ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 3)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
တိမ်ထိပ်ကောင်းကင်နန်းတော် (ဒုတိယပိုင်း)
Chapter (21)
ကျုံးမြစ်ရေ
မြေပြင်ပေါ်ကို မိနစ်အတော်ကြာအောင် ဆင်းသက်ပြီးနောက်မှာ တစ်ကိုယ်လုံး ပတ်ချာလည်ကာ လုံးလုံးထွေးထွေး ဖြစ်သွားတော့သည်။ ဝူရှဲ့ ဘာတွေဖြစ်ကုန်မှန်း မသိသေးသလို သူ့ကိုယ်သူ သေသွားပြီလားလည်း မသိချေ။ အဲဒီအချိန်မှာ လည်ချောင်းထဲက သွေးညှီနံ့တွေ ထွက်လာရာ လေပြွန်ထဲ အသက်ရှူမဝတော့ပေ။ ဝူရှဲ့မှာ မရပ်မနား ချောင်းဆိုးနေခဲ့ရာ နှာခေါင်းနဲ့ ပါးစပ်ထဲကပါ သွေးတွေ စီးကျလာခဲ့သည်။
ဝူရှဲ့မှာ စိတ်တည်ငြိမ်သွားအောင် ၁၅ မိနစ်လောက် ငြိမ်သက်နေပြီးမှ တဖြည်းဖြည်း ပြန်သက်သာလာခဲ့သည်။ သူ တုန်တုန်ယင်ယင်နဲ့ ထထိုင်လိုက်၏။ ပတ်ဝန်းကျင်က တစ်ခုလုံး မှောင်နေပြီး ဘာမှမမြင်ရပေ။ မြေပြင်ကို ထိလိုက်တော့ ကျုံးအောက်ခြေက ခြောက်သွေ့နေလေသည်။ ကံကောင်းထောက်မစွာ ဒီကျောက်တုံးတွေက အတော်လေး ပြားနေတာပဲ။ ဒါမှမဟုတ်ရင် မသေရင်တောင် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားလိမ့်မည်။
သူ့ရဲ့ ဂတ်စ်မျက်နှာဖုံး အက်ကွဲပြီး မှန်ဘီလူးတစ်ခုလည်း ကွဲသွားသည်။ အက်နေတဲ့ နေရာလေးကို ထိလိုက်တာနဲ့ ဂတ်စ်မျက်နှာဖုံး တစ်ခုလုံး ကွဲအက်သွားတာကို တွေ့လိုက်ရသည်။ ရှေ့ကို နောက်တစ်ခေါက် ထပ်ထိကြည့်လိုက်တော့ မျက်နှာရှေ့မှာ အရမ်းချွန်တဲ့ ကျောက်စတစ်စ စိုက်နေတာကို တွေ့လိုက်ရသည်။ မျက်နှာဖုံးရဲ့ အကာအကွယ်ကြောင့် သူ့မျက်နှာ ပျက်စီးသွာစေခြင်းမှ တားဆီးထားသော်လည်း ယခုတစ်ကြိမ်တွင် ဓာတ်ငွေ့မျက်နှာဖုံးက လုံးဝ အသုံးမဝင်တော့ပေ။
ဝူရှဲ့ နောက်ကျောကို ခက်ခက်ခဲခဲ လက်လှမ်း၍ မျက်နှာဖုံးကို ဂရုတစိုက် ချွတ်ပစ်လိုက်သည်။ လက်ထဲရောက်တာနဲ့ မျက်နှာဖုံးက လေးပိုင်းကွဲသွားတာကြောင့် ပြန်တပ်လို့လည်း မရတော့ပေ။
မျက်နှာဖုံးမပါရင် သူ့ပတ်ဝန်းကျင် လေထုထဲက ဆာလဖာနံ့က ပိုပြင်းလာပေမယ့် အသက်အနည်းငယ် ရှူလိုက်ပြီး နောက်မှာတော့ ကြီးကြီးမားမား မသက်မသာ မခံစားရပေ။ ကြည့်ရတာ ဒီနေရာရဲ့ လေထုက အဆိပ်ငွေ့တွေ ပြင်းထန်တယ်လို့ ဖန့်ကျစ်စကားက တကယ် မဟုတ်ဘူးပဲ။ ကျုံးအောက်ရှိ လေထု အရည်အသွေးသည် ညံ့ဖျင်းမနေချေ။ ဝူရှဲ့ သူ့ဘာသာ တိတ်တိတ်လေး ကျိန်ဆဲပြီး မျက်နှာဖုံးကို မြေကြီးပေါ် ပစ်ချလိုက်သည်။ ပါးစပ်ထဲကျန်နေတဲ့ သွေးတွေကို ထွေးထုတ်ကာ အပေါ်ကို မော့ကြည့်လိုက်၏။
