Chapter (20)
Viewers 1k


Chapter (20)

အခန်းတစ်ခန်း



သွေးများ ကြမ်းပြင်ပေါ်သို့ စီးကျလာပြီး ဖြူဖြူဖွေးဖွေး ကော်ဇောကို ချက်ချင်း အနီရောင် စွန်းထင်းသွား​စေသည်။


သခင်မချီမှာ ကြောက်လန့်တကြား ထအော်လိုက်ကာ ခြေထောက်ကို ဆောင့်နင်းရင်း အထိတ်တလန့် ထရပ်လိုက်သည်။ သူမ မျက်နှာသည် သေမင်းတမန်ကို တွေ့နေရသည့်အလား ဖြူဖျော့နေပြီး ဟန်ချက်မထိန်းနိုင်ဘဲ ယိမ်းထိုးနေသည်။ ချီကျန်း သူ့အမေကို ထိန်းကူ​ပေးရန် လျင်မြန်စွာ လှမ်းတက်လိုက်သည်။ သူ့ရဲ့ သူငယ်အိမ်များသည် ဤအဖြစ်ကြောင့် ကြောက်ရွံ့မှု၊ စိတ်ရှုပ်ထွေးမှုနှင့် လုံးလုံးလျားလျား ကူကယ်ရာမဲ့မှု ကင်းမဲ့သွားသည်။


ချန်ကျား ထိတ်လန့်သွားသော်လည်း သူက အဖွဲ့တွင် အရင်ဆုံး တုံ့ပြန်မိပြီး လူကြီးမင်းချီ၏ အခြေအနေကို ပထမဆုံး စစ်ဆေးသူ ဖြစ်သည်။ သူ့လက်ကို သွေးခုန်နှုန်းပေါ်တင်ကာ အသက်ရှူမှုကို စစ်ဆေး​နေသည်။ အချိန်အတော်ကြာ ခေတ္တရပ်ပြီးနောက် သူ့မျက်နှာက ညှိုးငယ်သွားကာ တိုးညှင်းသော လေသံဖြင့် ပြောလာသည်။


"ကယ်တင်ဖို့ လွန်သွားပြီ" 


ဒါကိုကြားတော့ သခင်မချီ မူးလဲလုနီးပါး ဖြစ်သွားသည်။ တင်းရုံနှင့် တင်းရွှယ်လည်း မယုံကြည်မှုနှင့် ထိတ်လန့်မှုတို့ဖြင့် ထရပ်လိုက်ကြသည်။


ဖန်းချူ လက်ဖဝါးမှာလည်း ချွေးများ စိုစွတ်နေ၏။ သူတစ်ပါးကို ကျိန်ဆဲဖို့ အရည်အချင်းမရှိဘူးဟု သူ့ကိုယ်သူတော့ တွေးမိပါသည်။ 


ဒါပေမယ့် သူ့မှာ မရဏနတ်ဘုရား ရောင်ဝါ နည်းနည်းတော့ ရှိမနေဘူးမလား။ 


မတော်တဆတွေ ကြုံရနိုင်ခြေက အရမ်းများ​နေသည်။ သူ့အရင်ဘဝက မရဏနတ်ဘုရားတစ်ပါးဖြစ်တဲ့ နာမည်ကြီး မူလတန်း ကျောင်းသူလေးတစ်ယောက်နဲ့ ဆက်စပ်မှုများ ရှိခဲ့လားလို့တောင် တွေးတောမိလာသည်။ တစ်ခုတည်းသော ကံကောင်းခြင်းက ယွိစစ်ကျဲက ဒီအချိန်မှာ သူ့ဘေးမှာ ရှိနေခဲ့တာပါပဲ။ သို့နှင့် အလိုလိုနေရင်း ကြောက်လန့်မှုနည်းသွားပြီး ယွိစစ်ကျဲကို အလျင်အမြန် မော့ကြည့်လိုက်သည်။


ယွိစစ်ကျဲက အမှန်ပင် ငြိမ်သက်နေပြီး ဘာမှမထူးခြားသလိုပင်။ ဒီလိုအခြေအနေမျိုးမှာတောင် သူက မတုန်မလှုပ်ဘဲ၊ သူ့အကြည့်တွေက လူတိုင်းအပေါ် ပေါ့ပေါ့ပါးပါးသာ ပျံ့လွင့်နေသည်။


ဖန်းချူ ယွိစစ်ကျဲရဲ့ အင်္ကျီလက်ကို ညင်သာစွာ ပွတ်သပ်ပြီး သူ့မျက်လုံးများဖြင့် စကားပြောချင်သည် : ငါတို့ အခု ဘာလုပ်မှာလဲ ?


