Chapter (73)
ရက်စက်ကြမ်းကြုတ်သော အမှန်တရား
ဟုန်ကျွင့် တိတ်ဆိတ်နေခဲ့သည်။ ချုံမင်လည်း သူ့အသံကို မကြားရတော့တာကြောင့် ခဏစောင့်ပြီးနောက် မေးလိုက်သည်။
"ဘယ်လို သေသွားတာလဲ"
"တကယ်တော့ ခင်ဗျားကသာ အသိဆုံးပါ"
ဟုန်ကျွင့် တိုးတိုးလေး ပြောလိုက်၏။
"အဖေရဲ့ ခန္ဓာကိုယ်ထဲက နတ်ဆိုးမျိုးစေ့ကို ခွဲထုတ်ဖို့အတွက် ခင်ဗျား သူ့ကို လူ့လောကကြီးကို သွားခိုင်းပြီး မိန်းကလေးတစ်ယောက်ကို ရှာခိုင်းပြီး ကျွန်တော့်ကို မွေးခိုင်းလိုက်တာ ဟုတ်တယ်မလား...."
ဒီစကားကို ပြောလိုက်တော့ ဟုန်ကျွင့်ရဲ့ အသံက တုန်ရီလာသည်။ ချုံမင်လည်း ရုတ်တရက် မျက်လုံးတွေ ပြူးကျယ်လာပြီး ဟုန်ကျွင့်က သူ့ကို အသေးစိတ် ပြောပြတော့မယ် ထင်ပေမဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဒီအကြောင်းအရာဟောင်းကို ပေါ်လွင်လာလိမ့်မယ်လို့ သူဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပါဘူး။
"မင်းကို ဘယ်သူပြောတာလဲ" ချုံမင် အသံပြောင်းသွား၏။
"တကယ်လား ဆိုတာပဲ ဖြေပေးပါ..."
"အတင့်လိုက်တာ!"
ချုံမင် ရုတ်တရက် ထရပ်လိုက်ပြီး ပြင်းထန်တဲ့ စွမ်းအားကို ထုတ်လွှတ်လိုက်တာကြောင့် ဟုန်ကျွင့် နောက်ပြန် ဆုတ်သွားခဲ့ရသည်။
"မဟုတ်ရင် မင်းဒီနေ့ ဘယ်လိုလုပ် ရပ်နေနိုင်မှာလဲ!"
ချုံမင်ရဲ့ တုံ့ပြန်မှုက ဟုန်ကျွင့်ရဲ့ တွေးခေါ်မှုတွေကို အတည်ပြုခဲ့ပြီးပြီ။ နောက်ဆုံးမှာတော့ ဒီအချိန်မှာ သူ့စိတ်ထဲက ဒေါသတွေကို မထိန်းနိုင်တော့ဘဲ ဟစ်အော်လိုက်တော့၏။
"ခင်ဗျား အမေ့ကို သတ်လိုက်တာပေါ့... ကျွန်တော်က ဘာလဲ... ကျွန်တော်က ဘာလဲ! ကျွန်တော့်ကိုဖြေပါ!"
"မင်းက ခုန်ရွှမ်းရဲ့သားပဲ"
ချုံမင် အေးစက်စွာပြောသည်။
"ကျွန်တော်က ယဇ်ကောင်ပဲကိုး..." ဟုန်ကျွင့် တုန်လှုပ်ကာ နောက်ပြန်ဆုတ်သွားသည်။
"ကျွန်တော်က နတ်ဆိုးမျိုးစေ့ကို ခွဲထုတ်ဖို့ ခင်ဗျား ဖန်တီးထားတဲ့ ယဇ်ကောင်ပဲ"
"မှန်တယ်!"
ချုံမင်က သူ့ကိုကြည့်ကာ ဖြည်းညှင်းစွာပြောသည်။
"မင်းအဖေသာ မသေဘူးဆိုရင် အခုမင်း ငါ့ရှေ့မှာ ရပ်နေရမယ့် အလှည့်တောင် ရောက်မဟုတ်ဘူး"
ချက်ချင်းပဲ ဟုန်ကျွင့် ခေါင်းတွေ လည်နေပြီး အသက်ရှူရခက်လာသည်။ ချုံမင်ကတော့ သူ့အသွင်အပြင်ကို ကြည့်ကာ အေးအေးဆေးဆေး ဆက်ပြောနေဆဲ။
"ချင်းရှူံ မင်းကို ယောင်ကျင်း နန်းတော်ဆီ ခေါ်လာတဲ့ ပထမဆုံးနေ့မှာကတည်း မင်းအသက်ကို မကယ်ချင်ဘူး"
ဟုန်ကျွင့် : "..."
"ဒါပေမယ့် ငါ့မှာ အပြစ်ရှိတယ်လို့ ခံစားရတယ်... ခုန်ရွှမ်းက ငါ့ကြောင့် သေသွားတယ် အဲ့တော့ မင်းကို ခေါ်ထားလိုက်တာ"
"မဟုတ်ဘူး...မဟုတ်ဘူး..."
ဟုန်ကျွင့် ချုံမင်ကို ဗြောင်ကျကျ ကြည့်နေသည်။
"မင်း စိတ်ထဲမှာ တွေးထားပြီးသားပဲ မဟုတ်ဘူးလား...မင်းအမေကဘယ်သူလဲ ငါဂရုမစိုက်ဘူး၊ မင်းဘာဖြစ်နေတာလဲ ငါဂရုမစိုက်ဘူး... မင်းကို ကာကွယ်ဖို့အတွက် အဲ့အမှိုက်ကောင်က သူ့အသက်ကို လျစ်လျူရှုထားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ ...”
"...မင်းအမေကို သတ်တဲ့လူက ငါ၊ ချင်းရှုံ နဲ့ မင်းအဖေကိုယ်တိုင်ပဲ" ချုံမင် ဒေါသတကြီး ပြောလာသည်။
"ဒါပေမဲ့ မင်းဒီကမ္ဘာကြီးကို မြင်နိုင်လို့ ငါတို့ကို ကျေးဇူးတင်ရမှာ... မင်းအခု ငါ့ကို အခုစွပ်စွဲနေတာလား"
ဟုန်ကျွင့်ရဲ့ နောက်ကျောကနေ အအေးဓာတ်က စိမ့်တက်လာပြီး သူ့ရဲ့ ဦးရေပြားထဲအထိ ရောက်သွားသည်။
"ဒါဆို ခင်ဗျား...ကျွန်တော့်ကို ဘာလို့ လက်ခံလိုက်တာလဲ?"
