(17) ပြန်လည်စတင်ခြင်း
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4) 

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ရွှံ့မြွေတစ္ဆေမြို့တော် (ပထမပိုင်း)



Chapter (17)

ပြန်လည်စတင်ခြင်း 



ဦးလေးသုံးက ဒီအထိပြောတဲ့အခါ သူသိသမျှ နဂါးသွေးကြော အဝင်အထွက်တွေ အကြောင်း ပြောပြသည်။ ပြောပြီးနောက် နှစ်ယောက်စလုံး သက်ပြင်းချလိုက်သည်။ ဦးလေးသုံးသည်လည်း စိတ်ပူပင်မှု ကင်းသွားသလို စိတ်အေးလက်အေး ဖြစ်သွား၏။


နှစ်ယောက်စလုံး ငြိမ်သွားပြီး ဦးလေးသုံးက ရေချိုးခန်းသုံးဖို့ ထွက်သွားတော့ ဝူရှဲ့ မျက်လုံးကိုမှိတ်ပြီး အစအဆုံး ပြော​ပြခဲ့တာတွေကို ပြန်စဥ်းစာကြည့်လိုက်မိသည်။ မိနစ်အနည်းငယ် ကြာပြီးနောက် သူသည် အရာများကို ရှင်းလင်းပြတ်သားစွာ ခွဲထုတ်နိုင်ခဲ့သည်။


အလုံးစုံ 100% ရှင်းရှင်းလင်းလင်း ဖြစ်သွားတာ မဟုတ်သော်လည်း ချိုသဲ့ခေါင်နှင့် ဦးလေးသုံးတို့ကြားက အကြောင်းရင်းနှင့် နောက်ဆက်တွဲအများစုမှာ ရှင်းရှင်းလင်းလင်း ဖြစ်လာ​ပြီ ဖြစ်သည်။ သူ မသိသောအရာမှာ နှစ်ခု သို့မဟုတ် သုံးခုသာ ရှိ​တော့သည်။


ဦးလေးသုံး အနေနဲ့ကတော့ ပင်လယ်​ရေအောက် ဂူသင်္ချိုင်းက အတွေ့အကြုံဟာ အိပ်မက်ဆိုးရဲ့ အစဖြစ်ပြီး မြေအောက်လောကသား အဖြစ် တဖြည်းဖြည်း ရင့်ကျက်လာဖို့အတွက် အခွင့်အရေး တစ်ခုလည်း ဖြစ်လာခဲ့လေ၏။ ရှေးဟောင်း သင်္ချိုင်းတွင်း၌ ပျောက်ကွယ်သွားသော ရှေးဟောင်း သုတေသနအဖွဲ့ကို ရှာဖွေရန်အတွက် သူသည် သူ့ဘဝတစ်လျှောက်လုံး မြှုပ်နှံထားခဲ့သည်ဟု ဆိုနိုင်သည်။ သူ့ဘဝတစ်လျှောက်လုံး မြှုပ်နှံထားတဲ့ ငွေနဲ့ အချိန်ကို ထည့်​ပြောနေစရာပင် မလိုတော့ပေ။ 


တိမ်ထိပ် ကောင်းကင်နန်းတော်မှာလည်း အားနင်နဲ့ တခြားသူတွေရဲ့ ရောက်ရှိလာမှုကို နှောင့်နှေးစေဖို့အတွက် သူ့အသက် မွေးဝမ်းကြောင်း အလုပ်ကို ပြတ်ပြတ်သားသား စွန့်လွှတ်ခဲ့ရသည်။ ချောင်ရှားမှာရှိတဲ့ ကောင်လေးတွေ အားလုံးလည်း လူစုခွဲလိုက်ကြ​ပြီ။ ဦးလေးသုံးသည် အိမ်တော်ကြီး ၉ခုရဲ့ သားစဉ်မြေးဆက်များထဲမှ အကောင်းဆုံး တစ်ဦးဟု ဆိုသင့်သော်လည်း ယခုအခါ အရာအားလုံးသည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။


