Chapter (21)
ထွေးဖက်မှု
သူရင်ဆိုင်ရမယ့် အခြေအနေအကြောင်း တွေးရင်း ဖန်းချူသည် ယွိစစ်ကျဲ၏ ရောင့်တက်ဖွယ်ဆုံးဖြတ်ချက်ကို ဂရုမစိုက်တော့ပေ။ တကယ်တော့ ယွိစစ်ကျဲ လုပ်တာလည်း မှန်တယ်လို့ သူထင်ခဲ့ပါသည်။ စိတ်ထဲကနေ တစ်ဖက်လူအတွက် လက်ခုပ်တီးပေးချင်သွားသည်။
သူ ယွိစစ်ကျဲကို သတိထားပြီး စိုက်ကြည့်ရင်း ပေါ့ပေါ့ပါးပါး ချောင်းဆိုးလိုက်သည်။
"မင်း ဘယ်တုန်းက ပြဿနာရှိနေမှန်း ရှာတွေ့သွားတာလဲ"
ခဏနေဦး။ ချန်ကျားက ရဲကို မခေါ်လိုက်ဘူးလား။ သူဘယ်လိုလုပ် ဖုန်းခေါ်နိုင်တာလဲ။ ဒါမှမဟုတ် ဘာမှမဖြစ်ခင်တုန်းကလား။
ဖန်းချူ ခဏမျှ တုံ့ဆိုင်းသွားသည်။
"ချန်ကျား ဖုန်းခေါ်ပြီးတော့လား"
ယွိစစ်ကျဲက မျက်ခုံးတစ်ချက်ပင့်ကာ :"ဘယ်သူသိမှာလဲ? သူ ဖုန်းဆက်ပြီးတော့ တစ်ခုခုဖြစ်နိုင်တာပဲ သူအဲဒီဖုန်းကောကို မခေါ်ခဲ့တာတောင် ဖြစ်နိုင်တယ်"
ကြောက်စိတ်များ ပြည့်နှက်နေသော ဖန်းချူ: "…"
မင်းရဲ့ ဒီစကားတွေက ငါ့ကို ပိုကြောက်စေတယ်ကွ။ မင်းကတော့ အရမ်းတည်ငြိမ်ပြီး အတွေ့အကြုံတွေ စုဆောင်းထားပေမယ့် ငါက အခု အရူးလို ထိတ်လန့်နေတာ။ နတ်ဆိုး နဲ့ လူသတ်နေတဲ့ အခန်းထဲမှာ ရှိနေဖို့ စိတ်ကူးတောင် မယဥ်ရဲဘူး။
ဖန်းချူ ကြမ်းပြင်ပေါ်သို့ ခုန်ဆင်းခါနီးတွင် ယွိစစ်ကျဲက ရုတ်တရက် စကားပြန်ပြောလာသည်။ သူ့ကို နှစ်သိမ့်နေသလိုပင်။
"အဆင်ပြေပါတယ်... ကိုယ်တို့က အဓိက ပစ်မှတ် မဟုတ်ဘူး...ပြီးတော့ မင်းပဲ မိုးခိုဖို့ လာခဲ့တာ မဟုတ်ဘူးလား"
*မြှားတစ်စင်းနဲ့ နှလုံးသားကို တိုက်ရိုက် ထိမှန်သွားပြီ!*
ဖန်းချူ ချောင်းဆိုးကာ သွေးထွက်လုမတတ် ဖြစ်သွားသည်။ သူ့ဘာသာ ရောက်လာခဲ့တာကို သူ လုံးဝ မေ့သွားခဲ့၏။ သို့သော် ယွိစစ်ကျဲကို မကျေမနပ်အကြည့် ပေးလိုက်သေးသည်။ ဒီလူက ဒဏ်ရာပေါ် ဆားပွတ်နည်းကို တကယ်သိလေသည်။ ဒါပေမယ့် ဒါက လူကြီးမင်းချီ အသတ်ခံရတဲ့ မြူးကြွတဲ့ ခွေးသွေးပြဇာတ် တစ်ခုလို့ အစက ထင်ခဲ့ပေမဲ့ အခုသူ့ကို သတ်တဲ့လူက သရဲတစ္ဆေ ဖြစ်နိုင်လား စဥ်းစားရပြန်ပြီ။
ဖန်းချူ: "အမ်...ဒါဆို သူ့ကိုသတ်တဲ့ လူသတ်သမားက တစ္ဆေလား?"
ယွိစစ်ကျဲ ခေါင်းယမ်းလိုက်သည်။
ဖန်းချူ : “တစ္ဆေမဟုတ်ဘူးလား”
ယွိစစ်ကျဲ၏ နှုတ်ခမ်းများသည် အပြုံးတစ်ဝက်ဖြင့် ကွေးသွားကာ။
"ကိုယ်ပြောချင်တာက ကိုယ်လည်း မသိဘူး"
ဖန်းချူ : "..."
