❓️Chapter 5
ထင်တဲ့အတိုင်း သူ့ရဲ့ညီအစ်ကိုကောင်းက သူနဲ့တကယ်စိတ်တူကိုယ်တူရှိတယ်
တစ်ဖက်တွင်မူ ကျောင်းယန်ယွိက ခေါင်းငုံ့ပြီး သူ၏အနေအထားနှင့်ရှုထောင့်ကို တွက်ချက်နေလေသည်။
လူသားတစ်ယောက်၏ကြည့်ရှုသည့်အနေအထားမှာ ကန့်သတ်ထားသောကြောင့် ယခင်ကသူစနစ်ဖြစ်ခဲ့စဥ်ကရှုထောင့်နှင့်ကွာခြားလေသည်။
စနစ်၏ကြည့်ရှုသည့်ထောင့်အနေအထားမှာ သုံးရာ့ခြောက်ဆယ်ဒီဂရီဖြစ်နိုင်သည်။ လူသားတစ်ယောက်မျက်လုံး၏ အများဆုံးအမြင်ရှုထောင့်မှာ တစ်ရာ့ငါးဆယ်ဒီဂရီကျော်သာရှိသည်။ မျက်လုံးနှစ်လုံး၏ ရေပြင်ညီအမြင်ရှုထောင့်မှာ တစ်ရာရှစ်ဆယ့်ရှစ်ဒီဂရီမျှဖြစ်၏။ ထောင့်ကပ်ကြည့်လျှင် တစ်ရာနှစ်ဆယ့်လေးဒီဂရီရှိသည်။ တစ်မျိုးပြောရလျှင် လူသားတစ်ယောက်၏ ဝတ္ထုတစ်ခုကိုမြင်ရသော တစ်ရာနှစ်ဆယ့်လေးဒီဂရီအတွင်းမြင်ကွင်းမှာ သုံးဖက်မြင်ရလဒ်မျိုးရှိလေသည်။
၎င်းက အနီးမှုန်ခြင်း၊ အဝေးမှုန်ခြင်းနှင့် မှန်ဘီလူးလွဲခြင်းတို့ကဲ့သို့သော မျက်လုံးပြဿနာများနှင့်မဆိုင်ပေ။(မျက်လုံးပြသနာတွေကို ထည့်မတွက်ထား)
သို့သော် ဝမ်းချန်ရှီးက မျက်မှန်တပ်ထားသောကြောင့် ဤပြဿနာမျိုးမရှိနိုင်ချေ။
ကျောင်းယန်ယွိမျက်လုံးထဲတွင် ပန်ကာပုံစံဧရိယာရှိနေဟန်ရသည်။ ဤပန်ကာပုံစံပုံကြမ်းမှာ အရှေ့တည့်တည့်မှဝမ်းချန်ရှီးကိုဖမ်းယူနိုင်ပြီး ဝမ်းချန်ရှီး၏အရှေ့ဘက်ရေပြင်ညီအမြင် တစ်ရာနှစ်ဆယ့်လေးဒီဂရီမှာ သူ၏လက်ရှိထောင့်အနေအထားမှ လေးဆယ့်ငါးဒီဂရီကွာဝေးသည်။
ဆိုရလျှင် သူကအရှေ့တည့်တည့်ကိုဆက်လျှောက်သွားပြီး ဝမ်းချန်ရှီး၏မြင်ကွင်းအတွင်းလေးဆယ့်ငါးဒီဂရီလှည့်လိုက်လျှင် သူ၏ပြားချပ်နေသောပုံရိပ်အစား သုံးဖက်ညီပုံရိပ်ပေါ်လာပေလိမ့်မည်။
ကျောင်းယန်ယွိက ရှေ့ကိုတစ်လှမ်းတိုးလိုက်ပြီး နောက် .. နှစ်ဆယ်ဒီဂရီကျန်နေသေးသည်။
သူက ခေါင်းငုံ့လိုက်ပြီး မျက်လုံးကို အတည့်ထားကာ ခြေထောက်ကြားမှအကွာအဝေးကိုတိုးလိုက်သည်။ ထို့နောက် -5 ဒီဂရီ တစ်လှမ်းထပ်တိုးလိုက်သည်။
ထိုသူက သူ့ကို မြင်ရလောက်သည်။
ထင်သည့်အတိုင်း ခဏအကြာတွင် ဝမ်းချန်ရှီး၏ အသံထွက်လာသည်။
"ကျောင်းယန်ယွိ.."
