ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 2)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ချင်လင်နတ်သစ်ပင်
Chapter (24)
ပြုတ်ကျသေဆုံး
ဝူရှဲ ခဏလောက်အထိ ထိတ်လန့်သွားခဲ့သည်။ ဘာဖြစ်တာလဲ? မျက်နှာက ဘာကြောင့် ကွဲသွားရတာလဲ? အသားအရေ အရမ်းခြောက်နေပြီမလို့လား? ဒါပေမဲ့ သေသေချာချာ အနီးကပ် မကြည့်ရသေးခင်မှာပဲ သူ့ခြေကျင်းဝတ်ကို ဆွဲလာတဲ့ တစ်ကောင်ကြောင့် ရုတ်တရက် တုန်လှုပ်ခြောက်ခြား သွားတော့သည်။ ထိုအကောင်က အရမ်းသန်မာလွန်းလို့ ဝူရှဲမှာ မခံနိုင်တော့တဲ့အတွက် သူ့ရဲ့ခွန်အားနောက်ကို ခုန်ဆင်းဖို့ကလွဲပြီး ရွေးစရာလမ်း မရှိတော့ပေ။ သို့နှင့် အနီးနားက ကြေးကိုင်းတစ်ကိုင်းကို လက်တစ်ဖက်နဲ့ဆွဲကိုင်ပြီး တခြားလက်တစ်ဖက်ဖြင့် မကောင်းဆိုးဝါးကောင်ရဲ့ လည်ချောင်းနဲ့ ပစ်သတ်ပစ်လိုက်သည်။ ဖောင်းကနဲ ပေါက်ကွဲသံနဲ့အတူ ၎င်းရဲ့ဦးခေါင်းက လွင့်ကျသွားလေ၏။
သေနတ်ပစ်အားက သန်လွန်းသလို ပြန်ကန်အားက ကြီးလွန်းသဖြင့် ဝူရှဲမှာ သစ်ကိုင်းပေါ်မှ ပစ်ကျလုနီးပါးပင် ဖြစ်သွားသည်။ သေနတ်ကို မလွတ်ချမိသွားကြောင်း သေချာစေရန် အံကြိတ်ထားကာ ခေါင်းမပါတော့တဲ့ အလောင်းကို ကြေးနီသစ်ပင်ပေါ်ကနေ အရှိန်နဲ့ ကန်ချလိုက်သည်။ သို့သော် ၎င်းရဲ့လက်တွေက သူ့ခြေထောက်တွေကို မြဲမြဲဆုပ်ကိုင်ထားတုန်းပဲ။ သူ့တစ်ကိုယ်လုံးက အားတွေကို ဝူရှဲခြေဖဝါးမှာ ချိတ်ဆွဲထားပြီး အောက်ကို ဆွဲချနေသည်။
ဝူရှဲမှာ လက်တစ်ဖက်တည်းနဲ့ လူနှစ်ယောက်လုံးရဲ့ အလေးချိန်ကို မခံနိုင်တော့တဲ့ အတွကိ သွားတွေကို အံကြိတ်ထားရသည်။ ခေါင်းကိုငုံ့ကာ မတ်တပ်ရပ်ဖို့ သစ်ကိုင်းကို ရှာရင်း ထိုအလောင်းကို ပစ်ချလိုက်ဖို့လည်း နည်းလမ်းရှာနေရ၏။ သူပစ်လိုက်လို့ အက်ကွဲကြောင်းဖြစ်သွားတဲ့ မျက်နှာနဲ့ ဘီလူးကောင်က ရုတ်တရက် ပြေးတက်လာတာကို မြင်လိုက်ရသည်။ ခြေသည်းတစ်ချောင်းက ဝူရှဲလည်ပင်းကို ဖမ်းဆုပ်ပြီး မြှောက်ချလိုက်သည်။ လက်သည်းတွေနဲ့ လည်ပင်းကို တင်းကျပ်စွာ ရစ်ပတ်ထားပုံကြောင့် အသက်ရှူတောင် မဝတော့ချေ။ သူ့မျက်နှာက ချက်ချင်း နီရဲသွား၏။ ဝူရှဲ စိတ်ပျက်လက်ပျက်နဲ့ သေနတ်ကိုလွှဲကာ ၎င်းရဲ့ ခေါင်းကိုရိုက်ချပစ်လိုက်သည်။
ဝူရှဲ ခွန်အားတွေ အကုန်သုံးပြီး တစ်စုံတစ်ယောက်ရဲ့ မျက်နှာကို ထိုးနှက်လိုက်ရင် လုံးလုံး ပျက်စီးသွားလိမ့်မယ်လို့ တွေးထားသည်။ သူ့ထိုးနှက်မှုကြောင့် ဘီလူးကောင်က မျက်စိကွယ်သွားသလို ရှောင်ဖို့ကြိုးစားရင်း ခေါင်းယမ်းလိုက်၏။ မကြာခင်မှာပဲ ဘီလူးရဲ့မျက်နှာကို အက်ကွဲသွားတဲ့အထိ ရိုက်လိုက်တော့ ၎င်းက ထူးဆန်းစွာ အော်ဟစ်လိုက်ရင်း ရုတ်တရက် သူ့ခြေသည်းတွေကို လွှတ်ချလိုက်ကာ ဝူရှဲခေါင်းထက်က သစ်ကိုင်းပေါ်ကို ခုန်ဆင်းသွားသည်။ ပြီးနောက် သူ့မျက်နှာကို အရူးအမူး အော်ဟစ်ရင်း ဆုပ်ကိုင်ထားလေသည်။
ဆွဲထားတဲ့ အရာ ပြတ်တောက်သွားတာနဲ့ အလေးချိန်အားလုံး သူ့လက်ထဲ ပြန်ရောက်လာခဲ့၏။ ဆုပ်ကိုင်ထားလို့ မရတော့အဆုံး ဆယ်မီတာကျော်အထိ ကျသွားတော့သည်။ သူ့မှာ ခန္ဓာကိုယ်ကို ရပ်တန့်ဖို့အတွက် ပြူးထွက်နေတဲ့ ကြေးကိုင်းတစ်ကိုင်းကို အမြန်ပွေ့ဖက် ထားလိုက်ရသည်။ မော့ကြည့်လိုက်တော့ ထိုဘီလူးကောင်ရဲ့ မျက်နှာကို မြင်လိုက်ရ၏။ ကွဲအက်သွားတဲ့ မျက်နှာက ကျွတ်ထွက်ကာ အဖြူရောင် အပိုင်းအစလေးများ ဖြစ်သွားသည်။
ခဏကြာတော့ အဖြူရောင်အတုံးတွေ ပြုတ်ကျလာ၏။ ဝူရှဲ အပိုင်းအစ တစ်ပိုင်းကို ဖမ်းမိပြီး ကြည့်လိုက်တော့ ကျောက်နဲ့လုပ်ထားတာကို တွေ့လိုက်ရသည်။ နောက်တဖန် မော့ကြည့်လိုက်တော့ ကျောက်မျက်နှာကြီး ပြုတ်ကျသွားပြီးနောက် အတွင်းထဲမှာ အဝါရောင် အမွေးတွေ ဖုံးထားတဲ့ မျက်နှာတစ်ခု ရှိနေတာကို တွေ့လိုက်ရတော့သည်။
ဝူရှဲ အဲဒီမျက်နှာကို အနီးကပ် ကြည့်လိုက်တော့ ရုတ်တရက် သဘောပေါက်သွားပြီး လောင်းယန်ဘက်ကို လှည့်အော်လိုက်သည်။
"လောင်းယန်! ဒီကောင်တွေက ဘာကောင်တွေလဲ ငါသိပြီ! ဒါ မျောက်တွေကွ! မျောက်အကြီးကြီးတွေ!"
