(14) ရွေးချယ်မှု
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 4) 

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ရွှံ့မြွေတစ္ဆေမြို့တော် (ပထမပိုင်း)



Chapter (14)

ရွေးချယ်မှု 



ဒီအထိပြောပြီးနောက် ဦးလေးသုံးသည် သက်ပြင်းရှည်ကြီး ထုတ်ကာ နောက်ထပ် အကြောင်းအရာများကို မပြောချင်​​တော့သလို မျက်ခုံးပင့်လိုက်လေသည်။


ဒီလိုဇာတ်လမ်းကို ကြားလိုက်ရတော့ ဝူရှဲ့မှာလည်း ချွေးတွေ ပြန်လာသည်။ သူ့ခမျာ ဦးလေးသုံး ရပ်တန့်သွားတော့မှ အသက်ရှူချောင်သွား၏။ 


တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းလေသည်။ နားထောင်ရင်းနဲ့တောင် နည်းနည်း အသက်ရှူကြပ်လာသလို ခံစားရသည်။ အထူးသဖြင့် အမှောင်ထဲက တတိယလူကို ရှာဖွေတွေ့ရှိတယ်လို့ ကြားလိုက်ရတဲ့အခါ ပုံပြင်ပြောနေတာကို နားထောင်နေရသလို ခံစားရစေသည်။ ဒါက ဘယ်လိုဖြစ်တာလဲ။


အဲဒီလူက ဘယ်သူလဲ။ သူ့အမူအကျင့်ကို ကြည့်ပြီး ကိုယ့်ဘာသာကိုယ် တွေးကြည့်ရင် အဲ​ဒီလူက တော်တော် ပြတ်ပြတ်သားသားနိုင်သည်။ ထို့အပြင် ဦးလေးသုံးတို့ ဝင်လာတဲ့ အချိန်ကတည်းက ၎င်းကို ဖွင့်လိုက်ခြင်း ဖြစ်မယ် ဆိုရင်တော့ အထဲမှာ အောက်ဆီဂျင် များများစားစား မကျန်ရှိနိုင်တော့ပေ။ 


ဤရေအောက် ဂူသင်္ချိုင်းသည် ပင်လယ်ရေမျက်နှာပြင်နှင့် အတော်လေး အလှမ်းဝေးသည်။ အဲဒီလူကြောင့် ဦးလေးသုံးနဲ့ ရှဲ့လျန်းဟွမ်မှာ ဂူထဲ၌ သေမလို ဖြစ်သွားခဲ့သည်။ လှေပေါ်တက်ပြီးနောက် သူက ဦးလေးသုံးတို့အကြောင်း ဘာမှ ပြောမှာမဟုတ်။ ဒါကြောင့် အဲဒီရှေးဟောင်းသင်္ချိုင်းကို ဘယ်တော့မှ ရှာတွေ့မှာ မဟုတ်ဘူး။


အကယ်၍ လှေပေါ်က လူတွေရှာဖို့ ကြိုးစားရင်တောင်မှ မတွေ့နိုင်ဘူး။ ဒါကြောင့် လှေပေါ်ကလူတွေ လာခေါ်ဖို့ မျှော်လင့်လို့တောင် မရပေ။ ဤသည်မှာ အလွန်ရက်စက် ကြမ်းကြုတ်သော သတ်ဖြတ်ခြင်း လုပ်ရပ်ပင်။ သေချာသည်မှာ သူသည် ဦးလေးသုံးအား အတွင်း၌ သေဆုံးစေလိုသည်မှာ ထင်ရှားလေသည်။


ဤနည်းအားဖြင့် ဦးလေးသုံးသည် ထိုအချိန်က သူတို့ထက်ပင် ဆိုးရွားလှသည်။ သူသည် တဦးတည်းသာ ဖြစ်သလို ပင်လယ်၏ အောက်ခြေအကွာအဝေးသည်လည်း သူတို့ဆင်းခဲ့တာထက် များစွာ ကြီးမားသည်။


