(27)မိုးရေထဲက နတ်ဆိုးအရိပ်
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6) 

Author -南派三叔 (nan pai san shu)

translater - Hninthawethadar



Chapter (27)

မိုးရေထဲက နတ်ဆိုးအရိပ်



ထိုရုပ်ပုံများသည် တဖျပ်ဖျပ်ခတ်ကာ တစ်ခါတစ်ရံ ပေါ်လာတတ်သည်။ တစ်ခါတစ်ရံ မိုး​ရေထဲတွင် ပျောက်ကွယ်သွားပြန်၏။ ပထမတစ်ချက်တွင် သူတို့သည် လှုံ့ဆော်မှုတစ်ခုခု ပြုလုပ်ရန် အခွင့်အရေးကို စောင့်မျှော်နေကြသည့် အတိုင်းပင်။ မိုးကန့်လန့်ကာ အနောက်မှာ ရပ်နေတဲ့ သရဲအရိပ်လိုမျိုး ဒီလူအရိပ်တွေက လူကို ကျောချမ်းသွားစေသည်။ 


ဘာဖြစ်နေတာလဲ။ လူတွေအများကြီး ဘာလို့ဒီမှာ ရုတ်တရက် ပေါ်လာတာလဲ။ 


ဝူရှဲလည်း သူ့စိတ်ထဲမှာ အရင်က တွေးထားမိတာကို သတိရသွား၏။ ရွာထဲက တစ်ယောက်ယောက်က သူတို့ကို တိတ်တဆိတ် ဟန့်တားနေခဲ့သည်။ ​​အခု နောက်ဆုံးတော့ သူတို့က လှုပ်ရှားလာပြီ။ ဒီလူတွေက သူတို့ကို ဒီမှာကြားဖြတ်ချင်နေတာ သိသာသည်။ 


တစ်ဖက်မှာ ရွက်ဖျင်တဲတွေ ဖြစ်ပြီး နောက်တစ်ဖက်မှာတော့ ကြားဖြတ်သူနဲ့ လူသတ်သမားတွေရဲ့ ကြီးမားတဲ့ အဖွဲ့တစ်ဖွဲ့ပဲ ​ဖြစ်ပါသည်။ ဒီတစ်ခါတော့ သေပြီ ထင်ပါရဲ့။ ဝူရှဲ ဟိုဟိုဒီဒီ ကြည့်လိုက်တော့ လူခုနစ်ယောက်လောက် ရှိနေတာ တွေ့ရသည်။ သူတို့ဘာလုပ်ချင်လဲ မသိ။ မိမိမှာတော့ ဒီမှာ ချောင်းမြောင်း​နေရသလိုပဲ ဖြစ်နေသည်။ 


ဝူရှဲ့ မိုးရေတွေကို သုတ်ဖို့ သူ့​မျက်နှာကို အကြမ်းပတမ်း သုတ်လိုက်ပေမယ့် မိုးက သည်းလွန်းတော့ မျက်ခွံတွေက တခဏချင်း မိုးရေတွေနဲ့ ဖုံးလွှမ်းသွားခဲ့သည်။ မြင်နေရတဲ့ လူအရေအတွက် ကိန်းဂဏန်းတွေက မှုန်ဝါးနေသေးပြီး ဘာလက်နက်တွေ ကိုင်ထားမှန်းလည်း မသိရသေးပေ။ 


ဖန်းမာ၏ မျက်နှာပေါ်ရှိ အမူအရာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ဘဲ သူနှင့် ခပ်လှမ်းလှမ်းသို့ ရွေ့သွားလိုက်သည်။ ဖန်းမာကတော့ အရိပ်တစ်ခုဆီသို့ ပြေးသွားလေပြီ။ ပထမတော့ ဝူရှဲ တုန်လှုပ်သွားပေမယ့် သူ တွေးနေတာတွေကို ချက်ချင်း နားလည်သွားသည်။ ဒီလူတွေကို ဖန်းမာတစ်​ယောက် အဲဒီတုန်းက လူတွေပဲလို့ ထင်နေပုံပဲ။ 


