(12)
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 2)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ချင်လင်နတ်သစ်ပင်


Chapter (12)

မြေအောက်မြစ်



ရုတ်​တရက်​ သူ့တစ်​ကိုယ်​လုံးကို တုန်​ယင်​​သွား​စေတဲ့ ခံစားချက်​ကို ရလိုက်​ရပြီး လက်​ကို အရူးလို ပြန်​ဆွဲထုတ်​ချင်​လာသည်။ သို့သော် ထိုညှိုးနွမ်းနေတဲ့လက်က အရမ်းသန်မာတဲ့ အတွက် မလွတ်နိုင်ဘဲ ခေါင်းတလားထဲကို တန်းတန်းမတ်မတ် ဆွဲခေါ်သွားတာ ခံလိုက်ရလေ၏။ 


ဝူရှဲအရမ်း ထိတ်လန့်သွားသလို စိတ်တွေလည်း လွတ်ထွက်လုနီးပါး ဖြစ်သွားသည်။ သူက အိမ်လုပ်သေနတ်ကို လှမ်းဆွဲကာ ထိုလက်ကို ရိုက်ပစ်လိုက်ချင်သည်။ ဒါပေမဲ့ ပန်းတိုင်မရောက်ခင်မှာ ရုတ်တရက် ရုန်းရင်းဆန်ခတ် ဖြစ်သွားပြီး သေနတ်ကိုင်ထားတဲ့ သူ့လက်ကို ရုတ်တရက် တစ်ဖက်ကလက်က လိမ်သွားသည်။


အဲဒီအချိန်မှာ လက်က ဘာလို့ဒီလောက် အားသန်ပြီး လိမ်နေမှန်း မသိပေမယ့် ဝူရှဲ ရုန်းကန်ရင်းနဲ့ အလောင်းရဲ့လက်ကို ဖယ်ထုတ်လိုက်ပြီး ခေါင်းတလားကို အားကုန် ကန်ချလိုက်သည်။ တစ်ဆက်တည်း သူကိုယ်တိုင်လည်း အနောက်ကို လွင့်ကျသွားသည်။


မြေပြင်ပေါ် နှစ်ကြိမ်ခန့် လူးလဲပြီးတဲ့အခါ တိုက်ခိုက်သူဟာ လူတစ်ယောက်ပဲ ဆိုတာကို ရိပ်မိလိုက်သည်။ ဒါကြောင့် ရုတ်တရက် ရဲရင့်လာကာ ဝူရှဲ လှည့်ပြီး လက်ကို ဝှေ့ယမ်းကာ သေနတ်နဲ့ ပစ်တော့မလို့ ပြင်လိုက်သည်။


အရှေ့က ဘယ်သူလဲဆိုတာ ရှင်းရှင်းလင်းလင်း မမြင်ရခင်မှာပဲ ပေါက်ကွဲသံကြီးနဲ့ လေပြင်းတိုက်ခတ်သံကို ကြားလိုက်ရ​ပြီး ခေါင်းအနောက်ကို ခပ်ပြင်းပြင်း ရိုက်ခတ်လိုက်သံကိုပါ ကြားလိုက်ရသည်။ သူ့မျက်လုံးတွေ မည်း​မှောင်လာပြီး အမြင်တွေ ဝေဝါးသွားလေ၏။ 


အဲဒီအချိန်မှာ အနည်းဆုံး လူနှစ်ယောက်က သူ့လက်ကို ကိုင်မြှောက်ပြီး ခေါင်းတလားဘက်ကို တွန်းချလိုက်တော့သည်။ ဝူရှဲ ပြန်ကြည့်လိုက်တော့ လောင်းယန်လည်း ချုပ်နှောင်ခံထားရကာ မြေကြီးပေါ်မှာ ဖိချခံထားရတာ မြင်လိုက်ရသည်။ 


ဝူရှဲမှာ သူ့နောက်ကလူက သူ့​လက်ကို ခါးပတ်နဲ့ချည်ပြီး မြေပြင်ပေါ် တွန်းချလိုက်ကာ သူ့ခေါင်းပေါ်ကို သေနတ်နဲ့ ချိန်ထားလိုက်သည်။ အဲဒီအခါကျမှပဲ သူတို့ရဲ့ အသွင်အပြင်ကို မြင်လိုက်ရသည်။ တကယ်တော့ ဒီလူတွေက ရှီးအန်းက လမ်းဘေးထမင်းဆိုင်မှာ တွေ့ခဲ့တဲ့ လူတွေ ဖြစ်နေသည်။ 


ဒီလူတွေက ဘာလို့ ဒီကိုရောက်နေတာလဲ?