လောင်းယန်မှာ အောက်ဖက်က အမှောင်ထဲတွင် ရှိနေသဖြင့် ဘာဖြစ်နေလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။
"မျောက်? မင်းအဘိုးကိုမှ မျောက်! လူ့မျက်နှာနဲ့ မျောက်က ဘယ်နားက ရှိမှာလဲ?!"
"အဲဒါက လူမျက်နှာ မဟုတ်ဘူး မျက်နှာဖုံးပဲ... ဒီမျောက်တွေက ကျောက်မျက်နှာဖုံးတွေကို ဝတ်ထားကြတာ"
လောင်းယန်သည် အောက်ဖက်က အမှောင်ထုထဲမှ တက်လာပြီး သူ့အဝတ်အစားများလည်း စုတ်ပြဲလုနီးပါး ဖြစ်နေပြီ။
“ဘာဖြစ်ပါစေ မျောက်ကို မင်းရိုက်နိုင်လို့လား?”
သူ့အောက်ကို လှမ်းကြည့်လိုက်တော့ အနက်ရောင် အရိပ်တွေကို တွေ့လိုက်ရသည်။ မျက်နှာဖုံးတပ်ထားတဲ့ မျောက်တွေ ဘယ်နှကောင်ကောင် သူတို့နောက်ကို လိုက်နေလဲ မသိပေ။ နောက်ထပ် မီတာအနည်းငယ် ထပ်တက်ပြီး ကျည်အိမ်ကို ဖွင့်ကြည့်လိုက်တော့ အနီရောင်ကျည်ဆံတွေက သုံးလို့ကုန်သွားပြီး အပြာရောင်အနည်းငယ်သာ ကျန်တော့တာကို တွေ့လိုက်ရသည်။ အဲဒါတွေက သံသဲကျည်ဆန် မဟုတ်ပေမယ့် သံမဏိဘောလုံး ကျည်ဆန်ကြီးတွေထက်တော့ ကောင်းပါ၏။ တာဝေးကို ပစ်မယ် ဆိုရင်တော့ သံသဲကျည်လောက်တော့ မကောင်းနိုင်ချေ။ မျောက်တွေ သူတို့နောက်ကို လိုက်လာနေတာကို တွေ့ရတော့ ဝူရှဲ သေနတ်လက်ကိုင်ကို လက်နှစ်ဖက်နဲ့ အမြန်ကိုင်ပြီး နှစ်ကြိမ် ပစ်ခတ်လိုက်သည်။
သံမဏိဘောလုံး ကျည်ဆံများ ပြန့်ကျဲသွားသည်။ ၎င်းရဲ့ စွမ်းအားများစွာက အစောကထက် လျော့ကျသွားသော်လည်း ကြီးမားစွာ ထိခိုက်မှုသော သက်ရောက်မှုကို ဆက်လက် အသုံးချပေးနေဆဲ ဖြစ်သည်။ အနီးဆုံးရှိ မျောက်များကို သွေးစွန်းနေသော ပျော့ဖတ်များအဖြစ် ရိုက်နှက်ကာ အဝေးမှ မျောက်များကိုတော့ ပစ်သတ်လိုကိသည်။ ဒီအရာတွေ အားလုံးကို ရှင်းပစ်နိုင်ပါစေလို့သာ ဆက်တိုက် တွေးနေမိ၏။
မျောက်များကလည်း သေနတ်ရဲ့ အစွမ်းကြောင့် ထိတ်လန့်နေပုံရသည်။ သူတို့အားလုံးသည် ၎င်းတို့၏ ချဉ်းကပ်မှုကို အရှိန်လျှော့ကာ ဆရာလျောင်ကို လိုက်ရှာရန် လောင်းယန်နောက်သို့ လှည့်လိုက်ကြသည်။ ဝူရှဲ ၎င်းရဲ့မျက်နှာဖုံးကို ချိုးလိုက်တဲ့ မျောက်က သူတို့ကိုမြင်တော့ ကြောက်လန့်လာသည်။ သူက ဝူရှဲတို့ကို မာန်ဖီပြရင်း တဖြည်းဖြည်း နောက်ပြန်ဆုတ်သွား၏။ လောင်းယန်လည်း ဝူရှဲကို ထူးဆန်းသလို ကြည့်လိုက်ပြီး
"ဟိတ်! တကယ်ကြီး မျောက်တစ်ကောင် ဖြစ်နေတာပဲဟ! ဘယ်လို ဖြစ်တာလဲ?"
