွာအဝေးတွင် သူက ကောင်လေးထံမှ အပင်နှင့်သစ်ရွက်အနံ့ဖျော့ဖျော့လေးကိုရနိုင်သည်။ ယနေ့ညတွင် သူတို့ပ ဟိုတယ်မှရေချိုးဆပ်ပြာရည်ကိုသုံးခဲ့ကြသည့်တိုင် ကောင်လေးတွင် နဂိုရှိရင်းစွဲ အနံ့ဖျော့ဖျော့လေးရှိနေသေးသည်။ လျစ်လျူရှုထားရန်လည်း ပြင်းပြလွန်းနေ၏။
သူ မသိစိတ်အလျောက် အသက်ကိုခပ်ပြင်းပြင်းရှူသွင်းလိုက်သည်။
ခဏအကြာတွင် သူက ကျောင်းယန်ယွိပြောလာသည့်စကားကိုကြားလိုက်ရသည်။
"စကားပြောရအောင်လေ.."
ထိုစကားကြားရသည့်အခါ ဝမ်းချန်ရှီးမှာ သီးလုနီးပါးဖြစ်သွားလေ၏။ ယခုလေးတင် ကစုန်ပေါက်နေခဲ့သောနှလုံးမှာ အနည်းငယ်စီငြိမ်သက်သွားခဲ့သည်။
ဝမ်းချန်ရှီး: "....."
ဝမ်းချန်ရှီး: "စကားပြောမှာလား.."
ကျောင်းယန်ယွိ: "ကျွန်တော့်မှာ ခင်ဗျားကို မေးစရာတွေအများကြီးရှိတယ်.."
ဝမ်းချန်ရှီးက ခဏမျှငြိမ်သွားပြီးနောက် ထပ်မေးလိုက်ပြန်သည်။
"စကားပဲပြောမှာလား.."
ကျောင်းယန်ယွိကလည်း အူကြောင်ကြောင်ဖြင့် မျက်တောင်ခတ်လိုက်သည်။
"မဟုတ်တော့ရော ခင်ဗျားလုပ်ချင်တာရှိသေးလို့လား.."
ကျောင်းယန်ယွိစိတ်ထဲကို အင်တာနက်ပေါ်မှ အချက်အလက်တပြုံတခေါင်းကြီးဝင်လာလေသည်။ ညီအစ်ကိုများက ခိုင်မာသောဆက်ဆံရေးကိုမတည်ဆောက်ခင် အတူတကွ အတန်းလစ်ပြေးကြပြီး တစ်ညလုံးကတ်ကစားပြီး ဂိမ်းကစားကြသည်။
အားရှီးကရော အဲဒီလိုလုပ်ချင်နေတာများလား..
မဖြစ်နိုင်တာ...
ဝမ်းချန်ရှီးက စိတ်ရှုပ်ထွေးနေလေပြီ။
"မရှိတော့ပါဘူး.."
သူက ဤငါးလေး၏ထူးဆန်းသောအတွေးကို ခန့်မှန်းရာတွင် ပိုတော်သည်။
သူက စက္ကန့်အနည်းငယ်မျှထိုင်နေပြီးမှ အသက်ရှူထုတ်လိုက်သည်။ ထို့နောက် ကျောင်းယန်ယွိကို စောင်အပါးလေးတစ်ထည်ဖြင့်ခြုံပေးလိုက်သည်။
"အဲကွန်းကအေးနေတယ်လေ.."
ခြုံပေးပြီးနောက် သူပြောလိုက်သည်။
"ဘာအကြောင်းပြောချင်တာလဲ.."
ကျောင်းယန်ယွိက ခဏမျှစဥ်းစားနေပြီးနောက် ဖြေလိုက်သည်။
"အခုလေးတင် ခင်ဗျားရဲ့ဆန္ဒကဘာလဲဆိုတာ မပြောပြခဲ့ဘူးလေ.."
ဝမ်းချန်ရှီးမှာ သူ့အရှေ့မှပုဂ္ဂိုလ်ကိုကြည့်နေမိသည်။
ကျောင်းယန်ယွိက အချိန်အနည်းငယ်ယူကာတွေးနေပြီးနောက် မေးလိုက်သည်။
"ခင်ဗျားက ကမ္ဘာပေါ်မှာ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ချင်တာလား.."
