Ch 19
Viewers 3k

❓️Chapter 19

မင်းမျက်လုံးလေးတွေက လှတယ်



ကုမ္ပဏီမှလေဆိပ်အထိအထိမှာ အလွန်ဝေးသော်လည်း လေယာဥ်လက်မှတ်မှာ ဆယ့်တစ်နာရီနောက်ပိုင်းဖြစ်သောကြောင့် အချိန်ရလေသည်။


လေဆိပ်သို့သွားနေသောလမ်းတွင် ကျောင်းယန်ယွိမှာ သူ၏ညီအစ်ကိုကသူနှင့်အတူ အလုပ်ခရီးသွားနေရသည်ကိုမယုံကြည်နိုင်သည့်အလား ဘေးတွင်ထိုင်နေသောဝမ်းချန်ရှီးကို အချိန်တိုင်းလှည့်ကြည့်နေလေသည်။


ဤတစ်ပတ်လုံးတွင် သူ ထိုအကြောင်းပြောသည်ကို သူမကြားရပေ။


ကျောင်းယန်ယွိ၏မျက်လုံးများက အလွန်တောက်ပနေသည်။ ပုံမှန်တွင် သူက မျက်နှာအမူအရာသိပ်မရှိတတ်ပေ။ အထူးသဖြင့် မရင်းနှီးသည့်လူများနှင့်စကားပြောရချိန်တွင် ပို၍ပင်မျက်နှာတည်နေတတ်ပြီး ဤသို့သောမျက်နှာမျိုးက လူများကို အလွန်တရာမှအေးစက်ကာ ဆက်ဆံရခက်သောပုံစံမျိုးဟု ထင်မြင်သွားစေသည်။


သို့သော် သူက လူများကို လေးနက်စွာကြည့်သည့်အခါ သူ့မျက်လုံးများက အလွန်စူးစိုက်နေတတ်သည်။ သူ အာရုံစိုက်နေချိန်တွင် အမူအရာကင်းမဲ့ပြီး ချဥ်းကပ်ရခက်ခဲသည့်ပုံစံနှင့်မတူတော့ပေ။ သူက အလွန်တရာမှတန်ဖိုးထားရသော 'ရတနာ' တစ်ပါးကိုကြည့်နေသည့်အလား ဤ 'ရတနာ' ၏ အချက်အလက်အသေးစိတ်ကို အလေးအနက်ထားကာ မှတ်တမ်းတင်နေပြီး သူ့မှတ်ဉာဏ်ထဲတွင် တံဆိပ်ခတ်ထားသလိုပင်။


ယခု သူဝမ်ချန်းရှီးကိုကြည့်နေသည့်မျက်လုံးများက ထိုအတိုင်းပင်ဖြစ်လေ၏။ သူက သူ့ကိုယ်သူသတိမထားမိသော်လည်း စိုက်ကြည့်ခံနေရသောလူမှာ မသက်မသာဖြစ်နေရသည်။


ဝမ်းချန်ရှီး မနေနိုင်တော့ဘဲ လှည့်ကြည့်မိပြီး ကျောင်းယန်ယွိ၏မျက်လုံးများနှင့်ဆုံတွေ့သွားလေ၏။ 


"ကိုယ့်ကို ဘာတွေကြည့်နေတာလဲ.."


ကျောင်းယန်ယွိက နှုတ်ခမ်းတို့ကိုဖိလိုက်သည်။


"သေချာအောင်လို့ပါ.."


ဝမ်းချန်ရှီးမှာ အနည်းငယ်မျှ ကယ်ရာမဲ့သွားခဲ့သည်။


"သေချာအောင်လုပ်ဖို့မလိုပါဘူး၊ ကိုယ်မင်းကိုပြောထားတယ်လေ၊ ကိုယ်တို့ လေယာဥ်အတူစီးပြီး H မြို့ကိုသွားကြမယ်လို့၊ ကိုယ်လိမ်ပြောနေတာမဟုတ်ဘူး.."


ကျောင်းယန်ယွိက မျက်လုံးလွှဲသွားခဲ့သည်။


"အိုး.."


