Ch 17
Viewers 3k

❓️Chapter 17

အခု ကျွန်တော့်ကို ခင်ဗျားရဲ့ညီအစ်ကိုကောင်းလို့ သတ်မှတ်လို့ရပြီလား



ယခုဆိုလျှင် ကျောင်းယန်ယွိက သူ့ကိုသဘောကျနေခြင်းမဟုတ်ကြောင်း ဝမ်းချန်ရှီးဘက်မှသေချာသွားလေပြီ။


ထိုသူ(ကျောင်းယန်ယွိ) က သူ(ဝမ်းချန်ရှီး) နှင့်တွေ့သည့်အချိန်တွင် သူ့(ကျောင်းယန်ယွိ)ဘက်မှအရင် သူ့(ဝမ်းချန်ရှီး) အကြောင်းကို သိလာအောင်လုပ်ခဲ့သည်။ သူ့(ဝမ်းချန်ရှီး) ကို လက်ဆောင်များလည်း ပေးခဲ့သည်။သို့သော် ၎င်းမှာ သူ(ကျောင်းယန်ယွိ) က သူ(ဝမ်းချန်းရှီး) နှင့် တကယ်ပင် သူငယ်ချင်းဖြစ်ချင်သောကြောင့်ပင်ဖြစ်နေလေ၏။


ဝမ်းချန်ရှီးက ကျောင်းယန်ယွိကို နားမလည်နိုင်သောမျက်လုံးများဖြင့်ကြည့်မိသော်လည်း သူနှင့်ထိုက်တန်သည်ဟုခံစားနေရသည်။


သူ့ဘက်မှသာ အစကတည်းက ထိုအကြောင်းကိုမတွေးခဲ့လျှင် တဖက်လူ၏စကားများနှင့်အဓိပ္ပါယ်များကို အတွေးလွန်မိမည်မဟုတ်ပေ။


ဝမ်းချန်ရှီးက သူ့ခံစားချက်များကိုထိန်းချုပ်လိုက်ပြီး ကျောင်းယန်ယွိသောက်ပြီးသောခွက်ကိုလှမ်းယူလိုက်သည်။ နောက်တစ်ခွက်ထပ်ဖြည့်ပေးလိုက်ပြီး ညင်သာစွာပြောလိုက်လေ၏။


"သူတို့ပြောတဲ့မမလေးရှောင်းကို ကိုယ်မသိဘူး၊ ကိုယ်လည်း သူ့ကိုသဘောမကျဘူး.."


ကျောင်းယန်ယွိက မျက်တောင်လေးခတ်ပြလိုက်သည်။ သူ၏ညီအစ်ကိုကောင်းက သူ့အကြောင်းသူပြောနေခြင်းဖြစ်ကြောင်းအတည်ပြုလိုက်ပြီးနောက် အလေးအနက်ဖြင့်ပြောလိုက်လေ၏။


"ဒါဆို ခင်ဗျားက ဘယ်သူ့ကိုသဘောကျတာလဲ.."


သူ၏ညီအစ်ကိုကောင်းကို ဂရုစိုက်ပေးရန်ဆုံးဖြတ်ထားပြီးသောကျောင်းယန်ယွိမှာ စားနေသည့်အလုပ်ကိုပင်ရပ်လိုက်သည်။ သူ၏တူနှင့်ဇွန်းမှာ အချိန်အတန်ကြာသည်အထိ သည်အတိုင်းရှိနေခဲ့သည်။ သူက ဝမ်းချန်ရှီးကိုသာငေးကြည့်နေပြီး ထိုသူ၏စံနှုန်းနှင့်ကိုက်ညီမည့်သူရှိလျှင် သူ့ဘက်မှ ကူညီပြီးရှာပေးရန်အသင့်ဖြစ်နေသည်။


ကျိကျစ်ယွမ်: "ရှောင်ကျောင်း၊ သူ့ကိုမေးမနေနဲ့တော့၊ လိရှီးပြောသလိုပဲ၊ သူက ပန်းမပွင့်နိုင်တဲ့သံမဏိသစ်ပင်ကြီး၊ သူက မင်းကို ဘယ်သူ့ကိုကြိုက်တယ်ဆိုပြီးပြောပြမှာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ သူ့ကိုယ်သူတောင်မသိလို့၊ ဒီကောင်က အလုပ်ဂျပိုးလေ.."