ကျောင်းယန်ယွိမှာ ထိုအချက်မှလွဲပြီး အခြားအချက်ကိုမတွေးမိတော့ပေ။
ဝမ်းချန်ရှီး၏လက်ရှိစည်းစိမ်အရဆိုလျှင် သူလိုချင်သည့်အရာတိုင်းကို အရယူနိုင်မည့်အခြေအနေတွင်ရှိလေသည်။
သူ၏ အရင် host စိတ်ကူးယဥ်စွမ်းအားကြီးဇာတ်လိုက်က ဤကမ္ဘာပေါ်တွင် ငွေနှင့်မဖြေရှင်းနိုင်သည့်အရာမရှိကြောင်း တစ်ခါကပြောခဲ့ဖူးသည်။ ရှိခဲ့လျှင် ငွေက မလုံလောက်၍သာဖြစ်လိမ့်မည်။
ထို့ကြောင့် သူ၏ညီအစ်ကိုဆန္ဒက ကမ္ဘာ့နံပါတ်တစ်ဖြစ်လာရန်ဖြစ်မည်ဟု သူခန့်မှန်းကြည့်လိုက်သည်။
ကျောင်းယန်ယွိက စိတ်ထဲမှ စပြီးတွက်ချက်လိုက်သည်။
"မဖြစ်နိုင်တာတော့မဟုတ်ပါဘူး၊ နည်းပညာလောကက အစကောင်းပါတယ်၊ မှန်ကန်တဲ့ ဆန်းသစ်ပြောင်းလဲမှုနဲ့ဆိုရင် နည်းပညာလောကတစ်ခုလုံးရဲ့ သူရဲကောင်းကြီးဖြစ်လာလိမ့်မယ်၊ ချမ်းသာမှုဆိုတာ ဒီလိုအခွင့်အရေးတွေကနေယူရတာ.."
ကောင်လေး၏အသံက အလွန်နူးညံ့နေသည်။ ညအချိန်ဖြစ်နေ၍လားမသိသော်လည်း ၎င်းတွင် နူးညံ့သိမ်မွေ့မှုလေးအနည်းငယ်ပါနေလေသည်။
သူ့မျက်နှာအမူအရာမှာ အာရုံစိုက်ထားပြီး ဆုံးဖြတ်ပြီးသားဖြစ်နေခဲ့သည်။ ဝမ်းချန်ရှီး၏ဆန္ဒက ဤအရာဖြစ်နေသရွေ့ သူက သေချာပေါက် ဘေးတွင်ရပ်နေပြီး ဤဆန္ဒဖြစ်မြောက်သည်အထိ ထိုသူကိုကူညီပေးရပေမည်။
ဝမ်းချန်ရှီး၏ယုံကြည်ချက်တိုးလာစေရန် ကျောင်းယန်ယွိကလည်း အချမ်းသာပုဂ္ဂိုလ်တိုင်း၏အောင်မြင်မှုသမိုင်းများကို ထိုသူအတွက်လေ့လာထားခဲ့သည်။ နောက်ဆုံးတွင် သူက ပြတ်သားစွာပြောလိုက်လေ၏။
"အောင်မြင်မှုကို ပုံတူကူးဖို့ဆိုတာမဖြစ်နိုင်ဘူး၊ ဒါပေမဲ့ ဘယ်လိုကူးရမလဲဆိုတဲ့အပေါ်တော့မူတည်တယ်၊ အားရှီး၊ ခင်ဗျားကအခု အောင်မြင်မှုလမ်းရဲ့ သုံးပုံနှစ်ပုံကိုရောက်ပြီးနေပြီ၊ ကျန်တဲ့တစ်ပုံကတော့အချိန်ပဲ၊ ခင်ဗျား အမြန်သွားချင် အခွင့်အရေးပဲလိုအပ်တယ်.."
သူ့အစ်ကို ဆန္ဒပြည့်ဝသည်အထိကူညီပေးရန် သူကအစွမ်းကုန်ကူညီပေးရပေမည်။
ဝမ်းချန်ရှီးက ကယ်ရာမဲ့မှုနှင့်ဂရုစိုက်ခံရမှုကိုခံစားနေရသည်။ အောင်မြင်သောစွန့်ဦးတီထွင်သူတစ်ယောက်အနေဖြင့် သူက ထိုချမ်းသာသောပုဂ္ဂိုလ်များအကြောင်းကို လူတိုင်းထက်ပိုပြီး သိထားခဲ့သည်။ သို့သော်လည်း ကျောင်းယန်ယွိ၏ လေးနက်သောသုံးသပ်ချက်များကိုကြားရသည့်အခါ ဝင်မနှောင့်ယှက်ဘဲ သူရှင်းပြသည်ကို တိတ်တိတ်လေးနားထောင်နေခဲ့သည်။
ကျောင်းယန်ယွိ စကားဆုံးသည့်အခါ ဝမ်းချန်ရှီးကပြောလိုက်သည်။
"ဒါက ကိုယ်ဖြစ်ချင်တာမဟုတ်ပါဘူး.."
