Chapter (13)
ဆင့်ခေါ်နည်း
ဝမ်ဖုန်း အကြည့်က တဖြည်းဖြည်း ပြင်းထန်လာသည်။ သူက ပိုင်ရှောင်ရှန်ရဲ့မျက်လုံးတွေကို တိုက်ရိုက်ကြည့်ပြီး ဖြေးဖြေးချင်း ပြောလာခဲ့သည်။
"ဒါက ဘာကိုဆိုလိုတာလဲ"
ဘာကိုဆိုလိုတာလဲ?
ပိုင်ရှောင်ရှန်ရဲ့လက်တွေ အနည်းငယ် တုန်သွား၏။
လွန်ခဲ့သည့် တစ်ပတ်ခန့်က သူမနှင့် ဝမ်ဖုန်း အိမ်ပြန်လာသော ချွေးယွိရှီးဆီမှာ လက်ပူးကြပ်ကြပ် ဖမ်းမိခဲ့ကြောင်း သူမ မှတ်မိနေသောကြောင့် ဖြစ်သည်။ ချွေးယွိရှီး၏ စွပ်စွဲမှုနှင့် စိတ်ပျက်အားငယ်သော အကြည့်တို့ကို သူမရင်ဆိုင်ရန် ရှက်မိသောကြောင့် ထွက်ပြေးသွားခဲ့သည်။
ဝရုန်းသုန်းကားနဲ့ ပြေးခဲ့ရခြင်းပင်။
ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ဖို့ တတ်နိုင်သမျှ ကြိုးစားခဲ့ပါသည်။
သူမ၏ အပြုအမူသည် မှားမှန်း၊ အကျင့်ပျက်မှန်း သိသော်လည်း သူမကိုယ်သူမ မထိန်းနိုင်ခဲ့။ ဝမ်ဖုန်း၏ နူးညံ့သိမ်မွေ့သော ဂရုစိုက်မှုနှင့် ရင့်ကျက်ကာ ကျက်သရေရှိမှုကို သူမ မခံနိုင်ပါ။ သူမ သူ့ကို အရမ်းသဘောကျသည်။ ဒီလူဟာ ဖခင်တစ်ယောက်လို ယုံကြည်ရပေမယ့် သူ့အသက်ကြီးသူတွေနဲ့ လုံးဝ မတူတဲ့ ခံစားချက်တွေကို ပေးခဲ့သည်။
သူမ သူ့အပေါ် မျှော်လင့်ချက်မဲ့စွာ စွဲလန်းနေခဲ့သည်။
ဒါကြောင့် ဝမ်ဖုန်း သူမကို ဒီနေ့ ဖိတ်တဲ့အခါ ဘာပဲဖြစ်ဖြစ်ဟု တွေးကာ အရောက်လာခဲ့သည်။ ချွေးယွိရှီးကို ဘယ်လိုရင်ဆိုင်ရမလဲ ဆိုတာ တွေးရင်း သူမ တုံ့ဆိုင်းနေခဲ့ပြန်၏။ သူမသည် သူမ၏ အချစ်ဇာတ်လမ်းကို အဆုံးသတ်လိုသော်လည်း စိတ်ဓာတ်ကျကာ စိတ်ပျက်အားငယ်မိပြန်သည်။ သို့သော် မိမိကိုယ်ကို ပျက်စီးစေသော စိတ်ဓာတ်ကိုပင် ထိန်းသိမ်းထားခဲ့သည်။
ဒါပေမယ့် ချွေးယွိရှီးဟာ သူမရဲ့ကိုယ်ပိုင်အိမ်မှာပဲ သေနေခဲ့လိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပါဘူး။
