🍲Chapter 9
အဲဒီကြွက်ကြီး
"သခင်… ကျွန်တော်ကြားတာကတော့ သခင်မလန်က နောက်ဆုံးပေါ် နန်းတွင်းဝတ်စားဆင်ယင်ပုံနဲ့ နန်းတွင်းဝတ်စုံအသစ်တစ်စုံ ချုပ်ထားတယ်တဲ့… သခင်မလန်ရဲ့ နတ်သမီးလိုအလှနဲ့ဆိုရင် အဲဒီလို တော်ဝင်ဆန်တဲ့ပုံစံက တကယ်ကို အံ့မခန်းဖြစ်နေမှာပဲ… သွားမကြည့်ဘူးလားဟင်…"
မေယွဲ့အိမ်တော်သို့ ဦးတည်နေသော လမ်းငယ်လေးပေါ်တွင် စစ်ဖျင်က သွမ့်ထင်ရွှမ်း၏ စိတ်နှလုံးကို လွှမ်းမိုးရန် အကောင်းဆုံးကြိုးစားနေလေသည်။ တစ်ချိန်တည်းမှာပင် သူက သူ့နှလုံးသားထဲ၌ မျက်ရည်သုတ်နေရသည်။
မင်းတို့က အစေခံတစ်ယောက်ဖြစ်ရတာ လွယ်တယ်ထင်နေလား… အထူးသဖြင့် ဒီလိုသခင်မျိုးအတွက်ဆိုရင် ငါ့ရဲ့တစ်လ ငွေငါးလျန်က ထိုင်နေရုံနဲ့ ရတယ်လို့ ထင်နေကြတာလား… မင်းတို့ထဲက အများကြီးက ငါ့ရာထူးကို မနာလိုဖြစ်နေကြတယ်… ဘာလို့ ငါ့နေရာမှာ လာအလုပ်လုပ်မကြည့်ကြတာလဲ…
"ဟင်း… ဒါဆို ဒီည ကျိလန်ရဲ့နေရာမှာ သွားအိပ်ကြတာပေါ့…"
သွမ့်ထင်ရွှမ်းက သစ်ပင်ထိပ်များကြားမှ မေယွဲ့အိမ်တော်၏ အိမ်ခေါင်မိုးထောင့်စွန်းကို မြင်လိုက်ရသောအခါ စိတ်မပါ့တပါဖြင့် သဘောတူလိုက်လေသည်။ သူ့ဗိုက်ထဲတွင် နေထိုင်နေသော မရေမတွက်နိုင်သော ကျိုင်းကောင်များကို နှစ်သိမ့်နေသကဲ့သို့ သူ့လက်တစ်ဖက်က သူ့ဗိုက်ကို မသိစိတ်ဖြင့် ပွတ်သပ်နေမိလေသည်။
"သခင်… ကျွန်တော်ကြားတာကတော့ သခင်မယွင်က နေ့လယ်က ဘဲစွပ်ပြုတ်ကို ကိုယ်တိုင်ပြင်ဆင်ထားတယ်တဲ့..."
အကြံအစည်တစ်ခု မအောင်မြင်လျှင် စစ်ဖျင်က နောက်တစ်ခုကို ကြိုးစားလိုက်သည်။ သို့သော် သူ့စကားမဆုံးမီတွင် သွမ့်ထင်ရွှမ်းက သူ့ကိုရပ်တန့်ရန် လက်ဝှေ့ယမ်းပြလိုက်သည်။
"ဘဲစွပ်ပြုတ်အကြောင်း တော်လောက်ပြီ… အဲဒီအကြောင်းကြားရုံနဲ့ ငါပျို့အန်ချင်နေပြီ… သိရဲ့လား…"
"ဪ… ကျွန်တော်ကြားတာကတော့ ဘဲစွပ်ပြုတ်အပြင် တောဝက်ကင်၊ ငါးကင်လည်း ရှိသေးတယ်တဲ့..."
