❓️Chapter 4
အငြိမ်းစားဘဝက သိပ်ကောင်းတယ်
အထူးလက်ထောက်လင်းသည် ဥက္ကဌဝမ်းလည်း ကျောင်းယန်ယွိက သူ့(ဝမ်း)ကို တစ်စုံတစ်ခုအတွက်ချဥ်းကပ်လာခြင်းဖြစ်မည်ဟု တွေးနေလိမ့်မလားဟူ၍ သိချင်သွားရလေသည်။
ထိုစကားကိုကြားသည့်အခါ ဝမ်းချန်ရှီးက ခေါင်းမော့ပြီး သူ့ကိုလှမ်းကြည့်လာသည်။ ဘောင်မပါသောမျက်မှန်အောက်မှမျက်ဝန်းများက အကဲခတ်နေလေ၏။
"မင်းက မင်းရဲ့ပုဂ္ဂိုလ်ရေးရာအရည်အချင်းတွေကို ငါသံသယဝင်မိအောင်လုပ်နေတာပဲ.."
အထူးလက်ထောက်လင်းက ချောင်းဖွဖွဟန့်လိုက်သည်။
"ကျွန်တော်က သတိထားရုံပါ.."
ဝမ်းချန်ရှီးက ကျောင်းယန်ယွိ၏ကိုယ်ရေးအကျဥ်းဖိုင်ကိုဘေးဖယ်ပြီးပြောလိုက်သည်။
"ခိုင်းစရာမရှိတော့ဘူး၊ ကိုယ့်အလုပ်ကိုယ်ပဲ ပြီးအောင်သွားလုပ်တော့.."
အထူးလက်ထောက်လင်း: "ဟုတ်ကဲ့.."
ထိုသူက ကျောင်းယန်ယွိကိုသံသယမဝင်သည့်အတွက် သူကထူးဆန်းသလိုခံစားလိုက်ရသည်။
ဒါဆို ဘာလို့ ကျောင်းယန်ယွိရဲ့ကိုယ်ရေးအကျဥ်းကိုစစ်ကြည့်ဖို့လိုတာလဲ..
***
ညနေခြောက်နာရီခွဲကျော်။
ကျောင်းယန်ယွိ အချိန်မှန်စားသောက်ပြီး သိပ္ပံပညာကျွမ်းကျင်သူများ၏အကြံပေးချက်အရ ဂရုတစိုက်ဖြင့်ဝါးကာ ညစာကို မိနစ်နှစ်ဆယ်ဖြင့်အပြီးသတ်လိုက်သည်။ ပန်းကန်များနှင့်ဒယ်အိုးကို ငါးမိနစ်ဖြင့်ဆေးကြောလေသည်။ သစ်ပင်တစ်ပင်အောက်တွင် ဦးလေးတစ်ယောက်နှင့် စစ်တုရင်ဂိမ်းကစားပြီး နောက်ဆုံး၌ ကျောက်စိုင်တစ်ခုပေါ်၌ထိုင်ကာ ဦးလေးများနှင့်အတူ လေညင်းခံလေသည်။
လှည့်ပတ်ကြည့်လိုက်လျှင် ဤနေရာမှာ အငြိမ်းစားယူပြီးသောဦးလေးနှင့်အန်တီတို့ဖြင့်သ ပြည့်နေ၏။ သူတို့ကြားတွင် ငယ်ရွယ်ချောမောပြီး ကြည့်ကောင်းသောလူငယ်လေးတစ်ယောက်သာထိုင်နေလေသည်။
၎င်းက နှိုင်းယှဥ်စရာမရှိသောမြင်ကွင်းတစ်ခုဖြစ်သည်မှာသေချာသော်လည်း စိတ်လက်ပေါ့ပါးနေသောအမူအရာဖြင့် ကျောင်းယန်ယွိသည် ဦးလေးနှင့်အန်တီများအကြား၌ အလွန်သဟဇာတဖြစ်စွာဖြင့် ထူးထူးဆန်းဆန်းရောနှောနေပြီး အနည်းငယ်မျှပင် မလိုက်ဖက်သလိုမဖြစ်နေပေ။
အန်တီတစ်ယောက်ကဖြတ်သွားသည့်အခါ သူမက ပုံမှန်အတိုင်းမေးလိုက်လေသည်။
"ရို့..မင်းလည်းအငြိမ်းစားယူလိုက်ပြီလို့ကြားတယ်၊ အငြိမ်းစားယူတဲ့ဘဝကဘယ်လိုနေလဲ.."
