🍲Chapter 8
: မကောင်းသော ရှေ့ပြေးနိမိတ်
"အင်း… ငါဗိုက်ပြည့်ပြီ… ငါအခု စာကြည့်ခန်းကို သွားတော့မယ်…"
သွမ့်ထင်ရွှမ်းက သူကိုယ်တိုင် အကျိုးအကြောင်းမဆီလျော်စွာ ပြုမူနေမိခြင်းကို သဘောပေါက်လိုက်သည်။ ဤနေရာတွင် မွှေးကြိုင်ပြီး အရသာရှိသော ဟင်းလျာများဖြင့် ပြည့်နေသော စားပွဲတစ်လုံးရှိသော်လည်း သူ့စိတ်ထဲတွင် အဆက်မပြတ်ပေါ်လာနေသည့်အရာက ဂေါ်ဖီဖက်ထုပ်ပန်းကန်လုံးကြီးပင် ဖြစ်သည်။ စိတ်တိုပြီး မပျော်မရွှင်ဖြစ်နေသဖြင့် သူက သူ့ဇနီးကို ပို၍ဒေါသထွက်အောင် မလုပ်မိခင် ထွက်သွားခြင်းက ပိုကောင်းမည်ဟု ဆုံးဖြတ်လိုက်သည်။ စာကြည့်ခန်းသို့သွားပြီး အလုပ်လုပ်ခြင်းက ပိုကောင်းမည်။ သန်းခေါင်ယံလောက်တွင် သူ ဗိုက်ဆာလာနိုင်ပေသည်။
သူ စာကြည့်ခန်းသို့ ရောက်သောအခါ စစ်ဖျင် ထွက်လာနေခြင်းကို အချိန်ကိုက်တွေ့လိုက်ရသည်။ သူ့မျက်လုံးများက အရောင်တောက်လာပြီးနောက် ဟဲဟဲ ဟု ရယ်မောကာ ပြောလိုက်သည်။
"ကဲ… ဒီသခင်လိုချင်တဲ့အရာကို ယူလာခဲ့ပြီလား…"
စစ်ဖျင်က သူ့သခင်ကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် သူ့နှုတ်ခမ်းများက ငိုနေသောမျက်နှာထက်ပင် ပို၍ရုပ်ဆိုးသော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။
"သခင်… ကျွန်တော်ရဲ့ အမေကို သက်ညှာပေးပါဦး…လွန်ခဲ့တဲ့သုံးရက်က ဖက်ထုပ်တွေက ဆီများလွန်းတယ်… တစ်နေ့က ဖက်ထုပ်တွေက အရသာပေါ့လွန်းတယ်… အဲဒီနောက်မှာတော့ ငန်လွန်းတယ်လို့ သခင်က ပြောခဲ့ပါတယ်… ဒီနေ့ ကျွန်တော်အိမ်ပြန်သွားတော့ အမေက ဖက်ထုပ်အိုးတစ်လုံး ထပ်လုပ်ထားပြန်ပါတယ်… ဒါပေမယ့် ကျွန်တော်တစ်ကိုက် ကိုက်ကြည့်လိုက်တော့ လုံးဝအရသာမရှိပါဘူး… မေးကြည့်တော့ အမေက ဆားထည့်ဖို့ မေ့သွားတာပါ…"
"သခင်ရယ်… ကျွန်တော်ရဲ့ အမေက အသက်ကြီးပါပြီ… သူက ဒီလို စမ်းသပ်ချက်ပြုတ်မှုတွေကို မခံနိုင်ပါဘူး… ဒီအတိုင်းဆက်သွားရင် အမေက သာမန်အစားအစာတောင် မချက်နိုင်တော့မှာကို ကျွန်တော်စိုးရိမ်မိပါတယ်…"
"မင်းပြောသလောက် ဆိုးရွားနေလို့လား…"
သွမ့်ထင်ရွှမ်း၏မျက်နှာက မည်းမှောင်နေပြီး စစ်ဖျင်ကို စိုက်ကြည့်လိုက်သည်။