ဒါက တကယ်ကို နှစ်သိမ့်တဲ့စကားပဲ။
ဖန်းချူ နောက်ဆုံးတွင် ယွိစစ်ကျဲနှင့် ဆက်သွယ်ရန် စွန့်လွှတ်လိုက်သည်။ အကြောင်းမှာ သူ၏ ဆဋ္ဌမအာရုံက သူလိုချင်သော အဖြေကို မရနိုင်သဖြင့် ပိုစိတ်ပျက်သွားခြင်းပင်။ ဖန်းချူသည် သူ အသက်ရှင်နေဖို့ ယွိစစ်ကျဲကို လိုအပ်နေသေးသည်ဟု တွေးကာ တစ်ခုတည်းသောကုတင်ကို ငုံ့ကြည့်လိုက်သည်။ သူ ဆိုဖာပေါ်တွင် မအိပ်နိုင်ပေ။
သူ့မျက်လုံးများက ဝိုင်းစက်စက် ဖြစ်သွားပြီး တည့်တည့်မတ်မတ်ထိုင်ကာ ကုတင်အတွင်းဘက်တွင် တိုက်ရိုက် ဝင်အိပ်လိုက်လေသည်။ ထို့နောက် လေးနက်သော အမူအရာဖြင့် သူ့ဘေးနားရှိ နေရာကို ပွတ်သပ်ကာ ဖော်ရွေသည့် လေသံလေးဖြင့်။
"မင်းလည်း အနားယူလေ.. ငါ မင်းကို မနှောင့်ယှက်ပါဘူးလို့ ကတိပေးပါတယ်"
ယွိစစ်ကျဲ သူ့ကို ဘာသိဘာသာ ကြည့်နေသည်။
ဖန်းချူ၏ မျက်နှာသည် သူ့အကြည့်အောက်တွင် အနည်းငယ် နီမြန်းသွားလေ၏။ ယွိစစ်ကျဲဘက်က ဘာကိုဆိုလိုချင်မှန်းကို မသိဘဲ သူ့နှလုံးသားကလည်း ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။ တကယ်တော့ ယွိစစ်ကျဲ အပြင်ဘက်တွင် အိပ်သွားစေဖို့အတွက် သူ နံရံဘက်ကနေရာကို တမင်တကာ နေရာယူထားခဲ့၏။ ယွိစစ်ကျဲ အဲဒီဘက်မှာ အိပ်ရင် အထူးလုံခြုံတယ်လို့ ခံစားမိလို့သာ။
သို့သော် သူရဲဘောကြောင်လွန်းသော သို့မဟုတ် ရှက်စရာပုံ မပေါ်ချင်သောကြောင့် ယွိစစ်ကျဲကို တိုက်ရိုက်ကြည့်ကာ သူ့မျက်နှာမှာ တည်ငြိမ်ပြီး မကြောက်မရွံ့ ဖြစ်နေပုံရသည်။
ခဏအကြာတွင် ဖန်းချူသည် ဒီယွိစစ်ကျဲ အိပ်ရာမဝင်လောက်တော့ဘူးဟု ထင်လိုက်သောအခါ ယွိစစ်ကျဲက ရုတ်တရက် သူ့ဘေးတွင် လှဲချလိုက်လေသည်။ သူ့ဘေးနားမှာ အနည်းငယ်နစ်မြုပ်နေသော ခံစားမှုကို အာရုံခံမိလိုက်မှ ဖန်းချူ သက်ပြင်းကို တိတ်တဆိတ် ချလိုက်မိသည်။
အပြင်မှာ သံသယဖြစ်ဖွယ် သူစိမ်းတွေ ရှိနေသလို အောက်ထပ်မှာက အလောင်းတစ်လောင်း ရှိနေသည်။ အိမ်အတွင်းထဲမှာ နတ်ဆိုးတစ်ကောင်ကလည်း ပုန်းနေနိုင်ဖွယ် ရှိသည်။ ဖန်းချူ တကယ် အနားယူချင်ပေမယ့် မျက်လုံးမှိတ်ပြီးတာနဲ့ သူ့ပတ်ဝန်းကျင်မှာ အေးစက်သွားသလို ခံစားလိုက်ရတာမို့ အိပ်မပျော်နိုင်ခဲ့။
ဖန်းချူသည် မျက်လုံးများကို တင်းတင်းမှိတ်ထားကာ သူ့လက်နှစ်ဖက်ကို ရွှေ့ရန် ကြောက်လန့်နေသည်။
မျက်လုံး မှိတ်ထားလိုက်သည်နှင့်ပင် သူ့စိတ်က ထူးထူးခြားခြား တက်ကြွပြီး တုန်လှုပ်သွားကာ အိပ်ငိုက်နေတဲ့ အရိပ်အမြွက် အနည်းငယ်မျှပင် မရှိတော့ပေ။ သူ နောက်နေ့မနက်အထိ ဒီအတိုင်း ဖြစ်တော့မယ်လို့ တွေးနေမိခိုက် ရုတ်တရက် သူ့ဘေးကလူက လှည့်လာပြီး သန်မာသောလက်တစ်စုံဖြင့် ရင်ခွင်ထဲသို့ တင်းတင်းကျပ်ကျပ် ဆွဲသွင်းလိုက်ပေသည်။
ပြင်းထန်သော၊ လွှမ်းမိုးနိုင်စွမ်းရှိသော ဩဘာတစ်ခုက သူ့အပေါ် လွှမ်းခြုံသွားလေရာ ဖန်ချူနှလုံးသားက တစ်ခဏမျှ ရပ်တန့်လုနီးပါး ဖြစ်သွားခဲ့သော်လည်း ထိုခဏ၌ပင် အခြားမငြိမ်မသက်မှု သို့မဟုတ် ကြောက်ရွံ့မှုများကိုလည်း ဖယ်ရှားပေးခဲ့သည်။
သူ မကြောက်တော့ဘူး။
"အိပ်တော့ ကိုယ်ဒီမှာ ရှိတယ်"
နက်နဲသော သံလိုက်စွမ်းအင်လို အသံတစ်ခုက သူ့နားထဲတွင် ညင်သာစွာ တိုးဝင်လာသည်။