ဤပတ်ဝန်းကျင်တွင် မည်သူမျှ အလွယ်တကူ ကင်းပုန်း (သို့) အခြားသူများကို ကြားဖြတ်တားဆီးခြင်း မပြုနိုင်သောကြောင့် တစ်ဖက်လူကို အဖြေရှာရန် စောင့်ဆိုင်းနေမည့်အစား အခြေအနေကို အရင်စုံစမ်းရမည်။ ဤကဲ့သို့ ဖရိုဖရဲ ဖြစ်နေသော ပတ်ဝန်းကျင်တွင် ဤလူနည်းစုဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်တတ်ပါသည်။ ဝူရှဲလည်း အခု သူ့အမှားကို ဝန်​ခံရင် အခွင့်​အ​ရေးရှိမယ်​လို့ ထင်မိသည်။ 


ဒီဟာက သူအတွက်ကောင်းလား ဆိုးလား မသိချေ။ ဖန်းမာနောက်ကို ချက်ချင်းပြေးလိုက်၍ လွတ်မြောက်ရန် အခွင့်အရေးကို ယူဖို့ ဆုံးဖြတ်လိုက်သည်။ ဒီလူတွေ ဒီမှာ ကြာကြာနေဖူးရင် မျက်နှာသေတို့ ဘယ်လောက်ပဲ ကောင်းနေပါစေ အားကွေ့နဲ့ တခြားသူတွေက သူတို့ကို ဆွဲချဖို့ သို့မဟုတ် ရန်သူ့ဆီက သေနတ်နဲ့ အပစ်ခံရနိုင်ချေ ရှိသည်။ 


မညီမညာသော ကျောက်တုံးကမ်းခြေတွင် ပြေးရခြင်းက ကာယဗလ တီးခတ်ခြင်းနှင့် တူပါသည်။ ပတ်ဝန်းကျင်က အရိပ်တွေ၊ သူတို့ဘာတွေလုပ်နေလဲ မသိ။ ဖန်းမာသည် ထိုအရိပ်များဆီသို့ တန်းတန်းမတ်မတ် ပြေးသွားသည်နှင့် သူ့လက်ထဲတွင်ရှိသော ယောင်လူမျိုး ဓားသည် မိုးကန့်လန့်ကာကို ဖြတ်ကာ ပြတ်တောက်သွားပုံမှာ အသက်ရှစ်ဆယ်အရွယ် အဘိုးအိုတစ်ဦးဟုပင် မပြောနိုင်ပေ။


ထူးဆန်းတာက ပြေးနေတဲ့ ဖန်းမာရဲ့ ပြင်းပြင်းထန်ထန် ရိုက်ခတ်မှုကို ဂရုမစိုက်သလို အရိပ်က မလှုပ်မယှက် ဖြစ်နေတာပါပဲ။ ဆယ်စက္ကန့် မပြည့်ခင်မှာပဲ ဖန်းမာသည် အရိပ်အနားကို ပြေးပြီး ဓားသွားနဲ့မထိဘဲ ရုတ်တရက် ရပ်တန့်သွား၏။ သူသည် အရူးအမူး နောက်ပြန်ဆုတ်သွားကာ ကျောက်တုံးပေါ်မှ နင်းမိကာ မြေပြင်ပေါ်သို့ ဖင်ထိုင်ရက် လဲကျသွားသည်။


ဝူရှဲ့ လှည့်ပတ်ကြည့်လိုက်တော့ အရိပ်ရဲ့ မျက်နှာအစစ်ကို တွေ့လိုက်ရသည်။ ၎င်းက ရပ်နေတဲ့ အရိုးစုတစ်ခုပါပဲ။ ကြောက်စရာကောင်းတာက ဒီအရိုးစုဟာ စစ်ယူနီဖောင်းနဲ့ အနက်ရောင် အစင်းကြောင်းတွေရှိ ပုပ်ပွနေတဲ့ လက်နက်ကိုင်ခါးပတ်ကို ဝတ်ဆင်ထားပြီး သံချေးတက်နေတဲ့ သေနတ်တစ်လက်ကို ကိုင်ဆောင်ထားတာကြောင့် ကြောက်စရာကောင်းတဲ့ အရိပ်လို ဖြစ်နေတာပါပဲ။ 


ဝူရှဲလည်း ဦးရေပြားတွေ ထုံကျင်သွားတာကို ခံစားရပြီးတာနဲ့ ချက်ချင်း နောက်ပြန်လှည့်ပြီး ကိုယ့်ဘာသာကိုယ် တွေးကြည့်လိုက်သည်။  


"ဒါ ဒါဘာကောင်လဲ!" 


