(15)
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 2)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ချင်လင်နတ်သစ်ပင်


Chapter (15)

အနားယူခြင်း



လောင်းယန် မီးကျည်ကို ပထမမီးတောက်ကြီး ထွက်သွားသည့်နေရာကို ပစ်ခတ်လိုက်ရာ ထိုနေရာကို ထပ်မံလင်းထိန်သွား​စေသည်။ ထိုနေရာသည် အလောင်းများ စုပုံထားခြင်းမရှိဘဲ ပွင့်လင်းသော နေရာဖြစ်တာကို မြင်လိုက်ရသည်။ ၎င်းက ဂူတစ်ခုလုံး၏ အလယ်ဗဟိုတွင်တည်ရှိကာ စတုရန်းမီတာ ၂၀၊ ၃၀ လောက်ရှိတာကြောင့် မီးတောက်တွေကနေ တစ်ဆင့် အလင်းရောင်က ဒီဧရိယာနဲ့ ပတ်သတ်ပြီး ထူးခြားမှု တစ်စုံတစ်ရာ ရှိမရှိ သိနိုင်လောက်အောင် မလုံလောက်ချေ။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ အဲဒီပွင့်လင်းတဲ့ နေရာဟာ အောက်ဖက်မှာ တိမ်မြုပ်နေပြီး တွင်းတစ်ခုလို ဖြစ်နေတာပင်။


လောင်းယန်က ယခုအချိန်တွင် ငြိမ်သက်သွား၍ တွင်းကို လက်ညှိုးထိုးပြပြီး လွန်ခဲ့သော သုံးနှစ်ခန့်က သူတွေ့ခဲ့သော သင်္ချိုင်းတွင်းသည် ဤတွင်းပေါက်နှင့် ဆင်တူသည်ဟု ဆို​လေသည်။ အလယ်တွင် ထိုကဲ့သို့ ပွင့်လင်းသော နေရာလည်း ရှိသည်။ ​အောက်ခြေအထိ ဘယ်လိုမှ ဆက်တူး၍မရသော ကြေးကိုင်းအခက်များက ထိုတွင်းအလယ်၌ တည်ရှိ​နေနိုင်သည်။


မီးတောက်မီးက အလင်းကွယ်သွားပြီး ဂူဟာ အစောကအတိုင်း အမှောင်ပြန်ဖြစ်သွားသည်။ လောင်းယန် နောက်တစ်ကြိမ် ထပ်ပစ်ချင်သော်လည်း ဝူရှဲ သူ့ကို တားလိုက်သည်။ ယခုမြင်တွေ့သင့်တာများကို သူတို့အားလုံးနီးပါး မြင်ပြီးပြီ ဖြစ်သောကြောင့် အရင်းအမြစ်များကို မလိုအပ်ဘဲ ဖြုန်းတီးနေရန် မလိုအပ်ချေ။


လောင်းယန်က သူ့ကို မေးလာသည်။ 


"အခုဘာလုပ်သင့်လဲ? ငါကို ဒုက္ခရောက်နေတာ နေ့တစ်ဝက်လောက် ရှိပြီး နောက်ပြီး ဒီနေရာက မရဏကမ္ဘာလို့ ပြောရရင် အဲဒါက ယဇ်ပူဇော်ဖို့ သုံးတဲ့နေရာ ဖြစ်နိုင်တယ်... ငါတို့ ဆက်ဆင်းကြမလား?"


