Volume 8 (1) ဝူရှဲနှလုံးသားထဲက တခြားလူ
Viewers 14k

DaoMuBiJi

Author - Nan Pai San Shu

Volume (8)

Chapter (1) 

ဝူရှဲနှလုံးသားထဲက တခြားလူ 



ဆိုင်သေးသေးလေးရဲ့ ရေချိုးခန်းထဲမှာ ဝူရှဲတစ်ယောက် မှန်ထဲက သူ့မျက်နှာကို ကြည့်နေသည်။ အချိန်အတော်ကြာအောင် ကြည့်ပြီးတာတောင် မှန်ထဲက လူတစ်ယောက်က သူပါပဲဆိုတာကို တွေးကြည့်လို့ မရအောင်ကို ဖြစ်နေသည်။ 


အဲဒီလူရဲ့ မျက်နှာကို အရမ်းရင်းနှီးပေမယ့် သူက မိမိကိုယ်တိုင် မဟုတ်ချေ။ ဒီခံစားချက်သည် အလွန်ထူးဆန်းပြီး "လွတ်မြောက်ခြင်း" နှင့် "ကြောက်ရွံ့ခြင်း" တို့ ရောထွေးနေသည်။


ဝူရှဲဆိုတဲ့ ကံကြမ္မာကို "လွတ်မြောက်" ခဲ့ပုံရသော်လည်း ထိန်းချုပ်ရန် ပို၍ပင် မဖြစ်နိုင်သော "ဘဝ" သို့ ဝင်ရောက်လာခဲ့သည်။ ဤအစွမ်းသည် အမှန်တကယ်ပင် ထိန်းချုပ်၍ မရသော ဖြစ်နိုင်ခြေများက မရေမတွက်နိုင်အောင် ပါဝင်သည်။ သူ့ဘဝရဲ့ ကျန်ရှိနေသေးတဲ့ အခြေအနေက ဘယ်လို ဖြစ်လာမယ်ဆိုတာ ခန့်မှန်းလို့တောင် မရ။


အစပိုင်းမှာတော့ မှန်ကို မျက်နှာ မမူမိရင်တောင် နည်းနည်းတော့ တုန်လှုပ်သွားလိမ့်မယ်။ အခုဆို ပိုကောင်းလာတာက အစပိုင်းမှာ လက်မခံနိုင်စရာတွေ အများကြီး ရှိပေမယ့် လက်ခံလိုက်တာနဲ့ အဆင်ပြေလာသလိုပင်။


မျက်နှာပေါ် မတင်ခင်က "mask" လို့ ခေါ်တဲ့ အရာကို ကပ်ထားရင်တောင်မှ မျက်နှာဖုံးရဲ့ ချွေးပေါက်တွေကလွဲရင် သူ့မူလအသားအရေနဲ့ တစ်ထပ်တည်းနီးပါး တူ​နေမယ်လို့ တစ်ခါမှ မတွေးဖူးခဲ့ချေ။ အရင်တုန်းက မျက်နှာသေ ရုပ်ဖျက်တာကို မြင်တုန်းကတော့ ဒါဟာ ဆန်းပြားတဲ့ အယူမှားမှုတစ်ခုပဲလို့ ထင်ခဲ့တာ။ ပြီးတော့ ဒီလက်ရာမျိုးက နေ့ချင်းညချင်း တီထွင်လို့ မရဘူးလေ။ 


ဝူရှဲ ဆံပင်ကို မီးခိုးရောင် ဆိုးထားသည်။ ဦးလေးသုံးရဲ့ မီးခိုးရောင် ဆံပင်သည် နှစ်ပေါင်းများစွာ နာကျင်ခဲ့ရခြင်း၏ ရလဒ်ဖြစ်ခဲ့သော်လည်း ဝူရှဲသည် ဒီလိုအရောင်ဆိုးလိုက်ရုံနဲ့ ဦးလေးသုံးရဲ့ ဝေဒနာကို ဝင်ခံစားကြည့်ဖို့ မထိုက်တန်ဘူးလို့ ခံစားခဲ့ရသည်။ 


