(19) ဒုတိယည - လျှို့ဝှက်ချက်
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5) 

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ရွှံ့မြွေတစ္ဆေမြို့တော် (တတိယပိုင်း)



Chapter (19)

ဒုတိယည - လျှို့ဝှက်ချက်



သူ့ရင်ထဲမှာ ဆူပွက်နေတာကြောင့် လှုပ်ရှားလိုက်ရာ လှုပ်ရှားသံကို ကြားလိုက်ရတော့ ဖက်တီးက ရှက်ရွံ့တဲ့ မျက်နှာနဲ့ လှည့်ကြည့်လာသည်။  


"နိုးပြီလား... လာ လာ စားစရာတွေ ချန်ထားတယ်...ပူတုန်း စားလိုက်ဦး"


ဝူရှဲ့ သူ့ကို ဒေါသတကြီး စူးစူးရဲရဲ ​ပြန်စိုက်ကြည့်လိုက်သည်။ 


"မင်း ဘာပြောလိုက်တာလဲ... မင်းငါ့ကို ဘာမသိစေချင်တာလဲ"


အခုလေးတင် အိပ်ရာက နိုးထားတာကြောင့် ရုပ်ရည်က သိပ်မကောင်းပေ။ သူဟာ သူ့ကို ဖုံးကွယ်ထားတဲ့ လူတွေကို မုန်းတီးတတ်သည်။ ဖက်တီး ပြောမပြနိုင်တဲ့ စကားက ယုံကြည်လို့ မရဘူးဆိုတာ သိပေမယ့် သူအရမ်း သိချင်နေတုန်းပဲ။ 


ဖက်တီးကတော့ သူ့စကားကြောင့် ထိတ်လန့်တုန်လှုပ်ကာ ဟန်ဆောင်ပြီး ပြောလာ၏။ 


"ဘာလို့ သိခွင့်မပြုရမှာလဲ... ငါကမင်းကို မပင်ပန်းစေရဘူးလို့ ပြောတာပါ... မင်း ငါ့ကို အထင်လွဲနေတာလား"


ဝူရှဲ့ လက်ဖက်ရည် တစ်ငုံသောက်ပြီး သူ့ဘေးမှာ ထိုင်လိုက်သည်။ 


"တော်တော့ တော်တော့... မင်းကိုယ်မင်း ငါ့ရဲ့ဦးလေးသုံးလို့ ထင်မနေနဲ့... မင်းငါ့ကို လှည့်စားလို့မရဘူး ဘာဖြစ်နေတာလဲ မြန်မြန်ပြော မဟုတ်ရင် မင်းနဲ့ ငါဘယ်တော့မှ ပြီးမှာမဟုတ်ဘူး...."


ဖက်တီးသည် သူ့အမူအရာကို ကြည့်ကာ တုံ့ဆိုင်းနေသလို ဝူရှဲ့ကလည်း လုံးဝ အလျှော့မ​ပေးဘဲ သူ့ကို ပြန်ကြည့်နေ၏။ 


"ပြောလေ....ပေါ်နေပြီဟာကို မင်းက ဖုံးကွယ်ချင်သေးလို့လား.... ငါ့ကို မပြောနိုင်သေးဘူးလား ပြောစမ်းပါ... ဒါဆိုလည်း ငါတို့ဘာသာ သီးခြားလမ်းကို သွားရအောင်လေ... ငါက ပုန်းအောင်းနေတတ်တဲ့ လူတွေကို မုန်းတယ် ဆိုတာ မင်းသိတယ်နော်... ငါပြောတဲ့အတိုင်း လုပ်ရင် မင်းဒီမှာပဲ သေသွားလိမ့်မယ်..."


ဖက်တီးက သူ့ခေါင်းကို တဖျင်းဖျင်း ကုတ်ပြီး။ 


"အေးပါကွာ.... မင်းမိန်းမတွေရဲ့ အပြုအမူကို ဘယ်လိုလုပ်ပြီး တုပတတ်လာတာတုန်း....ငါမပြောဘူး ဆိုတာက မင်းကောင်းဖို့ပါ..."