ဝူရှဲ ခဏလောက်စဉ်းစားပြီး ပြောလိုက်သည်။ 


"သူဌေးလီက ဒီဂူသင်္ချိုင်းထဲမှာ ကောင်းတဲ့အရာတွေ ရှိတယ်လို့ မြစ်ချောင်းတောင်တန်းမှတ်တမ်းထဲမှာ ပြောခဲ့တယ်လို့ ​ပြောတယ်မလား? သူပြောတာ မမှားလောက်ဘူး... ဒီကိုရောက်ဖို့ သံကြိုးနောက်ကို လိုက်ခဲ့ကြတာ လမ်းကလည်း ပြဿနာမရှိဘူး... သူပြောတာမှန်တယ်လို့ ငါထင်ပါတယ်... အောက်ခြေမှာ သံသယ အရှိနိုင်ဆုံးနေရာက အလောင်းတွေကြားက ပွင့်လင်းတဲ့ နေရာပဲလို့ ထင်တယ်... ငါတို့ အဲဒီနေရာကို သွားကြည့်ရအောင်... ဒါပေမဲ့ အလောင်းတွေ စုပုံထားတဲ့ ဒီနေရာက အမြဲတမ်း အဆိုးဆုံးနေရာပဲ... အဲ့တော့ ငါတို့လည်း အခက်ခဲဆုံးအရာတွေကို ရင်ဆိုင်ဖို့ အသင့်ပြင်ထားရမယ်.."


မူလက ရှန်းတုံမှာ ကြုံခဲ့ရတာတွေကို ပြောပြချင်ပေမယ့် ဒီလူနှစ်ယောက်ကို သေတဲ့အထိ ခြောက်လန့်မိသွားတာ ကြောက်ရသည်။ သူတို့နှစ်ယောက် မကြောက်သွားရင်ကို ထူးဆန်း​နေလိမ့်မည်။ ဒါကြောင့် စကားပြောင်းပြီး ပြောလိုက်သည်။ 


လောင်းယန်က လုံးဝ မဆင်းချင်ပေမယ့် သူက ဒီကိုလာဖို့ အကြံပေးတဲ့သူမို့ နောက်ပြန်မဆုတ်နိုင်တော့ဘဲ စိတ်ပျက်လက်ပျက်နဲ့ ခေါင်းညိတ်လိုက်လေ၏။


ဝူရှဲ အစောက မြင်ခဲ့တာ​တွေကို ပြန်စဥ်းစားရသည်။ ပွင့်လင်းတဲ့ နေရာကို ရောက်ဖို့ ချောက်ကမ်းပါးကို ဆင်းပြီး အလောင်းတွေကြားက ဖြတ်သွားရမည်။ မြေပြန့်ကို ရောက်တဲ့အခါ ကျောက်တန်းကနေ မီတာ ၂၀၀ လောက်ပဲ ဝေးတော့သည်။ ပြဿနာက မီတာ ၂၀ မြင့်တဲ့ ချောက်ကမ်းပါးကို ဘယ်လိုတက်ရမလဲ ဆိုတာပါပဲ။ သူတို့မှာ ကြိုးမရှိဘူး။ လက်ဗလာနဲ့ တောင်တက်နိုင်ရင်တောင် ရေရှည်အတွက် ထည့်သွင်းစဉ်းစားဖို့ လိုသေးသည်။ 


နောက်တစ်ခု မေးချင်တာက ဒီနေရာမှာ ဖုတ်ကောင်တွေ ရှိမရှိ ဆိုတာပဲ။ အောက်ဖက်မှာ ကောင်းကောင်း ထိန်းသိမ်းထားတဲ့ အလောင်းတွေ အများကြီး ရှိမနေလောက်ဘူးမလား။ အများစုက ခြောက်သွေ့ နွမ်းနယ်ပြီး အရိုးတွေ ဖြစ်သွားပြီလေ။ ဒါပေမဲ့ အခုနတုန်းက မီးတောက်အောက်မှာ အလောင်းတွေ အများကြီး တွေ့ခဲ့ရသည်။ အလွန်ရက်စက် ကြမ်းကြုတ်သော အသုံးအနှုန်းများဖြင့် ပြောရလျှင်ကင် လူ့အသုံးအနှုန်းများထက် ကျော်လွန်နေပြီ။ ဒါက ဘယ်လိုဖြစ်တာလဲ သူလည်း မသိချေ။ 


