❓️Chapter 14
ဒီလူက..အရမ်း..ဖြောင့်တယ်
ကျောင်းယန်ယွိကပြန်ကြည့်လိုက်ပြီးနောက် သူ့အစ်ကိုကြီးကသူ့ကို ညပိုင်းတွင်အချိန်ရမလားဟုမေးနေခြင်းဖြစ်ကြောင်း တွေ့သွားလေသည်။
ကျောင်းယန်ယွိ စက္ကန့်အနည်းငယ်မျှတွေးနေမိသည်။ အားရှီးက ဒီညမှာလုပ်စရာရှိလို့ သူ့ကိုရှာတာများလား။
[ကျောင်းယန်ယွိ: ညနေပိုင်းကို ခင်ဗျားမှာ အစီအစဥ်ရှိလား]
[ကျောင်းယန်ယွိ: ရှိရင် နောက်တစ်ခါမှပဲ ကျွန်တော်သူတို့နဲ့သွားလိုက်မယ်]
လုပ်ဖော်ကိုင်ဖက်နဲ့ ညီအစ်ကိုကြားမှာ သူက ရွေးနေဖို့လိုသေးလား။
သေချာပေါက် သူ့ရဲ့ညီအစ်ကိုကောင်းက နံပါတ်တစ်ပေါ့။
မျက်မှန်အောက်၌ဖုံးကွယ်ခံထားရသော ဝမ်းချန်ရှီး၏မျက်လုံးများထဲတွင် မတိုင်ခင်ကရှိနေခဲ့သော စိတ်မသက်သာမှုအနည်းငယ်မှာ ကျောင်းယန်ယွိ၏မက်ဆေ့ချ်ကိုမြင်သည့်အခါ တဖြည်းဖြည်းလွင့်ပြယ်သွားလေသည်။
သူက မျက်မှန်ကိုတွန်းတင်လိုက်ပြီး အပြုံးဖျော့ဖျော့က နှုတ်ခမ်းများပေါ်တွင် ပေါ်လာခဲ့လေသည်။
တဖက်လူက အခြားသူများကိုကျော်ပြီး သူ့ကိုရွေးချယ်ရန် မတုံ့ဆိုင်းနေကြောင်းပြောလာသည့်အခါ ၎င်းက သူ့ကို အကြောင်းအရင်းမရှိဘဲ စိတ်သက်သာသွားစေသည်။
သို့သော် ဝမ်းချန်ရှီးက တရားလွန် တကိုယ်ကောင်းဆန်သူမဟုတ်ပေ။ လူတစ်ယောက်က ဤကမ္ဘာပေါ်နှင့် အသိုင်းအဝိုင်းတွင်နေထိုင်လျှင် မိတ်ဆွေများရှိရမည်ဆိုသည့်အချက်ကို သူအလွန်တရာမှ လက်ခံထားလေသည်။
အထူးသဖြင့် ဝန်ထမ်းလေးတစ်ယောက်အနေဖြင့် ကျောင်းယန်ယွိမှာ တစ်ယောက်ကိုတစ်ယောက် ကူညီအားပေးရမည့် သူငယ်ချင်းများလိုအပ်သည်။ ထိုအခါမှသူက အလုပ်တွင် ပိုမိုကောင်းမွန်သောအမြင်ကိုရရှိပြီး လုပ်ငန်းခွင်တွင်အဆင်ပြေနိုင်ပေမည်။
ထို့ကြောင့် ကျောင်းယန်ယွိက သူ၏လုပ်ဖော်ကိုင်ဖက်များနှင့်အတူညစာစားမည်ဖြစ်ကြောင်းသိသွားပြီးနောက် ဝမ်းချန်ရှီးမှာ မတိုင်ခင်က သူပြောချင်ခဲ့သောစာကို ဖျက်လိုက်လေသည်။
[ဝမ်းချန်ရှီး: မရှိပါဘူး]
[ဝမ်းချန်ရှီး: မနက်ဖြန်ညမှာတော့ရှိတယ်]
[ကျောင်းယန်ယွိ: ဘာစီစဥ်ထားတာလဲ]
[ဝမ်းချန်ရှီး: ကျိကျစ်ယွမ်က မင်းကိုညစာကျွေးချင်လို့တဲ့၊ သွားမှာလား]
ကျောင်းယန်ယွိက ကျိကျစ်ယွမ်နှင့်သိပ်မရင်းနှီးသောကြောင့် တစ်ဖက်လူကသူ့ကို ညစာစားရန်ဖိတ်ခေါ်ခြင်းမှာ မနေ့ညက သစ်သီးများကြောင့်သာဖြစ်ပေလိမ့်မည်။
[ကျောင်းယန်ယွိ: ခင်ဗျားရောသွားမှာလား]
ဝမ်းချန်ရှီး ဤစာကိုတွေ့သည့်အခါ နောက်တဖန်ရယ်မိပြန်ကာ တိုက်ရိုက်ဖုန်းခေါ်လိုက်သည်။
ကျောင်းယန်ယွိက ဖုန်းကိုင်ပြီးသည့်နောက် မေးလိုက်လေ၏။
"ကိုယ်မသွားရင် မင်းကမသွားတော့ဘူးလား.."