ယခု သူသည် တစ်ပိုင်းသေ​​နေသည့် အခြေအနေတွင် ရှိနေသဖြင့် အမှန်တကယ်ပင် သူ့အသက်အရွယ်အရ အနားယူသင့်သည်မှာ ကြာပြီဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ နှိပ်စက်ညှဉ်းပန်းမှုတွေ ခံစားနေရတာမို့ ကံမကောင်းဆုံးသူဟု ဆိုရမည်။ ဒါပေမဲ့ ဝူရှဲ့သည် အဲဒီအကြောင်းကို ကြားသိပြီးတဲ့ နောက်မှာတော့ ဒီကိစ္စဟာ သူနဲ့ လုံးဝ မသက်ဆိုင်ကြောင်း သိလိုက်ရပါ၏။ အခု တွေးကြည့်တော့ ဦးလေးသုံး သူ့ကို လိမ်တုန်းက စေတနာကောင်း ထားခဲ့သလိုပင့ ခံစားလာရသည်။ သူဆိုရင် ရေက အရမ်းနက်တယ် ဆိုတာ သိတာနဲ့ ဝင်ဖို့ ငြင်းဆန်မှာပဲလေ။ 


ဦးလေးသုံးပေးခဲ့တဲ့ အရေးကြီးဆုံး အချက်အလက်ကတော့ အဲဒီအချိန်က သူတို့သင်္ဘောပေါ်မှာ လူတွေထဲမှာ ပင်လယ်အောက်သင်္ချိုင်းရဲ့ တည်ရှိမှုကို သိတဲ့ တတိယလူလည်း ရှိပုံရ၏။ အဲဒီလူက ဟော့လင်နဲ့ ပတ်သက်နေတာ ထင်ရှားကာ ဦးလေးသုံးနဲ့ ရှဲ့လျန်းဟွမ်ကို လုပ်ကြံခဲ့လေသည်။ 


ပြီးတော့ ဒီလူက အဲဒီဆယ်ယောက်ထဲမှာ ဖြစ်ရမှာ ဆိုတော့ နောက်ဆုံး သူတို့ ရေအောက် သင်္ချိုင်းထဲကို ဝင်လိုက်တဲ့ အချိန်တုန်းက ပင်လယ်ထဲမှာ လှေမရှိတာကြောင့် သူလည်းပဲ သင်္ချိုင်းထဲ ပါသွားလိမ့်မည်။ 


ထို့ကြောင့် ဦးလေးသုံး၊ ဝမ်ကျင်၊ မျက်နှာသေ၊ ဟော့လင်၊ ရှဲ့လျန်းဟွမ် (သေဆုံးသွား) နှင့် သူ့ကိုပြန်ပို့ခဲ့သူ မှလွဲ၍ လီတစစ် အပါအဝင် လူလေးယောက်သာ ကျန်တော့၍ စုစုပေါင်း ဆယ်ယောက်သာ ရှိတော့သည်။ တကယ်လို့ မျက်နှာသေ ပြောတာမှန်ရင် အဲဒီလူက လူလေးယောက်ထဲက တစ်ယောက်ဖြစ််မယ်။ လူလေးယောက်ထဲက တစ်ယောက်က မိန်းမဖြစ်ရမယ်။


အကယ်၍ ရှဲ့လျန်းဟွမ်ရဲ့ အလောင်းက ဖုတ်ကောင်ဖြစ်ပြီး ပြန်မလာခဲ့ပါက ဤလျှို့ဝှက်ဆန်းကြယ်သော လူသည် ထိုလူသုံးယောက်ထဲတွင် ရှိနေလိမ့်မည်။ ဒီနေရာတွင် မျက်နှာသေ မေ့မြောမသွားမီ နောက်ထပ်မေးခွန်းတစ်ခုရှိ သေးသည်။ ဒီမေးခွန်းက အရမ်းထူးဆန်း၏။ လွဲမှားပြီး ရှင်းပြဖို့ကြိုးစားရင် အဓိပ္ပာယ်ရှိပေမယ့် ဝူရှဲ့မှာ တစ်ခုခု မှားနေသလိုခံစားရတုန်းပဲ။ အိမ်ပြန်သွားတဲ့အခါ သေသေချာချာ ပြန်စဉ်းစားရမည်။