ဝူရှဲမှာလည်း အရမ်းထူးဆန်းနေသလို ခံစားနေရသည်။ ဒီမျောက်တွေကို ဘယ်သူက မျက်နှာဖုံး စွပ်ပေးထားတာလဲ။ ပြီးတော့ ဘာကြောင့် တပ်ထားရတာလဲ။ မျက်နှာဖုံးမှာ မျက်လုံးအပေါက်တွေ၊ ပါးစပ်အပေါက်တွေ မရှိဘဲ ဒီမျောက်တွေက ဘယ်လိုရှင်သန်ကြတာလဲ။
ထိုအချိန်တွင် ဆရာကြီးလျောင်မှာ ဆယ်မီတာကျော်လောက်အထိ ဆွဲချခံလိုက်ရပြီး တစ်ဖက်မှာ ငိုယိုပြီး လဲလျောင်းနေခဲ့သည်။ သူတို့နှစ်ယောက် အမြန် လိုက်ဖမ်းလိုက်တော့ ဆရာလျောင်မှာ လန့်ပြီး ကြက်သေသေနေတာကို တွေ့လိုက်ရ၏။ ကံကောင်းထောက်မစွာနဲ့ အကိုင်းအခက်တွေက ထူထပ်လို သူ ပြုတ်ကျမသွားပေ။ မီးတုတ်ကလည်း သူ့ခန္ဓာကိုယ်တစ်ဝက်လောက်သာ ပြုတ်ကျသွားပြီး သစ်ကိုင်းသုံးခုကြားတွင် ညှပ်သွားခဲ့သည်။
လောင်းယန် မီးတုတ်ကို ကောက်ကိုင်ကာ မျက်နှာဖုံးမပါသော မျောက်ကို ဖြိုချရန် တခြားလက်တစ်ဖက်ကို မြှောက်ထားသည်။ ပစ္စတိုသည် ကျည်ဆန်များ ပြည့်နှက်နေသောကြောင့် ပစ္စတိုကို ချက်ချင်းပင် ပစ်ထည့်လိုက်ချင်သော်လည်း လက်ကို လေထဲ မြှောက်လိုက်သောအခါတွင် ဝန်လေးနေခဲ့သည်။ နောက်ဆုံးတော့ သေနတ်ကို ခါးပတ်ထဲသို့ ပြန်ထည့်ပြီးနောက် မီးတုတ်ကို မြှောက်ကာ အောက်ဘက်သို့ ဝှေ့ယမ်းလိုက်သည်။ လောင်းယန် မျောက်များကို ပြန်မောင်းထုတ်ရန် မီးတောက်ကို အသုံးပြုလိုက်၏။ ထိုမျောက်တွေဟာ နည်းနည်းတော့ ကြောက်လန့် သွားကြပြီး မီးတုတ်ကို ယမ်းလိုက်တဲ့အခါ အားလုံးက နောက်ပြန် ဆုတ်သွားကြတာကို တွေ့ရလေသည်။ သို့သော် မီးတုတ်ကို တစ်ဖက်သို့ ရွှေ့လိုက်တာနဲ့ သူတို့ဟာ မြန်မြန်ဆန်ဆန် ပြန်ရောက်လာပြီး သူတို့သုံးယောက်ကို အသက်ရှုဖို့ အခွင့်ပင်မပေးချေ။
လောင်းယန်က အဲ့ဒီမှာ အချိန်အတော်ကြာ ဝှေ့ယမ်းနေပေမယ့် သူတို့ကို မောင်းထုတ်နိုင်မယ့်အစား အဝိုင်းက သေးသေးလေး ဖြစ်သွားပါ၏။ ဝူရှဲ ဆရာလျောင်ကို ကျွန်တော် ဆွဲထုတ်လိုက်ပေမယ့် သူက ရွှံ့ဗွက်အိုင်ထဲ နစ်နေသူလို လှုပ်ရှားလို့ မရတော့ဘဲ ဖြစ်နေသည်။ ထိုအခါ လောင်းယန်က
“သူ့ကိုထားလိုက်တော့... ငါ တစ်ယောက်တည်း မနိုင်တော့ဘူး ဆုတ်ရအောင်"
ဝူရှဲလည်း စိတ်လောလာသည်။ သူ့ခမျာ ဆရာလျောင်ကို ပစ်ထားခဲ့ချင်ပေမယ့် ဒီလူက ရက်စက်တတ်တဲ့လူ မဟုတ်တဲ့အတွက် ဒီအချိန်မှာ သူတကယ်ကို မလုပ်နိုင်ပေ။ ဝူရှဲသူ့ကို မြှောက်ပြီး ခက်ခက်ခဲခဲ ဆွဲတင်လိုက်ပေမယ့် သူ့တင်ပါးက သစ်ကိုင်းနှစ်ခုကြားထဲ ပြုတ်ကျနေတာကြောင့် အခြေအနေ ပိုဆိုးသွားသည်။
လောင်းယန်က မျောက်တစ်ကောင် ကြောက်ရွံ့သွားစေရန် မီးကိုဝေ့ယမ်းရင်း တစ်ဖက်ကလည်း ပြောနေသည်။
"ချီးပဲ! မင်းဘာလုပ်နေတာလဲ? အဲဒီကောင်က ငါတို့အဖွဲ့ထဲက မဟုတ်ဘူးလေ... သူတို့သာ အားလုံးအဆင်ပြေရင် မင်းကိုတောင် သတ်ပစ်လိမ့်မယ်...မင်းဒီမှာ အကျဉ်းသားတွေကို ဦးစားပေး ဆက်ဆံတာမျိုးတွေ လုပ်မနေနဲ့ကွ!”
ဝူရှဲ ကျည်ဆန်ကိုဆွဲပြီး နှစ်ကြိမ်ဆက်တိုက် ထပ်မံ ပစ်ခတ်လိုက်သည်။ ကျယ်လောင်သော ဆူညံသံ နှစ်ခုကြောင့် မျောက်ငါးကောင် ပျံသန်းသွားကာ မျောက်အုပ်စုကို ခြောက်မီတာနီးပါးခန့် အနောက်သို့ တွန်းထုတ်လိုက်နိုင်ခဲ့သည်။ ထို့နောက် နောက်ဆုံး ကျည်ဆန်နှစ်တောင့်ကို ဖမ်းကိုင်လိုက်ပြီး တိုက်ပွဲကို အပြီးသတ် လိုက်ချင်နေချိန် ရုတ်တရက် ဆရာလျောင်က သူ့လက်ကို ဆုပ်ကိုင်လာသည်။
"ဒီအကောင်တွေက မီးကိုကြောက်တယ် မီးတောက်တွေ..."