"အဲ့စကားပဲ လာပြောမနေနဲ့ ကြားရတာ ရိုးနေပြီ... ကောင်းလား မကောင်းလား ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်မယ် ဘာဖြစ်နေတာလဲသာ ပြောစမ်းပါ... " 


ဝူရှဲ့ အနေနဲ့ ဒီအတိုင်း ပြောကြည့်လိုက်တာပဲ ဖြစ်သည်။ ဒါပေမဲ့ ဖက်တီးဟာ ဦးလေးလို မဟုတ်တဲ့အတွက် သူဒီလို အခြေအနေမျိုးမှာ ထိန်းထားနိုင်မှာ မဟုတ်ဘူး။ ဒါ့အပြင် ဖက်တီးသည် အထူးတလည် သဘောထားကြီးသော ပုဂ္ဂိုလ်မျိုးလည်း မဟုတ်ပေ။ သူပြောပြီးတဲ့နောက် ဖက်တီးက မျက်နှာသေကို တစ်ချက် လှမ်းကြည့်လိုက်သည်။ မျက်နှာသေက ထုံးစံအတိုင်း ဘာလက္ခဏာမှ မပြရာ ဖက်တီးက သက်ပြင်းချပြီး ဆို၏။ 


"တစ်ခုပြမယ်... လိုက်ခဲ့" 


ဝူရှဲ့ လမ်းမလျှောက်နိုင်တော့ပေ။ ဒါကြောင့် ဖက်တီးကပဲ သူ့ကို ကူညီပေးရသည်။ ဖက်တီးက သူ့ကိုကူပြီး မိုးကာအောက်နားကို ရောက်တော့ စာရွက်တွေ ရှင်းထွက်သွားတာကို မြင်လိုက်ရသည်။ စာရွက်အောက်တွင်ရှိ ကျောက်တုံး မျက်နှာပြင်ပေါ်တွင် အနက်ရောင်ကာဗွန်ဖြင့်ရေးထားသော စာလုံးကြီးများစွာ ရှိ​လေသည်။


ညက မှောင်နေပြီး မီးပုံနဲ့အဝေးမှာမို့ ရှင်းရှင်းလင်းလင်း မမြင်ရတဲ့အတွက် ဖက်တီးက မိုင်းတွင်းမီးခွက်ကိုဖွင့်ပြီး အလင်းရဖို့အတွက် လုပ်ပေးသည်။ ဝူရှဲ့လည်း ခြေလှမ်းအနည်းငယ် လှမ်းပြီး ထွက်လာခဲ့ရာ ထိုအရာကို တွေ့လိုက်ရတော့ လူက ထိတ်လန့်သွားခဲ့သည်။


အဲဒါက စာကြောင်းတစ်ခုပင်။ 


"ရှီးဝမ်းမယ်တော်ရဲ့ နန်းတော်ဝင်ပေါက်ကို ငါတို့တွေ့ပြီ...အဲဒါက ပြန်လမ်းမဲ့နေရာ... မင်းကို နောက်ဘယ်တော့မှ ပြန်မတွေ့နိုင်တော့ဘူး ငါတို့ရဲ့ဆန္ဒတွေ ပြီးသွားပြီ နောင်တရစရာလည်း မရှိတော့ဘူး....ဒီနေရာက အန္တရာယ်များတယ် အမြန်ထွက်သွား... ဆက်မနေတော့နဲ့!"


ဝူရှဲ့ အံ့အားသင့်သွားကာ ဖက်တီးက တစ်ဖက်မှနေ၍ ဆိုလာခဲ့သည်။ 


"ငါစာရွက်စာတမ်းတွေ ထုပ်ပိုးနေတုန်း တွေ့လိုက်ရတာ... အဲဒါကို မမြင်ရအောင် ဖုံးအုပ်ထားတာကွ မင်းရဲ့ဦးလေးသုံးက မင်းကို ပြဿနာမဖြစ်အောင် သတိပေးသွားတာ.... သူ ဒီတစ်ခါ သေဖို့ စိတ်ပိုင်းဖြတ်ထားပုံရတယ်... အဲဒါကြောင့် သူမင်းကို ထာဝရ ထားခဲ့ဖို့ ရွေးချယ်ခဲ့တာ"


