Chapter 53
Viewers 2k

【Volume 3 : ကံဆိုးခြင်းနတ်ဘုရားလေး ၀၁】


Chapter 53


မိုးက သည်းထန်စွာ ရွာသွန်းခဲ့သည်။


သတင်းများအရ ၂၀၀၈ ခုနှစ်နောက်ပိုင်း မြို့တွင်း အပြင်းထန်ဆုံး မိုးရွာသွန်းမှုဖြစ်ပြီး နေရာအနှံ့ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။ မြေနိမ့်ပိုင်းရှိ လူနေအိမ်တချို့သည် ပထမထပ်အထိ ရေလွှမ်းမိုးခံခဲ့ရသည်။


သို့တိုင် ကျောင်းသားများနှင့် ရုံးဝန်ထမ်းများသည် ရာသီဥတုဘယ်လိုပဲဖြစ်ဖြစ် အပြင်ထွက်နေရဆဲဖြစ်သည်။ 


ပြည်နယ်အဆင့် အထက်တန်းကျောင်းတစ်ကျောင်းမှ နှစ်ကီလိုမီတာခန့်အကွာတွင် ရေကြီးနေသော လမ်းဘေးမှာ ကားတစ်စီး ရပ်ထားသည်။ ယာဉ်မောင်းသည် အင်ဂျင်စက်နိုးခြင်းကို လက်လျှော့လိုက်ပြီး ကျောင်းလွယ်အိတ်ကိုင်ကာ နောက်ခုံတွင် နာခံစွာထိုင်နေသော ကောင်လေးကို စိုးရိမ်တကြီး ကြည့်လိုက်သည်။ သူက တောင်းပန်စကားဆိုသည်။ "သခင်လေး၊ ကားက ပျက်သွားပြီထင်တယ်။ ကျွန်တော် ဆင်းပြီး တက္ကစီတားလိုက်မယ်။ သခင်လေး ကျောင်းကို အရင်သွားလိုက်ပါ"


ကားနောက်ခန်းက ကောင်လေးသည် အဖြူအပြာရောင် နွေရာသီကျောင်းဝတ်စုံနှင့် မိုးကာဖိနပ်များကို ဝတ်ဆင်ထားသည်။ သူ့မျက်နှာသည် နူးညံ့ပြီး နှစ်လိုဖွယ်ကောင်းကာ ကြည်လင်သောအကြည့်နှင့် ပယင်းရောင်မျက်လုံးကြီးတစ်စုံ၊ ပြီးနောက် သူ့နှုတ်ခမ်းထောင့်သည် သဘာဝအတိုင်း အနည်းငယ်ကော့နေပြီး သူ့ကိုယ်ထဲတွင် အပြုံးတစ်ခုရှိနေသလိုပင်။


သူ့နာမည်က ယဲ့ဖေးကျိုးဖြစ်သည်။ သူသည် ပြည်တွင်း အချမ်းသာဆုံး ဆယ်ယောက်ထဲတွင် အမြဲတမ်းပါဝင်နေသော ပြည်တွင်းသူဌေးကြီး ယဲ့ကျင်းရှန်၏ တစ်ဦးတည်းသောသားဖြစ်သည်။ သူသည် ငွေဇွန်းကိုက်ပြီး မွေးဖွားလာသော ငယ်ရွယ်သည့် သခင်လေးတစ်ယောက်ဖြစ်သည်။


"မလိုပါဘူး ဦးလေးလီ၊ ဒီရာသီဥတုနဲ့ ကားက ရပ်မှာမဟုတ်ဘူး။" ယဲ့ဖေးကျိုးသည် ကားပျက်စီးမှုများဖြင့် ကျင့်သားနေရပြီဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့် ခုနစ်ရက်လျှင် တစ်ကြိမ်ပျမ်းမျှအားဖြင့် ကျောင်းသို့ ခေါ်ဆောင်သွားသော ကားက ပျက်လေသည်။ သူသည် ကားကို အကြိမ်ကြိမ် အစားထိုးခဲ့သော်လည်း အသုံးမဝင်ပေ။ ယဲ့ဖေးကျိုးသည် သူ၏ကံဆိုးမှုကြောင့်ဟု ဆုံးဖြတ်ခဲ့သည်မှာ ကြာပါပြီ။ သူ သည်မနက် အိပ်ရာထပြီး မိုးသည်းထန်စွာ ရွာသွန်းနေသည်ကို မြင်သောအခါ သူ ပထမဆုံးတွေးမိတာက ‘ဒီနေ့ ကျောင်းကိုသွားရဲ့လမ်းက သေချာပေါက် ခက်ခဲတော့မှာပဲ’ ဖြစ်သည်။ သေချာပေါက် သူ ထင်တာမှန်ခဲ့သည်။