ဒါကို ကြားတော့ ဝူရှဲလည်း ရုတ်တရက် သတိဝင်သွားသလို လောင်းယန်ကလည်း မြန်မြန်ဆန်ဆန် တုံ့ပြန်လိုက်သည်။ သူက မီးတောက်သေနတ်ကို ထုတ်ယူပြီး တစ်ချက် ကြည့်လိုက်ကာ
"ဘယ်လို တိုက်ရမှာလဲ? သူ့ကို တိုက်ရိုက် မထိရင် အသုံးမဝင်ဘူးဟ!"
အချက်ပြ မီးသေနတ်ကို ဆွဲကိုင်လိုက်ပြီး ဆန့်ကျင်ဘက်က ကျောက်နံရံကို ပစ်ခတ်လိုက်သည်။ အချက်ပြမီးသည် လျှပ်စီးကြောင်းကဲ့သို့ မီတာများစွာအကွာရှိ ကျောက်ဆောင်ကို ထိမှန်သွားပြီးနောက် ပြန်ကန်လာကာ ကြေးနီပင်ကို ထိမှန်သွားသည်။ ထိုအချက်ပြမီးက လျှပ်စီးကြောင်းကဲ့သို့ နှစ်ကြိမ်သုံးကြိမ် ခုန်ပေါက်သွားသေးသည်။
ထို့နောက် မျောက်အုပ်စုကြားမှာ တောက်ပစွာ ပေါက်ကွဲသွား၏။ အလွန်မြင့်မားသော အပူချိန်က ရုတ်တရက် မျောက်များကို လှည့်ပတ်ပြေးသွားစေသည်။ ပထမပစ်ချက်က လင်းထိန်သွားတဲ့အထိ မစောင့်တော့ဘဲ နောက်ထပ် ၂ ချက်ကို ဝူရှဲမှ ထပ်ပစ်လိုက်ရာ ရုတ်တရက် လေထုတစ်ခုလုံး ပြိုးပြိုးပြက်ပြက် အဖြူရောင် အလင်းတန်းတွေ ထွန်းတောက်လာခဲ့သည်။
လောင်းယန်မှာ ထိုအလင်းရောင်ကြောင့် မျက်စိကျိန်းသွားကာ လဲကျလုနီးပါး ဖြစ်သွား၏။ ဝူရှဲလည်း သူ့ခေါင်းကို ဘေးကို တွန်းထုတ်လိုက်ပြီး
"မကြည့်နဲ့တော့... အရမ်းနီးကပ်လွန်းနေပြီ ဒါက လျှပ်စစ်ဂဟေဆက်တာထက် အဆတစ်ရာ ပိုအားကောင်းတယ်ကွ! အမြင်အာရုံတွေ လောင်ကျွမ်းသွားလိမ့်မယ်"
လူသုံးဦးသည် တစ်ချိန်တည်းတွင် မျက်လုံးမှိတ်ထားသော်လည်း မျက်ခွံထဲအထိ ထိုးဖောက် ဝင်ရောက်လုနီးပါး အလင်းရောင်ကို ခံစားရဆဲဖြစ်သည်။ မျောက်များသည် ပြင်းထန်သော အလင်းရောင်ကြောင့် ရူးသွပ်သွားကြသည်။ အောက်ဘက်တွင် ပရမ်းပတာ အသံများကို ကြားလိုက်ရပြီး တစ်ချိန်တည်းမှာပင် အသားကို မီးလောင်ထားသော အနံ့အသက်များလည်း ထွက်ပေါ်လာသည်။
အားကြီးသော အလင်းရောင်ကြီး မှိန်မသွားမီအထိ အချိန်ဘယ်လောက် ကြာသွားတယ်မသိပေ။ ဝူရှဲ မျက်လုံးတွေကို ဖွင့်ပြီး အောက်ကိုငုံ့ကြည့်လိုက်တော့ မျောက်တွေက ပျောက်သွားပြီ။ မျက်လုံးတွေက ပူလောင်နေတာကြောင့် အမြင်အာရုံတွေလည်း ဝေဝါးနေသည်။ လောင်းယန်မှာ မျက်ရည်တွေ ကျလာပြီး သူ့လက်နဲ့ အသဲအသန် ပွတ်နေတော့သည်။ ဆရာလျောင်မှာ ဒီတစ်ခါတော့ လုံးလုံးမူးသွားပြီ။ အစောတုန်းကဆိုရင်၊ယ သူ့ကော်လံကို ဝူရှဲသာ ကိုင်မထားဘူးဆိုရင် လဲကျသွားလိမ့်မယ်။
ဝူရှဲလည်း မျောက်တွေ မရှိတော့တာကို မြင်တော့မှ သက်ပြင်း တစ်ချက် ရှိုက်လိုက်သည်။ သူတို့က အပူချိန် မြင့်လို့လား ဒါမှမဟုတ် တောက်ပတဲ့ အလင်းရောင်ကို ကြောက်လို့လားတော့ မသိပါဘူး။ တကယ်လည်း ဒီတောက်ပတဲ့ အလင်းရောင်ကို တိုက်ရိုက် ကြည့်လိုက်ရင် အားလုံး မျက်စိကွယ်သွားမှာပဲလေ။ ဖြစ်နိုင်ခြေကတော့ ဆယ်ရက်ခွဲလောက် ဆိုရင်တောင် မသက်သာနိုင်သေးဘဲ လဝက်လောက် ကြာသွားနိုင်သည်။
ဝူရှဲ သက်ပြင်းတစ်ချက်ချကာ ဆရာလျောင်ကို တစ်ချက် ရိုက်လိုက်ကာ နှိုးလိုက်သည်။ ဝူရှဲ သူ့လက်မောင်းကို လှမ်းဆွဲကာ ခန္ဓာကိုယ်ကို မတ်မတ်ထားပြီး ဆွဲယူချင်ပေမယ့် ထိုလူက အရမ်းသန်မာလွန်းနေသည်။ ဒီတစ်ခါတော့ သူ့ကို တည့်မတ်ပြီး သူ့မူလ အနေအထားကနေ ရုန်းထွက်စေနိုင်ဖို့ ကြိုးစားပေမယ့် ဘာမှ မလုပ်နိုင်ခဲ့ဘူး။
ဝူရှဲ ဆရာလျောင်ကို တင်းတင်းကြပ်ကြပ် ထိုင်ခိုင်းပြီး တစ်ဖက်က လောင်းယန်ကိုကြည့်ဖို့ ဘေးကို ရွှေ့လိုက်သည်။ သူ့ခမျာ မျက်လုံးတွေစွေပြီး ကျိန်ဆဲနေတုန်းပင်။ တံတွေးတချို့ ထွေးထုတ်ပြီးနောက် နောက်ဆုံးတော့ သူမြင်နိုင်သွားပြီး
“မင်းအစောတုန်းက ဘာကိစ္စ အသံမပေးဘာမပေးနဲ့ လုပ်တာတုန်း? မင်းငါ့ကို မျက်စိကန်းအောင်လုပ်နေတာကဲ ငါမင်းကိုတိုက်မယ်!"