အဲဒီလူသေတွေဟာ ရေထဲကနေ တကယ်ပဲ ကမ်းပေါ်ကို တွားသွားတက်လာတာ ဖြစ်နိုင်ပါ့မလား။


ဒါပေမဲ့ ဝူရှဲရဲ့ ခံနိုင်ရည်က ဖန်းမာထက်တော့ အများကြီး သာလွန်သေးသည်။ မိုးရွာ​​နေတော့ အဝေးကနေဆို မီးပုံးကြီးပေါ် ချိတ်ထားသလိုပဲ လေထဲမှာ လွင့်နေတဲ့ အရိုးစုရဲ့ ဦးခေါင်းခွံကို မြင်လိုက်ရသည်။ အနီးကပ် ကြည့်ပြီးနောက်မှ အရိုးစုကို အကိုင်းအခက်များဖြင့် တပ်ဆင်ထားကြောင်း ၎င်းနောက်တွင် အကိုင်းအခက်တစ်ခု ရှိနေသည်ကို တွေ့ရှိခဲ့သည်။


ဘာလို့ဒီမှာ သေ​နေတဲ့ကောင်က ရှိနေတာလဲ။ အိုင်အောက်ခြေက ရှာတွေ့ထားတာလား။ ဝူရှဲ အသက်ရှုကြပ်လာပြီး အရိုးစုကို ထပ်မံ အနီးကပ် ကြည့်လိုက်တော့ အဝတ်အစားနဲ့ လက်နက်ကိုင်၊ ခါးပတ်တွေက ရေထဲမှာ အကြာကြီး စိမ်ထားကြောင်း သက်သေပြနေရာ သူ့မှန်းဆချက်တွေက မှန်နေပုံရလေသည်။ 


သို့သော် ဤနေရာတွင် အရိုးစုရပ်နေသည့် ပုံစံကို ကြည့်လိုက်တော့ ထူးဆန်းပြီး မူမမှန်သလို ခံစားလိုက်ရကာ "ဒါက ဘာလဲ" ဟု တိတ်တိတ်လေး ကျိန်ဆဲလိုက်မိသည်။ လူတွေကို ခြောက်ဖို့လား။


ဖန်းမာက အရမ်းထိတ်လန့်သွားပြီ။ နောက်ပြန် ကြည့်လိုက်တော့ သူဘယ်မှာ ရှိနေတယ် ဆိုတာကိုတောင် မမြင်ရတော့အောင် ပျောက်သွားလေပြီ။ ဒါက ဖက်တီးရဲ့ နောက်ပြောင်မှုများလား။


ဝူရှဲ့ ချက်ချင်း ပဲ့ဆီကို အမြန်ပြန်သွားချင်ပေမယ့် သူလည်း ဖန်းမာလိုပဲ ခေါင်းကိုက်နေသေးလို့ တခြားအရိပ်တွေဆီ လျှောက်သွား​ကြည့်တော့ သူတို့ အားလုံးက အရိုးစု ခုနစ်ကောင် ဖြစ်နေတာကို တွေ့ရ၏။ ဖန်းမာသည်တော့ မည်သည့်နေရာတွင်မှ မတွေ့ရတော့ဘဲ ပုန်းအောင်းနေပုံရသည်။