ထိုသူက လေဆိပ်အထိလိုက်ပို့ပေးရုံတင်မဟုတ်ပေ။


ထို့ကြောင့် ယခုအချိန်တွင် သူ စိတ်ချထား၍ရပြီ။


ဝမ်းချန်ရှီးက သူပြန်ဖြေပုံမှာ အလွန်အေးစက်မှန်းတွေ့လိုက်ရသော်လည်း ပါးစပ်ထောင့်မှပါးချိုင့်ဖျော့ဖျော့လေးပေါ်ရုံမှအပြုံးကိုတွေ့လိုက်ရသည်။ သေချာမကြည့်လျှင် သတိထားမိမည်မဟုတ်ပေ။


 ငါးလေးက တကယ်ပျော်နေသည်ကို သူသိနေသည်။


ပြီးခဲ့သောတစ်ပတ်က ဝမ်းချန်ရှီးမှာ အချိန်ပိုဆင်းခဲ့ရ၍ အပန်းဖြေသည့်သဘောဖြင့် H မြို့ကို လိုက်လာရုံသာဖြစ်လေသည်။


ငါးလေးက ပထမဆုံးအကြိမ်အဖြစ် အလုပ်ခရီးထွက်ရခြင်းဖြစ်လေသည်။ အချိန်ပိုဆင်းရခြင်းကိုမနှစ်သက်သူတစ်ယောက်အနေဖြင့် ၎င်းက အလွန်အလုပ်များ၍သာဖြစ်ပြီး ယခုမူ ငါးလေးမှာ အလုပ်ခရီးထွက်နေရလေပြီ။


ယခုလိုတွေးကြည့်လိုက်သည့်အခါ သူက ထိုသူနှင့်အတူသွားလျှင် ပိုကောင်းမည်ဟုဆုံးဖြတ်လိုက်လေသည်။


ဤအခိုက်အတန့်လေးတွင် ကျောင်းယန်ယွိ၏အပြုံးကိုမြင်လိုက်ရပြီးနောက် ပြီးခဲ့သည့်တစ်ပတ်အတွင်း တစ်ရက်တွင်သုံးလေးနာရီသာအိပ်ခဲ့ရသည်မှာ တန်သည်ဟု သူ ခံစားလိုက်ရသည်။


ကျောင်းယန်ယွိဘေးတွင်ရှိနေသည်က အလွန်သက်သောင့်သက်သာရှိနေ၍ဖြစ်လိမ့်မည်။ ဤအခိုက်အတန့်လေးတွင် အချိန်ပိုဆင်းရ၍အိပ်ရေးပျက်ခဲ့ရသမျှအကျိုးဆက်များမှာ တဟုန်ထိုးရောက်လာခဲ့သည်။


ဝမ်းချန်ရှီး မျက်မှန်ကိုချွတ်ကာ မျက်ခုံးနှစ်ခုကြားကိုပွတ်သပ်လိုက်သည်။ ညောင်းညာနေသောမျက်လုံးကို အနားပေးလိုက်သည်။ ၎င်းတို့အားမှိတ်ချင်နေသည့်စိတ်ကိုထိန်းချုပ်ထားပြီး လက်ဆန့်ကာ ကျောင်းယန်ယွိကို အနားသို့ဆွဲလိုက်လေ၏။


ဝမ်းချန်ရှီး: "မနက်စာစားလာခဲ့လား.."


ကျောင်းယန်ယွိ: "ဟုတ်ကဲ့.."


ဝမ်းချန်ရှီးက နှုတ်ခမ်းတို့ကိုပင့်တင်လိုက်သည်။


"အင်း၊ ဟုတ်သားပဲ.."


ကျောင်းယန်ယွိက နားမလည်နိုင်တော့ပေ။ ဘာကိုဟုတ်သားပဲလဲ။


ဝမ်းချန်ရှီးက ကျောင်းယန်ယွိ၏ OCD ကိုတွေးမိသည်။ ရှောင်ယွိက မည်သို့များ မနက်စာမစားဘဲနေပါမည်နည်း။ သူသာမစားလျှင် ယခုအချိန်၌ အိပ်ချင်နေလောက်ပြီ။


ကျောင်းယန်ယွိက အနားတွင်ထိုင်နေပြီး ထိုသူ၏အသက်ရှူသံက နှာခေါင်းထိပ်လေးကို ဆက်တိုက်ရိုက်ခတ်နေခဲ့သည်။