ချိုသဲ့ခေါင်နဲ့ ပတ်သက်ပြီး ပြောရလျှင် ချိုသဲ့ခေါင်သည် ရှီးရှားတွင် ရှေးဟောင်း သုတေသနအဖွဲ့ ပင်လယ်ထဲ သွားသည့် နှစ်အကြောင်းပြောရန် ငြင်းဆိုခဲ့သည်။ ထင်ရှားသည်မှာ ဤကိစ္စသည် အလွန်အရေးကြီးပြီး အဓိကလျှို့ဝှက်ချက်များ ပါ၀င်​ပေမည်။ အရင်က ဖြစ်ပျက်ခဲ့တာတွေကို ပြောပြဖို့ ဆန္ဒရှိခဲ့တဲ့ အကြောင်းရင်းဟာ အခုအချိန်မှာ ဒါတွေနဲ့ မသက်ဆိုင်​တော့ဘူးလို့ ထင်လို့​ဖြစ်မည်။ အဲဒီတုန်းက သူလိုက်ရှာနေတဲ့ အရာဟာ စစ်မတ်ကာလ ပိုးထည်စနဲ့ သက်ဆိုင်နေတဲ့ ကိစ္စရပ်တစ်ခုသာ ဖြစ်လေသည်။ 


ဒါပေမဲ့ သူ့ပန်းတိုင်က ပြောင်းလဲသွားပြီ ဆိုတာ သိသာထင်ရှားပါ၏။ ဒီလိုတွေးရင်း ဝူရှဲ့သည် ဦးလေးသုံး မမျှော်လင့်ထားတဲ့ အရာတစ်ခုကို တွေ့ရှိသွားခဲ့သည်။ ချိုသဲ့ခေါင်ရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ဒါကအခုထိ မြူခိုးတွေလို မှုန်ဝါးဝါး ဖြစ်နေတုန်းပါပဲ။ ထိုလူက လူသေတွေကို ဓါတ်ပုံရိုက်၊ ပန်းချီကားတွေ ရိုက်သည်။ ဘုရင်လုနန်းတော်နဲ့ ကောင်းကင်နန်းတော်ထဲကို ဝင်တာတွေဟာ ပညာရပ်နဲ့ သက်ဆိုင်တဲ့ သုတေသနတွေ မဟုတ်တာ သေချာ​နေ​ပြီ။ သူ တကယ်ပဲ ဘာလုပ်ချင်​နေတာလဲ။


ချိုသဲ့ခေါင်သည် အသက် ကိုးဆယ်ကျော် အဘိုးကြီးဖြစ်နေပြီ ဖြစ်သောကြောင့် သူလုပ်နေတာတွေက ငွေနှင့် နာမည်ဂုဏ်သတင်းအတွက် မဟုတ်သည်မှာ သိသာ ထင်ရှားနေပါပြီ။ 


ဦးလေးသုံး အိမ်သာတက်ပြီး ပြန်လာတော့ ဝူရှဲ့ သူတွေးမိတာကို ပြောပြလိုက်သည်။ ဦးလေးသုံးက ခေါင်းညိတ်ပြီး ပြောပါ၏။ 