ကျောင်းယန်ယွိကခေါင်းမော့ကာ အံ့ဩသွားသလိုဟန်ဆောင်လိုက်၏။ သူ့မျက်လုံးများက ဝမ်းချန်ရှီးအပေါ်ကိုကျသွားပြီး ကြိုးစားပမ်းစားလေ့ကျင့်ခဲ့ရသောလူသားမျက်နှာထားကို ပြသလိုက်ကာ အံ့ဩသွားလေသည်။
"သူဌေးဝမ်း.."
ကျောင်းယန်ယွိက လော့ဂျစ်ကျသည့်အပြုအမူဖြင့်လျှောက်သွားကာ ယဥ်ကျေးစွာမေးလိုက်သည်။
"သူဌေးဝမ်း ဘာလို့ ဒီကိုရောက်နေတာလဲ.."
သို့သော် ကျောင်းယန်ယွိမှာ နောက်ထပ်ပြဿနာတစ်ခုကိုသဘောပေါက်လိုက်သည်။ သူ့အစ်ကိုကြီးက သူ့နာမည်ကိုဘယ်လိုလုပ်သိနေတာလဲ။
သူတို့က ဓာတ်လှေကားထဲတွင် တစ်ကြိမ်သာတွေ့ဖူးကြသည်။
သို့တစေ ကျောင်းယန်ယွိက ဤသံသယကိုအမြန်စွန့်ပယ်လိုက်သည်။ ဤသူမှာ ယခင်ဘဝမှဘော့စ်ကသတ်မှတ်ပေးလိုက်သောညီအစ်ကိုပင်။ တိုးတက်မှုမြန်ဆန်သည်မှာပုံမှန်ဖြစ်ပြီး ထိုတိုးတက်မှုက ထိုသူကိုထပ်မံသိရရန်လိုအပ်သည်အထိ မလုံလောက်မည်ကိုပင် စိုးရိမ်နေမိသေးသည်။
ဝမ်းချန်ရှီးက ဘောင်မပါသောမျက်မှန်အောက်မှ အနည်းငယ် စူးရှသောမျက်လုံးများကို ပိတ်ဆို့လိုက်ရန် မျက်မှန်ကိုတွန်းတင်လိုက်သည်။
"ကိုယ်က ကိုယ့်သူငယ်ချင်းတွေနဲ့အတူပျော်ရအောင်လာခဲ့တာ၊ မင်းကရော ဒီကိုဘာလို့ရောက်နေတာလဲ.."
ကျောင်းယန်ယွိက သူ့ကိုပြုံးပြလိုက်သည်။
"ကျွန်တော့်အိမ်က ဒီမှာမလို့ပါ.."
ဝမ်းချန်ရှီးစိတ်ထဲတွင် ယခုလေးတင်သူဖတ်လိုက်ရသော ကျောင်းယန်ယွိ၏ကိုယ်ရေးအကျဥ်းကို အမြန်ပြန်တွေးလိုက်သည်။
မှန်သည်။ ထိုသူ၏လိပ်စာက ဤနေရာတွင်ဖြစ်ပုံရသည်။
ကျိကျစ်ယွမ်နှင့်လိရှီးက စပ်စုဟန်ဖြင့်လှမ်းကြည့်ကြသည်။
"လောင်ဝမ်း ဒါက.."
ဝမ်းချန်းရှီးက တိုတိုတုုတ်တုတ်ဖြေလိုက်သည်။
"ငါ့ကုမ္ပဏီကဝန်ထမ်း ကျောင်းယန်ယွိ.."
ကျောင်းယန်ယွိက အလွန်တရာမှယဥ်ကျေးလေသည်။
"အားလုံးပဲ မင်္ဂလာပါဗျ..."