"မင်းရဲ့ သွေးတွေအားလုံး ခန္ဓာကိုယ်ထဲက စီးထွက်သွားရင်တောင် ငါ့အပေါ်ထားတဲ့ မင်းရဲ့သစ္စာစောင့်သိမှုက ခိုင်မြဲနေမယ်လို့ မင်းမပြောခဲ့ဘူးလား… ငါက မင်းကို အသက်အန္တရာယ်စွန့်ပြီး လုပ်ခိုင်းတာတောင်မဟုတ်ဘူး… ငါလုပ်ခိုင်းတာက မင်းမိသားစုကို ညစာနည်းနည်း ကျွေးမွေးခိုင်းရုံပဲ… အခုတော့ မင်းက ကမ္ဘာပျက်တော့မယ့်အတိုင်း ငိုယိုနေတာပဲ…
ဒါဆို မင်းက သာမန်အစားအစာ မစားရတော့မှာကို စိုးရိမ်နေတာလား… ရပါတယ်… မစားနဲ့တော့… မင်းငတ်ပြီးသေသွားရင် ငါက ဒါကို တာဝန်ထမ်းဆောင်ရင်း သေဆုံးသွားတယ်လို့ သတ်မှတ်ပြီး သင်္ဂြိုဟ်ထုံးတမ်းအစုံအလင်နဲ့ မြှုပ်နှံပေးမယ်…"
စစ်ဖျင်က စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။
သွမ့်ထင်ရွှမ်းကိုယ်တိုင်ပင် သူက အပြစ်မဲ့သောအစေခံတစ်ယောက်အပေါ် သူ့ဒေါသကို ပုံချနေမိသည်ကို သိသည်။ လွန်ခဲ့သောသုံးရက်က သူ့ကို အလွန်အရေးကြီးသောအရာတစ်ခု သင်ပေးခဲ့သည်။ ဂေါ်ဖီဖက်ထုပ်များက 'ဂေါ်ဖီဖက်ထုပ်' ဟူသောအမည်ကို ပေးအပ်လိုက်ရုံဖြင့် အရသာရှိလာခြင်း မဟုတ်ပေ။ ဖက်ထုပ်များ၏ အရသာက အစားအစာပြုလုပ်သူအပေါ် များစွာမူတည်သည်။
"ငါ့ကိုပြောစမ်း… အဲဒီမိန်းမက သူ့ရဲ့ချက်ပြုတ်ပညာကို ငရဲမင်းကြီးဆီက တကယ်ရခဲ့တယ်လို့ မင်းထင်လား…"
သွမ့်ထင်ရွှမ်းက ထိုင်ခုံပေါ် ထိုင်ချလိုက်သည်။ ယခုအချိန်တွင် သူ၏စိတ်ထဲ၌ သူအမြဲတမ်းစိတ်ထဲက တွန်းထုတ်ထားသော ဇနီးအကြောင်း အတွေးများဖြင့် ပြည့်နေသည်။
"ဒါက... တစ္ဆေ၊ သရဲကိစ္စတွေကို ဘယ်သူပြောနိုင်မှာလဲ… ဒါပေမယ့်... ကျွန်တော်ခံစားရတာကတော့ သခင်မက သေမင်းနဲ့ နဖူးတွေ့ဒူးတွေ့ကြုံပြီးတဲ့နောက်မှာ တကယ်ကို မတူညီတဲ့ ခံစားချက်မျိုး ပေးပါတယ်… သူက လုံးဝမတူညီတဲ့ လူတစ်ယောက်ဖြစ်သွားသလိုပဲ…"
စစ်ဖျင်က သူ့သခင်၏မျက်နှာကို အကဲခတ်ရင်း ပြောလိုက်သည်။ ထို့နောက် သူက ထပ်ဖြည့်ပြောလိုက်သည်။
"မဖြစ်နိုင်လောက်ပေမယ့်... ငရဲမင်းကြီးအကြောင်း ပြောစကားက အမှန်ဖြစ်ဖို့ လုံးဝမဖြစ်နိုင်တာတော့ မဟုတ်ပါဘူး…"
လုံးဝမတူညီတဲ့ လူတစ်ယောက်လိုပဲ…