ယဲ့ဖေးကျိုးသည် စိတ်ထဲတွင် ခါးသက်သက်ပြုံးကာ နောက်ထိုင်ခုံမှ ထီးကို ကောက်ကိုင်ပြီး ကျောပိုးအိတ်ကို အတွင်းဘက်သို့ လှည့်ကာ ရေမစိုရအောင် ရင်ဘတ်ပေါ် တင်လိုက်ပြီး ယာဉ်မောင်းအား စိတ်ချလက်ချ ပြုံးပြပြီး ပြောလိုက်သည်။ "နှစ်ကီလိုမီတာပဲကျန်တော့လို့ ကျွန်တော် ပြေးသွားလို့ရပါတယ်" 


ယာဉ်မောင်းသည် သက်ပြင်းတစ်ချက်ချကာ ခေါင်းညိတ်ပြီး အကြံဉာဏ်အနည်းငယ်ပေးသည်။ ယဲ့ဖေးကျိုးသည် ကားတံခါးကိုဖွင့်ကာ ထီးကိုဖွင့်ပြီး ကျောင်းဆီသို့ ပြေးသွားခဲ့သည်။


မိုးသည်းထန်စွာရွာသွန်းပြီး ခြေဖဝါးအောက်တွင် မြေပြင်ကို စိမ့်ဝင်ကာ လမ်းကိုမြင်ရန် မဖြစ်နိုင်သလောက်ပင်။


ယနေ့ ပထမဆုံးအတန်းက ရူပဗေဒဖြစ်သည်။ ရူပဗေဒဆရာသည် တစ်ကျောင်းလုံးမှာ စိတ်တိုလွယ်ဆုံးဆရာဆိုတာ သံသယဖြစ်စရာမလိုဘဲ သူသည် ယဲ့ဖေးကျိုးကို ဆူပူရတာ အထူးနှစ်သက်ပုံရသည်။


ယဲ့ဖေးကျိုးသည် သူ့အတန်းနောက်ကျမှာကို မလိုလားတာကြောင့် သူ့ခြေလှမ်းကိုမြန်အောင် လှမ်းလိုက်သည်။ သို့သော် သူပြေးနေတုန်း ရုတ်တရက် ချော်လဲပြီး ပြန့်ကားနေသော လင်းယုန်ပုံစံအနေအထားဖြင့် မြေပြင်ပေါ်ကို ပြုတ်ကျသွားသည်။ 


ယဲ့ဖေးကျိုးသည် လျင်မြန်စွာ ခုန်တက်လာပြီး သူ့လက်မှ ချော်ကျသွားသောထီးသည် လေပြင်းတိုက်၍ လမ်းတစ်လျှောက် လွင့်သွားသည်ကို တွေ့လိုက်ရသည်။ ကံမကောင်းသော သခင်လေးယဲ့သည် သူ့ကျောင်းလွယ်အိတ်ပေါ်မှ ရေကို ပုတ်ခါကာ ထီးကိုကောက်ယူရန် လမ်းဖြတ်ကူးခါနီးတွင် အနက်ရောင်ဂျစ်ကားသည် ရုတ်တရက် ဘရိတ်အုပ်ကာ သူ့ရှေ့တွင် ရပ်လာသည်။ 


အနီးကပ်စစ်ဆေးပြီးနောက် ၎င်းသည် အချိန်အတော်ကြာ ထုတ်လှုပ်မှုမရှိတော့သော Hummer H1 အမျိုးအစားဖြစ်တာကို ယဲ့ဖေးကျိုး အသိအမှတ်ပြုခဲ့သည်။


