❓️❓️Chapter 16
ဒါဆို ကျွန်တော်တို့ကသူ့ကို ကူညီပြီးစောင့်ရှောက်ပေးရမှာပေါ့
ကျိကျစ်ယွမ်မှာ ကျောင်းယန်ယွိတွင် ယခုလိုဆန္ဒမျိုးရှိနေမည်ဟု တကယ်ကိုမမျှော်လင့်ထားခဲ့ပေ။
သူ ထိုစကားကိုကြားလိုက်ရအချိန်တွင် ပထမဆုံးဖြစ်သွားသည့်တုံ့ပြန်မှုက ကြက်သေသေသွားခြင်းပင်ဆိုသော်လည်း သူက ကျောင်းယန်ယွိကို စာနာသနားဟန်ဖြင့်ကြည့်လိုက်သည်။
"ဒါဆိုရင်တော့ လက်လျှော့လိုက်တော့.."
ကျောင်းယန်ယွိ: "လက်လျှော့ရတော့မှာလား.."
ကျိကျစ်ယွမ်: "ဘာလို့လဲဆိုတော့ မင်းအနေနဲ့ ဒီဘဝမှာဖြစ်နိုင်တော့မှာမဟုတ်လို့.."
ကျောင်းယန်ယွိ: "ဘာလို့လဲ.."
ကျိကျစ်ယွမ်: "ငါမင်းကိုပြောဖို့လိုသေးလို့လား၊ ငါနဲ့လောင်ဝမ်း တွေ့ခဲ့ကြတဲ့အချိန်ကိုမင်းသိလား၊ ငါတို့က သေးခံဝတ်ထားတဲ့အရွယ်ကတည်းကသိခဲ့တာကွ၊ သူ့ဘေးကအိမ်ကငါ့အိမ်ပဲ၊ အခု ငါတို့ရဲ့ဆက်ဆံရေးကို မင်းသိသွားပြီမဟုတ်လား.."
ကျိကျစ်ယွမ်က ကျောင်းယန်ယွိ၏လေပေါ်အိမ်လေးကိုဖျက်ဆီးချင်နေသည့်အတိုင်း စိတ်ပါလက်ပါဖြင့် ပြောပြီးရင်းပြောလေသည်။
"ငါတို့က မူကြိုအတူတက်ခဲ့ရုံမကဘူး၊ ငါတို့က မူလတန်းကျောင်းလည်းတက်ခဲ့တယ်၊ ဂျူနီယာအထက်တန်းကျောင်းလည်းတက်ခဲ့ကြတယ်၊ နိုင်ငံခြားမှာတက္ကသိုလ်တက်တုန်းကလည်း အဆောင်အတူတူနေခဲ့ကြတာ၊ လောင်ဝမ်းက အဲဒီအချိန်ကတည်းက ဟင်းချက်တာကိုသင်လာတာလေ၊ သူကငါ့အတွက် နေ့တိုင်းချက်ပေးခဲ့တာ.."
ကျောင်းယန်ယွိခမျာ မနာလိုစိတ်များအပြည့်။
ကျိကျစ်ယွမ်ကသူ့ပုခုံးကိုပုတ်ကာ နှစ်သိမ့်ပေးဟန်ဖြင့်ပြောလိုက်သည်။
"အရမ်းလည်းအားမကျပါနဲ့၊ ပြီးတော့ ဒါမျိုးက မွေးရာပါကံပဲလေကွာ၊ ငါတို့က ကမ္ဘာပေါ်က အကောင်းဆုံးညီအစ်ကိုတွေ၊ လိရှီးတောင် သူ့ကိုယှဥ်လို့မရဘူး၊ သူက ငါတို့ မူကြိုရောက်မှတွေ့တဲ့သူငယ်ချင်းလေ.."
ကျောင်းယန်ယွိက တွက်ချက်နေသည်။ မူလတန်းကတည်းကသိလာကြသူများကိုပင် အချစ်ဆုံးညီအစ်ကိုများဟုယူဆ၍မရပေ။ ထို့ကြောင့် ဝမ်းချန်ရှီးကိုသိလာသည်မှာ နှစ်လပင်မရှိသေးသောလူတစ်ယောက်ဆိုလျှင်...