"ခင်ဗျားမသွားရင် ကျွန်တော်က အဲဒီမှာဘာလုပ်နေရမှာလဲ.."
ဝမ်းချန်ရှီးအသံက ပျော်ရွှင်နေသည်မှာ သေချာနေသည်။
"ကိုယ်လည်းအဲဒီမှာရှိနေမှာပါ.."
'အိုး..' ကျောင်းယန်ယွိက ချက်ချင်းပြောလိုက်သည်။
"ဒါဆို ကျွန်တော်လည်းသွားမယ်.."
ဝမ်းချန်ရှီး: "အင်း၊ ဒါဆို ကိုယ့်ကားနဲ့သွားလေ၊ ကိုယ်မင်းကို အောက်ထပ်ကားပါကင်မှာစောင့်နေမယ်.."
"အိုကေ.."
မနက်ဖြန်ညအတွက်ချိန်းဆိုပြီးသည့်နောက် ဝမ်းချန်ရှီးကသူနှင့် စကားဆက်ပြောလေသည်။
"ဒီည မင်းနဲ့ဌာနတူက လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ညစာသွားစားမှာမဟုတ်လား.."
"မဟုတ်ဘူး၊ တစ်ယောက်ကတော့ ဌာနတူတယ်၊ နောက်တစ်ယောက်ကတော့ အင်ဂျင်နီယာဌာနကပါ.."
ဝမ်းချန်ရှီး: "မင်းက အင်ဂျင်နီယာဌာနက လုပ်ဖော်ကိုင်ဖက်တွေနဲ့တောင်ရင်းနှီးနေပြီလား.."
ကျောင်းယန်ယွိက ခဏမျှစဥ်းစားကြည့်လိုက်သည်။ သူနှင့်ချင်ယိယွမ်မှာ တကယ်လည်းမရင်းနှီးသေးသောကြောင့် တစ်ခွန်းတည်းသာပြောလိုက်ရသည်။
"စီနီယာချင်က အရမ်းပျော်တတ်ပါတယ်.."
ဝမ်းချန်ရှီး: "လုပ်ဖော်ကိုင်ဖက်တွေအများကြီးနဲ့ အပြင်ထွက်တာက ပြဿနာမရှိပါဘူး.."
ကျောင်းယန်ယွိက မျက်မှောင်ကြုတ်သွားပြီး သံသယအနည်းငယ်ဖြင့်ပြောလိုက်လေသည်။
"ဒါပေမဲ့ ကျွန်တော့်အစီအစဥ်တွေကတော့ ကမောက်ကမဖြစ်လိမ့်မယ်ဗျ.."
ဝမ်းချန်ရှီးက ကျောင်းယန်ယွိ၏ ထူးဆန်းသော OCD ရောဂါကိုတွေးမိပြီး မျက်လုံးထဲရှိအပြုံးက ပို၍ပင်ကြီးမားလာလေသည်။
"မင်းက နေ့တိုင်း အဲဒီအတိုင်းပဲလား.."
ကျောင်းယန်ယွိ: "ဘာကိုလဲဗျ.."
ဝမ်းချန်ရှီး: "အချိန်အတိအကျစားတာ၊ လုပ်စရာရှိတာတွေကို အချိန်အတိအကျနဲ့လုပ်တာမျိုးလေ.."
