Chapter (60)
ညဥ့်နက် အိပ်မက်ဆိုး
"လီကျင်လုံ!"
"မင်းဒီမှာပဲ!"
လီကျင်လုံကလည်း ကမန်းကတန်း လှမ်းအော်လာသည်။ လူငယ်နှစ်ဦးသည် စင်္ကြံတွင် ဘေးချင်းကပ်ထိုင်ထားကာ ရာသီဥတုကလည်း အလွန်ပူသည်။
"ငါသွားရတော့မယ်" ဟုန်ကျွင့်က ပြန်ဖြေသည်။
"သွားရမယ်"
လီကျင်လုံသည် ခဏတာမျှ တန့်သွားကာ သူ့အာရုံထဲ ပြန်မလာနိုင်တော့အောင် ဖြစ်သွားသည်။
"ရွေ့ရမှာ" ဟုန်ကျွင့်က ဝမ်းနည်းစွာ ပြောသည်။
"ဒါပေမဲ့ ငါမင်းဆီက မှော်ပညာကို မသင်ရသေးဘူးလေ! မင်းငါ့ကို သင်ပေးမယ်လို့ ကတိပေးထားတယ်"
ဟုန်ကျွင့်သည် သူ လီကျင်လုံကို မှတ်မိသည့် အချိန်ကတော့ သူ့မိဘများသည် တစ်နှစ်ထက်တစ်နှစ် ပြောင်းရွှေ့နေထိုင်ခဲ့ရပြီး လေးနှစ်သားအရွယ်တွင် လော့ယန် ထွက်ခွာသွားခဲ့သည်။ ခြောက်နှစ်သား အရွယ်တွင် ရှန်းတုံသို့ပြောင်းခဲ့ပြီး ၇ နှစ်သားအရွယ်တွင် ချန်အန်းသို့ပြောင်းရွှေ့ခဲ့သည်။
သွားတိုင်းသွားတိုင်း တခြားကလေးတွေနဲ့ မဆော့ဖို့ အမေက အမြဲသတိပေးသည်။ ဟုန်ကျွင့်လည်း သူ့အဖေ၏ ဆေးပညာစာအုပ်များကို စွဲစွဲလမ်းလမ်း ဖတ်ရင်း နေ့တိုင်း အိမ်တွင်နေရန်မှတပါး ရွေးချယ်စရာ မရှိခဲ့ပေ။
မနှစ်ကသာ စတွေ့ခဲ့သော ကိုးနှစ်အရွယ် လီကျင်လုံက သူနှင့် ပထမဆုံး မိတ်ဖွဲ့ခဲ့သည့် တစ်ဦးတည်းသော သူငယ်ချင်းလည်း ဖြစ်သည်။
"ဘယ်ကို ရွှေ့ရမှာလဲ... ငါ့အဖေကိုလည်း ရွှေ့ခိုင်းလိုက်မယ်... အတူတူသွားရအောင်!"
"ငါ့ခန္ဓာကိုယ်ထဲမှာ နတ်ဆိုးတစ်ကောင် ရှိနေတယ်"
ဟုန်ကျွင့်မှာ လီကျင်လုံကို မကြည့်ဝံ့တော့ဘဲ ခြေသည်းများကို ကုတ်ထားလိုက်ပြီး ပြန်ပြောသည်။ လီကျင်လုံဘက်ကလည်း ခဏမျှ တိတ်ဆိတ်သွား၏။
ဟုန်ကျွင့် လှည့်ပြီး "သူတို့က ငါ့ကိုသတ်ချင်နေတာ"
"ဘယ်သူလဲ"
ဟုန်ကျွင့် ထိုသူများ၏အမည်ကို မသိပေ။ သူ့အဖေက အမြဲတမ်း ဒဏ်ရာရနေမှန်းသာ သိထားရကာ သူ့အမေကလည်း သူ့ကို ရင်ခွင်ထဲ ပွေ့ဖက်ထားရင်း အမြဲလိုလို ငိုနေခဲ့သည်။
ဟုန်ကျွင့်: "ငါက ထူးဆန်းတဲ့ လူတစ်ယောက်ပါ....ငါ့ခန္ဓာကိုယ်ထဲက နတ်ဆိုးမျိုးစေ့ ကြီးထွားလာရင် မင်းလည်း သေရလိမ့်မယ်"
လီကျင်လုံသည် ဟုန်ကျွင့်ကို တိတ်တဆိတ်သာ ကြည့်နေသည်။ ဟုန်ကျွင့်သည် ပုံမှန်မဟုတ်သော ပုံစံဖြင့် အေးဆေး တည်ငြိမ်နေပြီး ဆိုလာ၏။
"လီကျင်လုံ...ငါ မင်းကို သတိရနေမှာပါ"
သူ မတ်တပ်ထရပ်ပြီး ထွက်သွားသော်လည်း လီကျင်လုံက သူ့ကို တားလိုက်သည်။
"မနက်ဖြန်ည မင်းကို ကျင်းချောင်ခြံဝန်းရဲ့ အပြင်မှာ စောင့်နေမယ်... ငါတို့မထွက်ခွာခင် နှုတ်ဆက်ကြရအောင်"
ဟုန်ကျွင့် အနည်းငယ် အံ့သြသွားပြီး လီကျင်လုံကို လှည့်ကြည့်ကာ ခဏလောက် စဉ်းစားလိုက်သည်။
"ငါလည်း မင်းကို စာအုပ်ပြန်ပေးမယ်"
ဟုန်ကျွင့် နံရံကို ကျော်တက်လိုက်ပေမယ့် နံရံရဲ့ တစ်ဖက်ကနေ အော်သံတစ်သံကို ကြားလိုက်ရသည်။
"ဟုန်ကျွင့်!"
ဟုန်ကျွင့် ခဏတာမျှ ထိတ်လန့်စွာ မတ်တပ်ရပ်လိုက်မိသည်။ သူ့စိတ်ထဲ ဘာကြောင့်ရယ်မသိ ပျာယာခတ်သွား၏။ ခဏကြာတော့ သူ့အခန်းထဲ၌ ရုတ်တရက် လျှပ်စီးလက်လာပြီး မိုးခြိမ်းသံများ ထွက်ပေါ်လာကာ အလင်းတန်းများကလည်း သူ့ကို မျက်စိကွယ်သွားစေတော့မတတ် တောက်ပနေသည်။
"ဟုန်ကျွင့်!"