ကျောင်းယန်ယွိ၏ကိုယ်ပေါ်မှအနံ့မှာ အလွန်ဖျော့တော့သော ဆေးအနံ့လေးရှိသည်။ သူ့အဖေက တချိန်လုံး ဆေးဖက်ဝင်အပင်များစိုက်ပျိုးနေ၍လားမသိသော်လည်း သူ၏ပင်ပန်းနွမ်းနယ်မှုများကို မသိစိတ်အလျောက်လျှော့ချပေးလေသည်။


ဝမ်းချန်ရှီးက နှုတ်ခမ်းတို့ကိုပင့်တင်ကာပြောလိုက်သည်။


"ဘာမှမဟုတ်ပါဘူး၊ ကိုယ်ကမင်းရဲ့ အရမ်းပုံမှန်ဆန်တဲ့သုံးနပ်စာကို သတိရသွားလို့ပါ.."


ကျောင်းယန်ယွိက လေးနက်စွာပြန်ပြောလိုက်သည်။


"လူသားတွေရဲ့ခန္ဓာကိုယ်က ထိခိုက်လွယ်တယ်၊ ကျန်းမာရေးကောင်းဖို့အတွက် ပုံမှန်ဖြစ်ပြီး ကျန်းမာတဲ့အစားအသောက်တွေစားဖို့အရေးကြီးတယ်.."


ဝမ်းချန်ရှီး: "အာ.."


ကျောင်းယန်ယွိ: "ခင်ဗျားလည်း ကောင်းကောင်းစားရမယ်.."


ဝမ်းချန်ရှီး: "ဟုတ်ပါပြီ၊ ကိုယ်မင်းရဲ့စကားကို နားထောင်ပါ့မယ်.."


ကျောင်းယန်ယွိက မမြင်ရသော ပါးချိုင့်လေးကိုထပ်ပြလာသည်။ ပျော်ရွှင်နေသည်မှာ အသိသာကြီးပင်။


နှစ်ယောက်က ကားပေါ်တွင် စကားပြောလာကြပြီး နောက်ဆုံးတွင် လေဆိပ်ရောက်လာလေသည်။


လက်ထောက်က check in လုပ်ပေးပြီး ဝမ်းချန်ရှီးက လုပ်ငန်းခရီးသွားသည့်လေယာဥ်လက်မှတ်ကိုရွေးချယ်လိုက်သည်။


ကျောင်းယန်ယွိနှင့်ဝမ်းချန်ရှီးအပြင် အလုပ်ခရီးထွက်ကြမည့် လူငါးယောက်ရှိသည်။ တစ်ယောက်က ဝမ်းချန်ရှီး၏အထွေထွေမန်နေဂျာ၊ အင်ဂျင်နီယာတစ်ယောက်၊ လက်ထောက်နှစ်ယောက်နှင့် ဒါရိုက်တာရွှီတို့ဖြစ်လေ၏။


ဒါရိုက်တာရွှီက ဤခရီးကို ကိုယ်တိုင်လိုက်ရန်မလိုအပ်ပေ။ ဝမ်းချန်ရှီးက ဤခရီးတွင် ကျောင်းယန်ယွိနှင့်ရင်းနှီးသူတစ်ယောက်မှမပါဘဲဖြစ်နေသည်ယူဆခဲ့သည်။ အပြင်ဘက်တွင် ကျောင်းယန်ယွိ ပိုပြီးသက်သောင့်သက်သာရှိသလိုခံစားရစေရန် ဝမ်းချန်ရှီးက ကျောင်းယန်ယွိနှင့်ရင်းနှီးသောဒါရိုက်တာရွှီကို သူတို့နှင့်အတူလိုက်လာရန် ပြောခဲ့ခြင်းပင်။


ကားထဲမှထွက်ပြီးသည့်နောက် လက်ထောက်က check in သွားလုပ်နေပြီး ဒါရိုက်တာရွှီနှင့် အထွေထွေမန်နေဂျာ ချန်ခန်တို့က ကျောင်းယန်ယွိကို လိုက်ရှာနေကြလေသည်။


ချန်ခန် ပတ်ချာလည်လိုက်ရှာသည့်တိုင် သူ့ကိုမတွေ့သောကြောင့် သံသယရှိစွာမေးလိုက်လေ၏။


"အခုလေးတင် ရှောင်ကျောင်းကိုခေါ်လာတာ ဘယ်ကားလဲ.."


