(59) ဆက်လက် စောင့်ဆိုင်းခြင်း
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5) 

Author -南派三叔 (nan pai san shu)

translater - Hninthawethadar



Chapter (59)

ဆက်လက် စောင့်ဆိုင်းခြင်း



ဝူရှဲ့တို့ အဲဒီမှာ ဘာမှမလုပ်ဘဲ သုံးရက်လောက် စောင့်နေခဲ့ရသည်။ လွန်ခဲ့သည့် သုံးရက်အတွင်း ဝူရှဲ့ သတိပြုမိသည့် တစ်ခုတည်းသော အချက်မှာ ၎င်းတို့ပျောက်ကွယ်သွားသော အပေါက်သာ ဖြစ်သည်။ ဘယ်လောက်ကြာကြာ စိုးရိမ်ပူပန်ခဲ့ရလဲ ဆိုတာ တကယ် စိုးရိမ်နေတဲ့ လူတွေကပဲ နားလည်နိုင်မယ် ထင်ပါရဲ့။ 


အဲဒီကာလမှာ ဝူရှဲ့ ဂူ​ပေါက်ထဲကို တစ်ကြိမ်ထပ်ပို​ပြီး ဝင်ဖို့ ကြိုးစားခဲ့ပေမယ့် အကြိမ်တိုင်း ရှုံးနိမ့်ခဲ့ရသည်။ ဝူရှဲ့ တက်နိုင်တဲ့ အမြင့်ဆုံးက ဆယ်မီတာလောက်ပဲ ရှိကာ သူတို့ တက်သွားနိုင်တဲ့ လမ်းကြောင်းကို မရောက်နိုင်ပေ။ 


ဒီလူအုပ်စုထဲမှာ ဦးလေးသုံးရဲ့ အုပ်စုထဲက နက်နက်နဲနဲ ဝင်သွားနိုင်တဲ့ တစ်ဦးတည်းသော သူကတော့ ဟေးရန်ကျင်း တစ်ယောက်ပဲ ရှိသည်။ ဟေးရန်ကျင်း ဝင်သွားရင်တောင် ထွက်လာဖို့က မသေချာပေ။ စခန်းအတွင်းရှိ လေထုသည် အုံ့မှိုင်းနေပြီး အပြင်ထွက်ဖို့ ပြင်ဆင်ရန်နဲ့ ထိုလူနှစ်ဦးသေသွားနိုင်ကြောင်း ထော့ပါမှ ကြိမ်ဖန်များစွာ တွန်းအားပေး ပြောလာခဲ့သည်။ 


ဝူရှဲ့ကတော့ ဒီနေရာကို ရောက်ဖို့ ခက်ခက်ခဲခဲ လုပ်ထားရတာကြောင့် ခေါင်းငုံ့ပြီး အဲဒီစကားလုံးတွေကို မကြားချင်ယောင် ဆောင်နေလိုက်သည်။ ဒီမှာဘာတွေ ဖြစ်နေပြီလဲ ဆိုတာကို တွေးကြည့်ရင်း ဝူရှဲ့ခမျာ လက်မခံနိုင်​သေးချေ။ 


ဝမ်းကျင်က ကြိုးကို ဖြည်ချသွားခဲ့သည်။ သူမသည် မထွက်ခင်က လှည့်​ပြုံး​ပြခဲ့​သော အပြုံးကို တွေးပြီး အထဲမှာ ကြုံရမယ့် အရာတွေကို သူမ သိထားသည် သိုမဟုတ် ဖြစ်ပျက်လာမည့် အခြေအနေကို သူမ ကြိုသိနေတာ ဖြစ်နေလိမ့်မည်ဟု တွေးမိလာသည်။ 


ဝမ်းကျင်၏ စကားများသည် လွန်ခဲ့သော နှစ်အနည်းငယ်က သူမဘဝသည် ရိုးရှင်းသော စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်လောက်အောင်ပင် ဖြစ်ခဲ့ကြောင်း၊ သူမ၏ အလောင်းအသွင်ပြောင်းခြင်းကို ဖြေရှင်းရန် နည်းလမ်း မရှိကြောင်း သူမ တွေ့ရှိခဲ့ပေလိမ့်မည်။ သူမဘဝက်ု အဆုံးသတ်ရန် ရွေးချယ်ခဲ့သည်။ ဒါပေမဲ့ မျက်နှာသေကရော။ သူဘာလို့ ထွက်မလာတာလဲ ဆိုတာတော့ ဝူရှဲ့မှာ သေချာ မသိရပေ။ 