ဒီမျက်နှာဖုံးကို လေးပတ်လောက်အထိ ပြုပြင်ထိန်းသိမ်းစရာမလိုဘဲ သုံးလို့ရတယ်လို့ မိန်းကလေးက ပြောပေမယ့် ဒီကာလအတွင်းမှာ လိုချင်ရင်တောင် ဖျက်စီးလို့က မရချေ။ တရုတ်ရုပ်ဖျက်ခြင်း ပညာသည် အမှန်တကယ်တွင် အလွန်ရင့်ကျက်သော အလှပြင် နည်းပညာတစ်ခု ဖြစ်သည်။ 


၎င်းသည် လက်ရှိ ပလတ်စတစ်မိတ်ကပ်နှင့် အလွန်ဆင်တူသော်လည်း ရည်ရွယ်ချက်က ကွဲပြားသောကြောင့် မျက်နှာဖုံးရဲ့ ကုန်ကျစရိတ်မှာ ပလတ်စတစ် မိတ်ကပ်ထက် များစွာ မြင့်မားသည်။ ဤနည်းပညာကို အမှန်တကယ် ကျွမ်းကျင်သော သူများ သို့မဟုတ် အလွန်အရေးကြီးသော ရည်ရွယ်ချက်ရှိသူများသာ ၎င်းကို အသုံးပြုလိမ့်မည်။


အခက်ခဲဆုံး အလုပ်မှာ သူစိမ်းလိုလုပ်ရန် မဟုတ်ဘဲ ရင်းနှီးသော လူတစ်ယောက် ဖြစ်လာဖို့ပဲ ဖြစ်သည်။ ဒါ့ထက် မျက်နှာဖုံးတပ်ထားသူအားက မျက်နှာဖုံး ပိုင်ရှင်နဲ့ အရပ်အမောင်း၊ အမူအရာ တူနေဖို့လည်း လိုအပ်သည်။


"ကျွန်မက ရှင့်ကို အရေပြားပဲ ပေးတယ်... ရှင့်မျက်နှာမှာ ဒီမျက်နှာဖုံးကို ဝတ်တာအပြင် နှလုံးသားကိုလည်း ဝတ်ထားဖို့ လိုတယ်..."


သူမ ထွက်သွားခါနီး၌ ဝူရှဲ ကို ပေါ့ပေါ့တန်တန် ကြည့်ပြီး ဒီလိုစကားမျိုး ပြောလိုက်တာပဲ ဖြစ်သည်။ 


နှလုံးသားကလည်း မျက်နှာဖုံး တင်ထားရမှာလား?


မှန်ထဲက "ဦးလေးသုံး" ကိုကြည့်ရင်း စိတ်ထဲမှာ ထိမိသွားသည်။ ရှဲ့လျန်းဟွမ်လည်း ဦးလေးသုံးရဲ့ မျက်နှာဖုံးကို ၀တ်ထားတုန်းက ဒီလိုနည်းနဲ့ သင်ယူခဲ့တာလားလို့ စဉ်းစားမိသေး၏။ ဒါပေမယ့် နှစ်ပေါင်းများစွာကြာပြီးနောက် သူ့မျက်နှာပေါ်က မျက်နှာဖုံးကို စုတ်ပြဲပြီး သူ့နှလုံးသားမှာ ဝတ်ဆင်ထားနိုင်အောင် ဘယ်လိုလုပ်ရမလဲ။


နာရီကို ကြည့်လိုက်တော့ အချိန်စေ့ပြီ။ ဝူရှဲ မျက်နှာကို မျက်နှာသုတ်ပဝါနဲ့ အခြောက်ခံလိုက်သည်။ မျက်နှာဖုံးက အရည်ပျော်မသွားတာမို့ နောက်ဆုံးအဆင့် အောင်မြင်သွားပုံရတာကြောင့် သက်ပြင်းချလိုက်မိသည်။