စစ်ဖျင်ကလည်း အဝေးရှိ မေယွဲ့အိမ်တော်ကို ကြည့်နေပြီး သူ့သခင်၏စိတ်ထဲတွင် ဘာရှိနေသည်ကို သိလေသည်။
သူက ပြောင်းပြန်စိတ်ပညာကို ကြိုးစားသုံးရန် ဆုံးဖြတ်လိုက်သည်။
"ငါငြီးငွေ့နေပြီ…"
တစ်ချိန်က အတော်အတန် ယိုယွင်းခဲ့သော်လည်း ယခုအခါ သန့်ရှင်းသပ်ရပ်နေသော မေယွဲ့အိမ်တော်သို့ သွမ့်ထင်ရွှမ်းက နောက်ဆုံးတွင် ရောက်ရှိလာလေသည်။ ထိုအခါ သူ့နှုတ်ခမ်းထောင့်များက ထူးဆန်းသော အပြုံးတစ်ခုအဖြစ် အပေါ်သို့ ကော့တက်သွားလေသည်။
"ငါအခုစားချင်တဲ့ တစ်ခုတည်းသောအရာက ကြက်သွန်မြိတ်ထည့်ထားတဲ့ အဲဒီဖက်ထုပ်ကြီးတွေပဲ…"
မျှော်လင့်ထားသလိုပဲ… သူက အဲဒီဖက်ထုပ်ကြီးတွေကိုပဲ လိုချင်နေတာ… (🤣)
စစ်ဖျင်က သူ့သခင်ကို မကျေမနပ်အကြည့်ဖြင့် ကြည့်လိုက်ပြီး စိတ်ထဲတွင် “သခင်က ဘယ်လိုလူစားမျိုးလဲ” ဟု တွေးလိုက်သည်။
သခင်က ဘယ်လိုပဲဖြစ်ဖြစ် တော်ဝင်မိသားစုဝင်တစ်ယောက်ပဲလေ… ဟမ်… သခင်က ဖက်ထုပ်ကြီးတွေကြောင့် သခင့်ကို ဒီလို...အရာတစ်ခုအဖြစ် ပြောင်းလဲခွင့်ပေးလိုက်တာကို တစ်ယောက်ယောက်သာ သိသွားရင် သခင့်မျက်နှာ ဘယ်မှာသွားထားမလဲ…
"ဒါက ဘယ်လိုမျက်နှာအမူအရာလဲ…"
သွမ့်ထင်ရွှမ်းက သူ၏ယုံကြည်ရသော အစေခံ၏ ထူးဆန်းသော မျက်နှာအမူအရာကို ကြည့်ရင်း မပျော်မရွှင်ဖြင့် မေးလိုက်သည်။
"ဒီအစေခံက ကြောက်လန့်နေတဲ့ မျက်နှာအမူအရာကို ပြသနေတာပါ…"
စစ်ဖျင်က လွန်ခဲ့သောရက်အနည်းငယ်က ဤခြံဝင်းထဲတွင် ခါးသီးစွာတွေ့ကြုံရမှုကို အမှတ်ရရင်း အမှန်အတိုင်းပြောလိုက်လေသည်။
"မင်းက ဘာကိုကြောက်နေတာလဲ… ပထမသခင်မက မိန်းမတစ်ယောက်သက်သက်ပဲ… နတ်ဆိုးမ မဟုတ်ဘူး… ကြောက်စရာဘာမှမရှိဘူး…"
သွမ့်ထင်ရွှမ်းက မျက်မှောင်ကြုတ်ကာ ဟင်းခနဲအသံပြုလိုက်သည်။
"မှန်ပါတယ်… ပထမသခင်မက နတ်ဆိုးမ မဟုတ်ပါဘူး… သူက မိစ္ဆာတစ်ကောင်ပါ… နတ်ဆိုးထက် အများကြီးပိုကြောက်စရာကောင်းတဲ့ သတ္တဝါတစ်ကောင်ပါ…"
စစ်ဖျင်က သူ၏အကြွင်းမဲ့ရိုးသားသော ထင်မြင်ချက်ကို ပေးလိုက်သည်။