ဝူရှဲ အလွန်အမင်း အံ့သြသွားသည်။ ၎င်းတို့က သူတို့ကို အာရုံစိုက်ပြီး သူတို့နောက်ကနေ လိုက်လာခဲ့နိုင်တယ်ဆိုလို့ လောင်းယန် ပြောခဲ့တာက တကယ်များ ဖြစ်နေတာလား။ 


ခုတော့ ကြောက်စရာ ကောင်းနေပြီ။ ဒါတွေက စိတ်ပျက်စရာ ကောင်းတဲ့ လူတွေပဲ။ သူတို့လက်ထဲကို ရောက်သွားရင် အရမ်းအန္တရာယ်များလိမ့်မယ်။ ဒီနေရာက လူတွေကို သတ်ဖို့ အကောင်းဆုံး နေရာပဲလေ။ ရုပ်အလောင်းတွေကို နှစ်ရာနဲ့ချီပြီး ဘယ်သူမှ ရှာမတွေ့နိုင်တော့ဘူး။


အဲဒီလူတွေက သူတို့ကို ကြိုးချည်ပြီးရင် ဘေးဖယ်ထားကြသည်။ သူတို့ကို တိုက်ခိုက်ဖို့ မလာသလို လာလည်း မသတ်ပေ။ ဝူရှဲနဲ့ လောင်းယန်က တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း ခေါင်းတလားဘက်ကို ကြည့်လိုက်တော့ ခေါင်းတလား အပြင်ဘက်မှာ ညှိုးနွမ်းနေတဲ့ လက်မောင်းက တွဲလောင်း ကျနေသေးတာကို တွေ့လိုက်ရ၏။ 


"ငါတို့ကိုလွှတ်!... အဲဒီခေါင်းတလားထဲမှာ ဖုတ်ကောင်ရှိနေတာ မမြင်ဘူးလား? ထွက်လာရင် အကုန်လုံး ဖုတ်ကောင်အဆိပ် မိကုန်လိမ့်မယ် "


လူအနည်းငယ်က ထိုစကားကို ကြားသောအခါ အံ့အားသင့်သွားပြီး ရယ်မောလိုက်ကြသည်။


"ဘယ်မှာလဲ ဖုတ်ကောင်!! သေချာကြည့်စမ်းပါဦး...."


သူပြောသည့်အတိုင်း ခေါင်းတလားအဖုံးကို တွန်းထုတ်လိုက်သည်။ ဝူရှဲနဲ့ လောင်းယန်တို့ အော်ဟစ်နေတဲ့ ကြားထဲက အခေါင်းအဖုံးဟာ ပေါက်ကွဲသံကြီးဖြင့် တွန်းဖယ်ခံလိုက်ရ​သည်။ ထို့နောက် ပိန်လှီသော လယ်သမားမျက်နှာနှင့် အဖိုးအိုတစ်ဦး အခေါင်းပေါ်မှ ထထိုင်လာသည်။


ကြည့်လိုက်တော့ နှစ်ယောက်သား ဆွံ့အသွားရှာ၏။ အဲဒါက ဦးလေးထိုက်ကြီး မဟုတ်ဘူးလား။ သူကဘာလို့ အခေါင်းထဲမှာ ထိုင်နေတာလဲ? ရုတ်တရက် ထိုအရာကို ချက်ချင်း သဘောပေါက်သွားတဲ့ ဝူရှဲဟာ စိတ်ထဲကနေ သူ့ပါးစပ်နဲ့ ပါးကို တစ်ချက်လောက် ရိုက်ပစ်လိုက်တော့သည်။ 