ကျုံးဟာ အနည်းဆုံး ဆယ်မီတာမြင့်ပြီး မီးခိုးရောင် သန်းနေသည်။ ဖန့်ကျစ်တို့ သူတို့ရဲ့ ဓာတ်မီးတွေ တောက်လျက် အပေါ်ကနေ ငုံ့ကြည့်နေပုံကို မြင်နေရသလို လှော်ခတ်နေတဲ့ ဝူရှဲ့ရဲ့ လှုပ်ရှားနေပုံကိုလည်း လှမ်းမြင်နေရသည်။ အခုတော့ ဝူရှဲ့မှာ နားတွေ အူနေတုန်းပင်။ ပြုတ်ကျထားလို့ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဆင်းသက်ချိန်ကစလို့ နားထဲမှာ ကျယ်လောင်တဲ့ အသံတွေနဲ့ ပြည့်နေပြီး သူတို့ ဘာတွေပြောနေလဲ ဆိုတာတောင် မသိနိုင်တော့ပေ။
ကြိမ်ဖန်များစွာ အော်ကြည့်ရန် ကြိုးစားသော်လည်း အသက်ရှုသွင်း ပြီးသည်နှင့် ရင်ဘတ်မှ နာကျင်ကိုက်ခဲမှုတစ်ခုက တစ်ကိုယ်လုံးကို ပျံ့နှံ့သွားရာ ရုတ်တရက် ညည်းညူသံအဖြစ်သာ ပြောင်းလဲသွားခဲ့သည်။ အသံကတော့ ထွက်မလာခဲ့။
ဖန့်ကျစ် နဲ့ တခြားသူတွေကို သူအသက်ရှင်နေသေးတယ် ဆိုတာ သိစေဖို့အတွက် ဂတ်စ်မျက်နှာဖူံးကို ကောက်ကိုင်လိုက်ပြီး ကြမ်းပြင်ပေါ်မှာ ခေါက်လိုက်သည်။ အသံက ကျယ်လောင်ခြင်း မရှိသော်လည်း ငြိမ်သက်နေသော ကျုံးအောက်ခြေမှ ပဲ့တင်သံကြောင့် အလွန်ရှင်းလင်းစွာ ကြားနိုင်သည်။
ခဏလောက် ခေါက်ပြီးတဲ့ အခါမှာတော့ မီးရှူးမီးပန်းတွေ အပေါ်ကနေ သူ့ဘေးနားကို ကျလာလေသည်။ စိတ်ထဲက ကျိန်ဆဲလိုက်ပြီး အမြန် ထွက်ပြေးသွားခဲ့ရသည်။ အဲဒီနောက် တံတားမပေါ်ကနေ လူတစ်ယောက်ရဲ့ ဦးခေါင်းကြီး ထွက်လာ၏။ ကြည့်ရသလောက်တော့ ဖက်တီးပင်။
ဝူရှဲ့ တွားသွားကာ မီးပန်းကို ကောက်ကိုင်လိုက်ပြီး ဖက်တီးကို လက်ပြနှုတ်ဆက်လိုက်သည်။ သူမြင်လိုက်သည်နှင့် ချက်ချင်း ထအော်လိုက်သော်လည်း ဝူရှဲ့မှာ သူဘာပြောနေမှန်း လုံးလုံးမကြားရသောကြောင့် အသံအနည်းငယ်ကို ထုလိုက်မိသည်။ သူ့ခေါင်းက နောက်ပြန်ဆုတ်သွားပြီး သိပ်မကြာခင်မှာပဲ အပေါ်ကနေ ကြိုးတစ်ချောင်းက မြစ်ကြမ်းပြင်ရဲ့ အောက်ခြေအထိ ဆင်းသက်လာသည်။
ကျုံးကမ်းပါက အဆောက်အဦတစ်ခုရဲ့ စတုတ္ထထပ် သို့မဟုတ် ပဉ္စမထပ်လောက်အထိ ရှိတာကြောင့် အမြင့်က ဆယ်မီတာကျော်ရှိသည်။ မြင့်တာလည်း မဟုတ်၊ နိမ့်နေတာလား မဟုတ်ပေ။ ဖက်တီးသည် ချက်ချင်းပင် အောက်ဘက်သို့ လျှောဆင်းလာသည်။ သူ ကြိုးကို လွှတ်လိုက်ပြီး သေနတ်ဖြင့် ဘေးပတ်ပတ်လည်ကို ချိန်ကြည့်ပြီးတော့မှ ပြေးလာပြီး ထိုင်ချလိုက်သည်။
“မင်း အဆင်ပြေရဲ့လား?
