ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 5)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (တတိယပိုင်း)
Chapter (18)
ဒုတိယည - ပြန်လည်ဆုံစည်းပြီ
အစကတော့ စခန်းထဲကို လိုက်လာတဲ့ ဝမ်းကျင်လို့ ထင်ခဲ့တာ။ ဒါကြောင့် သူ့ကို ပိတ်ဆို့ဖို့ ကျောက်ခဲတွေနဲ့ ဝင်သွားခဲ့ပေမဲ့ စခန်းထဲကို ဝင်သွားတဲ့ သူက ရွှံ့နွံဖုံးနေတဲ့ အစ်ကိုလေး ဖြစ်နေတာကို တွေ့လိုက်ရလေသည်။
သူ့ပုံပန်းသဏ္ဌာန်က ဝူရှဲ့ကို ထိတ်လန့်စေ၏။ သူ့ဆံပင်တွေ အပါအဝင် တစ်ကိုယ်လုံးနီးပါး ရွှံ့တွေနဲ့ ဖုံးလွှမ်းနေသည်။ ဒဏ်ရာတွေကပါ ရွှံ့တွေဖုံးနေမလား မသိပေမယ့် သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာအသစ်ရထားတဲ့ ပုံစံမျိုးတော့ မတွေ့ရချေ။ သူ့ပုံစံက မနေ့ညက သူတို့ထက် ပိုသက်တောင့်သက်သာ ရှိနေတာတော့ သိသာလှသည်။
အဲဒီတုန်းက ခံစားချက်ကို မဖော်ပြနိုင်တော့ပေ။ လူက အေးခဲသွားချိန် သူက လှည့်ကြည့်လာတဲ့အခါမှ စိတ်ထဲမှာ သဘောပေါက်ပြီး ကျောက်တုံးကို ပစ်ချလိုက်သည်။
“ကျွန်တော်ထင်နေတာ ခင်ဗျား…ဟိုဟာ....”
သူက ဝူရှဲ့ကို လျစ်လျူရှုပြီး "စားစရာရှိလား" လို့လာ မေးလာ၏။
သူ ရွှံ့အိုင်ထဲသို့ အပြေးဝင်သွားတဲ့ အခါတုန်းက ဘာမှ မသယ်သွားပေ။ သူ့ပုံပန်းသဏ္ဍာန်အရ အစား မစားရသည်မှာ နာရီ ၂၀ ကျော်နေပြီ ဖြစ်ကြောင်း ဝူရှဲ့လည်း ရုတ်တရက် သတိရမိသွားသည်။ ဒါကြောင့် သူ့ကို အပြင်ခေါ်ထုတ်ကာ လက်ဖက်ရည် သောက်ခိုင်းပြီး အစာခြောက်တွေလည်း ပေးလိုက်သည်။ သူက ဘာမှ မပြောဘဲ အခြောက်ကို စားနေကာ မျက်နှာကလည်း ရေခဲကဲ့သို့ အေးစက်နေသည်။
သူစားပြီးတာနဲ့ ဝူရှဲ့လည်း သူ့လက်ကို အဝတ်နဲ့ သုတ်ပေးပြီး သူပြေးလိုက်သွားပြီတော့ ဘာဖြစ်လဲလို့ မေးရင်း သူတို့ကို ဘယ်လို လိုက်မှီခဲ့တာလဲလို့ မေးလိုက်သည်။
သူ့မျက်နှာက ကြည်ကြည်လင်လင် ဖြစ်လာကာ မျက်နှာပေါ်က ရွှံ့တွေကို သုတ်ရင်း ပြတ်ပြတ်သားသား ပြောလိုက်လာခဲ့သည်။ သူပြောခဲ့တာတွေက အရမ်းရိုးရှင်းပြီး တိုတုတ်ပေမယ့် ဝူရှဲ့ နားလည်နေတုန်းပါပဲ။
မနေ့ညက အပြင်ထွက်ပြီး ခြောက်နာရီကြာအောင် ဝမ်းကျင်နောက်ကို လိုက်နေခဲ့ပေမယ့် ကံမကောင်းစွာပဲ အဆုံးမှာတော့ တောထဲမှာ အဲဒီမိန်းမက ပုန်းနေသလားမသိ ဝေးသွားတော့ သူလည်း မျက်ခြေပျက်သွားခဲ့သည်။