သူက စိတ်ထဲမှပင် တိတ်ဆိတ်စွာသက်ပြင်းချလိုက်သည်။ ထိုသူက သူ၏ညီအစ်ကိုကောင်းနှင့်အတူ ငါးဖမ်းရသည်ကိုနှစ်သက်သောလူပင်ဖြစ်လိမ့်မည်။
"ဒီလိုတွေ့ရတာက တိုက်ဆိုင်တာပဲ၊ လာလေ၊ ထိုင်ဦး ရှောင်ကျောင်း.."
ကျိကျစ်ယွမ်က ကျောင်းယန်ယွိကို နွေးထွေးစွာ ဖိတ်ခေါ်နေသည်။
"မင်းက အတော်လေးငယ်ဦးမယ့်ပုံပဲ၊ မင်းက လောင်ဝမ်း မင်းကိုမှတ်မိနေအောင်လုပ်နိုင်ရင် မင်းမှာ ဩချလောက်စရာ နည်းပညာအရည်အချင်းတွေရှိရမယ် ဟုတ်တယ်မလား၊ မင်းက တကယ်ငယ်ရွယ်ပြီး အလားအလာကောင်းတာပဲ.."
ကျောင်းယန်ယွိက ယဥ်ကျေးစွာပြောလိုက်သည်။
"မဟုတ်ပါဘူးခင်ဗျာ၊ ကျွန်တော်က 'ဝန်ဆောင်မှု' ဌာနကပါ.."
"အာ..ဝန်ဆောင်မှုဌာနကကိုး.."
ကျိကျစ်ယွမ်နှင့်နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ဆတ်ခနဲကြည့်မိကြသည်။ ဝေ့လန်နည်းပညာကုမ္ပဏီရုံးချုပ်တစ်ခုတည်း၌ပင် ဝန်ထမ်းများ ထောင်နှင့်ချီရှိပြီး ဝမ်းချန်ရှီးဘက်မှစတင်နှုတ်ဆက်မည့်သူမှာလည်း နည်းပညာတွင် အလွန်ကျွမ်းကျင်သူသာဖြစ်လိမ့်မည်။ ထို့အပြင် နည်းပညာကုမ္ပဏီတွင် နည်းပညာက အရေးအကြီးဆုံးကိစ္စဆိုသော်လည်း အရေးမကြီးသည့်အရာဟုလည်း မမျှော်လင့်ထားကြပေ။
ယင်းမှာ အလွန်တရာမှဆန်းကြယ်နေလေသည်။
သူတို့နှစ်ယောက်က ဝမ်းချန်ရှီးကို အဓိပ္ပါယ်ရှိစွာကြည့်လိုက်ကြသည်။
ဝမ်းချန်ရှီးက သူတို့အကြည့်ကို လျစ်လျူရှုထားပြီး ငါးမြှားတံကို ကျောင်းယန်ယွိထံပေးကာမေးလိုက်လေသည်။
"ငါးမြှားတတ်လား.."
ကျောင်းယန်ယွိ တုန်လှုပ်သွားရသည်။မူလက သုညရာခိုင်နှုန်းသာရှိသေးသော မိတ်ဆွေဆက်ဆံရေးဘားတန်းက ရုတ်တရက် ငါးဆယ်ရာခိုင်နှုန်းဖြစ်သွားသည့်အခါ ပြင်းထန်သောခံစားချက်မျိုးကိုရလိုက်သည်။
သိုင်းလောကဝတ္ထုများတွင်ဆိုလျှင် ယင်းက အတွင်းပိုင်းမှဖိအားများကို တပြိုင်တည်းရလိုက်သလိုခံစားချက်ပင်။
ကျောင်းယန်ယွိ: "အရင်ကတော့ တစ်ခါမှငါးမမြှားဖူးပေမဲ့ မြှားလို့ရလောက်မှာပါ.."
ဝမ်းချန်ရှီး: "မြှားလို့ရလောက်မှာပါတဲ့လား.."