သွမ့်ထင်ရွှမ်းက ရုတ်တရက်မတ်မတ်ထိုင်လိုက်ပြီး သူ၏စိတ်ထဲတွင် မိုးကြိုးပစ်ချလိုက်သလို ဖြစ်သွားသည်။
ဟုတ်တယ်… လုံးဝမတူညီတဲ့ လူတစ်ယောက်…
သူမက ချက်ပြုတ်တတ်ရုံသာမက သူမ၏စိတ်နေစိတ်ထား၊ စကားပြောပုံ၊ သဘောထားနှင့် မျက်နှာအမူအရာအားလုံးက ယခင်ကနှင့် လုံးဝကွဲပြားနေသည်။ သေမင်းနှင့် နဖူးတွေ့ဒူးတွေ့ကြုံရခြင်းကြောင့် မည်မျှကြီးမားသော တုန်လှုပ်မှုမျိုးဖြစ်ပါစေ၊ လူတစ်ယောက်ကို လုံးဝပြောင်းလဲသွားအောင် လုပ်နိုင်စရာအကြောင်းမရှိပေ။ သို့မဟုတ်လျှင် 'ပင်ကိုယ်စရိုက်ကို ပြောင်းလဲလို့မရ' ဟူသော ဆိုရိုးစကားက တည်ရှိမည်မဟုတ်ပေ။
စိတ်ဝင်စားစရာပဲ…
သွမ့်ထင်ရွှမ်း၏ နှုတ်ခမ်းများပေါ်တွင် စဉ်းလဲသော အပြုံးတစ်ခုက ပေါ်လာပြီး သူက သူ့ထိုင်ခုံကို နောက်မှီလိုက်လေသည်။
ဒါက ဝိညာဉ်ပြောင်းဝင်တဲ့ ကိစ္စမျိုးလား… ဒါမှမဟုတ် မြေခွေးမတစ်ကောင်က ငါ့ဇနီးရဲ့ ခန္ဓာကိုယ်ထဲ ဝင်ပူးကပ်ဖို့ ဆုံးဖြတ်လိုက်တာလား… ဒါမှမဟုတ် သူ့ရဲ့ သေဆုံးသွားတဲ့ ခန္ဓာကိုယ်ကို ဖြတ်သွားဖြတ်လာ အမျိုးသမီးတစ္ဆေတစ်ကောင်က ပိုင်ဆိုင်သွားတာလား… ဒီလိုကိစ္စမျိုးက လုံးဝမကြားဖူးတာတော့ မဟုတ်ဘူးလေ… ဟဲဟဲ… ဒီလိုဆိုရင်တော့ အခြေအနေတွေက ပိုပြီးစိတ်ဝင်စားစရာကောင်းလာပြီ…
သို့သော် ဤသီအိုရီကို မည်သူ့ကိုမှ မပြောခြင်းက ပိုကောင်းပေမည်။ သူက ယခုလောလောဆယ် စောင့်ကြည့်ရုံသာ စောင့်ကြည့်မည်။
ဤကိစ္စကို စဉ်းစားနေရင်း သူက ပြတင်းပေါက်အပြင်သို့ မော့ကြည့်လိုက်သည်။ ကောင်းကင်က မည်းမှောင်နေပြီး မြင်စရာဘာမှမရှိပေ။ ထို့နောက် သူက သူ့ကိုယ်သူ တိုးတိုးလေး ရေရွတ်လိုက်လေသည်။
"ကဲ… ကဲ… ဒီညတော့ မင်းကို အေးအေးဆေးဆေး အိပ်ခွင့်ပေးလိုက်ဦးမယ်… မနက်ဖြန်ကျရင် ကြည့်ကြသေးတာပေါ့…"
"ဘာကို ကြည့်မှာလဲ…"
စစ်ဖျင်က သူ့သခင်၏ လျှို့ဝှက်ဆန်းကြယ်သော စကားများကြောင့် ရုတ်တရက် ကြောက်လန့်သွားပြီး သူ့အတွေးများကို မသိစိတ်ဖြင့် ထုတ်ပြောမိလိုက်သည်။ သွမ့်ထင်ရွှမ်း၏ မျက်လုံးများက သူ့နားထင်ကို ထိုးစိုက်နေသော ချွန်ထက်သည့် ဓားတစ်စင်းကဲ့သို့ ခံစားရပြီး သူ့သခင်၏အသံက အေးစက်နေလေသည်။