လိရှီးက ရယ်မောပြီးထောက်ခံလေသည်။


"ဟုတ်တယ်၊ ဟုတ်တယ်.."


မမျှော်လင့်ဘဲ ဝမ်းချန်ရှီးက ရုတ်တရက်ပြောလာလေသည်။


"ငါ့မှာစံနှုန်းရှိတယ်.."


ဤစကားကိုကြားလိုက်ရပြီးနောက် လိရှီးနှင့်ကျီကျစ်ယွမ်မှာ အသံတိတ်သွားပြီး သူ့ကိုမယုံကြည်နိုုင်စွာကြည့်လာကြလေသည်။


နေက အနောက်ဘက်ကနေထွက်လာတော့မှာလား။


လောင်ဝမ်းက သူ့ရဲ့နောက်တစ်ခြမ်းအတွက် စံနှုန်းရှိတယ်လို့တောင် ပြောလာပြီဟ။


ကျောင်းယန်ယွိကမူ သူတို့ မည်သည့်ကိစ္စကိုအံ့ဩနေမှန်းမသိပေ။ လက်တွဲဖော်တစ်ယောက်ရွေးဖို့အတွက် စံနှုန်းရှိတာက ပုံမှန်ပဲမဟုတ်ဘူးလား။


ယခင်က သူနှင့်အတူရှိခဲ့ဖူးသော Long Aotion host က သူတို့တွင်လည်း မရှိခဲ့ဖူးကြောင်းပြောခဲ့ဖူးသည်။ သူတို့က အလုပ်တစ်ခုစချင်ရုံဆိုသော်လည်း ဇနီးသည်များပေါ်လာသည့်အခါ၌ လက်ထပ်သွားကြသည်မဟုတ်ပါလား။


ကျောင်းယန်ယွိ ပိုအာရုံစိုက်နေမိသည်မှာ: "ဘာလဲ.."


သူက စိတ်ထဲမှမှတ်စုစာအုပ်လေးကိုဖွင့်လိုက်ပြီး အရာအားလုံးကို ရှင်းရှင်းလင်းလင်းမှတ်တမ်းတင်ထားရန် အသင့်ပြင်နေလေသည်။


ဝမ်းချန်ရှီးက ကျောင်းယန်ယွိကိုလှမ်းကြည့်ပြီး ဆက်မပြောသေးဘဲ ပြောလိုက်သည်။


"ဆက်စားလေ.."


"မစားနဲ့၊ မင်း ပြောလို့မပြီးသေးဘူး.."


ကျိကျစ်ယွမ်ကလည်း ငြင်းလိုက်သည်။ နောက်ဆုံး၌ ဝမ်းချန်းရှီးဘက်မှ ဤအကြောင်းပြောလာသည်ကို သူတို့ကြားလိုက်ရပြီး စံနှုန်းအသေးစိတ်ကိုမေးမြန်းရန် သူ့ကိုဖိအားပေးကြလေသည်။


ဝမ်းချန်ရှီးက သူ့ကိုလျစ်လျူရှုထားပြီး ကျောင်းယန်ယွိအတွက် ရေနွေးတစ်ခွက်ငှဲ့ပေးလေသည်။


ရှောင်ယွိက...ငါးလေးတစ်ကောင်ဖြစ်နိုင်သည်ဟု သူတွေးမိသည်။ ရေကို အလွန်သောက်တတ်သည်။


ကျိကျစ်ယွမ်က အဖြေမရတော့သောကြောင့် လိရှီးနှင့်ကျောင်းယန်ယွိကိုခေါ်ကာ ဝမ်းချန်ရှီးဝန်ခံလာသည်အထိ သူနှင့်အတူ ထိုသူနှိပ်စက်ရန်စည်းရုံးနေလေသည်။


လိရှီးပင် လက်ခံသည့်အကြောင်းမပြောရသေးခင် ကျောင်းယန်ယွိက ချက်ချင်းငြင်းလေတော့သည်။


ကျိကျစ်ယွမ်: "??"