ထိုအခိုက်အတန့်တွင် သူမခံစားရသော အကြောက်တရားနှင့် ရှုပ်ထွေးသော ခံစားချက်များကို မည်သူမျှ မသိကြပေ။
ကျန်ဖေးယွီ မသိဘူး၊ သူမ ကြောက်နေပြီထင်ပြီး အိမ်ပြန်ခိုင်းစေချင်ခဲ့သည်။
ဖန်းချူလည်း ဘာမှမသိ။
ပိုင်ရှောင်ရှန် ဝမ်ဖုန်းကို စေ့စေ့ကြည့်နေသည်။ သူမသည် ဤလူကို အလွန်ယုံကြည် အားကိုးခဲ့သော်လည်း ယနေ့ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက တိုက်ဆိုင်လွန်းသဖြင့် သူ့အား သံသယဖြစ်ရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။
ဝမ်ဖုန်း သူမ၏ မျက်လုံးများကို ကြည့်ကာ ခဏအကြာတွင် အကူအညီမဲ့ ခါးသီးသော အပြုံးတစ်ခု ပေးလိုက်သည်။
"မင်းငါ့ကိုသံသယဝင်နေတာလား"
ပိုင်ရှောင်ရှန် မှုန်ကုပ်ကုပ်နဲ့ အဝေးကို လှမ်းကြည့်လိုက်သည်။ သူမသည် ဤသံသယအတွက် အပြစ်ရှိသလိုခံစားရကာ ရှက်ရွံ့မှုနဲ့ နောင်တရနေသော်လည်း သူမ၏ ရိုင်းစိုင်းသောအတွေးများကို မတားနိုင်ပေ။
ဝမ်ဖုန်း စိတ်မဆိုးပါဘူး။ သူ့လည်ချောင်းထဲက နာကြည်းမှုတွေကို မျိုသိပ်ပြီး ပြောလိုက်သည်။
"ဒါ မင်းအပြစ်မဟုတ်ဘူး ငါမင်းကို မြန်မြန်ပြောသင့်တာ တစ်ခုရှိတယ် ဒါပေမယ့် အဲဒီနေ့က မင်းထွက်ပြေးသွားခဲ့တယ် ပြီးတော့ ငါလည်း ပြောခွင့်မရှိတော့ဘူး မင်းငါ့ကို စိတ်ဆိုးမှာကို စိုးရိမ်နေလို့"
ပိုင်ရှောင်ရှန် သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
ဝမ်ဖုန်းက ခေတ္တရပ်လိုက်ပြီး :"လွန်ခဲ့တဲ့ တစ်လလောက်က ယွိရှီးနဲ့ ကွာရှင်းဖို့ ငါ သဘောတူထားပြီးသားပါ။ ကလေးနဲ့ ပတ်သတ်ပြီး လွှဲပေးစရာတွေ ရှိနေတုန်းမို့လို့ ချက်ချင်း မပြောဖြစ်ခဲ့တာ..."
ပိုင်ရှောင်ရှန် သူ့ကို ထိတ်လန့်စွာ ကြည့်နေသည်။
"ရှင်တို့..ရှင်တို့...ကွာရှင်းပြီးပြီ...?"