ဟုန်ကျွင့် ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်တော့ ရှုခင်းတွေ ပြောင်းသွားသလို ခံစားလိုက်ရသည်။ သူ လမ်းကြားလေးထဲ ရောက်သွားသလို အိပ်မက်နယ်မြေထဲကို မဝင်ခင် သူ့အသိစိတ်က အဆက်မပြတ် ပြေးလွှားလျက် ရှိသည်။ သူ့လက်ထဲမှာတော့ လီကျင်လုံကို ငှားထားတဲ့ စာအုပ်ကို ကိုင်ထား၏။
"ဟုန်ကျွင့်! ဟုန်ကျွင့်!"
ရှည်လျားသော ညတာက လျှပ်စီးများ တစ်လုံးပြီးတစ်လုံး ရိုက်ခတ်သွားသည်။ လီကျင်လုံရဲ့ အသံက အရှေ့မှ ထွက်ပေါ်လာသည်။
"ဟုန်ကျွင့်——!"
ဟုန်ကျွင့် ပြေးထွက်လာတဲ့အခါ လီကျင်လုံက လမ်းရဲ့အဆုံးမှာ သူ့ကိုစောင့်နေတာ တွေ့လိုက်ရသည်။
"လီကျင်လုံ?"
အနားရောက်သော် လီကျင်လုံက သူ့လက်ကို ဆန့်ထုတ်လိုက်သော်လည်း ဟုန်ကျွင့်မှာ ရုတ်တရက် ကြောက်လန့်တကြားဖြင့် သူ့လက်ကို ရှောင်လိုက်မိသည်။
"ငါ့ကိုယုံပါ ဟုန်ကျွင့်!... မင်းကို ဘယ်တုန်းက လိမ်ခဲ့လို့လဲ"
လီကျင်လုံက စိုးရိမ်တကြီးနဲ့ ပြောနေသည်။
"ငါ့နောက်က လိုက်ခဲ့ပါ!"
လီကျင်လုံက သူ့လက်ကို ဆွဲကိုင်လိုက်ပြီး လမ်းရဲ့ အဆုံးမှာ ရှိသော သစ်သားတံခါးကို တွန်းဖွင့်ကာ ဟုန်ကျွင့်ကို ထိုခြံဝင်းထဲသို့ ခေါ်သွားလေသည်။
"ဒါက... လီကျင်လုံ မင်းဘာလုပ်မှာလဲ"
ဟုန်ကျွင့် အရှိန်လျှော့လိုက်စဥ် ခြံဝင်းထဲတွင် ရွှေရောင်မှော်စက်ဝိုင်းတစ်ခု ထွန်းတောက်လာပြီး ထောင်နှင့်ချီသော အလင်းတန်းများ ထွက်ပေါ်လာလေ၏။ ဟုန်ကျွင့်မှာ အသံတစ်သံနဲ့အတူ အလယ်ဗဟိုမှာ ပိတ်မိသွားခဲ့သည်။
"ကျွန်တော့်ကို လွှတ်ပေး!"
ဟုန်ကျွင့် စာအုပ်ကို ပစ်ချပြီး အော်ဟစ်လိုက်သည်။ လူငယ် လီကျင်လုံက ရွှေရောင်စက်ကွင်း အပြင်ဘက်၌ ရပ်နေသည်။ သူ့ အနောက်မှာတော့ ရွှေရောင်ချပ်ဝတ် တန်ဆာနဲ့ ရွှေရောင်တောက်နေတဲ့ စစ်သည်တော်တစ်ယောက် ရှိသည်။ လီကျင်လုံက မောဟိုက်နေသော အသံဖြင့် ဆိုလာ၏။
"ကျွန်တော် သူ့ကို ခေါ်လာပြီ"
ဟုန်ကျွင့်: "မင်းငါ့ကိုလိမ်တယ်!"
စစ်သည်တော်က "နတ်ဆိုးမျိုးစေ့! မင်းကြောင့် ကပ်ဆိုးကြီး ဖြစ်လာလိမ့်မယ် ဒီနေ့မှာ မင်းက အပြစ်မဲ့သူတွေကို မသတ်ပစ်ရသေးရင်တောင် မင်းအသက်ကို ငါနုတ်ရမယ်..."
ထိုစစ်သည်တော်က ရွှေဓားတစ်လက်ကို ကိုင်ထားလေ၏။ ထိုအခိုက် မှော်စက်ဝိုင်းသည် ကျယ်လောင်သော ဆူညံသံကြောင့် အဖြူရောင် အလင်းနှင့် မီးများကို ထုတ်လွှတ်လာခဲ့သည်။
ဟုန်ကျွင့် မှော်အဝိုင်းထဲကနေ "လီကျင်လုံ ——!" လို့ အော်လိုက်သည်။
ထိုအချိန်တွင် လီကျင်လုံရဲ့ ရုပ်သွင်က တဖြည်းဖြည်း အရပ် ပိုမြင့်လာသည်။ ဟုန်ကျွင့် သူ့လက်များကို တအံ့တသြ ကြည့်လိုက်တော့ သူဟာ လေးနှစ်သားအရွယ်မှ ရုတ်တရက် အရပ်မြင့်လာပြီး ဆယ့်ခြောက်ကောင်သို့ ပြန်လည် ရောက်ရှိသွားသည်။ အသက်အရွယ်အရ ပုံသဏ္ဌာန်ကလည်း ပြောင်းသွား၏။
"လီကျင်လုံ!" ဟုန်ကျွင့် ထပ်အော်လိုက်သည်။
လီကျင်လုံ၏ မျက်လုံးများသည် မှော်စက်ဝိုင်းအတွင်းရှိ အလင်းရောင်နှင့် မီးများကြောင့် ရောင်ပြန်ဟပ်လျက် ရှိကာ ဟုန်ကျွင့်ရဲ့ တစ်ကိုယ်လုံးကတော့ အနက်ရောင် စွမ်းအင်များကို ထုတ်လွှတ်ထားကာ နာကျင်စွာ အော်ဟစ်နေခဲ့သည်။ ရွှေရောင် အလင်းနှင့် မီးများက သူ့အရေပြားကို လောင်ကျွမ်းစေကာ တခဏချင်းပင် သူ့တစ်ကိုယ်လုံး သွေးများ ထွက်လာကာ သူ့ဆံပင်တွေကလည်း လောင်ကျွမ်းသွား၏။
"လီကျင်လုံ..."