ကျောင်းယန်ယွိ: "ဒါဆို ဘာဖြစ်ချင်တာလဲ.."
ဝမ်းချန်ရှီးက သူ့ကို ခဏမျှငြိမ်ငြိမ်လေးကြည့်နေပြီး တစ်ခုခုကိုရည်ညွှန်းကာပြောလိုက်သည်။
"စတီးချောင်းတစ်ချောင်းလောက်ပေါ့.."
ကျောင်းယန်ယွိက ကြောင်စီစီဖြစ်သွားလေသည်။ သူနားကြားမှားသည်ဟုထင်မိ၍ ပြန်မေးလိုက်မိသည်။
"ခင်ဗျားက စတီးချောင်းလိုချင်တာလား.."
ဘယ်နှယ့်အဆန်းကြီးပါလိမ့်။
ကျောင်းယန်ယွိက အကြောင်းအရင်းကိုမေးချင်သေးသော်လည်း ဝမ်းချန်ရှီးက အဲကွန်းရီမုကိုရှာရန်ထသွားပြီး အပူချိန်ကိုအနည်းငယ်မြှင့်ကာ မေးလိုက်သည်။
"မအိပ်ချင်ဘူးလား.."
ကျောင်းယန်ယွိက မျက်လုံးကျယ်နေသည်။
"မအိပ်ချင်ပါဘူး.."
ဝမ်းချန်ရှီး: "စကားပဲပြောချင်တာလား.."
ကျောင်းယန်ယွိက မျက်တောင်ခတ်လိုက်သည်။ ဂိမ်းကစားခြင်းနှင့် ကတ်ဂိမ်းကစားခြင်းကလည်း အဆင်ပြေသည်ဟုတွေးလိုက်သည်။
သို့သော် သူက ထိုပစ္စည်းများကိုမယူလာခဲ့ဘဲ ဟိုတယ်တွင်လည်းရှိမည့်ပုံမရပေ။ ဧည့်ကြိုကောင်တာကိုမေးလိုက်လျှင် ရနိုင်လေသည်။
သူ ဧည့်ကြိုကောင်တာကိုမေးရန်တွေးနေချိန်တွင် ဝမ်းချန်ရှီးက သူ့ကိုထပ်မေးလာပြန်သည်။
"မနက်ဖြန် ဟိုင်ချန်အုပ်စုနဲ့ချိန်းထားတာက ဘယ်အချိန်လဲ.."
ကျောင်းယန်ယွိ: "မနက်ဆယ်နာရီလေ.."
ဝမ်းချန်ရှီးက အချိန်ကိုကြည့်လိုက်သည်။
"အခုက မင်းအိပ်ရတော့မယ့်အချိန်ပဲ.."
ကျောင်းယန်ယွိ နှုတ်ခမ်းကိုဖိကာ သူ့ကို ခွေးပေါက်လေးများ၏မျက်လုံးနှင့်ကြည့်နေလိုက်သည်။
၎င်းက လိမ္မာသောကြောင်လေးတစ်ကောင်က သူ့သခင်ကိုအဖော်ပြုပေးရန်တောင်းဆိုနေသလိုပင်။
ဘယ်သူက ဒါမျိုးကိုသည်းခံနိုင်မှာလဲ..
ဝမ်းချန်ရှီးက သူ၏မျက်ခုံးနှစ်ခုကြားကိုပွတ်သပ်လိုက်သည်။
"မနက်ကျရင် မင်းအိပ်ရာကထနိုင်မယ်ဆိုတာသေချာလား.."
ကျောင်းယန်ယွိပြန်ဖြေလိုက်သည်။
"ဒီညတော့ ကျွန်တော်မအိပ်တော့ပါဘူး.."
ဝမ်းချန်ရှီး: "ပြီးရောလေ ကိုယ်မင်းကိုအဖော်လုပ်ပေးမယ်.."
သူတို့က သူတို့အိပ်ရာများကြားရှိ လိုက်ကာကိုဖယ်လိုက်ပြီး အိပ်ရာနှစ်ခုကိုကပ်လိုက်သည်။ ထို့နောက် ခေါင်းရင်းမှခေါင်းအုံးများကိုညှိကာ ကျောင်းယန်ယွိကို လှဲချရန်လက်ဟန်ပြလိုက်သည်။
"ဒီမှာလာလှဲ.."