"ကားပေါ်တက်။" ဖွင့်ထားသော ပြတင်းပေါက်မှ တစ်ဝက်တစ်ပျက်တွင် ယာဉ်မောင်းထိုင်ခုံမှာ ထိုင်နေသည့် အမျိုးသားတစ်ဦးကို ယောင်ဝါးဝါးမြင်နေရသည်။


"အမ်…" ယဲ့ဖေးကျိုးသည် ခဏမျှ တုံ့ဆိုင်းသွားကာ ‌ငုံ့ပြီး ကားပြတင်းပေါက်မှတစ်ဆင့် ဗလာဖြစ်နေသော နောက်ထိုင်ခုံကိုကြည့်လိုက်သည်။ 


မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အရိုးအထိ ရွှဲနစ်နေသော ယဲ့ဖေးကျိုးသည် အံကြိတ်ပာ ကားတံခါးကိုဖွင့်ပြီး ကားထဲသို့ ဝင်လိုက်သည်။ ယာဉ်မောင်းကို ကျေးဇူးတင်စကားပြောနေစဉ် ကား၏နောက်ဘက်ကို အမြန်ကြည့်လိုက်ပြီး နောက်ခုံ၏နောက်ဘက်ကြမ်းပြင်ပေါ်တွင် ဘယ်သူမှ လဲလျောင်းနေခြင်းမရှိကြောင်းသေချာစေပြီးနောက် စိတ်သက်သာရာရစွာ တံခါးပိတ်ပြီး ပြောလိုက်သည်။ "ကျွန်တော်က အမှတ် ၃ အထက်တန်းကျောင်းကို သွားချင်တာ။ ခင်ဗျားနဲ့လမ်းသင့်ရဲ့လား။" 


ခုနစ်နှစ်သားအရွယ်တွင် သူ တစ်ကြိမ်ပြန်ပေးဆွဲခံရပြီး ဆယ်နှစ်နီးပါးကြာပြီးနောက် ယဲ့ဖေးကျိုးသည် သူစိမ်းများကို အနည်းငယ်သတိထားဆဲဖြစ်သည်။


ပြန်ပေးဆွဲဖို့ Hummer ကားကိုတော့ ဘယ်သူမှ မသုံးလောက်ဘူးထင်တာပဲ… ဒါက မြင်သာလွန်းတယ်

 

ထိုလူသည် ပါးစပ်ကိုဖွင့်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။ "မင်းဘယ်သွားသွား ကိုယ်နဲ့လမ်းသင့်ပြီးသားပါ။"


နှေးကွေးပြီး ညင်သာသော လေသံသည် နက်ရှိုင်းပြီး နူးညံ့သိမ်မွေ့သော ညအချိန်တွင် ဆယ်လိုတီးလုံးကဲ့သို့ ထူးခြားသော အာရုံခံစားမှုရှိသည်။


ယဲ့ဖေးကျိုးသည် ခဏတာ အံ့အားသင့်သွားပြီး မော့ကြည့်လိုက်သည်။


ယာဉ်မောင်းထိုင်ခုံတွင် အသက် ၂၃၊ ၂၄ အရွယ် လူငယ်တစ်ယောက် ထိုင်နေသည်။ သူ့မျက်နှာသည် အပြစ်အနာအဆာကင်းပြီး မှိန်ပျပျအလင်းရောင်အောက်တွင် မျက်ခုံးမွှေးနှင့် မျက်လုံးများက ထူးထူးခြားခြား နက်မှောင်နေသည်။ သူ၏မြင့်မားပြီး ဖြောင့်တန်းသော နှာတံအောက်တွင် နှုတ်ခမ်းထောင့်တစ်ဖက်ကို ကော့တက်ထားသော နှုတ်ခမ်းလွှာရှိပြီး သူ့ကို ကျီစယ်နေသောအပြုံးတစ်ခု ပေးနေသည်။ သူ၏အညိုရောင်ပေါ့ပေါ့ပါးပါး အဝတ်အစားများသည် သူ၏ဖောင်းကြွပြီး လှပသော ရင်ဘတ်ကြွက်သားအပြည့်အဝကို ဖုံးကွယ်ထားနိုင်ခြင်းမရှိသလို အဝတ်ကလည်း အနည်းငယ် တင်းကျပ်နေသည်။ လက်တိုအောက်က လက်ဖျံကြွက်သားများသည် ချောမွေ့ပြီး လှပနေသည်။ သူသည် လက်တစ်ဖက်ဖြင့် စတီယာရင်ဘီကို ကိုင်ထားပြီး နောက်တစ်ဖက်ဖြင့် ဂီယာပြောင်းတာကို ကိုင်ထားသည်။