ပြောမှပင် ကျောင်းယန်ယွိက ရှင်းပြချင်လာပြီး သူ့အသံအနေအထားက အလွန်တရာမှလေးနက်လာတော့သည်။
"အချိန်အတိအကျဆိုပြီးမရှိပါဘူး၊ ဒါပေမဲ့ ဒီနေ့မနက် အိပ်ရာထတော့ မနေ့ကထက် သုံးမိနစ်နဲ့နှစ်စက္ကန့်နောက်ကျသွားတယ်လေ၊ ကျန်တဲ့အစီအစဥ်တွေအပေါ်မသက်ရောက်အောင် အစာစားတဲ့အချိန်ကတော့ လျော့သွားလို့မဖြစ်ဘူး၊ ကျွန်တော်က လမ်းလျှောက်ချိန်ကို သုံးမိနစ်နဲ့နှစ်စက္ကန့်လျှော့လိုက်မှပဲရမယ်.."
ဝမ်းချန်းရှီး: "အယ်..ဘယ်လိုလျှော့မှာလဲ.."
ကျောင်းယန်ယွိ: "အိမ်ကနေ ဘက်စ်ကားဂိတ်အထိကို ကျွန်တော့်ရဲ့ နေ့တိုင်းလမ်းလျှောက်ပုံအရ ခြေတစ်လှမ်းကို ခြောက်ဆယ်စင်တီမီတာနဲ့ 0.8 စက္ကန့်လျှောက်ရင် ခုနစ်မိနစ်နဲ့ ဆယ့်တစ်စက္ကန့်ကြာတယ်.."
ကျောင်းယန်ယွိ သူပြော၍မပြီးသေးခင် ထူးဆန်းသည့်အရာတစ်ခုကိုသတိထားမိပြီး စကားပြောနေသည်ကိုရပ်ကာ သံသယရှိစွာမေးလိုက်သည်။
"ခင်ဗျားရယ်နေတာလား.."
ဝမ်းချန်ရှီး ဖုန်းကို အနည်းငယ်ခွာလိုက်သည်။ နှုတ်ခမ်းပေါ်မှအပြုံးကို ကြိုးစားထိန်းချုပ်ထားရင်း အသံနက်နက်ဖြင့်ပြောလိုက်လေသည်။
"မဟုတ်ပါဘူး၊ အခု ကိုယ်က ရေသောက်နေလို့ပါ.."
ဝမ်းချန်ရှီးမှာ သူကိုယ်တိုင်လည်း ဘာဖြစ်နေမှန်းမသိပေ။
ကျောင်းယန်ယွိ၏ရှင်းပြချက်ကိုနားထောင်ရင်း ကျောင်းယန်ယွိက မျက်မှောင်ကြုတ်ကာ မိနစ်တိုင်းနှင့်စက္ကန့်တိုင်း၌ ရေတွက်နေမည့်ပုံက သူ့စိတ်ထဲကိုဝင်လာခဲ့သည်။ အချိန်ဇယားက မတိကျတော့သည်နှင့် ထိုသူက ယခင်တစ်ကြိမ်ကနှယ် "စွမ်းအင်မလုံလောက်" သည့်ပုံစံဖြစ်သွားနိုင်သည်။ ခဏအကြာတွင် ထိုသူတကိုယ်လုံးက အားနည်းနေသည့်ပုံစံဖြစ်လာပေလိမ့်မည်။
ထိုပုံစံကိုမြင်ယောင်ကြည့်ရုံဖြင့် သူ့ကိုရယ်ချင်စေသည်။
ကျောင်းယန်ယွိ စကားဆက်မပြောတော့ပေ။
ဝမ်းချန်ရှီးကလည်း ယင်းက အချိုးမပြေသောဆင်ခြေတစ်ခုသာဖြစ်ပြီး ဉာဏ်ကောင်းသောငါးလေးက ယုံမည်မဟုတ်မှန်းသိနေလေသည်။ သူက အသာထိုင်ကာ တိုးလျသောအသံဖြင့်ပြောလိုက်လေ၏။
"စိတ်ဆိုးသွားတာလား.."
ကျောင်းယန်ယွိက စိတ်ဆိုးနေခြင်းမဟုတ်ဘဲ နားမလည်ရုံသာ။
"စိတ်မဆိုးပါဘူး.."
