(4) အဖြစ်အပျက်များ
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 6) 

Author -南派三叔 (nan pai san shu)

translater - Hninthawethadar



Chapter (4)

အဖြစ်အပျက်များ



နောက်ဆုံးတော့ မီးက ငြိမ်းသွားပါပြီ။ အားကွေ့ ပြောတာက ရာသီဥတုက ပူလွန်းလို့ဟုပင်။ ဘယ်လိုဖြစ်မှန်းတောင် အတိအကျ မသိပေမယ့် နွေရာသီရောက်တိုင်း မီးလောင်တာက ဖြစ်လေ့ဖြစ်ထိ ရှိလေသည်။ ကံကောင်းထောက်မစွာနဲ့ စွန့်ပစ်ထားတဲ့ အိမ်က ရွာနဲ့ အနည်းငယ် လှမ်းနေကာ ၎င်း မီးလောင်သွားတဲ့အတွက် ရွာဘက်က ပျက်စီးမှုလည်း သိပ်မရှိခဲ့ပါဘူး။


ဝူရှဲ့ကတော့ စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ သူ့အတွက်ကတော့ ဆုံးရှုံးမှုက ကြီးမားနေပြီ။ ဒီလိုနည်းနဲ့ အစ်ကိုချူပြောခဲ့တဲ့ သဲလွန်စတွေအားလုံး ပျောက်ကွယ်သွားလိမ့်မယ်လေ။ ယခု တစ်ခုတည်းသော နည်းလမ်းမှာ အစ်ကိုချူးအား အတင်းအကျပ် ပြော​ပြလာရန် နည်းလမ်းရှာရန်မှာပင်။ ဒါက လွယ်ကူသော အလုပ်မဟုတ်သည့်အပြင် အကျပ်ကိုင်ခြင်းကိုပါ အသုံးပြုရမည် ဖြစ်သည်။ သို့သော် အစ်ကိုချူကလည်း မပြောလာပါက မိမိမှာ အလွန်အမင်း စိတ်ဓာတ်ကျရလိမ့်မည်။


ဖက်တီးနှင့် စကားပြောပြီးနောက် သူတို့မှာ အချိန်တွေ အများကြီး မရှိကြောင်း သုံးသပ်လိုက်သည်။ လမ်း​ပြ​​ဟောင်းကို တွေ့ရှိပြီးနောက် ဘာသဲလွန်စမှ မရခဲ့လျှင် ဤနေရာတွင် နေရန် အကြောင်းအရင်း မရှိသောကြောင့် ချောင်ရှားသို့ ပြန်သွားရပေမည်။ မဟုတ်ပါက သိုးခြေထောက်တောင်ကိုပဲ ပြောင်းပြန်လှန်ကာ နောက်တစ်ကြိမ် ဖြိုခွဲပစ်ရပေမည်။


အခုတော့ ဖက်တီးလည်း အားကိုးရာမဲ့ ဖြစ်နေပြီ။ သူသည် လက်လျှော့ဖို့ နည်းနည်းလေး တွန့်ဆုတ်နေပေမယ့် ဒီတစ်ခါ ခရီးထွက်လာတော့ သူတို့ဆီနဲ့အတူ ဘာကိရိယာမှ မယူလာခဲ့မိပေ။ သိုးခြေထောက်တောင်ကို သွားတာကလည်း လက်တွေ့မကျပါဘူး။ ဒါပေမဲ့ ဖက်တီးက မပြန်ခင် တောင်ပေါ်ကို သွားကြည့်ဖို့ အခိုင်အမာ ပြောနေတော့ နောက်ဆုံးမှာ ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်သည်။