ဒါပေမဲ့ ဦးလေးသုံးကတော့ အခုသူရှေ့မှာ ထိုင်ပြီး သူ့ခြေထောက်တွေကို ဂရုမစိုက်ဘဲ လက်ဖက်ရည် သောက်ရင်း ငြိမ်သက်နေသည်။ သူက လွတ်ရာလမ်းကို ရှာတွေ့ခဲ့ပုံပဲ။ ဒါကြောင့် ဒါကို အရမ်းစိုးရိမ်နေစရာ မလိုပါဘူး။


သူတို့နှစ်ယောက်လုံးရဲ့ တိုက်ခိုက်မှုတွေ ငြိမ်သက်သွားပြီးနောက် ဦးလေးသုံးမှာ ဘာမှ ဆက်မလုပ်ခင် တောင့်တင်းသွားလေ၏။ 


ထိုအချိန်တွင် အခြေအနေကို မြင်လိုက်ရတော့ သူ့စိတ်တွေ ချက်ချင်း ပေါက်ကွဲသွားပြီး လေပလပ်ကို အလျင်အမြန် တင်းကြပ်လိုက်သည်။ သူ့တစ်ကိုယ်လုံးသည်လည်း ကြောက်ရွံ့မှုနှင့်အတူ အေးစက်သွားသည်။


ထိုအချိန်တွင် သူသည် ပြီးသွားပြီ၊ သေရတော့မည်ဟု ထင်ခဲ့သည်။ ထို့အပြင် သူသည် ပိတ်လှောင်ထားသော ရှေးဟောင်းသင်္ချိုင်း တစ်ခုထဲတွင် အသက်ရှင်လျှက် ပိတ်မိနေခြင်းကို အကြောက်ဆုံး ဖြစ်သည်။ သူ့ရဲ့ ပေါ့လျော့မှုကို နောင်တရပြီး စိတ်ထဲမှာလည်း မုန်းတီးမှုတွေသာ ပြည့်နှက်နေခဲ့သည်။ 


ဦးလေးသုံး အတွက်ကတော့ ရှေးဟောင်း ဂူသင်္ချိုင်းမှာ သေရင် ရှေးဟောင်းသင်္ချိုင်းထဲမှာ သေတာပဲ။ ယန္တရား ထောင်ချောက်ထဲ ဖမ်းမိလို့သေသွားတာဆိုရင်တော့ ဘာမှလုပ်လို့မရဘူး။ အခုဟာက လူလုပ်ကြံလို့ သေသွားရတာ ဖြစ်လို့ တကယ်စိတ်ဆိုးပါ၏။


အောက်ဆီဂျင်မီတာကို ချက်ချင်း ကြည့်လိုက်တော့ သွားတွေ သွားဖုံးတွေကို ကိုက်ထားလိုက်သည်။ လေပလပ်ပေါက်ရဲ့ ယိုစိမ့်မှုဒဏ်ကြောင့် ဖြစ်နိုင်တဲ့ သူ့ကိုယ်ပိုင် အောက်ဆီဂျင်ပုလင်းဟာ ဆယ်ပုံတစ်ပုံပဲ ကျန်တော့၏။ ရှဲ့လျန်းဟွမ်ရဲ့ အောက်ဆီဂျင်ဘူးထဲ၌လည်း အနည်းငယ်သာ ကျန်တော့သည်။ 


အကြိမ် သုံးဆယ် သို့မဟုတ် လေးဆယ်လောက် ရှူပြီးရင် မရှိလောက်တော့ချေ။ မိနစ်အနည်းငယ် ကြာသွားတာနဲ့ ပုလင်းအလွတ်များသာ ရှိတော့မည်။


ဒီအောက်ဆီဂျင် နည်းနည်းလေးဟာ ဘာမှမရှိသလောက်ပါပဲ။ သူတို့ဝင်လာချိန်မှာတော့ ဦးလေးသုံးဟာ တစ်ဝက်လောက် သုံးခဲ့ပြီး ရှဲ့လျန်းဟွမ်ကတော့ တစ်ဝက်ကျော်သာ အသုံးပြုခဲ့သည်။ ဒီအောက်ဆီဂျင်နည်းနည်းက အပြင်ကို ထွက်ဖို့ လုံးဝ မလုံလောက်ပါဘူး။