ကျောင်းယန်ယွိ မျက်လွှာချထားလိုက်သည်။ ဆုံးရှုံးသွားမှုများက သူ့မျက်နှာပေါ်တွင် အထင်အရှားရေးထားခဲ့သည်။ မူလက ကြယ်များပမာတောက်ပနေခဲ့သောမျက်လုံးများမှာ ထိုအခိုက်အတန့်တွင် မီးခိုရောင်မြူလွှာတစ်ခုက ဖုံးကွယ်ထားသယောင်ထင်ရလေသည်။ ရှည်လျားသောမျက်တောင်မွှေးလေးများက ၎င်းတို့အပေါ်ဖုံးအုပ်ထားပြီး အလင်းရောင်အားလုံးက မှိန်ဖျော့နေလေသည်။
ယင်းကိုတွေ့ပြီး ကျိကျစ်ယွမ်မှာ မနေနိုင်တော့သောကြောင့် သူ့ကိုနှစ်သိမ့်ပေးကာပြောပြလိုက်လေ၏။
"ဟိုက်ယား အရမ်းလည်းစိတ်ဓာတ်မကျသွားပါနဲ့၊ လောင်ဝမ်းနဲ့ငါ့ကို ကလေးကတည်းက သူငယ်ချင်းဖြစ်ချင်ခဲ့ကြသူတွေကအများကြီးပါ၊ မင်းက ပထမဆုံးမဟုတ်ပါဘူး.."
ကျောင်းယန်ယွိက စိတ်သက်သာသွားသလိုမခံစားရပေ။
"ဒါပေမဲ့ နောက်ဆုံးတော့လည်း ခင်ဗျားနဲ့ မစ္စတာလိရှီးပဲ အားရှီးရဲ့ဘေးမှာနေရတာပဲမဟုတ်လား.."
ကျိကျစ်ယွမ်က ၎င်းကို ချီးမွမ်းစကားဟုပင်ယူဆလိုက်သည်။
"အဲဒါတော့ဟုတ်တယ်၊ လောင်ဝမ်းက အရမ်းစိတ်ထားနူးညံ့တာပေမဲ့ လူတိုင်းနဲ့အဆင်မပြေဘူးလေ.."
ပိုအရေးကြီးသည်မှာ ထိုအချိန်တွင် သူတို့နှင့်သူငယ်ချင်းဖြစ်ချင်သူအများစုက သူတို့၏ပုံရိပ်နှင့် သူတို့အနောက်ရှိမိသားစုမှရသည့်အကျိုးအမြတ်များကြောင့်ပင်ဖြစ်လေ၏။
ကျိကျစ်ယွမ်၏စရိုက်က ပေါ့ပါးသော်လည်း မတုံးအပေ။ မည်သူကဖြူစင်ပြီး မည်သူက ရည်ရွယ်ချက်ရှိကြောင်း တစ်ချက်ကြည့်ရုံဖြင့်သိနိုင်လေသည်။
၎င်းထက်ပိုသည်မှာ သူ့မိသားစုက ယခင်ကတည်းက အနုပညာလောကတွင်ရပ်တည်ခဲ့ပြီး ကလေးအရွယ်ကတည်းက နေရာအစုံကိုလျှောက်သွားနေခဲ့သောကြောင့် ထိုသို့သောလူများနှင့်ဆုံခဲ့ရဖူး၏။
နောက်ဆုံး၌ သူငယ်ချင်းကောင်းဟူ၍ အနည်းငယ်သာကျန်ရစ်ခဲ့လေသည်။
ကျိကျစ်ယွမ်က အခြားစကားပြောချင်သေးသော်လည်း မီးဖိုချောင်တံခါးနားတွင်ရပ်နေသောဝမ်းချန်ရှီးကို မျက်လုံးထောင့်မှလှမ်းမြင်လိုက်ရပြီး ချက်ချင်းစနောက်လိုက်၏။
"ရို့ လောင်ဝမ်းတောင်ရောက်လာပြီ၊ လာလေ လောင်ဝမ်း ငါမင်းကိုပြောပြမယ်၊ ရှောင်ကျောင်းက အခုလေးတင်ပြောနေတယ်၊ သူက မင်းနဲ့အဆက်အသွယ်ရှိချင်တာတဲ့၊ မင်းတို့နှစ်ယောက်ကြားက ပတ်သက်မှုကဘာလဲ၊ သူ့ကိုပြောပြလိုက်...အင်း..နောက်ထပ် ဆယ်နှစ်လောက်ကြိုးစားရင်တော့ သူအောင်မြင်မှာပါ.."