အဲဒီကတည်းက ဝူရှဲ့မှာ စိတ်မသက်မသာ ဖြစ်နေသည်။ သူသည် လမ်း​ပြဟောင်းမှာလည်း တစ်ခုခု မှား​နေလိမ့်မယ်လို့ ခံစားနေရ၏။ ဒါကြောင့် သူ့စိတ်ထဲ အဆိုးဆုံးအတွက် ကြိုတင်ပြင်ဆင်ထားချင်သည်။ ဒါမှ သူထင်ထားတာတွေ ဖြစ်မလာတဲ့အခါ ပိုကောင်းလာလိမ့်မယ် မဟုတ်ပါလား။ 


မမျှော်လင့်ဘဲ အားကွေ့ ပြန်ရောက်သောအခါတွင် လမ်းပြဟောင်းဘက်က အဆင်သင့် ဖြစ်နေပြီဟု ဆိုလာသည်။ သူက ထိုလူနဲ့ ချိန်းဆိုထားပြီး မနက်ဖြန်တွင် မုဆိုးအိမ်သို့ သွားနိုင်ကြောင်း ပြော​လေသည်။ ထိုအဘိုးအိုသည် ထူးဆန်းသော ဒေါသအနည်းငယ်ရှိ၍ မုဆိုးအား သူတို့ဟာ အစိုးရဘက်မှ ဆင်းသက်လာသည်ဟု ပြောထားကြောင်း၊ အဘိုးအိုက ထိုစဉ်က သူတို့၏ လျှို့ဝှက်ချက်များကို ထုတ်ဖော်မပြောရန် တောင်းပန်လေ၏။


ဖက်တီးသည် တစ်ချက်ကြည့်ရုံဖြင့် သူသည် အစိုးရအရာရှိ မဟုတ်ကြောင်း မြင်နိုင်သောကြောင့် အချို့သော ဆွေးနွေးပြီးနောက် မသွားရန်သာ အကြံပေးခဲ့သည်။ ဖက်တီးကလည်း “သံဘူးသီး” ကို အရည်ဖျော်နိုင်မလား ဆိုတာ သိဖို့ ဓာတ်မြေသြဇာဆိုင်ကို သွားပြီးတော့ ဆာလဖြူရစ် ရှာမည်ဟု ဆို၏။ ပြီးတော့ မီးလောင်ထားတဲ့ အပျက်အစီးတွေကို တူးပြီး တစ်ခုခု ရနိုင်မလား ကြည့်ဦးမည်ဟု ပြောသည်။ 


သီးခြား လုပ်ဆောင်လိုက်တာက ကောင်းမယ်ထင်ပါရဲ့။ ဒါပေမဲ့ ဆာလဖျူရစ် အက်ဆစ်ကို ပြန်လည်ရရှိပြီးနောက် တစ်ယောက်တည်း ရူးသွပ်စွာ မလုပ်ဆောင်မိဖို့ ဝူရှဲ့မှာ သတိပေးထားရသေးသည်။ ဖက်တီးက သူသည် ကလေး မဟုတ်ကြောင်း၊ လက်လွှတ်စပယ် မလုပ်ကြောင်း စိတ်နှလုံးအကြွင်းမဲ့ သဘောတူခဲ့သည်။


ဆွေးနွေးမှု ပြီးသွားသောအခါတွင် သူတို့သည် အတွေးအမြင် တစ်ခုစီဖြင့် အိပ်ရာဝင်ကာ တစ်ညတာကို တိတ်ဆိတ်စွာ ကုန်ဆုံးခဲ့ကြသည်။ နောက်နေ့ မနက်မိုးလင်းတော့ အားကွေ့က ဝူရှဲ့နဲ့ မျက်နှာသေကို မုဆိုးဟောင်းကိုရှာဖို့ ခေါ်သွားခဲ့ပြီး ဖက်တီးကတော့ ဓာတ်မြေသြဇာဆိုင်ကို တည့်တည့်သွားခဲ့သည်။


ဘာမှဖြစ်မလာဘူးလို့ ထင်မိပေမယ့် သူတို့ရောက်တဲ့ အခါမှာတော့ အဘိုးအိုက မနေ့ညကတည့းက တောင်ပေါ်တက်သွားတာ ပြန်မလာသေးဘူးလို့ ပြောပြီး အိမ်ရှင်က ထွက်သွားခိုင်းလေ၏။ 