ယွိစစ်ကျဲ၏ မျက်လုံးများသည် နားမလည်နိုင်လောက်အောင် နက်မှောင်နေပြီး သူ့အကြည့်များကို ဖန်းချူ နားမလည်ချေ။ သူက ဖန်းချူကို ကြည့်ကာ ခေါင်းကို ညင်သာသာလေး ခါလိုက်သည်။


ဖန်းချူ : ...ဒါက ဘာကိုဆိုလိုတာလဲ။ နားမလည်ဘူး! 


တင်းရွှယ်သည် ငယ်ရွယ်သေးသော မိန်းကလေးမို့ ဤအခြေအနေကြောင့် လုံးဝကို ထိတ်လန့်သွားသည်။ တစ်ဖက်တွင်မူ တင်းရုံသည် မျက်နှာဖြူဖျော့ဖျော့ဖြင့် ထိုင်နေပြီး သူမ၏မျက်လုံးများသည် ထိတ်လန့်မှုနှင့် နက်နဲရှုပ်ထွေးသော ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေသည်။ သူမသည် သခင်မချီကို လျင်မြန်စွာ ကြည့်လိုက်ပြီးနောက် သူမနှုတ်ခမ်းများကို တင်းတင်းကြပ်ကြပ် ဖိကာ တိတ်ဆိတ်သွား၏။


လင်ပိုင်ကလည်း ဧည့်သည်တစ်ဦးမျှသာ ဖြစ်သည်။ သူနှင့် ချီကျန်းတို့က သူငယ်ချင်းကောင်းများ ဖြစ်ကြသော်လည်း ယခုအချိန်တွင် မည်သည့်အကူအညီကိုမျှ မပေးနိုင်သေးပုံပေါ်သည်။ ဖန်းချူလိုပဲ အံ့ဩသွားကာ ထိုနေရာတွင် တောင့်တောင့်ကြီး ထိုင်နေသည်။


ချီကျန်းကတော့ သူ့အမေကို ထောက်ကူပေးထားရ၏။ သူတို့နှစ်ဦးသည် ဝမ်းနည်းပူဆွေးနေသဖြင့် စကားမပြောနိုင်ဘဲ လူကြီးမင်းချီ၏ ခန္ဓာကိုယ်ကိုသာ စိုက်ကြည့်နေကြသည်။


နောက်ဆုံးတွင် ချန်ကျားက ရှေ့သို့ တိုးလာသည်။ သူက ဖုန်းကို ထုတ်လိုက်ပြီး ရဲကို တိတ်တဆိတ် ဖုန်းခေါ်လိုက်သည်။


ဒီမမျှော်လင့်ထားတဲ့ အဖြစ်အပျက်က သူ့ကိုလည်း အံ့သြတုန်လှုပ်စေပါ၏။ တကယ်တော့ လူကြီးမင်းချီက သူ့ကို မိသားစုလို ဆက်ဆံပြီး အမြဲတမ်း တန်ဖိုးထား ဂရုစိုက်ခဲ့သည်။ ဒါပေမယ့် အခု လူကြီးမင်းချီက ကွယ်လွန်သွားပြီ။ 


သို့သော် အသည်းကွဲနေသော ချီကျန်း နှင့် သူ့မိခင်၊ လန့်ဖြတ်နေသော တင်းရွှယ်တို့သားအမိတို့ အခြေအနေကို ကြည့်ရင်း သူကသာ အခြေအနေကို ရှေ့သို့ လှမ်းပြီး ကိုင်တွယ်နိုင်သည့် တစ်ဦးတည်းသော သူဖြစ်ကြောင်း  သဘောပေါက်လိုက်သည်။ ထိတ်လန့်နေလို့ မရပေ။ တည်ငြိမ်သက်နေရမည်။


ချန်ကျား ခေတ္တရပ်လိုက်ပြီး သခင်မချီကို ညင်ညင်သာသာလေး နှစ်သိမ့်ပေးလိုက်သည်။


"သခင်မ... အိမ်ထဲဝင်ပြီး အနားယူလိုက်ပါလား..."


