Chapter 3
Viewers 646

Chapter 3


~~~


သူ အိမ်ကို ပထမဆုံး ပြန်ရောက်တုန်းက ဆယ့်ခြောက်နှစ်ပဲ ရှိသေးတယ်။ သူ လူတိုင်းအပေါ် ကြင်နာတဲ့ စိတ်ကို ထားခဲ့တယ်။ ဒါပေမဲ့ သူ မျှော်လင့်ခဲ့တဲ့ မိသားစုက သူ့ကို မချစ်ခဲ့ဘူး။


သူ့ရဲ့ ပထမဆုံးမွေးနေ့မှာ ဘယ်သူကမှ သူ့ကို မွေးနေ့ဆုတောင်း စကားတစ်ခွန်းတောင် မပေးခဲ့ကြဘူး။


ဒါပေမဲ့ ခွမ့်လင်ရှီး က "ကိတ်မုန့် စားချင်တယ်" လို့ ပေါ့ပေါ့ပါးပါး ပြောလိုက်တာနဲ့ ခွမ့်မိသားစုဟာ အမျိုးအစား တစ်ဒါဇင်ကျော်လောက် ဝယ်ပြီး အဲဒီနေ့မှာပဲ အိမ်ကို ပို့ပေးခဲ့ကြတယ်။


ခွမ့်လင်ရှီး က သူ့ဆီ ကိတ်မုန့်တစ်လုံးကို ယူလာရင်း ပြုံးတယ်။


သူ့အပြုံးက အမုန်းစိတ် နည်းနည်းလေးတောင် မရှိဘူးလို့ ထင်ရတယ်။


"ကျွန်တော့်မွေးနေ့က ခြောက်လလောက် လိုသေးပေမဲ့ ကိစ္စမရှိဘူး၊ ကိုကို မွေးနေ့ကိတ် စားလို့ရတယ်၊ ကိုကို ကြိုက်ရင် နေ့တိုင်း တစ်လုံးစီ စားလို့ရတယ်"


သူ့အပြုံးက အဆိပ်ရည်နဲ့ ထုပ်ထားတဲ့ သကြားလုံးလိုပဲ။


လူတိုင်းရဲ့ ရှေ့မှာ ဖြစ်ပေမဲ့ သူ အဲဒီ ကိတ်မုန့်ကို မယူခဲ့ဘူး။ သူမှ သရက်သီးနဲ့ မတည့်တာ။ ဒါပေမဲ့ ခွမ့်လင်ရှီး က သူ့ကို သရက်သီးကိတ် ရည်ရွယ်ချက်ရှိရှိ ပေးခဲ့တယ်။


သူ လှည့်ပြီး အပေါ်ထပ်ကို တက်သွားတယ်၊ သူ့နောက်က ဆူညံသံတွေကို ပိတ်ပစ်လိုက်တယ်။


ဒါပေမဲ့ 'ကျန်းချန်'က "ကျေးဇူးမသိတတ်တဲ့သူ" လို့ ကျိန်ဆဲတာကိုတော့ သူ ကြားလိုက်ရတုန်းပဲ။

သူ့မိဘတွေကလည်း သူ့ဘက်ကနေ ကာကွယ်မပေးခဲ့ဘူး။


အဲဒီနေ့ကစပြီး သူ့ရဲ့ မွေးနေ့တွေဟာ မေ့လျော့ခံရတဲ့ သစ်ရွက်တွေလို ဖြစ်သွားတော့တယ်။ လေထဲမှာ လွင့်မျောရင်း လွင့်မျောရင်းနဲ့ ဝေးလံပြီး မသိတဲ့ နေရာတစ်ခုမှာ ပျောက်ကွယ်သွားတဲ့အထိပဲ။


သူဟာ သူ့ကိုယ်ပိုင်အိမ်မှာ ခဏတာ နေထိုင်ခွင့် ရထားတဲ့ ဧည့်သည်တစ်ယောက်လို ဖြစ်နေခဲ့တယ်။


ခွမ့်လင်ရှီး ကတော့ တကယ့် သခင်ပဲ။


ခွမ့်လင်ရှီး က ခွမ့်ရယ်ကို မကြိုက်ဘူး၊ ဘာကြောင့်လဲတော့ ခွမ့်ရယ် မသိဘူး။


သူ ပိုင်ဆိုင်သင့်တဲ့ အရာအားလုံးဟာ သူ့ဆီမှာ မရှိတော့ဘူး။ ခွမ့်လင်ရှီး က ဘာလို့ သူ့အပေါ် ဒီလောက်တောင် အမုန်းတရား နက်နက်ရှိုင်းရှိုင်း ထားတာလဲဆိုတာကို သူ နားမလည်နိုင်ဘူး။


သူ တစ်ခုခုကို ပြောင်းလဲဖို့ ကြိုးစားခဲ့ဖူးတယ်။

ဒါပေမဲ့ ဘာကိုမှ ပြောင်းလဲလို့ မရခဲ့ဘူး။


သူ တစ်ချိန်က ကျောင်းရဲ့ ထိပ်တန်းကျောင်းသားတစ်ယောက် ဖြစ်ခဲ့တယ်။ လူတိုင်းက သူ့အကြောင်းကို လေးစားစွာ ပြောဆိုခဲ့ကြတယ်။


ဒါပေမဲ့ ခွမ့်လင်ရှီး က သနားစဖွယ် အမူအရာနဲ့ ပြောလိုက်တယ်။


"ခွမ့်ရယ်က ငါ့ကို... ထားလိုက်ပါတော့၊ သူ တမင်လုပ်တာတော့ မဟုတ်ပါဘူး.. သူ ငါ့ကို မကြိုက်တာ ဖြစ်နိုင်ပါတယ်"


လူတချို့မှာတော့ ဒီလိုမျိုး ရှင်းပြလို့မရတဲ့ စွမ်းရည်မျိုး ရှိနေတတ်တယ်။ သူတို့ အများကြီး ဘာမှမပြောရင်တောင် တခြားသူတွေကို မတရားမှု ကြီးကြီးမားမား ခံစားခဲ့ရသူအဖြစ် ခံစားရစေနိုင်တယ်။


ခွမ့်လင်ရှီး ကို ကြိုက်တဲ့သူတွေက အရမ်း များလွန်းတယ်။


စွပ်စွဲချက်တစ်ခုစီတိုင်းနဲ့အတူ ခွမ့်ရယ်ဟာ ရုန်းမထွက်နိုင်တဲ့ ရွှံ့နွံထဲ ပိုပြီး နစ်မြုပ်သွားရတော့တယ်။


ငါ တစ်ချိန်က သူ ရေးခဲ့တဲ့ စာအုပ်ကို ဖတ်ဖူးတယ်။ အဲဒီ ဖြစ်ရပ်ကို စာသားတစ်ကြောင်းတည်းနဲ့ မှတ်တမ်းတင်ထားတယ်။


{ ငါ့ခြေထောက်တွေ ရွှံ့ထဲမှာ နစ်နေပြီး ရွေ့လို့မရတော့ဘူး။ ငါ့ရဲ့ အနာဂတ်ဆီကို တစ်ရွတ်တိုက် လေးဖက်ထောက်သွားဖို့ အတွက် အတင်းအကြပ် ခိုင်းစေခံရတယ်။ }


~~~