ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ရွှံ့မြွေတစ္ဆေမြို့တော် (ဒုတိယပိုင်း)
Chapter (23)
သဲလွန်စ အသစ်များ
ဟန်ကျိုးက အဆောက်အဦး တစ်ခု၏ အပြင်ဘက်တွင် အားနင်သည် ရှာလကာရည်ငါး၏ နောက်ဆုံးအပိုင်းကို ပြီးအောင်ကြည့်ရင်း ကျေနပ်စွာဖြင့် ပါးစပ်ကို သုတ်လိုက်ကာ မူးဝေသွားသည့် အမူအရာပြ၍ ဆိုလာသည်။
"ဟန်ကျိုးက အစားအသောက်တွေက တကယ်ကောင်းပေမယ့် နည်းနည်းတော့ ချိုလွန်းတယ်"
ဝူရှဲ့၏ စိတ်မရှည်မှုသည် အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သော်လည်း အခုအချိန်မှာ ဒေါသမထွက်ချင်တော့ရာ အားတင်း ပြုံးပြပြီး လက်ဝှေ့ယမ်းကာ စားပွဲထိုး ငွေရှင်းရန် အချက်ပြလိုက်သည်။
ရိုးရိုးသားသား ပြောရမယ်ဆိုရင် အသိမိတ်ဆွေ တစ်ယောက်အနေနဲ့ သူမကို ထမင်းကျွေးရတာ သိပ်ပြီး ဆိုးလှတယ်လို့လည်း မဟုတ်ပေ။ မိမိမှာ သူစိမ်းတွေနဲ့ တစ်ခါမှ မစားဖူးတဲ့လူ မဟုတ်ပေမယ့် ဟင်းက လှည့်စားသလိုဖြစ်ပြီး နှစ်နာရီကြာအောင် မစားခဲ့ရပါဘူး။ အားနင်က စကားတစ်ခွန်းမှ မပြောဘဲ သူတို့ကို ကြည့်ရင်း ရယ်မောလိုက်ရာ တကယ်ကို သည်းမခံနိုင်အောင် ဖြစ်လာသည်။
သူမအပေါ် အထင်ကြီးတတ်တဲ့ ဖက်တီးတစ်ယောက်လည်း စိတ်ဓာတ်ကျနေပြီ။ သူသည် အစကတော့ သူ့တင်ပါးကိုပုတ်ပြီး ထွက်သွားဖို့ ကြံစည်ခဲ့ပေမယ့် ဝူရှဲ့မှာ ဒီအမျိုးသမီးနဲ့ နှစ်ယောက်တည်း မစားချင်တာကြောင့် သူ့ကိုပါ အရက်ဆိုင်ထဲကို ဆွဲခေါ်သွားခဲ့လေသည်။
သူတို့နှစ်ယောက်လုံးက အများကြီး မစားနိုင်ကြပါဘူး။ ဖက်တီးကောင်က အဲဒီမှာပဲ သောက်နေတော့ သူတို့နှစ်ယောက်လုံးက လေးနက်တဲ့မျက်နှာနဲ့ ထိုင်နေရသည်။ သူ့ဆီ ဘာလို့လာတာလဲလို့ စိတ်ထဲမှာ တွေးရင်း တစ်ဖက်ကလည်း ဘယ်လို ရင်ဆိုင်ရမလဲဆိုတာ တွေးနေ၏။ ဒါ့အပြင် ရုတ်တရက် ခုန်ပေါက်ပြီး မြှားပစ်တတ်တဲ့ ဒီအမျိုးသမီးကို သတိထားဖို့ကလည်း စဉ်းစားထားသည်။
စားပွဲထိုးက ဘေလ်ပေးချေရန် လာသောအခါ သူတို့ကြားက လေထုကြောင့် ပဟေဠိဆန်သော မျက်လုံးများဖြင့် ကြည့်နေလေသည်။
နှစ်နာရီကြာအောင် တစ်ယောက်နဲ့ တစ်ယောက် စကားမပြောတဲ့ ဧည့်သည်တစ်ယောက်ကို မြင်ရတာ ရှားရှားပါးပါးပဲ။ ဒေါသတကြီးဖြင့် အဆောက်အဦး အပြင်မှာ ခေါင်းငုံ့စားသောက်နေတဲ့ ဧည့်သည်တစ်ယောက်ကို မြင်ရတာ ရှားတယ်လေ။ သူ့ရဲ့ မျက်လုံးတွေကို ကြည့်လိုက်ရင် ဝူရှဲ့တို့ကို ငွေချေးစားသူလို့ ထင်ကောင်းထင်နိုင်သလို သူတို့က ရုပ်ရည် ချောမောတဲ့ ဒီအမျိုးသမီးကို နှစ်ယောက်ပေါင်းပြီး စားတော့မယ့် လူတွေအတိုင်းပင်။