ကျောင်းယန်ယွိက တိုက်ရိုက်သာမေးလိုက်သည်။
"ကျွန်တော်က ဒီလိုမျိုးဖြစ်နေတာက ထူးဆန်းနေတာလား.."
ထို့အပြင် သူက ဘဝအတွေ့အကြုံမရှိသေးဘဲ လူသားများအပေါ်သိနားလည်ထားမှုများမှာ သူတွေ့ရှိထားသောအချက်အလက်များမှလာခြင်းသာ ဖြစ်နေခဲ့သည်။
ဝမ်းချန်ရှီးက သူထိုသို့ပြောသည့်အခါ နှစ်ကြိမ်ခန့်ရယ်မိသည်။
ထို့ကြောင့် ကျောင်းယန်ယွိ ရှင်းပြရန်ကြိုးစားနေမိခြင်းမှာ သာမန်လူသားများနှင့် အလွန်ကွဲပြားသောအမူအကျင့်တစ်မျိုးပေလား။
သို့မဟုတ် ဤအမူအကျင့်က အလွန်ရယ်ရသည်လား။ ထို့ကြောင့် သူ၏ညီအစ်ကိုကောင်းကို ရယ်အောင်လုပ်မိစေခဲ့သည်လား။
အသံထဲမှ ကောင်လေး၏မသေချာမှုများကိုနားထောင်ရင်း ဝမ်းချန်ရှီးအသံက ပိုမိုလေးနက်ပြီးပြတ်သားလာခဲ့သည်။
"အံ့ဩစရာတော့မဟုတ်ပါဘူး.."
ကျောင်းယန်ယွိ: "တကယ်လား.."
ဝမ်းချန်ရှီး: "ဒါပေါ့၊ ကမ္ဘာပေါ်မှာ တထပ်တည်းကျတဲ့သစ်ရွက်နှစ်ရွက်ဆိုတာမရှိသလို လူမှာလည်းမရှိဘူး၊ ကမ္ဘာပေါ်မှာ လူသန်းနဲ့ချီပြီးနေကြတယ်၊ လူတိုင်းရဲ့ ရုပ်ရည်၊ အသံနဲ့ စရိုက်တွေအားလုံးကလည်း ကွဲပြားကြတယ်၊ ဒါတွေက လူတိုင်းစီမှာရှိတဲ့ ပင်ကိုယ်အရည်အသွေးတစ်ခုဖြစ်လာတာပေါ့.."
ကျောင်းယန်ယွိမှာ ထိုသူ၏စကားကိုကြားပြီး သူ့စိတ်က တမဟုတ်ချင်းအေးချမ်းသွားလေသည်။ မထူးဆန်းနေသရွေ့ တော်ပါသေးသည်။
သူက အလွန်ကွဲပြားနေမည်ကိုစိုးရိမ်နေပြီး အခြားသူများက တမျိုးမြင်သွားလိမ့်မည်။
ဝမ်းချန်းရှီးက နူးညံ့စွာပြောလိုက်လေ၏။
"ဆောရီး၊ ကိုယ်အခုလေးတင် မင်းအပေါ်လုပ်မိတာအတွက် တောင်းပန်ပါတယ်.."
ကျောင်းယန်ယွိ: "တောင်းပန်စရာမလိုပါဘူး၊ ခင်ဗျားပျော်နေရင် ကျွန်တော်လည်းပျော်ပါတယ်.."
တဖက်လူက ၎င်းကို လုံးဝအပြစ်မမြင်ကြောင်းသေချာသွားမှ ဝမ်းချန်ရှီးက ကျောဆန့်ထိုင်နေရာမှ ဖြည်းဖြည်းချင်း အနောက်ကိုမှီချလိုက်သည်။ သူ့ခန္ဓာကိုယ်က မတိုင်ခင်ကထက် အနည်းငယ်ပိုပြီး သက်သောင့်သက်သာရှိလာခဲ့သည်။
သူက တိုးလျစွာပြောလိုက်လေ၏။
"အင်း၊ ကိုယ်အရမ်းပျော်တယ်.."