ကျိကျစ်ယွမ်: "ရှောင်ကျောင်း၊ မင်းသူ့ရဲ့စံနှုန်းကိုမသိချင်ဘူးလား.."


ကျောင်းယန်ယွိက ခေါင်းညိတ်ပြလေသည်။


"သိချင်တာပေါ့.."


ကျိကျစ်ယွမ်: "ဒါဆို ဘာလို့ ငါတို့နဲ့မပူးပေါင်းတာလဲ၊ သူ့ကိုမူးတဲ့အထိတိုက်မယ်၊ ပြီးရင် သူထုတ်ပြောလာတဲ့အထိ ငါတို့အတူဝိုင်းမေးမယ်လေ.."


ကျောင်းယန်ယွိက ခေါင်းယမ်းသည်။


"ဒါပေမဲ့ သူမပြောချင်ရင် ကျွန်တော်ကတော့ အတင်းမမေးချင်ဘူး.."


ခဏမျှငြိမ်နေပြီးမှ ကျောင်းယန်ယွိက ထပ်ပြောလိုက်သည်။


"လူတစ်ယောက်ကို အရက်မူးတဲ့အထိတိုက်တာကလည်း ကျန်းမာရေးအတွက်မကောင်းဘူး.."


ဝမ်းချန်ရှီး၏နှုတ်ခမ်းထောင့်များက မြင့်တက်သွားသည်။ မျက်လုံးလေးများက အပြုံးတစ်ပွင့်ဖြင့် လင်းလက်သွားခဲ့သည်။ သူက 'သဘောကျစိတ်' မဟုတ်လျှင်ပင် ကျောင်းယန်ယွိ၏ အထူးအလေးပေးဆက်ဆံပုံကို အလွန်သဘောခွေ့နေမိသည်။


ကျိကျစ်ယွမ်မှာ ရုတ်တရက် ဘေးကျပ်နံကျပ်ဖြစ်သွားသလိုခံစားလိုက်ရသည်။


သူက ကျောင်းယန်ယွိမှာ သူနှင့်လောင်ဝမ်းအကြားမှ ညီအစ်ကိုဆက်ဆံရေးအတွင်း ကြားဝင်ရန်ဆန္ဒရှိနေခဲ့သည်ကို မမေ့သေးပေ။


သူယခုလေးတင်ပြောလိုက်သောစကားကိုနားထောင်ကြည့်ပြီးနောက် ထိုသူ၏ လောင်ဝမ်းအပေါ်ရှိ ထောင့်ပေါင်းစုံမှ စိုးရိမ်စိတ်နှင့်ကာကွယ်မှုတို့ကို မြင်တွေ့နိုင်လေသည်။


သူ့ကိုပြန်ကြည့်စမ်းပါဦး။


ကျိကျစ်ယွမ်မှာ ဝမ်းချန်ရှီးက ကျောင်းယန်ယွိအတွက် စားစရာအနည်းငယ်ယူလာပေးပုံနှင့် ထိုသူက နူးညံ့စွာတုံ့ပြန်ပုံကိုတွေ့လိုက်ရသည့်အခါ ပို၍ပင်သေချာသွားလေသည်။


"အင်း ကျေးဇူးပါ.."


ကျိကျစ်ယွမ်က မမေးနေတော့ပေ။


"လာပါ လာပါ ထပ်မမေးတော့ဘူး၊ သောက်ကြမယ်.."


သူ့ရဲ့ 'အကောင်းဆုံးညီအစ်ကို' ဆိုတဲ့ဆောင်ပုဒ်လေးကို လုသွားခွင့်မပေးနိုင်ဘူး။


ညစာစားပြီးနောက် ရှစ်နာရီပင်ထိုးလုပြီဖြစ်ကာ ကျောင်းယန်ယွိက မသောက်ခဲ့သောကြောင့် အရင်ဆုံး စားသောက်၍ပြီးသွားခဲ့သည်။


စားသောက်ပြီးသည့်နောက် စားပွဲမှထမသွားသေးဘဲ ဘေးတွင်ထိုင်ကာ သူတို့ပြောနေသည့်စကားကိုနားထောင်နေခဲ့သည်။