အဲဒါက ဘာဖြစ်နိုင်မလဲ။ စဉ်းစားစရာ လမ်းကြောင်းမရှိ၊ သူတို့ ပျောက်ဆုံးသွားသလား အသက်ရှင်သေးရဲ့လား မသိရချေ။ အထဲမှာ ဥမင်လိုဏ်ခေါင်းတွေက အကွေ့အကောက်တွေ ဖြစ်ပြီး အဆုံးမဲ့ဝင်္ကပါတွေမလို့ ပေါက်ထွက်တွေ မရှိနိုင်ပေမယ့် ဝမ်းကျင်က ဘာကြောင့် ကြိုးကို ဖြည်ချင်ခဲ့တာလဲ ဆိုတာ ရှင်းပြလို့ မရ။ 


ဝူရှဲ့ အနားယူနေချိန်မှာတောင် မျက်လုံးတွေ မှိတ်ထားရင်း တွင်းနက်ကြီး တစ်ခုကို စိတ်ထဲမှာ တွေးကာကြည့်ရင်း အရမ်းစိုးရိမ်နေမိသည်။ နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့တာတွေကို တကယ်မဖော်ပြချင်ပါဘူး။


လေးရက်မြောက်နေ့မှစပြီး ထော့ပါက မရပ်မနား ညည်းညူနေသည်။ ဝူရှဲ့ သူတို့နဲ့ အကြိမ်ကြိမ် တိုက်ချင်ပေမယ့် ဂူထဲမှာက လှုပ်မရှားသေးဘူး။ ဖက်တီးတောင် သူတို့နှစ်ယောက် အသက်ရှင်နေသေးရဲ့လားလို့ သံသယ ဖြစ်မိလာသည်။ 


ဝူရှဲ့လည်း မကျေမနပ်နဲ့ စိုးရိမ်မှုတွေက ပိုပိုပြီး ပြင်းထန်လာပြီး သူတို့ပြောတာတွေက မှန်ကောင်း မှန်နိုင်တယ် ဆိုတာကို စိတ်ထဲမှာ ဝန်ခံလိုက်ပေမယ့် လက်တွေ့မှာတော့ သူတို့နဲ့ ငြင်းခုံဖို့ လုပ်နေတုန်းပါပဲ။ 


ခြောက်ရက်မြောက်သော နေ့တွင် ထော့ပါသည် နောက်ဆုံးတော့ လူများကို ခေါ်ဆောင်သွားလေသည်။ သူတို့အမြင်မှာတော့ မျက်နှာသေနဲ့ ဝမ်းကျင်တို့က မသေခဲ့လျှင်ပင် ၎င်းတို့သည် ရက်အနည်းငယ်အတွင်း သေဆုံးသွားကြမည် ဖြစ်သည်။ မူလက ၎င်းတို့ကို ကယ်ထုတ်ရန် ဝူရှဲ့တို့၏ အတွေ့အကြုံကို အားကိုးရန် မျှော်လင့်ခဲ့သော်လည်း ယခုအခါ ဤအခြေအနေတွင် အချိန် ဖြုန်းတီးရန် ဆန္ဒမရှိသည်မှာ ထင်ရှားပါသည်။ 


ဟေးရန်ကျင်းက ဝူရှဲ့ပုခုံးကို ဆုပ်ကိုင်လာပြီး သူနဲ့အတူ ထွက်သွားဖို့ ပြောသော်လည်း ဝူရှဲ့ ငြင်းဆန်လိုက်ရာ သူလည်း လှည့်ထွက်သွားခဲ့သည်။ သူတို့က အစားအစာ ပမာဏကို များများ ယူချသွားသည်။ ၎င်းက ပျမ်းမျှထက် ပိုတယ်လို့ သိထားပေမယ့် ဝူရှဲ့ ဂရုမစိုက်ပေ။ သို့နှင့် ဝူရှဲ့နဲ့ ဖက်တီးသာ ကျန်ခဲ့သည်။ 


ဖက်တီးကလည်း ဝူရှဲ့ကို ဆွဲဆောင်ဖို့ ကြိုးစားပေမယ့် ဝူရှဲ့ရဲ့ ဒေါသကိုလည်း သူသိပါသည်။ ဝူရှဲ့အခုဆို အများကြီး ဖြတ်သန်းခဲ့ဖူးပြီးပြီ။ သူ ဒီကို ရောက်တဲ့အခါ ပြီးပြည့်စုံတဲ့ အဆုံးမရှိရင်တောင် မပြည့်စုံတဲ့ ဇာတ်သိမ်း ဖြစ်သင့်တယ်လို့ ထင်သည်။ ရုတ်ခြည်း အဆုံးသတ်သွားတာမျိုးက ဝူရှဲ့ လုံးဝ လက်မခံနိုင်ပေ။ 