ကျောင်းယန်ယွိက သက်သောင့်သက်သာဖြစ်စွာ ခေါင်းညိတ်ပြလိုက်သည်။
"မဆိုးပါဘူးခင်ဗျာ.."
ထိုစကားထွက်သွားသည်နှင့် သူ့အသံက ဒုက္ခအနည်းငယ်ကိုဖြတ်ကျော်လာခဲ့ရသည့်အခြားအသံအပေါ်မှထပ်သွားပြီး တပြိုင်တည်းနည်းပါးဖြစ်သွားသည်ကို ကျောင်းယန်ယွိ သိလိုက်လေသည်။
ကျောင်းယန်ယွိ လှည့်ကြည့်လိုက်ရာ အသက်ခြောက်ဆယ်ရောက်ကာစ ဦးလေးအသစ်တစ်ယောက်က သူ့ဘေးတွင်ဝင်ထိုင်ပြီး သူ့အားကြည့်နေသည်ကိုတွေ့လိုက်ရသည်။
ဦးလေးအသစ်က နားလည်ရခက်စွာပြောလာ၏။
"အစ်မကြီးက ငါ့ကိုမေးတာလေ၊ မင်းကဘာလို့ဖြေရတာလဲ.."
ကျောင်းယန်ယွိ တိတ်တဆိတ်သာအကြည့်လွှဲလိုက်သည်။
"အော..."
သူလည်း အငြိမ်းစားရပြီးပြီ မဟုတ်ဘူးလား။
လူသားများကသူ့အနားတွင် သွားလိုက်လာလိုက်လုပ်နေသည်ကိုကြည့်နေပြီးနောက် ကျောင်းယန်ယွိကသူတို့၏စကားများကိုမှတ်ထားပြီး သူ့စိတ်ထဲတွင် စွဲနေသည်အထိထည့်ထားလိုက်သည်။ ယနေ့အတွက် လူသားဘဝသင်ခန်းစာ ပြီးဆုံးသွားပြီးနောက် အိမ်ပြန်၍အိပ်လိုက်သည်။
နောက်တစ်ရက်မှာ အားလပ်ရက်ဖြစ်သောကြောင့် သူ ရွာမှမွေးရပ်မြေကိုပြန်သွားလိုက်၏။
သူ၏မွေးရပ်မြေမှာ A မြို့၏ ဆင်ခြေဖုံးရပ်ကွက်တွင်ရှိပြီး တောမကျပေ။ အခြားမြို့များတွင် သမိုင်းဝင်ကျေးရွာများရှိတတ်သော်လည်း သူတို့မြို့တွင် တောင်ပေါ်လယ်ခင်းအမြောက်အများသာရှိသည်။ ထိုဒေသမှာ အိမ်ခြေတည်ဆောက်ရန် သို့မဟုတ် အခြားရည်ရွယ်ချက်အတွက်အသုံးပြုခြင်းမရှိသေးသည့်လယ်မြေများဟု သတ်မှတ်ထားလေရာ ကြီးမားသောဖွံ့ဖြိုးတိုးတက်မှုမရှိသေးပေ။ သို့ဖြစ်၍ လူအများက အလည်အပတ်ခရီးထွက်ကြပြီး လယ်တောအိမ်ဝန်းကျင်တဝိုက်ကိုသာလည်ပတ်ကြလေသည်။
ကျောင်းယန်ယွိအိမ်ပြန်ရောက်ချိန်တွင် သူ့အဖေက ကြက်ကိုသတ်ရင်းအလုပ်များနေခဲ့သည်။ ကျောင်းယန်ယွိကိုတွေ့သည့်အခါ လောင်ကျန်း၏မျက်လုံးတို့က လက်ခနဲဖြစ်သွား၏။
"ရှောင်ရှီးရိ ပြန်လာပြီလား၊ ပင်ပန်းနေပြီလား၊ လက်ဖက်ရည်တစ်ခွက်လောက်သောက်ပြီးနားလိုက်ဦး.."