ဒါပေမဲ့ စာမေးပွဲ မဖြေရသေးတဲ့ ကျောင်းသားတွေဆီ ဆရာမက လာလည်တာကြောင့် ရုတ်တရက် စိတ်မကောင်း ဖြစ်မိသွားသလို ဝူရှဲ့မှာလည်း ထိုခံစားချက်ကို ကိုယ်တိုင်ကိုယ်ကျ ခံစားနေရသည်။ အားလုံးကို ခြုံပြောရရင် ဒီဟင်းက တစ်သက်လုံး စားဖူးသမျှထဲမှာ စိတ်ပျက်စရာ အကောင်းဆုံး ဟင်းပါပဲ။
စားပွဲထိုး ထွက်သွားပြီးနောက် ဖက်တီးသည် စားပွဲပေါ်ရှိ ဟင်းပွဲများကို ကြည့်ကာ ဆူညံပွက်လော ရိုက်သွားတော့သည်။
"မင်းက ထမင်းစားချင်တဲ့ အခါကျတော့ ရက်စက်တဲ့ လူတစ်ယောက်လို မလုပ်တော့ဘူးနော်....ဘာလဲ မင်းက မင်းတို့ကုမ္ပဏီအတွက် အရမ်းကြိုးစားနေတာ မဟုတ်ဘူးလား? မင်းတို့ကုမ္ပဏီက ထမင်းဖို့တောင် အပြည့်မပေးလို့လား"
"ကျွန်မတို့က တစ်နှစ်ပတ်လုံး တောထဲမှာ နေရတာ.... ရွှေချောင်းတွေ သယ်လာရင်တောင် ကောင်းကောင်း မစားနိုင်ဘူး" အားနင်က မျက်ခုံးပင့်ကာ ဆို၏။
"ဖိသိပ်ထားတဲ့ ဘီစကွတ်တွေနဲ့ နှိုင်းယှဥ်ရင်တော့ ဒါတွေ အားလုံးက ကောင်းတယ်"
ဖက်တီးက လှောင်ပြောင်ကာ ဝူရှဲ့ကိုကြည့်၍ မျက်တောင်ခတ်ပြလေသည်။ သူ့စကားများကို အုပ်စိုးလိုက်ဖို့ ဝူရှဲ့အား တောင်းဆိုနေခြင်းပင်။ ဝူရှဲ့မှာ ချောင်းဆိုးပြီး ဘာပြန်ပြောရမှန်း မသိပေမယ့် အားနင်က သိသာထင်ရှားစွာ သူ့ကို လာတွေ့တာမလို့ ဖက်တီး ဝင်အော်နေတာက မသင့်တော်တဲ့အတွက် အံကြိတ်ပြီး မေးလိုက်သည်။
“မင်းကို ကျွေးပြီးပြီ.... ပြောစရာရှိရင် တိုက်ရိုက်ပြောကြရအောင် ဒီတစ်ခေါက် ငါ့ဆီလာတာ ဘာကိစ္စရှိလို့လဲ"
အားနင်က သူမပါးစပ်ထောင့်ကို ပင့်မြှောက်လိုက်ပြီး။
"ဘာလို့ ဒီလိုမေးနေတာလဲ? ဘာကိစ္စမှ မရှိရင် ရှင့်ဆီကို မလာရဘူးလား?"
ဒီပုံစံက ချစ်စရာ ကောင်းလွန်းပါ၏။ သူမ ဝူရှဲ့ကို ကြည့်တဲ့အခါ မျက်လုံးတွေက ရေတွေကျနေသလိုပင် ခံစားရစေသည်။ ဝူရှဲ့ ရင်ဘတ်ကြီး ချက်ချင်း ပိတ်ဆို့သွားကာ သွေးအန်ချင်သလို ခံစားလာရရာ မသိစိတ်က ဖက်တီးဘက်ကို လှည့်ကြည့်လိုက်သည်။ ဒါပေမဲ့ ဖက်တီးက မကြားချင်ယောင်ဆောင်ပြီး မျက်နှာကို တစ်ဖက်သို့ လှည့်ထားလေသည်။
ဘယ်လိုမေးရမှန်းမသိဘဲ ခေါင်းကို နောက်ပြန်လှည့်ဖို့ကလွဲပြီး “ဟမ်” လို့ပြောလိုက်တာနဲ့ တော်တော်ကြာအောင် စကားမပြောနိုင်ဘဲ ရပ်တန့်သွားရာ ရုတ်တရက် မျက်နှာက နီရဲသွားရသည်။
အားနင်မှာ ဝူရှဲ့ကို ဒီပုံစံအတိုင်း ထိုင်ကြည့်နေခဲ့ပြီး ပထမတော့ ဝူရှဲ့ သူမကို ဘယ်လို ရင်ဆိုင်ရမလဲ ဆိုတာ သိချင်စိတ် ပြင်းပြလာခဲ့ပါ၏။ ဒါပေမဲ့ အကြာကြီး စောင့်ပြီးတဲ့အထိ ဘာမှပြန်မပြောဘဲ ထိုင်နေရာ သူမက ရယ်စရာကောင်းတဲ့ပုံစံနဲ့ ခေါင်းယမ်းကာ ပြောလာလေသည်။
"ရှင်နဲ့ ပတ်သက်ပြီး ကျွန်မဘာမှ မလုပ်ပေးနိုင်တာတော့ အမှန်ပဲ....ရှင့်ရဲ့ဒီလိုပုံစံက ဟန်ဆောင်နေတာလား မသိပေမယ့် မေ့လိုက်ပါ... ကျွန်မရှင့်ကို မနှောင့်ယှက်တော့ဘူး ကျွန်မရှင့်ကို ရှာတာ ကိစ္စတစ်ခုရှိနေလို့..."