သို့သော် သူ၏ 'တဂျောက်ဂျောက်မြည်နေသောဇီဝနာရီ' မှာ အလွန်တိကျပြီး သတ်မှတ်ထားသည့်အချိန်ရောက်သည့်အခါ သူ့အတွေးများက စတင်ပြီးနှစ်ခွဖြစ်လာတော့သည်။


သူအချိန်ပိုဆင်းရလည်း ကိစ္စမရှိပေ။ သူအာရုံစိုက်စရာ အလုပ်တစ်ခုရှိနေသည်။ ယခုမူ သူအချိန်ပိုဆင်းစရာမရှိပေ။ အစပိုင်း၌ ကျောင်းယန်ယွိမှာ သူတို့စကားကို အာရုံစိုက်ပြီးနားထောင်နိုင်သေးသည်။ ခဏမျှကြာအောင်နားထောင်ပြီးသည့်နောက် မှတ်စုရေးရန်အတွက် ဖုန်းကိုထုတ်ကာ သူ၏ပုံမှန်လေ့လာသည့်အစီအစဥ်ကိုစတင်လေသည်။


မှတ်စုရေးပြီးသည့်နောက် ဝမ်းချန်ရှီးနှင့် အခြားသူများလည်း စားသောက်၍ပြီးသွားလေပြီ။


လိရှီးနှင့်ကျိကျစ်ယွမ်မှာ အနည်းငယ်မူးနေသော်လည်း မကျေနပ်သေးသောကြောင့် အခြားသူများကိုဆွဲခေါ်ကာ သီချင်းဆိုချင်သေးသည်။


ဝမ်းချန်ရှီး: "သွားကြလေ၊ ငါရှောင်ယွိကို အိမ်ပြန်ပို့လိုက်ဦးမယ်.."


ကျိကျစ်ယွမ်: "ဘာလို့ ရှောင်ယွိကို အတူမခေါ်တာလဲ၊ အိမ်ကိုအစောကြီးပြန်ပြီးဘာလုပ်မှာလဲ၊ ရှစ်နာရီပဲရှိသေးတာ၊ ပြီးတော့ ညရဲ့ပျော်စရာအချိန်လေးက အခုမှစမှာကွ.."


ဝမ်းချန်ရှီးက လျစ်လျူရှုလိုက်ပြီး ကျိကျစ်ယွမ်ကို လိရှီးထံသို့ပစ်ထည့်ပေးလိုက်သည်။


"မင်းကိုပဲအပ်လိုက်တော့မယ်.."


လိရှီးကပြုံးလိုက်သည်။


"ရှောင်ကျောင်းက တကယ်မလိုက်ဘူးလား.."


ဝမ်းချန်ရှီး: "သူက စောစောအိပ်တယ်.."


လိရှီး: "သူက လူငယ်လေးနဲ့မတူဘူး၊ ထားပါတော့၊ သူ့ကို ငါတို့လက်ဆောင်ပေးလိုက်ဖို့လည်းမမေ့နေနဲ့ဦး.."


သူက ကျိကျစ်ယွမ်သွားရန်ကူညီပေးလိုက်ပြီး မသွားခင်တွင် လောင်ဝမ်းက ရှောင်ကျောင်းအပေါ် အလွန်အမင်းကြင်နာပေးနေသည်ဟု ရုတ်တရက်ခံစားလိုက်ရလေသည်။


ရေချိုးခန်းထဲမှထွက်လာသောကျောင်းယန်ယွိက သူတို့နှစ်ယောက်ကိုမတွေ့တော့၍ အနည်းငယ်ထူးဆန်းသွားလေသည်။


"သူတို့ကပြန်သွားကြပြီလား.."


ဝမ်းချန်ရှီး: "သီချင်းသွားဆိုကြတာ.."


ကျောင်းယန်ယွိ: "ခင်ဗျားက ဘာလို့လိုက်မသွားတာလဲ.."


ဝမ်းချန်ရှီး: "ကိုယ်ကမင်းကို အိမ်ပြန်ပို့ပေးရမယ်လေ.."