အရမ်းချောမောပြီး ဆွဲဆောင်မှုရှိတဲ့ အမျိုးသားပဲ။


ကားသည် ရွေ့လျားလာပြီးယဲ့ဖေးကျိုးသည် သူ့ပါးပြင်ပေါ်မှ နွေးထွေးမှုအနည်းငယ်ဖြင့် ပြန်လှည့်လာသည်။ သူ့ဆံပင်မှ ရေစက်များသည် ကျောင်းဝတ်စုံပေါ်သို့ စီးကျနေသည်ကို ကြည့်ပြီး တောင်းပန်သည့်လေသံဖြင်ြ ပြောလိုက်သည်။ "တောင်းပန်ပါတယ်၊ ကျွန်တော့်တစ်ကိုယ်လုံး စိုရွှဲနေလို့…" သူသည် ကားကိုပင် စိုသွားစေခဲ့သည်။


ယဲ့ဖေးကျိုးသည် သူ့စကားမဆုံးခင်မှာပဲ တစ်ဖက်လူက သူ့ကို တစ်ရှူးတစ်ရွက် ပေးလိုက်သည်။ ယဲ့ဖေးကျိုး ယူရန် လက်လှမ်းမမီခင် တစ်ရှူးကို သူ့မျက်နှာပေါ် ညင်သာစွာ ဖိကပ်လိုက်ပြီး သူ့အတွက် သုတ်ပေးသလိုမျိုး လုပ်လိုက်သည်။ လက်ချောင်းထိပ်လေးများက ယဲ့ဖေးကျိုး၏စိုစွတ်နေသောမျက်နှာကို ညင်သာစွာ ထိလိုက်ရင် ပြောလိုက်သည်။ "ရပါတယ်၊ သုတ်လိုက်ပါ"


ယဲ့ဖေးကျိုးသည် တစ်ရှူးကိုယူပြီး မျက်နှာနှင့် ရွှဲနေသောဆံပင်များကို သုတ်ပြီးတော့ ကျောင်းလွယ်အိတ်ကို ဖွင့်ပြီး လှန်လှောကြည့်လိုက်သည်။


ငါ ကျောင်းလွယ်အိတ်ကို ရေမစိုအောင် တမင် ရှေ့ကိုထားခဲ့ပေမဲ့ နောက်ဆုံးတော့ ခလုတ်တိုက်ပြီး အရှေ့တည့်တည့် လဲကျသွားတယ်။


မဟုတ်ဘူး၊ ငါမျှော်လင့်ထားဘူးလို့ မပြောသင့်ဘူး။ ဘာပဲဖြစ်ဖြစ် ငါက အမြဲတမ်း ကံမကောင်းတာပါပဲ။ ငါ အကြောက်ဆုံးအရာက အမြဲတမ်း တကယ်ဖြစ်လာတတ်တယ်။ ကံဆိုးမှုက ငါ မယုံကြည်ဘဲ မနေနိုင်ဘူး။


ကံကောင်းထောက်မစွာ ကျောင်းလွယ်အိတ်ထဲက စာကျက်ပစ္စည်းများက ရေမစိုခဲ့ပေ။ အပြင်ဘက်မှာရှိသော မှတ်စုစာအုပ်တစ်အုပ်တည်းကသာ ရေစိုနေသော်လည်း အရေးကြီးသည့် ဘာမှရေးထားတာမရှိပါ။

 