ကျောင်းယန်ယွိက အသီးအရွက်လှီးနေကတည်းက ကျောပေးထားခဲ့ပြီး ဝမ်းချန်ရှီးရောက်လာသည်ကိုမမြင်ပေ။ ကျိကျစ်ယွမ်စကားကိုကြားရမှ သူလှည့်ကြည့်လိုက်သည်။
ဝမ်းချန်ရှီးက ရိုးရှင်းပြီးသာမန်ဆန်သည့် အိမ်နေရင်းဝတ်စုံကိုဝတ်ထားခဲ့သည်။ ကျောင်းယန်ယွိမှာ ဝမ်းချန်ရှီး၏ယခုလိုပုံစံကို ပထမဆုံးမြင်ဖူးခြင်းပင်။ ထိုသူမှာ ပုံမှန်ဝတ်နေကျဝတ်စုံပြည့်နှင့်ဖိနပ်ဝတ်ထားစဥ်ကနှင့် လုံးဝကွဲပြားနေခဲ့သည်။ ဝတ်စုံပြည့်နှင့် ဘောင်မပါသောမျက်မှန်ကိုဝတ်ထားလျှင် ဝမ်းချန်ရှီးက ရင်းနှီးရန်မလွယ်ကူသည့်အော်ရာရှိနေပြီး နူးညံ့သည့်တည်ကြည်မှုပင်ရှိနေသေးသည်။
ယခုမူ ထိုသူက ပိုမိုငယ်ရွယ်နေဟန်ရသော်လည်း မီးခိုးရောင်အဝတ်အစားက သူ့အော်ရာကို ပိုမိုသိမ်မွေ့သွားစေသည်။ အဝတ်အစားလဲလိုက်၍လည်းဖြစ်နိုင်သည်။ မူလသပ်ရပ်နေခဲ့သော အနက်ရောင်ဆံပင်များမှာ အနည်းငယ်ပွယောင်းနေသည်။ နက်မှောင်သောမျက်ခုံးများနှင့်မျက်လုံးများလည်း အနည်းငယ်စိတ်ရှုပ်ထွေးနေဟန်ပင်။ အနည်းငယ်မျှပိုပြီး စွဲမက်ဖွယ်ရာဖြစ်နေသည်။
သူက သူ့အစ်ကိုကြီး၏ယခုလိုပုံစံကို တစ်ကြိမ်ပင်မမြင်ခဲ့ဖူးသောကြောင့် ကျောင်းယန်ယွိက အကြိမ်ကြိမ်ငေးကြည့်နေမိသည်။ သူ့မျက်လုံးက ကင်မရာတစ်လုံးပမာ လူတစ်ယောက်၏အသွင်အပြင်ကို ထောင့်ပေါင်းစုံမှမှတ်တမ်းတင်နေလေ၏။
ကျောင်းယန်ယွိ၏အကြည့်က တည့်တိုးဆန်ပြီးပွင့်လင်းလှသည်။ ကြည့်နေသူကမခံစားမိသော်လည်း အကြည့်ခံနေရသူမှာ သူ့အကြည့်ကိုမနေတတ်၍ ရှောင်ဖယ်လိုက်သည်။
ဝမ်းချန်ရှီးက အထဲကိုဝင်လာပြီး သူ့မျက်လုံးက ကျိကျစ်ယွမ်အပေါ်ကိုကျသွားကာ သူ့အသံကပေါ့ပါးနေလေသည်။
"မင်းတစ်ယောက်ပဲအဲဒီလိုပြောနေတာ.."
ကျိကျစ်ယွမ်က သူ၏ညီအစ်ကိုများအပေါ်တွင် စိတ်မဆိုးတတ်သောကြောင့် ပျော်ရွှင်စွာပြောလိုက်လေ၏။
"ငါက ရှောင်ကျောင်းနဲ့ ရယ်စရာပြောနေတာပါ၊ ရှောင်ကျောင်း အခုလေးတင်ဘာပြောလိုက်လဲသိလား၊ သူပြောလိုက်တာက.."
ဝမ်းချန်ရှီးက သူ့အရှေ့တွင် မီးဖိုချောင်သုံးဓားကိုချလိုက်ပြီး သူ့စကားကို မျပ်နှာသေဖြင့်ဖြတ်ပြောလိုက်သည်။
"မင်းလည်း အသီးအရွက်လှီးတော့.."