ဒါကိုတွေးပြီး ဦးလေးသုံးမှာ စိတ်ပျက်လက်ပျက် ဖြစ်သွားတော့သည်။ သူသည် မှောင်မိုက်သော သင်္ချိုင်း ပတ်ပတ်လည်ကို ကြည့်လိုက်ရာ အလွန်အမင်း ကြောက်ရွံ့မှု တစ်ခုက သူ့စိတ်ကို လွှမ်းမိုးလာကာ သူဒီနေရာမှာ ပိတ်မိပြီး တကယ် သေရတော့မှာလားဟု သူ့ကိုယ်သူ တွေးတောမိလာ၏။ 


ဦးလေးသုံးမှာ ဒီအကြောင်းကို တွေးလေလေ ပိုကြောက်လေ ဖြစ်ပြီး တကယ်ကို ကြောက်ရွံ့လာ၏။ သူသည် ဤနေရာတွင် မသေနိုင်တော့ဘဲ အခြားတစ်နေရာတွင် သေသင့်သည်ဟု ချက်ချင်းပင် စိတ်ကူးမိသွားခဲ့ရာ ရေထဲ ခုန်ချ၍ ကိုယ့်ကိုယ်ကို ရေနစ်သေချင်စိတ် ပေါက်သွားသည်။ 


ဒါပေမဲ့ ဦးလေးသုံးဟာ သူရဲကောင်း ဖြစ်တာကြောင့် သူ့ရဲ့ကြောက်ရွံ့မှုကို အမြန် မျိုသိပ်ထားခဲ့ပါ၏။ သူ့ကိုယ်သူ သူ့မျက်နှာကို ပါးရိုက်လိုက်ပြီး ဒီလိုတွေးနေတာက အသုံးမဝင်ကြောင်း ငေါက်လိုက်သည်။ ထို့နောက် စိတ်အေးအေးထားပြီး ဘာလုပ်ရမလဲဆိုတာ စဉ်းစားပါတော့သည်။


ဝူရှဲ့သည် မျက်နှာသေ၊ ဖက်တီးတို့နဲ့အတူ ချောင်ပိတ်မိတဲ့အခါ အောက်ဆီဂျင် လုံးဝ မရှိတဲ့အတွက် အောက်ဆီဂျင်ဘူးတွေရှာဖို့ မျှော်လင့်ချက်ကို လွှတ်ချနိုင်ခဲ့သည်။ ဒါပေမဲ့ ဦးလေးသုံးမှာ အဲဒီတုန်းက အောက်ဆီဂျင်ရှိနေတုန်းပဲ။ အောက်ဆီဂျင်ပမာဏက သိပ်မများလွန်းဘူး။ ဒါက အလွန် ကသိကအောက် ဖြစ်သဖြင့် သူ့အတွေးအားလုံးကို အောက်ဆီဂျင်ပမာဏက လျင်မြန်စွာ ဆွဲဆောင်နိုင်ခဲ့သည်။ ဒီအောက်ဆီဂျင် နည်းနည်းနဲ့ အပြင်ထွက်ဖို့ ဖြစ်နိုင်ပါ့မလား။


တွက်ချက်မှုတွေ အားလုံးပြီးသွားတော့ အောက်ဆီဂျင် နည်းလွန်းတာကြောင့် ဘာရလဒ်မှ မတွေ့ခဲ့ရပါဘူး။ အခုနတုန်းက ဝင်လာချိန်မှာ ပတ်ဝန်းကျင်ကို သတိထားနေရလို့ အရမ်းမမြန်ခဲ့​ဘူး။ မြန်မြန် ထွက်သွားရင်တော့ အချိန်တိုအတွင်း ထွက်သွားနိုင်လောက်သည့။ ဝင်လာတဲ့အခါ အောက်ဆီဂျင်ငါးပိုင်းကို အသုံးပြုပြီး အပြင်ထွက်တဲ့အခါ တစ်စိတ်တစ်ပိုင်းကို အသုံးပြုလို့ရသည်။ ဆိုလိုတာက အပြင်ထွက်နှုန်းက ဝင်နှုန်းထက် ငါးဆ မြန်ရမယ်။ 