အလင်းရောင် ကိရိယာ မပါဘဲ ပစ်မှတ် ပျောက်သွားပြီးနောက် သူသည် အနီးနား ပတ်ဝန်းကျင်ကိုတောင် မမြင်နိုင်တော့ပေ။ ဒီနေရာကို ရောက်ဖို့ အချိန်နဲ့ သူ့အမြန်နှုန်းကို တွက်ချက်ပြီး ငါတို့နဲ့ သိပ်မဝေးတော့ဘူးလို့ သိထားပေမယ့် မိုးသစ်တောထဲကို နက်နက်နဲနဲ သွားရင်း ပြန်လာဖို့က ပိုခက်တာကြောင့် သစ်ပင်ရဲ့ အမြစ်တစ်နေရာမှာ နားရင်း မိုးသောက်မှ ပြန်လာဖို့ စောင့်နေလိုက်သည်။
မနက်မိုးလင်းရင် ပြန်လာနိုင်တယ်လို့ ဖက်တီးကလည်း တွေးထားပေမယ့် မိုးလင်းတော့ အခြေအနေက ပြောင်းလဲသွားပြန်သည်။ မိုးလင်းတာနဲ့ သူဟာ ဝူရှဲ့တို့ရဲ့ အချက်ပြမီးခိုးတွေကို မြင်လိုက်ရသလို တစ်ချိန်တည်းမှာ ဦးလေးသုံးတို့ဆီက အချက်ပြမီးခိုးကိုလည်း တွေ့လိုက်ရသည်။
အစ်ကိုလေးသည် အကွာအဝေးပေါ် မူတည်၍ သူတို့ရဲ့ အချက်ပြမီးခိုး လမ်းကြောင်းကို စီရင်ဆုံးဖြတ်ပြီး မှတ်သားထားခဲ့သော နေရာသို့ ပြန်သွားခဲ့သော်လည်း ထိုနေရာက ရေမြုပ်နေတာကို တွေ့လိုက်ရသည်။ သူက ချက်ချင်း ပြန်လှည့်ကာ ဝူရှဲ့တို့နောက် လိုက်ခဲ့၏။ ဝူရှဲ့တို့လိုပဲ သူလိုက်လာတဲ့ လမ်းက မဖြောင့်ပေ။ နောက်တော့ ညဘက်မှာ သေနတ်သံတွေ ကြားလို့ သူတို့နောက်ကို လိုက်လာရင်း ဒီရှေးဟောင်း အဆောက်အဦတွေကို တွေ့လိုက်ရတာပဲ ဖြစ်သည်။
ဒီသတင်းကို ကြားပြီးနောက် မနေ့ညက ဒီလောက်ပြင်းထန်တဲ့ တိုက်ပွဲကြီး မဖြစ်ခဲ့ဘူးဆိုရင် သူ သူတို့ကို ရှာမတွေ့မှာ ကြောက်ရသည်။ ဒီလို ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်မှာ ပြတ်ပြတ်သားသား စီရင်ချက်ချနိုင်တာ ရှက်စရာပါပဲ။ ဒါပေမဲ့ သူပြန်လာနိုင်တာကြောင့် ဝူရှဲ့မှာ စိတ်သက်သာရာရသလို ခံစားရတာကလွဲလို့ သူ့မှာ ဘာမျှော်လင့်ချက်မှ မရှိပါဘူး။
အဲဒီအချိန်မှာ သူ့ခန္ဓာကိုယ်ပေါ်က ရွှံ့တွေကို သုတ်နေတာ တွေ့တော့ ဝူရှဲ့ ထပ်မေးလိုက်၏။ သူတို့လည်း ပြေးနေတာပဲ။ အရမ်းရှက်ကောင်းလောက်အောင် ပတ်ပြေးနေခဲ့ရပေမယ့် အစ်ကိုလေးလောက်တော့ အဆင်ပြေမနေချေ။ ဒီရွှံ့တွေနဲ့ ဘာဖြစ်တာလဲလို့ မေးကြည့်လိုက်သည်။
“ရွှံ့တွေက ငါကိုယ်တိုင် သုတ်ထားတာ”
ရေမြင်း တစ်ကောင်လို လှိမ့်ဖို့ ကြိုးစားနေတာလားလို့ တွေးပြီး ဝူရှဲ့မှာ ပိုတောင် အံ့သြသွားကြသည်။ ဒါမှမဟုတ် သူ့ခန္ဓာကိုယ်မှာ ယင်ကောင်တွေ ရှိလို့လား။ သူ့ကိုယ်လုံးကိုယ်ပေါက်နဲ့ မြက်မွှား အစုအဝေးထဲမှာ လဲလျောင်းနေရင်တောင်မှ သူ့ကို သတ်ဖို့ အစွမ်းကုန် သတ္တိရှိရှိ လုပ်ရဲကြလိမ့်မယ် မထင်ပါ။
သူ့လက်ထဲက ရွှံ့တွေကို ကြည့်ပြီး ပြောလာ၏။
“အဲဒါက မြွေတွေကြောင့်…”
"မြွေ?"