ကျောင်းယန်ယွိ: "မြှားတံကိုပစ်လိုက်၊ မြှောက်ထား၊ ရေပေါ်မှာတင်ထား၊ အစာအလေးချိန်နဲ့ရေမျက်နှာပြင်က လှိုင်းတွေကိုလည်း တိတိကျကျတွက်ချက်ဖို့လိုတယ်လေ.."
ဝမ်းချန်ရှီးမှာ ကျောင်းယန်ယွိ၏အလေးအနက်ထားနေပုံကိုတွေ့လိုက်ရသည်။ ထိုသူက အင်တာနက်ပေါ်မှငါးမြှားနည်းပြလိုပင်။
ဝမ်းချန်ရှီးက မျက်ခုံးကိုအသာပင့်ကာပြောလိုက်သည်။
"စမ်းကြည့်.."
ဝမ်းချန်ရှီးက ငါး စားပြီးသားအစာကိုပြန်နှုတ်ပြီး အစာအသစ်ချိတ်ပေးကာ ကျောင်းယန်ယွိထံသို့ပစ်ပေးရင်းပြောလိုက်သည်။
သူ၏ညီအစ်ကိုကသူ့အတွက် အားလုံးကိုပြင်ပေးထားပြီး သူက ငါးမြှားရန်သာတာဝန်ရှိလေသည်။ ကျောင်းယန်ယွိမှာ ခန္ဓာကိုယ်ထဲ၌ ခံစားချက်တစ်ခုလှိုင်းထလာသည်ကိုခံစားလိုက်ရပြီး မျက်လုံးများကို ကျယ်ကျယ်ဖွင့်ထားကာ "ဟုတ်ကဲ့" ဟုပြောလိုက်သည်။
ထင်တဲ့အတိုင်း ဝမ်းချန်ရှီးက သူ့စရိုက်နဲ့အကိုက်ညီဆုံး၊ ပြီးတော့ သူ့အစ်ကိုကြီးက သူနဲ့တကယ်ရင်းနှီးနေတာပဲ။
သူ့အမည်တွင် 'ယွိ' ပါနေ၍ဖြစ်လိမ့်မည်။ ကျောင်းယန်ယွိနှင့် ငါးမှာ ကံစပ်လေသည်။
လက်ထဲရှိ ငါးမြှားတံကို ရေထဲချလိုက်ရုံဖြင့် ငါးမိနစ်အတွင်း ငါးတစ်ကောင်ကို မုချဖမ်းမိလေသည်။
အချိန်ကြာလာသည်နှင့်အမျှ သူဖမ်းမိသောငါးများက ကြီးပြီးရင်းကြီးလာ၏။
ငါးများက ကျောင်းယန်ယွိလက်ထဲသို့ပါသွားသောကြောင့် မတိုင်ခင်က ဝမ်းချန်ရှီးတစ်ယောက် ငါးတစ်ကောင်မဖမ်းမိ၍ရယ်နေကြသည့် လိရှီးနှင့်ကျိကျစ်ယွမ်မှာ ယခုမူ အလွန်တရာမှမနာလိုဖြစ်နေကြရသည်။
လိရှီး: "ရှောင်ကျောင်း မင်းပြောတော့ အရင်ကငါးတစ်ခါမှမဖမ်းဖူးဘူးလို့ပြောခဲ့တာမဟုတ်ဘူးလား၊ အခု ဘာလို့ဒီလောက်တောင်တော်နေရတာလဲ.."
ကျောင်းယန်ယွိ: "တကယ်ကို ပထမဆုံးအကြိမ်ပါဗျာ.."
ကျိကျစ်ယွမ်က မအီမလည်ဖြင့်ပြောလိုက်သည်။
"ဒါက မာကျောက်ကစားနေတာနဲ့မတူဘူး၊ လူသစ်လေးတစ်ယောက်အနေနဲ့ သူက ပိုပြီးကံကောင်းနေတာပဲ ဟုတ်တယ်မလား.."
လိရှီး: "အဲဒီလိုမပြောပါနဲ့၊ တကယ်ဖြစ်နိုင်တယ်ပါတယ်.."