တွေးနေရင်းနဲ့ ရုတ်တရက် ပြုတ်ကျတဲ့ အသံတစ်သံကို ကြားလိုက်ရသည်။ နောက်ပြန် လှည့်ကြည့်လိုက်တော့ ဆရာလျောင်က ကျောက်တုံးလှေကားထစ်တွေကို ပြန်ပြေးတက်ဖို့ တိတ်တဆိတ် ကြိုးစားနေတာကို တွေ့လိုက်ရ၏။


လောင်ယန်းက ချက်ချင်း သေနတ်နဲ့ ကိုင်လိုက်ပြီး


"နောက်တစ်လှမ်း ထပ်ဆုတ်ရင် မင်းခြေထောက်တွေကို ပစ်မယ်...ပြီးရင် ချိုးပြီး ဒီကနေ ပစ်ချလိုက်မယ်" 


ဆရာလျောင်က အသံကို ကြားလိုက်သည်နှင့် ထိတ်လန့်စွာ ထွက်ပြေးသွားခဲ့သည်။ လောင်းယန်က ကောင်းကင်သို့ ကျည်တစ်ချက် ပစ်ခတ်လိုက်ရာ ဂူအတွင်း၌ ပြင်းထန်သော သေနတ်သံများ ပဲ့တင်ထပ်သွားသည်။


ဆရာလျောင်က သေနတ်သံကြောင့် ထိတ်လန့်ပြီး ရပ်သွားကာ လှည့်ကြည့်လာ၏။ 


"မပစ်ပါနဲ့ မပစ်ပါနဲ့.... ငါမပြေးတော့ဘူး ဟုတ်ပြီလား?"


လောင်းယန်ကလည်း


"သရဲပဲ မင်းစကားကို ယုံလိမ့်မယ်... ပြန်လာပြီး ကောင်းကောင်းထိုင်နေ မင်းနောက်တစ်ခါ ထွက်ပြေးရင် မင်းကိုငါ အရောက်ပို့ပစ်မယ်"


ဆရာလျောင်သည် စိတ်ပျက်လက်ပျက်ဖြင့် ပြန်လာကာ သူတို့ဘေးတွင် ဒူးထောက်ထိုင်ကာ ဝမ်းနည်းသော မျက်နှာဖြင့် ပြောလာခဲ့သည်။ 


“မင်းတို့ အစ်ကို​လေးနှစ်ယောက်....ငါက ဒီအတိုင်း ပညာတတ်လူတစ်ယောက်သာသာပဲ ရှိတာပါ... အသက်မွေးဝမ်းကြောင်း ပြုဖို့ သူဌေးထိုက်နောက်ကို လိုက်လာခဲ့တာ... ဟိုကွမ်တုံးလေသံနဲ့ တစ်ယောက်လေ... စီရင်ချက် အရ ဆုံးဖြတ်ရင်တောင် ငါကျူးလွန်တဲ့ ပြစ်မှုက သေးငယ်ပါတယ်... မင်းတို့ငါ့ကို လွှတ်ပေးပါလား? မင်းတို့ အခု စီးပွားရေး အကြီးကြီး လုပ်တော့မယ် ဆိုရင်တောင် ငါ့မှာ ​ကြက်လောက်တောင် အားမရှိတော့ဘူး...မင်းတို့နောက် လိုက်ရင် ဝန်ထုပ်ဝန်ပိုး ဖြစ်နေလိမ့်မယ် ခြေထောက်ကလည်း မကောင်းဘူး​လေ... မင်းတို့အတွက် မကောင်းဘူးမလား"


လောင်းယန်သည် ထိုလူက သူ့ကျောပိုးအိတ်သူ လက်ထဲတွင် ကိုင်ထားဆဲ ဖြစ်တာကို မြင်လိုက်ရ၍ ဒေါသတကြီး ဖြစ်သွားကာ ဆရာလျောင်ကို သေနတ်နဲ့ ချိန်လိုက်ပြီး 