မိုးသည်းစွာ ရွာနေတာကြောင့် ဖန်းမာကို ရှာမတွေ့တဲ့အတွက် အားကွေ့ကို အရင်ရှာပြီး တခြားသူတွေ ရှိတယ်ဆိုတာကို ပြောပြဖို့ စီစဉ်လိုက်သည်။ မျောက်တွေက ဒီလူသေတွေကို ကြောက်နေပုံရ၏။ ဝူရှဲ သူတို့ကို မောင်းမထုတ်ဘဲ ကျောက်တုံးတွေနဲ့ ချည်ထားတဲ့ သေတဲ့လူတွေကို ကျော်ကာ မိုးကာများဆီကို တည့်တည့်လျှောက်သွားလိုက်သည်။


ရွက်ဖျင်တဲများက ခိုင်ခံ့ထားပြီး မိုးသည်းထန်စွာ ရွာနေရာ ဝူရှဲ့ အရှိန်ပြင်းပြင်း ဝင်လာရင်း ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်တော့ အထဲမှာ သူတို့မရှိတာကို တွေ့လိုက်ရသည်။


မိုးတွေ အရမ်းရွာနေတာ​တောင် ရေငုပ်​နေတာလားလို့ တွေးရင်း တိတ်တိတ်လေး ကျိန်ဆဲလိုက်မိသေးသည်။ တစ်ခုခု ဖြစ်သွားတာလား။ သူ ထွက်သွားပြီး နှစ်ပတ်အကြာတွင် ဖက်တီးနဲ့ မျက်နှာသေတို့သည် ကြီးမားသော အောင်မြင်မှုများ ရရှိခဲ့ကြနိုင်သည်။


ရေထဲက ထွက်လာသော အရာများ၏ သတ္တုများ အားလုံးက သံချေးတက်နေပါပြီ။ ရေနွေးအိုးများ၊ ရိုင်ဖယ်သေနတ်များနှင့် ပစ္စတိုများ၊ မှန်ပြောင်းများ၊ ဓားမြှောင်အချို့နှင့် ဓားရှည်များ အားလုံးသည် ထိုအချိန်က လက်နက်နှင့် ကိရိယာများ ဖြစ်ကြသည်ကို မြင်ယောင်ကြည့်နိုင်သည်။ အလွန်အသေးစိတ်ပြီး ကွတ်ကီးသေတ္တာများ အပါအဝင် နေ့စဉ်လိုအပ်သော အသုံးအဆောင်များစွာ ရှိပါသည်။


ဝူရှဲလည်း သူ့မှာ ခုခံကာကွယ်စရာ ဘာမှမရှိဘူးလို့ ထင်တဲ့အတွက် အဲဒီအချိန်က အရမ်းနာမည်ကြီးတဲ့ လှံစွပ်အမျိုးအစား 56 ​သေနတ်လှံစွပ်ကို ကောက်ကိုင်လိုက်သည်။ ထိုအချိန်က လှံစွပ်များသည် အလွန် အသုံးမဝင်တော့သည်မှာ ၁၉၈၀ ပြည့်လွန်နှစ်များ နှောင်းပိုင်းတွင် ဖြစ်ပြီး တစ်ဦးချင်း လက်နက်များ ဖြစ်လို့ အစွမ်းထက်လှသော လှံစွပ်များကို ယေဘုယျအားဖြင့် တောတွင်းစစ်ပွဲများတွင်သာ အသုံးပြုကြ၏။ 


ပစ္စည်းကိုယ်နှိုက်ကြောင့် လှံစွပ်သည် အလွန်အမင်း ဆွေးမြေ့ခြင်း မရှိသေးပေ။ လှံစွပ်မှာ အဆိပ်နိုင်ကြောင်း ကြားသိဖူးသောကြောင့် ဝူရှဲသည် အလွန်သတိထားကာ လက်ဖြင့် ကိုင်ထားသည်။ ထို့​နောက် ဘာလုပ်ရမလဲ စဉ်းစားနေသည်။ ​​အဓိက အကြောင်းရင်းကတော့ မိုးသည်းထန်စွာ ရွာနေတာကြောင့် အော်သံတွေ မကြားနိုင်သလို ရှင်းရှင်းလင်းလင်းလည်း မမြင်ရချေ။ 