ဟုန်ကျွင့်ရဲ့ လည်ချောင်းထဲမှ ခပ်ကြမ်းကြမ်း ဟောက်သံထွက်လာစဥ် သူ့နှလုံးသားထဲကနေ ကောင်းကင်ကို ဖုံးလွှမ်းနိုင်သော အနက်ရောင် မီးတောက်များလည်း ထွက်လာခဲ့သည်။ ရွှေသံချပ်ကာ စစ်သည်တော်က သူ့ဓားရှည်ကို ပြန်ဆွဲထုတ်လိုက်ပြီး အလင်းခြောက်မျိုး လှည့်ပတ်လာသည်။ မှော်လက်နက်ပဲ။ နောက်အခိုက်အတန့်တွင် မှော်လက်နက်က လှည့်၍ ပေါင်းစပ်ကာ ဧရာမလေးတစ်စင်း အဖြစ်သို့ ပြောင်းလဲသွားသည်။
ချက်ချင်းပင် ရွှေသံချပ်ကာ စစ်သည်တော်သည် လီကျင်လုံဆီသို့ လွင့်မျောသွားပြီး "ချွင်းကနဲ" အသံဖြင့် သူနှင့်အတူ ပေါင်းစပ်လိုက်တော့သည်။
"ဖေဖေ...မေမေ..."
ဟုန်ကျွင့် မှော်အဝိုင်းထဲမှာ ဒူးထောက် ထိုင်ချလိုက်သည်။ ရွှေရောင်မီးကြောင့် သူ့မျက်နှာကို မှတ်မိနိုင်လောက်အောင် ပူလောင်နေပြီး လည်ချောင်းထဲက ကြောက်စရာကောင်းတဲ့ အသံကလည်း အော်ဟစ်နေဆဲ။
"ကယ်ပါဦး... သား... နာလိုက်တာ... ..အား..."
လီကျင်လုံ တုန်လှုပ်သွားပြီး လေးရှည်ဆွဲကာ မှော်စက်ဝိုင်းရှိ ဟုန်ကျွင့်လေးကို ချိန်ရွယ်ထားလိုက်သည်။
နောက်အခိုက်အတန့်တွင် နတ်ဆိုးနှင်ဌာန၏ တံခါးသည် ပြိုကျပြီး သစ်သားတံခါးဟာ ခုန်ရွှမ်းရဲ့ အရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ မှော်အဝိုင်းထဲသို့ ပြေးဝင်လာလေ၏။ ထိုအခိုက် အဝေးမှ လှည့်လာနေသော ရွှေသံချပ်ကာ စစ်သည်တော်၏ မြှားကို အရင် တွေ့လိုက်ရသည်။
ခုန်ရွှမ်းသည် နတ်အလင်းငါးရောင်ကို ကိုင်ဆောင်ကာ ရွှေရောင်မှော်လက်နက်၏ မြှားများဆီသို့ အရှိန်အဟုန်ဖြင့် ပြေးသွားသော်လည်း နောက်အခိုက်အတန့်တွင် မြှားအလင်းတန်းလေးသည် အလင်းငါးရောင်ကို အလွယ်တကူ ဆုတ်ဖြဲကာ ခုန်ရွှမ်းရင်ဘတ်ထဲသို့ နစ်မြုပ်သွားခဲ့သည်။
ကျာယွိကျစ်ကလည်း မှော်အဝိုင်းထဲသို့ ပြေးဝင်ကာ ဆံပင်များသာမက အသားတွေကပါ မီးသွေးကဲ့သို့ လောင်ကျွမ်းနေသော ဟုန်ကျွင့်ကို ပွေ့ဖက်ကာ ကြေကွဲစွာ အော်ဟစ်လိုက်ပေ၏။
ခုန်ရွှမ်း: "တိရန်ကျယ်——!"
ခုန်ရွှမ်းသည် တိရန်ကျယ်ထံ အမြန်ပြေးဝင်သွားသည်။ သူ့ရင်ဘတ်တွင် နစ်မြှုပ်နေသော မြှားတစ်ဝက်ကို ငုံ့ကြည့် မနေနိုင်တော့ပေ။ ကျာယွိကျစ် မျက်ရည်များ စီးကျလာကာ ဟုန်ကျွင့်ကို ပွေ့ဖက်ရင်း သူ့မျက်နှာတစ်ဖက်ကို သူမလက်တစ်ဖက်ဖြင့် ကိုင်ထား၏။
"ကြယ်လေး.... မကြောက်ပါနဲ့ ဘာမှမဖြစ်ဘူး... ဘာမှမဖြစ်ဘူးနော်... "
"မေမေ...သား အရမ်းနာနေတယ်..."
ဟုန်ကျွင့် တုန်တုန်ယင်ယင် ပြောပြီး မကြာခင်မှာပဲ သူ့ပါးစပ်ထောင့်တွေ ပွင့်ထွက်သွားပြီး ပါးစပ်ထဲက သွေးတွေ စီးကျလာကာ လည်ချောင်းတစ်ခုလုံး သွေးတွေ ပိတ်ဆို့သွားခဲ့သည်။
"မနာတော့ဘူး... ခဏနေရင် မနာတော့ပါဘူးကွယ်..."
ကျာယွိကျစ်ရဲ့ မျက်နှာမှာ မျက်ရည်တွေ စီးကျလာပြီး။
"ငါ့ဝိညာဉ်ကို မီးရှို့... ငါ့ရဲ့ စိတ်ဝိညာဉ်ကို ဖြန့်ကြဲလိုက်!"
ဟုန်ကျွင့်ရဲ့ ခန္ဓာကိုယ်က ဆက်လက် ကျုံ့သွားသည်။ ကျာယွိကျစ် မျက်လုံးများကို မှိတ်ထားလိုက်စဥ် မျက်လုံးထောင့်များမှ မျက်ရည်များ စီးကျလာ၏။ သူမနှုတ်ခမ်းက မန္တန်တစ်ခုကို ရွတ်ကာ ဟုန်ကျွင့်မျက်နှာပေါ် လက်ကို တင်လိုက်သည်။ ထိုစဥ် ဟုန်ကျွင့်ရဲ့ အရေပြားသည် လျင်မြန်စွာ အနာကျက်လာသည်။ မီးလောင်ထားသော အရေပြားများ ကျွတ်သွားသလိုမျိုး ဆက်လက်၍ နီမြန်းနေသေးသည်။
မန္တာန်ရဲ့ အကျိုးသက်ရောက်မှု ရလာသည်နှင့်အမျှ ကျာယွိကျစ်ရဲ့ အနက်ရောင် ဆံပင်များက ချက်ချင်းပင် နှင်းဖြူများအဖြစ်သို့ ပြောင်းလဲသွားကာ သူမမျက်နှာက အဘွားကြီးတစ်ယောက်လို ဖြစ်သွားလေသည်။
"တိရန်ကျယ်!!"
