DaoMuBiJi
Author - Nan Pai San Shu
Volume (8)
Chapter (9)
ဝူစန်းရှင်ရဲ့ အဆုံးသတ်ခေတ်
အားလုံးရဲ့ အနေအထားက ရှုပ်ထွေးကုန်သည်။ ဖန့်ကျစ် ပြောပြခဲ့တဲ့ လူတွေရဲ့ နေရာတွေကလည်း အခုနက အဖြစ်အပျက်ကြောင့် ရှုပ်ကုန်သည်။ စာရင်းစာအုပ်ကို သူ့လက်ထဲ ရောက်နေပြီဖြစ်သော်လည်း ဝူရှဲ ရုတ်တရက် ရပ်လိုက်ပြီး စားပွဲပေါ်ကိုသာ လက်ပြန် ပစ်ချလိုက်သည်။
ရှောင်ဟွားကလည်း ဝူရှဲကို တစ်ချက်ကြည့်လိုက်ပြီး သူ့အမူအရာ ပြောင်းသွားကာ တစ်ခုခုကို သဘောပေါက်သွား၏။
အစောကတော့ ဝူရှဲဟာ ဒီလုပ်ရပ်ကို ခဏရပ်ထားရတဲ့အတွက် အရမ်းစိတ်မကောင်းဖြစ်နေပြီး စကားမပြောခဲ့တာပင်။ ပြာခွက်ကို ရိုက်ချိုးပစ်လိုက်ပြီး ဖန့်ကျစ်ကို ပစ်ပေါက်တာ၊ စာရင်း စာအုပ်ကို ပစ်ချပြီး စားပွဲကိုရိုက်တာတွေကို ကြည့်ရင် သူများတွေ အရမ်းစိတ်ဓာတ်ကျနေတာကြောင့် စကားတောင် မပြောနိုင်ဘူးလို့ ထင်ကြလိမ့်မည်။
ဒါပေမဲ့ အခု သူ မတ်တတ်ထရပ်နေပြီ။ စားပွဲပေါ်တင်ထားတဲ့ စာရင်းစာရွက်ကို ကောက်ယူလိုက်တာက ယေဘူယျအားဖြင့် ပြောရမယ်ဆိုရင် ဒါက စကားပြောချင်တဲ့ ရှေ့ပြေးနိမိတ်ပါပဲ။ ဒီလိုအချိန်မှာ စကားမပြောရင် တခြားသူတွေ ချက်ချင်း ထူးဆန်းသလို ခံစားသွားရလိမ့်မယ်။
ဘာလုပ်ရမလဲ၊ ဘာလုပ်ရမလဲ။
ဝူရှဲသည် သူ့ကို စိတ်အားထက်သန်စွာ ကြည့်နေသော အောက်ဖက်မှလူများကို ကြည့်လိုက်သည်။ ၎င်းတို့က တစ်ခုခုပြောရန် စောင့်ဆိုင်းနေသဖြင့် ဝူရှဲလည်း တတ်နိုင်သလောက် နာကျင်နေတဲ့ အသံမျိုး ထုတ်ရတော့မည်ဟု တွေးလိုက်မိပါသည်။
"ဘယ်သူမှ အသုံမကျဘူး..အကုန် ဒီကနေ ထွက်သွား!"
ဝူရှဲ၏ ခွန်အားအပြည့်နဲ့အော်ပြီး အသံက အရမ်းကြမ်းပြီး စိတ်မသက်မသာ ဖြစ်စေသည်။ ဒါသူ့လည်ချောင်းထဲကနေ ညှစ်ထုတ်ထားရသော အသံပင်။ လူသားတစ်ဦးရဲ့ လည်ချောင်းထဲက ထွက်လာတဲ့ အသံမျိုး မဟုတ်ချေ။
လူတိုင်းက သူ့ကိုကြည့်ရင်းနဲ့ တိတ်ဆိတ်သွားသလို ရှောင်ဟွားတောင် အံသြသွားတာကြောင့် ဒီလိုမြင်ကွင်းမျိုးမှာ ဘယ်လိုစကား ဝင်ပြောရမှန်း မသိ ဖြစ်သွားရသည်။ မြင်ကွင်းတစ်ခုလုံးက အချိန်အတော်ကြာ တိတ်ဆိတ်နေပြီး လေထုသည် အလွန်ငြီးငွေ့ဖွယ် ကောင်းနေသည်။ အဲဒီနောက် ရှောင်ဟွားက တွန့်ဆုတ်စွာနဲ့ ပြောလိုက်၏။
"သခင်သုံး ပြောတာကို မကြားဘူးလား... သခင်သုံးကို ထပ်ပြောစေချင်တာလား!"
ထိုလူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ကြည့်ရင်း စိတ်အေးလက်အေး ဖြစ်နေတာ သိသာထင်ရှားပေမယ့် သူတို့ ထွက်သွားဖို့ အဆင်သင့်ဖြစ်နေကြတုန်းပါပဲ။ ဝူရှဲမှာ သူ့ပါးစပ်ကို ပြန်ရိုက်ပစ်ချင်ပေမယ့် အခုအချိန်မှာတော့ အဆင်မပြေဘူး ဆိုတာ သိပါသေးသည်။
ထိုအချိန်တွင် ပြတင်းပေါက် အပြင်ဘက်မှ ကားဟွန်းသံများ ဆက်တိုက် ထွက်ပေါ်လာ၏။ ကားအစီး တစ်ဒါဇင်ကျော်လောက်က တစ်ချိန်တည်းတွင် ဟွန်းတီးလာကြခြင်းပင်။
ငါးဖမ်းသမားက ရုတ်တရက် ရယ်မောပြီး ရပ်လိုက်သည်။
"သခင်သုံး.... လောင်ချိုး ရောက်လာပါပြီ"
ရှောင်ဟွားလည်း ပြတင်းပေါက်ဆီသို့ လာကာ ကုလားကာကို ချိတ်ကိုအောက်ဆွဲချရင်း ငုံ့ကြည့်ပြီး ငါးဖမ်းသမားအား အေးစက်သော အကြည့် ပေးလိုက်သည်။ ထို့နောက် ဝူရှဲအနား ခေါင်းငုံ့ကာ ခပ်တိုးတိုး ဆို၏။
"မကောင်းတော့ဘူး... အပြင်ထွက်ဖို့ ပြင်လိုက်တော့ ဟိုလူယုတ်မာတွေ ရောက်နေပြီ!"
ငါးဖမ်းသမားက တခြားသူတွေကို ဆက်ပြောနေသည်။
“မင်းတို့ သခင်သုံးနဲ့ မပေါင်းချင်ဘူးဆိုရင် အခုထွက်သွားလိုက်ပါ... ငါတို့က အနာဂတ်မှာ စီးပွားရေးကိစ္စတွေ ဆက်ရှိဦးမှာဆိုတော့ မင်းတို့ သခင်သုံးနဲ့ အတူတူနေချင်ရင်လည်း ရတယ်လေ... နောက်မှဆက်ပြီး ပျော်စရာ ရှိုးပွဲလေးကို ကြည့်တာပေါ့.... သခင်သုံး ဖန့်ကျစ်လိုခွေးကို မင်း မမွေးနိုင်တော့ပါဘူး...မင်းရဲ့အိမ်ကို စောင့်ရှောက်ရမယ့်လူကို အခုလို ကြမ်းကြမ်းတမ်းတမ်း ပြောနေတာက မကောင်းဘူးနော်"
တခြားလူများက တစ်ယောက်ကို တစ်ယောက်ကြည့်နေကြသည်။ ချက်ချင်းပင် လက်အောက်ငယ်သား တချို့က အပြင်မှထွက်လာပြီး ထိုလူများ၏ နားထဲသို့ ခပ်တိုးတိုးလေး ပြောလာကြရာ မကြာမီတွင် လူတိုင်း ထွက်သွားကြသည်။ အားလုံးက သတင်းရသွားပုံပါပဲ။ နောက်ဆုံးတော့ လောင်လျို့နဲ့ လူလတ်ပိုင်း အမျိုးသမီးတစ်ဦးပဲ အခန်းထဲမှာ ဝူရှဲတို့ကို မျက်နှာချင်းဆိုင်လျက် ကျန်ခဲ့သည်။
ရှောင်ဟွားက အေးဆေးတည်ငြိမ်နေဆဲပင်။
"လောင်လျို့ မင်းက အရမ်းသတ္တိကောင်းတာပဲ၊ လုပ်ဖော်ကိုင်ဖက်တွေ အများကြီး ရှေ့မှာတောင် မင်းဒီလိုလုပ်ရဲတယ်ပေါ့"