"ဟုတ်တယ် ငါတို့ ကွာရှင်းစာချုပ်ကို လက်မှတ် ရေးထိုးပြီးသွားပြီ... ငြိမ်းချမ်းတဲ့ ခွဲခွာမှုပဲလေ... အိမ်နဲ့ စားသောက်ဆိုင်က သူမကို ပေးခဲ့ပြီး ငါတို့က ကလေးနဲ့ အတူတူ ပေါင်းသင်းမယ် သူမက ငါ့နဲ့ အေးအတူပူအမျှ ဆယ်နှစ်ကျော်ကြာအောင် ဖြတ်သန်းလာခဲ့တာ.. သူက ငါ့ရဲ့ ကလေးအမေ အကြင်လင်မယား မဟုတ်တော့ဘူးဆိုရင်တောင် မိသားစုဖြစ်နေတုန်းပဲ... ငါ သူ့ကိုသတ်မယ်လို့ မင်းထင်နေလား? ငါတစ်ကိုယ်ကောင်း ဆန်နေရင်တောင် လူသတ်မှုကို မလုပ်ဘူး တချို့ကိစ္စတွေက ဖြေရှင်းချက်တွေ အများကြီးရှိတယ်... ဥပဒေရှိတယ်... လူသတ်မှုက လက်မခံနိုင်စရာ အကောင်းဆုံးနဲ့ တန်ဖိုးမရှိတဲ့အရာ... သူမ သေဆုံးမှုအတွက် ငါလည်း ထပ်တူထပ်မျှ ဝမ်းနည်းမိပါတယ်"
ပိုင်ရှောင်ရှန်သည် ဝမ်ဖုန်၏ ပြတ်သားစွာ ဖွဲ့စည်းထားသော မျက်နှာ၊ ရိုးသားပြီး ဝမ်းနည်းနေသော မျက်လုံးများကို ကြည့်ကာ သူမ၏ မျက်လုံးများထဲမှ သံသယများ တဖြည်းဖြည်း မှိန်ဖျော့သွားသည်။
ဝမ်ဖုန်စရဲ့ စရိုက်ကို သူမ နားလည်မှုအပေါ် အခြေခံပြီး သူဒီလိုလုပ်စရာ အကြောင်းမရှိတာ သေချာပါသည်။ ယနေ့ အရာအားလုံးသည် ဤမျှ ထူးထူးဆန်းဆန်း မဟုတ်ခဲ့ပါက သူမကို ဝရုန်းသုန်းကားဖြစ်အောင် တွန်းပို့လိုက်လျှင်ပင် ဝမ်ဖုန်းကို သူမ သံသယဝင်မိမည် မဟုတ်ပေ။ ဒါကိုစဉ်းစားရင်း ပိုင်ရှောင်ရှန် အနည်းငယ် တောင်းပန်စကားဆိုခဲ့သည်။
"တောင်းပန်ပါတယ်..."
ဝမ်ဖုန်း သူမကို ချစ်ခင်စွာ ကြည့်ပြီး ပြောလိုက်သည်။
"အဆင်ပြေပါတယ်"
ပြီးတော့ သူက ခဏလောက်စဉ်းစားပြီး :"ငါတို့ ဒီကနေ ထွက်သွားပြီးတာနဲ့ အားလုံးကို ပြောပြလိုက်မယ် မင်းကို နောက်ထပ် မတရားမှုမျိုး ထပ်ပြီး ခံစားခွင့် မပေးတော့ဘူး"
ပိုင်ရှောင်ရှန် နာခံစွာ ခေါင်းညိတ်လိုက်သည်။
နှစ်ယောက်သား ဆင်းလာသောအခါတွင် ဖန်းချူနှင့် ကျန်ဖေးယွီတို့က တစ်ယောက်နဲ့တစ်ယောက် နောက်ပြန် ကျောပေးထိုင်ထားကာ တစ်ဖက်ကိုပဲ လှည့်မကြည့်ဘဲ ရှိနေတာ တွေ့လိုက်ရသည်။ ထူးထူးခြားခြား ခြားနားသော လေထုက အတော်လေး ထူးဆန်းနေပုံရသည်။
ဝမ်ဖုန်း အနည်းငယ် အံ့ဩသွားသော်လည်း ၎င်းကို မနေရဲပေ။ သူက သူ့သားရဲ့ခေါင်းကို ပွတ်သပ်ပြီး ဖန်းချူဘက် လှည့်ပြောလိုက်သည်။
"ငါစဉ်းစားနေတာ... ငါတို့ ဒီမှာထိုင်ပြီး သေဖို့စောင့်နေလို့မရဘူး အမှားတစ်ခုမှ မလုပ်ရင် ဘာမှကြောက်စရာ မရှိပါဘူး ဒီတစ္ဆေက ငါတို့ကို ဒီမှာ ပိတ်ထားချင်နေမှတော့ ငါတို့ကလည်း ပြန်တိုက်ရမယ် ဒါအပြင် သူက ယွိရှီးရဲ့လူသတ်သမားလည်း ဖြစ်နိုင်တယ်..."
ဝမ်ဖုန်းရဲ့ မျက်လုံးများက အေးစက်လာသည်။
"သူသေကိုယ်သေ..."