"အဆင်ပြေရဲ့လား ဟုတ်လား? မင်း တခါလောက် စမ်းကြည့်လိုက်လေ"
ဖက်တီးမှာ ဝူရှဲ့က ဟာသပြောနိုင်တုန်းပဲလို့ မြင်တော့ သက်ပြင်းတစ်ချက် ချပြီး အပေါ်ထပ်ကို လေချွန်၍ အသံပေးလိုက်သည်။ ချက်ချင်းပဲ ဖန့်ကျစ်နဲ့ ရွှင့်ကျစ်တို့ သူတို့ရဲ့ပစ္စည်းတွေကို ထမ်းပြီး အပေါ်ကနေ ဆင်းလာခဲ့သည်။
သူတို့က ဝူရှဲ့ကို ကူချီပေးကာ နံဘေးက ကျောက်တုံးတစ်တုံးပေါ် အရင် ထောက်မှီခိုင်းထားလိုက်သည်။ ပြီးတော့ သူတို့က ရွှင့်ကျစ်အား ဝူရှဲ့ကို ကိုင်ထားပေးဖို့ တောင်းဆိုပြီး ဆေးအိတ်ကို ထုတ်ယူလိုက်သည်။ ထို့နောက် ခန္ဓာကိုယ်ကိုလည်း စစ်ဆေး၏။
ဆေးအိတ်ကို တွေ့တော့မှ ဝူရှဲ့လည်း နည်းနည်းသက်သာရာ ရသွားသည်။ ကံကောင်းထောက်မစွာနဲ့ သူတို့ ကောင်းကောင်း ပြင်ဆင်ထားခဲ့မိ၏။ ဖန့်ကျစ်က အရိုးကျိုးတာ မရှိဘူး၊ ပတ်တီးတချို့ထုတ်ပြီး ပိုကြီးတဲ့ဒဏ်ရာတွေကို ပတ်တီးပတ်တီးပေးရင်း ပါးစပ်ကလည်း ကျိန်ဆဲနေသေးသည်။
“ရပ်လို့ ပြောတာကို ဘာလို့ ခုန်နေသေးတာလဲ? အသက်ပြင်းနေလို့ ကံကောင်းသွားတာ... သခင်လေးရဲ့ ဘဝအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုခု ဖြစ်သွားခဲ့ရင် ဒါမှမဟုတ်ရင် သေသွားရင် သခင်သုံးကို ကျုပ် ဘယ်လို သွားရှင်းပြတော့မလဲ"
ဒါကိုကြားတော့ ဝူရှဲ့ ဒေါသတကြီးနဲ့ ပြန်ကျိန်ဆဲလိုက်သည်။
"ခင်ဗျားက ကျွန်တော့်ကို ဆူနေသေးတယ်ပေါ့... ခင်ဗျား ကျွန်တော့်ရပ်ဖို့ မပြောခင်ကတည်းက ကျွန်တော်က လေထဲရောက်နေပြီလေ... ဒါက အဖွား ဗီဒီယိုတိပ်ခွေ ဖွင့်ထားသလိုမျိုး ရပ်လို့ရတာ မဟုတ်ဘူး"
ပြန်ပြောလိုက်ပေမယ့် မပြီးသေးခင်မှာပဲ ရုတ်တရက် ရင်ဘတ်ထဲက ကြွက်တက်ကာ နာကျင်လာပြီး လူတစ်ကိုယ်လုံး လိမ်လုမတတ် ဖြစ်သွားသည်။ ဖန့်ကျစ်လည်း ဒါကိုမြင်တော့ လန့်သွားပြီး သူက ဝူရှဲ့ကို အမြန်ဆွဲကာ မလှုပ်ဖို့ ပြောလိုက်သည်။
ဝူရှဲ့သည် အံကိုကြိတ်ပြီး ကြိမ်းမောင်းချင်ပေမယ့် နာကျင်လွန်းလို့ စကားတောင် မပြောနိုင်ဘဲ မောဟိုက်သွားလေသည်။
ဖက်တီးကလည်း ရေနွေးကို ကမ်းပေးရင်း အားပေးသေးသည်။
"ဒါပေမဲ့ မင်း ကံကောင်းသွားတာတော့ အမှန်ပဲ... ဒီလောက် အမြင့်ကနေ ပြုတ်ကျတာက အောက်ဘက်မှာလဘ်း ကျောက်တုံးတွေ ရှိတယ်... လူအများစုကတော့ သေမှာ မဟုတ်ပေမယ့် မသန်မစွမ်း ဖြစ်သွားမှာတော့ သေချာတယ်"
ဝူရှဲ့ ရေနွေးအိုးကိုယူ၍ ဒါက ကံကြမ္မာဆိုးလို့ ခေါ်သင့်သည်ဟုသာ တွေးလိုက်မိသည်။ ထိုသံကြိုးနှစ်ချောင်းကို ထိမိလိုက်လို့ မသေတာ ဖြစ်လိမ့်မည်။ ဒါက ကံကောင်းတာလား ဒုက္ခရောက်နေတာလားတောင် မသိပေ။ မကြာသေးမီက အမြင့်ကနေ ပြုတ်ကျလာတိုင်း မသေနိုင်သေးတာက အမှန်တကယ်ပင် အသက်ပြင်းသည်ဟု ဆိုရမည်။