"မင်းကို ငါတို့က သိပ်ခေါ်သွားချင်​နေတယ်လို့များ ထင်လား? ငါတို့ကို လွှတ်ပေးစေချင်ရင် ရတယ်လေ... အဲ့အိတ်ကို ချထားခဲ့လိုက်...ပြီးရင် မင်းသွားချင်တဲ့ နေရာတိုင်းကို သွားလို့ရပြီ"


ဆရာလျောင်က အိတ်ကို ရှက်ရွံ့စွာကြည့်ကာ 


"ဒါပေမဲ့ ဒီအိတ်က ငါ့ပိုင်တာလေ... လူကြီးလူကောင်းဆိုတာ...." 


လောင်းယန်က သူ့လက်ထဲက သေနတ်ကို မြှောက်လိုက်ပြီး 


"ငါက လူကြီးလူကောင်း မဟုတ်ဘူး... သားရဲပဲငါ့ကို ကျိုးကြောင်းဆီလျော်တဲ့ ကိစ္စတွေ လာပြောမနေနဲ့..."


ဝူရှဲသည် ဒီဆရာလျောင်က တော်တော် သီလကောင်းတယ်လို့ ထင်မိသည်။ သူသာပြန်သွားပြီး ဦးလေးထိုက်နဲ့ တခြားသူတွေကို တွေ့ရင် မိမ်တို့အား ရန်သူစာရင်းထဲ ထည့်ထားသလိုမျိုး ဖြစ်သွားလိမ့်မယ်။ သူ့ကို​နောက်မှာ ထားခဲ့ရင်လည်း သူက ချက်လက်မှတ်လို ဖြစ်သွားနိုင်တယ်။ ဝူရှဲ လောင်းယန်ကို အချက်ပြကာ ဆရာလျောင်ဘက်သို့ လှည့်၍ ပြောလိုက်သည်။ 


"ကျွန်တော်တို့ လက်ရှိ အခြေအနေကို ရှင်းရှင်းလင်းလင်း မသိရသေးဘူး... ခင်ဗျားကို တစ်ယောက်တည်း ထားခဲ့ပြီး ကိရိယာ အစုံအလင် ပေးထားရင်တောင် အတွေ့အကြုံမရှိဘဲ အပြင်ကို မထွက်နိုင်တော့ဘူး... ဒီလိုလုပ်ကြရင်ရော ကျွန်တော်တို့ အောက်ကို ဆင်းကြည့်ကြမယ် ကောင်းတာတစ်ခုရှိရင် အဘိုးကြီးထိုက် ခင်ဗျားကို ဘယ်လောက်ပေးလဲ ကျွန်တော်တို့လည်း အဲ့လောက်ပေသမယ်... ကျွန်တော်တို့သုံးယောက် အတူတူ လက်တွဲလုပ်ရင် ရှင်သန်ဖို့ အခွင့်အလမ်း ပိုများလာလိမ့်မယ်။ ဒီနေရာက နတ်ဆိုးတွေနဲ့ ပြည့်နေတာ ခင်ဗျားမြင်တယ်မလား? အထီးကျန်​နေတဲ့ သရဲတစ္ဆေနဲ့ တွေ့ရင် မင်းကို ဘယ်သူမှ မကယ်နိုင်ဘူး"


လောင်းယန်ကလည်း ချက်ချင်းဆိုသလို ဝင်ထောက်လေ၏။ 


“မသွားချင်ရင် ရပါတယ်... ဒါပေမဲ့ ချန်ထားခဲ့ဖို့ လိုအပ်တာတွေ အားလုံးကို ချန်ထားခဲ့ရမယ်... အဝတ်အစားတွေလည်း အကုန် ချွတ်ခဲ့…”