သခင်မချီ၏ မျက်လုံးများသည် ငိုထားတာကြောင့် နီရဲနေပြီး အသက်ရှုကြပ်နေသည်။ သူမ ကြောင်တက်တက် ဖြစ်နေသော်လည်း ချန်ကျား၏ စကားများသည် နောက်ဆုံးတွင် သူမကို လက်တွေ့ဘဝထဲသို့ ပြန်ဆွဲသွင်းခဲ့ပုံရသည်။ သို့သော် သူမ ချန်ကျားကို လုံးဝမကြည့်။ ထိုအစား သူမ ရုတ်တရက် မကျေမနပ်၊ စိတ်ပျက်အားငယ်မှုများ အပြည့်ရှိသော မျက်လုံးဖြင့် တင်းရုံကို အပြင်းအထန် စိုက်ကြည့်လိုက်သည်။ 


"ဒါ နင်ပဲ! နင်လုပ်တာမလား... နင် သူ့ကို သတ်လိုက်တာ!"


"ဘာလို့ဒီလိုလုပ်တာလဲ?!" 


သခင်မချီ၏ ပါးပြင်ပေါ် မျက်ရည်များ စီးကျလာသည်။ 


"ဒါတွေက နင် ချက်ထားတာ... နင် သူ့ကို အဆိပ်ခတ်ဖို့ အခွင့်သာတယ်... နင်ဘာလို့ ဒီလိုလုပ်ရတာလဲ ငါတို့ နင့်ကို ဘာအမှားလုပ်မိလို့လဲ။"


ထိတ်လန့်ကြောက်ရွံ့နေပြီ ဖြစ်သော တင်းရုံမှာ သခင်မချီ၏ ရုတ်တရက် စွပ်စွဲချက်ကြောင့် အလွန်ထိတ်လန့်သွားပြီး မြေပေါ်သို့လဲကျလုနီးပါး ဖြစ်ခဲ့ရသည်။ ဒါပေမယ့် သူမအနေနဲ့ ဒီလိုစွပ်စွဲချက်တွေကို မခံနိုင်မှန်းသိသာပြီး။ 


"ကျွန်မ မလုပ်ပါဘူး ကျွန်မသူ့ကိုသတ်စရာ အကြောင်းမရှိဘူး ကျွန်မ မဟုတ်ဘူး!"


တင်းရွှယ်ကလည်း သူ့အမေကို အမြန်ကာကွယ်ပေးသည်။ 


"မေမေက အဲဒီလိုမလုပ်ဘူး... ရှင် တစ်ခုခုတော့ အထင်လွဲနေတာ ဖြစ်လိမ့်မယ်"


ဒါပေမယ့် အမေနဲ့သမီးရဲ့ ရှင်းပြချက်တွေဟာ အားနည်းပြီး အစွမ်းမဲ့ပုံပေါက်ပါသည်။ သခင်မချီရဲ့ စွပ်စွဲချက်များကမူ ကျိုးကြောင်းဆီလျော်ပြီး အဖြစ်အပျက်အပေါ် ကောင်းစွာ အခြေခံသည်။ ထိုအမျိုးသမီးက လူကြီးမင်းကို အဆိပ်ခတ်ရန် ဖြစ်နိုင်ခြေအရှိဆုံးသူ ဖြစ်ပုံရသည်။ သခင်မချီကလည်း ဒါကိုသိပြီးနောက်မှာ အားလုံးက ချက်ချင်းဆိုသလို အမေနဲ့သမီးကို သံသယတွေနဲ့ ကြည့်နေခဲ့ကြသည်။


တင်းရုံသည် သူမ၏ အဆင်မပြေသော အခြေအနေကို သဘောပေါက်ပြီး သူမ နာမည်ကို ရှင်းရန် ကြိုးစားတော့သည်။ 


"ကျွန်မ တကယ်မဟုတ်ခဲ့ပါဘူး! ရှင်က လူကြီးမင်းဘေးမှာ ထိုင်နေတာ... ရှင်လည်း အခွင့်အရေး ရတယ်!"


သခင်မချီအပေါ် သူမအကြည့်က အနည်းငယ် ရှောင်တိမ်းသွားသည်။ သူမ ပါးစပ်ကို ဖွင့်ပြောလိုက်သော်လည်း ဖန်းချူနှင့် အခြားလူများကို မျက်လုံးပြူးကြည့်ပြီးနောက် နောက်ဆုံးတွင် သူမ ပါးစပ်ကို ပိတ်ခဲ့သည်။ နှုတ်ဆိတ်သွားသော သူမအမူအရာမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်နေသည်။


ဖန်းချူ သူတို့၏ အကြည့်များကြောင့် အံ့ဩသွားသည်။ 


အစ်မကြီး ခင်ဗျား ဒီလိုလုပ်နေပုံက တစ်ခုခုကို ဖုံးကွယ်ထားသလိုပဲနော်..