ဝူရှဲကလည်း ပြန်ကျိန်ဆဲလိုက်သည်။
"ဟမ့် မင်းကဒီလိုပြောဖို့ စိတ်ရှိနေသေးတယ်ပေါ့? မင်းအသက်ကို ငါကယ်ခဲ့တာ မင်းသိရဲ့လာ? နောက်ပြီး မင်း မျက်စိမကန်းသေးဘူးမလား?"
လောင်းယန် ငုံ့ကြည့်ပြီး
"မပြောတော့နဲ့ ဒီလှည့်ကွက်က တကယ်ကို ထိရောက်ပါတယ်... မျောက်တွေ ထွက်ပြေးသွားတာလား ဒါမှမဟုတ် အကုန်လုံး မီးရှို့ အသတ်ခံလိုက်ရတာလား?"
သူတို့တွေ မီးလောင်ပြီးသေသွားဖို့ ဆိုတာ မဖြစ်နိုင်ဘူးလို့ လောင်းယန်ကို ပြောလိုက်သည်။ သူတို့ ခဏတဖြုတ် ပြန်ဆုတ်သွားပြီး ပြန်ကောင်းလာနိုင်၏။ ဒါပေမဲ့ အခုသူတို့ကို ဖြေရှင်းဖို့နည်းလမ်း ရှာတွေ့ထားတော့ ကြောက်စရာ မလိုတော့ဘူး။ မီးတောက်အနည်းငယ်က ကျန်နေသေးသည်။ ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းရန် အချက်ပြမီး သေနတ်ထဲတွင် လုံလောက်သော မီးကျည် ရှိသေးတာကြောင့် အကြိမ်အနည်းငယ် ပစ်ခတ်နိုင်သေးသည်။
မျောက်တွေ ဝတ်ထားတဲ့ မျက်နှာဖုံးကို တကယ့်လူလို လက်ရာမြောက်စွာ ထွင်းထုထားတာပဲ။ ချောက်ကမ်းပါးမှာ တွေ့ခဲ့ရတဲ့ လက်တွေ့ကျတဲ့ ရုပ်တုနဲ့များ ဆက်စပ်နိုင်လား။ ဒါပေမဲ့ ၎င်းတို့က ဘာလို့ သူတို့ကို တိုက်ခိုက်ရတာလဲ။
ရှေးခေတ်ယဉ်ကျေးမှုတွေ ရှိတဲ့ ဂူသင်္ချိုင်းတွေကို ကာကွယ်ဖို့ လူဝံတွေကို လေ့ကျင့်ပေးတယ်လို့ ဝတ္ထုတစ်ပုဒ်မှာ ဖတ်ဖူးခဲ့သည်။ ရှေးခေတ်ယဉ်ကျေးမှုတွေ ပျက်ဆီးသွားတဲ့အခါ အဲဒီလူဝံတွေဟာ ဂူသင်္ချိုင်းတွေကို စောင့်ရှောက်မယ့် မျိုးဆက်သစ်တွေကို သူတို့ရရှိခဲ့တဲ့ လူသတ်သင်တန်းကို လက်ဆင့်ကမ်းပေးခဲ့ကြသည်။ နှစ်များစွာ ကြာပြီးနောက်တွင် လူဝံ၏သားမြေးများသည် ဂူသင်္ချုင်းများ၏ အကြွင်းအကျန်များကို စောင့်ကြပ်နေဆဲဖြစ်ပြီး အနာဂတ်လေ့လာရေး ခရီးသည်များကို သတ်ဖြတ်ခဲ့ကြသည်။
ဒါပေမဲ့ ဒါတွေကတော် မျောက်တွေပင်။ သူတို့က လူဝံတွေလောက် ဉာဏ်မမီပေ။ ဒီလောက်ခက်ခဲတဲ့ အရာတွေကို မလုပ်နိုင်လောက်ဘူး မဟုတ်လား။ အစကတော့ ဆရာလျောင်ကို မေးချင်ပေမယ့် ဆရာလျောင်ရဲ့ မျက်နှာကို မြင်တော့ အခုမေးတာက အချည်းနှီးပဲ ဖြစ်မယ်ဆိုတာ သိလိုက်သည်။ သူခမျာ လုံး၀ အဆင်မပြေတဲ့ အခြေအနေမှာ ရှိနေပြီး ပြိုလဲခါနီးနေပြီ။ အနားမယူလိုက်ရင် လုံးဝ လဲသွားမှာ ကြောက်ရသည်။
ထိုနေရာမှာ ဆယ်မိနစ်ကျော် ကြာအောင် နေခဲ့ရပြီး နောက်ဆုံးမှာတော့ မျောက်တွေ ထွက်မပြတာကို မတွေ့ရတော့မှ သက်ပြင်းချမိပါတော့သည်။ လောင်းယန်က သူတို့ကို အစာစားစေချင်ပေမယ့် နှစ်ယောက်လုံးက ငြင်းဆန်လိုက်သည်။ အခုဆာလောင်မှုက ပြဿနာ မဟုတ်ပေ။ အနားယူမှုကသာ ပြဿနာ ဖြစ်နေပြီ။ လောင်းယန်သူ့အား ဂလူးကို့စ်ကို တိုက်ရိုက်ပေးရင်တောင် လမ်းမလျှောက်နိုင်တော့ပါဘူး။