ငါးဖမ်းသမား လောင်လျို့: "ဒီလုပ်ငန်းက ပိုက်ဆံအတွက်ပဲလေ... သူတို့က သခင်သုံးနဲ့ ဆက်ဆံရေး သိပ်မရှိပါဘူး.. သခင်သာ အခုဘာလုပ်နေတာလဲ ဒီလိုအခြေအနေမျိုး ရောက်ရင် ကိုယ့်အမှားတွေအတွက် ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်နိုင်တယ် ဆိုတာ ငါလည်သ ကောင်းကောင်းသိပါတယ်... ဒီနေ့ ဒီလက်ဖက်ရည်ဆိုင်မှာ ငါစောင့်နေတာက မီးပျက်ရင် ခေတ်ကုန်သွားလိမ့်မယ် ဆိုတာ ပြောပြချင်လို့... မနက်ဖြန် ဒီလူတွေက ငါနဲ့ ညီအစ်ကို လာဖွဲ့ကြဦးမှာပဲ... ဒီနေ့ ဖြစ်ပျက်ခဲ့တာကို ဘယ်သူမှ ပြန်မပြောတော့ဘူး... မင်းယုံလား မယုံဘူးလား"
ရှောင်ဟွား: "မင်းက ငါ့ကို မလွှတ်ပေးဘူးဆိုတော့ မင်းလည်း ငါ့ကို သတ်ချင်နေတာလား?"
"ငါမလုပ်ချင်ဘူး ဒါပေမဲ့ မင်းတို့ရဲ့ အဘွားကြီးဟော့ပြဿနာက မပြေလည်သေးဘူးလေ! မင်းတစ်ခုခုဖြစ်ရင် ဟော့မိသားစုက စိတ်မချမ်းသာဘူးလို့ ပြောလို့မရဘူး... ဒါပေမဲ့ စိတ်မပူပါနဲ့ မိန်းကလေးရှို့ရှို့ ငါမင်းကို ဟော့မိသားစုဆီကို ပြန်ပို့ပေးမှာပါ...."
ရှောင်ဟွား မျက်နှာက ပြောင်းလဲသွားပြီး ရှို့ရှို့လည်း အံ့အားသင့်သွားသည်။
"လောင်လျို့.. ကျွန်မအစ်ကိုနှစ်ယောက်က ရှင့်ကို တစ်ခုခုပြောခဲ့သေးလား"
လောင်လျို့: "မင်းပြန်သွားပြီး ကိုယ့်ဘာသာကိုယ် ပြန်မေးကြည့်ပေါ့... ဒါပေမယ့် စဉ်းစားကြည့်ရင် ငါတို့က ဘယ်မှာသတ္တိရှိတာလဲ...အမ် ဓားနဲ့ကစားရင် ငါတို့က ပရော်ဖက်ရှင်နယ် မဟုတ်ပေမယ့် မင်းရဲ့ ဟော့မိသားစုကတော့ အရည်အချင်းတွေ ရှိတယ်နော်"
ဝူရှဲနဲ့ ရှောင်ဟွား တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ နောက်ကွယ်မှာ ဒီလိုအရာတွေ ရှိနေတာကို ဝူရှဲခမျာ မသိခဲ့တာကြောင့် တကယ်ကို အံ့သြမိသွားသည်။ ရှို့ရှို့ရဲ့ အကိုနှစ်ယောက်သည် ငွေစုပုံ မပေါ်သလိုနှင့် သူတို့သည် အမှန်တကယ်တော့ ဦးလေးသုံးရဲ့ နယ်မြေကို ခွေးကောင်ချိုးနှင့်အတူ မျိုချချင်ကြနေကြတာပင်။ ရှဲ့လျန်းဟွမ်ရဲ့ နယ်မြေကိုပါ လိုချင်နေတာ ဖြစ်နိုင်၏။