ကျောင်းယန်ယွိက ပစ္စည်းများကိုအောက်ချကာ လက်ဖက်ရည်တစ်ခွက်သောက်လိုက်သည်။ ထို့နောက် လောင်ကျောင်းအနားသို့ပြန်လာပြီးမေးလိုက်လေ၏။
"ဒီနေ့ ဘာအပင်မှမစိုက်တော့ဘူးလား.."
လောင်ကျောင်း: "ဒီမနက်ပဲ မက်မွန်ပင်စိုက်ထားတယ်၊ ဘေးအိမ်က ဦးလေးလျိုဆီကို သွားမလည်ဘူးလား၊ မြို့ကဧည့်သည်တစ်ယောက်ရောက်လာတော့ သူဌေးကြီးဖြစ်နေပြီး အရမ်းဂျီးများနေသလိုပဲ၊ သူက အလုပ်များနေတာ၊ သူ့ကို ကြက်တောင် ကူသတ်ပေးနေရတယ်.."
ကျောင်းယန်ယွိ ခေါင်းညိတ်ပြပြီးမေးလိုက်သည်။
"မနက်ဖြန် ဘာအပင်စိုက်ချင်လဲ.."
လောင်ကျောင်း: "သိပ်မများပါဘူး၊ ချယ်ရီတွေ၊ ဘလူးဘယ်ရီတွေနဲ့ကီဝီပင်နဲ့စိုက်ဖို့ရှိတယ်.."
ကျောင်းယန်ယွိ: "အဲဒီအပင်တွေက ဆောင်းရာသီမှာပဲစိုက်ဖို့သင့်တော်တာ.."
လောင်ကျောင်းက ကြက်အမွှေးများကို လက်အပြည့်ဆွဲနှုတ်လိုက်သည်။ ရိုးသားဖြူစင်သောမျက်နှာလေးဖြင့် လက်ယမ်းပြပြီး ဂရုမစိုက်စွာပြောလိုက်ပါ၏။
"အခုက မှန်လုံအိမ်တွေရှိတယ်လေကွာ၊ မှန်လုံအိမ်နဲ့သာဆိုရင် ဘယ်နေ့ပဲဖြစ်ဖြစ်စိုက်လို့ရတယ်၊ စိတ်မပူနဲ့.."
ကျောင်းယန်ယွိက ထိုအကြောင်းကိုတွေးမိပြီး စည်းရုံးနေမှုကိုရပ်လိုက်ကာ တိုက်ရိုက်သာပြောလိုက်လေတော့သည်။
"ဒါဆို မနက်ဖြန်ရောက်ရင် အဖေ့ကိုကူညီပေးမယ်.."
"မကူညီပါနဲ့၊ အဖေ့ကို အေးအေးဆေးဆေးအပင်စိုက်ခွင့်ပဲပေးပါ၊ အဖေကနေ့တိုင်း တစ်ခုခုမှမစိုက်ရရင် တကိုယ်လုံးယားယံလာတာ မင်းလည်းသိသားပဲ၊ အသီးနည်းနည်းလောက်သွားစားလိုက်၊ မီးဖိုချောင်ထဲမှာရှိတယ်၊ အဖေကိုယ်တိုင်စိုက်ထားတာ၊ ပိုးသတ်ဆေးမသုံးထားဘူး၊ အရမ်းလတ်ဆတ်တယ်.."
"အိုကေ.."
ကျောင်းယန်ယွိ နဂါးမောက်သီးစားပြီးသွားသည့်နောက် လောင်ကျန်းက ကြက်ကိုအမွှေးနှုတ်ပြီး၍ ဘေးအိမ်မှဦးလေးလျိုဆီသို့ သွားပေးခိုင်းသည်။
ကျောင်းယန်ယွိ ကြက်ကိုယူပြီး ဘေးအိမ်ကိုသွားလိုက်သည်။ သူတို့အိမ်က အိုဟောင်းမနေဘဲ တံခါးအရှေ့တွင် အုတ်ခဲနီများဖြင့်ဆောက်ထားသောတံတိုင်းရှိသည်။
အိမ်နှစ်အိမ်မှာ ဆယ်မီတာကျော်လေးသာဝေးသောကြောင့် အနည်းငယ်လမ်းလျှောက်ရုံဖြင့်ရောက်နိုင်သည်။ ဤအချိန်တွင် ဦးလေးလျိုအိမ်ရှေ့၌ ဇိမ်ခံကားလေးငါးစီးခန့်ရပ်ထားပြီး ကားတိုင်းက သန်းပေါင်းများစွာတန်ပုံရလေသည်။
ကျောင်းယန်ယွိ ရင်းနှီးနေသောကားကိုတွေ့လိုက်ရသည်။
ကျောင်းယန်ယွိ၏ခြေလှမ်းများက အသာရပ်သွားကာ မျက်လုံးကတဖြည်းဖြည်းကျယ်လာသည်။ အချက်ပြတိုင်မှ အချက်ပြမီးလင်းလာသည့်နှယ် အလင်းရောင်က ရုတ်တရက်လက်သွားခဲ့သည်။
သူ လိုင်စင်ပြားပေါ်မှနံပါတ်များကိုတစ်လုံးချင်းဖတ်လိုက်၏။
ဟုတ်တယ်..ဝမ်းချန်ရှီးကားပဲဟ..