သူက ပစ်မှတ် ကြီးလွန်းတယ်လို့ ထင်ရသည်။ ဒါကြောင့် ဖန်းမာအတိုင်း မိုးရေထဲ အပြေးအလွှားသွားပြီး အားကွေ့ နဲ့ တခြားသူတွေ ရှိမရှိကြည့်ဖို့ ရေကန်ဆီ ပြေးသွားလိုက်သည်။ အကြိမ်အနည်းငယ် အပြန်ပြန်အလှန်လှန် သွားလာပြီးနောက် ကမ်းခြေပေါ်ရှိ ဖောင်တစ်စင်းကို ကမ်းစပ်ဆီသို့ ဆွဲငင်လာတဲ့ လူတစ်ယောက်ကို ရုတ်တရက် တွေ့လိုက်ရသည်။


ဝူရှဲ ပြေးကြည့်လိုက်တော့ အဲဒီလူက အားကွေ့ ဖြစ်နေသည်။ သူက ဖောင်ကို ကမ်းစပ်သို့ တစ်ယောက်တည်း ဆွဲတင်လာရင်း ဝူရှဲကို မြင်တော့ ခဏလောက် အေးခဲသွားပြီး သူ့မျက်နှာက ကြောက်စရာ ကောင်းလောက်အောင် ဖြူဖျော့သွားသည်။ ဝူရှဲ့ ချက်ချင်း မေးလိုက်သည်။ 


"ဘာလို့ တစ်ယောက်တည်း ရှိနေတာလဲ သူတို့ ဘယ်မှာလဲ" 


အားကွေ့သည် ရေကန်ထဲတွင် ကွက်တိကွက်လပ် ရပ်နေ၏။ သူ့အမူအရာ အနည်းငယ် မှိုင်းတိုက်ထားသလိုနှင့် ဝူရှဲ့ကိုသာ စိုက်ကြည့်နေသည်။ ဝူရှဲ့ ဒုတိယအကြိမ် ထပ်မေးသော်လည်း သူက ပြန်မဖြေ။


ဝူရှဲ အဲဒီဖောင်တွေကို ကြည့်လိုက်တော့ အားကွေ့က ရေကန်နား ပြန်ရောက်နေပြီလို့ ဆိုလိုသည်။ ဒီလူတွေက တကယ်ကို ရူးနေကြတာပဲ။ မိုးသည်းနေတာတောင် ရေငုပ်နေကြတုန်း။ သို့သော် ချက်ချင်းပဲ တစ်ခုခုမှားနေပြီဆိုတာ ရုတ်တရက် သဘောပေါက်သွားသည်။ 


အားကွေ့က ဖောင်ကို ဘာလို့ပြန်ဆွဲလာတာလဲ။ ရေကန်မှာ သူတို့ကို စောင့်သင့်တယ်၊ မဟုတ်ရင် မိုးသည်းစွာရွာရင် ရေကူးတာက အရမ်းအန္တရာယ် များလိမ့်မယ်လေ။ ရေက အရမ်းတက်လာတယ်လို့ မပြောဘဲနဲ့ အားကွေ့ရဲ့ အမူအရာကလည်း အရမ်း ထူးဆန်းနေသည်။ 


အားကွေ့နား ချဉ်းကပ်ပြီး မေးခွန်းတွေ ပိုမေးချင်လာလေလေ အားကွေ့ရဲ့ အမူအရာက လွန်စွာ မှိုင်းကနဲ ဖြစ်သွားတာကို သူ ခံစားရပြီး စိတ်အနှောက်အယှက် ဖြစ်သွားလေလေပါပဲ။ ဒါနဲ့ သူ့ပါးကို တစ်ချက်ထိုးလိုက်ပြီး အော်မေးလိုက်သည်။ 


"ဘာဖြစ်ကုန်တာလဲ!!"


ထိုအခါ အားကွေ့လည်း ရုတ်တရက် မျက်ရည်တွေ ကျလာကာ ဆို၏။ 


"သူတို့...သူတို့ အားလုံးသေသွားပြီ!"