ဝင်လာတော့ မိနစ်သုံးဆယ်လောက် ကြာမယ်ဆို အပြင်ထွက်ဖို့ ခြောက်မိနစ်လောက်ပဲ ကြာနိုင်သည်။ သို့သော် သူက ငါးတစ်ကောင် မဟုတ်တာကြောင့် ဘယ်လိုလုပ်ရမလဲ မသိ ဖြစ်သွား၏။ 


ယခု ဦးလေးသုံးသည် အနည်းငယ် စိတ်မသက်မသာ ဖြစ်သလို ခံစားလာရပြန်သည်။ သူသည် ချက်ချင်းပင် သူ့ကိုယ်သူ ပါးထပ်ရိုက်ကာ ကြောက်ရွံ့မှုကို ဖယ်ရှား၍ ဆက်လက် တွေးတောနေခဲ့သည်။


ခြောက်မိနစ် အတွင်းဆို ဘယ်ကို ရောက်နိုင်မလဲ။ ဤနေရာမှ ထွက်သွားရန် သုံးမိနစ် သို့မဟုတ် ခြောက်မိနစ်ခန့် ကြာနိုင်ပြီး ၃မိနစ်က ကြီးမားသော တွင်းနက်ကြီး၏ ထွက်ပေါက်ကို ရောက်ရှိနိုင်သည်။ ဒါက အလျင်မြန်ဆုံး အရှိန်ဖြစ်နေပြီ။


ချောက်ထဲရောက်တာနဲ့ နာရီဝက်လောက် ဝေးတဲ့ အကွာအဝေးကို ဆယ်မိနစ်လောက်နဲ့ ထွက်နိုင်မှာတာ့ သေချာသည်။ ကံကောင်းရင် ဆယ့်ခြောက်မိနစ်အတွင်း အပြင်ကို ပြန်ရောက်လိမ့်မည်။ ဒီရေကျတဲ့အခါ ဂူဝင်ပေါက်က ပင်လယ်ရေမျက်နှာပြင်နဲ့ ထိတွေ့ပြီမလို့ ဂူထိပ်ကို လေနည်းနည်း ဝင်သွားလိမ့်မယ်။ ဒါဆိုရင် ဂူဝင်ပေါက်ကို အမြန်ဆုံး သွားလို့ရပြီ။


အသက်ကို တစ်မိနစ်လောက် ထိန်းထားနိုင်ရင် နောက်ထပ် ဆယ်မိနစ်လောက်က အောက်ဆီဂျင်ရဖို့ လိုအပ်​လေသည်။


ဒါပေမဲ့ ဒီဆယ်မိနစ်အတွင်း အောက်ဆီဂျင်ကို ဘယ်မှာရှာရမလဲ။ ဦးလေးသုံးသည် သူ့ခေါင်းကိုကုတ်ပြီး လှည့်ပတ်ကြည့်နေကာ သူ့အား စိတ်အားထက်သန်စေမယ့် အရာတစ်ခုကို တွေ့ဖို့ မျှော်လင့်နေလေသည်။ သို့သော် ရှေးခေတ်သင်္ချိုင်းများ အတွင်းမှာ ဘယ်အရာက ဉာဏ်အလင်းကို ရ​စေနိုင်ပါ့မလဲ။ 


ဒီအတွေးက အချည်းနှီးဖြစ်နေတုန်းမို့ ဦးလေးသုံးသည် တံခါးဝမှာ ရေကို မကျေနပ်စွာ ရိုက်ပုတ်လိုက်သည်။ ထိုအချိန်တွင် နက်မှောင်သော ပင်လယ်ရေအောက်တွင် ရောင်ပြန်ဟပ်နေသော သူ့ကိုယ်ပိုင်အရိပ်ကို သူမြင်လိုက်ရသည်။ သူ့လက်နှိပ် ဓာတ်မီးကို ထိုးကြည့်လိုက်ရာ အလင်းပြန်မှုကြောင့် ရေက ကြည်လင်လာသည်။ 