"ဝမ်းကျင်က ဒီမှာနေတာကြာပြီ... အဆိပ်ပြင်းတဲ့ မြွေတွေ အများကြီးပဲ အဲဒီမိန်းမ ဒီလောက်ကြာအောင် အသက်ရှင်နိုင်ရတဲ့ အကြောင်းရင်း ရှိရမယ် သူမရဲ့ အသွင်အပြင်က တကယ်ကို ထူးထူးခြားခြား ပေါင်းသင်းဆက်ဆံရေး ရှိရမယ်လို့ ခံစားရတယ်... ဒီအချက် နှစ်ချက်ကြားကို တွေးပြီးတော့ ရွှံ့က အဓိကပဲဆိုတာ ရုတ်တရက် သိလိုက်ရတာ"
မျက်နှာသေက သူ့ခန္ဓာကိုယ်ပေါ်က ရွှံ့တွေကို ထိုးပြကာ။
"ငါ့ခန္ဓာကိုယ်ပေါ် ရွှံ့တွေ သုတ်လိုက်တော့ အဲဒီမြွေတွေက ငါ့ကို မမြင်ရတော့ဘူး"
ဝူရှဲ့လည်း ကြားပြီးနောက် လတ်စသတ်တော့ ဒီလိုဖြစ်နေတာကိုးလို့ တွေးကြည့်မိသွားသည်။ ဝမ်းကျင်က သူ့တစ်ကိုယ်လုံးကို ရွှံ့တွေနဲ့ ဖုံးထားခဲ့လေသည်။ မြွေတွေဟာ သားကောင်ကို အပူချိန်ကို အာရုံခံ၍ လိုက်တတ်သည်။ ရွှံ့တွေနဲ့ ဖုံးအုပ်ထားတာကြောင့် မြွေတွေက လူကို ရှာမတွေ့နိုင်ရုံသာမက အနံ့ကိုလည်း ဖုံးအုပ်ပြီးသား ဖြစ်သွားသည်။
အခုမှ ဘာကြောင့် ဒီလိုဖြစ်တာလဲ ဆိုတာကို ရုတ်တရက် သိလိုက်ရရာ ဝမ်းသာပီတိ ဖြစ်သွားရသည်။ ဒါက တကယ့်ကို သတင်းကောင်းပဲ။ ဤနည်းဖြင့် မိုးသစ်တောထဲတွင် သူတို့ရဲ့ ရှင်သန်နိုင်စွမ်းသည် ပိုမိုမြင့်မားလာမှာ ဖြစ်သည်။ အနည်းဆုံး သူတို့သည် မြွေရန်ကနေ အသည်းအသန် အသက်လု ပြေးနေရန် လိုတော့မည် မဟုတ်ပေ။
မျက်နှာသေဟာ သူ့ခန္ဓာကိုယ်ထဲက ရွှံ့တွေကို ကြမ်းကြမ်းတမ်းတမ်း သုတ်ရင်း အနီးနားက စခန်းတွေကို ကြည့်ကာ မေးလာခဲ့သည်။
"မင်းတို့ဒီကို ဘယ်လို ရောက်လာတာလဲ?"
