DaoMuBiJi
Author - Nan Pai San Shu
Volume (8)
Chapter (2)
အတွင်းအပြင်မှ ချို့ယွင်ချက်များ
ရှန်ကျန်းမြစ်ကမ်းက ကော်ဖီဆိုင်မှာ ဖန့်ကျစ်ကို တွေ့လိုက်သည်။ သူ့ကို မြင်တော့ ဖန့်ကျစ်မှာ တုန်တုန်ယင်ယင်နဲ့ ကြည့်နေတာကို မြင်လိုက်ရ၏။ သို့သော် သူသည် တစ်စုံတစ်ရာကို ချက်ချင်းသဘောပေါက်ပြီး တဖြည်းဖြည်း ငြိမ်သက်သွားသည်။
"တတိယသခင်လေး?" သူက ဝူရှဲကို ကြည့်ပြီး အစမ်းသဘောနဲ့ ခေါ်ကြည့်လေသည်။
"မျှော်လင့်ထားသလိုပဲ ခင်ဗျားကို မဖုံးကွယ်ထားနိုင်သေးဘူး"
သူက ဝူရှဲကို လှမ်းကြည့်နေတုန်းပါပဲ။ အချိန်အတော်ကြာအောင် ကြည့်ပြီးတော့မှ သက်ပြင်းတစ်ချက်ချကာ ထိုင်ချလိုက်သည်။
"ဘာလုပ်တာလဲ... ဒီပစ္စည်းကို ဘယ်ကရလာတာလဲ?"
ဝူရှဲလည်း သူ့အတွေးအမြင်နဲ့ မျက်နှာဖုံးကိုတော့ ရှောင်ဟွားပေးခဲ့တာ ဖြစ်ကြောင်း ပြောပြလိုက်သည်။ ဒါက ဖြစ်နိုင်ချေရှိတဲ့ တစ်ခုတည်းသော အစီအစဥ်လို့ ခံစားမိကြောင်းပါ ထည့်ပြောပြခဲ့သည်။
သူက ဝူရှဲမျက်နှာကို ကြည့်ပြီး အချိန်အကြာကြီး စကားမပြောပေ။ မျက်နှာဖုံးရဲ့ လက်တွေ့ဆန်မှုကို အကဲဖြတ်နေပုံပါပဲ။ အချိန်အတော်ကြာပြီးနောက် သူ့မျက်နှာကို အုပ်ကာ အသက်ပြင်းပြင်းရှူရင်း ခေါင်းညိတ်လိုက်၏။
"ဒီလိုလုပ်ဖို့ တကယ်ဆုံးဖြတ်ပြီးပြီလား"
ဝူရှဲလည်း ခေါင်းညိတ်လိုက်သည်။
"တတိယသခင်ငယ်လေး သခင်သုံးရဲ့ဘဝက လူသားတွေအတွက် မဟုတ်ဘူး... ဒီစကားက အဓိပ္ပာယ်အများကြီး ရှိတယ်.... အတိုချုပ်ပြောရရင် သခင်လေးရဲ့ စရိုက်နဲ့ဆို ဘယ်တော့မှ ရှင်သန်နိုင်မှာ မဟုတ်ဘူး... ငါတို့ဘယ်သူနဲ့ ဆက်ဆံနေရတာလဲ... သခင်လေး မြင်တာက ငါတို့ရဲ့ အပျော့ဆုံး တစ်ဖက်ခြမ်းပဲ... ဒီလုပ်ငန်းရဲ့ စစ်မှန်တဲ့ မျက်နှာက မင်း စိတ်ကူးယဉ်တာထက် ကျော်လွန်နေပြီ..."
ဒါကိုပြောပြီးနောက် ဖန့်ကျစ်က ငြိမ်သက်သွားသည်။ ဖန့်ကျစ်စကားဟာ သူ့ကို နှိုးဆော်နေတာမဟုတ်ဘူးဆိုတာ သိပါ၏။
"ကျွန်တော် သူတို့ကို ကယ်ချင်တယ်... သူတို့ကို တကယ် ကယ်ချင်တာ... သူတို့ရဲ့ကျန်နေတဲ့ သက်တမ်းကို ဒီလိုမျိုး မကုန်စေချင်ဘူး ဒါကြောင့် ကျွန်တော် မခံနိုင်ရင်တောင် သူတို့ကိုရအောင် သွားသယ်မယ်...."
ဖန့်ကျစ်က ဝူရှဲ ကြည့်ပြီး။
"မျက်နှာဖုံးက ဘယ်လောက်ကြာကြာ ခံနိုင်လဲ"
"လေးပတ်"
သူက ခေါင်းညိတ်သည်။
"အချိန်က နည်းနည်းကြပ်တယ်... ငါတို့ အချိန်ကို အရှိန်မြှင့်ရမယ်..."