ကျောင်းယန်ယွိက စိတ်လေးသွားခဲ့သည်။ သီချင်းဆိုမှာလား ဒါမှမဟုတ် သူ့ရဲ့ညီအစ်ကိုကောင်းကသူ့ကို အိမ်ပြန်ပို့ပေးမှာလား။


ကျောင်းယန်ယွိက နောက်တစ်ခုကိုသာ အတိအကျရွေးချယ်လိုက်သည်။


ကားအပြင်ဘက်မှ နီယွန်မီးအလင်းရောင်မှာ တဖျတ်ဖျတ်တောက်ပနေသည်။ ညရောက်ကာစရှိသေးပြီး မြို့၏မီးရောင်များက တောက်ပလွန်းနေကာ ကောင်းကင်ပေါ်မှ နေဗျူလာကို မှေးမှိန်သွားစေသည်။


ဝမ်းချန်ရှီးအလုပ်ခန့်ထားသောဒရိုင်ဘာက အလွန်ပုံမှန်ဖြစ်စွာမောင်းနှင်နေပြီး ညအချိန်တွင် အလျင်စလိုမမောင်းနှင်ဘဲ ကားလမ်းကြောအတိုင်းသွားနေလေသည်။


ဝမ်းချန်ရှီးက မူးနေပြီး ကားပေါ်ရောက်ကတည်းကစကားမပြောဘဲ ခုံအနောက်ကိုမှီကာ မျက်လုံးကိုအသာမှိတ်ထားလေသည်။


ကျောင်းယန်ယွိက သူအိပ်ပျော်နေသည်ဟုထင်ပြီး စကားမစပေ။


ကျောင်းယန်ယွိ၏ဖုန်းမှ 'တင်းတောင်' ဆိုသောအသံမထွက်လာခင်အထိ ကားလေးက အလွန်တိတ်ဆိတ်နေခဲ့သည်။ ၎င်းက သူ့ကို WeChat မှအသိပေးသည့်မက်ဆေ့ချ်ဖြစ်လေသည်။


ကျောင်းယန်ယွိက ဝမ်းချန်ရှီးကိုအရင်ကြည့်လိုက်ပြီး သူမလှုပ်သည်ကိုတွေ့လိုက်ရသည်။ ဖုန်းကိုထုတ်လိုက်ပြီးနောက် ပထမဆုံးလုပ်သည့်အရာမှာ ဖုန်းအသံကိုအရင်ပိတ်လိုက်ခြင်းဖြစ်ပြီး WeChat မက်ဆေ့ချ်ကိုနှိပ်လိုက်လေသည်။


[ချင်ယိယွမ်: ရှောင်ယွိ၊ ဘာလုပ်နေတာလဲ]


စီနီယာချင်ကသူ့ကို မက်ဆေ့ချ်ပို့လာမည်ဟု မမျှော်လင့်ထားပေ။ ကျောင်းယန်ယွိက အနည်းငယ်တွေဝေသွားခဲ့သည်။ ချင်ယိယွမ်ကသူနှင့်လုပ်စရာရှိနေသည်ဟုထင်၍ စာပြန်လိုက်သည်။


[အိမ်ပြန်တဲ့လမ်းမှာပါ၊ တစ်ခုခုဖြစ်နေလို့လား]


[ချင်ယိယွမ်: ဒီနေ့ အပြင်ထွက်တာလား]


[ချင်ယိယွမ်: ဘာမှမဟုတ်ပါဘူး၊ ငါမင်းနဲ့ ဒီတိုင်းစကားပြောချင်လို့]


[ချင်ယိယွမ်: ငါအခုလေးတင်အလုပ်ဆင်းတာ၊ အရမ်းပင်ပန်းတာပဲ၊ ငါအခုဘယ်မြို့ကိုရောက်နေလဲ မှန်းကြည့်]


ချင်ယိယွမ်က မည်သည့်ကိစ္စမျှမရှိကြောင်းပြောလာသည့်စကားကိုတွေ့လိုက်ရပြီး ကျောင်းယန်ယွိက လက်ကိုရပ်ကာမျက်မှောင်ကြုတ်လိုက်သည်။ သူ့ကိုဘာလို့ရှာနေတာလဲ။


"သူငယ်ချင်းတစ်ယောက်က မင်းကိုရှာနေလို့လား.."