သူ့ပစ္စည်းတွေ အကုန် ထားခဲ့ရမယ်လို့ ပြောတာကို ကြားတော့ တုန်လှုပ်နေတဲ့ အကြည့်ကို ချက်ချင်း ပြလိုက်သည်။ လောင်းယန်ရဲ့ ခြိမ်းခြောက်မှုကို သူက ချက်ချင်း ပြန်တုံ့ပြန်လေ၏။ 


“မ မလုပ်ပါနဲ့... ကျုပ်တို့ ဆွေးနွေးစရာတွေ ရှိတာကို ကောင်းကောင်း ဆွေးနွေးကြတာပေါ့... နှစ်ယောက်သားက ဒီလို တွေးနေပြီ ဆိုတော့လည်း ကျုပ်ငြင်းဖို့ အဆင်မပြေဘူးလေ တကယ်တော့ ခင်ဗျားတို့နှစ်ယောက်ရဲ့ အသိပညာနဲ့ အတွေ့အကြုံ အရတော့ တကယ့်ကို ပြီးပြည့်စုံတဲ့ တိုက်ဆိုင်မှုပါပဲ”


ဒီလူက ခြိမ်းခြောက်စကားကြောင့် သူ့စိတ်တွေ မြန်မြန် ပြောင်းသွားတယ်လို့ မြင်လိုက်တာနဲ့ ဝူရှဲ စိတ်ထဲမှာ ရယ်ချင်သလို​တောင် ဖြစ်သွားသည်။ အဘိုးပြောတာ မှန်တယ်။ လူတွေရဲ့ စိတ်နှလုံးက မကောင်းတတ်ဘူး၊ ဒီကမ္ဘာမှာ တကယ်ပဲ လူအမျိုးမျိုး ရှိနေတာပဲ။


သူတို့ ဆရာလျောင်ရဲ့ လွယ်အိတ်ထဲက အရာတွေကို ထုတ်ယူကာ ကြိုးနဲ့ မီးထွန်းစရာ ကိရိယာတွေလို အသုံးပြုလို့ ရနိုင်တဲ့ အရာမှန်သမျှကို ရှာဖွေနေတော့သည်။ ဒါပေမဲ့ သူ့အိတ်ထဲမှာတော့ အစားအစာနဲ့ အဝတ်အစားတွေ အဓိကပါဝင်နေ၏။ ဆရာလျောင်က သူတို့ရဲ့ အရေးကြီးပစ္စည်းတွေကို ဦးလေးထိုက်နဲ့ အာ့မာကျစ်တို့ နှစ်ယောက်က ယူသွားတယ်လို့ ပြောပြသည်။ ကျောရိုးတွေဖြစ်တဲ့ ဦးလေးထိုက်နဲ့ အာ့မာကျစ်တို့ဟာ လမ်းခွဲသွားတဲ့အပြင် အကူအညီတောင်းဖို့ အတွက် သူ့ရဲ့မီးတောက်သေနတ်ကိုလည်း အသုံးပြုခဲ့ပြီးပြီ။ 


ကြိုးမရှိရင် ချောက်ကမ်းပါးကို ဆင်းတဲ့အခါ တောက်တဲ့လို တွယ်တက်တတ်ဖို့က သေချာပေါက် သင်ယူရပါလိမ့်မယ်။ ဒီနေရာက မတ်စောက်လို့ တောင်တက်ဖို့ သင့်တော်သလားတော့ မသိပေ။ ဝူရှဲ အအေးမီးရှူးမီးပန်းလေး တစ်ပွင့်ကို ကောက်ကိုင်ပြီး ချောက်ကမ်းပါးပေါ်က ပစ်ချလိုက်သည်။ တောက်လျှောက် မီးညှိပြီး နေစရာနေရာတွေ အများကြီး ရှိနေတာကို တွေ့လိုက်ရ၏။ ကြာရှည်ခံတဲ့ မီးပန်းကိရိယာရှိရင် ဆင်းသွားဖို့က သိပ်ခက်မှာတော့ မဟုတ်ပေ။ 