"မင်းကို သင်္ဂြိုဟ်တဲ့အခါ ဘယ်ပစ္စည်းတွေ ဆုချသင့်လဲဆိုတာ ငါစဉ်းစားနေတာ…"
စစ်ဖျင်က ချက်ချင်းခေါင်းငုံ့လိုက်ပြီး နောက်ထပ်စကားတစ်ခွန်းမှ မပြောရဲတော့ပေ။
…
"ရှန်းယွင်… နင် အဲဒီဆန်ပြုတ်အိုးကို စောင့်ကြည့်ထားလိုက်… ပြီးတော့ ဒီဘဲဥဆားငံနှစ်လုံးကို အခြမ်းလေးတွေ လှီးပေးပါ… ငါ မျက်နှာသစ်ရေ သွားပြင်ဆင်လိုက်ဦးမယ်… သခင်မလေး မကြာခင် နိုးတော့မှာ…"
မေယွဲ့အိမ်တော်ရှိ မီးဖိုချောင်ငယ်လေးထဲတွင် ဟုန်လျန်က နေ့စဉ်လုပ်ငန်းဆောင်တာများအတွက် ပြင်ဆင်မှုများ စတင်နေစဉ် ရှန်းယွင်က ပျော်ရွှင်စွာ ခုန်ပေါက်ဝင်လာသည်။ သူမက ကောင်မလေးကို အသေးအဖွဲအလုပ်အချို့ ခိုင်းစေပြီး ရေနွေးပုံးတစ်ပုံးဖြင့် ကိုယ်တိုင်ထွက်လာခဲ့သည်။
သူမက စုနွမ်နွမ်၏ တံခါးရှေ့တွင် ရပ်တန့်ပြီး နားစွင့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် အသံတိုးတိုးဖြင့် ညည်းညူသံအချို့ကို ကြားနေရသည်။ သူမ၏သခင်မ နိုးနေပြီဖြစ်သောကြောင့် သူမက တံခါးကို ညင်သာစွာခေါက်ပြီး ဝင်သွားလိုက်သည်။ ထို့နောက် သူမက ရေနွေးများကို ခိုင်ခံ့သော အံဆွဲဗီရိုပေါ်ရှိ ကြေးနီဇလုံတစ်ခုထဲသို့ လောင်းထည့်လိုက်သည်။ သူမ၏မျက်နှာက အပြုံးများဖြင့် ဝေဆာနေလေသည်။
"သခင်မလေး… မနက်ခင်းမှာ ဒီလောက် စကားသွက်နေတာကို မြင်ရတာ ဝမ်းသာစရာပဲ… ဒီအစေခံက ရဲတင်းစွာ မေးရမယ်ဆိုရင် ဒီနေ့ သခင်မလေးကို ဘာက ဒီလောက် ပျော်ရွှင်စေတာလဲဟင်…"
"ပျော်ရွှင်တယ် ဟုတ်လား…"
စုနွမ်နွမ်က ဟုန်လျန်ထံသို့ လျှောက်သွားပြီး သူမ၏ညာဘက်မျက်လုံးကို လက်ညှိုးထိုးပြကာ မေးလေသည်။
"ဒီမှာကြည့်… ငါ့ညာဘက်မျက်လုံးကို ကြည့်စမ်း… နင် ဘာမြင်လဲ…"
ဟုန်လျန်က မျက်လုံးကို သေသေချာချာ နာခံစွာ ကြည့်ပြီး ခေါင်းခါလိုက်သည်။
"ဘာမှမရှိပါဘူး… သခင်မလေးရဲ့မျက်လုံး ဘာဖြစ်လို့လဲဟင်…"
"နောက်တစ်ခေါက် ထပ်ကြည့်… သေသေချာချာ ကြည့်စမ်း…"
စုနွမ်နွမ်က သူမကို စိုက်ကြည့်ရင်း စိတ်တိုနေခြင်းက ရှင်းလင်းနေတော့သည်။
"နင့်ကို ပိုပြီး အကင်းပါးဖို့ ငါဘယ်နှစ်ခါ ပြောရမလဲ… အစေခံခေါင်းဆောင်တစ်ယောက်အနေနဲ့ နင်က ရှန်းယွင်အတွက် စံပြဖြစ်ရမယ်..."