ကျောင်းယန်ယွိ ကြက်သေနှင့်အတူ ဦးလေးလျို၏ခြံဝန်းထဲသို့ ခပ်သွက်သွက်ဝင်သွားလိုက်သည်။
ဦးလေးလျို၏မိသားစုက အလုပ်များနေကြလေသည်။
ကျောင်းယန်ယွိ၏မျက်လုံးများက စောင့်ကြည့်ကင်မရာနှယ် ပတ်ချာလည်ရှာဖွေပါသော်လည်း ဦးလေးလျိုမိသားစုအပြင် မည်သူ့ကိုမျှမတွေ့မိပေ။
"ရှောင်ယွိ ပြန်လာပြီလား.."
ဦးလေးလျိုတွင် စူးရှသောမျက်လုံးတစ်စုံရှိပြီး သူ့ကိုချက်ချင်းမြင်သွားကာ ခပ်မြန်မြန်ပင်နှုတ်ဆက်လာသည်။
"အင်း..ဦးလေးလျို..."
ကျောင်းယန်ယွိက နှုတ်ခမ်းများကိုဖိကာမေးလိုက်သည်။
"ဧည့်သည်တွေ..မရှိကြဘူးလား.."
ဦးလေးလျိုကပြုံးကာ ဖြေလာလေသည်။
"အဲဒီသူဌေးတွေက ချန်းထုန်မြစ်မှာ ငါးသွားမျှားကြတယ်လေ.."
ဦးလေးလျိုမှာ ကျောင်းယန်ယွိကသိချင်နေသည်ဟုသာထင်သွားပြီး သူဌေးသုံးယောက်မှာ ယခင်ကလည်းဤနေရာကိုလာခဲ့ဖူးကြောင်း ကြည်လင်နေသောစိတ်ဖြင့် သူ့ကိုပြောပြလာလေသည်။
"ငါ့သားပြောတာတော့ သူတို့မောင်းတဲ့ကားက အစ ဈေးနဲ့တင် အနည်းဆုံး ဒေါ်လာသန်းနည်းနည်းတန်တယ်တဲ့၊ ပြီးတော့သူတို့အားလုံးက အတော်လေးချမ်းသာတဲ့သူဌေးတွေဆိုပေမဲ့ မမောက်မာကြဘဲ စကားပြောလို့လွယ်တယ်တဲ့.."
ကျောင်းယန်ယွိကစဥ်းစားလိုက်သည်။
ဒါပေါ့...သူ့ရဲ့ညီအစ်ကိုက သေချာပေါက်ကောင်းတာပေါ့...
ဦးလေးလျို: "သူတို့က ဒီမှာ အကြာကြီးနေလောက်တယ်၊ သူတို့ကဖမ်းလာတဲ့ငါးကို ညရောက်ရင် စားမယ်လို့ပြောနေကြတော့ ငါကချက်ပေးရဦးမယ်၊ ငါတို့ငါးတွေကလည်း အရသာရှိပါတယ်.."