ဝူရှဲ သစ်ကိုင်းတချို့ကို မှီ၍ ခေါင်းကို ကျောပိုးအိတ်ပေါ်တွင် မှီလျက် မသိစိတ်မှ မှိန်းနေတော့သည်။ လောင်းယန်နဲ့ ဆရာလျောင်တို့မှာ ကြောင်တက်တက် ဖြစ်နေပေမယ့် သူ့ကို မတားကြချေ။ ဝူရှဲ အိပ်ပျော်ခါနီးတွင် ရုတ်တရက် အပေါ်စီးမှ ရိုက်ခတ်သံများ ထွက်ပေါ်လာပြီး တစ်ချိန်တည်းမှာပင် ဧရာမ ဘီလူးကြီး ပြိုကျလာသလိုမျိုး ကြေးနီပင်ကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားတော့သည်။
မျောက်တွေကို သတ်လိုက်လို့ အကောင်ကြီး တစ်ကောင်ကို လှမ်းအကြောင်း ကြားလိုက်တာများလား။ "ကင်းကောင်ကြီး" အပေါ်ကနေ ဆင်းလာတာများလား။ ဘယ်မှာ ပုန်းနေမှန်းမသိတဲ့ အရိပ်မည်းကြီးတစ်ခု ရုတ်တရက် လျှပ်စီးလက်သလို ပြိုကျလာပြီး သစ်ကိုင်းသုံးကိုင်းကြားကို ရိုက်ခတ်သွားသည်။ အနံ့အသက်ဆိုးတွေ ထွက်နေတဲ့ အရည်တွေက ဝူရှဲမျက်နှာကို ဖျန်းခနဲ စင်သွား၏။
ရိုက်ခတ်မှုက ပြင်းထန်လွန်းတော့ ကြေးပင်တစ်ပင်လုံး ယိမ်းယိုင်သွားကာ သူတို့ကိုယ်တိုင်လည်း ပြုတ်ကျလုမတတ် ဖြစ်သွားကြသည်။ ဝူရှဲတို့ သုံးယောက်စလုံး သေတဲ့အထိ ကြောက်လန့်ပြီး တုံ့ပြန်နိုင်ဖို့ အချိန်အတော် ကြာသွားခဲ့သည်။
လောင်းယန်က ပထမဦးစွာ စိတ်အေးအေးထားနိုင်သွားပြီး မီးတုတ်ကို မြင့်မြင့်မြှောက်ကာ ပြုတ်ကျလာတဲ့ အရာကို ကြည့်ရန် ဝူရှဲတို့နှစ်ယောက်ကိုပါ ခေါ်လိုက်သည်။ အနီးကပ် သွားကြည့်လိုက်တော့ ကြေးနီပင် အကိုင်းအခက်များကြားတွင် ပိတ်မိနေသည့် လူတစ်ဦးအား တွေ့လိုက်ရသည်။ ၎င်း၏ခန္ဓာကိုယ်မှာ သဘာဝအတိုင်း လိမ်နေကာ အမြင့်က ပြုတ်ကျပြီး သေသွားခဲ့ကြောင်း သိသာပေ။ မျက်လုံးများလည်း ပွင့်ထွက်နေပြီး မျက်နှာပေါ် သွေးများစွန်းထင်းနေသည်။ နံရိုးများ ကျိုးသွားကြောင်းလည်း တွေ့ရ၏။
လောင်းယန်သည် ထိုမျက်နှာပေါ်သို့ မီးတုတ်ကို ကပ်ကြည့်လိုက်တဲ့အခိုက် ရုတ်တရက် ထိတ်လန့်သွားသည်။
"ဟိတ်! အဲဒါ ဟိုလိပ်အိုကြီး ဦးလေးထိုက်ပဲ! ဒီလူကြီးက ငါတို့ရှေ့မှာ ရှိနေတာကိုး ... ငါတို့တစ်လျှောက်လုံး မတွေ့ခဲ့ရတာ မဆန်းပါဘူး!"
ဆရာလျောင်လည်း တုန်တုန်ယင်ယင်ဖြင့် စောင်းငဲ့ကြည့်ကာ ဦးလေးထိုက်ရဲ့ ရင်ဘတ်ကို ဖိလိုက်သည်။ အလောင်းရဲ့ ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများ စီးကျနေပြီ။ သူက သက်ပြင်းချလိုက်ပြီး
"အမြင့်ကနေ ပြုတ်ကျပြီး သေဆုံးသွားတယ် ဟုတ်လား? သူ့ကိုယ်တွင်းအင်္ဂါတွေ ကွဲအက်သွားပြီ ဘယ်လိုဖြစ်လို့ ဒီလောက်တောင် သတိလက်လွတ် နိုင်ရတာလဲ?"