ညနေပိုင်း အလုပ်ပြီးသည့်နောက် ကျိုးချွမ်က ကျောင်းယန်ယွိကိုခေါ်ကာ ချင်ယိယွမ်နှင့်တွေ့ရန်သွားခဲ့ပြီး သူတို့ရွေးထားသောစားသောက်ဆိုင်ကို အတူသွားကြလေသည်။
ကျိုးချွမ်ရွေးထားသောစားသောက်ဆိုင်မှာ အလွန်နာမည်ကြီးသော တရုတ်ရိုးရာစားသောက်ဆိုင်ဖြစ်၏။ အထူးသဖြင့် ညစာစားချိန်အတွင်းတွင်ဖြစ်ပြီး လုပ်ငန်းက အလွန်ကောင်းမွန်လေသည်။
ကျိုးချွမ်က ကျောင်းယန်ယွိကို မီနူးပေးလိုက်ကာ မှာခိုင်းလိုက်သည်။
ကျောင်းယန်ယွိက ဟင်းတစ်ပွဲတည်းမှာကာ ကျိုးချွမ်နှင့်ချင်ယိယွမ်ကိုပေးလိုက်သည်။
သူတစ်ပွဲတည်းမှာသည်ကိုတွေ့သည့်အခါ ချင်ယိယွမ်က မေးလိုက်သည်။
"တခြားမမှာတော့ဘူးလား.."
ကျောင်းယန်ယွိက ပြောလိုက်သည်။
"ကျွန်တော်က အိမ်မှာလည်း ဟင်းတစ်မျိုးပဲစားတာ.."
ဟင်းတစ်မျိုးတည်းစားတယ်။
ချင်ယိယွမ်က မနေနိုင်တော့ဘဲ ကျောင်းယန်ယွိကို ထပ်ကြည့်မိပြန်သည်။
ကျောင်းယန်ယွိက အနည်းငယ်ပိန်သော်လည်း သူ၏ပိန်သည့်အနေအထားက လူပျိုပေါက်ပုံစံမျိုးဖြစ်လေ၏။ ထိုသူက အမှန်တကယ်ကိုကြည့်ကောင်းလှသည်။ အထူးသဖြင့် သူ့မျက်လုံးများက ကောင်းကင်မှကျလာသောကြယ်လေးတစ်ပွင့်နှင့်ပင်တူနေလေသည်။
လူများအတွက် ညို့ယူမခံရရန်မှာ မဖြစ်နိုင်ပေ။
ချင်ယိယွမ်က ချောင်းဟမ့်ကာ အကြည့်လွှဲသွားပြီးပြောလာလေသည်။
"မင်းကပိန်လွန်းတယ်၊ တစ်ပွဲတည်းနဲ့ဘယ်ဝမှာလဲ၊ နောင်ကျရင် များများစားသင့်တယ်၊ မင်းရဲ့ ခြေထောက်လေးနဲ့လက်လေးတွေကိုကြည့်ပါဦး၊ နောက်ပိုင်း ပရောဂျက်တွေနဲ့အလုပ်လုပ်ရတဲ့အခါ မင်းခန္ဓာကိုယ်က လုံးဝခံနိုင်မှာမဟုတ်ဘူး.."
ကျောင်းယန်ယွိကပြောလိုက်သည်။
"ကျွန်တော်က သန်မာပါတယ်ဗျ..."
ချင်ယိယွမ်ကသူနှင့်ပြိုင်ငြင်းမနေတော့ဘဲ ဟင်းပွဲအနည်းငယ်ကိုထပ်မှာလိုက်သည်။
ဟင်းပွဲများရောက်လာသည့်အခါ သူတို့သုံးယောက်က စတင်စားသောက်ကြတော့သည်။
ထို့နောက် ချင်ယိယွမ်တွေ့သွားတော့သည်။
သူနှင့်ကျိုးချွမ် စားနေသည့်အချိန်တွင်..