မြို့စားငယ်လေးက ဤအသုံးမကျသော အစေခံကြောင့် အလွန်စိတ်ပျက်သွားရသည်။ စစ်ဖျင်ကို အလုပ်လုပ်ရန် 'လှုံ့ဆော်' ပေးလိုသဖြင့် အစေခံ၏တင်ပါးကို ခြေထောက်ဖြင့် ကန်လိုက်လေသည်။
"ထားလိုက်တော့… သွား… မင်းရဲ့သခင်အတွက် သွားစုံစမ်းချေ…"
စစ်ဖျင်က အနည်းငယ်ယိုင်သွားပြီး ကံကောင်းစွာဖြင့် တံခါးဝတွင် မျက်နှာဖြင့် မှောက်မကျခဲ့ပေ။ သို့မဟုတ်လျှင် သူက ကျိန်ဆဲခံရတော့မည်။ သူ့သခင်က အလကားစားရရန် မျှော်လင့်ချက်ဖြင့် တမင်တကာလာခဲ့ခြင်းကို သူနားလည်လိုက်မိသည်။
အဲဒီကြွားဝါမှုတွေနဲ့ စကားကြီးစကားကျယ်တွေအားလုံးက သူ့ကိုယ်သူ ပိုကောင်းတယ်လို့ ခံစားရအောင် လုပ်ကြံဖန်တီးထားတာလား…
ကံကောင်းစွာဖြင့် ခြံဝင်းက လုံးဝတိတ်ဆိတ်နေပြီး လူတစ်ယောက်မှ မမြင်ရပေ။ စစ်ဖျင်က အလွန်တိုးညှင်းစွာ ခေါ်လိုက်သော်လည်း မည်သူမျှ စုံစမ်းရန်မလာသောကြောင့် သူက သွမ့်ထင်ရွှမ်းဘက်သို့ လှည့်လိုက်သည်။
"သခင်… ဘယ်သူမှမရှိဘူးထင်တယ်… ပထမသခင်မနဲ့ တခြားသူတွေ ဘယ်သွားကြလဲမသိဘူး…"
စုနွမ်နွမ် မရှိကြောင်း ကြားသည်နှင့်တစ်ပြိုင်နက် သွမ့်ထင်ရွှမ်း၏ တောက်ပသောမျက်လုံးများက အနီးအနားရှိမြစ်ထဲတွင် ကူးခတ်နေသော ခြံထဲမှ လွတ်မြောက်သွားသည့်ငန်းအုပ်တစ်အုပ်ကို မြင်လိုက်ရသော ဖျံနီညိုတစ်ကောင်ကဲ့သို့ တောက်ပသွားလေသည်။ သူက မကောင်းဆိုးဝါးဆန်ဆန် ဟီးဟီး ဟု ရယ်မောပြီးနောက် ပြောလိုက်လေသည်။
"သူ ဘယ်သွားသွား ဘယ်သူက ဂရုစိုက်မှာလဲ… သွားကြစို့… အဲဒီဖက်ထုပ်ကြီးတွေ ကျန်သေးလား သွားစစ်ဆေးကြစို့…"
"သခင်… အဲဒီဖက်ထုပ်တွေ လုပ်ထားတာ သုံးရက်ရှိပါပြီ… ကျန်ခဲ့ရင်တောင် ခွေးကျွေးဖို့ပဲ တော်ပါတော့မယ်… ဘယ်လိုလုပ် ကျန်နိုင်မှာလဲ…"
စစ်ဖျင်က သူ့သခင်ကို ဆက်လက်သတိပေးနေသည်။ သခင်က မီးဖိုချောင်ဘက်သို့ ခံ့ညားစွာ လျှောက်သွားရင်း အလွန်ယုံကြည်မှုရှိစွာဖြင့် ပြန်ပြောလေသည်။
"မင်းက ပိုကောင်းတဲ့စကား မပြောနိုင်ဘူးလား… သူတို့က မနေ့က ဖက်ထုပ်ကြီးတွေ ထပ်လုပ်ခဲ့တာလဲ ဖြစ်နိုင်တာပဲ မဟုတ်ဘူးလား…"