သူမက စကားပြောရင်းနဲ့ လွယ်အိတ်ထဲက ပစ္စည်းတွေကို ထုတ်ပြီး ဝူရှဲ့ဆီ ကမ်းပေးလိုက်သည်။
"ကျွန်မတို့ ကုမ္ပဏီက အခုမှပဲ လက်ခံရရှိထားတာ....ရှင်နဲ့ ပတ်သက်တာတွေ ရှိတယ် ကြည့်ကြည့်လိုက်"
ဝူရှဲ့ ထိုအရာကို ကြည့်လိုက်တော့ အထုပ်တစ်ထုပ် ဖြစ်နေ၏။ မြင်လိုက်တာနဲ့ ဝူရှဲ့ခမျာ ကျောက်တုံးကြီးတစ်တုံး သူ့အပေါ် ပိသွားသလို နှလုံးခုန်သံတွေလည်း အကြမ်းပတမ်း ခုန်ထွက်သွားလေသည်။ အဲဒါက ဘာလဲဆိုတာ ကြည့်တာနဲ့ကို အကြမ်းဖျင်း သိလိုက်ပြီ။ ဒီလို အရွယ်အစားနဲ့ ပုံသဏ္ဌာန်ဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်ရဲ့ အတွေ့အကြုံတွေနဲ့ တွဲပြီးကြည့်လျှင် ခန့်မှန်းရခက်တဲ့ အရာကြီးဆိုတာတော့ အမှန်ပဲ။ ဒါကြောင့် အေးစက်တဲ့ ချွေးတွေ ထွက်ကျလာတာကိုပင် မထိန်းနိုင်လိုက်ပေ။
ဖက်တီးက ဘာဖြစ်နေမှန်း မသိချေ။ သူက ဝူရှဲ့ ခဏလောက် မှင်တက်သွားတာကို မြင်တော့ ဖမ်းဆွဲပြီး ဖွင့်လိုက်သည်။ အဲဒါက အနက်ရောင်ဗီဒီယို တိပ်ခွေနှစ်ခွေ ဖြစ်နေပါ၏။ သူ ကျီလင်မှာတုန်းက ရခဲ့တဲ့ တိပ်ခွေတွေအတိုင်းပဲ။
ဒီဟာ ဖြစ်မယ်လို့ မှန်းဆမိပေမယ့် အတည်ပြုပြီးတာနဲ့ စိတ်ပူနေတုန်းပဲ။ မျက်နှာသေက တိပ်ခွေကို နှစ်ခွေထက်ပိုပြီး ပို့ခဲ့တာလား။ သူ့ဆီ ပို့ခဲ့သလို တစ်ချိန်တည်းမှာ အားနင်တို့ ကုမ္ပဏီသို့လည်း နောက်ထပ် မိတ္တူတစ်ခွေ ပေးပို့ခဲ့သေးသည်။ ဒီတိပ်နှစ်ခုက သူရရှိထားသော တိပ်ခွေနှစ်ခွေနဲ့ တူညီနေလား။
ဒီအစ်ကိုလေးက ဘာလုပ်ချင်နေတာလဲ။
"ဒါကို လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်မတို့ ကုမ္ပဏီရဲ့ ရှန်ဟိုင်းရုံးချုပ်ကို ပို့ခဲ့တာ.... ပေးပို့သူက အရမ်းထူးခြားတော့ ကျွန်မဆီ အမြန်ပဲ ရောက်လာတာ"
အားနင်က ဝူရှဲ့ကို ကြည့်ပြီး ဆက်ပြောလေသည်။
"ဒါကို ကြည့်ပြီးတော့ ကျွန်မရှင့်ဆီ လာရမယ် ဆိုတာ သိလိုက်တာပဲ..."