သူတို့က ကားသုံးစီးဖြင့်လာခဲ့ကြသည်။ ဒါရိုက်တာရွှီက ချန်ခန်နှင့်တစ်စီးတည်းမစီးသောကြောင့် ထူးဆန်းစွာတုံ့ပြန်ပါ၏။


"အခုလေးတင် ရှောင်ကျောင်းကို ခင်ဗျားကားနဲ့ခေါ်လာတာမဟုတ်ဘူးလား.."


ချန်ခန်: "မဟုတ်ပါဘူး.."


ဒါရိုက်တာရွှီ: "ထူးဆန်းတယ်.."


ဒါရိုက်တာရွှီက လူရှာရန် ဖုန်းထုတ်လိုက်ချိန်တွင် ဝမ်းချန်ရှီးနှင့်အတူ အလုပ်ခရီးလိုက်လာသောလက်ထောက်က ပြောလာ၏။


"ကျောင်းယန်ယွိနဲ့သူဌေးဝမ်းတို့က နားနေဆောင်မှာစောင့်နေကြတယ်၊ ကျွန်တော်တို့က အထုပ်အပိုးတွေစစ်ပြီးရင် အဲဒီကိုလိုက်သွားရုံပဲ.."


ဒါရိုက်တာရွှီမှာ ထိတ်လန့်သွားလေသည်။


"ရှောင်ကျောင်းက ဥက္ကဌဝမ်းရဲ့ကားနဲ့လာတာလား.."


ဥက္ကဌဝမ်းက ရှောင်ကျောင်းကို အရမ်းအရေးပေးတာပဲလား။


ချန်ခန်မှာလည်း အနည်းငယ်မျှအံ့ဩသွားလေသည်။


"ကြည့်ရတာ ဥက္ကဌဝမ်းက ရှောင်ကျောင်း..မစ္စတာကျောင်းကို အတော်လေးမျှော်လင့်ထားတာပဲ.."


သူက ယခုလေးတင် ရှောင်ကျောင်းဟုခေါ်လိုက်သော်လည်း အခေါ်အဝေါ်ကိုပင် ပြောင်းလိုက်လေသည်။


ဒါရိုက်တာရွှီမှာ သူက ကျောင်းယန်ယွိ၏အရည်အချင်းကို ပထမဆုံးတွေ့သူဟုယူဆပြီး ဂုဏ်ယူဟန်ဖြင့်ပြောလေသည်။


"တွေးကြည့်ရင် အံ့ဩစရာမရှိပါဘူး၊ ဒီတစ်ခါ ကျွန်တော်တို့ပရောဂျက်သာအောင်မြင်သွားရင် ကောင်းမှာပါ.."


ချန်ခန်က ခေါင်းညိတ်သည်။


"မမှားပါဘူး၊ ဒီလူငယ်လေးက အရမ်းတော်တာ၊ ပြီးတော့ သူကိုယ်တိုင်လေ့လာခဲ့တာလို့တောင်ကြားခဲ့ရတယ်၊ ဒါပေါ့ စကားပုံကတကယ်မှန်တယ်၊ လူတော်တွေက လူတွေကြားမှာပုန်းနေတယ်ဆိုတာ.."


Check in လုပ်ရသည့်လုပ်ငန်းစဥ်က အမြန်ပြီးသွားပြီး လူတိုင်းက သူတို့၏လေယာဥ်လက်မှတ်များအား အဆင့်တိုးထားသည်ကိုတွေ့လိုက်ရသည်။ နောက်ထပ်စိတ်လှုပ်ရှားစရာတစ်ခုက တိုးလာပြန်သည်။


ဥက္ကဌဝမ်း သူတို့နှင့်အတူ အလုပ်ခရီးသွားသည်မှာ ကောင်းသည်ဟုယူဆရပေမည်။


နောက်ဆုံး သူတို့ နားနေဆောင်သို့ဝင်လာချိန်တွင် ကျောင်းယန်ယွိကိုရော ဝမ်းချန်ရှီးကိုပါမမြင်ရပေ။ သူတို့က လုပ်စရာရှိသည့်ကိစ္စများကို အပြီးသတ်ထားပြီးသောကြောင့် လေယာဥ်ချိန်အမီရောက်လာပြီး လေယာဥ်ပေါ်သို့ အရင်ရောက်နှင့်နေလေပြီ။


