3
အပြစ်ပေးခန်းမကြီးရဲ့ ဖိအားအောက်တွင် ချွေ့ဖူလင်က ယိမ်းထိုးနေတဲ့ ခြေလှမ်းတွေနဲ့ အပြင်ကိုထွက်သွားဖို့ပဲ တတ်နိုင်ခဲ့တယ်။
သူမရဲ့ဆံပင်တွေကဖရိုဖရဲဖြစ်နေပြီး မျက်လုံးကနေလည်း မျက်ရည်တွေတသွင်သွင် စီးကျနေခဲ့တယ်။ သူမက ရေပြင်ပေါ်မှာ ထင်ဟပ်နေတဲ့ အထိအခိုက်မခံနိုင်အောင် နူးညံ့တဲ့ ပန်းပွင့်လေးလို လှပနေတယ်။
ငါကတော့ သွေးမတိတ်သေးတဲ့ ဒဏ်ရာကို ဆုပ်ကိုင်ထားရင်း အသေကောင်လိုမျိုး အနောက်ကနေလိုက်ထွက်သွားခဲ့တယ်။
သူမဒီတောင်ပေါ်ကနေ ထွက်သွားတာနဲ့ သူမကိုသတ်ပစ်ဖို့ ကြံစည်ရင်းပေါ့။
ငါတို့တွေ ဂိုဏ်းရဲ့ နယ်နိမိတ်ထဲကို ရောက်တာနဲ့ သတင်းကြားထားတဲ့ လူအုပ်ကြီးက အလျင်စလိုပြေးလာကြတယ်။
ငါသူတို့တွေကို မှတ်မိလိုက်တယ် သူတို့က လင်ကျန့်ဂိုဏ်းရဲ့အကျော်အမော်တပည့်တွေ ဖြစ်ပြီး အမျိုးသမီး ဇာတ်လိုက်ရဲ့ နောက်လိုက်ကောင်တွေလေ။
ချွေ့ဖူလင်တစ်ယောက်တည်းရပ်ပြီး ငိုရှိုက်နေတာကို မြင်ရတဲ့ ဂိုဏ်းတူအစ်ကိုတွေရဲ့ နှလုံးသားဟာ ချက်ချင်းဆိုသလို အရည်ပျော်သွားကြတယ်။
သူတို့ ငါ့ကိုကြည့်လိုက်တဲ့အခါမှာတော့ ရွံရှာမှုတွေ ရောပါနေခဲ့တယ်။
သူတို့ကိုဦးဆောင်ထားတဲ့ အေးစက်တည်ငြိမ်တဲ့ဟန်နဲ့ အကြီးဆုံးဂိုဏ်းတူအစ်ကိုက သိပ်ကိုစာနာသနားနေသောအမူအရာနဲ့ ချွေ့ဖူလင်ရဲ့ရှေ့မှာ ဝင်ရပ်လိုက်တယ်။
ပြီးတာနဲ့ သူ့ဝတ်ရုံစကို ဘေးနားမှာ သေသပ်စွာ ဖြန့်ချလိုက်ပြီး တည်ငြိမ်စွာ ဒူးထောက်လိုက်တယ်။
"တပည့်က ဂိုဏ်းတူညီမလေးကိုယ်စား အပြစ်ခံယူပြီး ဂိုဏ်းကနေထုတ်ပယ်ခံရဖို့ ဆန္ဒရှိပါတယ်"
"တပည့်လည်း ဆန္ဒရှိပါတယ်..."
သူ့ ဦးဆောင်မှုအောက်မှာ အရည်အချင်းရှိဂိုဏ်းသားတွေအကုန်လုံးဟာ တညီတညာတည်း ဒူးထောက်ချကြလိုက်ပြီး သူတို့ရဲ့ မျက်နှာတွေပေါ်မှာ ကာကွယ်ပေးချင်စိတ်တွေက အပြည့်အဝထင်ဟပ်နေတယ်။
ဒီဂိုဏ်းသားတွေအကုန်လုံးက လင်ကျန့်ဂိုဏ်းရဲ့ အလေးပေးခံရပြီး အချစ်ခံရတဲ့တပည့်တွေဖြစ်ကြတာကြောင့် အပြစ်ပေးခန်းမက သူတို့အားလုံးကို ဂိုဏ်းကနေ ထုတ်ပယ်မှာ မဟုတ်ဘူးဆိုတာကို လူတိုင်းက ရှင်းရှင်းလင်းလင်း သိထားကြတယ်လေ။
ငါ့နှလုံးသားက အေးစက်လာတာမို့ ကျန်တဲ့လက်တစ်ဖက်နဲ့ အသားထဲအထိလက်သည်းတွေ နစ်ဝင်သွားအောင် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိတယ်။
ငါ့ရင်ဘတ်ထဲထည့်ထားတဲ့ အဝတ်ထုပ်အဟောင်းလေးက ပြေကျသွားပြီး အထဲမှာထည့်ထားတဲ့ ငါ့မိသားစုရဲ့ မီးကျွမ်းထားတဲ့ ရုပ်ကြွင်းအသားစတွေက အပြင်ကို အနံ့ဆိုးတစ်ခုနဲ့ ပြုတ်ကျလာခဲ့တယ်။
ဒါပေမဲ့ ဘယ်သူမှဂရုမစိုက်ခဲ့ကြဘူး။