ကျောင်းယန်ယွိက ဝမ်းချန်ရှီးကိုလှည့်ကြည့်လိုက်သည်။
ဝန်ထမ်းလေး၏မျက်နှာမှာ သူ့ထံမှချီးကျူးစကားကိုစောင့်စားနေသည့်အလား မျှော်လင့်ချက်များဖြင့်ပြည့်နေလေ၏။
ဝမ်းချန်ရှီးက နှုတ်ခမ်းတို့ကိုဖိလိုက်သည်။
"မင်းကအရမ်းတော်တာပဲ၊ အခုတင် ကိုယ် တစ်ကောင်မှမဖမ်းမိဘူး.."
ကျောင်းယန်ယွိ ခဏတွင်းချင်း အလေးအနက်ဖြစ်သွားလေသည်။
"ကျွန်တော်က သူဌေးကိုကူညီတာပါ.."
သူက သူ့ရဲ့ညီအစ်ကိုကောင်းနဲ့အတူ ငါးတွေကို ကူပြီးဖမ်းပေးချင်တာ..
ကျိကျစ်ယွမ်က အလွန်စကားပြောကောင်းလေသည်။ သူ့မိသားစုက ဖျော်ဖြေရေးကုမ္ပဏီတစ်ခုကိုပိုင်ဆိုင်ထားပြီး သူက လူအများအပြားနှင့်တွေ့ခဲ့ဖူးသည်။ အသိုင်းအဝိုင်းမျိုးစုံတွင်ကျင်လည်ဖူးသောကြောင့် လူပေါင်းစုံနှင့်စကားပြောဆိုရာတွင် အကျွမ်းကျင်ဆုံးဖြစ်၏။ ထိုသူတွင် မြင့်မားသော လူမှုဆက်ဆံရေးအရည်အချင်းရှိသည်။
ကျောင်းယန်ယွိ ငါးက အစာကိုလာဟပ်သည့်အချိန်အားစောင့်နေစဥ် ထိုသူ ကျောင်းယန်ယွိနှင့် ထိုနှစ်တွင် အသက်မည်မျှရောက်ပြီနည်း၊ မည်သည့်ကျောင်းတွင်ပညာသင်ခဲ့သနည်း၊ အိမ်သားမည်သူရှိသေးသနည်း စသဖြင့် စကားကောင်းနေလေသည်။
၎င်းက အလွန်သာမန်ဆန်ပြီး ရင်းနှီးသောမေးခွန်းများဆိုသော်လည်း တကယ်တမ်း၌ ၎င်းတို့က မသိမသာ စကားနှိုက်နေခြင်းပင်။ စကားပြောနေသည့်အလယ်တွင် သူ့အနေဖြင့် ကျောင်းယန်ယွိ၏နောက်ခံကို သိနေပြီဖြစ်သည်။
ကျိကျစ်ယွမ်က မေးလာသည်အထိပင်။
"မင်းကအရမ်းချောတာပဲ၊ ကျောင်းမှာတော့ နာမည်ကြီးခဲ့မှာပဲ၊ ကောင်မလေးရှိလား ဒါမှမဟုတ် ကောင်လေးရောရှိလား၊ အလုပ်ပြောင်းချင်လား ဒါမှမဟုတ် အနုပညာလောကမှာနာမည်ကြီးချင်လား၊ မင်းရဲ့ရုပ်ရည်နဲ့သာဆိုရင် နာမည်ကြီးလာစေရမယ်လို့ ငါအာမခံတယ်.."
ဝမ်းချန်ရှီး မျက်မှောင်ကြုတ်လိုက်မိသည်။ သူက သူ့သူငယ်ချင်းကောင်း၏ပြဿနာကိုသိသည်။ အခြားသူသာဆိုလျှင်ကိစ္စမရှိသော်လည်း သူ၏ဝန်ထမ်းလေးက အလွန်လိမ္မာသည့်ပုံစံပေါ်သည်။ ထိုလိမ္မာနေသည့်ပုံစံက သူရောင်းစားခံရသည့်အချိန်တွင်ပင် ပိုက်ဆံရေရန် ကူညီပေးနိုင်သည်။
ကျောင်းယန်ယွိ: "အနုပညာလောကလား.."