သူတို့လေယာဥ်ပေါ်သို့ရောက်သည့်အခါမှ ဒါရိုက်တာရွှီမှာ ကျောင်းယန်ယွိကို တွေ့ရလေပြီ။


ကျောင်းယန်ယွိနှင့်ဝမ်းချန်းရှီးက အရှေ့ခုံတွင်ထိုင်နေကြသည်။ သူတို့အနောက်မှခုံကမူ လွတ်နေလေ၏။ သူတို့နှစ်ယောက်က ထိုနေရာတွင်ထိုင်နေပြီး ကမ္ဘာကြီးနှင့် တသီးတခြားဖြစ်နေသလိုပင်။


ဒါရိုက်တာရွှီနှင့်ချန်ခန်နှစ်ယောက်လုံးက သွားရောက်နှုတ်ဆက်ချင်သော်လည်း ဝမ်းချန်ရှီး၏လက်ထောက်က တားလိုက်သည်။


လက်ထောက်က အသံတိုးတိုးဖြင့်ပြောလိုက်သည်။


"ဥက္ကဌဝမ်းနဲ့မစ္စတာကျောင်းတို့က စကားပြောနေကြတယ်၊ သူတို့ကိုဒီတိုင်းထားလိုက်ပါ၊ သွားနှောင့်ယှက်လို့မကောင်းပါဘူး.."


ဒါရိုက်တာရွှီက ထပ်တွေးကြည့်လိုက်သည်။ သူသာ ရှောင်ကျောင်းကိုစကားသွားပြောလျှင် ဥက္ကဌဝမ်းကိုပါတွေ့ရလိမ့်မည်။ သူက ခဏတွင်းချင်း စိတ်ဖိစီးသွားကာ ထိုအကြောင်းကိုမေ့လိုက်ရန်ဆုံးဖြတ်လိုက်သည်။


ချန်ခန်ကလည်း ထိုသို့တွေးနေခဲ့သည်။ လက်ထောက်ပြောသည့်စကားကိုကြားလိုက်ရပြီးနောက် နှစ်ယောက်က ချက်ချင်းခေါင်းညိတ်ကာ သူတို့ခုံကိုသူတို့သွားရှာကြတော့သည်။


ထိုင်မချခင်တွင် သူတို့က ဟိုသည်မော့ကြည့်လိုက်ပြီး ဝမ်းချန်ရှီးနှင့်ကျောင်းယန်ယွိ စကားပြောနေသည်ကိုတွေ့လိုက်ရသည်။ ဒါရိုက်တာရွှီမှာ သူသာစိတ်ထင်နေ၍လားမသိပေ။ သူတို့က အခုမှတွေ့ကြတဲ့ပုံနဲ့မတူဘဲ အရမ်းရင်းနှီးနေတယ်လို့ ဘာလို့ခံစားရတာလဲ။ သူတို့က အလုပ်အကြောင်းဆွေးနွေးနေတာနဲ့မတူဘဲ စကားပြောနေတယ်လို့ ဘာလို့ခံစားရတာလဲ။


ဒါရိုက်တာရွှီက ရယ်ရသည်ဟုတွေးရင်း သူ့ခေါင်းကိုပုတ်လိုက်သည်။ သူက ရှောင်ကျောင်း၏ကိုယ်ရေးအကျဥ်းကိုဖတ်ခဲ့သည်။ ရွာမှတက်လာသောကလေးတစ်ယောက်က ဥက္ကဌဝမ်းကို ဘယ်လိုလုပ်သိပါမည်နည်း။ သူက တကယ်ပင်အတွေးလွန်နေလေသည်။


လုပ်ငန်းကိစ္စအပြင် ဥက္ကဌဝမ်းနှင့်စကားပြောစရာ မည်သည့်အကြောင်းများထပ်ရှိသေးသနည်း။


အရှေ့မှလူနှစ်ယောက်က တစ်နေ့ကိုထမင်းသုံးနပ်စားသည့်အကြောင်းမှ ဝါသနာအကြောင်း၊ ဘဝနှင့်ပတ်သက်သောဝါသနာများအထိ စကားပြောနေကြသည်ကိုမသိပေ။


ဝမ်းချန်ရှီး: "တခြားဆန္ဒရှိသေးလား.."