ယခုလေးတင် ရှောင်ယွိပြောလိုက်သောစကားကို သူမကြားချင်တော့ပေ။
ကျိကျစ်ယွမ်က ဖြတ်ပြောခံလိုက်ရ၍စိတ်မရှုပ်သွားပေ။ သူက မီးဖိုချောင်သုံးဓားကို ခပ်ပြုံးပြုံးယူလိုက်ပြီး မုန်လာဥနီကို စတင်လှီးလေသည်။
ဧည့်ခန်းထဲတွင် လိရှီးက တစ်ယောက်တည်းဂိမ်းဆော့နေရပြီး လူတိုင်းက မီးဖိုချောင်ထဲ၌ အလုပ်များနေသည်ကိုတွေ့ကာ ကစားရန်ရှက်လာပြီး အသီးအရွက်များကို ကူဆေးပေးရန်ရောက်လာခဲ့သည်။
မီးဖိုချောင်ထဲတွင် ယောကျ်ားကြီးလေးယောက်က အလုပ်များနေသော်လည်း ဝမ်းချန်ရှီး၏မီးဖိုချောင်က လူအများအပြားဆံ့ပေသည်။
ဝမ်းချန်ရှီးက ချက်ပြုတ်နေချိန်တွင် မနေနိုင်တော့ဘဲ မျက်လုံးထောင့်မှလှမ်းကြည့်မိသည်။
ကျောင်းယန်ယွိက အားလူးများကိုလှီးထားပြီးဖြစ်ကာ အချိန်နှင့်အမျှ ကျိကျစ်ယွမ်ကိုလှမ်းကြည့်နေလေသည်။ သူက တစ်ခုခုပြောချင်ဟန်ရသော်လည်း စကားလုံးများက သူ့နှုတ်ခမ်းဝသို့ရောက်သည်နှင့် ပြန်ကျသွားလေသည်။ သူ့မျက်လုံးများက ခဏမျှရွေ့သွားရုံသာဖြစ်ပြီး ထို့နောက် ဖော်ပြရခက်သောစကားများဖြင့် ထပ်မံရွေ့သွားပြန်သည်။
ဝမ်းချန်ရှီးက ကျောင်းယန်ယွိ၏ ပါးပါးလှီးထားသောမုန်လာဥနီကိုကြည့်ကာ ရှောင်ယွိဒုက္ခများနေရသောကိစ္စကို ချက်ချင်းသဘောပေါက်သွားလေသည်။
ကျိကျစ်ယွမ်က ဟင်းကိုဘယ်လိုချက်ရမှန်းသိသော်လည်း ဓားကိုင်သည့်အရည်အချင်းမှာ ပုံမှန်သာဖြစ်လေ၏။ သူလှီးထားသောမုန်လာဥနီမှာ အရွယ်မညီပေ။ အချို့ကရှည်ပြီး အချို့ကတိုသည်။ အလွန်တရာမှ မျက်စိနောက်စရာကောင်းနေလေသည်။
ကျောင်းယန်ယွိလှီးထားသောအာလူးများနှင့်ယှဥ်လျှင် မိုးနှင့်မြေပမာကွာခြားနေတော့သည်။
သို့သော် ကျိကျစ်ယွမ်က မုန်လာဥနီကို နှစ်ပိုင်းသုံးပိုင်းခန့်လှီးပြီးနောက်တွင် အားတက်သရောမေးလိုက်လေသည်။
"လောင်ဝမ်း မင်းဘာလှီးချင်သေးလဲ.."
ကျောင်းယန်ယွိက မနေနိုင်တော့ဘဲ ဝမ်းချန်ရှီးကိုလှမ်းကြည့်လိုက်သည့်အခါ ဝမ်းချန်ရှီးနှင့်မျက်လုံးချင်းဆုံသွားလေသည်။
ကျောင်းယန်ယွိက ခဏမျှမှင်သက်သွားသော်လည်း သူ၏ညီအစ်ကိုကောင်းက သူ့ကို ထူးထူးဆန်းဆန်းကြည့်နေသည်ဟုမခံစားရသည့်တိုင် စကားပြောရန်တွန့်ဆုတ်နေလေသည်။
ဝမ်းချန်ရှီးက အကြည့်လွှဲကာ ပြောလိုက်သည်။
"အသီးအရွက်တွေပဲသွားဆေးစမ်းပါ.."