ကျောင်းယန်ယွိက လိမ္မာစွာဖြင့် ကပ်သွားလေသည်။
နှစ်ယောက်လုံးက သူတို့အခြမ်းတွင် ကိုယ်စီလှဲလိုက်ကြပြီး အိပ်ရာကိုခွဲထားလိုက်ကြသော်လည်း နှစ်ယောက်ကြားမှအကွာအဝေးက အိပ်ရာတစ်လုံးထဲတွင်မျှအိပ်နေသည့်အတိုင်း နီးကပ်နေလေသည်။
ဤပုံစံဖြင့် ခေါင်းအုံးကိုမှီထားရင်း ဝမ်းချန်ရှီးက ကောင်လေး၏ဆေးပင်အနံ့ဖျော့ဖျော့လေးကို ရှူရှိုက်နေမိသည်။ စိတ်တည်ငြိမ်စေသောအနံ့က သူ၏စိတ်ကျဥ်းကျပ်နေမှုကိုဖြေလျှော့ပေးပြီး အိပ်ချင်လာစေသည်။
အလင်းရောင်မှိန်မှိန်လေးသာရှိသောအခန်းထဲမှ ကျောင်းယန်ယွိ၏ တိုးညင်းသောအသံမှာ ပြီးပြည့်စုံစွာလိုက်ဖက်ညီနေခဲ့သည်။ ဝမ်းချန်ရှီး၏ပြေလျော့သွားသောခန္ဓာကိုယ်ကို အိပ်ချင်စိတ်က စတင်လွှမ်းခြုံလာလေသည်။
သူအိပ်ပျော်တော့မည့်အချိန်တွင် သူ့ဘေးမှမေးခွန်းတစ်ခုကသူ့ကိုလန့်နိုးသွားစေသည်။
"ခင်ဗျားရောလုပ်ချင်လား.."
"ဟင်.."
ဝမ်းချန်ရှီးက အိပ်ချင်မူးတူးဖြင့်ပြန်ဖြေလိုက်သည်။ မေးခွန်းကိုသေချာမကြားရဘဲ အသံထွက်ရုံသာပြန်ဖြေလိုက်ခြင်းပင်ဖြစ်လေ၏။
ပြန်ဖြေသည့်အသံကိုကြားရပြီးနောက် ကျောင်းယန်ယွိက စိတ်လှုပ်ရှားဟန်ဖြင့် အိပ်ရာပေါ်မှဆတ်ခနဲထထိုင်လိုက်သည်။ မျက်လုံးများပင် စိတ်လှုပ်ရှားမှုကြောင့်တောက်ပနေလေ၏။
"ဒါဆိုကျွန်တော် ဧည့်ကြိုကောင်တာကို ကတ်ရှိလားလို့သွားမေးလိုက်မယ်.."
"ဟင်.."
ဝမ်းချန်ရှီးက ဗလုံးဗထွေးဖြင့်ထပ်မေးလိုက်သည်။
ထို့နောက် "ဘာလဲ.."
သူက မျက်လုံးကိုဆတ်ခနဲဖွင့်လိုက်ကာ ချက်ချင်းနိုးကြားသွားလေတော့၏။
"ဘာကတ်လဲ.."
"ပိုကာကတ်လေ၊ ခင်ဗျားပဲကစားချင်တယ်ဆို.."
ညီအစ်ကိုဖြင့် တစ်ညလုံးလုပ်ရမည့်စာရင်းမှာ မကြာမီပြည့်စုံသွားတော့မည်ဖြစ်လေ၏။ တစ်ညလုံးအတူ ကတ်ကစားခြင်း - လုပ်ဆောင်ဆဲ။
ဝမ်းချန်ရှီး: "...."
ကောင်လေးက အိပ်ရာပေါ်မှပြေးဆင်းသွားသည်။ ဖိနပ်စီးပြီး ဖုန်းကိုယူသည်။ ဝမ်းချန်ရှီးက သူ့ကို ဖြည်းညင်းစွာလှမ်းဆွဲလိုက်ပြီး အိပ်ရာပေါ်ကိုပြန်ဆွဲချလိုက်သည်။
"အိပ်တော့.."
ကျောင်းယန်ယွိက ယခုလို တစ်ခါမှမကြုံဖူးပေ။ သူ့ခြေထောက်များက လေထဲကို မတော်တဆကန်မိသွားသော်လည်း လေဟာနယ်ဖြစ်နေခဲ့သည်။
သူက ရုတ်ချည်းရပ်သွားသည်။ ခြေထောက်ကို ပြန်ကွေးကာ ဝမ်းချန်ရှီးကို မျက်လုံးဝိုင်းလေးများဖြင့်မော့ကြည့်လိုက်သည်။
"ဒါပေမဲ့ ကျွန်တော်မှအိပ်လို့မပျော်တာ.."