အပြင်မှာ ည 11 နာရီလောက် ရှိနေပြီ။ ဒီလမ်းတစ်လျှောက်မှာ သူတို့ တောက်လျှောက် မရပ်ခဲ့ဘူး။ ဒီည​တော့ မဆင်းသေးဘဲ ကောင်းကောင်း အနားယူပြီး ဒဏ်ရာတွေကို ဂရုစိုက်ရမယ်။ ထပ်မဆင်းတော့ဘဲ မနက်ဖြန်အထိ စောင့်ရမယ်။ မဟုတ်ရင် ပင်ပန်းနွမ်းနယ်နေတဲ့ တွင်းထဲမှာပဲ အသက်က ကုန်ဆုံးသွားလိမ့်မယ်လေ။ အတွင်းထဲမှာ တစ်ခုခုဖြစ်သွားရင် လုံးဝ ကိစ္စတုံးသွားပြီ။


ဦးလေးထိုက် နဲ့ ကွမ်တုံးလူမျိုးတွေ အခု အသက်ရှင်နေသေးလား သေသလား မသိရချေ။ သူတို့လက်ထဲမှာ သေနတ်နှစ်လက် ကျန်နေသေးလို့ အတူတူ ပေါင်းလိုက်မယ်ဆိုရင် နောက်ထပ် ပြင်းထန်တဲ့ ရန်ပွဲတစ်ခု မလွဲမသွေ ကြုံလာရဦးမှာပဲ။ သတိထားဖို့ လိုသေးသည်။


မူလက ဆရာလျောင်ကို မေးချင်ပေမယ့် အခုကမေးဖို့ မသင့်တော်ဘူးလို့ ထင်ခဲ့သည်။ သူတို့ရဲ့ ဆက်ဆံရေးက အခု အရမ်းတင်းမာနေတော့ သူပြောပြချင်စိတ် မရှိ​လောက်ဘူး။ အဲဒီလူ စိတ်အေးလက်အေး ရှိမှပဲ သူဆီက အမှန်အတိုင်း ပြောလာတဲ့ စကားတွေ ကြားနိုင်လောက်သည်။ 


ဝူရှဲ သူထင်တာကို လောင်းယန်ကို ပြောပြပြီး လောင်းယန်က ခေါင်းညိတ်သဘောတူပေမယ့် သူက 


"ဒီမှာ အရမ်းဆိုးတယ်... အဲဒီမှာဆို အလောင်းတွေ အများကြီးရှိတယ် ငါတို့ ယဇ်ပလ္လင်နားမှာ အနားယူရင် ပိုကောင်းမယ်" 


ဝူရှဲလည်း အဲဒီလိုတွေးကြည့်တော့ ဟုတ်နေသည်။ သို့နှင့် ကျောက်လှေကားထစ်တွေကို ပြန်တက်ပြီး ယဇ်ပလ္လင်ဆီ ပြန်သွားလိုက်သည်။


လောင်းယန်က မီးသွေးမီးကို ထပ်မံ ထွန်းညှိကာ ဗူးအခွံတစ်ဘူးကို ထုတ်၍ ရေအနည်းငယ်ကျိုရန် မီးပေါ်တင်လိုက်သည်။ အစာခြောက်တချို့ကို စိမ်ကာ သီးခြားစားသောက်ကြသည်။ ဗိုက်ပြည့်သွားပြီးနောက် သွေးတွင်းသကြားဓာတ် တိုးစေရန် ချောကလက် တချို့ကိုလည်း စားလိုက်ကြသည်။