သူက တင်းရုံကိုကြည့်ပြီး သခင်မချီကိုလည်း ကြည့်လိုက်သည်။ သခင်မချီက လှပသည်၊ ပိန်ပါးသည်၊ ပျော့ပျောင်းသည်။ တင်းရုံက ရင့်ကျက်ပြီး ချစ်စရာကောင်းကာ သူမ၏ဆွဲဆောင်မှုကို ဆက်လက် ထိန်းသိမ်းထားဆဲဖြစ်သည်။ “ဒါက ချမ်းသာတဲ့မိသားစုရဲ့ ခွေးသွေးဆန်တဲ့ ပြဇာတ်တော့ မဖြစ်နိုင်ဘူးမလား” လို့ပင် သူ့ဘာသာသူ တွေးနေမိသည်။ 


ရက်စက်လွန်းတယ်...


ချန်ကျားသည်လည်း ဤမငြိမ်သက်မှုများက ဆက်သွားလို့ မဖြစ်တော့ကြောင်း ပြင်းပြင်းထန်ထန် ခံစားခဲ့ရသည်။ တစ်ခုခု ပြင်းထန်လာရင် ရယ်မောစရာ ဖြစ်သွားလိမ့်မည်။ 


“လူတိုင်း မထွက်သွားကြနဲ့ မထိတ်လန့်ပါနဲ့.... ရိုင်းစိုင်းတဲ့စိတ်နဲ့ စွပ်စွဲနေမယ့်အစား ရဲတွေရောက်လာပြီး အမှန်တရားကို ရှာဖွေပေးတဲ့အထိ စောင့်ကြရအောင်” 


ပြောပြီး သူတို့ကို တားဆီးဖို့ ရှေ့ကို တိုးလာခဲ့ပါသည်။


လူကြီးမင်းချီ အဆိပ်ခတ်ခံခဲ့ရသည်။ မထင်မှတ်ပဲ ရောက်လာတဲ့ ယွိစစ်ကျဲနဲ့ ဖန်းချူတို့အပြင် ဒီမှာရှိတဲ့လူတိုင်း၊ သူကိုယ်တိုင်အပါအဝင် သံသယရှိသူတွေ ဖြစ်သွားနိုင်ပါသည်။ ထို့ကြောင့် ဘယ်သူမှ ထွက်ခွာလို့ မဖြစ်ပေ။ 


ချန်ကျား ခေတ္တရပ်လိုက်ပြီး ဖန်းချူကို တောင်းပန်လိုက်သည်။


"ဖြစ်ပျက်ခဲ့တာအတွက် စိတ်မကောင်းပါဘူး... ငါတို့ မင်းတို့ကို ဧည့်ခံဖို့ အချိန်မပေးနိုင်သေးဘူး..." 


ဒါက သူတို့ထွက်သွားသင့်တယ်ဆိုတဲ့ သိမ်မွေ့တဲ့ အရိပ်အမြွက်ပဲ။ ဒီမှာ ကိစ္စတွေက အရမ်းရှုပ်ပွနေပြီမလို့ အပြင်လူတွေ မလိုတော့ပေ။ ဖန်းချူကလည်း ဉာဏ်ကောင်းသူ ဖြစ်သည်။ သူထွက်သွားချင်တယ်လို့ ချက်ချင်း ပြောသင့်နေပြီ။ တကယ်တော့ သူတကယ်ထွက်သွားချင်ခဲ့တာ။


နောက်ဆုံးတော့ သူ အနားယူနိုင်ခဲ့ပြီ။ မြူးထူးတဲ့ ခွေးသွေးပြဇာတ်ထဲမှာ မပါဝင်ချင်ခဲ့ပါဘူး။


ထိုစဥ် ယွိစစ်ကျဲ ရုတ်တရက် သူ့လက်ကို လှမ်းဆွဲလာသည်။ 


"ဖြစ်ခဲ့တဲ့အတွက် စိတ်မကောင်းပါဘူး အားလုံးက အိမ်နီးနားချင်းတွေပဲလေ... ငါတို့တွေလည်း ကြုံလာရမှတော့ ဘာမှ မလုပ်​ပေးဘဲ မနေပါဘူး ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ကူညီပေးနိုင်တာများရှိမလား"


ဖန်းချူ အံ့အားသင့်သွားပြီး :"... " 


မင်းမှာ ကြင်နာတတ်တဲ့ မျက်နှာရှိမှန်း ငါဘယ်တုန်းကမှ မသိခဲ့ပါလား!