ဟုန်ကျွင့်ခမျာ ချုံမင်ရဲ့ စကားလုံးတွေ အောက်မှာ သူ့စိတ်ဝိညာဉ်တွေ ကြေကွဲသွားသလို ခံစားလိုက်ရပြီး သူ မတွေးဝံ့တဲ့ အတွင်းစိတ်ထဲက မေးခွန်းတွေကို အပြင်းအထန် ထုတ်ဖော် ပြောဆိုလိုက်ပါ၏။ ယောင်ကျင်း နန်းတော်ရဲ့ အတိတ်က အမှတ်တရတွေ အားလုံးဟာ သူ့ရှေ့မှာ ကွဲကြေသွားသလိုပဲ အပိုင်းပိုင်း ပြတ်တောက်သွားသည်။
ချုံမင်က လှောင်ပြောင်သည်။
"ရှဲ့ယွီက မင်းကို ကိုက်စားပြီး ပြည်မကြီးကို အုပ်စိုးဖို့ နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းချင်နေတာ.. သူ့ဆန္ဒကို ငါက ဘယ်လိုလုပ် ဖြည့်ဆည်းပေးနိုင်မှာလဲ!"
"မဟုတ်ဘူး" ဟုန်ကျွင့် တုန်တုန်ယင်ယင်နဲ့ ခေါင်းခါနေခဲ့သည်။
"အဲဒါတော့ မဟုတ်ဘူး..."
ဟုန်ကျွင့် နောက်ခြေတစ်လှမ်း ဆုတ်လိုက်သော်လည်း ချုံမင်က အေးစက်စွာ ပြောလာသည်။
"မင်းဘယ်ကို သွားချင်နေတာလဲ... ငါမင်းကို ရွေးချယ်ခွင့် ပေးလိုက်ပြီပြီ... ဒါပေမဲ့ အခုမင်းပြန်လာရမယ်!"
ဟုန်ကျွင့် ထွက်ခွာခါနီးတွင် ထောင်ပေါင်းများစွာသော လိမ္မော်ရောင်တောက်တောက် မီးရောင်များသည် ချုံမင်လက်မှ ရုတ်တရက် ထွက်ပေါ်လာပြီး သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံပစ်လိုက်သည်။
"လွှတ်ပေး!"
ချုံမင်သည် ဟုန်ကျွင့်ကို တောက်ပသော အလင်းရောင်ဖြင့် ဖုံးအုပ်ထားပြီး သူ့လည်ချောင်းဖြင့် လည်ပင်းညှစ်ကာ နန်းတော်၏ ထောင့်စွန်းသို့ တွန်းထုတ်လိုက်သာ်။ သူ့မျက်လုံးများက ရွှေရောင်တောက်ကာ အသံသည် ကောင်းကင်က အသံကဲ့သို့ နက်ရှိုင်းလာသည်။
"ငါ မင်းကို ကိုင်တွယ်သင့်တာကြာပြီ.... မဟုတ်ရင် အဆုံးမဲ့ ဒုက္ခတွေ ကြုံလာရလိမ့်မယ်"
ထိုအသံသည် ဟုန်ကျွင့် သတိမလစ်သွားခင် ကြားခဲ့ရသော နောက်ဆုံးစကားဖြစ်ပြီး အကန့်အသတ်မရှိသော အမှောင်ထုက တခဏအတွင်း သူ့အား ဖုံးလွှမ်းသွားသည်။
သူသည် ခန်းမဆောင်၏ ထောင့်စွန်းတွင် ပုံလျက်သားလေး လဲကျနေ၏။ ချုံမင်သည် နံနက်စောစော နေထွက်ချိန်အထိ သူ့ရုပ်ပုံလေးကို ငြိမ်သက်စွာ ကြည့်နေရာမှ ခေါင်းကို လှည့်ကာ တောင်များပေါ်မှ ရွှေရောင်အရုပ်ကလေးများ ပျံနေတာကို ကြည့်လိုက်သည်။
နံနက်စောစောတွင် တိမ်များ မြူခိုးများက တောင်တန်းများကို ဖုံးလွှမ်းသွားပြီ။ လီကျင်လုံသည် ငှက်ကလေးတွေရဲ့ တေးဆိုသံကြောင့် လန့်နိုးလာ၏။ ယောင်ကျင်း နန်းတော် အပြင်ဘက်တွင် တိမ်များနှင့် မြူခိုးများ စိမ့်ထွက်လာသည်ကို တွေ့လိုက်ရသည်။ ၎င်းက ကြီးကျယ်ခမ်းနားသော တိမ်များနှင့် တိမ်ပင်လယ်ကြီး ဖြစ်လာသည်။
ချုံမင်က သဖန်းတောပြင်မှ လမ်းလျှောက်လာရင်း သူ့နောက်တွင် ရာပေါင်းများစွာသော ငှက်များသည် ဖီးနစ်ကို ကြည့်ကာ အဆက်မပြတ် သီဆိုနေလေသည်။
"သေမျိုးလူသား... ငါမင်းကို ပြောစရာရှိတယ်"
ချုံမင်ရဲ့အသံက အဝေးကနေ ထွက်လာသည်။ လီကျင်လုံ အလျင်အမြန်ဝင်ကာ သူ့အဝတ်အစားများ ပြောင်းကာ ထွက်လာခဲ့သည်။ အကြောင်းပြချက်မရှိ စိုးရွံ့နေခြင်းကြောင့်မဟုတ်ဘဲ ထိုသူသည် ဟုန်ကျွင့် မွေးစားဖခင် ဖြစ်သောကြောင့်ပင်။
တိမ်များနှင့် မြူများ ကင်းစင်သွားသောအခါ ချုံမင်နဲ့ ချင်းရှူံတို့ဟာ တောထဲတွင် ရပ်စောင့်နေကြသည်။ လီကျင်လုံ ထိုနှစ်ယောက်သား လက်သီးများကို ဆုပ်လျက် ဂါဝရပြုလိုက်သည်။ ချုံမင်ကို မော့ကြည့်လိုက်တော့ သူ့မျက်နှာမှာ ဒေါသတွေ ပေါ်လာတာကို တွေ့လိုက်ရပြီး ချင်းရှုံကလည်း ဟုန်ကျွင့်ကို မမြင်ရတော့ဘဲ သိသိသာသာကြီး ဒုက္ခရောက်နေတော့သည်။
ချုံမင်က လီကျင်လုံကို ကြည့်ကာ လေးနက်စွာ ပြောလာခဲ့သည်။
"နှလုံးမီးအိမ်ကို အစကတည်းက မင်းကို မပေးခဲ့ဘူး"
လီကျင်လုံက ဤစကားကို ကြားသောအခါ အံ့အားသင့်သွားသော်လည်း သူ့စိတ်ရဲ့ တွေးခေါ်နိုင်စွမ်းက ချုံမင်ထက် ပိုမြန်လေသည်။
"ချန်မိသားစုက ကလေးက မကြီးထွားသေးပါဘူး... နှလုံးမီးအိမ်ကို သူဘယ်လိုလုပ် ထိန်းချုပ်နိုင်မှာလဲ...ဟုန်ကျွင့်ကိုယ်ထဲက နတ်ဆိုးစွမ်းအင်တွေကို ခဏတာ တွန်းထုတ်ဖို့ နှလုံးမီးအိမ်ကို သုံးရဦးမယ်... ကျွန်တော် အဲဒါကို သိမ်းထားပေးတာ ဘာပြဿနာရှိလို့လဲ "
ချုံမင်သည် လီကျင်လုံ၏ စကားကြောင့် ပိတ်ဆို့ခံရမည်ဟု မမျှော်လင့်ထားတာကြောင့် လေထုသည် ချက်ချင်းပင် အဆင်မပြေ ဖြစ်သွားခဲ့သည်။
"ကျွန်တော်တစ်နေ့ သေတဲ့အထိစောင့်ပေး... အဲ့ကျရင် ပြန်ပေးမယ်!"