စစ်ဖျင်က နောက်ထပ်စကားတစ်ခွန်းမှ မပြောရဲတော့ဘဲ သူ့စိတ်ထဲတွင်သာ ညည်းညူနေမိသည်။
ပထမသခင်မက သခင်မှမဟုတ်တာ… ဘယ်လိုလုပ် နေ့တိုင်း ဖက်ထုပ်ကြီးတွေပဲ စားနေမှာလဲ…
နောက်ဆုံးတွင် သူမှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့သည့်။
ဒီအစေခံကတောင် သာမန်ဦးနှောက်နဲ့ စဉ်းစားနိုင်သေးတယ်…
သွမ့်ထင်ရွှမ်းက ဖက်ထုပ်များမတွေ့သောကြောင့် အနည်းငယ်စိတ်ပျက်သွားသော်လည်း သူ့အာရုံကို ဖမ်းစားနိုင်သော အခြားအစားအစာများကို လျင်မြန်စွာတွေ့ရှိသွားလေသည်။
"ဒါကဘာလဲ… ဝက်သားကို နုပ်နုပ်စင်းထားသလိုပဲ… ဟင်း… ဒါက တော်တော်အရသာရှိတာပဲ… ဒါက ဆန်ပြုတ်နဲ့ဆို အရမ်းလိုက်မှာပဲ… ဒါကိုယူ… ဒါကိုယူ…"
"ဟမ်… ဒါက ဘာမုန့်လဲ… နည်းနည်းမြည်းကြည့်ရအောင်… အင်း အင်း… အရမ်းကောင်းတယ်… အရမ်းကောင်းတယ်… အော် ဒါတွေ ဆယ်ခုထက်မက ရှိတာပဲ… ဒါကိုယူ… ဒါကိုယူ…"
"အမ်… ဒါက ဟင်းကျန်လိုမျိုးပဲ… ဒါဘာလဲ… ချက်ပြီးသားထမင်းပေါ်မှာ ဒီလောက်အများကြီး ဘယ်လိုထားနိုင်တာလဲ… ဟင်း… အခုအားလုံးက အေးစက်နေပြီ… အရသာက နည်းနည်းတော့ ပျက်နေတယ်… ပူပူနွေးနွေးဆို အရသာရှိမှာပဲ… ဒါတွေကိုယူ… ဒါတွေကိုယူ…"
"အာ… ထမင်းလုံးတွေပဲ… ဟမ်… ဘာလို့ ဒီထမင်းလုံးတွေက ဒီလောက်မွှေးနေတာလဲ… ဒီမှာ… ဒါတွေကိုယူ… ဒါတွေကိုယူ…"
စစ်ဖျင်၏မျက်နှာက သူ့သခင်က မီးဖိုချောင်ထဲရှိ အစားအစာများကို လုယက်နေခြင်းကို ကြည့်ရင်း ရှုံ့မဲ့နေပြီး သူ့ခေါင်းထဲတွင် အတွေးတစ်ခုတည်းသာ လည်ပတ်နေတော့သည်။
သခင်ရေ… သခင်လိုချင်တာ စားစရာမဟုတ်လား… ဘာပဲဖြစ်ဖြစ် ရတယ် မဟုတ်ဘူးလား… ဒီမုန်ညင်းဖြူနဲ့ ပုစွန်စွပ်ပြုတ်၊ ထမင်းလုံး၊ ဝက်ခြေထောက်၊ နုပ်နုပ်စင်းထားတဲ့အသား ဒါမှမဟုတ် ဘာပဲဖြစ်ဖြစ်၊ အားလုံးကို အိမ်တော်စားဖိုဆောင်က ချက်ပေးနိုင်တာပဲ… ဘာလို့ မေယွဲ့အိမ်တော်ကို လာပြီး ခိုးနေရတာလဲ… ပထမသခင်မက ပွဲဆူအောင်လုပ်လိုက်ရင် သခင့်မှာရှိတဲ့ ဂုဏ်သိက္ခာတွေ အကုန်ဆုံးရှုံးသွားလိမ့်မယ်…