သူ့ခြေဖဝါးတွေကို ကြည့်လိုက်တော့ အရိုးတွေက အပြူးထွက်နေပြီး သူ့တစ်ကိုယ်လုံးလည်း လိမ်နေရာ သူလဲကျခဲ့တဲ့အခါတုန်းက အဲဒီ ကြေးကိုင်းတွေနဲ့ အဆက်မပြတ် ရိုက်ခတ်ခဲ့တာကြောင့် ဖြစ်နိုင်သည်။ ဆရာလျောင်က သူ့ခြေတွေလက်တွေကို ဖိပြီး အေးမြတဲ့လေကို မှုတ်ထုတ်လိုက်ပြီး
"မင်းတို့နှစ်ယောက်... ဒီနေရာက သိပ်မမြင့်ဘူးလို့ ထင်ရတယ်နော် ဒါပေမဲ့ ဦးလေးထိုက်ကို ကြည့်လိုက်... ရှည်လျားတဲ့ အရိုးတွေတောင် ကျိုးနေပြီ သူဒီလို ပြုတ်ကျလာတာက ပြောလို့ မရဘူး... သူက မီတာတစ်ရာအောက် အမြင့်ကနေ ပြုတ်ကျလာရင်တောင် ဒီလိုပုံစံ မဖြစ်နိုင်ပါဘူး”
ဝူရှဲ စိတ်ထဲမှာ တိတ်တိတ်လေး ညည်းတွားနေမိသည်။ သူတို့ရဲ့ရူးသွပ်တဲ့ တောင်တက်နှုန်းက မီတာငါးဆယ် ဒါမှမဟုတ် ခြောက်ဆယ်လောက်ပဲ တက်ရသေးပေမယ့် သူတို့အရမ်းကို ပင်ပန်းနေပြီ။ သစ်ပင်ထိပ်က အရမ်းမြင့်နေရင် သူတို့ဘယ်လိုလုပ် တက်နိုင်တော်မလဲ။ အဲဒီကို တက်ခဲ့ရင်တောင် ခွန်အားမရှိတော့ဘဲ ဦးလေးထိုက်လိုမျိုး အပိုင်းအစတွေ ဖြစ်သွားနိုင်သည်။
ဒါကိုတွေးပြီး ဆရာလျောင်နဲ့ ဝူရှဲတို့ နှစ်ယောက်လုံး နာကျင်တဲ့ အမူအရာတွေ ပြခဲ့ကြသည်။
လောင်းယန်ကတော့ ဒါကို ညစ်ပတ်တယ်လို့ မခံစားရပါဘူး။ သူတို့နှစ်ယောက်ရဲ့ ဒီလိုပုံစံကိုမြင်တော့ သူကဝူရှဲ ပခုံးပေါ် လက်တင်ပြီး ပြောလာသေးသည်။ မီတာရာဂဏန်း အကွာအဝေးကို ဘေးတိုက်ပြေးပြီး စက္ကန့်အနည်းငယ် အတွင်း ပြီးသွားမှာပါလို့ ပြောလေသလို မတ်တပ်ရပ်လိုက်ရုံနဲ့ ပြီးသွားမှာမို့ ဘာမှစိုးရိမ်စရာ မရှိပါဘူးဟု ဆို၏။ ဝူရှဲလည်း 'မင်းပြောတဲ့အတိုင်း ဧဝရတ်တောင်ဟာ 8,848 မီတာပဲ မြင့်တယ်။ နာရီဝက်အတွင်း စက်ဘီးစီးလို့ ရတယ်။ ငါတို့က ပွတ်တိုက်မှုကို တွန်းလှန်နေတာ မဟုတ်ပေမယ့် မြေကြီးဆွဲငင်အားနဲ့ ဆန့်ကျင်ဘက်ပဲကွ သိရဲ့လား?' ဟုသာ ပြန်ပြောလိုက်တော့သည်။
လောင်းယန်က မိမိနဲ့ စကားများရန် မသင့်လျော်ကြောင်း ဆိုကာ လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။ ထို့နောက် ဦးလေးထိုက်ရဲ့ ကျောပိုးအိတ်ကို ဖြည်ကာ သူတို့အသုံးပြုနိုင်တဲ့ အရာတွေ ရှိမရှိကို သိရှိရန် တူးဆွတော့သည်။ ပထမတစ်ချက် ကြည့်လိုက်တာနဲ့ ဝူရှဲ အရမ်းပျော်သွားသည်။ ဆရာလျောင်တို့ အဖွဲ့မှာ ဦးလေးထိုက်နဲ့ အာ့မာကျစ် ဆိုတဲ့ လူငယ်လေးဟာ အဓိကပစ္စည်းတွေကို သယ်ဆောင်လာခဲ့သူတွေပဲ။ ပစ္စည်းအများစုထဲမှာ ပစ္စတိုကျည်ဆန်တွေ၊ ဖောက်ခွဲရေးစက်တွေ၊ မီးကျည်တွေ၊ ကြိုးတွေနဲ့ ဓာတ်မီးတစ်ချောင်းကိုပါ တွေ့လို့ ဝမ်းသာသွားတော့သည်။ ထောင်ပေါင်းများစွာသော အလောင်းအခင်းအကျင်းရဲ့ အခြေအနေကို ပြန်တွေးကြည့်တဲ့အခါ ဒီဓာတ်မီးကို ကပ်ပြီး အကြိမ်ပေါင်းများစွာ နမ်းချင်သွားသည်။
လောင်းယန်က ကျည်ဆံတွေကို ပြောင်းထည့်ကာ အခြားအရာများကို ခွဲထုတ်ပြီး သူ့နောက်ကျောပေါ် တင်ထားလိုက်သည်ါ
"ဟိုအုပ်စု သေချာပေါက် အောက်မှာ ရှိနေဦးမှာပဲ... ငါတို့ ဒီမှာ ကြာကြာနေလို့မရဘူး အနားယူပြီး မြန်မြန်တက်ကြရအောင်... အားလုံးပဲ ထိုက်တောင်ရဲ့ မီတာ ၁၃၀၀ ကို တစ်ရက်တည်းနဲ့ အသွားအပြန် ခရီးကို တက်ဖူးတယ်ဟုတ်? ကိစ္စမရှိဘူး ဒါကိုလည်း ရှုခင်းကြည့်ဖို့သွားတဲ့ ခရီးအဖြစ်ပဲ သဘောထားလိုက်!"