ခုန်ရွှမ်း ရင်ဘတ်က ရွှေရောင်မြှားဖြင့် အပစ်ခံထားရသည်။ သူဟာ မတ်တပ်ရပ်နိုင်ခဲ့သော်လည်း ခြံဝင်းထဲတွင် ဒူးထောက်လုနီးပါး ဖြစ်နေ၏။ သူက ဟုန်ကျွင့်တို့ကို ကူညီရန် ရှေ့တိုးလာကာ လီကျင်လုံရှေ့မှာ သူတို့နှင့်အတူ ဒူးထောက်လိုက်သည်။
ခုန်ရွှမ်း တုန်တုန်ယင်ယင် အသံဖြင့် ဆိုလာသည်။
"တိရန်ကျယ်... ငါ့မှာ တစ်ဦးတည်းသော သားတစ်ယောက်ပဲ ရှိတာ..."
ဟုန်ကျွင့်သည် သူကျုံ့ဝင်ထားသော အဝတ်ကြီးထဲသို့ တိုးဝင်ကာ သူ့မျက်လုံးများကလည်း ကြောက်ရွံ့မှု အရိပ်အမြွတ်များကို ပြရင်း ပညာရှိဓားကို ကိုင်ဆောင်ထားသော ရွှေသံချပ်ကာ စစ်သည်တော်အား မော့ကြည့်လိုက်သည်။
"ဖေဖေ...မေမေ..."
ဟုန်ကျွင့် မြေပြင်ပေါ်တွင် ဒူးထောက်ကာ တုန်တုန်ယင်ယင်ဖြင့် ခေါ်လိုက်သည်။ ထို့နောက် သူ့မျက်လုံးများကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး လီကျင်လုံအား အသက်မဲ့သော အကြည့်ဖြင့် ကြည့်နေသည်။
လီကျင်လုံ တုန်လှုပ်သွားပြီးနောက် သူ့လက်ကို မြှောက်လိုက်ရာ လက်ထဲ၌ အဖြူရောင်အလင်းတန်းတစ်ခု ထွက်လာသည်။
ဟုန်ကျွင့်: "အဖေ--!"
သူ့ခန္ဓာကိုယ်ပေါ်တွင် အနက်ရောင် စွမ်းအင်များ ရုတ်တရက် ထွက်ပေါ်လာပြီး အနက်ရောင် လှိုင်းလုံးများသည် မြေပြင်မှ လှိုင်းလုံးများစွာဖြင့် ထွက်ပေါ်လာကာ ချန်အန်းမြို့ တစ်ခုလုံးကို ချက်ချင်း လွှမ်းမိုးသွားခဲ့သည်။
နတ်ဆိုးနှင် ဌာန၊ ကျင်းချောင်ခြံဝန်း၊ ချန်အန်းနဲ့ ပင်မခန်းမ တစ်ခုလုံး ပြိုကျသွားသည်။ အားပြင်းသော မုန်တိုင်းတစ်ခုကြောင့် လွင့်သွားရသလိုပင် လူနှင့် သက်ရှိသတ္တဝါ အားလုံး အနက်ရောင် လေထဲသို့ စုပ်ယူခံလိုက်ရသည်။
လီကျင်လုံက လေပွေမုန်တိုင်းကို ရင်ဆိုင်ရင်း ဟစ်အော်နေ၏။
"ဟုန်ကျွင့်!"
အနက်ရောင်စွမ်းအင် မုန်တိုင်းကြား၌ လီကျင်လုံသည် ပညာရှိဓားကို သူ့ညာလက်တွင် ကိုင်ဆောင်ထားပြီး သူ၏ဘယ်လက်သည် ကောင်းကင်နှင့်မြေကြီးကို ဖြတ်တောက်တော့မယ့် အဖြူရောင် အလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။
"နိုးထတော့---!"
လီကျင်လုံ အော်ဟစ်ရင်း ဟုန်ကျွင့်ကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်၏။ ထိုအခိုက် ဟုန်ကျွင်ခန္ဓာကိုယ်ထဲက အဖြူရောင် အလင်းတန်းများ ရုတ်ချည်း ထွက်ပေါ်လာသည်။ ပြင်းထန်သော အလင်းရောင်ကြောင့် သူ့စိတ်ဝိညာဉ်ကပါ လင်းထိန်သွားလေရာ ဟုန်ကျွင့်ခမျာ နာကျင်မှုကြောင့် ပြင်းထန်စွာ ရုန်းကန်တော့သည်။
"ငါ့ကိုလွှတ်!"
မော့ရစ်ကန်း: "နိုးပြီလား... ခေါင်းဆောင်! သူနိုးနေပြီ!"
အဖြူရောင် အလင်းတန်းများ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ကောင်းကင်နှင့် မြေကြီးသည် ကျယ်လောင်သော မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာသကဲ့သို့ ခံစားလိုက်ရသည်။ ဟုန်ကျွင့် ခေါင်းကို မော့ပြီး ကောင်းကင်ကို မော့ကြည့်လိုက်၏။
ဆောင်းတွင်း၏ နဂါးငွေ့တန်း အလင်းမှုန်များက သူ့မျက်လုံးများထဲတွင် ရောင်ပြန်ဟပ်နေသည်။ လည်ပင်းကို နောက်ပြန် လှည့်ကြည့်တဲ့အခါ မော့ရစ်ကန်းက အမာရွတ်များ ဖုံးလွှမ်းနေပြီ။ နှင်းပွင့်များ တဖျပ်ဖျပ် ခတ်နေချိန်တွင် လီကျင်လုံရဲ့ ဆံပင်များက ပွထနေပြီး သူ့မျက်နှာမှာလည်း သွေးထွက်နေသည်။ ဟုန်ကျွင့်ကို တင်းတင်းကြပ်ကြပ် ဖက်ထားပြီး လက်မလွှတ်သေး။
အရပ်မျက်နှာတိုင်းက မြေပြင်ပေါ်မှာ သရဲတစ္ဆေကောင်တွေက လဲလျောင်းနေပြီး လျိုဖေးလည်း အလားတူပင်။ လီကျင်လုံက နှင်းထဲတွင် မတ်တပ်ရပ်နေပြီး ဟုန်ကျွင့်ရှေ့မှာ ရပ်နေခဲ့သည်။ သူ့ခြေဖဝါးအောက်တွင် ခရမ်းရောင် အနက်ရောင် သွေးအိုင်ကြီးတစ်ခု ရှိနေသည်။
"မင်းငါ့ကို လိမ်တယ်!"