ကျိကျစ်ယွမ်: "ဟုတ်တယ်၊ မင်းနာမည်ကြီးလာရစေမယ်လို့အာမခံတယ်.."
ဝမ်းချန်ရှီးမှာ မနေနိုင်တော့ဘဲ ကျီကျစ်ယွမ်ကိုလှမ်းကြည့်ပြီး သတိပေးလိုက်သည်။
"မင်း တော်တော်များနေပြီ.."
ဤသူမှာ သူ၏ညီအစ်ကိုကောင်းကုမ္ပဏီကိုပင် ကျူးကျော်သည့်လူပင်ဖြစ်ချေ၏။
ကျိကျစ်ယွမ်မှာ နှစ်ကြိမ်မျှချောင်းဟန့်လိုက်သည်။
"အကျင့်ဖြစ်နေလို့ပါ၊ အကျင့်ဖြစ်နေလို့.."
ကျိကျစ်ယွမ်က လိရှီးကို စမ်းချောင်းရေစုန်ပိုင်းနားအနည်းငယ်မျှရောက်သည်အထိ အမြန်ဆွဲခေါ်သွားပြီး ဝမ်းချန်ရှီး၏သတိပေးနေသောအကြည့်ကိုရှောင်လိုက်သည်။
သူတို့နှစ်ယောက်ထွက်သွားပြီးသည့်နောက် ဝမ်းချန်ရှီးကကျောင်းယန်ယွိကိုပြောလိုက်သည်။
"သူ့ကိုဂရုမစိုက်လည်းရတယ်၊ မင်းမဖြေချင်တဲ့မေးခွန်းကို ဖြေနေစရာမလိုဘူး.."
"ကျွန်တော့်မှာ ကောင်မလေးရော ကောင်လေးရောမရှိပါဘူး၊ ပြီးတော့ အနုပညာလောကထဲကိုလည်းမဝင်ချင်ပါဘူး.."
ကျောင်းယန်ယွိက အေးအေးဆေးဆေးသာဖြေလေသည်။
"မစ်စတာကျိကမေးရင်တောင် ကျွန်တော်မဖြေချင်ပါဘူး၊ ကျွန်တော်က တစ်ယောက်တည်းပဲနေချင်တာ.."
ဝမ်းချန်ရှီး: "တစ်ယောက်တည်းလား.."
ကျောင်းယန်ယွိ: "သူဌေးက ကျွန်တော့်အကြောင်းကို ကောင်းကောင်းမသိသေးလို့ပါ၊ အဲဒါကြောင့် ကျွန်တော်က ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ပေးချင်တာ.."
ဝမ်းချန်ရှီး မျက်ခုံးပင့်လိုက်မိသည်။ ဤဝန်ထမ်းငယ်လေးက လှည့်စားခံနေရသည်ကိုသိသော်လည်း သူ့ကိုယ်သူမိတ်ဆက်ပေးချင်နေသေးသည်။ ထို့ကြောင့် ကျိကျစ်ယွမ်၏စကားအနောက်ကို ရိုးရှင်းစွာဖြင့် အလိုက်သင့်လေးတုံ့ပြန်နေခဲ့ခြင်းပင်။
ကျောင်းယန်ယွိက စိတ်ရင်းဖြင့်မေးလေသည်။
"သူဌေးသိချင်တာရှိသေးလားဗျ၊ ကျွန်တော်ပြောပြလို့ရပါတယ်.."
ဝမ်းချန်ရှီး: "ကုမ္ပဏီမှာ မင်းရဲ့ကိုယ်ရေးအကျဥ်းတွေရှိတယ်၊ ကိုယ်သိချင်တာရှိရင် ကြည့်လိုက်လို့ရတာပဲ.."
ကျောင်းယန်ယွိ ခေါင်းယမ်းပြလိုက်သည်။
"အဲဒါက အတော်လေး အပေါ်ယံဆန်တယ်၊ ကျွန်တော်က သူဌေးကို ကျွန်တော့်အကြောင်းပိုသိစေချင်တာပါ.."