လောင်းယန်မှာ စားပြီးနောက် အဆင်မပြေတော့ဘဲ အရမ်းအိပ်ငိုက်လာသည်။ ဝူရှဲလည်း သူ မီးကြည့်နေမယ်ဆိုပြီး လောင်းယန်ကို ခဏလောက် အိပ်ခိုင်းလိုက်သည်။ လောင်းယန်က တောရိုင်းတိရိစ္ဆာန်တွေ ဒီမှာမရှိဘူး၊ သိပ်စိတ်ပူနေစရာ မလိုဘူးဟု ဆို၏။ သို့နှင့် ဝူရှဲ့လည်း တိုးတိုးတိတ်တိတ်ဖြင့် ဆရာလျောင်ကို စောင့်ကြည့်ဖို့၊ ထိုသူက သူရဲဘောကြောင်တဲ့ ပုံစံနဲ့ သူ့မျက်နှာကို ပိုပြီး တိတ်တဆိတ် ဖုံးကွယ်ထားတတ်တယ်လို့ ပြောလိုက်သည်။


လောင်းယန်က "မင်းစိတ်ပူ​နေရင် ငါသူ့ကို သတိလစ်သွား​အောင် ရိုက်လိုက်ရမလား"


လူမိုက်တစ်ယောက်ယောက်ကို ခေါက်မိရင် ဒုက္ခရောက်လိမ့်မယ်ထင်ပြီး ဝူရှဲ့ သူ့လက်ကို အမြန် ဝှေ့ယမ်းလိုက်သည်။


လောင်းယန်ပ တစ်ယောက်တည်း အိပ်ပျော်သွားပြီ။ ဝူရှဲ အဝတ်အိတ်အတွင်းက ဝှက်ထားတဲ့ အိမ်လုပ်​သေနတ်​ကို ထုတ်ယူကာ လုံခြုံရေးအဖုံးကိုဖွင့်ပြီး ခါးပတ်ထဲကို ထည့်ထားလိုက်သည်။ ပြီးတော့ ရေဗူးကို ကျိုပြီး ဒဏ်ရာတွေကို သုတ်လိုက်သည်။ ရေတံခွန်က ရေပူတွေကြောင့် သူ့လက်တွေ ပြင်းပြင်းထန်ထန် မီးလောင်သွားခဲ့၏။ ကောင်းကောင်း မကိုင်တွယ်ရင် ရောဂါပိုး ကူးစက်သွားမှာ သေချာသည်။ 


ဒါတွေ အားလုံးကို ဂရုစိုက်ပြီးသွားတော့ လောင်းယန်ကို နှိုးလိုက်ပြီးမှ သူကတစ်လှည့် အိပ်လိုက်တော့ အရမ်းကို သက်တောင့်သက်သာ မဖြစ်စွာနဲ့ အိပ်ပျော်သွားပါ၏။ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲတဲ့ ဒဏ်ရာတွေက ယားယံပြီး နာကျင်နေတာ တွေ့လိုက်ရသည်။ သူနိုးလာတော့ ငယ်ငယ်တုန်းက နှာခေါင်းပိတ်လို့ မသက်မသာ ဖြစ်သလို ခံစားလာရ၏။ သူစုစုပေါင်း ၅ နာရီလောက်တော့ အိပ်ပျော်သွားခဲ့သည်။ 


လောင်းယန်က မျက်နှာကို ဆေးဖို့ ရေနွေးကျိုထားတော့ နည်းနည်း သက်သာသွားသလို ခံစားလာရသည်။ မနက်စာစားပြီးတဲ့ အခါမှာတော့ ဆရာလျောင်ရဲ့ အမူအရာက မနေ့ကလောက် သတိမထားနေတော့တာကို တွေ့လိုက်ရတော့ ဝူရှဲလည်း ဦးလေးထိုက်တို့ လူတွေရဲ့ မူလဇစ်မြစ်နဲ့ ပတ်သက်ပြီး သွယ်ဝိုက်တဲ့ မေးခွန်းတချို့ မေးလိုက်သည်။ 


ဆရာလျောင်က ဝူရှဲတို့နာမည်တွေကို သိထားပြီးသားပင်။ သူက ဝူရှဲကိုကြည့်ပြီး ဝူရှဲဆိုလိုတာကို ကြားတော့ မျက်လုံးပြူးလျက်။ 