"သခင်မလေး… ကျွန်မ တကယ်ကို ဘာမှမမြင်ပါဘူး… မျက်လုံးထောင့်က မျက်ချေးတောင် မရှိပါဘူး… ကျွန်မက ဘာကို မြင်ရမှာလဲဟင်…"
ဟုန်လျန်က သူမ၏သခင်မ၏ စကားများမှ အမှန်တကယ်ဒေါသထွက်နေခြင်းကို သိလိုက်ရပြီး အလိုအလျောက် ဒူးထောက်လုမတတ် ဖြစ်သွားသည်။ သူမက စုနွမ်နွမ်၏ ညာဘက်မျက်လုံးကို သေသေချာချာ ကြည့်ရန် အကောင်းဆုံးကြိုးစားနေသည်။
သူ့မျက်လုံးထဲ မျက်တောင်မွှေးတွေများ ရှိနေသလား…
သို့သော် သူမ တကယ်ကိုပင် မည်သည်ကိုမှမမြင်ရပေ။
"ငါ့မျက်ခွံတွေ လှုပ်နေတာကို နင် မမြင်ဘူးလား…"
စုနွမ်နွမ်က ဟုန်လျန်၏ စကားများကြောင့် သက်ပြင်းချလိုက်ပြီး သူမ၏မျက်လုံးများကို ပွတ်သပ်လိုက်သည်။ သူမက ဤအစေခံမလေး၏ တွေးခေါ်ပုံကို ဆက်လက်တိုးတက်စေရမည်ဟု တွေးရင်း စိတ်ဓာတ်ကျသွားရသည်။
"ကျွန်မ တကယ်ကို မမြင်ရပါဘူး…"
ဟုန်လျန်က ပိုမိုကောင်းမွန်စွာ မြင်နိုင်ရန် သူမ၏မျက်လုံးများကို ကျယ်ကျယ်ဖွင့်ကြည့်သော်လည်း သူမမြင်ရသည်က လုံးဝတည်ငြိမ်နေသော လှပသည့် မျက်ခွံနှစ်ထပ်တစ်စုံသာဖြစ်သည်။ လှုပ်ရှားမှုတစ်စုံတစ်ရာ လုံးဝမရှိပေ။
"ဪ… ဟမ်… လှုပ်တာ ရပ်သွားပုံပဲ…"
စုနွမ်နွမ်က သူမ၏မျက်နှာကို ပွတ်သပ်လိုက်သည်။
"ထူးဆန်းလိုက်တာ… ခုနကတော့ အရူးအမူး လှုပ်နေတာ…"
ဟုန်လျန်က အပြုံးဖြင့် မနက်ခင်းမျက်နှာသစ်ရန်အတွက် ဆပ်ပြာ၊ တဘက်နှင့် အခြားအသုံးအဆောင်ပစ္စည်းများကို ပြင်ဆင်ရန် ဆက်လုပ်လိုက်သည်။ သူမက နားလည်မှုရှိစွာ ခေါင်းခါလိုက်သည်။
"လှုပ်နေခဲ့ရင်တောင် သခင်မလေး ဒီလောက် စိတ်အနှောင့်အယှက်ဖြစ်စရာ မလိုပါဘူး…"
"ဘယ်မျက်လုံးလှုပ် လာဘ်… ညာမျက်လုံးလှုပ် ဘေး ဆိုတာ နင် မကြားဖူးဘူးလား…"
စုနွမ်နွမ်က အံ့ဩမှုအချို့ဖြင့် မေးလိုက်ပြီး သူမက အလွန်မယုံနိုင်ဖြစ်နေသည်။
ဒါက အရမ်းရှေးကျတဲ့ ဆိုရိုးစကားပဲ မဟုတ်လား… ဒီအရမ်းအဆင်မပြေတဲ့ ခေတ်ကြီးမှာတောင် ကြားဖူးသင့်တယ် မဟုတ်လား…
"အော်… အခုပြောမှပဲ… ကျွန်မ ငယ်ငယ်က ကြားဖူးပါတယ်… ဒါပေမယ့်… ကောင်းပြီလေ… ဒါက တကယ်တော့ ဘာမှမဟုတ်ပါဘူး… သခင်မလေး မေ့ထားလိုက်တာ ပိုကောင်းပါလိမ့်မယ်…"
စုနွမ်နွမ်က မျက်နှာသစ်ပြီးနောက် မှန်တင်ခုံတွင် ထိုင်လိုက်စဉ်တွင် ဟုန်လျန်က တောက်ပစွာ ပြုံးပြလိုက်သည်။ သူမက ရှည်လျားသော ဆံပင်ကို စတင်ဖြီးသင်နေစဉ်တွင် အနည်းငယ် သက်ပြင်းချကာ ပြောလိုက်လေသည်။
"ဘေးဒုက္ခတစ်ခုခု ကြုံရရင်တောင် သခင်မလေး ငတ်လုမတတ်ဖြစ်ခဲ့တဲ့အချိန်က ဘေးဒုက္ခကို ဘယ်လိုဒုက္ခမျိုးက ယှဉ်နိုင်မှာလဲ… အဲဒီဘေးဒုက္ခ ပြီးဆုံးသွားပြီဆိုတော့ အဲဒီနောက်ပိုင်း နေ့ရက်တိုင်းက ကောင်းမွန်တဲ့ နေ့တစ်နေ့လို့ ကျွန်မခံစားရပါတယ်… နည်းနည်းခက်ခဲပေမယ့် အဲဒီမှောင်မိုက်တဲ့ကာလထက်တော့ ပိုချိုမြိန်ပါတယ်…"