မုဆိုးတွေက အမဲလိုက်တာဟာ တောတောင်တွေ တစ်လျှောက် လမ်းလျှောက်တာပဲ ​ဖြစ်သည်။ လိုက်ရှာနေလည်း သဲလွန်စ မရှိနိုင်ပေ။ ဝူရှဲ့လည်း ချိန်းချက်ပြီးတာတောင် သူဘာလို့ တောင်ပေါ်ကို ရောက်သွားရတာလဲလို့ မေးလိုက်သည်။ အဘိုးကြီးရဲ့သားက အနည်းငယ် ရှက်သွားပြီး အဘိုးအိုသည် လွန်ခဲ့သည့် နှစ်နှစ်ခန့်ကစပြီး မကြာခဏဆိုသလို နှုတ်ဆက်ခြင်းမပြုဘဲ တောင်ပေါ်သို့ ရုတ်တရက် တက်သွားတတ်ကြောင်း ပြောပြ၏။ 


အဘိုး​ကြီး ဘာကြောင့် အဲဒီမှာရှိနေတာလဲ မသိပေ။ ထိုလူ​ကြီးက ဘယ်သူပြောတာကိုမှ နားမထောင်တတ်ဘူး။ နောက်နေ့က ဘယ်လောက် အရေးကြီးနေပါစေ သူပြောတဲ့အတိုင်း သွားလိုက်သူပင်။ သေနတ်က နံရံမှာ ချိတ်ထားတုန်းပဲမို့ သေချာပေါက် အမဲလိုက်သွားတာ မဟုတ်လေရာ မကြာခင် ပြန်လာနိုင်သည်။ 


ဝူရှဲ့လည်း ဘာမှ မလုပ်နိုင်ဘူးလို့ စောင့်ရုံပဲ ရှိတော့တယ်လို့ တွေးလိုက်သည်။ ဝူရှဲ့ သူ့အိမ်မှာထိုင်ပြီးတာနဲ့ တံခါးဝကနေ နောက်တစ်ယောက်ဝင်လာပြီး မေးလာသည်။ 


“ဦးလေးဖန်းမာ ရှိလား” 


ဦးလေးဖန်းမာသည် ဤနေရာရှိ လမ်းပြဟောင်း ဖြစ်လေသည်။ ဝူရှဲ့ အံ့သြသွား၏။ အကြောင်းမှာ ဦးလေးဖန်းမာကို သူတို့တင်ရှာနေတာ မဟုတ်ဘဲ တခြားလူတွေကလည်း သူ့ကို ရှာဖွေနေပုံရသည်မှာ အံ့သြစရာပင်။ အသံကို ကြားရသလောက်ဆို ပေကျင်း လေယူလေသိမ်းမျိုးပင်။ 


အပြင်ကို ကြည့်လိုက်တော့ ခပ်တိုတို အရပ်အမောင်းနဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရသည်။ သူ့မျက်နှာကို မြင်လိုက်တာနဲ့ ထူးဆန်းနေသလို ခံစားလိုက်ရ၏။ သူ့မှာ ဦးခေါင်းနဲ့ နားရွက်တွေ ရှိပါလျက်နဲ့ ရုပ်ပိုင်းဆိုင်ရာ အလုပ်တွေ ပြင်းပြင်းထန်ထန် လုပ်ထားရတဲ့ ပုံစံမျိုး ဖြစ်သည်။ 


ဦးလေးဖန်းမာအိမ်က လူငယ်က ချက်ချင်း ပြေးထွက်လာသည်။ အားကွေ့လည်း ဝူရှဲ့တို့ဘက် လှည့်ပြောပြ၏။ 