ကျောင်းယန်ယွိက ဝမ်းချန်ရှီးနှင့်ကျန်လူများက အလောတကြီးမပြန်ကြသေးကြောင်းကြားရသည့်အခါ မစိုးရိမ်နေတော့ဘဲ ငြိမ်ငြိမ်လေးနားထောင်ကာ ဦးလေးလျိုကိုကူညီပေးလိုက်လေသည်။
ဦးလေးလျိုက ကတ်ကြေးလိုသည့်အခါ သူပင်မတောင်းရသေးခင် ကျောင်းယန်ယွိက ကမ်းပေးလိုက်သည်။ သူဆေးကြောရန်ရေလိုအပ်သည့်အခါ ကျောင်းယန်ယွိက ရေယူလာနှင့်နေပေပြီ။
အချိန်အတန်ကြာအတူနေလာကြသူများအတွက် တစ်ဖက်လူ၏စကားနှင့်လိုအပ်ချက်များကို ရင်းနှီးနေသည်မှာ သဘာဝကျ၏။
သို့သော် ဦးလေးလျိုက ကျောင်းယန်ယွိနှင့် အလွန်အမင်းရင်းနှီးနေသူမဟုတ်ပေ။ သူက လောင်ကျောင်းတွင်သားတစ်ယောက်ရှိမှန်းသိသော်လည်း တစ်ခါမှမမြင်ဖူးပေ။
လွန်ခဲ့သောနှစ်လက တစ်ကြိမ်နှစ်ကြိမ်မျှသာ မြင်တွေ့ခဲ့ဖူးကြသည်။
ဦးလေးလျိုက အံ့အားသင့်နေဟန်ဖြင့်ပြောလာ၏။
"ရှောင်ယွိ၊ မင်းက ငါ့ဗိုက်ထဲက တုတ်ပြားကောင်လိုပဲ၊ ငါလိုချင်နေတာကို အကုန်သိနေတာ.."
ကျောင်းယန်ယွိ: "အလိုအလျောက် တွက်ချက်မှုပါ.."
ဦးလေးလျိုက နားမလည်ပေ။
"အဲဒါဘာကြီးလဲ.."
ကျောင်းယန်ယွိက ရှင်းပြတော့မည့်အချိန် မီးဖိုချောင်ထဲမှတစ်ယောက်က ဦးလေးလျိုကို ကြက်ပေါင်းလုပ်ပေးရန်လှမ်းပြောလာပြီး ဦးလေးလျိုမှာ ကျောင်းယန်ယွိကိုဂရုမစိုက်နိုင်တော့ပေ။ သူကမသွားခင် ကျောင်းယန်ယွိကို ခေါင်းညိတ်ပြသွားခဲ့သည်။
ဦးလေးလျို ထွက်သွားသည်နှင့် ကျောင်းယန်ယွိလည်း လျိုအိမ်တွင် ဆက်နေရန် အကြောင်းမရှိတော့ပေ။ သူက လှည့်ထွက်လာခဲ့သည်။ ဤတစ်ခေါက်၌ အလွန်တရာမှနှေးကွေးစွာဖြင့်လျှောက်လာခဲ့သည်။
သာမန်လူများလမ်းလျှောက်သောခြေလှမ်းအရ တစ်လှမ်းတွင် ငါးဆယ်မှခုနစ်ဆယ်စင်တီမီတာရှိသည်။ နောက်ဆုံးအကြိမ်က သာမန်တန်ဖိုးကိုတွက်ချက်ခဲ့ပြီး သူ့ခြေလှမ်းများကို တစ်လှမ်းတွင် ၀.၈ စင်တီဖြင့် ခြေလှမ်းကြားအကွာအဝေးကို ခြောက်ဆယ်စင်တီမီတာထားပြီးလျှောက်ခဲ့သည်။ ယခု သူက အကွာအဝေးကိုလျှော့ချလိုက်လျှင် 50cm×1.5 ဖြစ်ပြီး အိမ်ကိုပြန်နိုင်မည့်အချိန်နှင့်အကွာအဝေးကို ချဲ့နိုင်မည်ဖြစ်လေသည်။
မည်မျှချဲ့သည်ဖြစ်စေ အိမ်နှစ်လုံးကြားအကွာအဝေးမှာ ဆယ်မီတာကျော်လေးသာရှိပြီး အချိန်မကြာပေ။