ဘေးမှဝမ်းချန်ရှီးက ရုတ်ချည်းပြောလာလေသည်။ သူ့ထံမှခပ်ဖျော့ဖျော့ဝိုင်နံ့က စူးရှသည့်အနံ့နှင့်အတူ ပျံ့လာလေသည်။


ကျောင်းယန်ယွိက အမှန်အတိုင်းဖြေလိုက်သည်။


"စီနီယာချင်က ကျွန်တော့်ကိုရှာနေတာပါ.."


"အင်ဂျင်နီယာဌာနက တစ်ယောက်လား.."


"သူလေ.."


"သူကမင်းကို ဘာကိစ္စနဲ့ရှာတာလဲ.."


ညီအစ်ကိုကောင်းများက တစ်ယောက်နှင့်တစ်ယောက်ဖုံးကွယ်ထားစရာမရှိပေ။


သူပြောပြီးသွားသည့်အခါ သူ၏ညီအစ်ကိုကောင်းက မနှစ်မျို့သလို အောက်နှုတ်ခမ်းကိုဖိထားလိုက်သည်။ ကျောင်းယန်ယွိက ခဏမျှတွေးနေပြီးနောက် ပြောလိုက်လေ၏။


"သူ့ကိုဘယ်လိုပြောရမလဲမသိဘူး.."


ဝမ်းချန်ရှီးက 'အင်း' ဟုဖြေလိုက်သည်။


"မင်းအလုပ်များနေတယ်လို့ပြောလိုက်.."


ကျောင်းယန်ယွိ: "အိုကေ.."


ကျောင်းယန်ယွိက မက်ဆေ့ချ်ပို့လိုက်သည်။ 'ကျွန်တော်အလုပ်များနေတယ်ဗျ'


ချင်ယိယွမ်က စာပြန်လာလေသည်။ 'ဒါဆိုလည်း ပြီးအောင်လုပ်လိုက်ပါ' ထို့နောက် စာထပ်မပို့လာတော့ပေ။


ကျောင်းယန်ယွိအိမ်က မဝေးဘဲ ယခုက ကားလမ်းအကျပ်ဆုံးအချိန်မဟုတ်သေး၍ မကြာခင်မှာပင် သူနေထိုင်သည့်အိမ်ရာသို့ရောက်လာခဲ့သည်။


ကျောင်းယန်ယွိက ကားပေါ်မှဆင်းကာ ဝမ်းချန်ရှီးကိုနှုတ်ဆက်လိုက်သည်။


ဝမ်းချန်ရှီးက သူ့ကို ခဏမျှတိတ်ဆိတ်စွာကြည့်နေပြီးနောက် ပြောလိုက်၏။


"မနက်ဖြန်မှတွေ့မယ်.."


***


နောက်တနေ့က သောကြာနေ့ဖြစ်သောကြောင့် မကြာခင်တွင်အလုပ်နားရက်ရောက်လာတော့မည်ဖြစ်ပြီး အလုပ်မှလူတိုင်းက ပိတ်ရက်တွင် သွားမည့်နေရာကိုစီစဥ်နေကြသည်။


ကျောင်းယန်ယွိက အချက်အလက်များကိုစုဆောင်းရန် အင်ဂျင်နီယာဌာနကိုသွားသော်လည်း ဒါရိုက်တာရွှီက မနေ့က သူအလုပ်ဆင်းသွားပြီးနောက် ကျောင်းယန်ယွိ အချက်အလက်များကိုဆက်လက်စုဆောင်းရာတွင် ကူညီပေးခဲ့သော အခြားနည်းပညာဝန်ထမ်းနှစ်ယောက်ကိုမေးမြန်းခဲ့သည်။ သူတို့က ဆယ်နာရီထိုးသည်အထိ အချိန်ပိုဆင်းခဲ့ကြောင်းပြောခဲ့ပြီး အချက်အလက်များအားလုံးကိုလည်း စုဆောင်းထားပြီးဖြစ်ကြောင်းပြောခဲ့သည်။


"ဒီမနက်အစောကြီးမှာ အချက်အလက်တွေအားလုံးကို ငါလွှဲပေးလိုက်ပြီ၊ အခု ပရောဂျက်အဖွဲ့က စစ်ဆေးတာကိုစောင့်နေတယ်၊ စစ်ဆေးတာပြီးသွားရင် ငါတို့အလုပ်စလို့ရပြီ၊ ဒီနေ့တော့ မင်း ကောင်းကောင်းအနားယူသင့်တယ်၊ အထက်ကလူကြီးတွေက နောက်မှမင်းကိုရှင်းပြခိုင်းလိမ့်မယ်.."