ဝမ်းချန်ရှီးက ရပ်တန့်သွားခဲ့သည်။ ဘောင်မပါသောမျက်မှန်အောက်မှ ထိုသူ၏နက်ရှိုင်းသောမျက်လုံးများမှ မမျှော်လင့်ထားသောအကြည့်မျိုး သူ့ထံရောက်လာခဲ့သည်။
ဝမ်းချန်ရှီးက သူ့အနေဖြင့် ကျောင်းယန်ယွိအပေါ် စွဲလန်းမှုနှင့်စိတ်ဝင်စားမှုအချို့ရှိနေကြောင်း မငြင်းခဲ့ပေ။ ၎င်းက မြင်မြင်ချင်းအချစ် သို့မဟုတ် အခြားအရာတစ်ခုဖြစ်နိုင်သည်။ သူက ယခုအထိ သူ့စိတ်ကိုနားမလည်သေးသောကြောင့် ထိုအကြောင်းကိုစဥ်းစားချင်သေးသည်။
ကျောင်းယန်ယွိက ယခုလိုပြောလာသည့်စကားကိုကြားလိုက်ရသည့်အခါ သူအနည်းငယ်အံ့အားသင့်သွားလေသည်။
သူလည်း....
ကျောင်းယန်ယွိ၏မျက်နှာက မျှော်လင့်ချက်များဖြင့်ပြည့်နေခဲ့သည်။
အချစ်ဆုံးသူငယ်ချင်းများဖြစ်လာသည့်လူနှစ်ယောက်မှာ တစ်ယောက်အကြောင်းတစ်ယောက် အလုံအလောက်သိထားကြသူများဖြစ်ကြောင်း လေ့လာတွေ့ရှိချက်များက ဖော်ပြကြသည်။
သူတို့အချင်းချင်း လုံးဝနားလည်သွားသည်နှင့် တစ်ယောက်၏အရေးကိစ္စများတွင် တစ်ယောက်က ကူညီနိုင်လိမ့်မည်။ အပြန်အလှန်ယုံကြည်နိုင်ပြီး သူတို့၏မိတ်ဆွေဆက်ဆံရေးမှာလည်း တည်မြဲနေလိမ့်မည်။
ထို့ကြောင့် သူငယ်ချင်းဆက်ဆံရေးကိုစတင်ရမည့်ပထမဆုံးအဆင့်မှာ တစ်ယောက်အကြောင်းတစ်ယောက်သိသော ညီအစ်ကိုကောင်းများဖြစ်ရေးပင်။
ကျောင်းယန်ယွိ သူ့ကို စေ့စေ့စပ်စပ်ကြည့်လိုက်သည်။ သူဌေးဘက်ကအရင်စချင်လား။ ညီအစ်ကို မင်းအကြောင်းကိုအရင်ဆုံး အတွင်းကျကျမိတ်ဆက်ပေးပါ။
ဝမ်းချန်ရှီး အကြည့်လွှဲသွားပြီး ကျိကျစ်ယွမ်၏နေကာဦးထုပ်ကို ကျောင်းယန်ယွိခေါင်းပေါ်သို့ဆောင်းပေးလိုက်သည်။
"ငါးပဲ သေချာမြှားပါ.."
ကျောင်းယန်ယွိမှာ အနည်းငယ်မျှစိတ်ပျက်သွားလေသည်။
"သူဌေးက ကျွန်တော့်အကြောင်းကျွန်တော်မိတ်ဆက်ပေးတာကို မလိုချင်ဘူးလား.."
မထင်မှတ်ဘဲ ဝမ်းချန်ရှီးနှလုံးသားထဲတွင် အပြစ်ရှိစိတ်က ဘွားခနဲပေါ်လာလေသည်။
ကျောင်းယန်ယွိက သူ၏ ကိုယ်ရေးအချက်အလက်များက သူများကွန်ပျူတာထဲ၌ရှိနေသည်ကို ဘယ်လိုလုပ်သိပါမည်နည်း။ ထို့အပြင် ယခင်က သူ၏အလုပ်လုပ်ပုံများကို အသေးစိတ် ရှင်းလင်းစွာရေးထားခဲ့ကာ သူကလည်း ၎င်းကို အကြိမ်ပေါင်းများစွာဖတ်ထားခဲ့သည်။
ဝမ်းချန်ရှီးက စကားလမ်းကြောင်းပြောင်းကာ သူ့ကိုသတိပေးလိုက်သည်။
"ငါးမိနေပြီ.."