ဖန်းချူ အသက်ရှူသံများ မြန်လာသော်လည်း သူ့ကိုယ်သူ အိပ်ပျော်နေဟန်ဆောင်ပြီး တည်ငြိမ်အောင် ကြိုးစားကာ ဘာမှမကြားချင်ယောင် ဆောင်နေလိုက်သည်။ ဤနည်းအားဖြင့် သူသည် ဤခက်ခဲသော ရွေးချယ်မှုကို မျက်စိဖွင့် ရင်ဆိုင်စရာ မလိုတော့ပေ။
ဤအခိုက်အတန့်တွင် ယွိစစ်ကျဲ ဘာကြောင့် ဒီလိုလုပ်နေသလဲ သူ နားမလည်ဘဲ အနည်းငယ် မှိန်းသွားသည်ကိုသာ ရုတ်တရက် ခံစားလိုက်ရသည်။ တစ်ဖက်ကလည်း သူ့ကို အေးတိအေးစက် ငြင်းဆိုခဲ့ပြီး တစ်ဖက်တွင်တော့ သူလိုအပ်သမျှ အရာအားလုံးကို ပေးခဲ့ပြီး သူ့ကို ကာကွယ်ပေးကာ သက်တောင့်သက်သာဖြစ်စေသည်။
ဒါဆို သူ့ကို ကြိုက်တာလား မကြိုက်ဘူးလား။
သူ့ကို သဘောကျရင် ဘာလို့ လက်မခံဘဲ တွန်းထုတ်နေတာလဲ။ သူ့ကို မကြိုက်တော့ရင် ဘာလို့ သူ့ကို ကြင်နာနေသေးတာလဲ။
လျှောက်တွေးရင်း ရုတ်တရက် စိတ်ရှုပ်သွားသည်။
ဖန်းချူ အလွန်စိတ်လှုပ်ရှားနေပြီး နှလုံးကွဲသလို ရုန်းကန်နေသောကြောင့် အိပ်မပျော်တော့ဘူးဟု ထင်ခဲ့သည်။ ဒါပေမယ့် ဒီလူရဲ့ ပွေ့ဖက်မှုက အရမ်းနွေးထွေးပြီး ယုံကြည်စိတ်ချရပြီး သူ့ရဲ့စိုးရိမ်စိတ်တွေ အားလုံးကို ပြေပျောက်စေတာကြောင့် နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်သွားတော့သည်။
နောက်တစ်နေ့နံနက်တွင် နေရောင်ဝင်ရောက်လာသောအခါ ဖန်းချူတစ်ယောက် ယွိစစ်ကျဲပေါင်ပေါ် ခြေထောက်တစ်ဖက်ကို ချိတ်တင်ကာ ထိုလူရဲ့ ခါးတစ်ဘက်မှာလည်း လက်တစ်ဖက် တင်ထားမိ၏။ သတိမထားမိဘဲ ဖန်ချူ ဖျန်းခနဲ ဖွင့်ကြည့်လိုက်ရင်း သူ့ကိုယ်သူ ရှက်ရွံ့သွားစေသည့် အမူအရာဖြင့် ရှုံ့ချလိုက်သည်။
ဖန်းချူ သူ့လက်ကို ဆတ်ခနဲ လွှတ်လိုက်သည်။ သူ့မျက်နှာမှာတော့ ရှက်ကိုးရှက်ကန်း အမူအရာနှင့် ပြည့်နေသည်။
မျက်လုံးမှိတ်ထားသည့် ယွိစစ်ကျဲသည် လက်လွှတ်လိုက်သည်နှင့် ဖြည်းညှင်းစွာဖွင့်ကာ ဖန်းချူကို အေးအေးဆေးဆေး ကြည့်လာသည်။ ဖန်းချူလည်း သူ့ရှက်ရွံ့မှုက ရယ်စရာကောင်းတယ်လို့ ခံစားမိတာမို့ အရှက်ပြေ ချောင်းဆိုးလိုက်သည်။
ယွိစစ်ကျဲ မတ်တပ်ထရပ်ပြီး အဝတ်အစား လဲလိုက်သည်။ ထို့နောက် ပြတင်းပေါက်ဘက်ကို လှမ်းကြည့်ရင်း မျက်ခုံးများ တွန့်ချိုးသွားသည်။
"ဒါ ဒုတိယနေ့ပဲ..."
ဖန်းချူ အိပ်ငိုက်နေသော မျက်လုံးများကို ပွတ်သပ်ရင်း အံ့ဩသွားသည်။
"ဘာမှားနေလို့လဲ?"
ယွိစစ်ကျဲက ခဏလောက် နှုတ်ဆိတ်နေခဲ့ပေမယ့် ရှင်းပြလာခြင်းမရှိပေ။
သူတို့ ဤနေရာတွင် တစ်ညလုံး ပိတ်မိနေခဲ့ပြီ။ ဆိုလိုသည်မှာ ဤသည်မှာ အနည်းဆုံး D-level ပရိုဂရမ်အကွက် ဖြစ်သည်။ ဝမ်ဖုန်းရဲ့ စားသောက်ဆိုင်မှာ ရှိတဲ့ ကာလနဲ့ တူရင် ပုံမှန်အားဖြင့် ပျောက်သွားပြီး နာရီအနည်းငယ်အကြာမှာ ပုံမှန်ပြန်ဖြစ်သွားမှာပင်။
သို့သော်လည်း ယခုမူ အန္တရာယ်က ပုန်းကွယ်နေဆဲဖြစ်သဖြင့် ၎င်း၏အဆင့်ကို ဆုံးဖြတ်ရန် ခက်ခဲလေသည်။ အန္တရာယ်ကို မဖယ်ထုတ်ရင် ဘယ်သူမှ ထွက်သွားလို့ မရချေ။
ယွိစစ်ကျဲ ဖန်းချူဘက်လှည့်ပြီး တစ်ခွန်းချင်း ပြောလိုက်သည်။
"ဒီက ဘယ်သူ့ကိုမှ မယုံနဲ့"
ဖန်းချူ၏ အမူအရာမှာလည်း တင်းမာသွားသည်။
"နားလည်ပါပြီ!"