ဤသည်မှာ အမှန်ပင် ဦးလေးသုံးရဲ့ အရေးအသား အလွန်မှန်ကန်သော်လည်း နှစ်ပေါင်းများစွာ ဆက်တံပြီးသည့် နောက်တွင် ထိုလက်ရေး၏ လွန်စွာသော အလေ့အထကို မှတ်မိနေသေးသည်။ ဒါက အရေးတကြီး သို့မဟုတ် စိတ်လှုပ်ရှားနေသော အခြေအနေမှာ ရေးထားခဲ့သော စာဖြစ်လေသည်။ 


ဝူရှဲ့ နည်းနည်းလေးမှ မတုံ့ပြန်နိုင်ဘဲ စိတ်က အံ့သြစရာ ကောင်းလောက်အောင် ငြိမ်သက်နေခဲ့သည်။ သူ့ရင်ထဲ စိတ်ပူတာ ဒါမှမဟုတ် ဒေါသထွက်တာလိုမျိုး စိတ်ခံစားချက်တစ်ခုခု အမြဲရှိနေမယ်လို့ ထင်ခဲ့ပေမယ့် အခု ဘာမှမခံစားရဘူး။


ဖက်တီးမှာ ဝူရှဲ့ ငြိမ်နေတာကြောင့် စိတ်ဓာတ်ကျတယ်လို့ ထင်တဲ့အတွက် သူက ဝူရှဲ့လက်မောင်းကို အသာရိုက်ပုတ်လိုက်သည်။ ဝူရှဲ့ ဘာမှပြန်မပြောဘဲ ခြေလှမ်း အနည်းငယ်လှမ်းပြီး စကားလုံးတွေကို သေချာ ကြည့်လိုက်သည်။ 


ဤရှည်လျားသော ခရီးစဉ်တွင် ဝူရှဲ့တစ်ယောက် သူ့ရဲ့ဦးလေးသုံး အတွက် စိုးရိမ်ပူပန်မှုများမှာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း ဤကဲ့သို့ ဆိုးရွားသော ပတ်ဝန်းကျင်မျိုးတွင် တစ်စုံတစ်ခု ဖြစ်ခဲ့သည်မှာ အံ့သြစရာ မဟုတ်ပေ။ ဒီလိုနေရာမျိုးမှာ သေရတော့မယ် ဆိုတာ အားလုံးအသိပဲမို့ သေခြင်းတရားဟာ သူတို့အတွက် စိုးရိမ်စရာ ပြဿနာ မဟုတ်တော့ဘူးလေ။ 


ဤသည်မှာ စစ်ပွဲထဲ ရောက်နေတာနဲ့ အတူတူပင်ဖြစ်ပြီး လူတိုင်း သေဆုံးနိုင်ခြေ ရှိသောကြောင့် လူတစ်ဦး တစ်ယောက်၏ လုံခြုံရေးက အဓိက မဟုတ်​တော့ဘဲ ကိစ္စရဲ့ ရလဒ်ကသာ အာရုံစိုက်စရာ ဖြစ်သည်။ 


ဒီစကားတွေ ဒီမှာပေါ်လာတဲ့အခါ သူသည် သူ့ဦးလေးရဲ့ အကြီးမားဆုံး ဂရုစိုက်မှု ဖြစ်နေပြီလို့ ရုတ်တရက် ခံစားလိုက်ရသည်။ အထောက်အထားတွေ ဖလှယ်ကြည့်ရင် သူ့တူကို မပြောနိုင်တဲ့ လျှို့ဝှက်ချက်တစ်ခုက သူ့ရှေ့မှာ ရှိနေပြီး ရှေ့ဆက်ရမယ့်လမ်းက အရမ်းအန္တရာယ်များတဲ့ အတွက် မိမိကို မစွန့်စားစေချင်ဘူး။ ဒါဆိုရင် ဒီလို စာရေး​ပေးခဲ့တဲ့ နည်းလမ်းက ယခုလိုအခြေအနေမှာ အကောင်းဆုံးပါပဲ။