ယဲ့ဖေးကျိုးသည် သက်ပြင်းချပြီး သူ့ကျောင်းလွယ်အိတ်ကို ပိတ်လိုက်သည်။


"ပစ္စည်းတွေက မစိုဘူးမလား။" ယာဉ်မောင်းသည် ယဲ့ဖေးကျိုး၏လှုပ်ရှားမှုများကို သတိထားကြည့်နေသည်။


"မစိုဘူး" ယဲ့ဖေးကျိုးက စိတ်အခြေအနေကောင်းနေသည်။


"ဘာလို့လဲသိလား" ထိုလူသည် ရှည်လျားသွယ်လျသော လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်ပြီး လေထဲတွင် ဝှေ့ယမ်းလိုက်သည်။ "မင်း ကိုယ့်လက်ချောင်းနဲ့ အခုလေးတင် ထိလိုက်လို့လေ"


ယဲ့ဖေးကျိုးသည် သူ့ကို တွေးတောဆင်ခြင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူသည် လုံးဝမယုံသော်လည်း ယဉ်ကျေးစွာ ပြောလိုက်သည်။ "ကျေးဇူးပါ။"


"ကိုယ့်နာမည်က ရှန်ရှင်ယွင်ပါ" ထိုလူသည် သူ့ကိုယ်သူ အလွန်ခင်မင်ရင်းနှီးသောအမူအရာဖြင့် မိတ်ဆက်လိုက်သည်။ "ကံကောင်းခြင်း(ရှင့်ယွင့်)နဲ့ အသံဆင်တယ်… မင်းရော"


ယဲ့ဖေးကျိုးသည် သူ၏ပယင်းရောင်မျက်လုံးများကို မျက်တောင်ခတ်လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်က ကျောင်းတံခါးကို လက်ညှိုးထိုးကာ အကြောင်းအရာကို အတင်းပြောင်းလိုက်ပြီး ပြောသည်။ "ရောက်ပြီ"


တစ်ဖက်လူသည် လူကောင်းဖြစ်ကောင်းဖြစ်နိုင်သော်လည်း ယဲ့ဖေးကျိုးသည် သူစိမ်းတစ်ယောက်အား သူ့နာမည်ကို မပြောပြချင်ပါ။


ရှန်ရှင်ယွင်သည် မျက်ခုံးပင့်ပြီး ပြုံးလိုက်သည်။ "ကိုယ့်မှာ ထီးရှိတယ်၊ မင်းကို ငှားပေးလိုက်မယ်"


"ဒါဆို ကျွန်တော် ခင်ဗျားကို ဒုက္ခပေးမိပြီ" ယဲ့ဖေးကျိုးသည် မငြင်းဆန်လိုက်ပေ။ သူ စိုသွားမှာကို ဂရုမစိုက်သော်လည်း စာအုပ်တွေ ပျက်စီး၍မရပါ။ "ဘယ်မှာလဲဟင်"


ရှန်ရှင်ယွင်က ဘာမှမပြောချေ။ သူ့ထိုင်ခုံခါးပတ်ကို ဖြုတ်ပြီး ရှေ့ကို ကိုင်းလိုက်ကာ ရုတ်တရက် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ယဲ့ဖေးကျိုးအား ဖိထားလိုက်သည်။ Hummer ကားသည် ကျယ်ပြီး ယာဉ်မောင်းထိုင်ခုံနှင့် ခရီးသည်ထိုင်ခုံကြားမှာ အ‌ကွာအဝေး အတော်အတန်ရှိတာကြောင့် ရှန်ရှင်ယွင်၏အပေါ်ပိုင်းခန္ဓာကိုယ်က ယဲ့ဖေးကျိုး၏ခြေထောက်များပေါ် လဲလျောင်းနီးပါးပင်။ သူ၏သန်မာသောလက်မောင်းသည် ယဲ့ဖေးကျိုး၏ပေါင်ကို ညင်သာစွာ ဖိထားလိုက်သောအခါ ယောက်ျားလေးသုံး ရေမွှေးနံ့ခပ်ဖျော့ဖျော့လေး သင်းပျံ့သွားသည်။ ယဲ့ဖေးကျိုး လန့်သွားပြီး ကျောသည် တင်းမာသွားကာ အနည်းငယ် နောက်သို့ တွန့်သွားသည်။