ဦးလေးထိုက်က မတ်တပ်ထရပ်ပြီး လူသေလို ဖြူဖွေးနေတဲ့ သရဲတစ္ဆေလက်ကို ထုတ်လိုက်သည်။ ခြောက်သွေ့ပြီး လိမ်တွန့်နေတဲ့ အရေးအကြောင်းတွေနဲ့ ဖုံးထားတဲ့လက်ကို အင်္ကျီလက်အောက် ထည့်ရင်း ခေါင်းတလားထဲက ထွက်ကာ ဝူရှဲတို့ဆီ ရောက်လာခဲ့၏။ 


ဝူရှဲ သူ့လက်တွေကို ကြည့်လိုက်တော့ လက်သည်းတွေက အဝါရောင်ဖြစ်နေကာ ရှည်ပြီး ထက်ရှသည်။ ငယ်ငယ်တုန်းက အဘိုးရဲ့ သူငယ်ချင်း တစ်ယောက်လည်း အဲဒီလို ဖြစ်ဖူးတာကို ရုတ်တရက် သတိရသွားသည်။ ဒီလူရဲ့ ခြေဖဝါးတွေက ဖုတ်ကောင်ဆီက ကုတ်မိပြီး ဆယ်ရက်ကျော်ကြာတဲ့အထိ အဖုတွေ ထွက်လာပြီး မပျောက်သွားခဲ့ပေ။ ထိုအချိန်မှစ၍ ခြေဖဝါးအရေပြားများ လျော့ပါးလာ၍ ထုံကျင်လာကြောင်း ပြောပြဖူးကာ ဦးလေးထိုက်ရဲ့ လက်နှင့် တစ်ထပ်တည်း တူ​လေသည်။


ဦးလေးထိုက်ရဲ့ လက်တွေကလည်း ဖုတ်ကောင်တီက ခြစ်မိတာ ဖြစ်ရတာလို့ ကိုယ့်ဘာသာ တွေးရင်း အခုမှ မစဉ်းစားမိတဲ့အတွက် နောင်တရမိသည်။ အခုနကသာ သိခဲ့ရင် သူကြောက်လန့်နေမှာ မဟုတ်သလို လွယ်လွယ်နဲ့လည်း အဖမ်းခံရမှာ မဟုတ်ပေ။ 


ဦးလေးထိုက်က သူတို့ဘက်ကို ခဏခဏ ကြည့်ပြီး ဘာမှပြန်မပြောဘဲ စီးကရက်တစ်လိပ်ကိုသာ မီးညှိ၍ သူ့ပတ်ဝန်းကျင်က လူတချို့ကို သူတို့ရဲ့ ဒေသိယစကားနဲ့ စကားနည်းနည်း ပြောလိုက်သည်။


သူတို့က မကောင်းတာ လုပ်တော့မယ်လို့ ထင်ခဲ့တာဆိုတော့ သတိမထားဘဲလည်း မနေနိုင်တော့ပေ။ ဦးလေးထိုက်က ပြည်မကြီး ဘာသာပြောင်းပြီး တစ်စုံတစ်ယောက်အား ပြောလိုက်သည်။ 


"သူဌေးဝမ်...သူဌေးလီ အဲဒီတုန်းက ပြောခဲ့တဲ့ အတင်းအဖျင်း တည်နေရာအတိုင်းဆို ဒီနေရာက ဂူဗိမာန်ရဲ့ မြောင်းပေါက်က ဝင်ပေါက်ပဲ ဖြစ်ရမှာ.. ဒါပေမဲ့ ဒီမှာက ဘာမှမရှိဘူး... ဒါက ဘယ်လိုဖြစ်တာလဲ?"