အိပ်ခန်းထဲ ပြန်ဝင်ပြီး ကျဉ်းမြောင်းတဲ့ ကုတင်တစ်လုံးပေါ်မှာ လဲလျောင်းရင်း အနာဂတ်မှာ ဘာလုပ်ရမလဲလို့ တွေးမိလာသည်။ စကားပြောပုံ အပါအဝင် အရာအားလုံးဟာ အခုမှစပြီး စဉ်းစားစရာတွေချည်း ဖြစ်နေသည်။


စိတ်ထဲမှာ ပထမဦးဆုံး အတွေးက သူ့အဝတ်တွေကို ချွတ်ပြီး အပြင်ထွက်ပြေးတာပဲ ဖြစ်ဖြစ်၊ အရင်က မျက်နှာပျက်မှာ ကြောက်လို့ မလုပ်ရဲတဲ့ အရာတွေ မရေမတွက်နိုင်အောင် လုပ်နိုင်ပြီလေ။ အမျိုးသမီး သန့်စင်ခန်းထဲကို ၀င်ပြီး တံတွေးနဲ့ ထွေးတာမျိုးရော။ ဒါပေမဲ့ ဒီအချိန်မှာတော့ သူအဲ့အတွေးကို ဖြတ်ပစ်လိုက်ပါပြီ။ 


မျက်နှာဖုံးတပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဦးလေးသုံးရဲ့ အစီအစဉ်များ အားလုံးကို ပြန်လည်ပေါင်းစည်းရန်နှင့် မျက်နှာသေတို့ကို ကယ်တင်ရန်၊ ရှေ့သို့ ယူဆောင်လာနိုင်သည့် အရင်းအမြစ် အားလုံးကို သယ်ဆောင်လာရန် ဖြစ်သည်။ ဒါကသာ သူ့ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက် ဖြစ်သည်။ သို့သော် သူလုပ်ရမည့် ပထမဦးဆုံး အရာမှာ လူတွေ့မခံဖို့ပဲ။ 


သူ့အသံက ဖုံးကွယ်ထားလို့ မရချေ။ သူရဲ့ အမူအရာနဲ့ အသံက သရုပ်ဆောင်​ကောင်း တစ်ယောက် မဟုတ်တာမို့ မိနစ်အနည်းငယ် အတွင်းမှာပဲ သေချာပေါက် ဖော်ထုတ်ခံရမှာ သေချာသည်။ သူအသံကို သေသေချာချာ လေ့ကျင့်ရဦးမည်။


ဒီကိစ္စဟာ အင်အားသုံးပြီးတော့ မဟုတ်ဘဲ လိမ္မာပါးနပ်စွာ လုပ်ဆောင်ရလိမ့်မည်။ အကောင်းဆုံး အခြေအနေမှာ မိမိဟာ သူတို့ကို ထိပ်တိုက်ရင်ဆိုင်ဖို့ မလိုချေ။ သူတို့ကို အဝေးကနေပဲ ကြည့်​နေပြီး ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်ယောက်ကို သုံးရမည်။ 


ဝူရှဲ အသက်ပြင်းပြင်း ရှူလိုက်မိသည်။ သူ ဖန့်ကျစ်ရဲ့ အကူအညီကို ရယူရမယ် ဆိုတာ အသိသာကြီးပါပဲ။ ဖန့်ကျစ်သာလျှင် ဦးလေးသုံးနဲ့ သူ့အောက်ကလူတွေရဲ့ သဘောသဘာဝကို သိနားလည်သူ ဖြစ်သည်။ သို့သော်လည်း ဖန့်ကျစ်ကို နောက်တစ်ကြိမ် ရေထဲ ဆွဲမချချင်တော့ချေ။ 


ဒါပေမဲ့ ထပ်တွေးကြည့်ရင် ဖန့်ကျစ်အပြင် ဘယ်သူက သူ့ကို ကူညီနိုင်မှာလဲ။ တွေးကြည့်မိတော့ ဘယ်သူ့ကိုမှ မစဉ်းစားမိ။ ဦးလေးသုံး မရှိရင် ဒီစက်ဝိုင်းထဲမှာ တကယ် ဘယ်သူမှ မရှိဘူးဆိုတာကို သိလိုက်ရ​ပြီ။ 