ချင်းရှူံ ချုံမင်ကို အကြည့်တစ်ချက် ပေးလိုက်ပေမယ့် ချုံမင်က အေးစက်စွာပဲ ပြောနေသည်။
"မလိုပါဘူး... တောင်ပေါ်ကို ဆင်းသွားလိုက်တော့... အခုကစပြီး မင်းက ယောင်ကျင်း နန်းတော်နဲ့ ဘာမှမဆိုင်တော့ဘူး "
လီကျင်လုံ : "!!!"
ဟုန်ကျွင့် လာနေတာကို မတွေ့လိုက်ရကတည်းက လီကျင်လုံဟာ တစ်ခုခုမှားနေတယ်လို့ တိတ်တိတ်လေး ထင်ခဲ့ပေမယ့် ချုံမင်က ထုတ်ပယ်ခြင်းအမိန့်ကို ပွင့်ပွင့်လင်းလင်း ရှင်းရှင်းလင်းလင်း ထုတ်ပြလာမယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။
"ဟုန်ကျွင့် ဘယ်မှာလဲ... ကျွန်တော် သူ့ကိုတွေ့ချင်တယ် သူ့ကိုတွေ့ခွင့်ပေးပြီးရင် ထွက်သွားပါ့မယ်"
"ဒါဟာ မင်းရဲ့ ချန်အန်း မဟုတ်ဘူး... မင်းဆိုတာက သန်းရာနဲ့ချီတဲ့ ပုရွက်ဆိတ်တွေထဲက တစ်ကောင်ပဲ!"
ချုံမင်က ခြိမ်းခြောက်တဲ့ အရိပ်အမြွက်နဲ့ ပြောလိုက်သည်။
"အသုံးမကျတဲ့ဓားနဲ့ မင်းငါ့ကို ဒီလိုစကားမျိုး ပြောရဲတယ်ပေါ့ ဟုတ်လား?"
သူက စကားပြောနေစဉ် မလှုပ်မယှက် ဖြစ်နေသော်လည်း အရှိန်အဟုန်ဖြင့် တောက်လောင်နေသော မီးတောက်များက ဝိုင်းရံလာရာ လီကျင်လုံလည်း မသိစိတ်မှ နောက်သို့ ဆုတ်သွားကာ သူ့နှလုံးမီးအိမ်ကို အသက်သွင်းကာ သူ့ညာလက်ကို မြှောက်လိုက်သည်။
ချွင်းကနဲ အော်သံနှင့်အတူ ပညာရှိဓားသည် တစ်ခုခုကို အာရုံခံစားမိပုံဖြင့် တုန်ယင်လာသည်။ ချုံမင်က ရုတ်တရက် သူ့လက်ထဲက မီးတောက်များကို ဝေ့ယမ်းလာရာ လီကျင်လုံလည်း တားဆီးရန် ဓားကို အရှိန်မြှင့်လိုက်သော်လည်း ပြင်းထန်သော အရှိန်ကြောင့် ဓားက ဥက္ကာပျံကို ထိသွားသကဲ့သို့ ပြန်ကန်ထွက်သွား၏။ လီကျင်လုံသည် ဤစွမ်းအား၏ သက်ရောက်မှုအောက်တွင် ဓားကို မထိန်းနိုင်တော့ဘဲ နှလုံးမီးအိမ်ကလည်း စက္ကူမျက်နှာဖုံးနှင့် တူသွားသည်။
"သက်ညှာပေး!"
ချင်းရှူံ ချက်ချင်း ဖြတ်အော်လိုက်သည်။ လီကျင်လုံ ရင်ဘတ်ထဲက နာကျင်လာပြီး နောက်သို့ လဲကျသွား၏။ ပြန်ထနိုင်ဖို့ ခေတ္တမျှရုန်းကန်နေလေသည်။
ချုံမင်သည် ထိုသို့သော ထိုးနှက်ချက်ကို ပစ်ခတ်ပြီးနောက် လီကျင်လုံကို တိတ်တဆိတ် စိုက်ကြည့်နေသည်။ လူနှစ်ဦးရဲ့ ကျင့်ကြံမှုအဆင့် ကွာခြားချက်မှာ မဖြစ်နိုင်သလောက်ဖြစ်ပြီး ပြန်လည်တိုက်ခိုက်ရန် အလားအလာ မရှိသလောက်ဖြစ်နေပြီ ဖြစ်သည်။
ချုံမင်: "တောင်ပေါ်က ဆင်းသွားတော့ ဟုန်ကျွင့်က အတိအကျ ပြောပြီးပြီ... သူမင်းကို နောက်တစ်ခါ ထပ်မတွေ့တော့ဘူးတဲ့"
လီကျင်လုံ မော့ကြည့်လိုက်သော်လည်း ချုံမင်သည် သူ့အား ကျော်ဖြတ်ပြီး ဥယျာဉ်မှ ထွက်သွားလေပြီ။ ချင်းရှူံ လီကျင်လုံကိုကြည့်ကာ အတန်ကြာပြီးနောက် သက်ပြင်းချလိုက်သည်။
"သွားပါ...ချန်အန်းကို ပြန်သွားပြီး မင်းရဲ့ ဌာနခေါင်းဆောင်ပဲ လုပ်ပါ"
လီကျင်လုံ သူ့ခေါင်းကို မော့၍ စိုက်ကြည့်နေစဥ် ချင်းရှူံက သူ့လက်ကို မြှောက်လိုက်သည်ကို မြင်လိုက်သည်။ ထိုအချိန်တွင် လီကျင်လုံ၏ ပတ်ဝန်းကျင်တွင် "ဗုန်းကနဲ" အသံနှင့်အတူ အလင်းရောင်တွေ တောက်ပလာပြီး ပတ်ဝန်းကျင် မြင်ကွင်းသည် လျင်မြန်စွာ ပြောင်းလဲသွားသည်။
သူသည် တစ်ခဏအတွင်း တောင်ခြေက မိုင်တစ်ရာနီးပါးဝေးသော နေရာအထိ ရောက်သွားသည်။ ပညာရှိဓားက ကောင်းကင်မှ ဝေ့ဝဲ ပျံသန်းလာကာ မြေပြင်သို့ လျင်မြန်စွာ ထိုးစိုက်သွားလေသည်။
လီကျင်လုံ : "..."
.......