ဖန်းချူနဲ့အတူ ဒေါသထွက်ပြီး သေချင်နေတဲ့ ကျန်ဖေးယွီလည်း သူ့ရဲ့ ကြောက်စရာကောင်းတဲ့ အခြေအနေကို ပြန်ရောက်သွားလေ၏။
"ဒါပေမယ့် အဲဒါက တစ္ဆေနော်...."
မမြင်နိုင်သော၊ မထိနိုင်သော၊ လုံးဝ ကြောက်စရာကောင်းသော အရာတစ်ခုပင်။
အဲဒါကို တိုက်ဖို့ သူတို့က ဘာလုပ်နိုင်မှာလဲ။
ဝမ်ဖုန်း ခေတ္တရပ်လိုက်ပြီး :" သူတကယ် တန်ခိုးကြီးရင် ငါတို့ကို ဘာလို့ ခြောက်ပဲခြောက်နေမှာလဲ... ပြီးတော့ ငါတို့ မတိုက်ရင်ရော ငါတို့ကို လွှတ်ပေးမယ်လို့ မင်းထင်လား"
ဤယုတ္တိဗေဒသည် အမှန်ပင် အသံပဲထွက်ခဲ့ပါသည်။ ဖန်ချူးလည်း တကယ်တော့ ဒီလိုပဲ ထင်ခဲ့တာ။ ဒါပေမယ့် ပြဿနာက သူတို့ထဲက တစ်ယောက်မှ သရဲတစ္ဆေတွေကို တိုက်ခိုက်တဲ့ အတွေ့အကြုံ မရှိခဲ့ဘူးလေ။
မည်သည့် ပြဋ္ဌာန်းစာအုပ်ကိုမျှ မဖတ်ရ၊ လေ့ကျင့်မှု တစ်စုံတစ်ရာ မရရှိခဲ့တာကြောင့် သူတို့ လုံးဝ ထိတ်လန့်ကာ ဤအခြေအနေသို့ ရောက်သွားခဲ့ရတာ မဟုတ်ပါလား။
ဖန်းချူ ယွိစစ်ကျဲကို နောက်တစ်ကြိမ် သတိရသွား၏။
ဝူးဝူး သူဌေးကြီးနဲ့ ဇွဲမလျှော့ဘဲ ယှဥ်ဖိုက်ခဲ့ရတဲ့ နေ့တွေကို လွမ်းလိုက်တာ....
လူတိုင်းက တစ်ယောက်ကို တစ်ယောက် ကြည့်နေကြပေမယ့် ဘယ်သူကမှ အဖြေရှာလို့ မရခဲ့ချေ။
ဤကြောက်စရာကောင်းသော တိတ်ဆိတ်မှုတွင် ကျန်ဖေးယွီသည် ကွမ်ယင်ကျောက်စိမ်းဆွဲသီးကို ဆွဲထားသော လည်ပင်းမှ အနီရောင်ကြိုးတစ်ချောင်းကို ရုတ်တရက် တုန်လှုပ်စွာ ဆွဲထုတ်လိုက်သည်။
"ငါ့အဖွားက ဒီဟာကို ကွမ်ယင်ဘုံကျောင်းက ယူလာပေးတာ... ဆရာကြီးက ကောင်းချီးပေးထားတယ်လို့ ပြောတာပဲ ဒါက အလုပ်ဖြစ်ပါ့မလားတော့ မသိဘူး။"
ချီတုံချတုံနှင့် တုန်တုန်ယင်ယင် အသွင်အပြင်ကို ကြည့်ပြီး သူ့ကိုယ်သူ တကယ်ကို မယုံတော့တာ ရှင်းရှင်းလင်းလင်း ဖြစ်နေတာမို့ အခုမှ သတိရသွားတာ ဖြစ်မည်။
ဒါပေမယ့် ဒီစကားတွေက လူတိုင်းကို တစ်ခုခုအား သတိရသွားစေ၏။
ပိုင်ရှောင်ရှန်လည်း ခဏလောက်စဉ်းစားပြီး သူမလက်ကောက်ကို တို့ထိလိုက်ပြီး :"ရောင်းလိုက်တဲ့လူက ဟေးယောက်ကျောက်တုံးလို့ ကျိန်ဆိုပြခဲ့တယ်... ကျွန်မကို ကာကွယ်နိုင်မလားတော့ မသိဘူး..."