ဟုန်ကျွင့် ညည်းညူရင်း သတိလစ်သွား၏။ သူက လီကျင်လုံရဲ့ ရင်ခွင်ထဲသို့ အတိအကျ ပြုတ်ကျသွားခဲ့သည်။
ဝံပုလွေကြီးက လီကျင်လုံနဲ့ လျိုဖေးကို သယ်ဆောင်သွားရလေ၏။ လီကျင်လုံသည် အိပ်နေသော ဟုန်ကျွင့်ကို သူ့ရင်ခွင်ထဲတွင် ပွေ့ဖက်ထားကာ ချိုင့်စွန်းဆီသို့ ပြေးသွားခဲ့သည်။
ဟုန်ကျွင့်ရဲ့ အိပ်မက်ထဲမှာတော့ လီကျင်လုံက လှည်းနောက်ကို လိုက်လာခဲ့ပြီး စာအုပ်တစ်အုပ်ကို သူ့လက်ထဲ ထည့်ပေးလာသည်။
"သလဲသီးတွေ မှည့်တဲ့အထိ ငါတို့ မစောင့်နိုင်ကြတော့ဘူး!"
ဟုန်ကျွင့်က ခေါင်းကို ငုံ့ထား၏။ သူ့မျက်နှာပေါ်က မျက်ရည်တွေကတော့ တားဆီးမရအောင် စီးကျလာဆဲ။
"နောက်မှတွေ့မယ် လီကျင်လုံ!"
လီကျင်လုံက လမ်း၏အဆုံးတွင် ရပ်ကာ မျက်ရည်များကို သုတ်ရင်း အော်ပြောလာ၏။
"ငါမှော်ပညာ မတတ်လာမချင်း စောင့်ပေးပါ... ငါမင်းကို လာတွေ့မယ်!"
.......
"ကြယ်လေး....?"
ဟုန်ကျွင့် အေးအေးဆေးဆေး နိုးလာခဲ့သည်။ အိပ်မက်ထဲက အခန်းထဲကိုပဲ ပြန်ရောက်နေသလို ခံစားနေရသည်။ ကုတင်ကိုဘေးမှာ လွတ်လွတ်လပ်လပ် ထိုင်နေတဲ့ လူကို ကြည့်လိုက်ကာ မသိစိတ်ကလည်း နူးညံ့ပြီး နွေးထွေးတဲ့ စောင်ကို ထိလိုက်သည်။
"နိုးပြီလား?" ကုတင်ဘေးမှာ ထိုင်နေတဲ့လူက ချက်ချင်း ထလာသည်။
"နိုးပြီပဲ! ကျေးဇူးပြုပြီး ခေါင်းဆောင်လီကို ခေါ်ပေးကြပါ!"
"ဒီနေရာက ဘယ်မှာလဲ"
ဟုန်ကျွင့် ဦးစွာ လက်နှစ်ဖက်ကို မြှောက်ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်မှာ အိပ်မက်ထဲကလို မဟုတ်ဘဲ လုံးဝ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသဖြင့် ကိုယ့်ကိုကိုယ် ပြန်ပြောနေဟန်ဖြင့် မေးလိုက်သည်။
"အိပ်မက်မက်နေသေးတာလား"
ထိုလူရဲ့မျက်နှာက ယောင်ဝါးဝါးသာ မြင်ရတာကြောင့် ဟုန်ကျွင့်လည်း ဗြောင်ကျကျပဲ ပြန်ကြည့်နေလိုက်သည်။
"ငါက မင်းဦးလေးပါ..."
ထိုလူ တံခါးကို တွန်းဖွင့်ခါနီးတွင် လီကျင်လုံက လေပြင်းတိုက်သလို ပြေးဝင်လာတော့သည်။
"ဟုန်ကျွင့်..."
မော့ရစ်ကန်းလည်း ပြေးဝင်လာပြီး ငါးကြင်းနတ်ဆိုးက အနောက်မှ ပါလာသည်။
"ဟုန်ကျွင့်! အဆင်ပြေရဲ့လား?"
"ဘာဖြစ်တာလဲ" ဟုန်ကျွင့်ခမျာ ခေါင်းက နာကျင်လာတာကြောင့် ငြီးငြူကာ မေးလိုက်၏။
"ဒါက ဘယ်နေရာလဲ"
မော့ရစ်ကန်းက ဟုန်ကျွင့်နဖူးကို ထိလိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်တဲ့အခါ ဟုန်ကျွင့်ရဲ့ ခေါင်းကိုက်တဲ့ ဝေဒနာကလည်း တဖြည်းဖြည်း သက်သာလာခဲ့သည်။ လီကျင်လုံမှာ သူ့နဖူးကိုထိဖို့ တက်လာပေမယ့် ဟုန်ကျွင့်ကတော့ အိပ်မက်ကို မှတ်မိနေသေးသဖြင့် သူ့မျက်လုံးထဲမှာ ကြောက်ရွံ့မှုတွေနဲ့ ရှောင်နေခဲ့သည်။
လူကြီး: "ကြယ်လေး... မင်း ငါ့ကို မှတ်မိသေးလား? ငါ ကျာကျိုး..."
ဟုန်ကျွင့် ထိုလူကို သေသေချာချာ စိုက်ကြည့်နေလေသည်။ သူသည် ဤလူကို မမှတ်မိသော်လည်း သူ့ပုံစံသည် အိပ်မက်ထဲတွင် အမေနှင့် အလွန်ဆင်တူသည်။
"ငါ့ကိုမှတ်မိလား"
ဟုန်ကျွင့် ခေါင်းညိတ်ပြပြီး မော့ရစ်ကန်းကိုလည်း တစ်ဖန် လှမ်းကြည့်ကာ ခေါင်းညိတ်သည်။ ငါးကြင်းနတ်ဆိုးကလည်း သူ့ခေါင်းကို ညှစ်ထုတ်လာပြီး။
“ငါရော ငါရော??"
ဟုန်ကျွင့် သူအိပ်မက်မမက်ကြောင်း သေချာသွားသည်။ ထို့ကြောင့် ငါးကြင်းနတ်ဆိုးကို လက်ညိုးဖြင့် အကြိမ်အနည်းငယ် ပုတ်လိုက်သည်။ ငါးကြင်းနတ်ဆိုးကလည်း ကုတင်ပေါ်သို့ ခုန်တက်သွား၏။ ဟုန်ကျွင့်ကတော့ ကုတင်ဘေးမှ လူစိမ်းကိုသာ စိုက်ကြည့်နေသည်။
လီကျင်လုံ: "မင်း သူ့ကို မှတ်မိလား...သူက မင်းအမေ ကျာယွီကျစ်ရဲ့ အစ်ကို ကျာကျိုးတဲ့...သူက ကွာကျိုးမှာနေတာ..."
"မှန်တယ်... မင်း ဒီနှစ်ဆို ဆယ့်ကိုးနှစ်ထဲ ရှိနေပြီမလား? မင်းရဲ့ ဒီပုံပန်းသဏ္ဍာန်က ခုန်ရွှမ်းနဲ့ တူနေတာတော့ တကယ်ကို ထူးဆန်းတာပဲ..."