ကျောင်းယန်ယွိ: "မရှိတော့ပါဘူး၊ ကျွန်တော့်ရဲ့လက်ရှိဘဝလေးကို အရမ်းကျေနပ်တယ်.."


သူ့တွင် အလုပ်ရှိသည်။ ကျန်းမာသောခန္ဓာကိုယ်ရှိသည်။ ညီအစ်ကိုကောင်းတစ်ယောက်ရှိသည်။ အငြိမ်းစားဘဝက အလွန်တရာမှ သက်သောင့်သက်သာရှိပြီး ပေါ့ပါးလေသည်။ Host က တာဝန်ပြီးလျှင် အမှတ်မည်မျှရမည်ဟုတွက်ချက်နေရန်မလိုတော့ပေ။ တကယ်ကိုလွယ်ကူပြီး ဇိမ်ကျလေသည်။


ဝမ်းချန်ရှီး: "ကျွေးမွေးရတာ တကယ်လွယ်တာပဲ.."


ကျောင်းယန်ယွိ: "ဟင်.."


ဝမ်းချန်ရှီးက ရယ်လေ၏။


သူသာဤငါးလေးကို ရေတစ်ခွက်ပေးသရွေ့ ထိုသူက ပျော်နေလောက်သည်ဟု မဟုတ်ပါလား။


၎င်းက ကျွေးမွေးရလွယ်ခြင်းမှမဟုတ်လျှင် မည်သည့်အရာဖြစ်နိုင်သေးသနည်း။


ကျောင်းယန်ယွိ: "ခင်ဗျားရော ဖြစ်ချင်တာရှိလား.."


ဝမ်းချန်ရှီး: "ကိုယ်လား.."


ကျောင်းယန်ယွိက ဝမ်းချန်ရှီးကို မျှော်လင့်ချက်များဖြင့်ငေးကြည့်နေပြီး ဦးနှောက်ထဲမှ မှတ်စုမှာအသင့်ဖြစ်နေပြီ။ ညီအစ်ကို၏ဆန္ဒကိုမှတ်ထားပြီး ထိုဆန္ဒကိုဖြည့်ဆည်းပေးရန် သူအကောင်းဆုံးကြိုးစားသွားမည်။


ဝမ်းချန်ရှီး: "အရင်ကတော့မရှိခဲ့ဘူး.."


ကျောင်းယန်ယွိက သူ့စကား၏အဓိပ္ပါယ်ကိုဆန်းစစ်နေပြီး မေးလိုက်သည်။


"အခုရော.."


ဝမ်းချန်ရှီးက သူ့ကို ဖျတ်ခနဲကြည့်လိုက်သည်။


ကောင်လေးက အာရုံစိုက်နေသောအကြည့်ဖြင့် သူ့ကိုထပ်ကြည့်နေပြန်သည်။


ကျောင်းယန်ယွိကသူ့ကို စိတ်မဝင်စားခြင်းမျိုးသာမဟုတ်လျှင်...


ဝမ်းချန်ရှီးက နှုတ်ခမ်းတို့ကိုပင့်ကာ ကျောင်းယန်ယွိ၏မျက်လုံးကိုကာရန် ရုတ်တရက်လက်ဆန့်ထုတ်လိုက်သည်။


ကျောင်းယန်ယွိက မျက်တောင်ခတ်လိုက်သည်။ သူ၏ရှည်လျားသောမျက်တောင်လေးများက ဝမ်းချန်ရှီး၏နွေးထွေးသောလက်ဖဝါးပြင်ကိုပွတ်သပ်သွားပြီး အံ့အားသင့်နေဟန်ဖြင့်မေးလိုက်လေ၏။


"ဘာလို့ ကျွန်တော့်မျက်လုံးကို လာအုပ်ထားတာလဲ.."


ဝမ်းချန်ရှီးက တိုးလျစွာပြောလိုက်၏။


"မင်းမျက်လုံးလေးတွေက..လှလို့.."