ထိုအခိုက် ဆယ်မိနစ်ကြာအောင် အောက်ဆီဂျင် ပေးစွမ်းနိုင်သည့် အရာတစ်ခုကို ရုတ်တရက် တွေ့သွားရာ အကြံတစ်ခုရသွားခဲ့သည်။ သူမြင်ခဲ့ရသည်မှာ သူ့ခန္ဓာကိုယ်ပေါ်ရှိ ရေငုပ်ဝတ်စုံပဲ ဖြစ်သည်။


ဒါဆို ရေငုပ်ဝတ်စုံကို အောက်ဆီဂျင်ဘူးအဖြစ် ဘယ်လိုသုံးမလဲ။ ဦးလေးသုံးသည် အလွန် ဉာဏ်ကောင်းသဖြင့် ရေငုပ်ဝတ်စုံ၏ လက်နှင့် ဘောင်းဘီ ခြေထောက်များကို ကြိုးဖြင့်ချည်ကာ လေဖြည့်ရန် ခက်ခက်ခဲခဲ ညှစ်ထုတ်လိုက်သည်။ အဲဒီနောက် ကော်လာကို ကြိုးအဖြစ် ချည်လိုက်သော် ရေငုပ်ဝတ်စုံသည် လေအိတ် ဖြစ်လာသည်။ ပြီးတော့ ရေထဲသို့ခုန်ဆင်းကာ အင်္ကျီတစ်ထည်ကို ကြယ်သီးဖြုတ်၍ အသက်ရှူရန် အောက်ဆီဂျင်ပြွန်အဖြစ် အသုံးပြု​ကြည့်သည်။


အထဲကို ဝင်လိုက်တာနဲ့ တကယ်အလုပ်လုပ်တာကို တွေ့လိုက်ရသည်။ လေထုက ထူနေတယ်လို့ မခံစားရခင် သုံးလေးမိနစ်လောက် စုပ်ယူကြည့်လိုက်သည်။ 


မျှော်လင့်ချက် ရှိပြီမို့ သူအရမ်းပျော်သွားပြီး ချက်ချင်း ထလာကာ ရှဲ့လျန်းဟွမ်ရဲ့ အဝတ်အစားတွေကို ချွတ်ဖို့ ပြေးသွားလိုက်သည်။ လေအိတ် နောက်တစ်လုံးလုပ်ကာ ရေအိတ်နှစ်လုံးကို လေနဲ့ဖြည့်လိုက်သည်။ ဆယ်မိနစ်အတွင်း အဆင်သင့် ဖြစ်မည်ဟုလည်း စိတ်ထဲက ပြောနေ၏။


မစောင့်နိုင်တော့တာကြောင့် သူ့ပစ္စည်းတွေ အားလုံးကို ချက်ချင်း ဆွဲထုတ်ပြီး ရေထဲသွားဖို့ ပြင်ဆင်လိုက်သည်။ ဦးလေးရဲ့ စရိုက်က ဝူရှဲ့လို တွန့်ဆုတ်နေမယ့် လူမဟုတ်သလို ရှေးရိုးဆန်တဲ့ ချဉ်းကပ်နည်းကို ရွေးချယ်မှာ မဟုတ်တဲ့အတွက် အဲဒီအချိန်မှာ သူ လုံးဝ မတွန့်ဆုတ်​နေပါဘူး။


ဒါပေမဲ့ အပြင်မှာ အောက်ဆီဂျင်ကို ထိန်းထားနိုင်ရင်တောင် ရုန်းထွက်ဖို့က ခက်ခဲပါသည်။ ဒီလူက အောက်ဆီဂျင်ဘူး နှစ်ဘူးကို ယူသွားရမှာ ဖြစ်ပြီး ကျန်တစ်ယောက်ကတော့ အဲဒီလူက ပြန်လာဖို့ကို စောင့်​နေရမှာ ဖြစ်​လေသည်။ တကယ်လို့ အဲဒီလူက လမ်းတစ်ဝက်မှာတင် သေသွားရင် ပြန်မလာနိုင်တော့ပေ။ ဒါက စိတ်ပိုင်းဆိုင်ရာ ဖိအားတွေက ကြီးမားလာသည်။ 