"မင်းအဲ့မှာ ဘာရပ်လုပ်နေတာလဲ… ဒါတွေအားလုံးကို ယူ…"
သွမ့်ထင်ရွှမ်းက မှင်သက်နေသော စစ်ဖျင်ကို ကြည့်လိုက်သည်။ ထိုအခါ စစ်ဖျင်က သူ့လက်များကို စစ်ဆေးရန် ထုတ်ပြကာ ပြောလိုက်လေသည်။
"သခင်… ဒီအစေခံမှာ လက်နှစ်ဖက်ပဲ ရှိပါတယ်…"
"အဆင်ပြေပါတယ်… ငါ့မှာ နောက်ထပ်နှစ်ဖက်ရှိသေးတယ်…"
သွမ့်ထင်ရွှမ်းက လက်ခုပ်တီးလိုက်လေသည်။ သို့သော် သူ့လက်နှစ်ဖက်ထပ်ပေါင်းလိုက်လျှင်ပင် သူလုယက်ရန် ရည်ရွယ်ထားသော အစားအစာများအတွက် မလုံလောက်ကြောင်း တွေ့ရှိသွားသည်။ သူက လျင်မြန်စွာစဉ်းစားပြီး ပခုံးတွန့်လိုက်ကာ မြေပဲနှင့်သကြားဖြူထည့်ထားသော နှမ်းမုန့်လုံးများကို ပါးစပ်ထဲသို့ စတင်ထည့်လိုက်သည်။ သူက တစ်လုံးပြီးတစ်လုံး ထည့်ရင်း အစားအစာများဖြင့် ပြည့်နေသောပါးစပ်ဖြင့် စစ်ဖျင်နှင့် စကားပင်ပြောနိုင်သေးသည်။
"ဒီမုန့်တွေအားလုံး စားပြီးသွားရင် ငါတို့လက်တွေက ပစ္စည်းတွေပိုသယ်နိုင်မှာပါ…"
ထိုစက္ကန့်ပိုင်းတွင် စစ်ဖျင်က သူ့သခင်ကို လုံးဝမသိကြောင်း သဘောပေါက်လိုက်သည်။ သူက သူ့သခင်၏ မျက်နှာပြောင်တိုက်မှုကို တကယ်ပင် လေးစားရပေမည်။
ဘာကြောင့် ဒီလိုခိုးကြောင်ခိုးဝှက်လုပ်ပြီးတဲ့နောက်မှာတောင် သူက ဒီလောက် ရဲရင့်ပြီး ဂုဏ်သိက္ခာရှိစွာ စကားပြောနေရတာလဲ…
ရှက်ရွံ့မှုတစ်စက်မှ မပေါ်နေပေ။
"ဒီနှစ်တွေတစ်လျှောက်လုံး ငါဘယ်လောက်တောင် ကောင်းတဲ့အရာတွေ လွဲချော်ခဲ့လဲဆိုတာ ငါမသိတော့ဘူး… ဒီတရုတ်တွန်ရွက် (ဟင်းသီးဟင်းရွက်တစ်မျိုး) က ကြက်ဥနဲ့ကြော်လိုက်ရင် မယုံနိုင်လောက်အောင် အရသာရှိတာပဲ… ဆားစိမ်ထားတာတွေကလည်း ကောင်းတယ်… သူ့အရသာက တော်တော်ထူးခြားတယ်… တစ်ခါစားပြီးရင် မမေ့နိုင်ဘူး… အော် ဟုတ်သားပဲ… ဆားစိမ်တရုတ်တွန်ရွက်ကို ပဲငံပြာရည်နည်းနည်းနဲ့ လန်းဆန်းစေတဲ့ စွပ်ပြုတ်လုပ်လို့ရတယ်… အရမ်းအရသာရှိတာပဲ… တရုတ်တွန်ရွက်ကို ဝက်ဆားနယ်အလွှာပေါ်မှာ ဖြန့်ပြီး ပေါင်းလို့လည်းရတယ်… အဲဒီအရသာကတော့... အာ..."