သူသည် ပျော့ညံ့နေသော်လည်း ကိုယ့်ကိုယ်ကိုယ် အလွန်သတိကပ်ထားမိသည်။ သူသည် ခေါင်းဆောင်၏ ဦးဆောင်မှုကို သေချာစွာ လိုက်နာတတ်ပြီး ဒုက္ခမဖြစ်စေပေ။ သေလမ်းရှာမယ့် အလုပ်ကိုလည်း မလုပ်ဘဲ ယွိစစ်ကျဲ စကားကို နားထောင်သွားမည်။ နောက်ဆုံးတွင်တော့ သူ့ရဲ့ ရှင်သန်ချင်တဲ့ဗီဇက အလွန်ခိုင်မာဆဲလေ။
ယွိစစ်ကျဲ ဖန်းချူကိုကြည့်ရင်း ခဏလောက် ငြိမ်နေပြီးမှ ရုတ်တရက် တိုးတိုးလေး ဆက်ပြောလာသည်။
"ကိုယ်မင်းကို ထိခိုက်ခွင့်မပြုပါဘူး"
ဖန်းချူ အံ့သြသွားသည်။
ယွိစစ်ကျဲက အခုသူ့ကို ကတိတစ်မျိုးမျိုး ပေးခဲ့တာလား။ အိုး ငါအရမ်းထိမိသွားပြီ!
ဤလူသည် အသဲနှလုံးမရှိသော သားရဲကြီးလို အေးစက်ပြီး လူတိုင်းနဲ့ ဝေးကွာနေပုံရသော်လည်း အမှန်တကယ်တွင်မူ မယုံနိုင်လောက်အောင်ပင် တာဝန်ခံမှုရှိပြီး အခြားသူများကို ကာကွယ်ရန် အမြဲတွေးပေးသည်။ အထူးသဖြင့် အကြပ်အတည်း ကာလတွင် သူကသာ အားကိုးထိုက်သူ ဖြစ်သည်။ အပျော်စီးသင်္ဘောပေါ်က အဖြစ်အပျက်ကို သတိရရင်း ဖန်းချူ စိတ်လှုပ်ရှားသွား၏။
“ကျေးဇူးတင်ပါတယ်”
ယွိစစ်ကျဲကတော့ အနည်းငယ် စိတ်မသက်မသာ ဖြစ်နေပုံရပြီး အဝေးကိုကြည့်ကာ ပြောလာသည်။
"ကိုယ်တို့ အောက်ထပ်ဆင်းရအောင်"
လှေကားအောက်ခြေသို့ ရောက်သည်နှင့် ပင်မဝင်ပေါက်မှတဆင့် ချန်ကျား ဝင်လာနေတာ တွေ့လိုက်ရသည်။ သူ့မျက်နှာမှာ မယုံကြည်နိုင်သည့် အမူအရာနှင့် ကြည့်ရဆိုးနေကာ သူ့အရင်က တည်ငြိမ်မှုများ မရှိတော့တာ တွေ့လိုက်ရသည်။
သူက ချီကျန်းကို အမြန် ပြေးရှာပြီး စကားအနည်းငယ် တိုးတိုးပြောနေသည်။ မကြာမီပင် ချီကျန်းလည်း မယုံကြည်ကြောင်းပြပြီး ချန်ကျားနှင့် ထွက်သွား၏။
ဆယ်မိနစ် ကြာပြီးနောက် နှစ်ယောက်သား ပြန်လာကာ အားလုံးစုရုံးကာ ကြေငြာလိုက်သည်။
"ငါတို့ မထင်မှတ်ထားတဲ့ အခြေအနေနဲ့ ကြုံနေရတယ်... လောလောဆယ်တော့ အပြင်မထွက်နိုင်ဘူး"
သူတို့အားလုံးထဲမှာ စိတ်မရှည်ဆုံးဖြစ်တဲ့ တင်းရွှယ်က မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
"ဘာကိုဆိုလိုတာလဲ 'မထွက်နိုင်ဘူး' ဟုတ်လား?"