ရေသောက်ပြီးတာနဲ့ ပါးစပ်ထဲက သွေးတွေ အကုန် ဆေးကြောပြီးသား ဖြစ်သွားနာကြောင့် လည်ချောင်းတွေ နည်းနည်း သက်သာလာတယ် လို့ ခံစားလာရ၏။ သူ အစောတုန်းက အကောင်က ဘာလဲလို့ ဖန့်ကျစ်ကို မေးကြည့်လိုက်သည်။ ဖန့်ကျစ်က ဒီတစ်ခါတော့ ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီး ထူးဆန်းတဲ့ ငှက်တစ်ကောင် ဖြစ်ရမယ်လို့ ဆိုသည်။ ၎င်းရဲ့ခေါင်းက အကြီးကြီး ဖြစ်ကာ အရပ်ရှည်က လူတစ်ယောက် အရပ်လောက်ရှိသည်။ သေနတ်နဲ့ မထိသွားတာ အနည်းငယ် နှမြောစရာပင်။ မဟုတ်လျှင် အဲဒီဟာက ဘာကောင်လဲ သေသေချာချာ ကြည့်နိုင်ပြီ။
ဖက်တီးက “ဟုတ်ပြီ... အခုနက ငါတို့တွေ့ခဲ့တဲ့လူက ဒီအရာက... လူဦးခေါင်းငှက် ဒါမှမဟုတ် ဇီးကွက်တစ်ကောင် ဖြစ်နိုင်တယ်”
ရွှင့်ကျစ်က အပေါ်ကို မျှော်ကြည့်လိုက်ပြီး။
"ထူးဆန်းလိုက်တာ... ဒီထူးဆန်းတဲ့ ငှက်တွေက အောက်ကို မဆင်းလာကြသလိုပဲ"
ဝူရှဲ့လည်း အပေါ်ကို မော့ကြည့်လိုက်သည်။ ယခုအချိန်တွင် မမြင်ခဲ့ရတဲ့ ဖိအားက သိသာထင်ရှားစွာ ပျောက်ကွယ်သွားပြီ။
"ဒီမှာ ထူးထူးဆန်းဆန်း တစ်ခုခုရှိလို့ ဆင်းလာရမှာ ကြောက်နေတာများလား"
ဖန့်ကျစ်လည်း အနည်းငယ် ချီတုံချတုံ ဖြစ်သွားသည်။ ထိုအခိုက် ဖက်တီးက။
"အင်း ငါအရင်သွားကြည့်လိုက်မယ်... ဒီမှာ ပြဿနာရှိရင် ငါတို့ ချက်ချင်း ပြန်တက်လိုက်မယ်... ရှောင်ဝူ မင်းဒီမှာနေခဲ့ပြီး အရင်အနားယူလိုက်ဦး"
ဝူရှဲ့ ခေါင်းညိတ်ပြလိုက်သည်။ ဖန့်ကျစ်ကလည်း အတူလိုက်မယ် လို့ပြောပြီး သူတို့နှစ်ယောက် လျှောက်သွားလိုက်ကြသည်။ သိပ်မကြာခင်မှာဘဲ လမ်းရှာနေတဲ့ ဖက်တီးက တစ်ခုခုကို ရှာတွေ့သွားသလိုပဲ သူတို့ဘက်ကို လေချွန်အချက်ပေးလာသည်။
ဖန့်ကျစ်လည်း သူ့သေနတ်ကို မြှောက်လိုက်ပြီး ဆူဖြိုးသူရဲ့ ဦးတည်ရာကို ကြည့်လိုက်တော့ ဖက်တီးဟာ တံတားတစ်လျှောက်က အဝေး တစ်နေရာကို လျှောက်သွားနေတာ တွေ့လိုက်ရသည်။ ဓာတ်မီး အလင်းရောင်က မှုန်ဝါးနေ၏။ သူ့ဓာတ်မီးရဲ့ မြင်ကွင်းထဲမှာတော့ သူအနောက်မှာ အရိပ်မည်းကြီးကို လှမ်းတွေ့လိုက်ရသည်။
အဝေးက အမှောင်ထဲမှာ လူတွေအများကြီး ရပ်နေပုံရပြီး ထိုအနက်ရောင် အရိပ်တွေက ရောယှက်နေကြသည်။ အဆက်မပြတ် တည်ရှိနေတာကြောင့် ဘယ်လောက် ရှိတယ်ဆိုတာ ရေတွက်လို့ပင် မရပေ။
ဝူရှဲ့တို့အားလုံး သတိကပ်သွားကြသည်။ ဖန့်ကျစ်က သေနတ်ကို အသင့်ပြင်လိုက်သလို ရွှင့်ကျစ်ကလည်း သူ့အမဲလိုက်ဓားကို ဆွဲထုတ်လိုက်သည်။ ဖန့်ကျစ်က။
"ဘာဖြစ်တာလဲ? အဲ့မှာ ဘာရှိလို့လဲ"
ဖက်တီးက ဟိုဟိုဒီဒီကြည့်ရင်း လှမ်းအော်လေ၏။
"မင်းတို့လာကြည့်ရင် သိလိမ့်မယ်"