ကျိကျစ်ယွမ်: "လှီးစရာမရှိတော့ဘူးလား.."
ဝမ်းချန်ရှီးက သိပ်မပြောချင်သော်လည်း ပြောလိုက်သေးသည်။
"မင်းက ဆေးကြောတာပဲ လုပ်လိုက်ပါ.."
ကျိကျစ်ယွမ်: "အိုကေ၊ လိရှီးရေ ကောကောလာပြီ.."
သူက လိရှီးဆေးကြောနေသောအသီးအရွက်များကိုဆွဲယူသွားပြီး ထပ်ဆေးရန်ပြင်လိုက်သည်။
လိရှီးက ဆွံ့အသွားလေ၏။
"မင်းဟာမင်းပဲသွားနေစမ်းပါ၊ ငါဆေးပြီးသွားပြီကွ.."
ကျိကျစ်ယွမ်: "ငါကမင်းဆေးထားတာ မပြောင်သေးဘူးထင်လို့ ထပ်ဆေးမလို့.."
ကျိကျစ်ယွမ် ဘေးရောက်သွားသည့်အခါ ဝမ်းချန်ရှီးက တဖက်လှည့်ပြီး ဟင်းဆက်ချက်လိုက်သည်။
မည်သူကမျှသူ့ကိုကြည့်မနေသည်ကိုတွေ့သည့်အခါ ကျောင်းယန်ယွိက သူ့ခန္ဓာကိုယ်ကို တိတ်တိတ်လေးလှည့်ပြီး ယခုလေးတင် ကျိကျစ်ယွမ်လှီးထားသောမုန်လာဥနီကိုယူကာ ထပ်လှီးလေသည်။
မကြာခင်မှာပင် ကျိကျစ်ယွမ်လှီးထားခဲ့သောမုန်လာဥနီများမှာ အာလူးလွှာလေးများအတိုင်းဖြစ်လာလေသည်။ အထူအပါး အတိုအရှည် အားလုံးမှာ စက်ဖြင့်လှီးထားသည့်အတိုင်း တညီတည်းပင်။
နောက်ဆုံးမှပင် ကျောင်းယန်ယွိက စိတ်အေးပြီး သက်ပြင်းချလိုက်၏။
ဟင်းချက်နေသောဝမ်းချန်ရှီးက သူ၏ သေးငယ်လှသောလှုပ်ရှားမှုလေးကိုမြင်ပြီး သူ့နှုတ်ခမ်းထောင့်လေးများက အနည်းငယ်မြင့်တက်သွားသည်ကို မည်သူမှမသိလိုက်ပေ။
သို့သော် ယခုလေးတင် ကျောင်းယန်ယွိပြောလိုက်သောစကားကိုတွေးမိပြီးနောက် ယခုလေးတင်ကော့တက်နေသောနှုတ်ခမ်းထောင့်လေးများက နောက်တဖန်ပြန်ကျသွားပြန်သည်။
လူလေးယောက်၏လုပ်အားကြောင့် ခြောက်နာရီခွဲတွင် ညစာအသင့်ဖြစ်နေလေပြီ။
ဟင်းပွဲများကို စားပွဲပေါ်တွင်ခင်းကျင်းပြီးချိန်၌ ကျောင်းယန်ယွိက ဓာတ်ပုံရိုက်ရန် ဖုန်းထုတ်လိုက်မိသည်။
ယခင်က လူသားများ သူတို့ဖုန်းဖြင့်အရင် 'စား' ကြရသည့်အကြောင်းအရင်းနှင့် မစားခင် သူတို့၏ Moment တွင် 'တင်' ကြသည့်အကြောင်းအရင်းကိုနားမလည်ခဲ့ပေ။
ယခုမူ သူက ထိုခံစားချက်ကိုနားလည်သွားဟန်ရလေ၏။
အကြောင်းမှာ သူက ဤအခိုက်အတန့်လေးရှိခံစားချက်နှင့် ဤအခိုက်အတန့်လေးကို မှတ်တမ်းတင်ထားချင်၍ပင်။
သူက သူ၏ညီအစ်ကိုနှင့်အတူချက်ပြုတ်ထားသော ဤစားသောက်ပွဲကြီးနှင့် ဤအချိန်လေးကို မှတ်တမ်းတင်ထားချင်ပြီး သူ၏ညီအစ်ကိုက မည်မျှတော်သူဖြစ်ကြောင်း လူတိုင်းကိုသိစေချင်သည်။
ကျိကျစ်ယွမ်နှင့်လိရှီးတို့ကလည်း ဓာတ်ပုံရိုက်နေကြသည်ဖြစ်ရာ ကျောင်းယန်ယွိ၏အပြုအမူက စိတ်ရှုပ်စရာမဖြစ်ပေ။ ဓာတ်ပုံရိုက်ပြီးသည့်နောက် ကျိကျစ်ယွမ်ရောလိရှီးပါ ကျောင်းယန်ယွိ၏ WeChat ကို add လိုက်ကြသည်။ နောက်တစ်ခါ လယ်တောအိမ်သို့သွားချင်သည့်အခါ သူ့ကိုတိုက်ရိုက်ဖုန်းခေါ်မည့်အကြောင်း ပြောခဲ့ကြသည်။
ကျောင်းယန်ယွိကလည်း ကိစ္စမရှိသည့်အကြောင်းပြောလိုက်သည်။
ဝမ်းချန်ရှီး: "စားကြရအောင်..."