ကျောင်းယန်ယွိက တဖက်လှည့်ကာ မြစ်ဘက်သို့သာဦးတည်သွားလိုက်သည်။
နေ့လယ်မတိုင်ခင်တွင်ပင် နေက အလွန်ပူနေပေပြီ။ အထူးသဖြင့် တောင်ပိုင်းရာသီဥတုတွင်ဖြစ်လေ၏။ လူတစ်ယောက်က အပြင်တွင်ရှိနေလျှင် အချိန်မရွေး ချွေးထွက်လာနိုင်သည်။
ကံကောင်း၍ ဤနေရာကို တောင်တန်းနှင့်မြစ်များက ဝိုင်းရံထားပြီး သစ်ပင်အပြည့်ရှိသောကြောင့် လေတိုက်သွားတိုင်း နွေရာသီ၏အေးမြမှုကိုခံစားရနိုင်သည်။
မြစ်ကမ်းဘေးတွင် ပိတ်ရက်၌အလွန်တန်ဖိုးရှိသောအချိန်များကိုပိုင်ဆိုင်ထားကြပြီး ချိန်းဆိုရန်အတန်ငယ်ခက်ခဲသောသူဌေးသုံးယောက်က ငါးမျှားလျှင်ထိုင်သော အပန်းဖြေသည့်ထိုင်ခုံများပေါ်တွင် ဇိမ်ကျစွာထိုင်နေကြလေသည်။
အမျိုးသားဆယ်ယောက်တွင် ကိုးယောက်က ငါးဖမ်းရသည်ကို အလွန်တရာမှနှစ်သက်ကြသည်။
ဝမ်းချန်ရှီး၏သူငယ်ချင်းများလည်း ခြွင်းချက်မရှိပေ။
"ငါရွေးထားတဲ့နေရာကမဆိုးဘူးမလား.."
ကျိကျစ်ယွမ်က ဂုဏ်ယူနေဟန်ဖြင့်ပြောလိုက်သည်။
"လောင်ကျိုး ငါ့ကို နောက်ဆုံးတစ်ခေါက် ဒီကိုခေါ်လာတုန်းက .. ငါ မင်းတို့ကို ဒီနေရာကိုခေါ်လာရမယ်လို့စဥ်းစားနေတာ.."
"ဒီကငါးတွေက ကြီးတယ်ကွ.."
လိရှီက စကားပြောနေစဥ်မှာပင် နောက်ထပ်ငါးအရှင်တစ်ကောင်ကိုဖမ်းမိသွားလေသည်။
"ဒီညတော့ ငါတို့တွေ ငါးတွေကိုပဲ ပွဲတော်တည်လို့ရပြီ.."
သုံးယောက်အနက် ဝမ်းချန်ရှီးတစ်ယောက်သာ ငါးတစ်ကောင်မှမမိဘဲ ပြန်လာခဲ့ရသည်။
ဝမ်းချန်ရှီးက အလျင်မလိုနေဘဲ ငါးမြားတံကို ဘေးချလိုက်သည်။ ဘေးရှိ ခွေးခြေပေါ်မှ လက်ပ်တော့ကိုကောက်လိုက်ပြီး လက်ထောက်လင်းထံမှ နောက်ဆုံးရလာသောအီးမေးလ်ကိုဖတ်ကြည့်လိုက်၏။
မေးလ်တွင် ကျောင်းယန်ယွိ၏ ကိုယ်ရေးအကျဥ်းများပါနေလေသည်။
ဝမ်းချန်ရှီးအတွက် ကျောင်းယန်ယွိ၏အချက်အလက်များကို စိတ်ဖြင့်မှတ်ထားရုံဖြင့် မှတ်မိနေရန်လုံလောက်ပေသည်။ သို့သော် သူက ယခုအထိ စိတ်မထိန်းနိုင်သေးဘဲ ဖွင့်ကြည့်လိုက်မိသည်။
လိရှီး: "လောင်ဝမ်း၊ မင်းအလုပ်တွေကိုမသယ်လာပါဘူးလို့ကတိပေးထားတယ်လေ၊ ဘာလို့ ကွန်ပျူတာကို ထပ်ကိုင်နေရသေးတာလဲ.."
ဝမ်းချန်ရှီးက ပုံမှန်အတိုင်းဖြေလိုက်သည်။
"စာရွက်စာတမ်းတွေကိုကြည့်နေတာ.."