တံတားပေါ်ကနေ ဝူရှဲ့ ပြုတ်ကျတုန်းက ခံစားခဲ့ရတဲ့ ကျုံးက မီတာခြောက်ဆယ်နီးပါး ကျယ်ပြီး ဒေါင်လိုက်ရော အလျားလိုက်ရော အရမ်းနက်သည်။ မြစ်၏ ပကတိအကျယ်နှင့် နှိုင်းယှဉ်ပါက ဖက်တီးရပ်နေသည့် နေရာသည် ဝူရှဲ့တို့နှင့် မဝေးလှသော်လည်း ဝူရှဲ့တို့ အနီးတစ်ဝိုက်က ထူထပ်သော အမှောင်ထုကြောင့် သူ၏ဓာတ်မီး ထွန်းထားသည့် နေရာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။
သို့သော် ဖက်တီး၏ လေသံကို နားထောင် ကြည့်ရလျှင် အန္တရာယ်မရှိဘူးဟု ထင်ရသည်။
ရွှင့်ကျစ်က ဝူရှဲ့ကို ကြည့်ပြီး သွားကြည့်ချင်လားလို့ မေးလာသည်။ ဝူရှဲ့လည်း ခေါင်းညိတ်လိုက်၏။ ထိုအခါ ရွှင့်ကျစ် ဝူရှဲ့ကို ထောက်ကူပြီး ဆွဲထူလိုက်သည်။ သုံးယောက်သား တစ်လှမ်းချင်း ဖက်တီးရှိရာ အရပ်ဆီသို့ လျှောက်သွားကြသည်။
ကျုံးအောက်ခြေတွင် မညီမညာသော အနက်ရောင် ကျောက်တုံးများဖြင့် ပြည့်နှက်နေသည်။ ကျောက်တုံးတချို့၏ အရွယ်အစားဆိုလျှင် အလွန်တုန်လှုပ် ချောက်ချားဖွယ် ကောင်းလှသည်။ ၎င်းကနေ ဤကျုံးကို မူလ တည်ဆောက်စဉ်က အလွန်ကြီးမားသော ပရောဂျက်တစ်ခု ဖြစ်ခဲ့တာကို တွေ့မြင်နိုင်ပါသည်။ ကျောက်တုံးတံတားရဲ့ အောက်ခြေမှာ ရပ်နေတဲ့ ဖက်တီးရဲ့ ဓာတ်မီးသည် ရှုပ်ထွေးသော အနက်ရောင် ပုံရိပ်များဆီ ထိုးထား၏။
သူတို့လည်း ဖက်တီးအနားကို ခက်ခက်ခဲခဲ လျှောက်လှမ်းပြီးတဲ့ နောက်မှာတော့ အနက်ရောင် အရိပ်တွေက ပိုကြည်လင်လာခဲ့သည်။ ဝူရှဲ့ အဲဒီအနားကို လျှောက်သွားရင်း ဖက်တီး လက်ထဲက ဓာတ်မီးကို ကိုင်ကာ ကိုယ်တိုင်ထိုးကြည့်လိုက်တော့ အဲဒါ ဘာလဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်လိုက်ရလေသည်။
ဖက်တီးရပ်နေသည့် နေရာတွင် မြစ်ကြမ်းပြင်တစ်ခု ရှိနေသည်။ ကြမ်းပြင်အောက်တွင် တစ်မီတာနက်ပြီး မီတာနှစ်ဆယ်ခန့် ကျယ်သော မြောင်းတစ်ခု ရှိ၏။ ထိုအထဲတွင် မရေမတွက်နိုင်သော အနက်ရောင်ရှေးဟောင်း ရုပ်တုများနှင့် မြင်းရုပ်တုများ၊ ကြေးရထား ရုပ်ကြွင်းများကို ရောနှောထားကာ ၎င်းတို့ကို မြောင်းထဲတွင် အဆက်မပြတ် တန်းစီကာ ချထားသည်။
၎င်းတို့ထဲမှ တချို့၏အနီးသို့ ရောက်သွားပါက လူရုပ်တုများ၏ မျက်နှာပြင်သည် ဆိုးရွားစွာ ပျက်စီးနေပြီး မျက်နှာများသည် မှုန်ဝါးနေသောကြောင် ၎င်းတို့၏ မျက်နှာသွင်ပြင်ကို ခွဲခြားလို့ မရနိုင်တော့ကြောင်း တွေ့ရှိနိုင်သည်။ လူရုပ်တုများတွင် ကြေးဝါအသုံးအဆောင်များကို ကိုင်ဆောင်ထားဆဲ ဖြစ်ပြီး ၎င်းတို့သည် ပို၍ပင် အစိမ်းရောင် သမ်းနေသေးသည်။
လူရုပ်တုအများစုသည် နီးကပ် မတ်တပ်ရပ်နေကြ၏။ တချို့ဆိုလျှင် ပြိုကျအက်ကွဲနေချေပြီ။ ဝူရှဲ့ ဓာတ်မီး အလင်းတန်းတွေနဲ့ လှမ်းမြင်ရတဲ့ နေရာတိုင်းမှာ ဒါတွေအားလုံး ရှိနေသလိုပင်။ မှောင်မည်းနေတဲ့ ဧကရာဇ်ဂူဗိမာန် အောက်ခြေ မှာရှိတဲ့ ဒီအနက်ရောင် အရိပ်ကြီးတွေဟာ သူတို့အတွက်တော့ ကြောက်စရာ ကောင်းတယ်လို့ မမြင်ရပါဘူး။
"ဒါတွေက ဘာတွေလဲ?"