သုံးယောက်က သူတို့ဖုန်းများကိုချက်ချင်းဘေးချကာ စတင်စားကြတော့သည်။
လိရှီးကသူ့စကားအတိုင်း ဝမ်းချန်ရှီး၏ဝိုင်နှစ်ပုလင်းကိုဖွင့်ကာ ယခုညတွင် အကုန်သောက်မည်ဟုပြောလာလေသည်။
လိရှီးက ကျောင်းယန်ယွိအတွက်ပါဝိုင်ထည့်ပေးချင်နေသည်ကိုတွေ့ရသည့်အခါ ဝမ်းချန်ရှီးက သူ့ကိုတားလိုက်ပြီး ကျောင်းယန်ယွိကိုအရင်မေးလိုက်လေ၏။
"ဘယ်လိုသောက်ရမလဲသိလား.."
ကျောင်းယန်ယွိက မျက်တောင်လေးခတ်ကာ: "တစ်ခါမှတော့မသောက်ဖူးဘူး.."
လူသားများက ဆေးလိပ်နှင့်အရက်ကိုရှောင်ရန်ထောက်ခံကြသောကြောင့် 'ကျန်းမာသောလူနေမှုပုံစံ' ကို တင်းတင်းကျပ်ကျပ်လိုက်နာသောကျောင်းယန်ယွိမှာ ဤနှစ်ခုကို တစ်ကြိမ်ပင်မတို့ပေ။
ဝမ်းချန်ရှီးက တားလိုက်သည်။
"မသောက်ဖူးရင်မသောက်နဲ့.."
ကျောင်းယန်ယွိက စိတ်ထဲမထားပေ။
"ဒါဆိုလည်း ရေပဲသောက်လိုက်မယ်.."
"မသောက်ဖူးရင် စမ်းကြည့်လို့ရတယ်လေ.."
ကျိကျစ်ယွမ်က လက်မခံပေ။
"ဒီဝိုင်ကအရသာရှိတယ်၊ အကုန်လုံးက ဝိုင်ကောင်းတွေချည်းပဲ၊ ဒီနေ့ပြီးလို့ သူ့ရဲ့ဝိုင်ကို ထပ်မြည်းချင်ရင်တောင် အခွင့်အရေးရမှာမဟုတ်တော့ဘူးနော်.."
ကျောင်းယန်ယွိက သူပြောသည့်စကားကြောင့် အနည်းငယ်မျှစိတ်ယိုင်သွားလေသည်။
အရက်က ဆေးလိပ်သောက်ခြင်းနှင့်မတူပေ။ အရက်သောက်တာကတော့နည်းနည်း...စမ်းကြည့်လို့ဖြစ်တယ်မဟုတ်လား။
ကျောင်းယန်ယွိ: "ဒါဆိုလည်းကျွန်တော်.."
စကားပင်မဆုံးသေးခင် ဝမ်းချန်ရှီးက သူ့ခွက်ကိုယူသွားပြီး ရေနွေးတစ်ခွက်ထည့်ပေးလိုက်သည်။
"ဒါသောက်.."
ကျောင်းယန်ယွိ: "အိုး.."