"နင့်ကိုကြည့်စမ်း… အကျိုးအမြတ်နည်းနည်းလေးရရုံနဲ့ ပျော်နေတာ…"
စုနွမ်နွမ်က စားပွဲကို ညင်သာစွာ ပုတ်လိုက်သည်။
"လူတွေက တိရစ္ဆာန်တွေနဲ့ ကွဲပြားတာက ငါတို့မှာ မြင့်မားတဲ့ ရည်မှန်းချက်တွေရှိပြီး ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်အဆင့်အတန်းကို ပိုကောင်းအောင် ကြိုးစားလို့ပဲ… တိရစ္ဆာန်တွေကသာ စားစရာရှိရုံနဲ့ အိပ်စက်ရုံနဲ့ ပျော်ရွှင်ကြတာ… ငါပြောမယ်… နင်က ဒီလောက်လွယ်လွယ်နဲ့ ကျေနပ်နေရင် တိရစ္ဆာန်တွေနဲ့ ဘယ်လောက်ကွာခြားလို့လဲ…"
"ကျွန်မကတော့ အစားအသောက်ကောင်းကောင်းနဲ့ နေစရာခေါင်မိုးတစ်ခုရှိရုံနဲ့ မဆိုးဘူးလို့ ခံစားရပါတယ်…"
ဟုန်လျန်က မျက်မှောင်ကြုတ်ရင်း ပြောလိုက်ရာ စုနွမ်နွမ်က ပြန်ပြောလိုက်သည်ကို ကြားလိုက်ရသည်။
"ဘာ… နင်က အဲဒီလိုမျိုးက မဆိုးဘူးလို့ ထင်တာလား… မဖြစ်နိုင်ဘူး… နင်က တိရစ္ဆာန်တွေထက် မသာဘူးလို့ ပြောနေတာလား…"
"ဒါဆို သခင်မလေးမှာ ဘယ်လိုအိပ်မက်တွေနဲ့ ရည်မှန်းချက်တွေ ရှိလဲဟင်…"
ဟုန်လျန်က ရှည်လျားနက်မှောင်သော ဆံပင်ကို ကျက်သရေရှိသော တိမ်တိုက်ပုံ ဆံထုံးအဖြစ် ကျစ်ဆံမြီးထုံးရင်း ပြုံးကာမေးလိုက်သည်။ ထို့နောက် သူမက အတော်အတန် နည်းပါးသော လက်ဝတ်ရတနာသေတ္တာထဲမှ ပုလဲနှင့် ငွေဆံထိုးနှစ်ချောင်းကို ထုတ်ယူပြီး စုနွမ်နွမ်က သူမကို လှည့်ကြည့်စဉ်တွင် ထိုးပေးရန် ပြင်ဆင်လိုက်သည်။
"ငါ့ရဲ့အိပ်မက်တွေနဲ့ ရည်မှန်းချက်တွေကတော့လေ… ဒီလောကမှာရှိတဲ့ အကောင်းဆုံးအစားအစာအားလုံးကို စားဖို့ပဲ…"
စုနွမ်နွမ်က သူမ၏လက်များကို ကျယ်ကျယ်ဖြန့်ကာ ခန့်ညားစွာ ပြောလိုက်သည်။ ခဏအကြာတွင် အစေခံခေါင်းဆောင်၏ အသံက လွင့်ပျံလာသည်။
"ဒါက တိရစ္ဆာန်ဆန်တဲ့ ဆန္ဒမျိုး မဟုတ်ဘူးလား…"
"ဘယ်လိုလုပ် အတူတူဖြစ်နိုင်မှာလဲ…"
စုနွမ်နွမ်က ဟုန်လျန်ကို မျှော်လင့်ချက်ကင်းမဲ့သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"ငါ့ကိုပြောစမ်း… တိရစ္ဆာန်တွေက ချက်တတ်လို့လား… သူတို့က ကြော်၊ ပေါင်း၊ ဖုတ်၊ ပြုတ်တတ်လို့လား… တိရစ္ဆာန်တွေက အနူးညံ့ဆုံးအသားလွှာတွေရဖို့ ငါးတစ်ကောင်ကို ဘယ်လိုလှီးရမလဲဆိုတာ သိလို့လား… ဥပမာ၊ ငါးကြင်းတွေနဲ့ ပတ်သက်လာရင်... ဘာပဲဖြစ်ဖြစ်၊ သူတို့က စားတတ်ပြီး မစင်စွန့်တတ်ရုံပဲ သိတာ… အဲဒီလို ယုတ်ညံ့တဲ့ သတ္တဝါတွေက ငါ့လို အစားအသောက်ကျွမ်းကျင်သူကြီးနဲ့ ဘယ်လိုနှိုင်းယှဉ်နိုင်ပြီး ဒီဘဝမှာ အကောင်းဆုံးအရာတွေကို စားသုံးချင်တဲ့ ငါ့ရဲ့အိပ်မက်ကို တန်ဖိုးထားနိုင်မှာလဲ…"