သူသဘောတူတာကို မြင်တော့ ဝူရှဲလည်း ဒီအဆင့်မှာ အကောင်းဆုံးအချိန်ကို ရခဲ့ပြီဆိုတဲ့ အတွေးနဲ့ လှည့်မေးလိုက်၏။
"ကျွန်တော်တို့ ဘာလုပ်သင့်တယ်လို့ထင်လဲ... ပထမအဆင့်အနေနဲ့ ကျွန်တော်တို့ဘာလုပ်သင့်လဲ အဲ့ခွေးကောင်ချိုးကို သွားရှာမှာလား?"
ဖန့်ကျစ်က ခေါင်းခါလိုက်ပြီး "အခုနတုန်းက မင်းကို ငါဘယ်လိုလုပ် မှတ်မိလဲ သိလား"
ဝူရှဲ ခေါင်းခါပြပြီး သူက ဆက်ပြောသည်။
"မင်း တုံ့ဆိုင်းနေတယ်...ငါ့ကို မြင်လိုက်တာနဲ့ မင်းမျက်နှာက တုံ့ဆိုင်းမှုအပြည့်နဲ့ ဒါက မင်းရဲ့ထူးခြားတဲ့ အမူအရာပဲ... သခင်သုံးရဲ့ မျက်နှာမှာဆို ဒီအမူအရာမျိုးကို မမြင်ရဘူး..."
သူက ခဏရပ်လိုက်ကာ။
"ငါတို့လုပ်ရမယ့် ပထမခြေလှမ်းက မင်းမှာ အပြစ်အနာအဆာ မရှိအောင် လုပ်ထားရမယ်... မဟုတ်ရင် မင်းမျက်နှာဖုံး တပ်ထားတာက ပေါ်သွားမှာပဲ အဲဒီလူတွေအားလုံးက လူ့ဂွစာတွေ... သူတို့ကို ဘယ်သူကမှ ဖုံးကွယ်ထားလို့ မရဘူး"
ဝူရှဲလည်း မျက်နှာကို တို့ထိပြီး ကိုယ့်ကိုကိုယ် ပြန်တွေးကြည့်နေသည်။ သူတကယ် တွန့်ဆုတ်နေခဲ့တာလား။ ဖန့်ကျစ်က ဝူရှဲ လက်ညှိုးထိုးပြကာ။
"အဲဒါပြီးတော့ စကားအသုံးအနှုန်း... မင်းရဲ့ တုံ့ဆိုင်းမှုကို လုံးဝ ပြောင်းလဲပစ်ရမယ်"
ဝူရှဲ သက်ပြင်းချလိုက်သည်။ ကိုယ့်ဘာသာကိုယ် ပြန်တွေးကြည့်တော့ ပြောင်းလဲရမယ့် အပြုအမူက သူ့ရဲ့ ကိုယ်ပိုင်ဗီဇ ဖြစ်လေရာ ဘယ်လိုလုပ် ပြောင်းလဲနိုင်မှာလဲ။
ဖန့်ကျစ်က သူ့ပတ်ဝန်းကျင်မှာ ဆေးလိပ်မသောက်ရဆိုတဲ့ အရိပ်အယောင်တွေ မရှိတာကို တွေ့လိုက်ရတော့ ဆေးလိပ်ကို တေ့ထားရင်း လှည့်ကြည့်လိုက်သည်။
"သခင်သုံးက ကိစ္စ တစ်ခုခုတွေ့ရင် သူ့ဘာသာသူ အရင်ဆုံးဖြတ်တယ်... တခြားသူတွေရဲ့ ထင်မြင်ချက်တွေကို တောင်းဖို့ ရှားရှားပါးပါးပဲ သူက လူတွေကို ကြည့်ရင် တည့်တည့်ကြီး ကြည့်တယ်... ရှုံ့ချချင်တဲ့ သဘောထားလည်း ရှိတယ် မင်းမှာက တစ်ခုမှ မရှိဘူး..."
ဝူရှဲ: "ဘာလုပ်ရမလဲ ဒီလိုမျိုးက ခက်လွန်းတယ်လေ...သူက အကြိမ်အနည်းငယ်ပဲ ပေါ်လာတာမလား...ခင်ဗျား ကျွန်တော့်ကိုယ်စား လုပ်နိုင်မလား"
ဖန့်ကျစ်က ရှိုက်ကြီးတငင် ပြုံးပြီး ခေါင်းယမ်းရင်း "လွန်ခဲ့တဲ့ လအနည်းငယ်က ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အခု မင်းမြင်တဲ့အတိုင်း သူတို့က ငါ့စကားကို နားမထောင်တော့ဘူး... မင်းရဲ့ အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ မင်းက ငါတို့ရှေ့မှာ ရပ်ပြီး တခြားသူတွေကို ပြောပြဖို့ လိုတယ်... မင်းက သခင်သုံး မင်းပြန်လာပြီ... မနာခံသူတွေ သေဖို့ အသင့်ဖြစ်နေရမယ်!"