ကျောင်းယန်ယွိ လှည့်ကြည့်လိုက်၏။ ငါးမြှားချိတ်က ငါးနှင့်အတူ လျင်မြန်စွာရွေ့လျားနေသောကြောင့် သူက အမြန်ဆွဲလိုက်သည်။
ဤငါးက အတန်ငယ်ကြီးလေသည်။ ရေဆန်ပိုင်းမှ ရေကန်အထိထွက်ပြေးနေသောငါးမှာ အလွန်ကြီးလောက်ပြီး ငါးမြှားကြိုးပင် ပြတ်လုနီးပါးပင်။
သိပ်မဝေးသောနေရာမှလိရှီးက ၎င်းကိုမြင်ပြီး ချက်ချင်းပြေးလာခဲ့သည်။
"ဒီငါးကအကြီးကြီးပဲ၊ မဆွဲနဲ့ဦး၊ ကြိုးကိုပိုရှည်ပြီး ဖြည်းဖြည်းချင်းရွှေ့လိုက်.."
"ယီး..ဒီငါးက တစ်ဆယ်ကတ်တီလောက်ရှိမယ်.."
ကျီကျစ်ယွမ်မှာ ယခုမျှကြီးမားသောငါးကို တစ်ကြိမ်မျှမမိဖူးလေရာ ကျောင်းယန်ယွိ၏ ပိန်ပါးသောလက်နှင့်ခြေထောက်တို့ကိုငေးကြည့်နေမိသည်။ ထိုသူက ငါးကို ကမ်းစပ်အထိမဆွဲလာနိုင်မည်ကိုစိုးရိမ်နေသောကြောင့် ခပ်မြန်မြန်ပြေးလာလေသည်။
"ရှောင်ကျောင်း ငါလာခဲ့မယ်၊ ငါဆွဲလိုက်မယ်.."
ကျောင်းယန်ယွိကသူ့ကို ငါးမြှားတံပေးလိုက်သည်။
ငါးကြီးက အလွန်သန်သောကြောင့် လူတစ်ယောက်သာ ကြိုးကိုအားဖြင့်ဆွဲလိုက်လျှင် ငါးမျှားကြိုးက အလွယ်တကူပြတ်သွားနိုင်ပြီး ဆွဲထားလျှင်လည်း အားကုန်လိမ့်မည်။ မထင်မှတ်ဘဲ ငါးမှာ အားအပြည့်ရှိပြီး အလျှော့မပေးဘဲ ရေဆန်ပိုင်းတလျှောက် ဆက်ပြေးနေလေသည်။
ကျိကျစ်ယွမ်မှာ ရွေးစရာမရှိတော့ဘဲ လိရှီးကို ငါးဖမ်းပိုက်ကွန်ယူလာရန်ပြောရင်း ငါးမြှားတံနှင့်အတူဆင်းသွားလိုက်သည်။
***
စာရေးသူတွင်ပြောစရာရှိပါသည်။
PS--
ရှောင်ကျောင်း၏ အကြမ်းဖျင်းသရုပ်ဖော်: နောက်ဆုံးတော့ ငါ့ရဲ့ညီအစ်ကိုကောင်းနဲ့တွေ့ရပြီ။ ရွေးတာတော်တယ်။ သူတို့က တကယ်ကို ရေစက်ပါတဲ့ညီအစ်ကိုကောင်းတွေပဲ။
ဝမ်းချန်ရှီး: ငါသူ့ကိုပိုပြီး အနီးကပ်ကြည့်လေ သူ့ကို ပိုကြိုက်လာလေပဲ။ ရင်ခုန်နှုန်းက +100%
❓️❓️❓️