ယောင်ကျင်း နန်းတော်တွင်တော့ ချုံမင်သည် ပလ္လင်ပေါ်တွင် ငြိမ်သက်စွာ ထိုင်နေလေ၏။ ချင်းရှူံ ပင်မခန်းမထဲသို့ ဝင်လာပြီး ချုံမင်ကို ကြည့်လိုက်သည်။
"ဒီလိုဖြစ်စရာ မလိုပါဘူး"
ချုံမင်: "ဒီလိုဖြစ်စရာ မလိုပါဘူး?... မင်း သူတောင်ပေါ်က ဆင်းသွားအောင် အပြင်းအထန် တိုက်တွန်းခဲ့တာပဲ မဟုတ်ဘူးလား... အကြောင်းပြချက်က ခေါင်းလောင်းကို ကြိုးချည်တဲ့သူက ခေါင်းလောင်းကို ဖြည်ဖို့ လိုအပ်နေပြီဆို.... နတ်ဆိုးကို မဖယ်ရှားရသေးပေမယ့် အခု မျိုးစေ့က ပြင်းထန်လာပြီ!"
ဒေါသတွေအပြည့်နဲ့ အော်သံက နန်းတော်ကြီး တစ်ခုလုံးကို တုန်တက်သွားစေသည်။
ချုံမင်: "မင်း သူ့ကို ခဏလောက် ဖျောက်ထားနိုင်ပေမယ့် တစ်သတ်လုံး ဖုံးကွယ်ထားလို့ မရဘူး"
ချုံမင်ကတော့ ဒေါသထွက်နေဆဲ။
"သေမျိုးကောင်က သူ့ခန္ဓာကိုယ်ထဲက နတ်ဆိုးမျိုးစေ့ကို နှိမ်နှင်းနိုင်တယ်ဆိုတာ ဘယ်သူက အာမခံလဲ... သူက ငါ့ရဲ့ သိုင်းကွက် တစ်ခုကိုတောင် မခံနိုင်ဘူး... သူက အမှိုက်ကောင်ပဲကွ!"
ချင်းရှူံလည်း ဒေါသထွက်လာရာ : "မင်းရဲ့ သိုင်းကွက်ကို ပြန်ကြည့်ဦး! စမ်းကြည့်ဖို့ ဖီးနစ်မီးတောက် သုံးမယ်လို့ ဘယ်သူက ထင်မှာလဲ?... နှလုံးမီးအိမ်ရဲ့ စွမ်းအင်က လူသတ်စွမ်းအင် မဟုတ်ဘူး... မင်း နားမလည်သေးဘူးလား"
ချုံမင်ကတော့ ပိုလို့တောင် ဒေါသထွက်နေပြီး "သူ့ကို ယောင်ကျင်းနန်းတော်ကနေ ခြေတစ်လှမ်း တစ်ဝက်တောင် ထွက်သွားခွင့် မပြုဘူး"
ချုံမင်ကတော့ လုံးဝ အလျှော့မပေးဘဲ ရှေ့သို့ ခြေတစ်လှမ်းတိုးကာ နက်ရှိုင်းသော အသံဖြင့် ဆိုလေသည်။
"နဂါးနက်က သူ့စိတ်ဝိညာဉ်ကို ခွဲထုတ်ပြီး နတ်ဆိုးမျိုးစေ့အတွက် အစားထိုးဖို့ ဖန်တီးထားပြီ... အခုဘာတွေ လုပ်ထားပြန်ပြီလဲ ငါတို့ မသိရသေးဘူး.... ယောင်ကျင်းနန်းတော်မှာ မင်း ဟုန်ကျွင့်ကို ကာကွယ်နိုင်လိမ့်မယ် ထင်လား... ဘယ်လိုပဲဖြစ်ဖြစ် ကောင်းကင်နတ်ဆိုးက ရှင်ပြန်ထမြောက်မှာပဲ မဟုတ်ဘူးလား"
"ကောင်းကင်နတ်ဆိုး ရှင်တာမရှင်တာ ငါနဲ့ဘာဆိုင်လို့လဲ"
"အစ်ကို... မင်း တိုက်ချင်တာလား?" ချင်းရှူံ ချုံမင်ကို ကြည့်ပြီး ရုတ်တရက် ပြုံးလိုက်မိသည်။
"ငါတို့ ဘာမှ မလှုပ်ရှားရတာ နှစ်တွေကြာပြီ... မင်းဘာလို့ အပြင်မထွက်တာလဲ"
ချုံမင်သည် နောက်ဆုံးတွင် အတွေးကို စွန့်လွှတ်လိုက်ပြီး ချင်းရှုံကို ပြင်းထန်စွာ တွန်းထုတ်လိုက်သည်။
“အတွေးတစ်ခုတည်းကြောင့်နဲ့ ကျူးလွန်ခဲ့တဲ့ အပြစ်တွေကို နောင်တရဖို့ အချိန်ဘယ်လောက် လိုနေဦးမှာလဲ.... နတ်ဆိုးက ရှင်ပြန်ထမြောက်လာတဲ့နေ့က ငါ နောက်ဆုံးအကြိမ် ပျောက်ကွယ်သွားခဲ့တဲ့ နေ့ပဲ... နောက်ဆုံးတော့ မင်းတို့နဲ့ထိုက်တန်တယ်... ခုန်ရွှမ်းနဲ့လည်း ထိုက်တန်တယ်...."
ချင်းရှူံ အချိန်အတော် ကြာစဉ်းစားပြီး ထွက်ခွာခါနီးတွင် ချုံမင်က နန်းတော်အပြင်ဘက်ရှိ တောင်များကို ကြည့်ကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။
"သူ့မှတ်ဉာဏ်တွေကို ချိတ်ပိတ်ပြီး နန်းတော်မှာ နေခွင့်ပေးလိုက်ပါ... နောင်ကျ ငါထွက်သွားရင် ဒီနေရာလေးမှာ သူမရှိတော့ရင် ခြောက်ကပ်သွားလိမ့်မယ် နောင်အနာဂတ်မှာ ဒီခန်းမမှာ သူတစ်ယောက်တည်း ထိုင်နေရတော့မှာကို စိတ်ပူတယ်... "
"ငါ အကောင်းဆုံးကြိုးစားပါ့မယ်"
ချုံမင်က သက်ပြင်းချလိုက်ပြီး :"နတ်ဆိုးမျိုးစေ့ရဲ့ စွမ်းအင်က ပေါများလာပြီ... တောင်ပေါ်က ဆင်းပြီး ပြဿနာတွေ အများကြီးလည်း တွေ့ကြုံရပြီးပြီ...သူ့မှတ်ဉာဏ်တွေကို တံဆိပ်ခတ်ထားလို့ မရတော့မှာကို ကြောက်ရတယ်"
ချုံမင် : "ဒါဆိုလည်း သူ ငါ့ကို မုန်းနေပါစေ"
......