ထောင်းပေါင်တွင် လူသိများသော ပစ္စည်းတစ်ခုပင်။ တစ်ကွင်းကို 88 ယွမ်သာ။ သို့သော် သူမသည် အမှန်တကယ်ပင် အခြားမည်သည့်အရာကိုမျှ မစဉ်းစားနိုင်တော့တာကြောင့် အနည်းငယ် ရှက်ရွံ့သော အမူအရာလေး ပေါ်လာသည်။
ကံကောင်းထောက်မစွာပဲ သူမကို ဘယ်သူမှ မရယ်မောခဲ့ပေ။
ဝမ်ဖုန်း ခဏလောက် စဉ်းစားပြီးနောက် မီးဖိုချောင်ထဲမှာ ဘူးသီးပုံသဏ္ဍာန် သစ်သားထွင်းထုတာကို တွေ့လိုက်သည်။ သူက ချောင်းဆိုးပြီး :"ဟိုအရင်က လမ်းဘေးမှာ တွေ့ခဲ့တာ... မက်မွန်သစ်သားနဲ့ လုပ်ထားတာလို့ ထင်တယ်..."
ဖန်းချူသည် ကျောက်စိမ်းဆွဲသီးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည့် ကျန်ဖေးယွီကို တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် ဟေးယောက် လက်ကောက်ကို ကိုင်ဆောင်ထားသော ပိုင်ရှောင်ရှန်နှင့် နောက်ဆုံးတွင် သစ်သားဘူးသီးကို ကိုင်ထားသည့် ဝမ်ဖုန်းကို ကြည့်၍ သူတိတ်ဆိတ်သွားသည်။
သုံးယောက်သား တုန်လှုပ်ချောက်ချားစွာ ကြည့်နေကြသည်။
လူတိုင်း "လက်နက်အပြည့်အစုံ" ဖြစ်နေပါပြီ။ အသုံးဝင်သည်ဖြစ်စေ မသုံးသည်ဖြစ်စေ အခြားကိစ္စတစ်ခု ဖြစ်သည်ဖြစ်စေ အနည်းဆုံးတော့ သူတို့လက်ထဲမှာ "မှော်ဆန်တဲ့ ရှေးဟောင်းပစ္စည်း" တွေ ရှိနေခဲ့၏။
အေးစက်သော ချွေးများက ဖန်းချူနဖူးပေါ်မှ စီးကျလာသည်။ အချိန်အတော်ကြာပြီးနောက် ဖုန်းကို ထုတ်လိုက်ပြီး ရင်ဘတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
ဝမ်ဖုန်း၊ ကျန်ဖေးယွီနှင့် ပိုင်ရှောင်ရှန် - "???"
ဖန်းချူသည် သူ့သူငယ်ချင်းစာရင်းထဲ ပြန်ဝင်လာတဲ့ ယွိစစ်ကျဲကို စဉ်းစားရင်း အသက်ပြင်းပြင်းရှူရင်း သူ့မျက်နှာက တည်ငြိမ်အောင် ထားလိုက်သည်။ ထို့နောက် စိတ်ကူးယဉ်ဆန်ဆန်နဲ့ "အထဲမှာ အလုံပိတ် ချိတ်တံဆိပ် တစ်ခုရှိတယ်... အရေးကြီးတဲ့အခိုက်အတန့်မှာ ငါ့အတွက် နတ်ဆိုးတွေကိုသတ်ဖို့ နတ်လက်နက်တွေကို ဆင့်ခေါ်ဖို့ ဆင့်ခေါ်တဲ့စာလုံးကို သုံးလို့ရတယ်"
ဝမ်ဖုန်း၊ ကျန်ဖေးယွီနှင့် ပိုင်ရှောင်ရှန် - "……………"
မင်းက ငါတို့ထက်တောင် ပိုစိတ်မချရဘူး သိရဲ့လား?!