ဗီဒီယိုတိပ်ခွေအကြောင်း ပြောနေတာကို ကြားတော့ ဖက်တီးသည် လျှို့ဝှက်ချက်ကို မဖုံးကွယ်ထားစမ်းနဲ့ ဆိုသော မျက်နှာထားဖြင့် သူ့အား မျက်စိ မှိတ်ပြလေသည်။ ဝူရှဲ့လည်း သူ့အား အဲ့လောက် စိတ်မလှုပ်ရှားနဲ့ ဆိုတဲ့ ပုံစံနဲ့ ချောင်းဆိုးလိုက်ပြီး အားနင်ကို မေးလိုက်သည်။
"ပို့သူက ဘာတွေထူးခြားနေတာလဲ? တိပ်ခွေထဲမှာ ဘာတွေပါလဲ?"
အားနင်က ဖက်တီးဘက် တစ်ချက်လှည့်ကြည့်၍ ခပ်ဖျော့ဖျော့ပြုံးကာ ဖြေလာသည်။
"ပို့သူက အရမ်းထူးခြားတယ်... နေ့ချင်းပြန်ပို့သူ...."
သူမသည် အိတ်ထဲမှ နေ့ချင်းပြန် ပို့သူ၏ နာမည်ပါစာရွက်ကို ထုတ်ကာ ပြသည်။
"ဘယ်သူလဲ ကြည့်စမ်းပါဦး..."
သူမဟာ လျှို့ဝှက်ဆန်းကြယ်စွာ ပြောနေတာကို မြင်လိုက်ရတော့ ပေးပို့သူဟာ ကျန်းချီလင်ပဲ ဖြစ်သင့်တယ်လို့ ကိုယ့်ဘာသာကိုယ် ထင်ခဲ့တာ။ ဒီလူက တကယ်ကို ထူးခြားလွန်းတယ်လေ။ ဒီလူဟာ ဒီကမ္ဘာမှာ ရှိရောရှိသေးရဲ့လားလို့ ခံစားမိပေမယ့် အားနင်က သူထူးခြားကြောင်း ဘယ်လိုလုပ်သိလဲ။
ယူကြည့်လိုက်တော့ ဖက်တီးကလည်း ခေါင်းတိုးကြည့်လာသည်။ နာမည်ကိုတော့ နှစ်ယောက်သား အံ့ဩသွားလေသည်။ အမြန်စာပို့တဲ့ သူရဲ့အမည်ကို ပြေစာပေါ်မှာ ရေးထားတယ်။ နာမည်က 'ဝူရှဲ့' တဲ့။
"မင်း?"
ဘေးက ဖက်တီးမှာ နားမလည်နိုင်အောင် အော်လိုက်သည်။ ဝူရှဲ့ ချက်ချင်းခေါင်းခါပြီး အားနင်ကို ကြည့်လိုက်သည်။
"မပို့ဘူး! ဒါငါပို့တာ မဟုတ်ဘူး!"
အားနင်ကလည်း ခေါင်းညိတ်သည်။
"ကျွန်မတို့လည်း သိတယ်... ရှင်ဘယ်လိုလုပ် ကျွန်မတို့ဆီ ပစ္စည်းတွေ ပို့မှာလဲ? ပို့တဲ့သူက ကျွန်မဆီရောက်ကြောင်း သေချာစေဖို့ ဒီနာမည်ကို ရေးခဲ့တာ"
ဖက်တီးရဲ့ စိတ်ဝင်စားမှုမှာ တုန်လှုပ်သွားပြီး "အထဲမှာ ဘာတွေကို ရိုက်ထားတာလဲ?"
"အထဲမှာပါတဲ့ အရာတွေက တော်တော် ထူးဆန်းတယ်.... ရှင်တို့ ကိုယ်တိုင် စမ်းကြည့်သင့်တယ်လို့ ထင်တယ်"
ဝူရှဲ့လည်း စိတ်ထဲမှာ သံသယတွေက အရမ်းပြင်းထန်နေတော့ ဒီအချိန်မှာ သတိထားဖို့ မေ့သွားပြီး ရုတ်တရက် မေးလိုက်မိသည်။
“ဆံပင်ဖြီးနေတဲ့ အမျိုးသမီးပဲလား”
အားနင်မှာ အနည်းငယ် စိတ်ရှုပ်နေမှန်း သိသာထင်ရှားစွာဖြင့် ဝူရှဲ့ကို မော့ကြည့်ကာ ခေါင်းယမ်းလိုက်သည်။
"ဟင့်အင်း.... အတွင်းမှာရှိတဲ့ အရာတွေက လူသားတွေလို့ သတ်မှတ်လို့ ရရဲ့လားတောင် မသိဘူး"