ဖက်တီးမှာလည်း ဝူရှဲ့နဲ့အတူ ရပ်​နေဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ချေ။ ဝူရှဲ့တို့နှစ်ယောက်လည်း တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း "နတ်ဘုရားကို စောင့်ဆိုင်းခြင်း" ဆိုတဲ့ အဓိပ္ပာယ်မဲ့ ပြဇာတ်တစ်ခုကို ရုတ်တရက် သတိရသွားပြီး ငိုချင်လာမိသည်။ အဲဒီ အဓိပ္ပာယ်မဲ့ ကစားကွက်က အခုအခြေအနေမှာလည်း ကြေကွဲစရာ ဖြစ်နေတုန်းပါပဲ။


ဒီလိုနေ့မျိုးက ရက်ပေါင်းတော်တော် ကြာသွားကာ အတိအကျတောင် မမှတ်မိတော့ပေ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့မှာ အစာခြောက်တွေ အများကြီး မရှိပေမယ့် အဲဒီတုန်းက ကုန်အောင်တော့ မစားနိုင်ခဲ့ပါဘူး။ 


ထော့ပါတို့ ထွက်သွားပြီးတာနဲ့ ဝူရှဲ့လည်း မျှော်လင့်ချက် မဲ့နေပြီဖြစ်သည်။ သူ့ကိုယ်သူ ဘာလုပ်နေမိမှန်းတောင် မသိတော့ပေ။ ဒီနေရာကို နေ့တိုင်း တတ်နိုင်သမျှ တွေးကြည့်ရင်း သူလုပ်နေတာက ဂူဝင်ပေါက်ကို စေ့စေ့ကြည့်နေတာပါပဲ။ ဖက်တီးရဲ့ အဆိုအရ ဒါဟာ အရူးတစ်ယောက်ရဲ့ အပြုအမူပါပဲ။


ထိုနေ့တွင် ဝူရှဲ့ အိပ်ရာက မှင်တက်စွာ လန့်နိုးလာသည်။ သူ့ခမျာ ဖက်တီးကို နှိုးချင်သော်လည်း ဖက်တီးက အိပ်ပျော်​နေပြီး ဟောက်တောင် ဟောက်နေပြီ။ လွန်ခဲ့သည့် ရက်အနည်းငယ်က သူတို့သည် ကောင်းစွာ အိပ်ပျော်ခဲ့ပြီး ခန္ဓာကိုယ်ပေါ်က ဒဏ်ရာများပင် ပျောက်ကင်းသွား​ပြီ။


ဝူရှဲ့လည်း သူ့ကို နှိုးဖို့ မစဥ်းစားတော့ချေ။ တွင်းအောက်ခြေကို လှမ်းကြည့်လိုက်ပြီး ဂူအပေါက်ကိုလည်း အကြိမ်ပေါင်း မရေမတွက်နိုင်အောင် မျှော်​​ကြည့်နေပေမယ့် ဆယ်မိနစ်ကျော်လောက် ဗြောင်ကျကျ စိုက်ကြည့်နေပြီးမှ မနက်စာစားဖို့ ထွက်သွားခဲ့သည်။ ဖက်တီးနဲ့သူ့​မှာ အစာခြောက် နည်းနည်းပဲ ကျန်တော့သည်။ ပိုးအိတ်ထဲ တူးပြီး မနေ့ကစားခဲ့တဲ့ ဘီစကွတ်တစ်ဝက် ဖြတ်ထားတာကို တွေ့ပြီး စားလိုက်သည်။ စားနေရင်း အိပ်တစ်ဝက် နိုးတစ်ဝက်ဖြစ်နေစဉ် သီချင်းဆိုသံ ဒါမှမဟုတ် စကားပြောသံလို ထူးဆန်းတဲ့အသံ တစ်ခုလိုလို ကြားလိုက်ရသည်။ 


သူ့စိတ်ထဲမှာ စကားပြောနေတဲ့ လူက ဖက်တီးကြီးလို့ ထင်ခဲ့တာဆိုတော့ လုံးဝ ဂရုမစိုက်ဘဲ ဘီစကွတ်တွေကို ပါးစပ်ထဲ နည်းနည်းထည့်ပြီးမှ နှိုးလိုက်ချင်ခဲ့သည်။ အဲဒီအခိုက်အတန့်မှာ သူသည် ပိန်ပိန်ပါးပါး လူတစ်ယောက် လဲနေတာကို တွေ့လိုက်ရလေ၏။ 


ဝူရှဲ့ အိပ်ရာထဲကနေ ဝရုန်းသုန်းကားဖြင့် ထလိုက်ပြီး အနီးကပ် ကြည့်လိုက်တော့ ဒါဟာ တကယ်ကို မျက်နှာသေပဲဆိုတာ တွေ့လိုက်ရသည်။ သူ သိသိသာသာ ကိုယ်အလေးချိန် ကျသွားပြီး လုံးဝ မလှုပ်ရှားဘဲ ပုံလျက်သား လဲကျနေသည်။


သူ ဘယ်တုန်းက ပြန်လာတာလဲ။ သူတို့အိပ်နေတုန်းရလား?