ယခုလိုကြည့်လျှင် သူက သနားစရာကောင်းသလိုဖြစ်နေပြီး အပြစ်ကင်းစင်ကာ နူးညံ့နေဟန်ရလေသည်။ မျက်လုံးလေးများက ရုန်းကန်နေရ၍ အနည်းငယ်ရီဝေနေသည်။ ငြင်းဆန်သည့်စကားမပြောတတ်သော အကောင်ပေါက်လေးလိုပင်။
ဝမ်းချန်ရှီးက စိတ်ပျော့သွားပြန်သည်။ သူက စကားတစ်လုံးမှမပြောတော့ဘဲ ကျောင်းယန်ယွိ၏မျက်လုံးများကို လက်ဖြင့်အုပ်ကာ တိုးလျသောအသံဖြင့်ပြောလိုက်လေ၏။
"မျက်လုံးကိုမှိတ်ပြီး အိပ်ပျော်အောင်အိပ်တော့.."
မမြင်ရတော့သောကျောင်းယန်ယွိက တိုးတိမ်စွာဆိုလေသည်။
"အိုကေ.."
ဝမ်းချန်ရှီးက ပြန်လှဲချလိုက်သည်။ သူ့လက်ကိုမူ ကောင်လေး၏မျက်လုံးပေါ်တွင် တင်ထားနေဆဲပင်။
တစ်မိနစ်ကြာပြီးနောက် "ရွစိစိန်ငါး" လေးကလုံးဝငြိမ်သွားသည်ကို ဝမ်းချန်ရှီးက သတိထားမိသွားလေသည်။ထိုသူ၏အသက်ရှူနေသံက ဖြည်းဖြည်းနှင့်မှန်မှန်ဖြစ်နေ၏။
"?"
သူ လက်ကို ဂရုတစိုက်ဖယ်လိုက်ပြီး အိပ်မပျော်ပါဟုဆိုကာ တစ်ညလုံးနေရန်စိတ်ပိုင်းဖြတ်ထားသောကောင်လေးက တစ်မိနစ်နှင့်ပင် အိပ်မောကျသွားသည်ကိုတွေ့လိုက်ရလေတော့သည်။
ဝမ်းချန်ရှီး ဖွဖွလေးပြုံးလိုက်မိသည်။ ဒီငါးလေးက တစ်ညလုံးနေနိုင်မယ်လို့ ဘယ်ကယုံကြည်ချက်တွေရလာတာလဲ။
ကျောင်းယန်ယွိက ခပ်မြန်မြန်အိပ်ပျော်သွားခဲ့ပြီးနောက် သူ အိပ်ချင်စိတ်ပျောက်သွားသည်ကို သတိပြုမိလိုက်သည်။
သူက ကောင်လေး၏ သက်သောင့်သက်သာရှိနေသောပုံစံကို တိတ်တိတ်လေးလေ့လာလိုက်သည်။ သူ၏ ရိုးသားသောမျက်နှာလေးက ဤပတ်ဝန်းကျင်ကို ပကတိစိတ်ချနေကြောင်း ဖော်ပြနေလေ၏။
ဝမ်းချန်ရှီးက ထိုသူ၏ဘေးပတ်လည်တွင် စောင်ကိုထိုးသွင်းလိုက်ပြီး ပါးပေါ်မှပါးချိုင့်လေးကို အသာပုတ်လိုက်သည်။
"စတီးချောင်းလေး.."
****
စာရေးသူတွင်ပြောစရာရှိပါသည်။
ကျောင်းယန်ယွိ(စိုးရိမ်နေပုံဖြင့်): ငါ့ညီအစ်ကိုရဲ့ဆန္ဒက ထူးဆန်းတာပဲ။ သူက တကယ်ကြီးကို စတီးချောင်းလိုချင်နေတာ။ ကောင်းပြီလေ။ ပြန်ရောက်မှ ထရပ်ကားတစ်စီးစာလောက်မှာပေးလိုက်မယ်။
ဝမ်းချန်ရှီး(ပြုံးနေ): ဆောရီးပါ။ ကိုယ်အထင်လွဲသွားတယ်။ စတီးချောင်းတောင် မင်းလောက်ဖြောင့်မှာမဟုတ်ဘူး။
❓️❓️❓️