ခပ်ပိန်ပိန် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ခက်ခက်ခဲခဲ ထိုင်ချ၍ စာအုပ်တစ်အုပ်ကိုထုတ်ကာ ကြည့်လိုက်သည်။ 


"မမှားနိုင်ပါဘူး... ဒီနေရာပဲ... အဲဒီတုန်းက အုတ်ဂူကို အလုံပိတ်တဲ့အချိန်တုန်းက ဝင်ပေါက်ကို ဒီမှာပဲ ဝှက်ထားရမယ်... အဲဒါက လျှို့ဝှက်တံခါးပဲ...သေချာပေါက် ဒီအခန်းထဲမှာပဲ ရှိနေလိမ့်မယ်"


ဦးလေးထိုက်က ဟိုဟိုဒီဒီကြည့်ရင်း တခြားလူကို လှည့်မေးလိုက်သည်။ 


"ဆရာကြီးလျောင် မင်းက ဒီအပိုင်းကို လေ့လာထားဖူးတယ် ဆိုတော့ မင်းဘယ်လိုထင်လဲ?"


အဲဒီလူက အမှောင်ထဲမှာ ပုန်းနေတာကြောင့် ဝူရှဲ သူ့အသွင်အပြင်ကို သေသေချာချာ မမြင်ရချေ။


"သူဌေးလီရဲ့ မြေပုံကို ငါမြင်ဖူးတယ်" 


ပြောနေတဲ့ အသံအရ လူငယ်လေး တစ်ယောက်ရဲ့ အရိပ်အယောင်ကို ကြားလိုက်ရသည်။ 


"မှန်သင့်သလောက် မှန်ပါတယ်... ပေါ့ပေါ့ပါးပါးပဲ ကြည့်လိုက်ရင်တော့ လျှို့ဝှက်တံခါး ရှိရင် ရှိချင်မှရှိမယ်... တခြားဘယ်မှာမှ ရှာမတွေ့ဘူး ဆိုရင်တော့ ဒီခေါင်းတလားအောက်က ခေါင်းတလား ကုတင်ပေါ်မှာ ရှိရမယ်"


လူငယ်က ခေါင်းငုံ့ကာ ​ခေါင်းတလားအောက်ကို အပြူးသား ကြည့်ရင်း သေနတ်လက်ကိုင်ဖြင့် ခေါက်လိုက်ပြီး 


“ဘယ်လိုဖွင့်တာလဲ?” 


ဆရာကြီးလျောင်က ခဏလောက်စဉ်းစားပြီး ခေါင်းယမ်းလိုက်သည်။ 


"မသိဘူး အဲဒါကို တွန်းဖယ်ပြီး ကြည့်ကြည့်လိုက်ရအောင်"


ဦးလေးထိုက်က မတ်တပ်ထရပ်ပြီး လူငယ်လေးဆီကို လျှောက်သွားလိုက်သည်။ လူနှစ်ယောက်က ခေါင်းတလားကို ပုခုံးချင်းဆန့်ကာ တွန်းထုတ်လိုက်သည်နှင့် ကလစ်တစ်ချက် နှိပ်လိုက်ရုံဖြင့် အခေါင်းသည် အနည်းငယ် ရွေ့သွားကာ အောက်ဘက်ရှိ ခေါင်းတလား ကုတင်ပေါ်တွင် အနက်ရောင် ကွက်လပ်တစ်ခု ပေါ်လာ၏။


တခြားလူများကလည်း ကူညီရန် ရှေ့တိုးလာကြသည်။ လူအနည်းငယ်က အားကုန်သုံးကာ တွန်းထုတ်လိုက်ကြပြီး မူလကလွတ်နေသော ခေါင်းတလားသည် တစ်ဝက်တစ်ပျက် လျှောဆင်းသွားကာ သူတို့ရှေ့တွင် တစ်မီတာခန့်ကျယ်သော ဝင်ပေါက်တစ်ခု ပေါ်လာသည်။


ဝူရှဲ လည်ပင်းကို ဆန့်တန်းပြီး ကြည့်လိုက်တော့ အထဲမှာ မှောင်မဲနေပြီး သေချာမမြင်ရပေ။ မတ်စောက်တဲ့ ကျောက်တုံးကြီးတစ်ခု လျှောဆင်းသွားသလိုပင်။ အောက်နားက ထွက်လာတဲ့ ထူးဆန်းတဲ့ အနံ့ကိုလည်း ရလိုက်သည်။ နည်းနည်းတော့ ရင်းနှီးပေမယ့် အဲဒါက ဘာလဲဆိုတာတော့ သူ မမှတ်မိတော့ချေ။ 