"ဒါဆို မင်းကိုဘာလို့ ငါက ဝင်ခွင့်ပေးရမှာလဲ"
ရှောင်ဟွားက သက်ပြင်းအသာ ချလိုက်ပြီး ဆို၏။ သူ့မျက်နှာက အခုအချိန်မှာတော့ မည်းမှောင်လျက်ရှိကာ အရင်ကလို ပြုံးပြုံးရွှင်ရွှင် အမူအရာမျိုး မရှိတော့ပေ။
"မင်းဘယ်လိုမှ မတတ်နိုင်ဘူး... သခင်ဟွား မင်းမှာ သခင်နှစ် လုပ်ခဲ့တုန်းကလို အရည်အချင်းတွေ မရှိဘူး... အခု အပြင်မှာ လူတွေရှိတယ် အများဆုံး မိနစ်ဝက်လောက်ကြာတာနဲ့ ဒီကို ရောက်လာလိမ့်မယ် မင်းရဲကို အခုဖုန်းဆက်ရင်တောင် အသုံးမဝင်တော့ဘူး"
ရှောင်ဟွား: "မင်းက တိုက်မယ်လို့ ဆိုလိုတာလား သခင်သုံးကို မင်းတကယ် သတ်နိုင်မယ်လို့ ထင်နေတာမျာစလား"
ငါးဖမ်းသမားက ရှောင်ဟွားကို တည့်တည့် ကြည့်ပြီး အားရပါးရ ရယ်မောလိုက်ပေသည်။
"ဒီအချိန်မှာ မင်း ပျံသန်းနိုင်သေးတာ ဖြစ်နိုင်ပါ့မလား"
"မင်း ငါတို့အားလုံးကို သတ်ရင်တောင် မင်း သခင်သုံးကိုတော့ မသတ်နိုင်ဘူး"
ဒီတစ်ခါတော့ ရှောင်ဟွားက ပြုံးပြလိုက်သည်။
"ဘာသဘောလဲ?"
"တတိယသခင်က ဒီမှာ လုံးဝ မရှိလို့ပဲ"
ဝူရှဲ့မှာ ထိုရှောင်ဟွား ဘာလုပ်ချင်မှန်း မသိပေမယ့် စွန့်စားရမယ့် အရာတွေက သူတို့အတွက် သိပ်အဆင်မပြေဘူးဆိုတာကို ချက်ချင်းနားလည်သွားသည်။ ထိုစဥ် ရှောင်ဟွားကလည်း ဝူရှဲဘက်လှည့်ပြီး ဆိုလိုက်သည်။
"အချစ်ရေ... မစ္စတာလျို့ကို နှုတ်ဆက်ဖို့ မင်းကိုယ်ပိုင်အသံကို သုံးလိုက်ပါဦး..."
ဝူရှဲလည်း လည်ချောင်းကို တစ်ချက် ရှင်းလိုက်ပြီး။
"လူကြီးမင်းလျို့... ကျွန်တော် အခုနက စိတ်ဆိုးအောင် လုပ်မိသွားပြီ ထင်တယ်... ကျွန်တော် ကောင်းကောင်း မလုပ်ခဲ့တာရှိရင် စိတ်မဆိုးပါနဲ့"
ငါးဖမ်းသမားနှင့် သက်လတ်ပိုင်း အမျိုးသမီး၏ မျက်နှာများသည် ရုတ်တရက် ဖြူဖျော့သွားကာ။
"မင်းက ဘယ်သူလဲ... ဒီအသံက ဘယ်သူ့အသံလဲ"
“ကျွန်တော်က သခင်ဟွားအတွက် အလုပ်လုပ်တဲ့ လူငယ်သရုပ်ဆော င်တစ်ယောက်ပါ”
ရှောင်ဟွား : "ဂိုဏ်းကိုးဂိုဏ်းက လက်မှုပညာတွေ အများကြီး ကျန်ခဲ့တယ်လေ... ဒါပေမဲ့ မင်းတို့လို အပြင်ဒေသခံတွေက ဒါကို နားမလည်ဘူးပေါ့..."