ကျောင်းယန်ယွိက ဝါးပြီးရင်းဝါးနေသည်။
သူနှင့်ကျိုးချွမ် ထမင်းတစ်ပန်းကန်ကုန်သွားပြီး နောက်ထပ်တစ်ပန်းကန်လည်းကုန်သွားခဲ့သည်။
ကျောင်းယန်ယွိက ဝါးပြီးရင်းဝါးနေလေသည်။
ချင်ယိယွမ်နှင့်ကျိုးချွမ်မှာ ဤမျှ အစားနှေးပြီး သိမ်မွေ့သည့်သူမျိုးကိုမမြင်ဖူးပေ။
သူက တကယ်ပင် မနေနိုင်တော့ဘဲ စားနေသည့်တူဖြင့် ကျောင်းယန်ယွိအတွက် အသီးအရွက်ယူပေးလိုက်သည်။
"ရှောင်ယွိ၊ ငါမင်းကို အဲဒီလိုခေါ်လို့ရလား၊ အရင်ဆုံး စွပ်ပြုတ်တစ်ငုံလောက်သောက်လိုက်၊ ဒီစွပ်ပြုတ်က အရသာရှိတယ်.."
"ဒီရေညှိစွပ်ပြုတ်က အရသာကောင်းတယ်၊ ငါမင်းပန်းကန်ထဲကို ထည့်ပေးမယ်.."
"ငါမင်းကို တူနဲ့ ငါးချိုချဥ်ထဲကအရိုးတွေဖယ်ပေးမယ်၊ စားကြည့်ချင်လား.."
ကျောင်းယန်ယွိကဝါးနေပြီး မော့ကြည့်လိုက်ချိန်တွင် သူ့အရှေ့မှပန်းကန်ထဲတွင် အပုံလိုက်ဖြစ်နေသည်ကိုတွေ့သွားလေ၏။
ကျောင်းယန်ယွိ: "?"
ကျောင်းယန်ယွိက ထမင်းတလုတ်ကိုမျိုချလိုက်ပြီး ပြောလိုက်လေ၏။
"ခင်ဗျားလည်းစားပါ၊ ကျွန်တော်က ဒီလောက်အများကြီးမစားနိုင်ဘူး.."
ချင်ယိယွမ်က သူ့ကို ဆက်ထည့်ပေးနေသည်။
"ငါတို့ကစားပြီးပြီ၊ မပူပါနဲ့၊ ငါတို့မစားနိုင်တော့မှပြောမယ်၊ နော် ကျိုးချွမ်.."
ကျိုးချွမ်က အားရပါးရစားနေပြီး စကားပြောချိန်တွင် အူကြောင်ကြောင်ဖြစ်နေသည်။
"ဟုတ်တယ်၊ ဟုတ်တယ်.."
သူက ခေါင်းမဖော်ဘဲ ဆက်လက်စားနေလေ၏။
ကျောင်းယန်ယွိမှာ သူ့အရှေ့မှ ဟင်းပုံကြီးကိုမော့ကြည့်ပြီး ချင်ယိယွမ်ကိုကြည့်လိုက်သည်။ ငြင်းလိုက်ရန်မှာ တကယ်ခက်နေသောကြောင့် ဗိုက်ကားသည်အထိ တိတ်ဆိတ်စွာပင်စားနေလိုက်တော့သည်။
အိမ်ပြန်သည့်အခါတွင်လည်း ချင်ယိယွမ်က သူတို့နှင့်လမ်းတူသည်ဟုဆိုကာ ကားဖြင့်ပို့ပေးလေသည်။ ကျိုးချွမ်ကို အရင်ပို့ပေးပြီးသည့်နောက် ကျောင်းယန်ယွိကိုပို့ပေးလေသည်။
ကျောင်းယန်ယွိက အချိန်ကိုမော့ကြည့်ပြီး ချင်ယိယွမ်နေသည့်နေရာကိုမေးလိုက်သည်။ ချင်ယိယွမ်အိမ်လိပ်စာကိုသိပြီးနောက် ကျောင်းယန်ယွိက ဇဝေဇဝါဖြင့်မေးလိုက်လေ၏။
"ဒါက လမ်းတူတာမှမဟုတ်တာ၊ A မြို့ရဲ့ တဝက်နီးပါးလောက်ရှိတယ်.."
ချင်ယိယွမ်: "အာ..."
လူတစ်ယောက်က လမ်းတူတယ်လို့ပြောရင် လူကိုပြန်ပို့ပေးဖို့အတွက် အကြောင်းပြတာပဲမဟုတ်ဘူးလား။
ကျောင်းယန်ယွိက ယခုလို တည့်တိုးမေးလာမည်ဟုမထင်ထားသောကြောင့် ချင်ယိယွမ်မှာ ဖြေရကျပ်သွားလေ၏။
ချင်ယိယွမ်က ခဏမျှငြိမ်နေပြီးမှ 'ငါကမင်းကို အိမ်ပြန်ပို့ပေးချင်ရုံပါပဲ' ဟုဖြေတော့မည့်အချိန်မှာပင် ကျောင်းယန်ယွိက ထပ်မေးလာလေသည်။
"ခင်ဗျားက လမ်းတွေနဲ့မရင်းနှီးဘူးလား.."