ချီကျန်း : "ချန်ကျား နဲ့ ငါ စမ်းကြည့်ပြီးပြီ... ပင်မတံခါးက သော့ခတ်ထားတယ် နံရံကို ကျော်တက်ရင် တခြားနေရာက ပြန်ပြန်ရောက်လာတယ်... တစ်နည်းပြောရရင် ငါတို့ ဒီမှာ ပိတ်မိနေပြီ"
ဒါကိုကြားတော့ လင်ပိုင်သည် မယုံနိုင်စွာ လေးလေးနက်နက် မျက်မှောင်ကြုတ်လိုက်ပေမယ့် ချီကျန်းရဲ့စကားကို သူ သံသယမ၀င်ပါဘူး။ ပြီးတော့ ဒီလို မိုက်မဲတဲ့လိမ်ညာမှုကို ဘယ်သူက ပြောချင်နေမှာလဲ။
သို့သော် တင်းရွှယ်က မယုံခဲ့ပါ။ သူမသည် ချီကျန်းကို သေချာ စိုက်ကြည့်ကာ လှည့်ထွက်ကာ ကိုယ်တိုင်စမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ခဏအကြာတွင် တင်းရွှယ်လည်း ချီကျန်းစကားကို အတည်ပြုပြီး ဖြူဖပ်ဖြူရော် မျက်နှာဖြင့် ပြန်ရောက်လာသည်။ သူမသည် သူမ၏မိခင် တင်းရုံနှင့်အတူ ထိုင်လိုက်ကာ တဖြည်းဖြည်း စိုးရိမ်ပူပန်လာလေ၏။
ချီကျန်းလည်း စိတ်မသက်မသာ ဖြစ်နေပြီး ဘာကြောင့် ဒီလိုဖြစ်သွားသလဲ မသိနေခဲ့။ ယခု ပိတ်မိနေရုံသာမက ပြင်ပကမ္ဘာဆီက အကူအညီကိုလည်း ဆုံးရှုံးခဲ့ရပါသည်။ ထို့နောက် သူ ဖန်းချူအား လှည့်တောင်းပန်လိုက်သည်။
"တောင်းပန်ပါတယ်... ဒီလိုဖြစ်လာမယ်လို့ မမျှော်လင့်ထားဘူး... မနေ့က မင်းကို ဒီမှာ မခေါ်ထားခဲ့သင့်ဘူး"
ဖန်းချူလည်း သူပြောတာမှန်တယ်လို့ စိတ်ထဲမှ ထောက်ခံမိသည်။ သူ့ကိုနေဖို့ မတောင်းဆိုရင် သူတို့ ထွက်သွားနိုင်ပေမယ့် အဆုံးမှာတော့ သက်ပြင်းလေးသာ ချပြီး ပြန်ပြောလိုက်သည်။
"ဒါ မင်းအပြစ် မဟုတ်ပါဘူး"
ချီကျန်းက ခေတ္တရပ်လိုက်ပြီး စပ်စုစွာ မေးလိုက်သည်။
"မင်းငါ့ကို ယုံလား? မင်းဘာလို့ အပြင်မထွက်ကြည့်တာလဲ"
ဖန်းချူက သူ့ဘာသာသူ တွေးမိသည်မှာ "ဟိုမှာ ဘာကြည့်စရာရှိလို့လဲ" သူ့မျက်နှာက ပင်ပန်းနေသည့် အမူအရာကို ပြသထားသည်။ လွန်ခဲ့တဲ့ရက်အနည်းငယ်ကမှ တွေ့ခဲ့တာလေ! စိတ်ဆိုးတယ်၊ မကြည့်ဘူး။
သိပ်မကြာခင်မှာပဲ သခင်မချီလည်း အောက်ထပ်ကို ဆင်းလာခဲ့သည်။ ချီကျန်း သူမကို စကားအနည်းငယ် တိုးတိုး ကပ်ပြောလိုက်တဲ့အခါ သူမ အတော်လေး ငြိမ်သက်ရာမှ သူမ၏ မျက်နှာသည် ဖြူဖျော့ပြီး သွေးမဲ့သွားကာ ထောင့်စွန်းမှ တင်းရုံကို စေ့စေ့ကြည့်နေသည်။
တင်းရုံသည် သူ့အကြည့်အောက်တွင် စိတ်မသက်မသာ ဖြစ်လာသဖြင့် သူမ၏ မျက်နှာမှာလည်း ဖျော့တော့လာလေသည်။
တင်းရွှယ်သည် သခင်မချီကို ဒေါသတကြီး စိုက်ကြည့်ရင်း ဝေးဝေးနေသင့်တယ်လို့ ခံစားမိလာသည်။ အထောက်အထားမရှိဘဲ သူ့အမေကို လူသတ်သမားအဖြစ် စွပ်စွဲတာဟာ လက်ခံနိုင်စရာ မရှိပါ။ သူမနှင့် တစ်အိမ်တည်း မနေချင်ပေ။
"အမေ အပေါ်ထပ်ကို သွားပြီး အနားယူနေလိုက်ပါလား.. သမီး အပြင်ထွက်ပြီး အခြေအနေကို စစ်ဆေးကြည့်လိုက်မယ် ဒီကနေ ထွက်သွားလို့မရဘူးလို့ မယုံဘူး..."
တင်းရုံ တွန့်ဆုတ်စွာ ခေါင်းညိတ်လိုက်သည်။
တင်းရွှယ် သူမကို အပေါ်ထပ် လိုက်ပို့ပေးပြီးနောက် နောက်တစ်ကြိမ် စုံစမ်းရန် တွန့်ဆုတ်သွားခဲ့သည်။
ချန်ကျားလည်း ခဏလောက် စဉ်းစားပြီး ချီကျန်းဆီ လှမ်းပြောလိုက်၏။
"အဲဒါက အလုပ်မဖြစ်ဘူး ဆိုရင်... ငါတို့ ထွက်သွားဖို့ တခြားနည်းလမ်းရှိမရှိ လိုက်ရှာကြည့်ရမယ်"
နှစ်ယောက်သား အခန်းထဲကနေ တစ်ယောက်ပြီး တစ်ယောက် ထွက်သွားကြသည်။
သခင်မချီကလည်း အောက်ထပ်တွင် ခဏထိုင်ပြီးနောက် သူမ နေလို့မကောင်းသောကြောင့် အပေါ်ထပ်သို့ ပြန်တက်သွားခဲ့သည်။ ပိုင်လင်နဲ့ ချီကျန်းသာ အောက်ထပ်တွင် ကျန်ခဲ့သည်။ လင်ပိုင်က ချီကျန်းကို အရာအားလုံး အဆင်ပြေသွားလိမ့်မယ်လို့ နှစ်သိမ့်ပေးနေ၏။
ဖန်းချူ ခဏလောက် စဉ်းစားပြီး :"ငါတို့ရော အပြင်ထွက်ပြီး ကြည့်ကြမလား?"