ဟုန်ကျွင့် အထီးကျန် တောင်ထိပ်တစ်ခုပေါ်မှာ နိုးလာပြီး သူ့ကိုယ်သူ နန်းတော်တစ်ခုထဲ ရောက်နေတာကို ရုတ်တရက် တွေ့လိုက်သည်။ ပတ်ပတ်လည်တွင် ရေနှင့် စားစရာများ ရှိသည်။ အချင်းဝက် ဆယ်ပေသာရှိသော တောင်ထိပ်က နန်းတော် ဖြစ်သည်။ သံကြိုးပါးပါးလေးအား သူ၏ ဘယ်ဘက်ခြေကျင်းဝတ်တွင် ချည်နှောင်ထားပြီး လှုပ်ရှားလိုက်တိုင်း အသံထွက်နေသည်။
သူ၏ အလင်းငါးရောင်နှင့် မသေမျိုးဓားပျံကို သုံးကာ ဖြတ်တောက်ချင်ပေမယ့် နာကျင်မှုကသာ သူ့နောက်ကျောအထိ ပျံ့နှံ့သွားခဲ့သည်။
သူသည် ခွက်ကိုဆွဲကိုင်ကာ မြေပြင်ပေါ်သို့ ရေလောင်းချလိုက်ပြီး ခွက်ထဲကနေ ကြည့်လိုက်တော့ သူ့ပုခုံးဗလာ၏ နောက်ဘက်အလယ်ဗဟိုတွင် ရွှေမှုန့်နှင့် သစ်ကြံပိုးခေါက်ဖြင့် ခြယ်သထားသော အစီအရင်ကို တွေ့လိုက်ရသည်။ သူသည် သွေးကြောအတွင်းရှိ မှော်စွမ်းအားကို စုဆောင်းသည့် အခါတိုင်း ဖီးနစ်လိုင်းများက ပြေးလွှားကာ သူ့မှော်စွမ်းအင်ကို ဟန့်တားထားလေသည်။
သုတ်ပစ်ဖို့ လက်လှမ်းလိုက်ပေမယ့် အစီအရင်က သူ့အင်္ကျီရဲ့ အလယ်မှာ လက်နှစ်ဘက်နဲ့ အလှမ်းဝေးနေသည်။ ခန်းမထဲက တိုင်ဆီကိုရောက်ဖို့ ခက်ခက်ခဲခဲ လှည့်ပတ်ပြီး တိုင်နဲ့ ကျောကို ပွတ်လိုက်သည်။ ပူပြီး နာကျင်နေတာကြောင့် တိုင်ကို မပွတ်နိုင်တော့ပေ။
"ဖေဖေ..."
ဟုန်ကျွင့် အကူအညီမဲ့စွာ ချုံမင်ကို အကူအညီတောင်းရန် မသိစိတ်က အော်ခေါ်လိုက်သည်။ သို့သော်လည်း သူ့ကို ဤနေရာတွင် သော့ခတ်ထားသူမှာ ချုံမင် ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
သူသည် သံကြိုးကို ဆွဲဆွဲကာ အဝေးကို ကြည့်လိုက်ရာ ယောင်ကျင်း နန်းတော်အား အနက်ရောင်အစက်ငယ် တစ်ခုအဖြစ်သာ မြင်ရတော့သည်။ တောင်ခြေရင်းမှာ တိမ်ပင်လယ်ကြီးနှင့် ပိတ်မိနေသော တောင်ထိပ်များက ကျောက်တုံးများကဲ့သို့ ဖြစ်နေသည်။
"လီကျင်လုံ--!"
ဟုန်ကျွင့် ယောင်ကျင်း နန်းတော်ဆီသို့ လှမ်းအော်သည်။ ဘာအဖြေမှ မရှိလာတာကြောင့် ဟုန်ကျွင့်လည်း တိုင်ပေါ်တွင်သာ မှီ၍ ထိုင်လိုက်ရတော့သည်။
ညနေခင်းတွင် လီကျင်လုံသည် စမ်းချောင်းဘေးတွင် သူ့မျက်နှာကို ဆေးကြောပြီး စမ်းချောင်းထဲက သူ့ကိုယ်သူ ပြန်ကြည့်လိုက်သည်။
ထိုက်ဟန်တောင်တန်းတွေမှာ မိုးက အေးစပြုလာပေမယ့် မြေပြင်မှာ နှင်းအနည်းငယ်က ကျနေပါသေးသည်။ ရေသောက်ပြီး ခဏလောက် အနားယူရင်း သူ့ခွန်အားကို ဖြည့်တင်းဖို့ အစာခြောက်တွေ စားခဲ့သည်။ ထို့နောက် ထပ်တူနီးပါးရှိတဲ့ တောင်တွေကို မော့ကြည့်လိုက်သည်။
ပညာရှိဓားကို ကျောပေါ်တင်၍ ဆူးများဖုံးသော ကျဉ်းမြောင်းသော လမ်းပေါ်တွင် လျှောက်လာရင်း သစ်ပင်ပေါ်မှ ငှက်တစ်ကောင်ကို လှမ်းကြည့်ရင်း ခေါင်းကို လှည့်လိုက်သည်။ ငှက်များသည် သစ်ကိုင်းများပေါ်မှ ခုန်ဆင်းကာ အခြားသစ်ပင်တစ်ပင်ဆီသို့ ခုန်ဆင်းကာ အတောင်ပံခတ်လျက် တောအုပ်ထဲသို့ ပျံသန်းသွားကြသည်။
လီကျင်လုံ သက်ပြင်းချလိုက်သည်။ သူနဲ့ ဟုန်ကျွင့် လာခဲ့ရာလမ်းကို မှတ်မိသွားတာကြောင့် ချောက်ကမ်းပါးဆီသို့ လျှောက်သွားသည်။ ချုံမင်သည် ယောင်ကျင်း နန်းတော်ရေကန်ဘေးတွင် ရပ်ကာ ချုံမင်နှင့်အတူ ရေကန်ထဲကို ငုံ့ကြည့်နေသည်။
"ဒါပဲ"
ချုံမင် အေးစက်စွာ ပြောပြီး လှည့်ထွက်သွားသည်။ ချင်းရှူံသည့ ရွှေဝါရောင် အတောင်ပံများကို ဖြန့်ကာ လေထဲသို့ လှည့်ပတ်ပျံဝဲကာ အနောက်ဘက်သို့ ပျံသန်းလာလေ၏။ တောင်ထိပ်က နန်းတော်ထဲမှ ဟုန်ကျွင့်သည် ငှက်တွေရဲ့ တေးဆိုသံကို ကြားတာကြောင့် ချက်ချင်း ခေါင်းမော့ကြည့်လိုက်သည်။
"ချင်းရှူံ! ချင်းရှူံ ——!"
ရွှေတောင်ပံက အမြင့်သုံးပေကျော် ပျံသွားတော့ လေပြင်းက နန်းတော်ကို ချက်ချင်း ဖုံးအုပ်သွားသည်။
"ကျွန်တော် ဒီမှာ!"
ငှက်ရုပ်လွှာသည် နန်းတော်ခဲ ပြုတ်ကျလာသောအခါတွင် ကိုယ်ထည်တစ်ခုအဖြစ်သို့ ရောက်ရှိလာပြီး နန်းတော် လက်ရန်းပေါ်၌ ဒူးတစ်ဖက်ကွေး ထိုင်ချလိုက်သည်။ ထိုသူက ဟုန်ကျွင့်အား သနားသော အကြည့်ဖြင့် စေ့စေ့ကြည့်နေသည်။
"ကျွန်တော့်ကို ဒီကနေ ထုတ်ပေးပါ ချင်းရှူံ!"