ဝူရှဲ ဖုန်းကိုထုတ်လိုက်ပြီး နာမည်တွေကို တစ်ခုပြီးတစ်ခု ကြည့်လိုက်ပေမယ့် ကူညီနိုင်သူက မရှိ။ နှစ်အနည်းငယ် အတွင်းမှာပဲ သူ့ပတ်ဝန်းကျင်က အရာအားလုံး ပြောင်းလဲသွားတာကို တွေ့လိုက်ရသည်။


နောက်ဆုံးတော့ ဖန့်ကျစ်နာမည်ကို နှိပ်ပြီး မျက်လုံးမှိတ်ကာ "တောင်းပန်ပါတယ်" လို့ ရေရွတ်ရင်း သူ့နံပါတ်ကို နှိပ်လိုက်ပါတော့သည်။ 


ဖန့်ကျစ် ပြန်မလာလောက်သေးချေ။ သူ အပြင်မှာ ညနေစောင်းအထိ စောင့်နေရမလား။ ဖန့်ကျစ် ဒီနေ့ ဘယ်လို ကဲ့ရဲ့ခံရလဲ ဒါမှမဟုတ် သူပြန်လာလို့ မိမိကို မြင်ရင် ဘယ်လို အမူအရာမျိုး လုပ်မလဲ မသိ။ ဘာကြောင့်မှန်း မသိပေမယ့် ပျော်စရာကောင်းနေပေမယ့် တစ်ချိန်တည်းမှာပဲ မခံမရပ်နိုင်တဲ့ စိတ်ဓာတ်ကျလာသလိုလည်း ခံစားရသည်။ 


ဖုန်းရ​တော့ ဝူရှဲ သူ့ကို ဖုန်းထဲမှာ အတိအကျ ဘာမှ မပြောခဲ့။ ဖန့်ကျစ်အသံက အရမ်းငြိမ်နေပေမယ့် ပင်ပန်းနွမ်းနယ်နေပုံရသည်။ နှစ်ယောက်သား တစ်နေရာရာမှာ ဆုံဖို့ပဲ ချိန်းလိုက်သည်။


ထပြီး ဗီရိုထဲက အဝတ်တစ်ထည်ကို ယူလိုက်သည်။ ဒါက မျက်နှာဖုံး တပ်ပေးသူ မိန်းကလေးက ပေးခဲ့တာဖြစ်ပြီး ဦးလေးသုံးဝတ်တဲ့ ရှေးဟောင်းပုံစံ အင်္ကျီတစ်မျိုးပါပဲ။ ရှောင်ဟွားရဲ့ အဝတ်အစား အမြင်ဟာ တကယ်ကို ဂရုတစိုက် ရှိလေသည်။ ဝူရှဲလည်း တီရှပ်ကို ချွတ်လိုက်ပြီး ထို​အဝတ်အစားတွေကို ဝတ်လိုက်သည်။ 


အဲဒါကို စဉ်းစားရင်းနဲ့ ရှောင်ဟွားဆီကိုလည်း "ကျေးဇူးတင်ပါတယ်" လို့ စာတိုတစ်စောင် ပို့လိုက်သေးသည်။ 


တံခါးအပြင်ကို လှမ်းကြည့်ရင်း ကျောကို တည့်တည့်မတ်မတ် ထားလိုက်သည်။ ဒီတံခါးက ထွက်သွားပြီးရင် သူဟာ တခြားလူတစ်ယောက် ဖြစ်လာလိမ့်မယ် ဆိုတာကို ကိုယ့်ကိုကိုယ် ပြန်သတိပေး​နေမိသည်။ ဒါပေမဲ့ ဧည့်ခန်းက ဖြတ်သွားတဲ့အခါ မှန်ထဲမှာ ထူးထူးခြားခြား အေးစက်မှုတစ်ခု ရှိနေတာကို တွေ့လိုက်ရ၏။