ကျိကျစ်ယွမ်က ညည်းတွားလေ၏။
"အခု ငါလည်း စာရွက်စာတမ်းအများကြီးကို ကြည့်ဖို့လိုတာပဲ၊ ဒါပေမဲ့ အလုပ်အတွက်သုံးတဲ့ဖုန်းကိုပိတ်ထားတယ်၊ ဘာလို့လဲဆိုတော့ ငါတို့ရဲ့ ကြုံတောင့်ကြုံခဲတွေ့ဆုံမှုလေးကို လူတွေမနှောင့်ယှက်စေချင်လို့၊ ဒီနေ့ကငါ့မွေးနေ့လေ.."
ဝမ်းချန်ရှီးအသံက ထိတ်ပျာနေခြင်းမရှိပေ။
"အေးပါ၊ ရက်ထပ်နှစ်ပဲဟာ၊ ဒီနေ့ပြီး နောက်နှစ် ဇွန်လသုံးရက်ဆိုရင်လည်း ဒုတိယတစ်ခု၊ ပြီးရင်တတိယတစ်ခုလာဦးမှာ.."
ဝမ်းချန်ရှီးက အကျင့်ဖြစ်နေပြီ။
ရက်ထပ်နှစ်မဟုတ်လျှင်ပင် ပြက္ခဒိန်အသစ်မှ ကျိကျစ်ယွမ်၏မွေးနေ့ကို ကျင်းပပေးရပေမည်။
လိရှီးက ရယ်မောကာပြောလိုက်သည်။
"အဲဒါက အရေးမကြီးဘူး၊ နောက်မွေးနေ့က ဒီလောက်မလွယ်တော့ဘူး၊ ညစာစားပွဲမရှိတော့ရင်တောင် ဦးလေးနဲ့အဒေါ်က သူ့ကိုလာခွင့်ပေးမှာမဟုတ်ဘူး၊ လောင်ဝမ်းကလည်း အချိန်ပြည့်အလုပ်များနေတာလေ၊ ငါတို့အတွက် အပြင်ထွက်လာနိုင်ဖို့ကရှားပါးတယ်.."
နှစ်ယောက်က ဝမ်းချန်ရှီးကိုစွပ်စွဲရန် အတိုင်အဖောက်ညီနေကြပြီးနောက် ဝမ်းချန်ရှီးကစကားပြောပြီးနောက်တွင် သူ့လက်ပ်တော့ကိုသာကြည့်နေသေးသည်ကိုတွေ့လိုက်ရသည်။
ပိုပိုသာသာပြောရပါက ဝမ်းချန်ရှီးက ကျောင်းယန်ယွိ၏အိုင်ဒီဓာတ်ပုံကိုစိုက်ကြည့်နေလေသည်။
အိုင်ဒီဓာတ်ပုံက အလွန်ကွာလတီမြင့်သည်။ ငယ်ရွယ်ချောမောသောမျက်နှာပေါ်တွင် ချွေးပေါက်လေးပင်မမြင်ရပေ။ တောက်ပနေသောမျက်လုံးများက ကမ်းခြေမှမီးပြတိုက်နှင့်တူပြီး ဖြာထွက်နေသောအလင်းရောင်ကို အဝေးမှပင်မြင်တွေ့ရနိုင်သည်။
ဤအိုင်ဒီဓာတ်ပုံကို အကြိမ်ပေါင်းများစွာမြင်ဖူးလျှင်ပင် ဝမ်းချန်ရှီးမှာ အသစ်ဟုသာခံစားနေရပြီး တိတ်ဆိတ်စွာဖြင့် သဘောကျနေမိသည်။
သူက ငါးဖမ်းနေတာလား ဒါမှမဟုတ် ငါးကိုကြည့်နေတာလား။
ရုတ်တရက်ပင် သူတို့အားလုံးက 'ယွိ' ကိုသဘောပေါက်သွားဟန်ရပြီး ဝမ်းချန်ရှီးက သူ၏အောက်နှုတ်ခမ်းထောင့်ကို အသာကော့လိုက်လေသည်။
ဝမ်းချန်ရှီးက ဖန်သားပြင်ကို မျက်တောင်မခတ်ဘဲကြည့်နေသည်ကို သူငယ်ချင်းများကတွေ့လိုက်ရပြီး ဆွံ့အသွားကြသည်။
"တကယ်ပြောတာ၊ အလုပ်ဂျပိုးရေ၊ ငါတို့လိုသူငယ်ချင်းကောင်းတွေပဲ အဲဒါကိုသည်းခံနိုင်မှာ၊ အခြားတစ်ယောက်သာဆိုလိုကတော့ ဒိတ်လုပ်နေတုန်းမှာ အလုပ်လုပ်နေသေးရင် ဘယ်သူကသည်းခံမှာလဲ၊ လောင်ဝမ်း ငါတော့လေ မင်းအနေနဲ့ တသက်လုံး တစ်ယောက်တည်းနေသွားဖို့က လုံးဝသေချာတယ်လို့ခံစားရတယ်.."