သူ၏စကားများက ကျယ်လောင်သောအော်သံတစ်ခုကြောင့် ပြတ်တောက်သွားသည်။
စုနွမ်နွမ်က ဤကြွက်ကြီးနှစ်ကောင်၏ ပေါ်ပေါက်လာမှုကြောင့် အလွန်တုန်လှုပ်သွားလေသည်။ ထို့ကြောင့် သူမကိုယ်သူမ မေ့ကာ အခန်းထဲသို့ ပြေးဝင်လာပြီး ချက်ချင်း တိုက်ခိုက်ရေးအနေအထားသို့ ပြောင်းသွားသည်။
"အဲဒါက ဘယ်လိုအရသာမျိုးလဲ…"
သူမက အော်ဟစ်လိုက်သည်။
ဝက်ဆားနယ်အလွှာနှင့်အတူ တရုတ်တွန်ရွက်များ ပျော်ရွှင်စွာပေါင်းနေသည့် ကိုယ်ပိုင်စိတ်ကူးယဉ်ကမ္ဘာထဲတွင် နစ်မြုပ်နေဆဲဖြစ်သော သွမ့်ထင်ရွှမ်းက စုနွမ်နွမ်ကို စူးစမ်းသလို ကြည့်လိုက်မိသည်။ ထို့နောက် စစ်ဖျင်က သူ့သခင်ရှေ့သို့ ခုန်ဝင်လာပြီး မြို့စားငယ်လေးကို ကာကွယ်ရန် သူ့ကိုယ်ခန္ဓာကို အသုံးပြုနေခြင်းကို သူက မြင်လိုက်ရသည်။ စစ်ဖျင်က သူ့မျက်နှာပေါ်တွင် သခင်ကိုကာကွယ်လိုသော အမူအရာဖြင့် စုနွမ်နွမ်ကို ရင်ဆိုင်နေလေသည်။
မြို့စားငယ်လေးက ထိုကာကွယ်လိုသော အမူအရာကြောင့် တကယ်ပင် စိတ်လှုပ်ရှားသွားရသည်။
သို့သော် ထိုစိတ်လှုပ်ရှားမှုက လျင်မြန်စွာ ပျောက်ကွယ်သွားရလေသည်။ အကြောင်းကမူ ထိုကာကွယ်သူဟုခေါ်သောသူက ရုတ်တရက် အော်ဟစ်လိုက်သောကြောင့်ဖြစ်လေသည်။
"ပထမသခင်မ… ကျွန်တော်မဟုတ်ပါဘူး… အဲဒီမုန့်တွေကို သခင် စားသွားတာပါ… ကျွန်တော် မီးဖိုချောင်ထဲက ဘာမှမထိပါဘူး…"
"မင်း… ထွက်သွားစမ်း…"
သွမ့်ထင်ရွှမ်းက စစ်ဖျင်ကို ဘူးသီးတစ်လုံးလို လိမ့်ထွက်သွားစေသော ကန်ချက်တစ်ချက်ဖြင့် ကန်လိုက်လေသည်။
မင်းအမေကိုပဲ… ငါတကယ်ပဲ လူကဲခတ်တဲ့စွမ်းရည်ကို လေ့ကျင့်ရတော့မယ်… ဒီလိုသစ္စာဖောက်မျိုးကို ဒီနှစ်တွေတစ်လျှောက်လုံး ငါဘယ်လိုလုပ် ထိန်းသိမ်းထားမိတာလဲ… ဒါက မုန့်နည်းနည်းပဲလေ… မင်းရဲ့သခင်အတွက် အပြစ်ယူပေးလိုက်ရုံပဲ… မင်းရဲ့သခင်က မင်းကို လျော်ကြေးမပေးဘဲ ဒီအပြစ်ကို သယ်ဆောင်ခွင့်ပေးမယ်လို့ မင်းထင်နေတာလား… သူတို့သခင်တွေအတွက် အသက်သေခံမယ့် အစေခံတွေရှိတယ်… ဒီမှာတော့ မင်းက မုန့်နည်းနည်းလောက်အတွက်နဲ့ မင်းရဲ့သခင်ကို သစ္စာဖောက်နေတာ…
🤣🤣