"အစ်ကိုလေးဝူ... ငါတို့က အဖွဲ့ဖြစ်နေပြီဆိုတော့ မင်းကို ငါမဖုံးကွယ်တော့ပါဘူး.... လာတုန်းက ငါတို့လူက ငါးယောက်ပဲ... အဲဒီအထဲမှာ ဦးလေးထိုက်နဲ့ အာ့မာကျစ်ကပဲ ဒီကိစ္စကို အဓိကကိုင်တွယ်ကြတာ... ငါက သူဌေးလီ၊ သူဌေးဝမ်တို့နဲ့ လိုက်လာခဲ့တာ... ပထမက လတ်ဆတ်တဲ့ ထုတ်ကုန်တွေကို ဘယ်လို တူးဖော်တွေ့ရှိခဲ့တာလဲဆိုတာ သိချင်လို့ ဒုတိယအနေနဲ့က သူဌေးနှစ်ယောက်က အုတ်ဂူထဲက တန်ဖိုးအရှိဆုံး အရာတွေကို အရင်ရွေးခွင့်ပေးမယ်လို့ ပြောခဲ့တာ အဲဒါကြောင့် ရိုးရိုးသားသား ပြောရရင် ငါက တကယ်ကို မတရားခံရတဲ့ ဇာတ်ကောင်တစ်ယောက်ပါကွာ"


လောင်းယန်က သူပြောတာကို ကြားတော့ ထမေးလိုက်သည်။ 


"ထူးဆန်းတယ်... အခုနတုန်းက မင်းတို့ လေးယောက်ပါ ငါးယောက်မြောက်လူက ဘယ်သူလဲ?" 


ဆရာလျောင်က


"မင်းပြောနေတဲ့လူက သူဌေးလီပဲ... မိုင်းတွင်းကနေ ငါတို့ဆင်းလာတဲ့တော့ သူက မျက်နှာသစ်ဖို့ ဗွက်အိုင်တစ်ခုဆီ သွားခဲ့တယ်လေ... ငါတို့ သူ့ကို တွေ့တဲ့အချိန်မှာ ရေထဲမှာ တစ်ခုခုက သူ့ခေါင်းကို ကိုက်ပစ်လိုက်လို့ ပါသွားပြီ……"


ဝူရှဲနဲ့ လောင်းယန်မှာ ထမင်းစားနေတာကြောင့် သူ့စကား ပြောတာကို ရပ်ခိုင်းလိုက်ရသည်။ အဲဒီနောက်ပိုင်းကိစ္စကို သူတို့ သိပြီးပြီလေ။ ထပ်ပြောပြနေရင် သူတို့စားမဝင်ဘဲ နေတော့မည်။ 


သူကတော့ ဇာတ်လမ်းတစ်ခုလုံးကို ပြောပြဖို့ စီစဉ်နေပုံရတယ်။ ဒီလူက လက်ရှိကိစ္စတွေကို ကောင်းကောင်း သိနိုင်တယ်လို့ ကိုယ့်ဘာသာ တွေးမိပြီး သူ့သူဌေးနှစ်ယောက်ရဲ့ နောက်ခံအကြောင်းတွေကို မေးဖို့ အခွင့်အရေး ယူလိုက်လေသည်။ 


ဆရာလျောင်က မတ်တပ်ထရပ်ပြီး 


"သူဌေးနှစ်ယောက်ရဲ့ နောက်ခံအကြောင်း ပြောရရင်...မပြောချင်တာက ငါမသိလို့ မဟုတ်ဘူး... ဒါပေမဲ့ ငါပြောလိုက်ရင် မင်းတို့ ကြောက်လိမ့်မယ်.... သူတို့က သာမန် ရှေးဟောင်းပစ္စည်း ကုန်သည်တွေ မဟုတ်ဘူး...မင်းတို့ကို အသေးစိတ် ရှင်းပြမယ်....."