ခွေးကောင်ချိုး သူ့လူတွေကို လှေကားပေါ် တက်လာခိုင်းတဲ့ အသံတွေ၊ အပြင်မှ ကားဟွန်းသံတွေ ကြားရပြီးနောက် ဝူရှဲနောက်ကျောဘက်မှ အမွေးအမှင်လေး ထောင်တက်လာသလို ခံစားလိုက်ရသည်။
“မဖြစ်နိုင်ဘူး ဘယ်လိုလုပ် ဒီလောက် တူနိုင်မှာလဲ”
ငါးဖမ်းသမားက ခေါင်းတွင်တွင် ခါသည်။
ရှောင်ဟွား: "မယုံသေးဘူးလား ဒါဆို ထပ်ကြည့်ကြည့်တာပေါ့"
ဝူရှဲလည်း မျက်နှာဖုံး ချွတ်ပြရမလားလို့ ကိုယ့်ဘာသာကိုယ် တွေးနေမိ၏။ တစ်ခုခုတော့ မှားနေပြီထင်တယ်။ ဒီမျက်နှာဖုံးကို ခွာဖို့မလွယ်ဘူး မဟုတ်ပါလား။ နောက်ပြီး သူက ဝူရှဲ ဆိုတာကို သိသွားခဲ့ရင် သူတို့အတွက် ကောင်းတဲ့ကိစ္စလည်း မဟုတ်ဘူးလေ။ ဒါကြောင့် အပေါ်အင်္ကျီကိုပဲ ချွတ်လိုက်သည်။
ဝူရှဲရဲ့ ခန္ဓာကိုယ်က တစ်နှစ်ပတ်လုံး အိမ်နှင့်ဝေးကွာသော ဦးလေးသုံးနှင့် အတော်လေး ကွာခြားသည်။ ဝူရှဲနှင့်သူ့ကြားတွင် အသက်အရွယ် ကွာခြားချက်ကလည်း များစွာရှိတာကြောင့် သူ့အဝတ်အစားတွေ ချွတ်ပြီးတာနဲ့ လောင်လျို့ရုပ်က ပိုတောင် ရုပ်ဆိုးသွားတော့သည်။
“ဒါဆို သခင်သုံးက ဘယ်မှာလဲ”
လူလတ်ပိုင်း အမျိုးသမီးက အေးစက်စက် မျက်နှာထားဖြင့် မေးလာသည်။
ရှောင်ဟွား: "အခု ခွေးကောင်ချိုးက အသက်ဝင်လာတော့ မင်းတို့မြေမှာ စောင့်ကြည့်နေတဲ့သူ တစ်ယောက်ယောက် ရှိတယ်မလား သခင်သုံးက ဘယ်လိုလူလဲ ဆိုတာ မင်းတို့ မသိတာလည်း မဟုတ်ဘူး... လွန်ခဲ့တဲ့ လအနည်းငယ် အတွင်းမှာ မင်းတို့အရမ်း ကြိုးစားနေကြတယ်မလား...သူက စာရင်းစာအုပ်တွေ တောင်းဖို့ စိတ်အေးလက်အေးနဲ့ မင်းတို့ဆီ လာပါ့မလား?"
သူစကားပြောနေစဉ်မှာပင် လောင်လျို့ဖုန်းက အသံမြည်လာသည်။ သူချက်ချင်း ကောက်ကိုင်လိုက်သည်နှင့် စာသားမက်ဆေ့ခ်ျ တစ်ခု ရောက်လာတာ တွေ့လိုက်ရသည်။ သူစာကို ကြည့်နေသည့် အချိန်တွင် မျက်နှာသည် ဖျော့တော့သွားကာ ချက်ချင်း လူလတ်ပိုင်းအမျိုးသမီးကို လှည့်ပြောလိုက်၏။
"ဒါအမှန်ပဲ... သခင်သုံးက အခုငါတို့ဆိုင်မှာ လူတွေကို ခေါ်လာနေပြီ သွားကြရအောင်"
“သူတို့ကရော?”
လူလတ်ပိုင်း အမျိုးသမီးက ဝူရှဲတို့ကို ညွှန်ပြလေသည်။
“သခင်သုံး မသေမချင်း သူတို့ကို သတ်နေလည်း အသုံးမဝင်ဘူး” ငါးဖမ်းသမားက သူ့ခြေထောက်ကို စောင့်နင်းပြီး။
“လွယ်လွယ်နဲ့ အဆင်မပြေလောက်ဘူးလို့ ထင်သားပဲ!"
နှစ်ယောက်သား ထွက်သွားပြီး ခဏအတွင်းမှာပဲ ငါးဖမ်းသမားရဲ့ အော်သံကို ကြားလိုက်ရသည်။
"ငါတို့လှည့်စားခံလိုက်ရပြီ... ဒီသခင်သုံးက အတုပဲ... သခင်သုံးအစစ်က ငါ့ဆိုင်မှာ!"
ခွေးကောင်ချိုး: "ဘာဖြစ်နေတာလဲ?"
လောင်လျို့: "မြေခွေးအိုကြီးက ထိန်းရတာ မလွယ်ဘူးလို့ပဲ ပြောသားပဲ... ငါတို့ လှည့်စားခံလိုက်ရတာ!"
"သွား! ပြန်သွား!"