ကျောင်းယန်ယွိမှာ နည်းပညာဌာန၏ဝန်ထမ်းနှစ်ယောက်က မနေ့က ဆယ်နာရီထိုးသည်အထိ အချိန်ပိုဆင်းခဲ့ရသည်ဟုကြားသည့်အခါ ဒါရိုက်တာရွှီနှင့်ဝေးဝေးနေရန် စိတ်ထဲမှကျိတ်ပြီးဆုံးဖြတ်လိုက်လေသည်။


ကျောင်းယန်ယွိ၏ ဆိပ်ကမ်းမှဉာဏ်ရည်မြင့်ကွန်တိန်နာ၏ အလိုအလျောက်ထိန်းချုပ်စီမံရေး အမျိုးအစားအသစ်ကို ဒါရိုက်တာရွှီကတင်ပြခဲ့သည်။ ၎င်းက ပရောဂျက်အဖွဲ့မှ အာရုံစိုက်မှုကိုချက်ချင်းရခဲ့လေသည်။ ပရောဂျက်အဖွဲ့က အစည်းအဝေးထိုင်ပြီး ဆုံးဖြတ်ချက်ချရန်အတွက် ဝမ်းချန်ရှီးရောက်လာရန်လည်းလိုအပ်လေသည်။


ဆုံးဖြတ်မည့်အစည်းအဝေးပြင်ဆင်နေချိန် ဌာနပေါင်းစုံမှအကြီးအကဲများက အရင်ဆုံးလာရပြီး အစည်းအဝေးကျင်းပရသည်။ သူတို့၏ဝန်ဆောင်မှုစင်တာမှမန်နေဂျာလည်းပါ၏။


စီစဥ်မှုပြီးသွားသည့်နောက် ဘာမှလုပ်စရာမရှိတော့သော ဝန်ဆောင်မှုစင်တာမှာ အားလပ်စပြုလေသည်။


ကျောင်းယန်ယွိကလည်း ဝမ်းချန်ရှီးနှင့် စကားပြောနေလိုက်သည်။


[ဝမ်းချန်ရှီး: ဒီနေ့ အင်ဂျင်နီယာဌာနကို သွားဖို့မလိုဘူးလား]


[ကျောင်းယန်ယွိ: အင်း၊ ကျွန်တော် အသိပေးစာကိုစောင့်နေတာ]


ဝမ်းချန်ရှီးက တိုက်ရိုက်ပင်ဖုန်းခေါ်လိုက်သည်။


"အင်ဂျင်နီယာဌာနမှာပင်ပန်းလား.."


ကျောင်းယန်ယွိက ခဏမျှတွေးနေသေးသည်။


"အဆင်ပြေပါတယ်.."


ကျောင်းယန်ယွိက အချိန်ပိုဆင်းရသည်ကိုမကြိုက်ကြောင်းသိနေ၍ သူသာ ထိုသူကို အင်ဂျင်နီယာဌာနတွင် အလုပ်လုပ်ခွင့်ပေးလိုက်ပါက၊ အလုပ်ပြီးသွား၍ အချိန်ပိုဆင်းရန်မလိုအပ်ကြောင်းပြောလိုက်ပါက ရှောင်ယွိကနေမည်လား။


သူ့တွင် ယခုလိုအရည်အချင်းမျိုးရှိနေပြီး ဝန်ဆောင်မှုဌာနတွင်နေလျှင် နှမြောစရာကောင်းသည်ဟု အင်ဂျင်နီယာဌာနမှမန်နေဂျာကပြောခဲ့သည်။


ဝမ်းချန်ရှီးမှာ ယခုလေးတင်ပရောဂျက်အသင်းမှပို့ပေးလာသော ဖိုင်တွဲများကိုတွေးမိပြီး ပြောလိုက်လေ၏။


"မင်းလုပ်ထားတဲ့စနစ်ကို ကိုယ်တွေ့ပါတယ်.."