သုံးယောက်သား တိတ်တဆိတ် မျက်နှာလွှဲသွားကြသည်။
ဒါပေ့မယ်… အဲဒါက နောက်ဆုံးနည်းလမ်း တစ်ခုပဲ။
အနည်းဆုံးတော့ သူတို့မှာ ကျောက်စိမ်းကွမ်ယင်၊ ဟေးယောက်လက်ကောက်၊ မက်မွန်သစ်သားဘူးသီးနှင့်... အီလက်ထရွန်းနစ် အဆောင်လက်ဖွဲ့ တစ်ခု။
ထူးထူးခြားခြား နှစ်သိမ့်ခံလိုက်ရသလို ခံစားလာရတယ်။ နောက်ဆုံး သူတို့ နတ်ဆိုးနှင့် မြေကြီးဖြိုခွဲရန် ပြင်ဆင်နေချိန်တွင် ပိုင်ရှောင်ရှန်က ရုတ်တရက် အော်ပြောလိုက်သည်။
"ထောင်းထောင်း ဘယ်သွားတာလဲ"
ဝမ်ဖုန်း ထိတ်လန့်သွားပြီး သူ့အမူအရာလည်း သိသိသာသာ ပြောင်းလဲသွားသည်။
ဘေးနားတွင် နာခံစွာရပ်နေသော ဝမ်ထောင်း ပျောက်ကွယ်သွားချေပြီ။
လူတိုင်း တုန်လှုပ်သွားကြသည်။
ဝမ်ဖုန်း လှည့်ပြီး ရှာကြည့်သည်။ စားသောက်ဆိုင်က ကြီးကြီးမားမား မဟုတ်တာကြောင့် ပထမထပ်တစ်ခုလုံးကို အမြန် ရှာဖွေခဲ့ကြသည်။ သို့သော်လည်း ဝမ်ထောင်းက ထိုနေရာတွင် မရှိသောကြောင့် ဒုတိယထပ်ရှိ လှေကားဆီသို့ အာရုံပြောင်းသွားခဲ့ရသည်။
ဝမ်ဖုန်းမျက်နှာ ဖြူဖတ်သွားပြီး မဆိုင်းမတွဘဲ အပေါ်ထပ်သို့ တန်းတန်းမတ်မတ် တက်ကာ သားဖြစ်သူ၏ နာမည်ကို ကျယ်လောင်စွာ အော်လိုက်သည်။
တစ်အိမ်လုံး တိတ်ဆိတ်နေကာ တုံ့ပြန်မှု လုံးဝ မရှိခဲ့ပါ။
ဖန်းချူလည်း အလွန်စိတ်လှုပ်ရှားပြီး အပြစ်ရှိလွန်းသလို ခံစားလိုက်ရသည်။ သူတို့သည် ကလေးကို ဂရုမစိုက်ဘဲ နေခဲ့ကြလို့ ဝမ်ထောင်း ပျောက်သွားရခြင်းပင်။ ဝမ်ဖုန်းနဲ့အတူ အပေါ်ထပ်သို့ အမြန်လိုက်သွားခဲ့သည်။
ဒါပေမယ့် ဝမ်ဖုန်း ရုတ်တရက် ရပ်သွားတာ တွေ့လိုက်ရချိန်မှာတော့ သူတို့ ထိပ်ကို ရောက်သွားပြီ။
ကျန်ဖေးယွီ အံ့သြတကြီး မေးလိုက်သည်။
"ဘာဖြစ်တာ...... လဲ...?"