"ဒီကိစ္စကို ငါလည်း စဉ်းစားပြီးပြီ ဒါပေမဲ့ ဒီကိစ္စက ရှုပ်ထွေးလွန်းတော့ ရှင်းပြလို့မရဘူး.... ချိုသဲ့ခေါင် ရှီးရှားပရောဂျက်ကို ဘာလို့ စတင်ခဲ့လဲ ငါနားမလည်နိုင်ဘူး... မင်းဂရုတစိုက် ခံစားကြည့်လိုက်ရင် သဲလွန်စတချို့ကို ခံစားရလိမ့်မယ်... လုနန်းတော်၊ ပင်လယ်ကြမ်းပြင်သင်္ချိုင်းနဲ့ ကောင်းကင်နန်းတော်တွေက ဝမ်းကျန့်ဟိုင် သွားခဲ့တဲ့ နေရာတွေပဲ... အပေါ်ယံ ခန့်မှန်းကြည့်ရရင် သူတို့က ဝမ်းကျန့်​ဟိုင်ရဲ့ ခြေရာကို လိုက်နေသလိုပဲ...ဝမ်းကျန့်ဟိုင် အဲဒီရှေးဟောင်း သင်္ချိုင်းထဲမှာ ကျန်ခဲ့မယ့် တစ်ခုခုကို ရှာနေကြတာ ဖြစ်မယ်" 


"ရှေး​ဟောင်း ဂူသင်္ချိုင်းထဲမှာ ကျန်ခဲ့တဲ့ဟာလား? မြွေမျက်ခုံးမွေး ငါးကြေးရုပ်များလား" 


ဝူရှဲ့ ခဏလောက် စဉ်းစားကြည့်လိုက်သည်။ 


အရှေ့ရှအင်ပါယာ၏ လျှို့ဝှက်ချက်များကို ကျော်ဖြတ်ရန် အတွက် ဝမ်းချောင်ဟိုင်သည် ဖုန်းရွှေဖြင့် လျှို့ဝှက်မြွေမျက်ခုံး ငါးကြေးရုပ်ထဲတွင် ဝှက်ထားခဲ့သည်။ သူက အနာဂတ်တွင် သင်္ချိုင်းဓားပြများ တွေ့ရှိလိမ့်မည်ဟု မျှော်လင့်ထားပုံရသည်။ ထို့ကြောင့် ထိုရှေးဟောင်းသင်္ချိုင်းများတွင် မြွေမျက်ခုံး ငါးကြေးရုပ်များကို ဝှက်ထားခြင်းပင်။ 


ဦးလေးသုံးက ခေါင်းယမ်းပြပြီး သိပ်မဟုတ်သလို ခံစားရကြောင်း ဆိုလေသည်။ တခြားအရာတွေကြောင့်လိုလည်း ဆိုနိုင်၏။ သူတို့ဟာ ဝမ်းကျန့်ဟိုင် ဘာသဲလွန်စ ရဖို့အတွက် ရေအောက်သင်္ချိုင်းထဲကို ထပ်ခါတလဲလဲ သွားခဲ့တာလဲ ဆိုတာကို သိချင်နေကြတာလည်း ဖြစ်နိုင်သည်။ 


"တကယ်တော့ မင်းရဲ့ဦးလေးသုံး ငါက သူတို့လုပ်ချင်တာက ဘာလဲ ဆို​​တာကို ဂရုမစိုက်ဘူး... ငါက ရှီးရှားကျွန်းရဲ့အောက်ခြေမှာ သူတို့ပျောက်ကွယ်သွားပြီး နောက်ပိုင်း ဘာဖြစ်သွားလဲ သိချင်တာ... ဝမ်းကျင်နဲ့ တခြားသူတွေ ဘယ်ရောက်သွားတာလဲ? ဒီအတွက် ငါ ချိုသဲ့ခေါင်ကို စောင့်ကြည့်နေခဲ့တည... ရှီးရှားရဲ့ ကိစ္စက သူ့ရည်ရွယ်ချက်နဲ့ ဆက်စပ်နေရမယ် ကံမကောင်းစွာပဲ ဒီကိစ္စက သူစုံစမ်းလေ ပိုရှုပ်ထွေးလာလေလေ” 