ဦးလေးသုံးသည် ထိုအချိန်က ဤအရာသည် လေးနက်သော ကိစ္စဟု မခံစားခဲ့ရပေ။ အခု ရှဲ့လျန်းဟွမ်ကို ဖယ်ရှားလျှင်ပင် အောက်ဆီဂျင် မလုံလောက်တော့ဟု သူ့ဘာသာတွေးကာ ဖိအားက ပိုပြင်းထန်လာသည်။ ထို့အပြင် ယခုအချိန်တွင် ရှဲ့လျန်းဟွမ်ကို ဂရုစိုက်နေဖို့ ရည်ရွယ်ချက် မရှိ​တော့ပေ။


သူသည် ရှဲ့လျန်းဟွမ်ကို ခေါင်းတလား ပလပ်ဖောင်းပေါ်တွင် ချထားပြီးနောက် အ​မှောင်ထဲကလူကို ရိုက်ချိုးရန်အတွက် သုံးခဲ့သော လူဦးခေါင်းခွံပါရှိသော ရေအိတ်ကို ခေါင်းအုံးအဖြစ် သုံးကာ သူ၏ ကိုယ်ဟန်အနေအထား ပိုမိုသက်တောင့်သက်သာ ရှိစေရန် နေရာချပေးလိုက်သည်။ ထို့နောက် ရေဝင်ပေါက်ထဲသို့ ပြန်သွားကာ ရေထဲသို့ ဆင်းသွားခဲ့သည်။ 


ဦးလေးသုံး မျှော်လင့်ထားသည့် အတိုင်း ခြောက်မိနစ်အကြာတွင် သူသည် ချောက်ထဲကို ပြန်ရောက်လာ၏။ အောက်ဆီဂျင်နည်းနည်း ရှိပါသေးသည်။


ဒီအချိန်မှာ ဦးလေးသုံးရဲ့ နှလုံးသားက ငြိမ်သက်သွားပြီး စိတ်ထဲမှာ တကယ်ကို ကြည်နူးမိသွားသည်။ သူ့ကိုဒီမှာ သေအောင် မလုပ်နိုင်ပါဘူး။ လှေပေါ် ပြန်ရောက်လို့ကတော့ သူ့​​ကို လုပ်ကြံတဲ့ လူယုတ်မာကို သေခြင်းတရားအား ပြေးတွေ့ခိုင်းပစ်မည်ဟု တွေးထားလိုက်သည်။ 


သူ့နောက်မှာ ကြီးမားတဲ့ လေအိတ်နှစ်လုံးကို ဆွဲယူဖို့ ရုန်းကန်ပြီး အလိုအလျောက် လွင့်ပျံသွားတာကြောင့် စွမ်းအင်များစွာကိုလည်း သက်သာစေသည်။ ဦးလေးသုံးသည် သူ့မှတ်ဉာဏ်ကို အားကိုးပြီး ချောက်ကြီး၏ ထွက်ပေါက်ဆီသို့ ကူးသွားသည်။ သို့သော် သူ မမျှော်လင့်ထားသည့်အရာမှာ ဝင်ပေါက်ဟု ထင်ထားသည့်နေရာကို ကူးခတ်သွားသောအခါ အံ့အားသင့်သွားခဲ့ရသည်။


အဲဒီမှာ ဘာမှမရှိဘူး။ ရှိနေတာက သန္တာကျောက်တန်း အထွတ်အထိပ်တွေချည်းပဲ။


'အမ်?' 


တအံ့တသြ ဖြစ်ကာ ဘေးဘက်က လမ်းတစ်လျှောက် နေရာများစွာကို လှမ်းကြည့်သော်လည်း ထွက်ပေါက်ကို မမြင်ရပေ။


သူ ရုတ်တရက် အေးစက်သွားသလို ခံစားလိုက်ရသည်။ ကိစ္စက သူထင်သလောက် မချောမွေ့တော့ပေ။ ဝင်ပေါက်ရဲ့ အနေအထားကို သူအမှတ် မှားသွားပုံရ၏။ သူစိတ်လှုပ်ရှားလာရင်း ချွေးထွက်များလာသည်။ အောက်ဆီဂျင်မီတာကို ကြည့်မိသော် အောက်ဆီဂျင်မီတာ အညွှန်းသည် သုညအောက် ဖြစ်နေလေပြီ။