လူငယ်လေးက ဓာတ်မီးနဲ့ထိုးကာ ဆင်းချင်ပေမယ့် ဦးလေးထိုက်က သူ့ကို တားလိုက်သည်။ သူက ဝူရှဲဘက်ကို မေးစေ့ဖြင့် ညွှန်ပြပြီး ဒေသန္တရဘာသာစကားနဲ့ တစ်ခုခု ပြောလိုက်သည်။ လူငယ်က ခေါင်းညိတ်ပြပြီး ဝူရှဲကို အပေါက်အစွန်းနားအထိ ဆွဲချလာကာ လက်ခြေတွေကို ကြိုးဖြေပေးလိုက်သည်။ ထို့နောက် ဝူရှဲ ခေါင်းကို သေနတ်နဲ့ချိန်ပြီး တွင်းထဲ ဆင်းခိုင်းတော့သည်။


ဒါကို ကြည့်လိုက်တော့ ၎င်းတို့အ​စောက ဘာလို့ သူတို့ကို မသတ်လဲ ဆိုတာ အခုမှ သဘောပေါက်သွားတော့သည်။ သူတို့ ဒီ​​​နေရာမှာ လျှို့ဝှက်လမ်းကို ရှာမတွေ့သေးသလို တွေ့ရင်လည်း မသွားဖူးတာကြောင့် ထောင်ချောက်တွေ ရှိ​နေမှာကို ကြောက်​နေသည်။ ဒါကြောင့် သူ့ကို လမ်းရှင်းစေချင်နေတာပင်။ ဝူရှဲ ရုတ်တရက် လောင်းယန်သူ့ကို တောင်းဆိုတဲ့အခါတုန်းက ဒီခရီးက ခရီးသွားသလို ဖြစ်သွားမှာပါလို့ ပြောခဲ့တာကို သတိရမိပြီး ချက်ချင်းပဲ နောင်တရမိလာသည်။ စိတ်ထဲကနေလည်း သူပြောတာကို ဘာကြောင့် နားထောင်ခဲ့မိတာလဲဆိုတာ တွေးမိလာ၏။ အခုတော့ ကောင်းရော အောက်က မှောင်မည်းနေတဲ့ လှေကားထစ်ထဲဝင်​ပြီး သေရတော့မယ်။ 


ဝူရှဲ သူတို့ကို ပြန်တိုက်ဖို့ လက်ကို ရွှေ့လိုက်ပေမယ့် သေနတ်က အလုပ်လုပ် မြန်တာကြောင့် သူတို့ကိုမတိုက်ရခင် သေရလိမ့်မယ်။ လျှို့ဝှက်လမ်းကြောင်းမှာ ထောင်ချောက် မရှိရင်တော့ သူ့အတွက် အခွင့်အရေးတွေ အများကြီး ရှိလာလိမ့်မယ်။ ထပ်သွားပြီးမှ ရှိနေရင်တော့ သူတို့ကို ပြန်တိုက်ခိုက်ဖို့ မျှော်လင့်ချက်တွေ တလက်လက်တောက်ပနေသေးတာ ဖြစ်နိုင်သည်။ အဲဒီအချိန်မှာ လောင်းယန်က သူ့ကို မှိတ်ပြလာပြီး တိုးတိုးလေး ပြောလာသည်။ 


"ရပါတယ်... ဆင်းသွားလိုက်" 


သူမလာဖူးဘဲနဲ့ ဘာမှမဖြစ်ဘူးလို့ ဘယ်လိုသိလဲလို့ တွေးနေမိသည်။ ဒါပေမဲ့ သူ့အမူအယာကို ကြည့်လိုက်တော့ သူ့မှာ အကြံအစည် ရှိပုံရတာကို ရိပ်မိလိုက်သည်။ သူ့အကြံအစည်က ဘာလဲဆိုတာ ရှင်းမပြနိုင်လောက်အောင် ကြိုးချည် ခံထားရတာကြောင့် ဝူရှဲလည်း ဓာတ်မီးကို လက်နှစ်ဖက်နဲ့ ကိုင်ထားပြီး ခြေဖဝါးနဲ့ ကြမ်းပြင်ကို ဂရုတစိုက် အရင်စူးစမ်းကြည့်လိုက်သည်။ 