ရွှင့်ကျစ်မှာ ၎င်းတို့ကို ပထမဆုံးအကြိမ် တွေ့ဖူးတာကြောင့် အံ့အားသင့်သွား၏။
"ဒါတွေက သင်္ချိုင်းရုပ်တုတွေ... ဧည့်သည်တွေ စီတန်းလှည့်လည်တဲ့အခါ ဒါမှမဟုတ် ဧကရာဇ်မင်း ခရီးသွားတဲ့အခါ သုံးတဲ့ အထိမ်းအမှတ် ရထားနဲ့ မြင်းရုပ်တွေပဲ..."
ဝူရှဲ့က ရှင်းပြလိုက်သည်။
"ထူးဆန်းတယ်... ဒီလိုအရာတွေက ဘယ်လိုလုပ် ဒီလိုနေရာကို ရောက်နေတာလဲ? မြေအောက်နန်းတော် ဒါမှမဟုတ် သင်္ချိုင်းတွင်းထဲမှာ ထည့်ထားသင့်တာ မဟုတ်ဘူးလား"
ဖက်တီးလည်း ထူးဆန်းနေသလို ခံစားရ၏။ ဒီနေရာဟာ ကလေးကစားစရာနေရာ မဟုတ်ဘဲ ဧကရာဇ်ဂူဗိမာန် ဖြစ်တာကြောင့် ယခုလို ရုပ်တုတွေ ဒီနေရာကို ရောက်နေတာက ထူးဆန်းတယ်လို့ ခံစားရစေပါသည်။ မြေအောက် နန်းတော်မှာရှိတဲ့ ပစ္စည်း အရေအတွက် နဲ့ သင်္ချိုင်းတွင်းမှာ ရှိတဲ့ သင်္ချိုင်းတွင်း တန်ဆာပလာ အားလုံးကလည်း သာမန်ဂူဗိမာန်နဲ့ အလှဆင်တာခြင်း မတူကြပေ။ သာမာန် မှူးမတ်များ၏ ဂူဗိမာန်သည် နှစ်သက်သလို သွားလာနိုင်သည်။
ဧကရာဇ်ဂူဗိမာန်များကတော့ ဝိညာဉ်စွမ်းအင် အရှိန်အဝါနှင့် အရှိန်အဟုန်ကို အာရုံစိုက်ကြသည်။ လေထဲတွင် မြှုပ်နှံထားသော အရာဝတ္ထုများကို မြှုပ်နှံထားသည့် အလေ့အထသည်ပင် အဖြူရောင် ကျောက်စိမ်းတုံး တစ်တုံးတန်ဖိုးနှင့် ညီမျှသည်။ မှူးမတ်ဂူဗိမာန်ကို ခမ်းခမ်းနားနား အလှဆင်ခြင်းက တားမြစ်ချက်များထဲက အတားအဆီး အရှိဆုံး အရာ ဖြစ်သည်။ ဧကရာဇ်သာ သိပါက ၎င်းအိမ်က လုယက်ခံရမှာ သေချာပါ၏။
အရှေ့ရှအင်ပါယာသည် ထိုအချိန်က နယ်စပ်တွင် သေးငယ်ပြီး လျှို့ဝှက်သော နိုင်ငံဖြစ်သော်လည်း ဂူသင်္ချိုင်းကို တည်ဆောက်ခဲ့သော နာမည်ကျော် ဝမ်းချောင်ဟိုင်ကတော့ ယခုလို နိမ့်ကျသောအမှားကို သေချာပေါက် မကျူးလွန်နိုင်ပေ။
ဖက်တီးသည် မြောင်းပေါ်မှ ဆင်းကာ သေနတ်တစ်လက်ကို တစ်ဖက်က ကိုင်၍ တခြားလက်တစ်ဖက်တွင် ဓာတ်မီးတစ်ချောင်းကို ကိုင်ကာ ခေါင်းမဲ့ရုပ်တုကို ညွှန်ပြလိုက်သည်။
“အဝတ်အစားကတော့ ယွမ်အဝတ်အစားပဲ... တိုင်းရင်းသား လူနည်းစုတွေရဲ့ ၀တ်စုံနဲ့တူတယ်”
ပြောရင်း လက်နဲ့ သွားထိလေရာ ဝူရှဲ့ ကမန်းကတမ်း အော်လိုက်သည်။
"မလှုပ်နဲ့.... ဒါတွေက လျှို့ဝှက်ဆန်းကြယ်တယ်... ပြောလို့မရဘူး ဒီနေရာမှာ ထူးဆန်းတာ တစ်ခုခု ရှိကောင်းရှိနိုင်တယ်"
ဖက်တီးက "မင်း ကြောက်နေရင် ဘယ်လိုလုပ် အသက်ရှင်နိုင်တော့မှာလဲ?"