ဟုန်လျန်က ပုလဲနှင့် ငွေဆံထိုးကို ပိုးသားလိုနက်မှောင်သော ဆံပင်ထဲသို့ ထိုးထည့်ရင်း တိတ်ဆိတ်နေခဲ့သည်။
"ငါနဲ့ သာမန်တိရစ္ဆာန်တွေကြားက ကြီးမားတဲ့ကွာခြားချက်ကို နင် အခုနားလည်ပြီလား…"
စုနွမ်နွမ်က ဟုန်လျန်ကို ကြည့်ရင်း သူမ၏မေးစေ့ကို မော့ကာ ဂုဏ်ယူစွာ ပြောလိုက်သည်။ သူမ၏အစေခံက လျင်မြန်စွာ ခေါင်းညိတ်ပြသောအခါ သူမက မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"အင်း… နင် နားလည်ပြီဆိုရင် ငါ့ကိုပြော… ငါက တိရစ္ဆာန်တွေနဲ့ ဘယ်လိုကွာခြားလဲ… နင် ငါ့စကားတွေကို ပြန်မပြောရဘူး…"
ဟုန်လျန်၏မျက်နှာပေါ်တွင် ခါးသီးသော အမူအရာတစ်ခု ပေါ်လာလေသည်။
တကယ်လို့ ဒီစကားဝိုင်းက ဘယ်လောက် ဘေးဒုက္ခများမယ်ဆိုတာ ငါသိခဲ့ရင် စုနွမ်နွမ်ကို ပြုစုဖို့ ရှန်းယွင်ကိုပဲ လွှတ်လိုက်မှာပါ… အဲဒီကောင်မလေးက မျက်နှာချိုသွေးရာမှာ ကျွမ်းကျင်သူ… မျက်နှာတည်တည်နဲ့ လိမ်တောင်မလိမ်တတ်တဲ့ ငါနဲ့မတူဘူး…
သူမက စုနွမ်နွမ်၏ မျက်နှာအမူအရာကို သတိထားပြီး လေ့လာကာ အတော်ကြာကြာစဉ်းစားပြီးနောက် နောက်ဆုံးတွင် ပြောလိုက်လေသည်။
"သခင်မလေးနဲ့ တိရစ္ဆာန်တွေကြားက ကွာခြားချက်ကလား… ဒါက... သခင်မလေးက အဆင့်မြင့်တဲ့ တိရစ္ဆာန်တစ်ကောင်မို့လို့လားဟင်…"
"ဖူး...ဖွီး..."
စုနွမ်နွမ်၏ ပါးစပ်ထဲတွင် လက်ဖက်ရည်မရှိသောကြောင့် သူမ၏နှုတ်ခမ်းမှ ပန်းထွက်လာသော အရည်က တံတွေးများဖြစ်သည်။ ကံမကောင်းစွာဖြင့် အားလုံးအပြင်သို့ မရောက်ဘဲ အချို့က လမ်းကြောင်းမှားဝင်သွားပြီး သူမက အတော်ကြာအောင် သီးသွားပြီး ချောင်းအဆက်မပြတ်ဆိုးနေခဲ့ရသည်။
"မျှော်လင့်ချက်မရှိဘူး… ဟုန်လျန်… နင်က မျှော်လင့်ချက်မရှိဘူး…"
စုနွမ်နွမ်က ဝမ်းနည်းစွာ ခေါင်းခါပြီး ဟုန်လျန်ကို သနားကြင်နာစွာ ကြည့်လိုက်သည်။
"နင် အကောင်းဆုံး မျှော်မှန်းနိုင်မှာက သာမန်ဘဝတစ်ခုပဲ…"
"ကျွန်မက သာမန်အစေခံတစ်ယောက်ပါ… ဒါကြောင့် ကျွန်မရဲ့အကြီးမားဆုံး ရည်မှန်းချက်က ကျေနပ်ရောင့်ရဲတဲ့ ဘဝတစ်ခုပါပဲ… ကျွန်မက စစ်မှုထမ်းစာမေးပွဲ ဒါမှမဟုတ် ပညာတတ်စာမေးပွဲတွေနဲ့ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လုပ်နိုင်တာမှ မဟုတ်တာ… ဟုတ်တယ်မလား…"
ဟုန်လျန်က ပြုံးချင်စိတ်ကို မထိန်းနိုင်ခဲ့ပေ။
"စစ်မှုထမ်းနဲ့ ပညာတတ်စာမေးပွဲတွေအကြောင်း ပြောရရင် သခင်မလေးက သခင်နဲ့ ဒါကို ပြောသင့်ပါတယ်… ဘာပဲဖြစ်ဖြစ် သခင်က တစ်ခါက သာမန်လူတစ်ယောက်လို ဝတ်ဆင်ပြီး စာမေးပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးတယ်လေ..."