ချင်းရှူံ ချုံမင်ဆီကနေ အကြောင်းတရားနှင့် အကျိုးဆက်ကို ကြားပြီးပြီဖြစ်ကြောင်း သဘောပေါက်သွားတာကြောင့် ဟုန်ကျွင့်နှလုံးက ချက်ချင်း အေးစက်သွားသည်။
"ချုံမင် ခင်ဗျားကို အကုန်ပြောပြခဲ့တာလား"
ချင်းရှူံ ခေါင်းငုံ့ကာ ခေါင်းညိတ်ပြရင်း သူ့လက်ကို ဆန့်ထုတ်ကာ ဟုန်ကျွင့်ပါးပြင်ကို ညင်သာစွာထိလိုက်ပြီး မျက်နှာတစ်ဖက်ကို လက်ဖဝါးဖြင့် အုပ်လိုက်သည်။
"အဲဒီကမ္ဘာကြီးက ကောင်းရဲ့လား..."
ဟုန်ကျွင့် ချင်းရှူံကို လွတ်လွတ်လပ်လပ် စိုက်ကြည့်နေသည်။ ချင်းရှူံက သူ့ခြေထောက်များကို အနည်းငယ်ခွာကာ လက်ရန်းပေါ်တွင် ထိုင်လိုက်သည်။ ခေါင်းငုံ့ကာ ဟုန်ကျွင့်ကို မကြည့်တော့ဘဲ ဆန့်ကျင်ဘက် ခြံစည်းရိုးကိုသာ စိုက်ကြည့်လျက် သက်ပြင်းချလိုက်သည်။
"ခင်ဗျားအရင်က ပြောခဲ့သလိုပဲ... ကမ္ဘာကြီးက အရမ်းကောင်းတာပဲ ဒါပေမယ့် မင်းပြောခဲ့တာနဲ့ မတူဘူး"
ချင်းရှူံ: "ကမ္ဘာကြီး ကောင်းလာရတဲ့ အကြောင်းရင်းက လူတွေကြောင့်လို့ ထင်ပါတယ်.... ယောင်ကျင်း နန်းတော်က လှောင်အိမ်တစ်ခုလိုပဲ.... ဘာလို့ အမြဲတမ်း ပြန်မလာချင်တာလဲ ဆိုတာ မင်း အခု နားလည်သင့်ပြီ"
လီကျင်လုံ မနေ့ညက သူ့ကို ချန်အန်းကို အတူပြန်ဖို့ ဆန္ဒရှိမရှိ မေးခဲ့သည်။ သူကလည်း "ပြန်မှာ" ဟု မတွေးဘဲ ပြန်ဖြေခဲ့သည်။
"ဟုတ်တယ်..." ဟုန်ကျွင့် ခေါင်းညိတ်သည်။
သူစကားပြောနေစဉ် ချင်းရှူံက သက်ပြင်းတစ်ချက်ချလိုက်ပြီး။
"ချုံမင်က တစ်ယောက်တည်း အထီးကျန်နေတာ ကြာပါပြီ ဒါကြောင့် သူ့ကို မမုန်းပါနဲ့"
ဟုန်ကျွင့်: "လီကျင်လုံ ဘယ်မှာလဲ?"
"သွားပြီ မင်းကို မစောင့်တော့ဘဲ ချန်အန်းကို ပြန်သွားဖို့ ပြောလိုက်တာ"
ဟုန်ကျွင့် မျက်လုံးလေး ပြူးသွားသည်။
"လူ့လောကကို သွားရတာကို နောင်တရနေသ
လား?"
"နောင်တမရဘူး...."
မနက်ခင်း၌ လေနှင့် တိမ်များ ပြန့်ကျဲသွားကာ နေရောင်ခြည် ထွန်းတောက်နေပြီ။ တိမ်ပင်လယ်က တွန်းထုတ်ခံလိုက်ရရာ တရုတ်ပြည်မကြီးကို ထင်ထင်ရှားရှား မြင်လာရစေလေသည်။
"ဟုန်ကျွင့်... မင်းက တခြားသူတွေထက် ပိုနားလည်တတ်တယ် မဟုတ်လား"
"ကျွန်တော်တို့ ငယ်ငယ်တုန်းက လီကျင်လုံကို သိခဲ့တာလား"
ချင်းရှူံ ဟုန်ကျွင့်ကို အသံတိတ် ကြည့်နေသည်။ တစ်ယောက်နဲ့တစ်ယောက် မေးခွန်းတွေကို ကျယ်ကျယ်ပြောဖို့တောင် မလိုပေမယ့် သူတို့စိတ်ထဲမှာ အားလုံးကို နားလည်နေကြပါပြီ။ အချိန်အတော် ကြာပြီးနောက် ချင်းရှူံက တင်းမာသော အကြည့်၊ သူ့မျက်လုံးများတွင် သည်းမခံနိုင်သော အကြည့်ဖြင့် ခေါင်းညိတ်လိုက်သည်။
လမ်းတစ်လျှောက်တွင် ဟုန်ကျွင့်သည် သူလိုချင်သော အဖြေအားလုံးနီးပါးကို ရခဲ့ပြီးပါပြီ။ နောက်ထပ် အဖြေတစ်ခုကတော့ သူ့မျှော်လင့်ချက်ကို လုံးဝ ပျက်စီးစေခဲ့သည်။
"ချင်းရှူံ"
ဟုန်ကျွင့် အရမ်းငြိမ်သက်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။
"ခင်ဗျား ကျွန်တော့်မှတ်ဥာဏ်ကို ချိတ်ပိတ်ခဲ့တာ မဟုတ်လား"
လီကျင်လုံ ၊ တိရန်ကျယ် ၊ စွန့်ပစ်ထားသော နတ်ဆိုးနှင်ဌာနမှစ၍ မိသားစု ပျက်စီးခြင်းနှင့် သေဆုံးခြင်း၏ အိပ်မက်ဆိုးပြီးနောက် ချင်းရှူံက သူ့ဆီ ပထမဆုံး ရောက်ရှိလာသူဖြစ်သည်။
ဟုန်ကျွင့်ဆီမှာ မရေမတွက်နိုင်သော ခံစားချက်မျိုး ရှိနေဆဲပင်။ ချင်းရှူံက ဒူးတစ်ဖက်ထောက်ကာ သူ့မျက်လုံးများကို တစ်ချက်ကြည့်ကာ တစ်ခုခု ပြောလာသည်။ လက်ဖဝါးက သူ့နဖူးကို ဖိလိုက်ရာ အဖြူရောင် အလင်းတန်းတစ်ခု လင်းလက်သွားကာ သူခံစားခဲ့ရသော နာကျင်မှုကို မေ့သွားခဲ့သည်။
"ဟုတ်တယ်..." ချင်းရှူံက သူ့ကို ဘာမှ ဖုံးကွယ်မထားတော့ဘဲ ပြောပြလာသည်။
"မင်းနဲ့ လီကျင်လုံရဲ့ အမှတ်ရစရာတွေကို ငါက တံဆိပ်ခတ်ထားတာ... ဘာလို့လဲ ဆိုတော့ မင်းကို နာကျင်မှုတွေနဲ့ မနေစေချင်တော့ဘူး...ခွမ်က "ခေါင်းလောင်းကို ကြိုးချည်တဲ့လူက ကြိုးပြန်ဖြည်ရမယ်" လို့ ပြောတော့ မင်း ချန်အန်းကို ရောက်ရင် လီကျင်လုံနဲ့ တွေ့လိမ့်မယ်လို့ ထင်ထားပြီးသား... မရေမတွက်နိုင်တဲ့ စကားတစ်ခွန်းရှိခဲ့တယ် ဒါပေမဲ့ ငါမမျှော်လင့်ထားတာက နှလုံးမီးအိမ် သူ့ခန္ဓာကိုယ်ထဲကို ဝင်သွားလိမ့်မယ်လို့ပဲ...."