ဝူရှဲခမျာ အဲဒါကို တွေးပြီး တုန်လှုပ်ခြောက်ခြားစွာ ခေါင်းကို ခါယမ်းလိုက်သည်။
"သေချာပေါက် မလုပ်နိုင်လောက်ဘူး... အဲဒါကြီးက အရမ်းခက်တယ် နေ့တိုင်း လေ့ကျင့်ရင်တောင် အဲဒီအဆင့်ကို ရောက်ဖို့ မဖြစ်နိုင်ဘူး"
“အစောတုန်းက ပြောတော့ ဆုံးဖြတ်ချက် ချပြီးပြီဆို ရှောင်စန်းရယ်... ဒါက ပထမအခက်အခဲပဲ... မင်း မကြိုးစားခင် မလုပ်နိုင်ဘူးလို့ပြောရင် အားလုံးကို မပြောနဲ့တော့... ဒါက ရုပ်ရှင်ရိုက်တာ မဟုတ်ဘူး တကယ့်ဘဝ ရိုးရှင်းတဲ့ ကိစ္စလည်း မဟုတ်ဘူး”
ဖန့်ကျစ်မျက်လုံးတွေကို ကြည့်လိုက်တော့ သူက မိမိကို အရှုံးပေးစေချင်မှန်း သိသာ၏။ ဝူရှဲ ဒါကို သဘောပေါက်ပေမယ့် အခုက အောက်ခြေလိုင်းမှာ ရှိနေပြီ။ နောက်ဆုံးတော့ သူခေါင်းညိတ်ပစ်သည်။
"ကောင်းပြီ ကျွန်တော် လုပ်မယ်!!"
ဖန့်ကျစ်က ဝူရှဲမျက်လုံးတွေကို ဆက်ကြည့်နေသည်။ ဝူရှဲ တုံ့ဆိုင်းမနေဘဲ ပြန်ကြည့်လိုက်တော့ သူက စီးကရက်ကို ထုတ်လိုက်ပြီး။
“သွားရအောင် ဆက်သွားကြည့်ရအောင်... ငါကနည်းလမ်း စဉ်းစားကြည့်မယ် မင်းက အခုသခင်သုံး ဖြစ်နေပြီဆိုတာကိုသာ အမြဲမှတ်ထား... ဒီမှာ သခင်သုံးရဲ့ ညီအကိုတွေ အများကြီး ရှိတယ်... မင်းကို စူးစိုက်ကြည့်နေမယ့် အရာတွေလည်း အများကြီး ရှိတယ်"
ဝူရှဲ ခေါင်းညိတ်ပြလိုက်တော့ သူက မတ်တပ်ထရပ်ပြီး ရုတ်တရက် ပြောလိုက်၏။
"သခင်သုံး.... သွားရအောင်"
ဝူရှဲ ခဏလောက် ထိတ်လန့်သွားမိသည်။ ပြီးမှသာ ဘာကိုဆိုလိုမှန်း သဘောပေါက်သွားသည်။ ဖန့်ကျစ်က ဝူရှဲရှေ့ကို လှမ်းလာပြီး တံခါးဖွင့်ပေးလာတဲ့အခါ ဝူရှဲလည်း သူ့ကို ကျေးဇူးမတင်မိဖို့ ကိုယ့်ကိုကိုယ် တွန်းအားပေးနေခဲ့ရ၏။
အဲဒီအခိုက်အတန့်မှာ ဆုံးရှုံးလိုက်ရတဲ့ အရာဟာ သာမာန်အချိန်တွေမှာ သတိမထားမိတဲ့ အရာတစ်ခုပဲလို့ ခံစားလိုက်ရလေသည်။ ဝူရှဲ စဉ်းစားနေတုန်းမှာပဲ လမ်းဘေးမှာ ရပ်ထားတဲ့ ကားတွေထဲကနေ လူတွေ ရုတ်တရက် ထွက်လာပြီး ဝူရှဲဆီ လျှောက်လာကြသည်။
ခွေးကောင်ချိုးပင်။ ဝူရှဲကိုတွေ့တော့ သူက အတော်လေး အံ့ဩသွားသည်။ ဝူရှဲ ဖန့်ကျစ်ကို ပြန်ကြည့်လိုက်တော့ ဖန့်ကျစ်လည်း ဒီလူတွေ ရောက်လာတာကို အံဩနေပုံပါပဲ။ ခွေးကောင်ချိုးတို့ လူလေးယောက်က ဝူရှဲကို ကြည့်ပြီး ပြုံးနေကြသည်။
"သခင်သုံး... ဘယ်တုန်းက ပြန်ရောက်တာလဲ... ကျုပ်ကို ဘာလို့ အကြောင်းမကြားတာလဲ... ညီအစ်ကိုတွေ ခင်ဗျား တစ်ခုခု ဖြစ်သွားပြီလို့တောင် ထင်နေတာ..."