ကျောင်းယန်ယွိ အတွေးလွန်နေမည်စိုး၍ လိရှီးကရှင်းပြလိုက်သည်။
"သူပြောတာနားမထောင်နဲ့၊ အရက်ပါဝင်မှုနှုန်းကအရမ်းမြင့်တာ၊ မင်းက အရက်ပါဝင်မှုများတဲ့ဒီလိုအရက်မျိုးကို ပထမဆုံးအကြိမ်သောက်ရင် နေရမသက်မသာဖြစ်လိမ့်မယ်.."
ထို့နောက် သူက ကျိကျစ်ယွမ်ကိုဆဲလိုက်သည်။
"ကလေးတွေကို မကောင်းတာတွေသင်ပေးမနေနဲ့.."
ကျောင်းယန်ယွိက စားသောက်သည့်အချိန်တွင် အလွန်အာရုံစိုက်နေပြီး စကားမပြောဘဲ ဂရုတစိုက်သာဝါးနေလေသည်။
တဖက်မှ ကျိကျစ်ယွမ်ကမူ အလွန်စကားများနေသည်။ သို့မဟုတ် သူ့အလုပ်က စားသောက်ပွဲများနှင့်ဝိုင်ပွဲများတွင် ကိစ္စအများအပြားကိုဆွေးနွေးရသည့်အကျင့်ကြောင့်လည်းဖြစ်နိုင်သည်။ သူ၊ ဝမ်းချန်ရှီးနှင့် လိရှီးတို့က သူငယ်ချင်းကောင်းများဖြစ်သောကြောင့် မပြတ်တမ်းစကားပြောနေခဲ့ကြသည်။
သူတို့က ကျိကျစ်ယွမ်ရှိနေသော အနုပညာလောကအကြောင်း၊ နည်းပညာလောကမှ ဝမ်းချန်ရှီး၏ကုမ္ပဏီအကြောင်း၊ လိရှီး၏အလုပ်အကြောင်းပြောနေကြပြီး နောက်ဆုံး၌ ဝမ်းချန်ရှီး၏ကုမ္ပဏီအကြောင်းကိုပြန်ရောက်သွားလေသည်။
ကျောင်းယန်ယွိက ဝါးပြီးရင်းဝါးကာ စကားမပြောဘဲနားထောင်၍သာနေသည်။
ဝမ်းချန်ရှီးက သူစကားဝိုင်းထဲမပါနိုင်လျှင် ရှက်သွားမည်စိုးသောကြောင့် မကြာခဏဆိုသလို သူ့ဘက်မှအရင် ထိုသူကိုစကားပြောပေးနေခဲ့သည်။
သို့သော် မေးခွန်းမေးခံရချိန်တွင် ကျောင်းယန်ယွိမှာ လေသံမပီသတော့ပေ။ ကျောင်းယန်ယွိမှာ ပါးစပ်ထဲမှအစာကိုဆက်ဝါးသင့်လား မဝါးသင့်လားမသိတော့ပေ။ အလျင်စလိုမျိုချပြီး ဝမ်းချန်ရှီး၏မေးခွန်းကိုဖြေလိုက်သည်။ ဖြေပြီးနောက်တွင် သူစပြီး ဇဝေဇဝါဖြစ်လာပြန်သည်။
သူယခုလေးတင် အကြိမ်သုံးဆယ်ပြည့်အောင်မဝါးလိုက်ရပေ။
ယင်းကိုတွေ့သည့်အခါ ဝမ်းချန်ရှီးက ရှောင်ယွိကိုစားခွင့်ပေးလိုက်သော်လည်း အချိန်တိုင်းထိုသူကို ဂရုစိုက်နေလေသည်။
ကျိကျစ်ယွမ်: "ဒါနဲ့ မင်းတို့ကုမ္ပဏီက နောက်ဆုံးပေါ်ဖုန်းက ဈေးကွက်ထဲကိုရောက်လာတော့မှာလား၊ ငါ့ကုမ္ပဏီက အနုပညာရှင်တွေက ကြော်ငြာအတွက် အပြိုင်အဆိုင်ဖြစ်နေတယ်လို့ ဝန်ထမ်းတွေကပြောနေတယ်၊ အလားအလာကောင်းတဲ့ ကိုယ်စားလှယ်တွေဘာတွေရှိလား.."
ဝမ်းချန်ရှီးက 'အင်း' ဟုဆိုကာ ဖြေလိုက်လေ၏။
"သူတို့ရဲ့ကြိုးစားမှုအပေါ်မူတည်တယ်.."