ယဲ့ဖေးကျိုး ဘာမှမပြောခင် ရှန်ရှင်ယွင်သည် အမြန်ပြန်ထိုင်လိုက်ကာ ယဲ့ဖေးကျိုး၏ညာဘက်က သိုလှောင်သေတ္တာထဲကနေ ယူလာသော ခေါက်ထီးတစ်ချောင်းကို ကိုင်ပြီး ယဲ့ဖေးကျိုး၏ပေါင်ပေါ်ကို အပြုံးတစ်ဝက်ဖြင့် တင်လိုက်သည်။ "ဒီမှာ"


"ကျေးဇူးတင်ပါတယ်" ယဲ့ဖေးကျိုး အနည်းငယ်ရှက်သွားသည်။


ငါ သူ့ကို နှာဘူးလို့ ထင်လိုက်မိတယ်… 


ယဲ့ဖေးကျိုး ကားပေါ်က ဆင်းတော့မည်ဆိုတာမြင်တော့ ရှန်ရှင်ယွင်သည် ရုတ်တရက် လက်လှမ်းလိုက်ပြီး သူ၏လက်ကောက်ဝတ်ကို ဆွဲကာ ဖြည်းဖြည်းချင်း မေးလိုက်သည်။ "မင်း ထီးကို ဘယ်လိုပြန်ပေးချင်လဲ"


"အမ်… ခင်ဗျားဖုန်းနံပါတ် ကျွန်တော့်ကို ပေးထားလို့ရမလား။ မနက်ဖြန် ယာဉ်မောင်းကို ခင်ဗျားဆီ ထီးပြန်ပို့ခိုင်းလိုက်မယ်" ယဲ့ဖေးကျိုးက ယဉ်ကျေးစွာ ပြောလိုက်သည်။


"ကောင်းပြီ" ရှန်ရှင်ယွင်၏ မျက်လုံးများ တောက်ပလာပြီး နံပါတ်တစ်ကြောင်းကို ရွတ်လိုက်သည်။ "ကိုယ့်ကို ခေါ်လိုက်ပါ"


သို့သော်လည်း ယဲ့ဖေးကျိုးသည် နေရာတွင်ပင် ဖုန်းမခေါ်ရုံသာမက သူ့ဖုန်းကိုပင် မထုတ်ခဲ့ပေ။ သူသည် ရိုးရှင်းစွာ တစ်ကြိမ်လောက် ရွတ်လိုက်ပြီး လေးနက်သောအမူအရာဖြင့် ပြောသည်။ "ကျွန်တော်မှတ်မိပါတယ်"


ရှန်ရှင်ယွင်၏မျက်ခုံးများ လှုပ်ယမ်းသွားသည်: "..."


"နှုတ်ဆက်ပါတယ်၊ ဒီနေ့အတွက် ကျေးဇူးပါ" ယဲ့ဖေးကျိုးသည် ချိုသာစွာပြုံးပြီး ထီးတစ်လက်ဖြင့် ကျောင်းတံခါးကို အမြန်လျှောက်သွားသည်။


ရှန်ရှင်ယွင်သည် ယဲ့ဖေးကျိုး၏ရုပ်သွင် တဖြည်းဖြည်း ကွယ်ပျောက်သွားသည်ကို ကြည့်ရင်း လုံးဝပျောက်ကွယ်သွားပြီမှ မျက်နှာလွှဲလိုက်သည်။


"ငါ လဝက်လောက်ပဲ အချိန်ဖြုန်းလိုက်မိတာပါ…" ရှန်ရှင်ယွင်သည် ခဏတာ အံ့အားသင့်သွားပြီး သူ၏ယခင်က မောက်မာပြီး စဉ်းလဲသောအမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ သူသည် အံကြိတ်ပြီး စတီယာရင်ကို လက်သီးနှင့် ထုရိုက်လိုက်ကာ ဝမ်းနည်

းပူဆွေးမှုနှင့် ဒေါသတို့ဖြင့် အော်ဟစ်လိုက်သည်။ "မင်း ဘာလို့ ဒီလောက်တောင် ထွားလာတာလဲ။"


TK Team Chapter 53