ချန်ကျားလည်း အထိတ်တလန့်နဲ့ အနည်းငယ် အံ့သြသွားသည်။


ဘာလို့လဲ ဆိုတော့ များသောအားဖြင့် အပြင်လူတွေက ဒီလိုအခြေအနေမျိုးမှာ အကြာကြီး မနေချင်ကြဘူးလေ။ အထူးသဖြင့် သူတို့တွေ့ဖူးတာ ခဏလေးပဲ ရှိသေးသည်။ ဒါပေမယ့် ယွိစစ်ကျဲက ဒီလိုပြောနေတော့ ထွက်သွားဖို့ မနှင်နိုင်တော့ချေ။ 


ချန်ကျားနဲ့ သဘောထားကွဲလွဲနေချိန်တွင် ချီကျန်းက နောက်ဆုံးတွင် ခေါင်းကို မော့ကာ နီမြန်းနေသော မျက်လုံးများကို ထုတ်ဖော်ပြလာသည်။ 


"သူတို့က ကျ​နော့်သူငယ်ချင်းတွေပဲ... သူတို့နေပါစေ"


ချန်ကျား ခဏမျှ တိတ်ဆိတ်သွားပြီး ခေါင်းညိတ်လိုက်သည်။


သူ တာဝန်ယူထားတာက သခင်မချီနဲ့ ချီကျန်းက သူတို့၏ကိုယ်ပိုင် ဝမ်းနည်းမှုတွေထဲ နစ်မွန်းနေသောကြောင့်သာ ဖြစ်သည်။ နောက်ဆုံးတွင် ချီကျန်းက အိမ်ထောင်ဦးစီး ဖြစ်နေပြီမလို့ ဆုံးဖြတ်ချက်များ ချ​ပေးသင့်သည်မှာ မှန်ပါသည်။


အိမ်​​ထောင်​ဦးစီးက ပြော​နေ​သော​ကြောင့် သူလည်း ​သဘာဝ​အတိုင်း​ ဘာ​မှ​ပြော​မ​နေ​တော့​ပေ။ 


ဒါကြောင့် ယွိစစ်ကျဲနဲ့ ဖန်းချူ ထိုအိမ်၌ တည်းခိုခဲ့သည်။


ယွိစစ်ကျဲက သူ့အမူအရာကို အေးဆေးတည်ငြိမ်စွာ ဖွဲ့စည်းထားသည်။ ဖန်းချူမှာ ထိုနေရာတွင် ထိုင်နေရမလား ထွက်ခွာရမလား မသေချာသဖြင့် အနည်းငယ် အဆင်မပြေသလို ခံစားလိုက်ရသည်။ ယွိစစ်ကျဲ ဘာကြောင့် ဒီရုန်းရင်းဆန်ခတ် အမှုထဲမှာ ပါဝင်ဖို့ ရွေးချယ်ခဲ့သလဲ သူ နားမလည်နိုင်ပေ။


ချီကျန်းသည် သူမ၏ ပူဆွေးသောက ဝေဒနာခံစားနေရသော မိခင်အား အနားယူရန် အပေါ်ထပ်သို့ ပြန်တွဲခေါ်သွားခဲ့သည်။ ထို့နောက် ကျန်လူများက လူကြီးမင်းချီ၏ ရုပ်အလောင်းကို ထိုင်ခုံပေါ်မှ ရွှေ့လိုက်ကြသည်။


ဒါပေမယ့် အံ့သြစရာကောင်းတာက ရဲတွေ မရောက်လာကြသေးပေ။ ဗီလာဧရိယာက အတန်ငယ်ဝေးသော်လည်း ရဲတပ်ဖွဲ့၏ တုံ့ပြန်မှုအချိန်က နှေးကွေးလွန်း​နေသည်။ 


ကောင်းကင်ကြီးတောင် တဖြည်းဖြည်း မှောင်လာ​ပြီ။


ဖန်းချူသည် ယွိစစ်ကျဲအား အိမ်ပြန်ရန် အကြံပေးချင်သဖြင့် တစ်ဖက်လူရဲ့ အင်္ကျီလက်စကို ညင်သာစွာ ဆုပ်ကိုင်ထားသည်။ ​နောက်​ကျ​နေပြီ။ ​နေပြီး ဘာ​တွေလုပ်မလို့လဲ။ 


ခဏနေတော့ ချီကျန်း ရောက်လာသည်။


သူ့မျက်​နှာက အနည်းငယ်​နီရဲ​နေပြီး မျက်​လုံး​တွေက အနည်းငယ်​​ သွေးထွက်​နေသလိုပင်။ သူက ဖန်းချူကို အတင်းပြုံးပြပြီး။ 


"ငါနဲ့ အ​ဖော်နေပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်... ငါ..."