"ရပ်… နင့် ပါးစပ်ပိတ်ထား… အဲဒီနာမည်ကို မေယွဲ့အိမ်တော်မှာ မပြောရဘူး… နားလည်လား…"
စုနွမ်နွမ်က သူမ၏ခန္ဓာကိုယ်ရှေ့တွင် လက်များဖြင့် ကြက်ခြေခတ်ပုံစံကြီးတစ်ခု ပြုလုပ်လိုက်သည်။
"နင် ကျီးကန်းတောင်းမှောက် ပုံပြင်ကို သိလား… ဒါမှမဟုတ် အိမ်ထဲကို ဝံပုလွေခေါ်သွင်းခြင်းရဲ့ အကျိုးဆက်တွေကိုရော… ဟုန်လျန်… နင်က ကျိန်စာသင့်သူရဲ့နာမည်ကို ဘယ်တော့မှ မခေါ်ဘဲ ကံဆိုးမိုးမှောင်ကျခြင်းအားလုံးကို ကာကွယ်ရမယ်…"
"ဒါပေမယ့် ဒါက သခင်ရဲ့စံအိမ်တော်ပါ… မေယွဲ့အိမ်တော်က အတော်လေး ဝေးလံခေါင်ဖျားပေမယ့် သခင်ပိုင်တာပါပဲ… သူလာချင်ရင် သူ့ကိုတားလို့မရပါဘူး… ကျွန်မ ဘယ်လိုမှ..."
"ကျိန်စာတိုက်စကားတွေ ဆက်ပြောနေတုန်းပဲလား…"
စုနွမ်နွမ်က ဒေါသထွက်နေသည်။ သူမက ထရပ်ပြီး အခန်းထဲတွင် လှည့်ပတ်လမ်းလျှောက်နေသည်။
"ငါတို့တော့ ဒုက္ခရောက်ပြီ… ဒုက္ခရောက်ပြီလို့ ငါပြောနေတာ… ဒီမနက် ငါ့ညာဘက်မျက်လုံးက အဆက်မပြတ်လှုပ်နေတယ်… အခုတော့ နင်နဲ့ နင့်ရဲ့ ကျီးကန်းတောင်းမှောက်စကား… ကံဆိုးမိုးမှောင်က ငါတို့အပေါ် ကျရောက်တော့မယ်…"
သူမက အသံကျယ်ကျယ်ဖြင့် ညည်းညူနေဆဲတွင် ရှန်းယွင်၏အသံက ထွက်ပေါ်လာသည်။
"စားစရာ အသင့်ဖြစ်ပါပြီ… သခင်မလေး… ဆန်ပြုတ်ကျက်ပါပြီ… ပြီးတော့ ဘဲဥဆားငံတွေက အရမ်းတောက်ပြောင်ပြီး..."
သူမ၏စကားမဆုံးခင်တွင် အားကောင်းသောလေတစ်ချက်က သူမဘေးမှ ဝှစ်ခနဲ ဖြတ်သွားသည်။ သူမက မျက်တောင်ခတ်လိုက်သော်လည်း အခန်းထဲတွင် စုနွမ်နွမ်၏ အရိပ်ပင် မကျန်တော့ပေ။ ဟုန်လျန်က အနည်းငယ်ဟနေသော တံခါးဘက်သို့ ကြည့်ပြီး အတော်ကြာသည့်အခါ တိုးတိုးလေး ရေရွတ်လိုက်သည်။
ကံဆိုးမိုးမှောင်က တကယ်ကျနိုင်လို့လား… သခင်မလေး… ရှင် ဒီလောက်မြန်မြန် ထွက်သွားတာ… မကြာခင်မှာ မကောင်းတာကြုံရမှာတောင် အစားစားချင်စိတ်က ကောင်းနေတုန်းပဲလား…
🍲🍲