အိမ်တွင်းရှိ မြင်ကွင်းကို မြင်လိုက်ရသောအခါတွင် သူ့စကားက အဆုံးမသတ်တော့ဘဲ တစ်စုံတစ်ခုကြောင့် ရင်ကျပ်သွားသလိုပင်။
ဒုတိယထပ် လှေကားနှင့် အနီးဆုံးအခန်းတွင် ဝမ်ထောင်းက တံခါးဝတွင် သူတို့အား နောက်ကျောပေးလျက် ရပ်နေသည်။ ကောင်လေး၏ရုပ်သွင်က အနည်းငယ် ပျော့ပျောင်းနေပုံရပြီး အတွင်းကို စိုက်ကြည့်ကာ မလှုပ်မယှက် တိတ်ဆိတ်နေသည်။
ဝမ်ဖုန်း သူ့ကို ဆတ်ခနဲ ပြန်ဆွဲထုတ်လိုက်ပြီး စိုးရိမ်ထိတ်လန့်နေတဲ့ လေသံနဲ့ မေးလိုက်သည်။
"မင်း ဒီမှာ ဘာလုပ်နေတာလဲ!"
ဝမ်ထောင်းက ခပ်တိုးတိုးလေးပဲ :"မေမေ ဘယ်မှာလဲ..."
သူ့မျက်နှာမှာ မျက်ရည်တွေ စီးကျလာပြီး ဝမ်းနည်းမှု၊ ကြောက်ရွံ့မှုတွေနဲ့ ငိုရှိုက်သံတွေ ရောထွေးလာသည်။
“မေမေ့ကို တွေ့ချင်ပေမယ့်… မေမေ ဘယ်မှာလဲ…”
ဖန်းချူ၊ ကျန်ဖေးယွီနှင့် ပိုင်ရှောင်ရှန်တို့လည်း တစ်ကိုယ်လုံး အေးစက်သွားကြသည်။ ယခင်က အလောင်းချထားသော အခန်းသည် ယခုအခါ လွတ်နေပြီး ကုတင်ပေါ်မှာ သွေးအိုင်ကြီးကသာ အစားထိုးလာသည်။
ပြီးတော့ အဖြူရောင်နံရံမှာ သွေးစွန်းနေတဲ့ 'သေ' ကို အခု မြင်နေရပြီ။
အနီရောင်တောက်တောက် 'သေ' ဟူသော စကားလုံးသည် နောက်ဆုံးတွင် ၎င်းတို့၏ နောက်ဆုံး တုန်လှုပ်မှုကို ထပ်မံ ဖြစ်ပေါ်စေခဲ့သည်။ ပိုင်ရှောင်ရှန်မှာ နံရံကို ဖိမိတဲ့အထိ နောက်ပြန်ဆုတ်သွားသည်။ ကျန်ဖေးယွီခမျာ လှည့်ပြေးလိုသော်လည်း လဲကျကာ ဟန်ချက်ပျက်သွားတာကြောင့် လှေကားမှ ပြုတ်ကျသွား၏။ သူသည် မြေညီထပ်သို့ ပြင်းထန်စွာ လဲကျကာ ဦးခေါင်းမှ သွေးများ လျှံထွက်နေသည်။
ထိုအခိုက်တွင် ဖန်းချူသည်လည်း ကျောက်စိမ်းဆွဲသီးက အမှန်တကယ် အသုံးမဝင်ဘူးဟု ထင်ကာ အေးခဲနေစွာဖြင့် ထိုနေရာတွင် ရပ်နေမိသည်။ သူ့အဖွားသွားယူလာသော ဘုံကျောင်းမှ ဘုန်းကြီးများကို ထိရောက်စွာ မလုပ်ဆောင်နိုင်ပုံပါပဲ။
စာရေးသူ၏မှတ်ချက်-
ဖန်းချူ - မင်းတို့ရဲ့ပစ္စည့းတွေက အသုံးမ၀င်ဘူး။ ငါ့ကိုကြည့်ထား (ဖုန်းကိုဆွဲထုတ်) အဆုံးစွန်ဆင့်ခေါ်သားရဲ—ယွိစစ်ကျဲ !!!
ယွိစစ်ကျဲ : ဆင့်ခေါ်တယ်...သားရဲ??