ဖက်တီး ပြန်ပြောလိုက်ပေမယ့် ဝူရှဲ့စကားက သက်ရောက်မှုရှိနေတုန်းပဲ။ သူက သူ့လက်ကိုပြန်ဆုတ်၍ သေနတ်ကို ကျောပေါ်တင်လိုက်သည်။ လက်တစ်ဖက်ထဲမှာ ဓာတ်မီးတစ်လတ်ကို ကိုင်ထားရင်း ခါးက အမဲလိုက်ဓားကို အခြားလက်တစ်ဖက်ဖြင့် ပြင်းပြင်းထန်ထန် ဆွဲထုတ်လိုက်၏။
ဖန့်ကျစ်သည်လည်း စူးစမ်းလိုစိတ်ဖြင့် မြောင်းပေါ်မှ ဆင်းကာ ဖက်တီးထံသို့ လျှောက်သွားလေသည်။ ဝူရှဲ့မှာ အနည်းငယ် စိတ်မသက်မသာ ဖြစ်မိတာကြောင့် သတိထားဖို့ ပြောလိုက်သည်။
"မင်းတို့ သတိထားဦး"
ဖက်တီးသည် သူ့လက်ကို ဝှေ့ယမ်းကာ ဝူရှဲ့အား စကားပြောမနေရန် အချက်ပြလိုက်သည်။ သူသည် အမဲလိုက်ဓားကို ၎င်း၏အိတ်ထဲသို့ ပြန်ထည့်ကာ အနီးဆုံးလူရုပ်ကို မြှောက်ရန် ကြိုးစားရင်း မေးလိုက်၏။
"ရှောင်ဝူ... မင်းက ဒီလုပ်ငန်းမှာ ရှိနေတာ ကြာပြီဆိုတော့ ဒီပစ္စည်းတွေက အဖိုးတန်ရှိတယ်လို့ ထင်လား"
ဝူရှဲ့လည်း ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"ဒါက နည်းနည်းတော့ ဆန်းကြယ်တယ်.... တစ်ခုလုံးတင်မကဘူး အစိတ်အပိုင်းတွေလည်း လိုချင်တယ် ဆိုရင် စဉ့်ကူးသူရဲနဲ့ မြင်းတစ်ကောင်ရဲ့ ခေါင်းကတင် ၂ သန်းလောက် တန်တယ်... အဲဒီ မြင်းခေါင်းတွေကလည်း လူခေါင်းတွေက နည်းပေမယ့် ပိုအဖိုးတန်တယ် ဈေးနှုန်းက ဟူး... ပြောလို့ကောင်းတဲ့ အရာတောင် မဟုတ်ဘူး"
ဖက်တီးသည် ဝမ်းနည်းသွားသော အမူအရာဖြင့် ပတ်ဝန်းကျင်ကို စိုက်ကြည့်ကာ ဆို၏။
"သနားစရာပဲ သနားစရာပဲ... ဒီပစ္စည်းက သယ်ရတာ မလွယ်ဘူးကွ..."
ဝူရှဲ့ကတော့ စိတ်ထဲမှာ အရမ်းထူးဆန်းနေသလို ခံစားနေရတုန်းပါပဲ။ ဒီအရာတွေက တကယ် ဒီလိုမဖြစ်သင့်ပေ။ ရှေးခေတ်ဂူသင်္ချိုင်း အတွင်းရှိ အရာရာတိုင်း၏ နောက်ကွယ်တွင် ဇာတ်လမ်းတစ်ခု ရှိနေတယ်လို့ လူအများက ဆိုကြသည်။ ဒါဆို ဒီနေရာက ဒီလိုအရာမှာလည်း ဘယ်လို အဓိပ္ပာယ် သို့မဟုတ် ဘယ်လိုဇာတ်လမ်းတွေ ရှိနေတာများလဲ။
နှစ်ဖက်ကြား အကွာအဝေးကို ဖြတ်၍ ကြည့်လျှင် ဤလူရုပ်တုများ တည်ရှိရာ နေရာသည် ကျုံး၏ အလယ်က အနက်ဆုံးနေရာတွင် တည်ရှိနေသည်။ ဧကရာဇ်ဂူသင်္ချိုင်းကို ဦးစွာ တည်ဆောက်သောအခါက ဤအရာများသည် ကျုံးအောက်ခြေအထိ နစ်မြုပ်သွားတာ ဖြစ်နိုင်သည်။
လူရုပ်တုများ၏ မျက်နှာများသည် ရေထဲတွင် အချိန်ကြာမြင့်စွာ နစ်မြုပ်နေကြောင်း ၎င်းတို့မျက်နှာများ မှုန်ဝါးနေပုံကို ကြည့်၍ သိနိုင်သည်။ တစ်နည်းဆိုရသော် ဧကရာဇ်ဂူသင်္ချိုင်းကို ဆောက်လုပ်ပြီးသောအခါ အထက်လူများသည် ဤအရာများ၏ တည်ရှိမှုကို မမြင်နိုင်ခဲ့သေးပေ။