သူ့ဘေးမှာ ယွိစစ်ကျဲ ရှိတာက စူပါကိုယ်ရံတော်နဲ့ တူတယ်လို့ သူ့ကိုယ်သူ တွေးလိုက်သည်။ ဘယ်သွားရမှာမှ မကြောက်တော့ချေ။ ဒီလို ဖိနှိပ်ခံနေရတဲ့ ပတ်ဝန်းကျင်ကို သည်းမခံနိုင်တော့သောကြောင့် လမ်းလျှောက်ထွက်ရမည်။ သူတို့ ထွက်သွားဖို့ နည်းလမ်းမရှိပေမယ့် ယွိစစ်ကျဲမှာ မရှိတာ ဖြစ်နိုင်ပါ့မလား။
ယွိစစ်ကျဲက ခေါင်းညိတ်ပြီး ပေါ့ပေါ့ပါးပါးပဲ ဖြေလာသည်။
"ကောင်းပြီ..."
နှစ်ယောက်သား ထွက်သွားကြသည်။ ဝင်ပေါက် ခန်းမကို ဖြတ်သွားစဉ် ဖန်းချူအကြည့်များက နံရံကပ်နာရီပေါ်မှ အမှတ်မထင် ရောက်သွား၏။ အချိန်က ရှစ်နာရီမှာ အေးခဲသွားတယ်။ ဖန်းချူ တခဏမျှ အံ့အားသင့်သွားပြီး "ဒါက တိုက်ဆိုင်လွန်းတယ်" ဟူသော အတွေး ဝင်လာသည်။
ဖန်းချူ ခေတ္တရပ်ပြီးနောက် တံခါးကိုတွန်းဖွင့်ကာ ထွက်သွားလေသည်။ ဒါပေမယ့် အပြင်မှာ အရာအားလုံးက ပုံမှန်ပါပဲ။ ထူးထူးခြားခြား ဘာမှမတွေ့ရဘဲ လမ်းတလျှောက် အလွန် တိတ်ဆိတ်နေရုံသာ ရှိသည်။
တစ္ဆေတွေ၊ ဘီလူးတွေ ရုတ်တရက် ပေါ်လာတာ မရှိဘူး။
ဒါကို သိလိုက်ရတာက ဖန်းချူးအာ တဖြည်းဖြည်း ငြိမ်သက်သွားစေခဲ့သည်။ သူလမ်းလျှောက်လာရင်း သူ့ဘေးနားကလူကို တိတ်တဆိတ် လှမ်းကြည့်ရင်း စပ်စုချင်စိတ်တွေ ပြန်ပေါ်လာပြီး စိတ်မသက်မသာ အရိပ်အမြွက် ပြလိုက်သည်။ သူ့အတွေးများ တဟုန်ထိုး လွင့်မျောသွားတော့မည့်အခိုက် ယွိစစ်ကျဲက ရုတ်တရက် သူ့လက်ညိုးကို နှုတ်ခမ်းပေါ်သို့ တင်ကာ 'ရှူး' ဟူသည့် အမူအရာဖြင့် ဖန်းချူကို တိတ်ဆိတ်နေစေရန် အချက်ပြလိုက်သည်။
ဖန်းချူ လန့်သွားပြီး နားစွင့်လိုက်စဥ် အရှေ့ ပန်းခင်းထဲက အသံတွေ ကြားလိုက်ရသည်။
ရွှေရောင်မျက်မှန်တပ်ထားသည့် အမျိုးသားတစ်ဦးသည် ထိုနေရာတွင် ရပ်နေကာ ကူကယ်ရာမဲ့ ပေါ့ပေါ့ပါးပါး အကြည့်ဖြင့် သူ့ရှေ့မှ ချောမောလှပသော မိန်းကလေးကို ကြည့်ကာ စိတ်ရှည်စွာ ရှင်းပြနေသည်။
"ငါပြောချင်တာ အဲဒီအဓိပ္ပာယ်မဟုတ်ဘူး"
ချန်ကျားနှင့် တင်းရွှယ်တို့ပင်။
သို့သော် ချန်ကျား၏ အကြည့်နှင့် အပြုအမူများ၊ တင်းရွှယ်၏ စိတ်မသက်မသာ နှင့် စိုးရိမ်သောက အသွင်အပြင်က ၎င်းတို့၏ ဆက်ဆံရေးဟာ မရိုးရှင်းကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြနေသည်။ သူတို့ဟာ အရင်က လူတိုင်းရှေ့မှာ ဆက်ဆံရေးမရှိသလို ပြုမူခဲ့ကြပေမယ့် အခုချိန်မှာတော့ နှစ်ယောက်သားက စုံတွဲတစ်တွဲလိုပါပဲ။
တင်းရွှယ် မျက်မှောင်ကြုတ်ကာ ဒေါသစိတ်နှင့် ပြည့်နှက်နေသော သူမမျက်လုံးများဖြင့် ညည်းညူလိုက်သည်။
"ကျွန်မအမေက အဆိပ်ခတ်မယ်လို့ ရှင် ထင်နေတာလား "
ချန်ကျား တင်းရွှယ်ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ရင်း သူ့ကောင်မလေးကို နှစ်သိမ့်ပေးလိုက်သည်။
"ကိုယ်ပြောတာ အဲ့လို မဟုတ်ပါဘူး သခင်မချီက ဝမ်းနည်းပူဆွေးနေတော့ အတွေးတွေ အရမ်းများနေတာ... အန်တီတင်းက ထမင်းဟင်းချက်ခဲ့သူလို့ပဲ ပြောတာပါ"
တင်းရွှယ် သူ့ကို စိုက်ကြည့်ကာ။
"ဒါဆို အမေက သံသယအရှိဆုံးလို့ ရှင် ထင်နေတာလား။"
"ဒါက အပေါ်ယံ ကောက်နုတ်ထားတာ..ဒါပေမယ့် အန်တီတင်းက ဒီလောက်ထိ သိသာထင်ရှားတဲ့ တစ်ခုခုကိုတော့ လုပ်မှာ မဟုတ်ဘူးလို့ ကိုယ် ယုံကြည်ပါတယ်... ရဲတွေ ရောက်လာတဲ့အခါ စုံစမ်းစစ်ဆေးရင် သိလိမ့်မယ် အမှန်တရားက ထွက်လာမှာပါ.."