ဒါ့ပြင် အတိတ်က ဝူရှဲ့သာဆိုရင် သေချာပေါက် မျက်ရည်တွေ ဝဲလာလိမ့်မယ်။ ထိုအချိန်မှစ၍ သူသည် ဦးလေးသုံး ဘယ်တော့မှ ပေါ်မလာတော့မယ့် အကြောင်းကို အချိန်မကုန်မချင်း တွေးရင်း နောင်တရနေမိလိမ့်သည်။


ပြဿနာက သူဟာ အရင်ကလို လူမဟုတ်တော့ဘဲ သူလိုက်ရှာနေတာက ဒီအရာတွေရဲ့နောက်ကွယ်က ကြီးမားတဲ့ လျှို့ဝှက်ဆန်းကြယ်မှု ဖြစ်တာကြောင့် ဒီစကားဟာ သူအတွက်တော့ တခြား အဓိပ္ပာယ်တစ်ခုပဲ ဖြစ်လေသည်။ ဦးလေးသုံး အသက်ရှင်နေသေးရင်း လမ်းစ ရှာတွေ့နိုင်ပြီ။ အခုအခြေအနေက အရင်ကနဲ့ လုံးဝ မတူတော့တာမို့ သူ့နှလုံးသားက ငြိမ်သက်နေတာလည်း ဖြစ်နိုင်ပါ၏။


ဒါက သူ့ရဲ့ တိုးတက်မှုတစ်ခု ဖြစ်နိုင်သလို သူ ပင်ပန်းနေတာကြောင့်လည့း ဖြစ်ကောင်းဖြစ်နိုင်လေသည်။ ဘာပဲဖြစ်ဖြစ် သူနဲ့ ဦးလေးသုံးက ဝေးနေပြီလေ။ ခဏလောက် တိတ်တိတ်လေး ကြည့်ပြီး လှည့်ကြည့်လိုက်တော့ ဖက်တီးက သူ့ပုခုံးကို ချိတ်ပြီး နှစ်သိမ့်ပေးလာသည်။ 


“မင်းကို မမြင်​စေချင်ဘူးလို့ ပြောသားပဲ... မင်းက ငါ့စကားကို နားမထောင်ဘူးမလား... ငါကမင်းကို ဒုက္ခပေးစရာလား... ဟူး..."


ဝူရှဲ့လည်း သူ့စိတ်နေစိတ်ထားကို မရှင်းပြချင်တော့တာနဲ့ ပြန်မဖြေတော့ဘဲ မီးပုံဘေး ပြန်ထိုင်နေလိုက်သည်။ ဖက်တီးကသူ့ကို ထမင်းပန်းကန်တစ်လုံးပေးကာ အရင်စားခွင့် ပေးလိုက်သည်။


စားစရာကတော့ ဘီစကွတ်ကို ပြုတ်ထားတာပါပဲ။ ဝူရှဲ့မှာ မစားချင်တော့တာကြောင့် ဖြည်းဖြည်းချင်း စားနေရာ ဖက်တီးက နှစ်သိမ့်ပေးလာပြန်သည်။ 


“မင်းရဲ့ ဦးလေးသုံးက သေနိုင်လောက်တဲ့ လူတော့ မဟုတ်ဘူး... သူ့မှာ ကြွယ်ဝတဲ့ အတွေ့အကြုံတွေ ရှိတယ်...ပြန်မလာဘူးလို့ မပြောနိုင်ပါဘူး”


ဝူရှဲ့ သက်ပြင်းချလိုက်ပြီး ဒါမျိုးတွေက ကျင့်သားရနေပြီလို့ ပြောလိုက်သည်။ သူအခု တွေးနေတာက မြေအောက်နန်းတော်ရဲ့ ဝင်ပေါက်က ဘယ်နေရာမှာလဲ ဆိုတာပင်။ 


မိုးသစ်တောထဲမှာ ရှိစဉ်တုန်းက ဦးလေးသုံးကို မတွေ့ရတော့ဘူးလို့ ကြိုတွေးခဲ့ပြီးသား။ မီးခိုးနီက အန္တရာယ်ကို ကိုယ်စားပြုတဲ့အတွက် အချက်ပြသူဟာ မီးခိုးထွက်တဲ့ နေရာမှာ သေချာပေါက် မနေနိုင်​တော့ပါဘူး။ ထိုအချိန်တွင် ဦးလေးသုံးသည် အချက်ပြပြီးနောက် ဤနေရာမှ ထွက်သွားနိုင်သည်ဟု တွေးနေမိပြီးသား ဖြစ်ပါသည်။ 