ဝူရှဲ့လည်း ခေါင်းညိတ်ပြီး အတွေ့အကြုံတွေကို ပြောပြလိုက်သည်။
သူနဲ့ လမ်းခွဲပြီးကတည်းက ဖြစ်ခဲ့တာတွေကို တတ်နိုင်သမျှ ရိုးရိုးရှင်းရှင်း ဖြစ်အောင် ကြိုးစား ပြောပြသည်။ သူတို့ရောက်တာကလည်း သူ့ထက် သိပ်တော့ မစောချေ။ သူတို့ဒီကို ရောက်လာတော့ ဘယ်သူမှ ဒီမှာ မရှိတော့ဘူး။ ဒါက နည်းနည်းတော့ ထူးဆန်းလေသည်။ ပစ္စည်းတွေကို သိမ်းမသွား၊ ရှေးဟောင်း အဆောက်အဦးတွေကိုလည်း ပစ်ထားခဲ့တဲ့အပြင် အကြမ်းဖက်ထားတဲ့ သဲလွန်စများလည်း မရှိပါဘဲ လူတစ်ယောက်မှ မတွေ့ခဲ့ရပေ။
မျက်နှာသေက တိတ်တိတ်ဆိတ်ဆိတ် နားထောင်နေပြီး သူ့ဘေးရှိ တဲများကို စိုက်ကြည့်ကာ ဘာမှ မပြောဘဲ မျက်ခုံးပင့်သာ ပင့်ထား၍ စိတ်ရှုပ်နေပုံရသည်။
သူပြန်လာတာ အရမ်း ကောင်းတယ်လို့ ပြောလိုက်သည်။ အကြောင်းမှာ ဖန့်ကျစ်က အခြေအနေ မကောင်းတာကြောင့် သူတို့ သူ့ကိုဒီမှာ အချိန်ကြာကြာ မထားခဲ့နိုင်ဘူး။ သူတို့လည်း အရမ်းပင်ပန်းနေပြီမလို့ အနားယူရမယ်။ မဟုတ်ရင် သူတို့သေလိမ့်မယ်။ အခုလည်း ပြုစုစောင့်ရှောက်ရမယ့် လူတစ်ယောက်နဲ့ အားကိုးနိုင်မယ့် လူတစ်ယောက် လိုနေပြီလေ။
သူက ဝူရှဲ့ကို တစိုက်မတ်မတ် ကြည့်ပြီး ဆိုလာခဲ့သည်။
"ဒီလိုနေရာမျိုးမှာ နောက်ထပ်တစ်ယောက် ထပ်တိုးတာနဲ့ လျော့တာက အတူတူပါပဲ"
သူဒီလိုပြောတာကို ကြားတော့ ဝူရှဲ့ နည်းနည်းအံ့သြမိပေမယ့် သူက ပြောပြီးတာနဲ့ မတ်တပ်ထရပ်ပြီး ရေပုံးတစ်ပုံးကို ကောက်ယူကာ စခန်းအပြင်ဘက် ရေကူးကန်ကို သွားပြီးတော့ သူ့အဝတ်တွေကို ချွတ်ချလိုက်သည်။ သူက ဝူရှဲ့ဘက် တစ်ချက် လှည့်ကြည့်ကာ သူ့ကိုယ်ပေါ်က ရွှံ့တွေကို ဆေးကြောလိုက်သည်။
သူ့မျက်နှာပေါ်ကနေ မိမိကို ဘာမှပြောစရာ မရှိဘူး ဆိုတာကို ဝူရှဲ့ သိပေမယ့် သူပြန်ရောက်လာခဲ့တာကြောင့် စိတ်ထဲ ပျော်နေခဲ့သည်။
မျက်နှာသေက ရေချိုးပြီးတာနဲ့ ပြန်လာပြီး မျက်လုံးကို မှိတ်ပြီး အနားယူလိုက်သည်။ ဝူရှဲ့လည်း သူ့ကို သွားမနှောက်ယှက်တော့ပေ။ သူလည်း အိပ်မပျော်တော့တဲ့အတွက် ရေထချိုးလိုက်ရာ နည်းနည်းတော့ သက်သာသွားသည်။ ရေခပ်လာပြီး ဖန့်ကျစ်ကိုလည်း သန့်စင်ပေးလိုက်သည်။ သူ့ခန္ဓာကိုယ်က နည်းနည်း ပူလာပြီး ဂနာမငြိမ် ဖြစ်နေသော်လည်း ဝူရှဲ့ သုတ်ပေးပြီးတဲ့အခါ သူအိပ်ပျော်သွား၏။
သူပြန်ထွက်လာတဲ့ အချိန်မှာ ဖက်တီးကောင်ကို တွေ့သည်။ ဖက်တီးကတော့ သူသန့်စင်ပေးဖို့ လိုအပ်မယ့်သူ မဟုတ်ပေ။ ဒါကြောင့် ထိုင်ပြီး ခြေသလုံးကို နှိပ်နယ်ပေးနေလိုက်သည်။ သူ ဝမ်းကျင်ရဲ့ မှတ်စုတွေကို မကြည့်ချင်တော့ဘူး။ တစ်ဖက်က မျက်နှာသေကလည်း အိပ်ပျော်နေပြီ။ သူက သူတို့ထက် ပိုပင်ပန်းနေပုံပါပဲ။
နေ့လည် သုံးလေးနာရီ ဝန်းကျင်လောက်အထိ အိပ်ပြီးနောက် ဖက်တီး နိုးလာခဲ့သည်။ သူက အိပ်ပျော်နေတဲ့ မျက်နှာသေကို တွေ့တော့ မှုန်ကုပ်ကုပ်နဲ့ အကြာကြီး ကြည့်နေ၏။ ပြန်ဖြေဖို့ အချိန်အတော် ကြာသွားခဲ့သည်။
"ဟေး...ငါ အိပ်မက်မက်နေတာတော့ မဟုတ်ဘူးမလား?"