သူ့နှုတ်ခမ်းကို ကိုက်လိုက်သည်။ ထိုအခိုက် အလင်းရောင် မှိန်မှိန်လေးက သူ၏ ချောမောသော မျက်လုံးများကို ဖုံးအုပ်ထားကာ သူ့အသံကိုလည်း မကြားရသလောက်ပင်။ 


"ဒီမှာ လင်ပိုင်နဲ့ ငါ့အမေကလွဲရင် မင်းတို့က ငါယုံနိုင်တဲ့လူတွေပဲ..."


ဖန်းချူသည် တစ်ဖက်လူ သူတို့ကို ဤမျှလောက် ယုံကြည်ထားလိမ့်မယ်လို့ မမျှော်လင့်ထားပေ။ ချီကျန်းရဲ့ အားနည်းတဲ့ အကြည့်တွေကြောင့် သူ့ခမျာ ထွက်သွားဖို့ မတတ်နိုင်တော့ဘဲ ဖြစ်လာသည်။ 


ချီကျန်း : "အပေါ်ထပ်မှာ ဧည့်သည်ခန်းရှိတယ်... ငါမင်းတို့ကို အိပ်ဖို့ ခေါ်သွားပေးမယ်" 


သူက သူတို့ကို ညအိပ်ရန် နေရာတစ်ခု ကမ်းလှမ်းနေ​ပြီ။


ဖန်းချူ တုံ့ဆိုင်းနေပြီး လိုက်သွားဖို့ မလိုလားသေးချေ။ ထိုစဥ် ယွိစစ်ကျဲက သူ့ကို ရုတ်တရက် ဆွဲကပ်လိုက်ပြီး သူ့ရင်ခွင်ထဲကို ဆွဲသွင်းလိုက်ရင်း ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါ၏။ 


"အခန်းတစ်ခန်းဆို လုံလောက်ပါပြီ..." 


ဖန်းချူ : "!!!"


ထိုနွေးထွေးသော လက်များက သူ့ခါးကို တင်းတင်း ဆုပ်ကိုင်ထားသဖြင့် ဖန်းချူ အသံထွက်ရန်ပင် မေ့သွားကာ ထိတ်လန့်သွားသည်။ သူ့စိတ်ထဲတွင် ထိုလူ၏ ရုတ်တရက် နီးကပ်လာမှုများဖြင့်သာ ပြည့်နေသည်။


ယွိစစ်ကျဲ ဘာကို ဆိုလိုတာလဲ။ သူ ဘာလို့ သူနဲ့ တစ်​ခန်းတည်း နေချင်​တာလဲ။


နေဦး ဒါကို လူသိရှင်ကြားလုပ်တာက ဘာကိုဆိုလိုတာလဲ။ ဒါကိုလုပ်ဖို့ ဘယ်သူက မင်းကို ခွင့်ပြုပေးလို့လဲ။


ဒီမှာ တခြားလူတွေ ရှိနေတယ်ကွ!


ချီကျန်းလည်း အနည်းငယ် အံ့သြသွားသော်လည်း အမြန်ပဲ သတိဝင်လာပြီး ရိုးရိုးရှင်းရှင်းပဲ အဖြေပေးလာသည်။


"ကောင်းပြီ!"


ယွိစစ်ကျဲသည် ချီကျန်း လမ်းပြရာအတိုင်း အပေါ်ထပ်သို့ လိုက်သွားသော်လည်း သူ့လက်မောင်းထဲက ဖန်းချူကို ထွက်သွားခွင့်မပေးဘဲ တင်းတင်းကြပ်ကြပ် ဖက်ထားသည်။


ဖန်းချူမှာ တဒုန်းဒုန်း ခုန်နေသော နှလုံးခုန်သံနဲ့အတူ အပေါ်ထပ်သို့ တင်းတင်းကြပ်ကြပ် လိုက်သွားခဲ့ရသည်။ စာအုပ်ထဲက လှည့်ဖြားမှုတိုင်းကို သင်ယူပြီး သူ့ရဲ့ ဆွဲဆောင်မှုကို အသုံးချဖို့တောင် ကြိုးစားခဲ့ပြီးပြီ။ တစ်ဖက်လူရဲ့ ဦးနှောက်ကို ဘယ်လို တွန်းလှန်ရမလဲဆိုတာကို တွေးနေပေမယ့် ဘာမှမဖြစ်ခဲ့ပါ။ ဒါကြောင့် သူ ထွက်သွားဖို့ ဆုံး​ဖြတ်ခဲ့ပြီးပြီ။ 


အခု မထင်မှတ်ပဲ ယွိစစ်ကျဲနဲ့ အခန်းတစ်ခန်း ​နေရတော့မှာလား။ အခန်းတစ်ခန်း၊ ကုတင်တစ်လုံးတည်း… ဘာဖြစ်သွားမလဲ…?