ဦးလေးဖြစ်သူက သက်ပြင်းတစ်ချက် ချကာ။ 


“နောက်ဆုံးတော့ ငါစုံစမ်းနေတဲ့ အရာတွေက ဘာတွေလဲတောင် ငါ့ဘာသာ မသိတော့ဘူး... သူတို့ရှာနေတာကို သူတို့ထက် မြန်​မြန်သိနိုင်အောင် ကြိုးစားနိုင်ခဲ့တယ်... သူတို့ရှာနေတဲ့ အရာကို ငါအရင် ရှာ​ကြည့်ချင်တယ် ဒါမှ အမှန်အတိုင်းပြောဖို့ အဲ့တစ္ဆေ​ကောင်ကို ခြိမ်းခြောက်နိုင်ပေမယ့် ကံမကောင်းတာက မင်းရဲ့ ဦးလေးသုံး ငါက အသက်ကြီးနေပြီ ဆိုတော့ လုပ်နိုင်တာတွေ အများကြီး မရှိတော့ဘူးလေ"


ဝူရှဲ့ သူ့ကို နှစ်သိမ့်ပေးဖို့ လက်​​မောင်း လှမ်းရိုက်ပြီး ပြောလိုက်သည်။


"အဲဒီမဟာဖုန်းရွှေရဲ့ ချည်မျှင်က တိမ်ထိပ် ကောင်းကင်နန်းတော်မှာတင် အဆုံးထိ ရောက်နေပါပြီ။ အဲဒီအချိန်မှာတုန်းက အားနင်နဲ့ တခြားသူတွေက နဂါးကိုးကောင် ခေါင်းတလားကို သယ်သွားဖို့ ရည်မှန်းထားတာ သိသာတယ်... အခြေအနေက ကမောက်ကမတွေ ဖြစ်ကုန်တော့ သူတို့လည်း မအောင်မြင်လိုက်ဘူး ...နောက်တစ်ခေါက် ပြန်ဝင်ကြဦးမယ်လို့ ကျွန်တော် ထင်တယ်.... ဘယ်လိုပဲဖြစ်ဖြစ် တိမ်ထိပ် ကောင်းကင်နန်းတော်က သူတို့ရဲ့ ​​နောက်ဆုံးမှတ်တိုင် ဖြစ်မယ်... သူတို့ ဝင်သွားလို့ တွေ့ သည်ဖြစ်စေ မတွေ့သည်ဖြစ်စေ ဒီကိစ္စလည်း ပြီးသွားသင့်တယ်... ဦးလေးလည်း အရမ်းကြီး ဇွဲကြီးမနေနဲ့ တချို့အရာတွေက အစွမ်းကုန် ကြိုးစားပြီး သိပ်မစဉ်းစားတာ အကောင်းဆုံးပဲ"


ဦးလေးသုံးသည် ရှိုက်ကြီးတငင် ပြုံးကာ 


"​ပြီးသွားတာလား? အစတုန်းက ငါလည်း အဲ့လိုထင်ခဲ့တာ ဒါပေမဲ့ အခုဒီစကားကို ပြောဖို့ စောလွန်းနေပုံရတယ်"  


ပြောပြီးနောက် သူက မျက်နှာသေ ပေးပို့တဲ့ ဗီဒီယိုတိပ်ခွေကို ကောက်ကိုင်လိုက်ပြီး တစ်ချက် ရိုက်လိုက်ကာ။ 


"မပြီးသေးဘူး အတွင်းထဲမှာ ဘာတွေပါလဲ ကြည့်ရအောင်”


TN - Fan တစ်ယောက်က ဝမ်းချောင်ဟိုင်ကို ဝမ်းကျန့်ဟိုင်လို့ သိခဲ့တာမို့ အဲဒီအတိုင်း ထည့်ပေးပါလားလို့ဆို့ ဝမ်းကျန့်ဟိုင် လို့ ပြောင်းလိုက်ပါတယ်။ သည်းခံပေးပါ။