ယခုဆို သူ့ခန့်မှန်းချက် အများစုက မှန်ကန်ကြောင်း သိသာထင်ရှားသော်လည်း ဦးလေးသုံးသည် မြေအောက်နန်းတော် ဝင်ပေါက်ကို ရှာတွေ့မည်ဟု မမျှော်လင့်ထားပေ။ သူတို့ကတော့ ၎င်းတို့ရဲ့ တည်နေရာကို လုံးဝမသိဘူးဟု ဆိုလိုနေပြီ ဖြစ်သည်။


ဦးလေးသုံးက ဒီမှာ စခန်းချပြီး ဝင်ပေါက်ကို ရှာတွေ့ခဲ့သည်။ ထို့နောက် ၎င်းတို့သည် ၎င်းတို့၏ ပစ္စည်းများကို စတင်ထုပ်ပိုးပြီး ဤနေရာမှ အေးအေးဆေးဆေး ထွက်ခွာသွားကာ ဤစွန့်ခွါစခန်းကို ချန်ထားခဲ့လိမ့်မည်။ သူ့နောက်ကို လိုက်မရအောင် တားဖို့ သူက မီးခိုးနီကို မီးညှိပြီး ဒီမှာ စာတစ်စောင် ရေးထားခဲ့ ယပြီးတော့ ဝင်ပေါက်ထဲ ဝင်ပြီးရင် ဘယ်တော့မှ ပြန်မလာဘူးလို့လည်း ဆိုခဲ့သည်။ 


နောက်ကြောင်း ပြန်စရာ လမ်းမရှိဟု ပြောခဲ့၏။ သူ့ဦးလေးသုံးသည် သူ့ကံကြမ္မာကို ယခုလိုပဲ လက်ခံမည့်သူမျိုး မဟုတ်သည့်အတွက် ဝင်ပေါက်သည် အလွန်အန္တရာယ်များသောကြောင့် သူသေရမည်ဟု စီရင်ချက်ချခဲ့တာ ဖြစ်မည်။ သို့မဟုတ် အကြောင်းပြချက် တချို့ရှိခဲ့နိုင်သည်။ အဲဒါက ထိုနေရာကို ဝင်ပြီးပါက ပြန်လှည့်ဖို့ မလွယ်တော့တာမျိုးလည်း ဖြစ်နိုင်သည်။ 


ဒီကိစ္စက သေချာပေါက် သူတွေးထားသလိုပဲ ဖြစ်လိမ့်မည်။ 


ဒီအတိုင်းဆိုလျှင် ဝင်ပေါက်သည် အနီးအနားတွင် ရှိနေလိမ့်မည်။ ဤဘုရားကျောင်းမျှော်စင်ရဲ့ အတွင်းထဲမှာလည်း ဖြစ်နိုင်သည်။ ဦးလေးသုံး လက်ထဲတွင် သဲလွန်စ ဘယ်လောက်ရှိမလဲ မသိသော်လည်း သူဟာ သဲလွန်စများ သို့မဟုတ် ခြေရာလက်ရာများကို လိုက်မရှာ​လောက်ပေ။ အဲဒါကို သူတို့ လုံးဝနားမလည်ပေမယ့် ခန့်မှန်းကြည့်ဖို့က မဖြစ်နိုင်တာတော့ မဟုတ်ပါ။ 


"ဒါဆိုငါတို့ နောက်မှ သဲလွန်စတွေ ရှာကြည့်ရအောင်... ငါတို့ ရှာတွေ့နိုင်မယ် ထင်ထားပဲ... ဟုတ်တယ်မလား အစ်ကိုလေး"


မျက်နှာသေက သူ့ကို မျက်စောင်းတစ်ချက် ထိုးကြည့်လာသည်။ ဖက်တီးပုံစံက မျက်နှာသေအား ဝူရှဲ့ကို နှစ်သိမ့်ပေးချင်ပုံ ပေါက်ပေမယ့် မျက်နှာသေက ခေါင်းခါလေသည်။ ဝူရှဲ့ သူ့ကိုကြည့်လိုက်တော့ သူက ဆို၏။ 