ခွေးကောင်ချိုးလည်း အော်ပြောလိုက်ရာ အားလုံး ပြေးဆင်းသွားကြတော့သည်။ ရှောင်ဟွား ပြုံး၍ ကန့်လန့်ကာ အပြင်ကို ကြည့်လိုက်တော့ ဆူဆူညံညံ အသံတွေ ကြားလိုက်ရပြီး ကားတွေ တဖန်ရွေ့လျားလာပါတော့သည်။
အသံတွေ တိုးသွားတော့မှ ဝူရှဲလည်း ပြိုလဲလုမတတ် မြေပြင်ပေါ် ထိုင်ချလိုက်ရသလို အေးစက်တဲ့ ချွေးတွေက တစ်ကိုယ်လုံးမှာ ပျံ့နေပြီး အခုမှသာ ချွေးပေါက်ထဲက ထွက်လာတဲ့ တင်းမာမှုတွေ အားလုံး ပြေလျော့သွားသလို ခံစားလိုက်ရလေ၏။
ရှောင်ဟွားလည်း သက်သာရာရသွားပုံ ပေါ်ပေမယ့် သူက ဝူရှဲကို မြေပြင်ပေါ်ကနေ ဆွဲမြှောက်သေးသည်။
"ဒီနေရာက အရမ်းအန္တရာယ်များတယ်... မြန်မြန်ထွက်သွားရအောင်"
"အခုနတုန်းက ဘာဖြစ်တာလဲ?"
"မျက်နှာဖုံးတွေနဲ့ ပတ်သက်လာရင် ပထမတစ်ခုရှိရင် ဒုတိယတစ်ခုလည်း ရှိသေးမှာပဲမလား"
ရှောင်ဟွားက မမေးနဲ့ဆိုတဲ့ အမူအရာလုပ်ကာ သူ့ဖုန်းကို ငုံ့ကြည့်နေသည်။
"ငါတို့ မိသားစုက ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ အရန်အစီအစဥ် မထားခဲ့ဘဲ ဘယ်တော့မှ မလုပ်ဘူး"
"ဘယ်လိုပြောတာလဲ"
"လမ်းမှာ စကားပြောရအောင်"
ရှို့ရှို့က ပြုံးပြီး နောက်ဆုံး လက်ဖက်ရည်ခွက်ကို ကမ်းပေးရင်း ကန့်လန့်ကာကို ဖွင့်ကာ အမြန်ဆင်းသွားလိုက်သည်။
အပြင်မှာ လူအများစုက ထွက်သွားကြပါပြီ။ သူဌေးရဲ့ လက်အောက်ငယ်သား တချို့သာ စုဝေးနေကြတုန်းပဲ။ သုံးယောက်သား ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ကားဆီ လျှောက်လာရင်း ရုတ်တရက် လူအုပ်ကြားထဲမှာ မိန်းမငယ်လေး ရပ်နေတာကို တွေ့လိုက်ရ၏။
လူအုပ်နောက်ကွယ်ကနေ အဲဒီအမျိုးသမီးငယ်လေးက ဝူရှဲကို အေးစက်စွာ ကြည့်နေခဲ့သည်။ ဝူရှဲခမျာ ခေါင်းနောက်က ချွေးတွေ ပြန်လာပြီး ဘယ်လိုတုံ့ပြန်ရမှန်းကို မသိတော့ပေ။ သူမကြည့်နေတာ မြင်တာနဲ့ လှည့်ထွက်လာခဲ့သည်။
အသက်ပြင်းပြင်း ရှူနေတုန်းရှိသေး ရှောင်ဟွားကသူ့ကို ကားပေါ်တွန်းတင်ပြီး ဝင်ထိုင်ခွင့်ပြုလိုက်သာ်။
ကားက စပြီး မောင်းသွားသော် ကားပြတင်းပေါက်ကနေ ဖြတ်သွားတဲ့ အမျိုးသမီးငယ်လေးကို ကြည့်လိုက်တော့ ဒီအမျိုးသမီးက ကြီးကြီးမားမား ဒုက္ခပေးလိမ့်မယ်လို့ သဘောပေါက်သွားသည်။ ဒါပေမဲ့ သူအခု ပင်ပန်းနွမ်းနယ်မှုက ဒီရေတက်သလို တက်လာနေလို့ အဲဒါကို တွေးဖို့က ပျင်းလွန်းနေပြီ။