ကျာကျိုးက ပြောရင်း ရယ်မောလိုက်ပါ၏။
ယန်ယွိဟွမ်သည် သူ့အမေတွင် အစ်ကိုရှိကြောင်း ထိုနေ့က ရထားလုံးပေါ်၌ ပြောခဲ့ဖူးသည်။ သူ့အဖိုးက လက်ထောက်သံတမန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး မိသားစုက ဟယ်ရှီးတွင် နေထိုင်ခဲ့ကြောင်း ယခုအချိန်ထိ မှတ်မိနေသေးသည်။
"ဟုတ်တယ် ခင်ဗျားနဲ့ အမေက... ရုပ်ချင်း ဆင်တယ်"
ဟုန်ကျွင့် ကျာကျိုးရဲ့ မျက်နှာကို ကြည့်ကာ ပြောလိုက်သည်။ ကျာကျိုးသည် အသက် 40 ကျော် ရှိပြီဖြစ်ပြီး ထိုစကားကို ကြားသောအခါ ရယ်မောရင်း မျက်ရည်များကို သုတ်လိုက်လေ၏။ ဟုန်ကျွင့်လက်ကို ဆုပ်ကိုင်ထားသော သူ့လက်များသည် ကိုယ်ခံပညာ လေ့ကျင့်ထားသော သက်သေများဖြင့် ပြည့်နေသည်။
"မင်းအခုဘာလို့ ဒီကိုရောက်နေတာလဲ... မင်းမိဘတွေ သေပြီးရင် မင်းကိုဘယ်သူက ကြီးပြင်းလာတဲ့အထိ မွေးခဲ့တာလဲ... မင်းမိဘတွေ မရှိတော့ ငါလူတွေကို လိုက်မေးခိုင်းသေးတယ်"
ဟုန်ကျွင့် အမူအရာက ခဏတာ မှင်တက်သွားသည်။ လီကျင်လုံက သူ့အမူအရာ မူမမှန်တာကို မြင်ကာ စိတ်ပူစွာနဲ့ ဆိုလာ၏။
"ဘာဖြစ်လို့လဲ"
ဟုန်ကျွင့်က ခဏလောက် စကားပြောပြီးတာနဲ့ မောနေတော့ မော့ရစ်ကန်းက ဝင်ဆိုလာသည်။
"သူ ပင်ပန်းနေပြီထင်တယ်... ခဏလောက် အနားယူခိုင်းလိုက်ပါ"
ငါးကြင်းနတ်ဆိုးကလည်း ဟုန်ကျွင့်ကို စောင့်ကြည့်နေပြီး ဝင်ပြောလိုက်သည်။
"သူ့မျက်နှာ အရောင်က ကြည့်ရတာ အရမ်းဆိုးတာပဲ"
လီကျင်လုံ: "ဦးလေးနဲ့ တူလေး စကားပြောကြပါ.... ဟုန်ကျွင့် ကောင်းကောင်း အနားယူလိုက်... တစ်ခုခု လိုအပ်ရင် အချိန်မရွေး လှမ်းခေါ်လိုက် ငါ အရှေ့ဘက်ခန်းမှာ ရှိနေမယ်"
ဟုန်ကျွင့် ဘာမှပြန်မပြောဘဲ ငြိမ်နေတာကြောင့် လီကျင်လုံလည်း ကျာကျိုးကိုသာ မျက်စိ မှိတ်ပြလိုက်ရတော့သည်။ ကျာကျိုး ခေါင်းညိတ်ပြတော့မှာ လီကျင်လုံနဲ့ မော့ရစ်ကန်းလည်း နောက်ပြန် ဆုတ်သွားကြ၏။
ငါးကြင်းနတ်ဆိုးက "ငါ မင်းကို မနှောင့်ယှက်ပါဘူး ဟုန်ကျွင့်... ငါဒီမှာမရှိဘူးလို့ပဲ သဘောထားလိုက်"
သူက စကားပြောနေစဉ် ထောင့်နားသို့သွားကာ သစ်သားအင်တုံငယ် တစ်ခုထဲသို့ ဝင်သွားလေသည်။ ဟုန်ကျွင့် ခဏလောက်စဉ်းစားပြီး အိပ်ရာကထတော့မလို ပြင်ပေမယ့် ကျာကျိုးက အမြန်တားလာ၏။
"မလှုပ်နဲ့... မင်း အစာ မစားရတာ တော်တော်ကြာနေပြီ"
ကျာကျိုးက အမိန့်ပေးဖို့ ထွက်သွားသည်။ ခဏကြာတော့ အစောင့်တစ်ယောက်က ထမင်းဟင်းတွေ ယူလာပေးသည်။
"မင်းနာမည်ကို မင်းဦးလေးကိုယ်တိုင် ပေးထားတာလေ..."
သူက ပြောရင်း ဟုန်ကျွင့်ကို ထမင်းဟင်း ခွံ့ကျွေးဖို့ပြင်၏။
"ကျွန်တော့်ဘာသာ လုပ်လိုက်ပါမယ်"
"သတိထား... ပူနေသေးတယ်"
ဟုန်ကျွင့် ပန်းကန်ကို ယူလိုက်သည်။ ကျာကျိုးကို ရင်ဆိုင်ရသောအခါ သူ့စိတ်ထဲတွင် သူ့အမေနှင့် အလွန်ဆင်တူသောကြောင့် ဦးလေးကို တွေ့ရတာက အမေသူ့အား ပွေ့ဖက်ထားသည့် အကြောင်းကို သွားသတိရနေမိသည်။ သူ့အမေကို ကြည့်နေရသလိုပင်။
သူက ထမင်းဟင်းကို တစ်လုတ်လောက် ယူစားလိုက်ပြီးနောက် ကျာကျိုးကို ကြည့်ကာ ပြောလာခဲ့သည်။
"ကျွန်တော့်အမေက ကျာယွိကျစ်..."
"မင်းအဖေက ခုန်ရွှမ်းလေ... အံ့သြဖွယ်စွမ်းရည်တွေနဲ့ ကမ္ဘာကြီးကို ပြန်လည် နုပျိုစေတဲ့ အံ့ဖွယ်သမားတော်ပေါ့..."
ဟုန်ကျွင့် သက်ပြင်းတစ်ချက် ချလိုက်သည်။ ကျာကျိုးက အိပ်ရာဘေးကို လက်ဆန့်ကာ ခေါင်းအုံးအောက်မှ ကျောက်စိမ်းဒေါင်းအမွေးကို ထုတ်ယူလိုက်ပြီး ပြော၏။
"မင်းရဲ့ ခေါင်းဆောင်လီက မင်းကို ယွိမန်အထိ ခေါ်လာပြီး စုံစမ်းကြတာမလား..."