ဒါဆို ဒီလူရုပ်တုတွေကို ဒီမှာချထားတာက ဘာအဓိပ္ပာယ်လဲ။ ဤဆောက်လုပ်ရေး စွန့်ပစ်ပစ္စည်းများနှင့် ချို့ယွင်းနေသော လူရုပ်တုများသည် လက်သမားဆရာများက ပျင်းရိပြီး အမှိုက်များအဖြစ် ကျုံးထဲသို့ စွန့်ပစ်ခဲ့လို့ နစ်မြုပ်သွားတာများ ဖြစ်နိုင်မလား။ ဒါလည်း မဟုတ်သလိုပင်။ သပ်ရပ်စွာ စီစဉ်ထားပုံပေါ်တာကြောင့် ချို့ယွင်းနေသော ထုတ်ကုန်များပုံ ပုံမပေါ်ချေ။
ရှေးလူကြီးတွေရဲ့ အတွေးတွေကို မှန်းဆဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဝူရှဲ့လည်း စိတ်ထဲကနေသာ သက်ပြင်းချလိုက်သည်။ သူသာ ပြုတ်ကျမလာရင် တံတားအောက်မှာရှိတဲ့ ဒီအရာတွေကို ဘယ်တော့မှ မြင်ရမှာ မဟုတ်ပေ။ ဒါကလည်း တိုက်ဆိုင်မှုတစ်ခုပင်။ ဒါက ဘုရားကပဲ သူ့ကိုပြချင်တာလား။
ထိုအချိန်တွင် ဖက်တီးသည် ရုတ်တရက် 'ကျစ်'ဆိုသည့် အသံနှင့်အတူ ပြောလာခဲ့သည်။
"ဒီကလူရုပ်တွေ အားလုံးက ငါတို့ စျေးကွက်ထဲမှာ တွေ့နေကျပုံတွေနဲ့ မတူဘဲ ဦးတည်ချက် တစ်ခုတည်းဘက်ကို လမ်းလျှောက်သွားနေသလို ဖြစ်နေတာ မင်းတို့ သတိထားမိလား?"
အစကတော့ သတိမထားမိပေမယ့် ဖက်တီး ပြောလိုက်တဲ့အခါကျမှ ရုပ်တုတွေရဲ့ အသွင်အပြင်က တကယ်အဲ့လို ဖြစ်နေမှန်း သိလိုက်ရ၏။
မူလက သင်္ချိုင်းရုပ်တုတွေကို တစ်နေရာတည်းမှာ စီစဉ်ထားကြတာမျိုးက သိပ်ကို ရှားတယ်လို့ပဲ တွေးမိသေးသည်။ ဒီလို ရှုပ်ပွနေတဲ့ အခြေအနေမှာတောင် ရုပ်တုတွေ မျက်နှာချင်းဆိုင်နေတာကို တစ်ခုမှ မမြင်ဖူးရပေ။ ဒါ့အပြင် ဖက်တီးပြောတဲ့ ရုပ်တုတွေရဲ့ လမ်းလျှောက် လှုပ်ရှားမှုတွေက အရမ်းထူးဆန်းပြီး တစ်ခါမှ မမြင်ဖူးတဲ့ ပုံစံတွေပင်။
ဝူရှဲ့ အရုပ်ရဲ့အောက်ပိုင်းကို ဓာတ်မီးကို ဂရုတစိုက်နဲ့ ထွန်းလိုက်တော့ ရုတ်တရက် ထူးဆန်းတဲ့ ခံစားချက်တစ်ခု သူ့ခေါင်းထဲ ရောက်လာခဲ့၏။
"ဒီလူတွေ-" ဝူရှဲ့ မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။
"ချီတက်နေကြတဲ့ပုံပဲ"
"ချီတက်တယ်?"
ဖန့်ကျစ် ဝူရှဲ့ကို ပြန်ကြည့်လိုက်သည်။ ဝူရှဲ့လည်း ခေါင်းညိတ်ပြလိုက်သည်။
"ရထားလုံးပေါ်က လူရုပ်တုတွေရဲ့ အဝတ်အစားတွေကို ကြည့်လိုက်... ဒါက ဧကရာဇ်နဲ့အတူ ခရီးသွားတဲ့ အဖွဲ့တစ်ဖွဲ့ပဲ ဒီမြင်းတွေ၊ ရထားလုံတွေနဲ့ ဒီလူတွေရဲ့ လှုပ်ရှားမှုတွေကို ကြည့်လိုက်... သူတို့အားလုံး တစ်နေရာတည်းကို လျှောက်သွားနေကြတာ ဒီလူရုပ်တုတွေ ဒီလိုမျိုး ဖြစ်နေအောင် စီစဉ်ထားတာက သူတို့ရဲ့ လှုပ်ရှားမှုတွေက တက်ကြွတဲ့ အခြေအနေတစ်ခုကို ကိုယ်စားပြုနေသလိုပဲ”
ဝူရှဲ့တို့အားလုံးသည် လူရုပ်တုများ၏ ချီတက်ရာဘက်သို့ လှမ်းကြည့်လိုက်ရာ ကျုံးအတွင်း နက်နဲသော အမှောင်ထုထဲသို့ တိုးဝင်သွားသော ထူးဆန်းသည့် လူတန်းရှည်ကြီးကို မြင်လိုက်ရပြီး သူတို့၏ 'ဦးတည်ရာ' မှာ ဘယ်နေရာဖြစ်တယ် ဆိုတာကိုတော့ သူတို့လည်း မပြောနိုင်ပေ။