ဟုန်ကျွင့်: "ကျွန်တော်လည်း မမျှော်လင့်ထားပါဘူး"
"ဒါက မတော်တဆမှုတစ်ခုပဲ" ချင်းရှူံက ခဏလောက်စဉ်းစားပြီး။
"တံဆိပ်က မန္တန်တစ်ခုပဲ...မင်းကို ငယ်ငယ်ကဖတ်ပြဖူးတဲ့ ကဗျာတစ်ပုဒ်... မင်းအတွက် အရေးကြီးဆုံးက မင်းငါ့ကို မေ့လိုက်ရင် အတိတ်က အမှတ်တရတွေ တဖြည်းဖြည်း ပေါ်လာလိမ့်မယ်"
ဟုန်ကျွင့် ချင်းရှူံရဲ့ မျက်လုံးများကို စိုက်ကြည့်ရင်း မျက်လုံးများ နီရဲလာသည်။
"မေ့လိုက်တော့...ယောင်ကျင်း နန်းတော်မှာ နေလိုက်ပါ မဟုတ်ရင် ဒီဘဝမှာ နာကျင်စရာတွေပဲ ရှိလာလိမ့်မယ်"
ဟုန်ကျွင့်၏ အသက်ရှုသံက ရုတ်တရက် အသက်ရှူကျပ်သွားသလို တန့်သွားသည်။ ချင်းရှူံ သူ့ဘယ်ဘက်လက်ဖဝါးကို မြှောက်လိုက်ပြီး သူ့လက်ဖဝါးမှ အဖြူရောင်အလင်းတန်းများ ထွက်လာသည်။
"ခဏနေဦး..." ဟုန်ကျွင့် တုန်တုန်ယင်ယင်နဲ့။
"ခင်ဗျားကိုမေးစရာ တစ်ခုရှိတယ် ချင်းရှူံ..."
ချင်းရှူံလည်း တုန်တုန်ယင်ယင် ဖြစ်နေသော ဟုန်ကျွင့်ကို ကြည့်နေသည်။
"ချင်းရှူံ ခင်ဗျားကျွန်တော့်ကို ကယ်ဖို့ နောက်ဆုံးအခိုက်အတန့်အထိ မစောင့်နေလည်း ရတယ်မလား... ဘာလို့ စောစောမလာတာလဲ... ဒါအကုန်သိထားတာလား...အဖေ...ကျွန်တော် သူတို့လက်ထဲမှာ သေသွားပြီးရင် အဖေ့ကို ယောင်ကျင်းနန်းတော်ကို ပြန်ခေါ်သွားဖို့ စီစဥ်ထားတာမလား"
ချင်းရှူံ သူ့ခေါင်းကို လှည့်လိုက်ပြီး ဟုန်ကျွင့်ရဲ့ အကြည့်ကို ရှောင်လိုက်သည်။ သူ့မျက်နှာပေါ်က မျက်ရည်တွေ စီးကျလာပြီး ရှိုက်ရှိုက်ရင်းဖြင့်။
"ဟုန်ကျွင့်... တောင်းပန်ပါတယ်"
ဟုန်ကျွင့် : "..."
ချက်ချင်းမှာပဲ ဟုန်ကျွင့် နောက်ဆုံးအဖြေကို ရသွားခဲ့ပြီး သူ့နှလုံးသားထဲက ဝမ်းနည်းပူဆွေးမှုတွေက ဆည်ပေါက်သွားတဲ့ ရေကြီးမှုတစ်ခုလို ပေါက်ကွဲထွက်လာတော့သည်။ သို့သော် ချင်းရှူံရဲ့ ဘယ်ဘက်လက်သည် ရုတ်တရက် ထွက်လာပြီး သူ့မျက်လုံးများကို ဖိထားသည်။
"အသက်ရှင်သူများသည် လမ်းသွားလမ်းလာများ ဖြစ်ပြီး သေလွန်သူများကသာ ပြန်လာသူများ ဖြစ်သည်"
"ကောင်းကင်နှင့်မြေကြီးသည် အချင်းချင်းအပြန်အလှန် ဆန့်ကျင်၍ ထာဝရမြေမှုန့်၏ ဝမ်းနည်းခြင်း ဝေငှခြင်း... တံဆိပ်ခတ်ခြင်း!"
တခဏအတွင်းမှာပဲ ဟုန်ကျွင့် စိတ်ထဲမှာ မှတ်ဥာဏ်တစ်ခု ပေါ်လာသည်။
ဟုန်ကျွင့်လေး: "ဒါက ဘာလဲ?"
"ဒါက တံဆိပ်ခတ်တဲ့ မှော်စွမ်းအင် ဒါကို သတိရပြီးရင် ဘယ်တော့မှ မမေ့ပါနဲ့"
ချင်းရှုံသည် ချောမွေ့သော တောင်စောင်းနံရံပေါ်တွင် လဲလျောင်းနေပြီး ဟုန်ကျွင့်ပေါက်စက သူ့ခန္ဓာကိုယ်ပေါ်တွင် လဲလျောင်းနေကာ တောက်ပနေသော ကြယ်ရောင် ကောင်းကင်ကြီးကို အတူကြည့်နေကြသည်။
"ကောင်းကင်နဲ့ မြေကြီးကြားက ရန်ငြိုးရန်စက ဘယ်တော့မှ ပျောက်မသွားပါဘူး... ကောင်းကင်နဲ့မြေကြီးရဲ့ သွေးကြောတွေက ခံနိုင်ရည်ရှိတဲ့ ကန့်သတ်ချက်ထက် ကျော်လွန်ပြီးတော့ ကမ္ဘာကြီးထဲမှာ ပျံ့လွင့်သွားကာ နာကြည်းမှုတွေ စုဆောင်းပြီး နတ်ဆိုး ဖြစ်လာတယ်"
ဟုန်ကျွင့်ပေါက်စ: "နားကျည်းမှုက ဘာလဲ"
"စွဲလမ်းမှုပဲ"
"ဘာတွေ စွဲလမ်းနေတာလဲ?"