ဟုန်ကျွင့် အံ့အားသင့်စွာဖြင့်: "တကယ် ယွိမန်ကို ရောက်နေပြီလား... ကျွန်တော် ဒီအထိ ပြေးလာခဲ့တာလား? ကျွန်တော် လုရွှီနောက်ကို တစ်ညလုံး လိုက်ခဲ့ပေမဲ့ ဒီအထိ မရောက်သေးဘူးလို့ ထင်နေတာ..."
"မင်း လမ်းမှာ အများကြီး ကြုံခဲ့ပုံရတယ်... စိတ်မပူပါနဲ့ ဖြည်းဖြည်းချင်း ပြောပါ..."
အဲဒီအချိန်မှာပဲ အပြင်မှာ စစ်ထောက်လှမ်းရေး သတင်းတစ်ခု ပို့လာတာကြောင့် ကျာကျိုးက မတ်တပ်ထလိုက်သည်။ အချိန်ရရင် သူနဲ့ အတူလာနေပေးမယ်လို့ ပြောပြီး ထွက်သွားလေ၏။
တစ်ဖက်ခန်းတွင် လီကျင်လုံ လဲလျောင်းချင်သော်လည်း သူ့ခန္ဓာကိုယ် တစ်ဖက်ခြမ်းကတော့ နာကျင်စွာ ပြုံးနေသည်။ မော့ရစ်ကန်းက ပြတင်းပေါက် နောက်တွင် ထိုင်ကာ ခြံဝင်းအတွင်း ကျဆင်းနေသော နှင်းများကို ကြည့်နေသည်။
လီကျင်လုံ: "ဟုန်ကျွင့် တစ်ခုခု မှားနေတယ်လို့ ခံစားရတယ်... သူငါ့ကို ကြည့်တဲ့ပုံစံက အိပ်မက်ဆိုးကနေ နိုးလာသလိုပဲ"
"ငါ သူ့ကို အိပ်မက်ထဲကနေ ပြန်ခေါ်လိုက်ပြီ... နောက်ဆုံးတော့ မင်း သူ့ကို ရှာတွေ့နိုင်ပြီလေ"
မော့ရစ်ကန်းအသံက စိုးရိမ်တကြီးနဲ့။
"လုရွှီက ပျောက်နေသေးတယ်"
လီကျင်လုံ: "ကျာကျိုးရဲ့ ကင်းထောက်တွေကလည်း လုရွှီကို ရှာနေပါတယ်... အားလုံး အဆင်ပြေသွားမှာပါ"
မော့ရစ်ကန်းက "အဲဒီညက ဘာတွေများ ဖြစ်သွားတာလဲ... ကျောက်ကျစ်လုံကလည်း ရှင်းရှင်းလင်းလင်း မပြောနိုင်သေးဘူး"
"မင်း ဟုန်ကျွင့်ကို မေးရင် သိနိုင်လောက်တယ်"
မော့ရစ်ကန်း: "မင်းမှငါ့ကို မေးခွင့်မပေးတာ!"
"မင်း ရူးနေလား?!" လီကျင်လုံ ဒေါသထွက်သွားသည်။
မော့ရစ်ကန်း ဘာမျှ ပြန်မပြောနိုင်တော့ပေ။ ဟုန်ကျွင့်သည် နေမကောင်းရာမှ ပြန်လည် သက်သာလာကာ အနည်းငယ် မှိန်းနေပုံရသော်လည်း လုရွှီရဲ့နေရာကို မသိရသေးပေ။
လီကျင်လုံ: "မင်း ငါခွင့်မပြုဘဲနဲ့ လူတစ်ယောက်ကို ရှာဖို့ ဘာလို့ အပြင်ထွက်သွားတာလဲ... မင်း ငါ့ကို ဒုက္ခထပ်ပေးဦး မလို့လား"
ယခုအချိန်မှာ လီကျင်လုံက နတ်ဆိုးနှိမ်နင်းဌာနရဲ့ ဘိုးဘေးကြီးနှင့် တူနေလေသည်။
"ဟုန်ကျွင့်... ဘာဖြစ်သွားတာလဲ"
လီကျင်လုံ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
မော့ရစ်ကန်း: “သူက မိစ္ဆာတစ်ဝက်...သူ့ခန္ဓာကိုယ်ထဲမှာ အငွေ့အသက် တစ်ခု ရှိတယ်။ အရင်တုန်းက သူ့မွေးစားအဖေက တံဆိပ်ခတ်ထားလားတော့ မသိဘူး..."
မော့ရစ်ကန်းက အိပ်ရာကထပြီး အခန်းတဝိုက်မှာ လမ်းလျှောက်လာပြီး။
“သူငယ်ချင်းနဲ့ ရန်သူကို မခွဲခြားနိုင်ဘဲ သိမ်းကျုံး တိုက်ခိုက်နေတာကို ကြည့်ရသလောက်ဆို သူ အိပ်မက်ဆိုးထဲမှာ ပိတ်မိနေပုံရတယ်”
"မင်းသူ့အိပ်မက်ကို မြင်ရလား"
မော့ရစ်ကန်းက ခေါင်းယမ်းပြီး "ငါကသူ့ကို နှိုးရုံပဲ နှိုးနိုင်တာ... သမင်ဖြူကပဲ သူ့ကို အိပ်ပျော်စေပြီး အိပ်မက်ထဲကို ဝင်စေနိုင်တာ..."
တစ်ဖက်က ဧည့်ခန်းထဲမှာတော့ ဟုန်ကျွင့် ငြိမ်ငြိမ်ကလေး ထိုင်နေသည်။ ငါးကြင်းနတ်ဆိုးကို ထည့်ထားသော ကြွေအိုးကြီးကိုတော့ စားပွဲပေါ်မှာ ချထားလိုက်သည်။
"လမ်းမှာ ဘာဖြစ်သွားတာလဲ"
ငါးကြင်းနတ်ဆိုးက "ဟုန်ကျွင့် မင်းဘာမှ မမှတ်မိဘူးလား"
"မြန်မြန် ပြောစမ်းပါ!"
ဟုန်ကျွင့် မျက်မှောင်ကြုတ်ပြီး ငါးကြင်းနတ်ဆိုးကို စိုက်ကြည့်နေ၏။ ငါးကြင်းနတ်ဆိုးက အနည်းငယ် တုံ့ဆိုင်းသွားကာ။
"ကောင်းပြီ.. ခေါင်းဆောင်ကတော့ မင်းကို မပြောခိုင်းဘူး မင်းနားမထောင်နိုင်မှာ ကြောက်လို့တဲ့..."