သူ့အသံကြောင့် မျက်နှာသေက ချက်ချင်း နိုးလာသည်။ သူက နက်နက်ရှိုင်းရှိုင်း အိပ်မပျော်တော့ဘဲ ကောင်းကင်ကို မော့ကြည့်နေ၏။ ဖက်တီးက ချက်ချင်း ထထိုင်ကာ။
“အိပ်မက်တော့ မဟုတ်ဘူးဗျ... ရဲဘော် မင်း နောက်ဆုံးတော့ ရောက်လာပြီ!!"
မျက်နှာသေက တကယ်ကို မှော်ဆန်သူ တစ်ယောက် ဖြစ်သော်လည်း သူ့အသွင်အပြင်ကြောင့် ဖက်တီးတစ်ယောက် သူ့နှလုံးသားထဲမှ ပျော်ရွှင်နေတာကို တွေ့နိုင်သည်။
"မင်းဘာလို့ ပျော်နေတာလဲ မင်းတစ်ယောက်တည်း လှုပ်ရှားမယ်လို့ မပြောခဲ့ဘူးလား?"
သူက မတ်တပ်ထရပ်ပြီး ဝူရှဲ့ဘေးမှာ ဝင်ထိုင်ကာ ပါးစပ်ထဲက သွေးထွက်လာတဲ့ သလိပ်အနည်းငယ်ကို ထွေးထုတ်လိုက်သည်။
“အဲဒါအရင်ကလေ...အစ်ကိုလေး ပြန်လာပြီဆိုတော့ ငါတို့ အစ်ကိုလေးနောက်ကို လိုက်ရမယ်... အသားစားဖို့ အစ်ကိုလေးနောက်ကို လိုက်ရမယ်လေကွာ... ဟုတ်တယ်ဟုတ်"
ဝူရှဲ့သည် သူ့သလိပ်ထဲမှာ သွေးတွေတွေ့တော့ သူ့အတွင်းဒဏ်ရာတွေ ရနေမှန်းသိပေမယ့် သိပ်ကြီး မပြင်းထန်ဘူးလို့ ထင်တဲ့အတွက် သတိထားဖို့ ပြောလိုက်သည်။
မျက်နှာသေက ပြန်မဖြေတော့ပေ။ ဖက်တီးလည်း ဝူရှဲ့ကို စီးကရက်တစ်လိပ် လှမ်းပေးကာ ရေနွေးအိုးထဲမှ ရေကို လောင်းချ၍ မျက်လုံးများကို ဆေးကြောရင်း မျက်နှာသေရဲ့ အခြေအနေကို မေးလိုက်သည်။ ဝူရှဲ့လည်း မျက်နှာသေ သူ့ကို အခုလေးတင် ပြောခဲ့တာကို ဖက်တီးအား ပြန်ပြောပြလိုက်သည်။
ဖက်တီးသည် နားထောင်ရင်း ခေါင်းညိတ်ပြကာ မြွေများကို တားဆီးနိုင်သည့် ရွှံ့များအကြောင်း ကြားလိုက်သောအခါတွင် သူက ဝမ်းသာအားရ ထပြောလိုက်၏။
"ဟေ့ ဒါက ဟင်းချက်နည်းကောင်းပဲ... ဒီဟင်းချက်နည်းနဲ့ဆို ငါတို့က စိမ့်ထဲမှာ စွမ်းအင်နည်းနည်း သုံးလို့ရတယ် မိုက်လိုက်တာ... အခုနတုန်းကဆို ငါ့ခန္ဓာကိုယ်ပေါ်မှာ တွားသွားနေတဲ့ မြွေတစ်ကောင်အကြောင်း အိပ်မက်မက်နေသေးတယ်.... သူက ငါ့ရဲ့ လည်ချောင်းထဲမှာ တွယ်ကပ်နေပြီး ထွက်သွားဖို့ ငြင်းဆန်နေတာကွ... ငါ့မှာ သေလောက်အောင် ကြောက်သွားတာ"
မျက်နှာသေ ဘေးမှာ ရှိနေချိန်မှာပဲ ဖက်တီးရဲ့ ရယ်မောသံတွေက ပိုအသက်ဝင်လာတော့သည်။