တင်းရွှယ်မှာ အနည်းငယ် ငြိမ်သက်သွားပုံရသော်လည်း ဒေါသထွက်နေဆဲ ဖြစ်သည်။ သူမခြေရင်းမှာ ကျောက်စရစ်ခဲတစ်လုံးကို ကန်ထုတ်ပြီး။
"ကျွန်မတို့အားလုံး ဒီမှာ ပိတ်မိနေကြပြီ။ ရဲတွေ ဘယ်တော့ လာမှာလဲ ယုံလား... အမေက ဘယ်သူ့ကိုမှ သတ်မှာ မဟုတ်ဘူး အထူးသဖြင့် ဦးလေးချီကို သူမ ဘယ်တော့မှ သတ်မှာ မဟုတ်ဘူး!"
ချန်ကျား ခေါင်းညိတ်ပြီး :"ဟုတ်ပါတယ် ကိုယ် ယုံပါတယ်"
တင်းရွှယ်မှာ တစ်ဖက်လူပြောတာ ပြောင်မြောက်တယ်လို့ ခံစားမိပေမယ့် ဘာပြန်ပြောရမှန်း မသိတော့ချေ။ သူမက နှုတ်ခမ်းကို ကိုက်ပြီး။
"ကောင်းပြီ ကျွန်မဝင်တော့မယ် ရှင် ဆက်ကြည့်နေလိုက်..."
ထို့နောက် သူမ ချန်ကျားကို တွန်းထုတ်ပြီး မောင်းထုတ်လိုက်လေသည်။
ချန်ကျားသည် တင်းရွှယ် ထွက်ခွာသွားပုံကို ကြည့်ပြီး ခေါင်းကို အနည်းငယ် ခါယမ်းရင်း အပြင်ထွက်ရန် ပြင်ဆင်သည်။ ဒါပေမယ့် တစ်ဖက်က ဖန်းချူနဲ့ ယွိစစ်ကျဲကို တွေ့လိုက်ရတဲ့အခါ သူ အနည်းငယ် အံ့အားသင့်နေပုံရသော်လည်း လျင်မြန်စွာ ငြိမ်သက်သွားပြီး ပွင့်ပွင့်လင်းလင်း ပြုံးပြလိုက်သည်။
"ခင်ဗျားတို့ကို မြင်စေမိလို့ ရှက်မိပါတယ်"
ဖန်းချူ အနည်းငယ် စိတ်ရှုပ်သွားသည်။ တကယ်တော့ သူ ခိုးထွက်သွားဖို့ စီစဉ်ခဲ့ပေမယ့် ယွိစစ်ကျဲက နည်းနည်းမှ မလှုပ်ပေ။ မည်သို့ပင်ဆိုစေကာမူ တွေ့သွားမှာပဲလို့ သိနေသဖြင့် ရိုးရှင်းစွာ မလှုပ်ရှားခဲ့တာ ဖြစ်ပေမည်။
ဖန်းချူသည် ချန်ကျား၏ တုံ့ပြန်မှုကို ပိုမိုအားကောင်းလာစေရန် မျှော်လင့်ထားပါ၏။ သူဟာ တင်းရွှယ်နှင့် ယခင်က အကွာအဝေး ခြားထားခြင်းကြောင့် ၎င်းတို့၏ဆက်ဆံရေးကို အခြားသူများအား မသိစေလိုကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သည်။ သို့သော်လည်း သူတို့ဆီက ဖမ်းမိပြီးတာတောင် အံ့သြစရာကောင်းလောက်အောင် ငြိမ်သက်နေခဲ့ပြီး ထိတ်လန့်သည့်လက္ခဏာမပြပေ။
ဒါက ဖန်းချူကို အနည်းငယ် ပဟေဋ္ဌိ ဖြစ်သွားစေခဲ့သည်။
ချန်ကျား အနည်းငယ် ပြုံးလိုက်ပြီး :"တင်းရွှယ် နဲ့ ငါ ချိန်းတွေ့နေခဲ့တာ မကြာသေးပါဘူး... ငါတို့ နှစ်ယောက်လုံးရဲ့ နောက်ခံက နိမ့်ကျနေတော့ လူတိုင်းကို မကြေငြာသေးဘူး တခြား အကြောင်းပြချက် မရှိပါဘူး"
ဖန်းချူသည် တစ်ဖက်လူက သူ့အတွေးများကို ဖတ်ပြီးသလိုပင် ဖြေလာတာကြောင့် အနည်းငယ် ရှက်သွားသည်။ သူတကယ်ကို အတွေးလွန်နေခဲ့တာပဲ။
ထိုစဥ် ယွိစစ်ကျဲက တခစ်ခစ်ရယ်ပြီး ခေါင်းညိတ်လာ၏။
"မင်းတို့နှစ်ယောက်က လိုက်ဖက်တယ်"
ဖန်းချူ : "…"
ယွိစစ်ကျဲနဲ့ပတ်သက်ပြီး သူ အထင်ကြီးဆုံးအရာက သူ့ရဲ့သိုင်းပညာမဟုတ်ဘဲ သူ့ရဲ့တည်ငြိမ်တဲ့ အမူအရာပါပဲ။ ဒါက ဟန်ဆောင်ထားတဲ့ ယဉ်ယဥ်ကျေးကျေး စကားဖလှယ်မှုတစ်ခုဆိုတာ ထင်ရှားပါသည်။
ကြောင်သူတော်လို တွက်ချက်နေတဲ့ လူနှစ်ယောက် စကားပြောပုံက ဒီလိုလား။
သူတို့နဲ့ ယှဉ်လိုက်ရင် ဖန်းချူမှာ သူကတော့ လတ်ဆတ်တဲ့လေကို ရှုရှိုက်နေသလို ခံစားရလေ၏။
ချန်ကျား ပြုံးပြီးပြောလိုက်သည်။
"တင်းရွှယ်က မိန်းကလေးကောင်းလေးပါ နည်းနည်းပါးပါး သိမ်သိမ်မွေ့မွေ့ မနေတတ်ဘူး.. လူတွေနဲ့ ပြောဆိုဆက်ဆံရာမှာ သိပ်တော်တာ မဟုတ်ဘူး သူမ အမှားလုပ်မိရင် နားလည်ပေးကြပါ"
ယွိစစ်ကျဲ: "နားလည်ပါတယ်"
ချန်ကျား ခေတ္တရပ်ပြီးနောက် ဒေါသတကြီးနှင့် ကူကယ်ရာမဲ့ ပြုံးပြလိုက်သည်-
"ဘယ်လိုပြောရမလဲ... ဒီအခြေအနေနဲ့ ပတ်သက်ပြီး မင်းတို့အမြင်ကရော ဘယ်လိုလဲ?"