ချင်ယိယွမ်: "....."
ချင်ယိယွမ်မှာ တစ်ခွန်းသာဖြေနိုင်တော့သည်။
"အဟွတ်၊ နည်းနည်းစိမ်းနေလို့ပါ.."
ကျောင်းယန်ယွိ: "အော်၊ ကျွန်တော့်ရဲ့သုံးသပ်ချက်ကမှန်နေတာပဲ၊ ကျေးဇူးပါဗျ.."
ချင်ယိယွမ်: "...."
ချင်ယိယွမ်ကိုကျေးဇူးတင်ပြီးနောက် ကျောင်းယန်ယွိက အိမ်ပြန်ရန်ပြင်ပြီး ချင်ယိယွမ်ကို ဖြည်းဖြည်းမောင်းရန်ပါ သတိပေးလိုက်သေးသည်။
ချင်ယိယွမ်: "နေဦး.."
ကျောင်းယန်ယွိက လှည့်လာလေသည်။
"ပြောစရာရှိသေးလို့လားဗျ.."
ချင်ယိယွမ်: "ငါအိမ်ပြန်ရောက်ရင် မင်းကိုစာပို့လို့ရလား.."
ကျောင်းယန်ယွိ: "ကျွန်တော်တို့မှာ အလုပ်မရှိတော့ဘူးလေ.."
ချင်ယိယွမ်: "အလုပ်ကိစ္စမဟုတ်ဘူး၊ ဝါသနာတို့ ဒါမှမဟုတ် ဘဝအကြောင်းတို့ပြောတာ.."
ကျောင်းယန်ယွိ: "?" သူ(ချင်ယိယွမ်) က ဘာလို့သူနဲ့ ဒီအကြောင်းပြောချင်ရတာလဲ။
ကျောင်းယန်ယွိ: "ခင်ဗျားမှာ ခင်ရတဲ့ညီအစ်ကိုမရှိဘူးလား.."
ထိုသူတွင်မရှိသော်လည်း သူ့တွင်ရှိနေသည်လေ။
ထို့ကြောင့်ပင် ညီအစ်ကိုကောင်းများနှင့်အတူ စကားပြောနေရသည်။
ချင်ယိယွမ်: "အယ်.."
ကျောင်းယန်ယွိ: "ခင်ဗျားက ခင်ဗျားရဲ့ညီအစ်ကိုကောင်းနဲ့အတူ စကားပြောလို့ရတယ်လေ.."
ချင်ယိယွမ်: "....."
ကျောင်းယန်ယွိ: "ကောင်းသောညပါ.."
ချင်ယိယွမ်: "...."
ချင်ယိယွမ်က ကျောင်းယန်ယွိထွက်သွားသည်ကိုကြည့်နေပြီး သူ့စိတ်ထဲတွင် အုံ့မှိုင်းသွားလေသည်။
ဒီလူက..အရမ်း..ဖြောင့်တာပဲ..
ကျောင်းယန်ယွိ အိမ်ပြန်ရောက်သည်နှင့် ဝမ်းချန်ရှီးကဖုန်းခေါ်လေသည်။
"အိမ်မှာလား.."
ကျောင်းယန်ယွိက ဆိုဖာပေါ်တွင် မလှုပ်မယှက်လှဲနေပြီး သူ့အစီအစဥ်က နောက်တကြိမ်နှောင့်ယှက်ခံလိုက်ရပြန်သည်။ သူက အလွန်တရာမှပြည့်အင့်နေလေရာ စိတ်မပါစွာပင်ဖြေလိုက်သည်။
"ပြန်ရောက်ပြီ၊ ဗိုက်လည်းပြည့်နေပြီ.."