"ဒါက ဖန်းမာရဲ့ အဝေးကလာတဲ့ တူလေးတဲ့... သူက သူဌေးတစ်ယောက်လို့တော့ ငါကြားတယ်"


သူ့လေယူလေသိမ်းက ပေကျင်းက ဖြစ်ပြီး သန့်သန့်ပြန့်ပြန့်ပင်။ အားကွေ့ဆီက စကားကို ကြားလိုက်ရတော့ ဝူရှဲ့မှာ ဒီဆွေတော်မျိုးတော်ကလည်း တော်တော်ဝေးတာပဲလို့ တွေးမိလေသည်။ လူလတ်ပိုင်းအရွယ် အမျိုးသားသည် ဤနေရာနှင့် ရင်းနှီးနေပုံရပြီး မဆိုင်းမတွပင် ခြံဝင်းထဲသို့ ဝင်သွားလေသည်။ ဖန်းမာရဲ့သားကို စီးကရက်တစ်လိပ် ပေးလိုက်ရင်း ဝူရှဲ့တို့ကို တွေ့သွား၏။ 


"ဧည့်သည် ရောက်နေတာလား?" 


ဖန်းမာရဲ့သားကလည်း ပေကျင်း လေယူလေသိမ်းနဲ့ ပြောသည်။ 


"ဟုတ်တယ် သူတို့လည်း ငါ့အဖေနဲ့ တွေ့ဖို့ လာတာ ဒီနှစ်ယောက်က အစိုးရဘက်က..."


လူလတ်ပိုင်းအရွယ် အမျိုးသားက ဒါကို စိတ်ဝင်စားပုံ မပေါ်တာကြောင့် ချက်ချင်း ပြတ်တောက်ပြီး သူသိချင်တာကိုပဲ မေးလိုက်သည်။ 


“အဖေကြီး ဘယ်မှာလဲ” 


ဖန်းမာသားသည် ရှက်ရွံ့သွားပုံဖြင့် ဖခင်ဖြစ်သူ မည်သည့်နေရာတွင် ရှိနေကြောင်းကို ထပ်မံပြောပြသည်။ လူလတ်ပိုင်းအရွယ် အမျိုးသားက သူ့လျှာကို ကိုက်ပြီး ခေါင်းညိတ်ပြလေ၏။ 


"မင်းအဖေက ဘာကိုဆိုလိုတာလဲ... ငါလာတိုင်း သူဒီမှာ မရှိတော့ဘူး အမြဲတမ်း လျှောက်သွားနေတယ်... ငါ သူဌေးကို ဘာပြောရ​တော့မလဲ မင်းအဖေက ပိုက်ဆံမရှိလို့ တခြားဖောက်သည်တစ်ယောက်ကို ရှာပြီး လှည့်စားချင်နေတာ ဖြစ်နိုင်​လောက်လား"


ဖန်းမာသားက မဟုတ်ဘူးလို့ မြန်မြန် ပြောရင်း ဝူရှဲ့တို့ အစိုးရထဲက လူတွေလည်း သူ့အဖေကို တကယ်ရှာနေတာ ဖြစ်ကြောင်း ပြောပါသည်။ လူလတ်ပိုင်းအရွယ် အမျိုးသားက ဝူရှဲ့တို့ကို တစ်ချက်ကြည့်ပြီး သံသယရှိတဲ့ အကြည့်နဲ့ လျှောက်လာခဲ့၏။ 


"မင်းက ဘယ်ဘက်ပိုင်းလဲ.... ဒီမြို့ကလူတိုင်းနဲ့ ငါရင်းနှီးတယ် ငါ ဘာလို့ မင်းတို့ကို မတွေ့ဖူးတာလဲ"


ဒီမေးခွန်းက နည်းနည်းတော့ ရိုင်းစိုင်းသည်။ သို့သော် ဝူရှဲ့ သူ့ကို မော့ကြည့်ရင်းပဲ ဖြေလိုက်သည်။