ပထမတော့ ဝူရှဲ့လည်း သူ အိပ်မက်မက်နေတယ်လို့ ထင်ခဲ့ပေမယ့် နောက်တော့ တကယ်ကြီး လူ​ဖြစ်နေတာ တွေ့လိုက်ရလေသည်။ ဝူရှဲ့ခမျာ ရူးလုမတတ် ပြေးသွားကာ သူ့အင်္ကျီကို ဆွဲကိုင်လိုက်ပြီး အော်မေးလိုက်သည်။ 


"လူယုတ်မာ... ခင်ဗျား ဘယ်ရောက်နေတာလဲ" 


ဝူရှဲ့မှာ သူ့ကိုဆောင့်ဆွဲခေါ်သွားပြီး ရိုက်ပုတ် ကိုက်သတ်ချင်ပေမယ့် သူ့မျက်နှာကို မြင်လိုက်တာနဲ့ ရုတ်တရက် တစ်ခုခုမှားနေပြီ ဆိုတာ သိလိုက်ရသည်။ သူ့အမူအရာသည် အလွန်ထူးဆန်း​နေကာ တွေ့နေပျ ပုံမှန်အသွင်အပြင်နှင့် လုံးဝ ခြားနားသည်။ သူ့မျက်လုံးများက ထိုငိးမှိုင်းကာ သူ့တစ်ကိုယ်လုံး တုန်ယင်နေပြီး သူ့နှုတ်ခမ်းများသည် နတ်ဆိုးစွဲနေသကဲ့သို့ အဆက်မပြတ် ရွတ်ဖတ်နေ​လေသည်။


ဝူရှဲ့ နှလုံးခုန်သံတွေ ဆောင့်ခုန်သွားသည်။ ဖက်တီးကို ချက်ချင်း လှမ်းနှိုးလိုက်ပြီး မျက်နှာသေကို ပွေ့မြှောက်လိုက်ရင်း ဒူးတစ်ဖက်ပေါ်လည်း တင်ကာ သူ့လည်ပင်းကို ဖိ၍ သူ့နာမည်ကို ခေါ်လိုက်သည်။ ဒါပေမဲ့ သူက တုံ့ပြန်မှု လုံးဝ မရှိလာခဲ့ပါဘူး။ သူတို့ရဲ့ အသံတွေကို လုံးဝ မကြားရသလို မျက်လုံးတောင် မခတ်ချေ။ 


ဝူရှဲ့စိတ်ထဲ အလွန်အမင်း မိုက်မဲသော အတွေးများ ဝင်လာပြီး ဖက်တီးကလည်း ဝူရှဲ့ကို လှမ်းကြည့်ကာ ဘာဖြစ်တာလဲလို့ မေးလာသည်။ သူက မျက်နှာသေရဲ့ သွေးကြောတွေကို ဖိထားပြီး သူ့အမူအရာကို ကြည့်သော်လည်း ဘာမှ မထူးခြားလာပေ။ 


"Fu*k.... ဧကန္တ အစ်ကိုလေး အသွားတာများလား?"


"မဖြစ်နိုင်ဘူး... ပေါက်ကရတွေ လျှောက်မပြောနဲ့!!"


ဝူရှဲ့ အကြိမ်ကြိမ် အနည်းငယ် အော်ပြောလိုက်ပြီး။ 


"ဟန်ဆောင်မနေနဲ့... ခင်ဗျား ကျွန်တော့်ကို လိမ်လို့မရဘူး!! ကြားလား?"


ဝူရှဲ့ အော်ငေါက်နေသော်လည်း မျက်နှာသေက ရံဖန်ရံခါ တစ်စုံတစ်ခုကို တိုးတိုးတိတ်တိတ် ပြောနေသည့်အတိုင်း ခပ်တိုးတိုး အသံကြားနေရသည်။ ဝူရှဲ့ သူ့နှုတ်ခမ်းနားကို ကပ်လိုက်ပြီး နားထောင်လိုက်တော့ "အချိန်မရှိဘူး" လို့ လျင်မြန်စွာ မရပ်မနား ပြောနေတဲ့ အသံကို ကြားလိုက်ရလေသည်။