(55) မြွေအရိုး ၁
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4) 

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ရွှံ့မြွေတစ္ဆေမြို့တော် (ဒုတိယပိုင်း)



Chapter (55)

မြွေအရိုး (၁)



သူလုပ်တဲ့အခါ နည်းနည်းလေး တုံ့ဆိုင်းနေတယ် ဆိုရင်တော့ ဝူရှဲ့မှာလည်း စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားနိုင်လေသည်။ အနည်းဆုံးတော့ သူ မအော်မိတော့ဘူးပေါ့။ ဒါပေမဲ့ ဒီလူကြီးက သူလုပ်သမျှဟာ ရက်စက်လွန်းတယ် ဆိုတာကို မသိပေဘူးလားမသိ။ ဒီလို ရွံမုန်းစရာကောင်းတဲ့ အရိုးတွေကို မျက်နှာတစ်ချက် မပျက်ဘဲ ကိုင်တွယ်ဖြေရှင်းနိုင်​​နေသည်။ 


သူ့အမူအရာကလည်း မပြောင်းလဲသွားပေ။ ပိုးကောင်တွေကလည်း အောက်ကို ဆင်းလာပြီး ဘယ်သူ့ကိုမှ သတိမထားမိသလို ပတ်ပြေးနေ၏။ ကံကောင်းထောက်မစွာနဲ့ ဒီလူအစောတုန်းက သူ့လက်ကောက်ဝတ်ပေါ် သွေးတွေ သုတ်ပေးခဲ့သည်။ မဟုတ်ရင်တော့ သူ ဒီတစ်ခါ တကယ် သေသွားလိမ့်မည်။ 


ခဏလောက် ငြိမ်သက်သွားပြီးနောက် မျက်လုံးတစ်မှိတ် အတွင်းမှာ သူ့ပတ်ဝန်းကျင်က ပိုးကောင်​တွေကို တစ်ကောင်မှ မတွေ့နိုင်တော့တာကို တွေ့လိုက်ရသည်။ ဝူရှဲ့လည်း သူ့အစွမ်းကို အံ့အားသင့်သွားကာ စိတ်ဓာတ်လည်း ကျလာပြန်၏။


ချင်လင်တောင်များနှင့် နှင်းတောင်များတွင် သူ၏သွေးသည် အနည်းငယ် အသုံးဝင်တာကို တွေ့ခဲ့ရ၏။ သို့သော် ဤပိုးကောင်များကို အဘယ်ကြောင့် ထိရောက်ပုံမပေါ်မှန်း မသိချေ။ ဧကန္တ သူနဲ့ မျက်နှာသေရဲ့ သွေးက ကွာခြားချက်တွေ ရှိနေတာလား။ သူတို့ရဲ့ သွေးအသုံးဝင်ပုံတွေက မတူတာလား။ 


မျက်နှာသေသည် အရိုးထဲက ကောက်ယူလိုက်တဲ့ အရာတွေကို မိုင်းတွင်းမီးအိမ်ရဲ့ မီးအလင်းရောင် အောက်မှာ ထားပြီး သေသေချာချာ ကြည့်နေသည်။ ဝူရှဲ့လည်း ပိုနီးကပ်ကာ သေချာကြည့်လိုက်မှ ၎င်းက လက်သီးအရွယ်လောက်ရှိတဲ့ အစိမ်းရောင် အရာဝတ္ထု တစ်ခုဆိုတာ သိလိုက်ရ၏။ 


မျက်နှာသေက သူ့လက်ကို မိုးသည်းထန်စွာရွာတဲ့ နေရာမှာ ရေဆေးချပြီးနောက် ပြန်ယူလိုက်တဲ့အခါမှာတော့ အဲဒီအရာကို အရင်က မြင်ဖူးတဲ့ ကြေးနီဓာတ်မီးတစ်လက် ဖြစ်သွားတာကို တွေ့လိုက်ရတာမို့ ဝူရှဲ့ အံ့သြမိပါသွားသည်။


ခဏလောက် ကြည့်ပြီးနောက် 1980 နဲ့ 1990 ခုနှစ်ဝန်းကျင်မှာ တွေ့ရတဲ့ ဓာတ်မီး အမျိုးအစား ဖြစ်သည်။ ကြေးနီဘူးကို လှည့်ဖွင့်ပြီးနောက် ဓာတ်ခဲထည့်သုံးတဲ့ အရာဖြစ်ကာ အခုတော့ ဒီအရာက သံချေးတက်ပြီး အစိမ်းရောင် ဖြစ်သွားပြီး မှိုလုံးတစ်လုံးလိုလည်း ပုပ်ပွနေသည်။


ဝူရှဲ့ အရမ်း စိတ်ရှုပ်သွားသည်။ ဒီတိရစ္ဆာန်အရိုးစုမှာ ဒီလိုအရာမျိုး ဘယ်လိုလုပိ ပေါ်လာနိုင်မှာလဲ။ ဒါက လူ့အရိုးစုတွေ ဖြစ်နိုင်လား။