ဖန်းချူ သူ့မျက်နှာကြီး ပိုပူလာပြီးရင်း ပူလာသည်ကို ခံစားလိုက်ရကာ ကလေးများအတွက် မသင့်လျော်သော အရာများကို စတင် တွေးတောလာခဲ့သည်။


သူ့နောက်မှာ တံခါးပိတ်လိုက်တဲ့အခိုက် ဖန်းချူ ကြောင်လေးတစ်ကောင်လို လန့်သွားလေသည်။


အဲ့တော့ အခုက အချစ်ဇာတ်လမ်းလေးတွေထဲ နစ်မွန်းရမယ့် အချိန်လား???


သရဲတစ္ဆေနှစ်ကောင်ကို မြင်လိုက်ရပြီးပြီ။ အခု တစ်ယောက်ယောက် သေသွားတဲ့ အခန်းထဲမှာ သူနေချင်စိတ် လုံးဝ မရှိတော့နေချေ။ သို့သော်လည်း ယွိစစ်ကျဲက ဘာမှမဖြစ်သကဲ့သို့ ငြိမ်သက်နေခဲ့သည်။


အခန်းထဲ ဝင်လာပြီးနောက် သူ့လက်ကို လွှတ်လိုက်ပြီး ကော်လာက ကြယ်သီးကို ဖြုတ်ကာ အဝတ်အစားများကို ဖြည်လိုက်သည်။ ထို့နောက် ကုတ်အင်္ကျီကို ကုတင်စွန်းပေါ်သို့ ပေါ့ပေါ့တန်တန် လွှင့်ပစ်လိုက်ကာ ရှပ်အင်္ကျီအဖြူတစ်ထည်သာ ကျန်ခဲ့သည်။ ယင်းက သူ၏ပိန်ပိန်သွယ်သွယ် ကိုယ်လုံးကိုယ်ပေါက်နှင့် ခါးကို ပေါ်လွင်စေပြီး ပုံမှန်မဟုတ်တဲ့ စိတ်ကူးဉာဏ်များကို လှုံ့ဆော်ပေးလာစေ၏။ 


ရပ်စမ်း! မနေ့က မင်းရဲ့ ဆွဲဆောင်မှုကို ဒီလူက ဘယ်လို ရှုတ်ချခဲ့တယ်ဆိုတာ မမေ့နဲ့။


ဖန်းချူ ဒေါသထွက်သွားသည်။ အတူနေဖို့သဘော မတူခင်မှာ မင်းငါ့ရဲ့ထင်မြင်ချက်ကိုတောင် မမေးခဲ့ဘူး၊ အခု မင်းကငါနဲ့ အတူနေချင်နေတာလား။ ဟမ့် ငါမင်းနဲ့နေချင်တယ်လို့ ဘယ်တုန်းက ပြောမိလဲ။ 


ငါ့မှာလည်း သိက္ခာရှိတယ်ကွ! 


ဖန်းချူ ဂုဏ်ယူစွာဖြင့် မေးစေ့ကို မြှောက်လိုက်သည်။ ထို့နောက် နှာမှုတ်လိုက်ပြီး လျစ်လျူရှုလိုက်သည့် ဟန်ပန်ဖြင့်။ 


"မင်းနေချင်ရင်နေ... ငါထွက်သွားမယ်"


ယွိစစ်ကျဲ လှည့်ကြည့်လာသည်။ သူ့ရဲ့ရှည်လျားသွယ်လျတဲ့ လက်ချောင်းတွေက သူ့အင်္ကျီလက်မောင်းကို ပျင်းရိစွာ ဆွဲတင်လိုက်ပြီး ဖန်ချူးကို ဘေးစောင်းကြည့်ကာ ဆိုလာသည်။ 


"ဟုတ်လား? မင်းအခုထွက်သွားချင်တာ သေချာလား"