"မင်းရဲ့ လည်ချောင်းထဲက ကြက်ကို သူ စိတ်ဝင်စားမယ်လို့တော့ မထင်ပါဘူး... ဘယ်အကြောင်း ပြောနေတာလဲ... မင်း အကောင်ပေါက်သေးရဲ့လား"
"နိုး.... တစ်နေ့လုံး ရေစိမ်ထားရတော့ ငါးဥတွေတောင် ဖြစ်သွားပြီ... မှိုမတက်အောင်တော့ နေလှန်းရမှာပေါ့”
ဝူရှဲ့ ရယ်မောလိုက်ပြီး ဖက်တီးကလည်း ကြိမ်ဖန်များစွာ ရယ်လိုက်သည်။
"ရယ်နေလိုက်... မင်းလည်း မဖြစ်ဘူးလို့ ငါမယုံဘူး.... ငါတို့ဘာလို့ ဖယ်ထုတ်ပြီး မခြစ်ကြည့်တာလဲ"
ဝူရှဲ့ ခေါင်းယမ်းပြီး မလိုဘူးလို့ပဲ ပြောလိုက်သည်။ အဲဒီနောက် ဖက်တီးက သူ့ကို အနားယူခိုင်း၏။ ဝူရှဲ့မှာ အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း ခန္ဓာကိုယ်၏ ပင်ပန်းနွမ်းနယ်မှုကို မတွန်းလှန်နိုင်ပေ။ မကြာမီမှာပင် သူသည် မျက်နှာသေလည်း ရှိနေတယ်ဆိုတဲ့ စိတ်နဲ့ အိပ်ပျော်သွားကာ အထူးပင် သက်တောင့်သက်သာ ဖြစ်သွားသည်။ သူအိပ်ပျော်သွားတာ ညနေပိုင်းလောက်မှသာ နိုးလာခဲ့သည်။
ကောင်းကင်ကြီးက အနီရောင်ပြောင်းနေပြီ။ အိပ်ရာထချိန်မှာ အဆီနံ့တွေ ရနေရာ ဖက်တီးတစ်ယောက် ဘာတွေ ချက်ပြုတ်နေမှန်း မသိတာကြောင့် အကြိမ်အနည်းငယ် လှုပ်ခါပြီး ထထိုင်ဖို့ ကြိုးစားလိုက်သည်။ သူ့ပုံစံက အိပ်ပျော်နေတဲ့ ဖုတ်ကောင်လိုပါပဲ။ အခုမှ သင်္ချိုင်းထဲက ရှင်ပြန်ထမြောက်လာသလို ကြွက်သားတွေက အရမ်းနာကျင်နေကာ ဒီခံစားချက်ကို ဖော်ပြလို့တောင် မရပေ။
လက်နှင့်ခြေ နှစ်ဖက်လုံးတွင် အားမရှိသဖြင့် မီးပုံအနားသို့ တွားသွားလုနီးပါး လက်များင တုန်ခါနေသည်။ ထိုစဥ် ကျောက်တုံးများကို မှီကာ မျက်နှာသေနှင့် ဖက်တီးတို့ စကားပြောနေသံကို ကြားလိုက်ရသည်။ ဖက်တီးက မျက်နှာသေမှာ ဘာအစီအစဥ်ရှိလဲ မေးနေတာ ဖြစ်ပါ၏။
ဖက်တီး ဒီကောင်ကတော့ ခွဲထွက်ရေးမှာ နောက်တစ်ကြိမ် စတင်နေပြန်ပြီလို့ တွေးလိုက်သည်။ ဖန့်ကျစ်က အဆင်မပြေတော့လို့ သူ့ဦးလေးသုံးနဲ့ ဘယ်လို ဆုံရမလဲလည်း မသိတော့ပါ။ ပြောတာကို ကြားတော့ ဖက်တီးက မျက်နှာသေကို ပြောလေ၏။
"ဒီကိစ္စကို ဝူရှဲ့ မသိစေနဲ့နော်.... မဟုတ်ရင် သူရူးသွားလိမ့်မယ်..."