ကျောင်းယန်ယွိက နောက်တစ်ကြိမ်မျက်တောင်ခတ်လိုက်ပြီး နှေးကွေးမနေဘဲ ပြန်လည်ချီးကျူးလိုက်သည်။


"အိုး..ခင်ဗျားမျက်လုံးလေးတွေလည်းလှပါတယ်.."


ဝမ်းချန်ရှီးက မျက်လုံးထဲမှအပြုံးဖြင့်ပြောလိုက်သည်။


"တကယ်လား.."


ကျောင်းယန်ယွိ: "တကယ်၊ သိပ္ပံရဲ့အချက်အလက်တွေက အဲဒါက ကမ္ဘာပေါ်မှာ မှတ်မိဖို့အကောင်းဆုံးအရာတဲ့၊ အဲဒီမှာ မျက်လုံးငါးမျိုးရှိတယ်၊ ခင်ဗျားရဲ့မျက်လုံးတွေက အဲဒီထဲကတစ်ခုပဲ၊ ပုံစံက..."


ကောင်လေး၏မျက်လုံးများကို ဖုံးကွယ်ထားခြင်းက သူ၏ဝေဖန်ဆန်းစစ်သည့်စွမ်းရည်အပေါ်ကို မသက်ရောက်ပေ။


ဝမ်းချန်ရှီးမှာ ကျောင်းယန်ယွိစိတ်ပါလက်ပါနှင့်ဂရုတစိုက်ရှင်းပြနေသည့် စကားလုံးတစ်ထောင်နီးပါးရှိသော မျက်လုံးပုံစံရီပို့ကို သေချာနားထောင်နေပြီး နောက်ဆုံး၌ သူ၏မျက်လုံးပုံစံက အကောင်းဆုံးဖြစ်သွားလေသည်။


၎င်းက ဝမ်းချန်ရှီးကို အနည်းငယ် အကူအညီမဲ့စေသော်လည်း ပျော်ရွှင်စေလေသည်။


လေယာဥ်က နှစ်နာရီခွဲကြာပျံသန်းနေပြီးမှ ဆိုက်ရောက်လေသည်။ သူတို့က ပရောဂျက်အတွက် ဟိုင်ချန်အုပ်စုနှင့်ဆွေးနွေးရန် မနက်ဖြန်တွင်ချိန်းဆိုထားလေသည်။ နေ့လယ်တွင် ဟိုတယ်သို့ရောက်ပြီးသည့်နောက် သူတို့ကအနားယူကြပြီး မနက်ဖြန်အစည်းအဝေးအတွက် အနည်းငယ်ပြင်ဆင်ကြလေသည်။


အားလပ်ချိန်အများဆုံးရနေသူမှာ ကျောင်းယန်ယွိသာ။ သူက စနစ်ကိုသာတာဝန်ယူထားရပြီး ချန်ခန်နှင့်ကျန်သူများက ပူးပေါင်းဆောင်ရွက်မှု၏အဓိကတာဝန်ရှိသူများသာဖြစ်လေသည်။


H မြို့မှာ ခရီးသွားများဝင်ရောက်ကြသောမြို့ဖြစ်သောကြောင့် လုပ်စရာမရှိသောကျောင်းယန်ယွိမှာ ဝမ်းချန်ရှီးနှင့်အတူ လည်ပတ်နိုင်သည့်နေရာများထံသို့သွားလေသည်။


ထို့ကြောင့် ညီအစ်ကိုနှင့်အတူ ခရီးထွက်ရသည့်ပန်းတိုင်မှာ သွယ်ဝိုက်ပြီး ပြီးမြောက်သွားလေသည်။


နေ့လယ်ပိုင်းတွင် ဈေးဝယ်ထွက်ကြပြီးနောက် သူတို့က ဟိုတယ်ကိုပြန်လာကြသည်။ ဆေးကြောပြီးချိန်တွင် ဆယ့်တစ်နာရီပင်ထိုးတော့မည်။