ဝမ်းချန်ရှီးက ပညာရှင်ကိစ္စများကို ပညာရှင်များထံတွင်သာအပ်ထားလေ့ရှိသည်။ ဝန်ထမ်းရေးရာဌာနမှ လူရွေးပုံမှာ ဝန်ထမ်းရေးရာဌာန၏အလုပ်ပင်ဖြစ်လေ၏။ သူက ကုမ္ပဏီ၏အကျိုးအမြတ်မှလွဲပြီး မည်သည့်အလုပ်မှမလုပ်ပေ။
"ဟုတ်သားပဲ၊ ဝန်ထမ်းရေးရာဌာနက အလုပ်ပဲ.."
ကျိကျစ်ယွမ်၏စကားခေါင်းစဥ်က ခုန်ကျော်သွားပြန်ပြီး ရုတ်တရက် တီးတိုးပြောလိုက်သည်။
"ပြောကာမှ ရှောင်းအုပ်စုရဲ့သမီးက မင်းရဲ့ပုံစံကိုမေးနေတယ်လို့ လိရှီးကပြောတယ်၊ သူက မင်းနောက်ကိုလိုက်မယ်လို့တောင်ပြောတယ်တဲ့၊ မင်းသိထားလား.."
လိရှီးက ဝိုင်ကိုတစ်ငုံစုပ်သောက်လိုက်သည်။
"တကယ်ကွ.."
ထို့ကြောင့် ယခုလေးတင် အစားကိုသာသည်းကြီးမည်းကြီးစားနေသောကျောင်းယန်ယွိကိုတွေ့ပြီး ဝမ်းချန်ရှီးက သူတို့စကားဝိုင်းကိုစိတ်မဝင်စားတော့ဘဲ ခေါင်းကိုသာ ဆတ်ခနဲမော့လိုက်လေသည်။
ဝမ်းချန်ရှီးက သူ့ကိုကြည့်လိုက်သည်။ ကျောင်းယန်ယွိက သူ့အပေါ် ထိုအဓိပ္ပါယ်မျိုးမဟုတ်ဘဲ သူ့ကိစ္စသူသာစိတ်ဝင်စားနေလေသည်။ အကယ်၍များ...
ကျောင်းယန်ယွိ၏မျက်လုံးများက ဖျတ်ခနဲလက်သွားလေသည်။
"အားရှီးအနောက်ကိုလိုက်နေတဲ့သူရှိတာလား.."
ကျိကျစ်ယွမ်က တက်ကြွစွာပြောလိုက်လေ၏။
"ဟုတ်တယ်၊ ငါမင်းကိုပြောပြမယ် ရှောင်ကျောင်း၊ ရှောင်းမိသားစုသမီးကအရမ်းလှတာ၊ မိသားစုကလည်းချမ်းသာတယ်လေ.."
ကျောင်းယန်ယွိက အလေးအနက်ထားကာခေါင်းညိတ်ပြလေသည်။
"ဒါဆို ကျွန်တော်တို့က သူ့ကိုစောင့်ရှောက်ပေးရမယ်.."
ဝမ်းချန်ရှီး: "...."
အိုကေ။
ဘာအကယ်၍မှမရှိတော့ဘူး။
***
စာရေးသူတွင်ပြောစရာရှိပါသည်။
PS--
ကျိကျစ်ယွမ်: "ရှောင်ကျောင်း၊ လက်လျှော့လိုက်ပါတော့၊ ငါနဲ့လောင်ဝမ်းကြားက ခင်မင်မှုကို မင်းမယှဥ်နိုင်ပါဘူး.."
ကျောင်းယန်ယွိ: "သိပါတယ်ဗျ.."
နောက်ပိုင်း ဝမ်းချန်ရှီးနှင့်ကျောင်းယန်ယွိ အတူရှိသွားကြလေသည်။
ချောင်ထိုးခံလိုက်ရသောကျိကျစ်ယွမ်: "??? ရှောင်ကျောင်း မင်းက..အရမ်း ကလိမ်ကျတာပဲ.."
ကျောင်းယန်ယွိ: "မှားသွားပါတယ်.."
Spoiler~
စာရေးသူက ရှောင်ရှီးကို လက်တွဲဖော်ရွေးရာမှာ အဆင့်သတ်မှတ်ချက်တွေကို နှစ်ဆတိုးစေချင်နေတယ်လို့ ငါသံသယဖြစ်နေတယ်..
❓️❓️❓️