ဖန်းချူခမျာ သူ၏နက်​မှောင်သော မျက်လုံးများကို ဆုံတွေ့ခဲ့ပြီး အကြောင်းတစ်ခုခုကြောင့် သူ့နှလုံးခုန်နှုန်း ခုန်တက်သွားသော်လည်း ယခုတစ်ကြိမ်ရဲ့ သူ့ရည်ရွယ်ချက်ကို မမေ့သွား​သေးပေ။ တကယ်တော့ သူသည် ထိုမနက်မှ ထွက်ခွာရန် စီစဉ်ခဲ့ရာ ယခုအချိန်မှာ လူကိုယ်တိုင် နှုတ်ဆက်ရန်သာ ကျန်ရှိတော့သည်။


သို့သော် ကံကြမ္မာက မိုးသည်းထန်စွာ ရွာသွန်းလာသဖြင့် သူ့ရဲ့ ထွက်ခွာမှုကို အနှောင့်အယှက်ဖြစ်​စေခဲ့သည်။


အခုဒီမှာ ဘယ်သူမှမရှိဘူး၊ သူတို့ပဲ ရှိတယ်။ နှောင့်နှေးစရာ အကြောင်းမရှိတော့ဘူး။


ဖန်းချူ သူ့နှုတ်ခမ်းကို အနည်းငယ် ပွတ်လိုက်ပြီး “ဟုတ်တယ်” ဟူသော စကားတစ်ခွန်းကို ဖြည်းညှင်းစွာ ပြောလိုက်သည်။


ယွိစစ်ကျဲ သူ့ကို စိုက်ကြည့်နေသည်။ နက်မှောင်ပြီး ရှုပ်ထွေးသော အမူအရာကြောင့် သူ့မျက်လုံးများထဲက ခံစားချက်တွေကို မမြင်နိုင်လုနီးပါး ဖြစ်နေသည်။ သူ နောက်တစ်ကြိမ် မော့ကြည့်လိုက်သောအခါတွင် ထုံးစံအတိုင်း လျစ်လျူရှုမှုသာ ကျန်ရှိတော့သည်။ သူက နှုတ်ခမ်းကို ကောက်ကွေးပြီး။ 


"မင်းဖုန်းကို စစ်ကြည့်...." 


ဖန်းချူ : "???"


အနည်းငယ် အံ့ဩသွားသော်လည်း ဖန်းချူ သူ့ဖုန်းကို စစ်ဆေးရန် အလိုလို ထုတ်ယူလိုက်ပြီးသား။ ချက်ချင်းပင် အရိုးထိအထိ အေးစက်သွားတော့သည်။ သူ့ဖုန်းမှာ အချက်ပြမှု မရှိ​တော့ပေ။


သဘာဝလွန် ဖြစ်ရပ်နှစ်ခုကို တွေ့ကြုံခံစားခဲ့ရပြီးနောက် ယခု ဖြစ်ပျက်နေသည့် အရာများကို သူချက်ချင်း နားလည်သွားသည်။


ဖန်းချူမှာ သူ့ကံဆိုးခြင်းကို တစ်ကြိမ်ထပ်ပြီး ငိုကြွေးနေရပြန်ပါပြီ။ ထိုစဥ် ယွိစစ်ကျဲရဲ့ နူးညံ့သော လှောင်ရယ်သံက သူ့နားထဲသို့ ပေါ့ပါးသော လေဝင်လေထွက်လေးအလား ဝင်ရောက်လာသည်။ 


"ဝမ်းနည်းစရာကောင်းပေမယ့် ကိုယ်တို့နှစ်ယောက် အခုဘယ်ကိုမှ မထွက်ခွာနိုင်တော့ဘူး ထင်တယ် ဒီည တစ်ယောက်တည်း အခန်းထဲမှာ နေချင်တာ သေချာလား" 


ယွိစစ်ကျဲ သူ့မျက်လုံးများကို လေးလေးနက်နက် ကြည့်လိုက်သည်။


ဖန်းချူ : "..."


သူမျက်ရည် ကျတော့မယ်၊ ငါတို့ရဲ့ ရည်စားဟောင်း ခင်မင်မှုက ကင်းကွာသွားပေမယ့် မင်းက စစ်မှန်တဲ့ သူငယ်ချင်းတစ်ယောက် ဖြစ်နေတုန်းပဲ။ 


အခန်းတစ်ခန်းကို မျှသုံးရုံပဲမလား၊ ငါတို့ အခန်းကို သန့်သန့်ရှင်းရှင်း ရိုးရိုးသားသား မျှသုံးမှာပဲဟာ ဘာဖြစ်နေတာလဲ။


ထွက်သွားတဲ့သူက ခွေးပဲ။