"ထောင်နဲ့ချီတဲ့ စွဲလမ်းမှုတွေက သေခြင်းတရားကလွဲလို့ ဘာမှမဖြစ်ဘဲ မွေးဖွားလာတာကို ပြောတာ...." ချင်းရှူံက ညည်းညူကာ။
"နတ်ဆိုးပဲဖြစ်ဖြစ် လူသားပဲဖြစ်ဖြစ်၊ သက်ရှိသတ္တဝါအားလုံးရဲ့ ဝိညာဉ်တွေက ဒီကျယ်ပြောလှတဲ့ ကမ္ဘာကြီးမှာ ဖြတ်သန်းသွားလာနေကြတာပဲ... မွေးဖွား၊ အသက်၊ ခန္ဓာ၊ သေခြင်း၊ ကာမဂုဏ် ခုနစ်ပါးနှင့် တပ်မက်မှု ခြောက်ပါးက သေပြီးရင် နောက်ဖြစ်မယ့် အရာတွေကို အဆုံးအဖြတ်ပေးတယ်....အတွင်းနတ်ဆိုး မရှိရင် နတ်ဆိုးလည်း မရှိဘူး... မှတ်ထားလား?"
"မှတ်ထားပြီ...."
ဟုန်ကျွင့်ပေါက်စက သူ့ကို လှည့်ကြည့်ပြီး ချင်းရှုံရဲ့ ရင်ဘတ်ပေါ် မျက်နှာတင်ကာ မျက်လုံးလေးမှိတ်ပြီး အိပ်ပျော်သွားလေသည်။
အထီးကျန် တောင်ထွတ်ထိပ်တွင် ချင်းရှုံသည် သူ့နောက်ကျောက ကောင်းကင်ကိုပါ ဖုံးလွှမ်းနေသော တောင်ပံများကိုဖြန့်ကာ ကြီးမားသော "လေပြင်း" ဖြင့် ကောင်းကင်ကို လှုပ်ခါလိုက်သည်။ သူ့ပတ်ဝန်းကျင်ရှိ အဖြူရောင်အလင်းရောင်နှင့် အငွေ့အသက်များ လျင်မြန်စွာ လှည့်ပတ်သွားကာ ဟုန်ကျွင့် နာကျင်စွာ အော်ဟစ်လိုက်ပေ၏။
"လွှတ်စမ်း!"
ဟုန်ကျွင့် ဆက်လက် ရုန်းကန်နေသော်လည်း ချင်းရှူံ၏ ဘယ်ဘက်လက်ဖဝါးထဲက အဖြူရောင်အလင်းတန်းများက သူ့နဖူးနှင့် ခါးကြားသို့ တိုးဝင်ကာ ဟုန်ကျွင့် ခန္ဓာကိုယ်အနှံ့သို့ လျင်မြန်စွာ စီးဆင်းသွားသည်။
"ခင်ဗျားတို့အားလုံး ကျွန်တော့်ကို လိမ်နေကြတာ!"
ဟုန်ကျွင့်ရဲ့ အသံဟာ ပြာပြီး ထူးဆန်းလာသည်။ သူ့မျက်လုံးတွေက အနက်ရောင်စွမ်းအင်တွေ ထွက်လာပြီး ချင်းရှုံရဲ့ အနောက်ဖက်အထိ ချက်ချင်းဆိုသလို အနက်ရောင်စွမ်းအင်တွေက အရှိန်ပြင်းလာပြီး ထိန်းမနိုင်သိမ်းမရနဲ့ ဒေါသတကြီး ဟောက်လေ၏။
"ငါ့ကို ပိတ်ဆို့ချင်တယ်ပေါ့!"
ဟုန်ကျွင့် ချင်းရှူံရဲ့ မှော်ပညာကို ဖြတ်ကျော်တော့မည်ကို မြင်လိုက်ရသဖြင့် သူ့နောက်ကွယ်ရှိ ဖီးနစ်ပြေးလိုင်း ပုံစံများက တောက်ပလာခဲ့သည်။ ယောင်ကျင်း နန်းတော်၏ ပင်မခန်းမဆောင်ထဲက ချုံမင်လည်း ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားသည်။
များမကြာမီပင် အထီးကျန်ခန်းမထဲက တိုင်များသည် ချင်းရှူံနှင့် ဟုန်ကျွင့် ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးစွမ်းအင်များ၏ သက်ရောက်မှု အောက်တွင် ပြိုကျပြီး အုတ်နှင့်အုတ်ချပ်များသည် အရပ်ဘက်သို့ ပျံ့သွားသည်။ ချင်းရှူံ၏လက်များ တစ်လျှောက်ကိုလည်း နတ်ဆိုးစွမ်းအင်များက ပျံ့နှံ့သွားခဲ့သည်။
နတ်ဆိုးစွမ်းအင်သည် ဆူးများကဲ့သို့ ဖြတ်ကျော်ကာ ချင်းရှုံခန္ဓာကိုယ်ကို ရွှေရောင်သွေးများဖြင့် စိုရွဲသွားစေသည်။ ဟုန်ကျွင့်၏ မျက်လုံးများသည် တောက်လောင်နေသော မီးမည်းများ ပြည့်လျှံနေကာ ထူးဆန်းသော အသံဖြင့် ဟောက်လိုက်သည်။
"ငါ မင်းကို သတ်မယ် --!"
ချက်ချင်းပင် သူ့နောက်တွင် ပျံဝဲနေသော မီးသည် လှိမ့်သွားကာ ရွှေရောင်မီးထဲတွင် ပေါ်လာသော ချုံမင်သည် ကောင်းကင်ကို ဖုံးလွှမ်းနိုင်သော ဖီးနစ်အတောင်များကို ခါယမ်းကာ "ကျိုးပဲ့စေ" ဟု အော်လိုက်လေသည်။ အမွေးအတောင်များကို ယမ်းခါလိုက်တဲ့အခါ ထောင်ပေါင်းများစွာသော မီးအမွေးအမှင်များသည် ဟုန်ကျွင့်ခန္ဓာကိုယ်ထဲ လောင်ကျွမ်းသွားပြီး နတ်ဆိုးစွမ်းအင် အားလုံးကို သူ့ခန္ဓာကိုယ်ထဲသို့ ပြန်လည် ရောက်ရှိစေခဲ့သည်။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ တောင်ပေါ်ရှိ နန်းတော်ကြီး ပြိုကျပြီး ဟုန်ကျွင့်လည်း မေ့မြောသွားခဲ့သည်။ ချင်းရှူံကတော့ မမောနိုင်မပန်းနိုင် ဒူးထောက်ထိုင်ချလိုက်ပြီး ဟုန်ကျွင့်နောက်ကျောကို လက်တစ်ဖက်ဖြင့် ဖိကာ ဆိုလိုက်သည်။
“အရင်တုန်းက နတ်ဆိုးက ဒီလောက် မသောင်းကျန်းပါဘူး.... ငါတို့ သူ့ကို လူသားကမ္ဘာဆီ ဘယ်တော့မှ ထပ်သွားခွင့် မပြုသင့်တော့ဘူး"
ဘာသာပြန် - ကလေးကို နှိပ်စက်နေကြပါတယ်ဗျို့