သူစဉ်းစားနေတုန်းမှာ မျက်နှာသေရဲ့လက်က အရိုးစုထဲကို ရောက်သွားပြန်​ပြီ။ သူက မျက်လုံးတွေကို မှိတ်ပြီး အတွင်းထဲက စူးစမ်းကြည့်နေသည်။ မကြာခင်မှာ တစ်ခုခုကို ဖမ်းမိသွားပြန်သည်။ သူ့အမူအရာကို ကြည့်လျှင် ကြီးကြီးမားမား တစ်ခုခု ဖြစ်နေပုံပေါ်ပါ၏။


သူ ဆွဲထုတ်လိုက်တဲ့ အရာကို မြင်လိုက်တာနဲ့ ဝူရှဲ့ခမျာ လည်ချောင်းတွေ တင်းကျပ်သွားတော့သည်။ လူ့လက်အရိုး အပိုင်းအစတွေက ပုပ်ပွသွားကာ အနက်ရောင် အညစ်အကြေးတွေနဲ့လည်း ပြည့်နေသည်။ 


“ဒါ…” ဝူရှဲ့ ဘာပြောရမှန်း မသိတော့ပေ။ 


"ဒါက လူကိုစားထားတဲ့ စပါးအုံးမြွေကြီးပဲ... ဒီဓာတ်မီးက အဲဒီလူရဲ့ဟာ"


မျက်နှာသေက သူပြောရခက်နေတာကို ထုတ်ဖော် ပြောဆိုလိုက်ပါ၏။


လက်ရဲ့အရိုးတွေမှာ ချိတ်ဆွဲထားတဲ့ အလှဆင်ထားသော ကြိုးတစ်ချောင်းကို မြင်လိုက်ရတော့ မျက်နှာသေ ပြောတာမှန်ကြောင်း သဘောပေါက်လိုက်ရာ သူ့ရင်ထဲမှာ ထူးဆန်းတဲ့ခံစားချက်တစ်ခု ခံစားလာရသည်။ လူက ချက်ချင်းဆိုသလို စိတ်လှုပ်ရှားလာပြီး အရာများစွာကို တွေးတောလာမိ၏။


ဤအိုအေစစ်၏ မြေပြင်အနေအထားက အလွန်ထူးဆန်းသည်။ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက်မှသာ တချို့အရာတွေကို မြေအောက်မြစ်ရေ မျက်နှာပြင်ပေါ်မှ ရှာဖွေတွေ့ရှိနိုင်မှာ ဖြစ်သည်။ ချိုင်တာမုမှာ မိုးရွာတာက ထီပေါက်သလိုပဲ။ ရေနံလုပ်သား ဒါမှမဟုတ် စူးစမ်းလေ့လာရေးအဖွဲ့က မိုးသည်းစွာ ရွာနေချိန်မှာ ဒီနေရာကို ရှာတွေ့ပြီး ဒီလိုမျိုး ဖြစ်သွားနိုင်ပေမယ့် စပါးအုံးမြွေကြီး ကိုက်ခံလိုက်ရတာက ဖြစ်နိုင်ချေ သိပ်မရှိပါ။ 


နောက်ဖြစ်နိုင်ချေ တစ်ခုကတော့ စပါးအုံးမြွေထဲက အလောင်းဟာ အဲဒီတုန်းက ဝမ်းကျင်တို့ ကုလားအုတ်အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်​ယောက် ဖြစ်နိုင်မလား ဆိုတာပါပဲ။ 


ဝမ်းကျင်သည် နောက်ဆုံး အခိုက်အတန့်တွင် ရှီးဝမ်းမယ်တော်၏ ရှေးဟောင်း နန်းတော်သို့ ဝင်ရောက်ရန် အခွင့်အရေးကို စွန့်လွှတ်ခဲ့ပြီး သူ့ဘာသာသူ ပြန်ရောက်လာသော်လည်း ရှီးဝမ်းမယ်တော်ရဲ့ အပျက်အစီးများထဲ ဝင်ရောက်သွားသော ဟော့လင်တို့ ဘာဖြစ်သွားလဲတော့ သူမ မသိခဲ့ပေ။ 


မျက်နှာသေလည်း ဒီအချက်ကို တွေးကြည့်မိတာကြောင့် အားနင်နဲ့ တခြားသူတွေ ရှိရာကို ကြည့်ပြီး ဝူရှဲ့ဘက် လှည့်ပြောလိုက်သည်။ 


"တက်သွားပြီး ကူညီပေးဖို့ သူတို့ကို ဆင်းခိုင်းလိုက်.... ဒီမြွေအရိုးကို တူးပြီး အထဲမှာ ဘယ်သူရှိလဲ ကြည့်ကြည့်ရအောင်"