"ငါ တစ်ခွန်းမှ ပြန်မပြောဘူး"
ငါးကြင်းနတ်ဆိုးသည် သူ့မျက်နှာတွင် လျှို့ဝှက်ဆန်းကြယ်သော အမူအရာတစ်ခုဖြင့် ပြန်ကြည့်နေ၏။ ကြွေအိုးအစွန်းကို လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်ထားကာ ဟုန်ကျွင့်ကို စကားမပြောပြမီ ငါးခေါင်းက အရင်ပေါက်ထွက်လာသည်။
ဟုန်ကျွင့်သည် ထိုညတွင် လုရွှီနဲ့ လျိုဖေးတို့ကို လိုက်ဖမ်းရင်း တဲထဲသို့ ဝင်ပြီးနောက်တွင် သူသည် ထူးဆန်းစွာဖြင့် ငါးကြင်းနတ်ဆိုးကို မတွေ့ရဘဲ တစ်ညတာ အနားယူခဲ့သည်။
သို့သော် ညသန်းခေါင်တွင် ဟုန်ကျွင့်သည် အိပ်မောကျနေရာမှ လမ်းထလျှောက်တော့သည်။ လီကျင်လုံနဲ့ မော့ရစ်ကန်းတို့ ရောက်လာသောအခါ ဟုန်ကျွင့်သည် ကြိုးများပေါ်မှ ရုပ်သေးရုပ်တစ်ရုပ်လို အနက်ရောင် စွမ်းအင်များဖြင့် ရပ်နေလေသည်။ ပြီးနောက် ရုတ်တရက်ကြီး လီကျင်လုံနဲ့ မော့ရစ်ကန်းအား သတ်ဖြတ်တော့မလို တိုက်ခိုက်လာခဲ့သည်။
ထိုအချိန်၌ လုရွှီသည် အင်္ကျီအနက်ရောင်ကို ၀တ်ဆင်ထားပြီး ဟုန်ကျွင့်အနောက်၌ လွင့်မျောနေ၏။ ဟုန်ကျွင့်ရဲ့ ကျောနောက်ကွယ်တွင်လည်း ထောင်နှင့်ချီသော ချည်နှောင်ထားသော ချည်မျှင်များ ထွက်လာပြီး သူ့ရဲ့ လှုပ်ရှားမှုတိုင်းကို ထိန်းချုပ်ထားသည်။ "လျိုဖေး" သည် ပျဉ်ထောင်အိမ် အပြင်ဘက်တွင် အနက်ရောင်အဝတ်အစားနှင့်ပင် ရပ်နေကာ ၎င်းက တင်းမာနေသည့် မျက်နှာထားရှိသော အမျိုးသမီးတစ်ဦး အဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားလေသည်။
လီကျင်လုံ နှင့် မော့ရစ်ကန်းတို့သည် သဘာဝအတိုင်း ၎င်းတို့ကို ကယ်တင်ရန် အလျင်အမြန် ပြေးလာကြ၏။ အနက်ရောင် အမျိုးသမီးက အေးစက်သော လေပွေနှင့် နှင်းမုန်တိုင်းများကို တွန်းလွှတ်ကာ သုသာန်နှင့် လွင်ပြင်များကို ဖြတ်ကျော်၍ ပြေးချလာခဲ့သည်။
ဟုန်ကျွင့်: "အဲ့ဒါက နောက်တစ်ကောင်လား.... ဆန်းကြယ်မိန်းမပျို (ရွှမ်နွီ)"
ငါးကြင်းနတ်ဆိုးက “ငါ…မသိဘူး” လို့ ပြန်ဖြေလာ၏။
လီကျင်လုံနဲ့ မော့ရစ်ကန်းတို့သည် ဆန်းကြယ်မိန်းမပျို၏ အေးစက်သော လေပြင်းများ အနီးသို့ပင် မရောက်နိုင်ဘဲ ဖြစ်နေသည်။ နေရာတိုင်း၌ ပျံသန်းနေသော ရေခဲချွန်များနှင့် နှင်းမုန်တိုင်းများက ပြင်းထန်စွာ တိုက်ခတ်ရှိနေကြပြီး ဟုန်ကျွင့်ကတော့ ရေခဲနှင့် နှင်းများထဲက မိစ္ဆာဘုရင်ကဲ့သို့ပင် သတ်ဖြတ်လျက်ရှိသည်။
ကံကောင်းထောက်မစွာပဲ လျိုဖေးအစစ်က ထိုအချိန်တွင် ပြန်လှည့်လာ၏။ သူက သုသာန်တွင် အိပ်နေသော စစ်သည်များကို လေဓားဖြင့် ဆင့်ခေါ်ပြီး မော့ရစ်ကန်းကလည်း နှင်းမုန်တိုင်းကို လျစ်လျူရှုကာ ဆန်းကြယ်မိန်းမပျိုနဲ့ တိုက်ခိုက်ရင်း ဒဏ်ရာရသွားခဲ့သည်။ ချက်ချင်းပင် လီကျင်လုံသည် လုရွှီဆီက ထိန်းချုပ်ခံထားရသော ဟုန်ကျွင့်ဆီက ကြိုးမျှင်များကို ဖြတ်တောက်ရန် သူ့နှလုံးမီးအိမ်ကို အသုံးပြုခဲ့သည်။
ဟုန်ကျွင့်ကတော့ သူ့အိမ်မက်ထဲတွင် လျှပ်စီးကြောင်းကိုသာ မြင်လိုက်ရ၏။ မိုးခြိမ်းသံများလည်း မကြာခဏဆိုသလို ထွက်လာရာ အခုပြန်တွေးကြည့်တော့ အဲဒါက နှလုံးမီးအိမ် ဖြစ်ကောင်းဖြစ်နိုင်သည်။
"ဒါဆို နောက်တော့ရော?"
ငါးကြင်းနတ်ဆိုး: "နောက်တော့ လုရွှီ ပျောက်သွားတယ်.... သူက မထွက်သွားခင် ကြမ်းတမ်းတဲ့ စကားတွေတောင် ပြောသွားသေးတယ်"
ဟုန်ကျွင့် မျက်လုံးများ ပြူးကျယ်သွားသည်။
"မင်းက တစ်နေ့မှာ သူ့လက်နဲ့ သေရမှာတဲ့..."
"အခု နတ်ဆိုးမျိုးစေ့ ပြန်ကောင်းလာပြီ... နောက်ရက်တွေက မင်းကို ဒုက္ခပေးဖို့ စောင့်နေသလိုပဲ..."