ဆရာလျောင်ရဲ့ မျက်နှာမှာ အနည်းငယ် သက်သာလာကာ ထိုစကားကို ကြားတော့ ခါးသက်သက်ကြီး ပြုံးရင်း လက်ဖြင့် လမ်းလျှောက်သည့် အမူအရာကို လုပ်ပြလေသည်။
"အစ်ကိုယန်ရယ်... ထိုက်တောင်က ခြေဖဝါးနဲ့ လှမ်းတက်လိုက်ရုံပဲ ငါတို့ အခုက တက်လိုက်ဆင်းလိုက် လျှောက်နေရတာ အဲဒါက ဘယ်လိုလုပ် တူပါ့မလဲ? ထိုက်တောင်က တိမ်ပင်လယ်ထဲမှာ ထူးဆန်းတဲ့ ကျောက်တုံးတွေပါတဲ့ တောင်ငါးလုံးရဲ့ ပုံစံပဲ မင်းဒါကြီးကို ဘယ်လိုများ ကြည့်နေတာလဲ”
လောင်းယန်က ကြေးနီပင်ရဲ့ ကိုယ်ထည်ကို တစ်ဖက်မှ ကန်ထုတ်လိုက်ပြီး
"ကျုပ်က အတုယူစရာ တစ်ခုဖြစ်အောင် ပြောနေတာ.. ဒီကြေးနီပင်က ထိုက်တောင်ရဲ့ရှုခင်းနဲ့ မယှဉ်နိုင်ပေမယ့် အနည်းဆုံးတော့ အံ့မခန်းပဲလေ ဟုတ်တယ်ဟုတ်? မင်းတို့နှစ်ယောက် အဆင်သင့်ပြင်ပြီး လိုက်လျောညီထွေ ဖြစ်အောင် လုပ်နိုင်ရင် အောင်ပွဲက ဒီမှာပဲရှိတယ်... အဲဒါကြောင့် စိတ်ဓာတ်မကျပါနဲ့ မြန်မြန် ထုပ်ပိုးလိုက်... ငါတို့သွားတွေကို အံကြိတ်ပြီး ထိပ်ကိုရောက်အောင် သွားရအောင်... အဲဒီမှာ သေချာပေါက် ကောင်းမွန်တဲ့ မြင်ကွင်းတစ်ခု ရှိကိုရှိရမယ်”
ဝူရှဲ ဖောရောင်စပြုလာတဲ့ ခြေသလုံးကြွက်သားတွေကို ခေါက်ပြီး လောင်းယန်အား သူ အံမကြိတ်ချင်တာ မဟုတ်ဘဲ ရွေးချယ်စရာ မရှိတာကြောင်း၊ သွားတွေကို ထပ်ကြိတ်ရင် အမြစ်တွေပါ ပေါက်ထွက်တော့မှာ ဖြစ်ကြောင်း ပြောလိုက်သည်။ ဝူရှဲ ခွန်အားအနည်းငယ် ညှစ်ထုတ်နိုင်ဆဲဖြစ်သော်လည်း ဆရာလျောင်မှာ သူ့အသက်ထက်ဝက်သာ ကျန်တော့သည်။ ဤမိနစ်အနည်းငယ်မှာ အလျင်စလို သွားနေမည့်အစား သေချာစွာ အနားယူခြင်းက ပိုကောင်းပါ၏။
ဆရာလျောင်က ကျေးဇူးတင်စွာနဲ့ ဝူရှဲကို ကြည့်လာပြီး လောင်းယန်ကတော့ သက်ပြင်းချကာ ကောင်းပါပြီ ပြောပေသည်။ ဦးလေးထိုက်ရဲ့ ခန္ဓာကိုယ်ကိုတော့ ဖယ်ထုတ်လိုက်တာ ကောင်းပါသည်။ ဒီနေရာမှာ ကြည့်ရတာ အဆင်မပြေဘူးလေ။
ဦးလေးထိုက်ရဲ့ ပုံပျက်ပန်းပျက် မျက်နှာသွင်ပြင်နဲ့ မျက်တောင်မခတ်တဲ့ အမူအရာတွေကို မြင်လိုက်ရတော့ စိတ်ထဲမှာ ဘာမှ ထူးထူးခြားခြား မခံစားခဲ့ရပေမယ့် သူ့မျက်လုံးတွေ ပြူးထွက်နေပုံက တကယ်ကို ကြောက်စရာ ကောင်းတယ်လို့ ခံစားရလေ၏။ ဒီအချိန်မှာ အကျင့်စာရိတ္တနဲ့ လူ့စရိုက်အကြောင်း မပြောချင်တော့ဘူး။ နှစ်ယောက်သား ဦးလေးထိုက်ရဲ့ အလောင်းကို သစ်ကိုင်းကနေ ဂရုတစိုက် သယ်ထုတ်ဖို့ ကြိုးစားလိုက်ကြသည်။
ဒီလိုနေရာ ဒီလိုအမြင့်ကနေ ပြုတ်ကျရင် လမ်းတလျှောက်မှာ ပြူးထွကိနေတဲ့ ကြေးကိုင်းအကိုင်းအခက်တွေကို ထိမိမှာ သေချာပါသည်။ အောက်ခြေကို တိုက်ရိုက် မပြုတ်ကျဘဲ ရွှံ့နွံအဖြစ် မပြောင်းသွားတာပဲ ကံကောင်းနေပြီ။ ဆရာလျောင် ပြောတာ မှန်ပေ၏။ သူ့ရဲ့အရိုးတွေ အားလုံး ကျိုးသွားသလို ပျော့ပျောင်းသွားကာ အရိုးတွေ ကျိုးနေတဲ့နေရာကနေ သူ့ခန္ဓာကိုယ်ထဲက သွေးတွေ အမြောက်အမြား ထွက်ကျလာပြီး ကြေးဝါပင်ပေါ်က အကိုင်းအခက်တွေဆီ စီးဆင်းသွားပြီး ပင်စည်အလယ်ရှိ လျှိုမြောင် မျဉ်းကြောင်းတစ်လျှောက် အောက်ဖက်သို့ ဆက်လက် စီးဆင်းသွားလေသည်။
ဆရာလျောင်နဲ့ ဝူရှဲ ဒီဖြစ်စဉ်ကို တချိန်တည်း မြင်လိုက်ပြီး ခဏလောက်အထိ အံ့အားသင့်သွားခဲ့သည်။ ဆရာလျောင်က သူတို့ကို ချက်ချင်း ရပ်ခိုင်းပြီး လျှိုမြောင်ထဲကို ဓာတ်မီးနဲ့ ကြေးပင် အကိုင်းအခက်တွေကို ထိုးကြည့်ပြီး ပြောလာသည်မှာ။
“မင်းတို့နှစ်ယောက်... ဒီကြေးနီပင်ကို ဘာအတွက်သုံးတာလဲ ဆိုတာ ငါခန့်မှန်းမိပြီ ထင်တယ် ”