လိရှီကပြုံးပြီးပြောလိုက်သည်။
"တစ်ယောက်တည်းနေတဲ့ကိစ္စကိုအသာထား၊ သံမဏိသစ်ပင်ကနေ ပန်းပွင့်လာဖို့ကမှပိုခက်တာမဟုတ်ဘူးလား၊ ဒီနှစ်တွေထဲမှာ သူတစ်ယောက်ယောက်နဲ့ကြိုက်နေတာမျိုးကို မင်းမြင်ဖူးလို့လား၊ သူက သံမဏိသစ်ပင်ကြီးပါကွာ၊ ပန်းတစ်ပွင့်တောင် ဘယ်လိုလုပ်ပွင့်နိုင်မှာလဲ.."
ကျိကျစ်ယွမ်ကတွေးကြည့်လိုက်သည်။
"ဟုတ်သားပဲ၊ ဆိုတော့ လောင်ဝမ်း၊ မင်း ဘယ်လိုလူမျိုးကိုသဘောကျလဲ၊ ကုမ္ပဏီမှာ ခပ်ချောချော ယောကျ်ားတွေမိန်းမတွေဒီလောက်များတာ၊ သူတို့အကုန်လုံးက အနုပညာလောကထဲကိုဝင်နိုင်တဲ့အထိမချောကြပေမဲ့ တကယ်ကြည့်ကောင်းကြပါတယ်၊ နောက်မှမင်းရွေးဖို့အတွက် ဓာတ်ပုံနည်းနည်းလောက်ပို့ပေးမယ်၊ ပြီးတော့ မင်းကြိုက်တဲ့လူပါမလားလို့ကြည့်ပေါ့.."
ဝမ်းချန်ရှီးက ကွန်ပျူတာပေါ်မှအိုင်ဒီဓာတ်ပုံကို ကူးယူထားလိုက်ပြီး ကျိကျစ်ယွမ်၏အကြံပြုချက်ကိုစိတ်မဝင်စားပေ။
"မလိုဘူး၊ စိတ်မဝင်စားဘူး.."
ဝမ်းချန်ရှီး ကွန်ပျူတာကိုဘေးသို့ချတော့မည့်အချိန်တွင် ရင်းနှီးသောပုံရိပ်တစ်ခုကို မျက်လုံးထောင့်မှဖျတ်ခနဲမြင်လိုက်ရလေသည်။
ယခုလေးတင် ကွန်ပျူတာဖန်သားပြင်ပေါ်၌ရှိနေခဲ့သောပုဂ္ဂိုလ်မှာ သူ့မြင်ကွင်းထဲ၌ပေါ်လာခဲ့သည်။
ဝမ်းချန်ရှီးလှည့်ကြည့်လိုက်ပြီးနောက် ယခုလေးတင် သူ့ကြည့်နေခဲ့သောကျောင်းယန်ယွိ တကယ်ဖြစ်နေသည်ကိုတွေ့လိုက်ရ၏။
သူ မျက်ခုံးပင့်လိုက်မိသည်။
တိုက်ဆိုင်တာလား။
***
စာရေးသူတွင်ပြောစရာရှိပါသည်။
PS--
အထူးလက်ထောက်လင်း: သံသယဝင်နေတာမဟုတ်ရင် ဘာလို့အဲဒီလိုလုပ်တာလဲ။
ဝမ်းချန်ရှီး: အလှလေးကိုတွေ့လိုက်ရပြီး စွဲလန်းသွားတာလေ မရဘူးလား။
လက်ထောက်လင်း: -
သူ၏ညီအစ်ကိုနှင့် သိအောင်လုပ်ရမည့်နည်းလမ်းကိုစိုးရိမ်နေဆဲ ကျောင်းယန်ယွိ: ဒီတိုင်းပဲ ထားလိုက်ပါတော့လားဗျာ။
❓️❓️❓️