ဝမ်းချန်းရှီးက ရှောင်ယွိ၏ကျန်းမာရေးနှင့်ညီညွတ်သောစားသောက်မှုစနစ်အရ ပုံမှန်အခြေအနေတွင် ဗိုက်ပြည့်ရန်မဖြစ်နိုင်မှန်းသိနေ၍ အနည်းငယ်အံ့ဩသွားလေသည်။
ဝမ်းချန်ရှီး: "ဘာလို့ အရမ်းဗိုက်ပြည့်လာတာလဲ.."
ကျောင်းယန်ယွိက ထိုညတွင်ဖြစ်ခဲ့သမျှကို သူ့အစ်ကိုကိုပြောပြနေလေသည်။
သူ၏ဆိုးရွားသောအခြေအနေကြောင့် လေးတွဲစွာဖြင့်စကားပြောနေပြီး ပုံမှန်ထက် အနည်းငယ်မျှပိုမိုနူးညံနေဟန်ရ၏။
သို့သော် ဖုန်းတဖက်မှ ဝမ်းချန်ရှီးကမူ ပို၍ပိုကာထူးဆန်းလာခဲ့သည်။
ချင်ယိယွမ်က ရှောင်ယွိကိုစိတ်ဝင်စားနေတာလား။
ရှောင်ယွိကရော သိနေတာလား။
"သူက မင်းအတွက် အသီးအရွက်နဲ့ စွပ်ပြုတ်ယူပေးတာလား.."
"အင်း၊ သူက ကျွန်တော့်ကို ပိုပြီးလည်းစားခိုင်းတယ်.."
"သူက မင်းကို အိမ်အထိ တကူးတကလိုက်ပို့ပေးတယ်ပေါ့.."
"အင်း သူက လမ်းကိုတော့ သေချာမသိဘူး.."
"သူက မင်းနဲ့စကားပြောပြီး စာပို့ချင်တယ်လို့ပြောခဲ့တယ်ပေါ့.."
"ဟုတ်တယ်.."
ဝမ်းချန်ရှီးက စက္ကန့်အနည်းငယ်မျှတိတ်ဆိတ်သွားခဲ့သည်။
"ထူးဆန်းတယ်လို့မထင်ဘူးလား.."
ကျောင်းယန်ယွိ: "ဘာကထူးဆန်းနေလို့လဲ.."
ဤတစ်ကြိမ်တွင် ဝမ်းချန်ရှီးက အတန်ငယ်မျှကြာအောင်တိတ်ဆိတ်သွားခဲ့သည်။
အဖြောင့်အမျိုးသားတစ်ယောက်၏ ပြင်းရှသောအသက်ရှူသံက သူ့မျက်နှာရှိရာသို့ ရုတ်တရက်ရောက်လာလေသည်။
သူက နေရင်းထိုင်ရင်း မကောင်းသည့်ခံစားချက်ကိုရလိုက်လေ၏။
***
စာရေးသူတွင်ပြောစရာရှိပါသည်။
PS--
ဝမ်းချန်ရှီး: မင်းက ကိုယ်နဲ့ ပရောပရည်လုပ်နေတာမဟုတ်ဘူးလား။
ကျောင်းယန်ယွိ: သူက ကျွန်တော်နဲ့ဘဝအကြောင်းပြောချင်နေတာပါ။ သူက အရမ်းသနားစရာကောင်းတယ်။ သူ့မှာ ခင်ရတဲ့ညီအစ်ကိုဆိုတာမရှိဘူးလေ။
ချင်ယိယွမ်: ကျွန်တော် ဘာမှမပြောမိပါဘူးဗျာ။
ဟယ်လန်XD: ဟင်း..မင်းကို တဖက်သက်သဘောကျနေတယ်လို့ထင်နေတဲ့လူက တကယ်တော့မဟုတ်နေတာကို အထင်လွဲမိဖူးလား။
Spoiler~
ရှောင်ယွိက ရှောင်ရှီးရဲ့ နံပါတ်တစ်ညီလေးဖြစ်ချင်ခဲ့တာ[ဒါမှမဟုတ် သူက နောင်မှာ ရှောင်ရှီးရဲ့ 0 ညီလေးဖြစ်လာမယ်လို့ပြောရမလား]
(ဒါကိုဖတ်ပြီး မဖွယ်မရာတွေးမိတဲ့လူတွေရှိရင် အောက်မှာ မဲပေးခဲ့ကြပါ)
❓️❓️❓️