"ဝူစန်းရှင်... ဒီစာကိုရေးပြီးကတည်းက အဲဒီနေရာကို ငါတို့ရှာမတွေ့နိုင်ဘူး ဆိုတာ သူ သေချာနေလို့ဖြစ်မယ်"


"ဘာလို့လဲ" ဖက်တီးက မယုံပေ။ 


မျက်နှာသေက မီးကို ကြည့်ကာ တည်ငြိမ်စွာ ပြောလာခဲ့သည်။ 


"ဝူစန်းရှင်က အရမ်းစဉ်းစားတတ်တယ်... ငါတို့ ဒီမက်ဆေ့ချ်ကို မြင်ရင် ဝင်ပေါက်က အနီးအနားမှာ ရှိနေလိမ့်မယ်လို့ ငါတို့တွေးမိမယ်မှန်း သူသိတယ်... သူက ဝူရှဲ့ကို အန္တရာယ်မဖြစ်စေချင်ဘူး... ဒါကြောင့် ဝင်ပေါက်က ရှာရလွယ်နေရင် သူစာထားခဲ့မှာ မဟုတ်ဘူး သူထွက်သွားရတဲ့ အကြောင်းရင်းက ဒီဝင်ပေါက်က ရှာရခက်နေရမယ် ဒါမှမဟုတ် တွေ့ရင်တောင်မှ ငါတို့ ဝင်လို့မရလောက်ဘူး"


သူပြောတာတွေက အဓိပ္ပာယ်ရှိသည်။ သူတို့မှာ သဲလွန်စတွေ ရှိရင်တောင် ဦးလေးသုံးက သူတို့ကို ဘေးကင်း​စေဖို့အတွက်ပဲ ဝင်ပေါက် ဖျက်ဆီးပစ်မယ်လို့ တွေး​ကြည့်မိပြီး ဝူရှဲ့မှာ သက်ပြင်းချလိုက်မိသည်။


ဖက်တီးလည်း စိတ်ဓာတ်ကျပြီး "ဒါဆို ငါတို့ခရီးက အလကား ဖြစ်သွားပြီပေါ့ဟ!"


မျက်နှာသေက ခေါင်းခါလိုက်၍ "မင်းတို့အတွက်တော့ ဒါက ကောင်းတဲ့ကိစ္စပဲ"


"ဖက်တီး ငါက ကီလိုမီတာ တစ်ထောင်ကျော် ပြေးပြီး ကောပိကိုဖြတ်.... သဲကန္တာရကို ဖြတ်... မိုးသစ်တောထဲဝင်ပြီး ဒီကိုလာခဲ့ရတာ နေပူထဲလည်း အခြောက်လှန်ခဲ့တယ်... ဘာမှမရဘဲ ပြန်သွားရရင် ဒါက ကောင်းတဲ့ကိစ္စ ဖြစ်တော့မလား" 


ဖက်တီး ထပေါက်ကွဲလေသည်။ 


"ဒီမှာ ဘာမှတောင် မရှိဘူး... ဒီတစ်ခါတော့ အဘိုးဖက်တီးငါတော့ အရှက်ရတော့မှာ သေချာတယ်"


မျက်နှာသေက သူ့ခေါင်းကို မော့ပြီး 


“ဒါပေမဲ့ ဝင်ပေါက်ကို ရှာဖို့ နည်းလမ်းတော့ မရှိဘူး” 


ပြောပြီး အနီးနားက စခန်းတွေကို ကြည့်လိုက်ရင်း ဆက်ပြောလာသည်။ 


“ဒါ့အပြင် ဒီစခန်းရဲ့ အခြေအနေက တော်တော်ကို မှားယွင်းနေတယ်.... ဒါက ရိုးရှင်းတဲ့ ဘေးလွတ်ရာကို ရွှေ့ပြောင်းသွားတဲ့ပုံနဲ့ မတူဘူး... ဝူစန်းရှင်ရဲ့ စကားက သေချာပေါက် ယုံကြည်နိုင်စရာ မရှိဘူး”