………………
ထိုနေရာ၌ ချန်ကျားနှင့် လမ်းခွဲလာပြီးနောက် တင်းရွှယ် ခေါင်းငုံ့ကာ စိတ်ပျက်လက်ပျက်ဖြင့် ဗီလာသို့ ပြန်သွားခဲ့သည်။
သူမသွားစရာနေရာ မရှိတော့ပေ။ ဤနေရာ၌ သူမ မယုံနိုင်လောက်အောင် စိတ်ဓာတ်ကျစွာ နေခဲ့ရသည်။ သူမမိခင်သည် အားနည်းပြီး အားကိုးမရဖြစ်နေပြီး ချန်ကျားက သူမ၏ ချစ်သူဖြစ်ခဲ့သော်လည်း သူတို့ဆက်ဆံရေးကို တခြားသူတွေ မသိသောကြောင့် အခြားသူများရှေ့တွင် သူ့ကို တိုက်ရိုက် အကူအညီတောင်း၍ မရပေ။
သူမနဲ့ သူ့အမေက ဒီမှာ တခြားတစ်ယောက်ရဲ့ အမိုးအောက်မှာ နေထိုင်နေရပြီး သခင်မချီက သူတို့ကို ရာဇ၀တ်ကောင်တွေလို ဆက်ဆံနေပြီ။ ယခု အဖြစ်အပျက်ကြောင့် သူမမှာ ပို၍ပင် ပစ်မှတ်ထားခံရသလို ခံစားခဲ့ရသည်။ သူမ ဂရုမစိုက်ဟန် ဆောင်နေသော်လည်း အတွင်းပိုင်း၌ အလွန် မလုံခြုံပြီး ထိလွယ်ရှလွယ် ဖြစ်နေသည်။
ဤတွင် သူ့အမေသာလျှင် သူမ အားကိုးနိုင်သည့် သူတစ်ယောက်ဖြစ်သည်။ ကျန်တဲ့လူအားလုံးက ချီကျန်းရဲ့ အနားမှာ ရှိနေကာ နားမလည်နိုင်စွာ ရောက်ရှိလာခဲ့ကြသော လူနှစ်ဦးလည်း ပါဝင်သည်။
တင်းရွှယ် နှုတ်ခမ်းကို ကိုက်လိုက်ပြီး အတွေးလွန်နေစဥ် အတွင်းထဲမှ ကြောက်ရွံ့ထိတ်လန့်သော အသံကို ရုတ်တရက် ကြားလိုက်ရလေသည်။ သခင်မချီ အသံပင်။
ဘာဖြစ်တာလဲ?
တင်းရွှယ် ခန်းမထဲသို့ အမြန်ပြေးဝင်လိုက်သည်နှင့် တစ်ပြိုင်နက် အက်ကွဲသံတစ်ခု ကြားလိုက်ရသည်။ အမျိုးသမီးတစ်ဦးသည် လှေကားမှပြုတ်ကျကာ သူမ၏ခြေရင်းဘက်သို့ ဆင်းသက်လာခဲ့သည်။
တင်းရုံသည် သူမ၏ ညာလက်တွင် ဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး သူမ၏ ဦးခေါင်းကို မြေပြင်နှင့် ကိုးဆယ်ဒီဂရီ ထောင့်ချိုးတွင် ဖိထားသည်။ မျက်လုံးများက ကျယ်ကျယ်ဖွင့်ကာ သူမမျက်နှာမှာ ထိတ်လန့် တုန်လှုပ်နေဆဲ ဖြစ်ကြောင်း ပြသနေ၏။
တင်းရွှယ် ထိုနေရာတွင် ရပ်ကာ အံ့အားသင့်စွာဖြင့် သူ့အမေအလောင်းကို စိုက်ကြည့်နေမိ၏။
မဟုတ်ဘူး…
ရုတ်တရက် သူမ၏ သူငယ်အိမ်များ ကျုံ့သွားကာ ဆံပင်ကို တင်းတင်းဆုပ်ရင်း စူးစူးဝါးဝါး အော်ပစ်လိုက်လေသည်။