ကျောင်းယန်ယွိက အံ့ဩသွားခဲ့သည်။


"ဒီလောက်တောင်မြန်တာလား၊ အစည်းအဝေးကိုစောင့်စရာမလိုတော့ဘူးလား.."


ဝမ်းချန်းရှီးက အပြုံးတစ်ပွင့်ဖြင့်ပြောလိုက်သည်။


"အစည်းအဝေးက လုပ်မလုပ်ကိုပဲဆုံးဖြတ်တာပါ၊ အစည်းအဝေးမစခင် ကိုယ့်ဆီကိုအရင်ရောက်တယ်လေ၊ အဲဒီအချိန်ကျမှ မင်းက စနစ်ကိုအကောင်အထည်ဖော်ဖို့ ခွင့်ပြုချက်တောင်းလို့ရမှာ၊ ကြောက်နေလား.."


"ကျွန်တော်ကဘာလို့ကြောက်ရမှာလဲ၊ ဒါက ပိုက်ဆံအများကြီးရမှာလေ၊ ကျွန်တော့်အတွက်လည်းမခက်ခဲပါဘူး.."


သူတို့ကသူ့ကို အမြန်ပင်လုပ်စေချင်နေကြသည်။


ထို့ကြောင့် ကျောင်းယန်ယွိတွင် အခြားအတွေးမရှိပေ။


ဝမ်းချန်ရှီးက သူ့ကို တိုးလျသောအသံဖြင့်ပြောလိုက်သည်။


"မင်းက ကုမ္ပဏီအတွက် ပိုက်ဆံတွေအများကြီးကိုရှာပေးနိုင်ပါတယ်.."


ဝမ်းချန်ရှီးက ခဏမျှရပ်လိုက်ပြီးမှဆက်ပြောလိုက်သည်။


"ရှောင်ယွိက အရမ်းတော်တယ်.."


ကျောင်းယန်ယွိကဝမ်းသာသွားပြီး ရိုးသားစွာပြောလိုက်လေ၏။


"ကျွန်တော့်အတွက်အရေးအကြီးဆုံးက ခင်ဗျားအတွက်လုပ်ပေးတာပါ.."


ဝမ်းချန်ရှီး: "ကိုယ့်အတွက်လုပ်ပေးတာလား.."


ကျောင်းယန်ယွိ: "ဟုတ်တယ်၊ ကျွန်တော်က ခင်ဗျားကို ပိုက်ဆံတွေအများကြီးကူရှာပေးချင်တာ.."


အပေါ်ဆုံးထပ်မှ CEO ရုံးခန်းထဲရှိဝမ်းချန်ရှီးက ထိုစကားကိုကြားသည့်အခါ ပါးစပ်ထောင့်များက ခပ်ဖျော့ဖျော့အပြုံးအဖြစ်မြင့်တက်သွားလေသည်။


ညီအစ်ကိုကောင်း၏ကောင်းမွန်သောစိတ်အခြေအနေကို သတိပြုမိဟန်ရပြီး ကျောင်းယန်ယွိ၏နှလုံးသားကလှုပ်ရှားသွားလေသည်။ စည်းရုံးလိုက်နိုင်သည့်အောင်မြင်မှုကို အခွင့်အရေးအဖြစ်အသုံးချကာ တိုးလျသောအသံဖြင့်မေးလိုက်၏။


"ဒါဆို အခု ကျွန်တော်က ခင်ဗျားရဲ့ညီအစ်ကိုကောင်းဖြစ်ပြီလား.."


ဝမ်းချန်းရှီး၏အပြုံးက ရပ်သွားလေသည်။


ထို့နောက် အောက်သို့တဖြည်းဖြည်းကုပ်ကျသွားပြီးနောက် ဆန့်တန်းကာပိပြားသွားလေတော့သည်။



***


စာရေးသူတွင်ပြောစရာရှိပါသည်။


PS--


ကျောင်းယန်ယွိ: ?? ဘာဖြစ်သွားတာလဲ။


Spoiler~


ရှောင်ရှီးနဲ့ရှောင်ယွိက ဟိုတယ်ခန်းကိုအတူမျှသုံးကြတော့မယ်။



❓️❓️❓️