ဝမ်းချန်ရှီးက ကျောင်းယန်ယွိ၏ OCD ရောဂါကိုသတိရလိုက်သည်။ ထိုသူက ဆယ်နာရီကျော်သည်နှင့်အိပ်ရာဝင်တတ်သည်ကိုသိထားပြီး မီးပိတ်သည်နှင့် တိတ်ဆိတ်စွာအိပ်ရန်စီစဥ်ထားသောကြောင့် ငါးလေးကိုမနှောင့်ယှက်တော့ပေ။


ပြီးခဲ့သည့်တစ်ပတ်က ဝမ်းချန်ရှီးမှာ အချိန်ပိုဆင်းရ၍ တစ်နေ့တွင်တစ်နာရီနှစ်နာရီမျှသာအိပ်ရသည်။ ယခုမူ ကျောင်းယန်ယွိက သူ့ဘေးတွင်အိပ်နေပြီး ရှင်းမပြတတ်လောက်အောင် စိတ်ပေါ့ပါးမှုကိုခံစားရလေသည်။ သူလှဲချလိုက်သည်နှင့် အိပ်ငိုက်လာတော့သည်။


သူ အိပ်ပျော်တော့မည့်ဆဲဆဲမှာပင် တစ်ခုခုကထူးဆန်းနေပြီး ရုတ်တရက်ထလိုက်သည်ကို သူခံစားလိုက်ရသည်။


အမှောင်ထဲတွင် သူ့အိပ်ရာဘေး၌မတ်တပ်ရပ်နေသည့်လူတစ်ယောက်ရှိနေပုံရသည်။


ဝမ်းချန်ရှီး: "...."


ဝမ်းချန်ရှီး: "ရှောင်ယွိ.."


ဝမ်းချန်ရှီး အိပ်ရာဘေးမှမီးကိုဖွင့်လိုက်သည်။


ကျောင်းယန်ယွိကသူ့ကို တဖျတ်ဖျတ်လက်နေသောမျက်လုံးများဖြင့်ကြည့်နေလေ၏။


"အားရှီး၊ အိပ်ပျော်နေတာလား.."


ဝမ်းချန်းရှီးက တဖက်လူ၏ပါးလျသောညအိပ်ဝတ်စုံနှင့် သွယ်လျသောလက်ကောက်ဝတ်လေးကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ လည်စလုတ်လေးက လိမ့်သွားလေသည်။


သူ ချက်ချင်းနိုးသွားခဲ့လေသည်။


***


စာရေးသူတွင်ပြောစရာရှိပါသည်။


PS--


<<သင်ချစ်ရသောညီအစ်ကိုနှင့် လုပ်ရမည့်အချက်ငါးဆယ်>>


ညီအစ်ကိုနှင့်အတူခရီးသွားခြင်း: အောင်မြင်

ညီအစ်ကိုနှင့်အတူသီချင်းဆိုခြင်း: မအောင်မြင်သေး

ညီအစ်ကိုနှင့်အတူ တစ်ညလုံးဂိမ်းကစားခြင်း: မအောင်မြင်သေး

ညီအစ်ကိုနှင့်အတူ တစ်ညလုံးဂိမ်းကစားခြင်း: မအောင်မြင်သေး

ညီအစ်ကိုနှင့်အတူ တစ်ညလုံးစကားပြောခြင်း: လုပ်ဆောင်ဆဲ


ယွိယွိ၏အရေးတကြီးမှတ်ချက်: တစ်ညလုံးနေတာကမကောင်းဘူးဆိုတော့ သုံးကြိမ်အပြင်ပိုမရေးဘူး။

-

ဝမ်းချန်ရှီး: ကျေးဇူးပဲ။ ငါလည်း နောက်တစ်ခန်းမှာသွားနေတာ ပိုကောင်းမယ်ထင်တယ်။


ဟယ်လန်XD: နောက်မကျခင်သွားတာက ဉာဏ်ရှိတဲ့ဆုံးဖြတ်ချက်ပဲ။


Spoiler~


သူတို့တစ်ညလုံး တအိပ်ရာတည်းမှာအတူအိပ်ကြမယ်။


T/N.. MC နာမည်ကလေ ကျောင်းယန်ယွီ ဖြစ်ရမယ်ထင်တယ် ငါးလေးလို့ပြောနေတော့လေ 

မှားရေးမိတာတောင်းပန်ပါတယ် ..🥹🥹



❓️❓️❓️