"ငါတို့က ပြည်နယ်ဘက်က... ဦးလေးဖန်းမာကို အင်တာဗျူးလေး နည်းနည်း လာမေးတာ"


“ပြည်နယ်ဘက်ကလား” 


သူက သံသယနဲ့ လှမ်းကြည့်ရင်း ဝူရှဲ့တို့က အစိုးရဌာနက ဖြစ်ပုံရတာကို မြင်တော့ သူက ခပ်တိုးတိုး ရေရွတ်ပြီး ဖန်းမာသားဘက်ကို လှည့်ပြီး ပြောလိုက်သည်။ 


“ကောင်းပြီ ဒါဆို မင်းအဖေကို စည်းရုံးလို့ရပြီ... တောင်းတဲ့ဈေးက မနည်းပါဘူး ဘာပဲဖြစ်ဖြစ် မင်းတို့ အသက်ရှင်ရှင် သေသေ အဲဒီပစ္စည်းကို သိမ်းထားလို့ ဘာအကျိုးရှိမှာလဲ... ခေါင်းမာမနေပါနဲ့ အဲဒါက သေချာပေါက် စျေးကောင်းရမယ့်ကိန်းကြီး... အဘိုးကြီးလည်း ပိုက်ဆံနည်းနည်းနဲ့ နှစ်အနည်းငယ်​လောက် ​ပျော်ရွှင်မှုကို ခံစားနိုင်မှာပါ..." 


ဖန်းမာသားက ခေါင်းညိတ်သည်။


လူလတ်ပိုင်းအရွယ်က “မင်းမှာ ဧည့်သည်တွေ ရှိနေတော့ ငါလာရှုပ်နေတာက အဆင်မပြေဘူး... သွားတော့မယ် ဒီကိစ္စပြီးရင် ငါမင်းတို့ကို ရှုခင်းထွက်ကြည့်ဖို့ လာခေါ်လိုက်မယ် အဆာပြေ များများစားပြီး ညနေ သောက်ဖို့ လာခဲ့နော်..."


အဲဒီလိုပြောပြီးရင် နောက်ပြန် လှည့်မကြည့်ဘဲ ခြံထဲကနေ ထွက်သွားတော့ ဝူရှဲ့လည်း စိတ်ရှုပ်စွာနဲ့ “သူ့သားက ဘယ်သူလဲနဲ့ ဘာလုပ်ချင်တာလဲ” ဟု တွေးလိုက်မိသည်။


ဖန်းမာသားသည်လည်း ထိုလူ အဝေးသို့ လျှောက်သွားသည်ကို မြင်သောအခါ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။ ဤလူသည် ဖခင်၏တူနှင့် ဝမ်းကွဲတော်စပ်သူဖြစ်သည် ဟု ဆိုကာ ၎င်းတို့နှင့် ဝေးကွာသော ဆွေမျိုးများ ဖြစ်သည်ဟု ဆိုခဲ့သည်။ ထိုလူဟာ ပေကျင်းမှာ နေထိုင်ပြီး အချင်းချင်း မဆက်ဆံတာလည်း ကြာပါပြီ။ မကြာသေးမီက ဒီလူသည် ဘယ်သူဌေးနဲ့ တွဲလုပ်နေလဲ မသိပေမယ့် ရှေးဟောင်းပစ္စည်းတွေ စုဆောင်းဖို့ ကွမ်ရှီးကိုလာပြီး နေရာတိုင်းက လူတွေကို မိတ်ဆက်ပေးခိုင်းနေ၏။ 


ဝူရှဲ့ မေးကြည့်လိုက်သည်။ 


"သူပြောတာကို နားထောင်ကြည့်ရသလောက်ဆို မင်းမိသားစုက တစ်ခုခုကို စိတ်ကူးယဉ်ထားပြီး ယူသွားချင်နေတာ ဖြစ်မယ် မင်းမိသားစုမှာ ဘိုးဘွားရတနာတွေများ ရှိလို့လား"