ထို့နောက် အသက်ပြင်းပြင်းရှူပြီး ဓာတ်မီးထိုးကြည့်လိုက်တဲ့အခါ ဖြောင့်တန်းလုနီးပါး လျှောက်လမ်းမဟာ အောက်ခြေကို မမြင်နိုင်လောက်အောင် နက်ရှိုင်းနေတာကို တွေ့လိုက်ရသည်။ အကြောင်းတစ်ခုခုကြောင့် စိမ်းစိုနေတဲ့ ကျောက်နံရံတွေက အရမ်းစိုစွတ်နေပြီး လက်တွေနဲ့ ဖိမိလိုက်တဲ့အခါ နည်းနည်းတောင် ချော်သွားသည်။ သို့သော် အောက်ခြေမှာ ရေမရှိရာ ဒီအစိုဓာတ်က ဘယ်ကလာလဲ ဆိုတာ စဥ်းစားစရာ ဖြစ်လာသည်။ 


အဲဒါကို တွေးကြည့်နေတုန်း ဦးလေးထိုက်က ခေါင်းညိတ်ပြီး ဝီစီလေး ပေးရင်း 


“မင်း အောက်ခြေကို ရောက်ရင် မှုတ်လိုက်... နာရီဝက်လောက် ကြာတဲ့အထိ မင်းဆီက အသံမကြားရရင် မင်းသူငယ်ချင်းကို သတ်ပစ်မယ်” 


ဝူရှဲလည်း ဒီလူကြီး သူတစ်ယောက်တည်း ထွက်ပြေးသွားမှာကို ကြောက်​နေမှန်း သိတာမို့ စိတ်ထဲကနေ လှောင်ရယ်လိုက်သည်။ ဝူရှဲ ဝီစီကိုကိုင်ပြီး ခေါင်းငုံ့လျက် လိုဏ်ခေါင်းအောက်ကို လျှောက်ဝင်သွားလိုက်သည်။


ဖြောင့်တန်းသလောက် ကျောက်လှေကားထစ်တွေကို တက်ဖို့ကလည်း အရမ်းခက်ခဲသည်။ တူးတဲ့အခါ သတိမထားမိပုံဖြင့် တချို့က တိမ်ပြီး တချို့က နက်နေသည်။ အများဆုံး ခြေလှမ်းတစ်ဝက်လောက်သာ ထိန်းထားနိုင်၏။ ဆယ်လှမ်းကျော်ပြီးတာနဲ့ သူ့ခမျာ ဟောဟဲစပြုလာ​ပြီး ခြေဖျားတွေလည်း နာလာသည်။ အပေါ်က ကျောက်တံခါးကို ကြည့်လိုက်တော့ အလင်းစတုရန်းလေး တစ်ခုလို ဖြစ်သွားကာ ပတ်ဝန်းကျင်က အမှောင်တွေဟာ မှင်တွေလို တဖျပ်ဖျပ် ခတ်လာသည်။ အပေါ်က မသဲကွဲတဲ့ အရိပ်တချို့ကို မြင်လိုက်ရတော့ အဲဒီလူတွေ သူ့ဆီကို အဆက်မပြတ် ရွေ့လျားလာနေတာ သိလိုက်သည်။ 


ပထမတော့ ဒီကျောက်လှေခါးတွေမှာ ယန္တရားတွေရှိမှာကို စိုးရိမ်တဲ့အတွက် အရမ်းဂရုတစိုက်နဲ့ လျှောက်သွားခဲ့သည်။ သို့သော် အောက်ထပ် ရောက်သွားတော့ ကျောက်လမ်းတွေက ပိုကြမ်းလာသည်။ ကျောက်တုံးတွေ အားလုံးက တစ်ပိုင်းတည်း ဖြစ်သွားရာ ယန္တရားမရှိတာ သေချာသွားသည်။


လမ်းလျှောက်ရင်းနဲ့ ဥမင်လိုဏ်ခေါင်းရဲ့ ဦးတည်ရာက ပြောင်းသွားပြီး ထောင့်က တဖြည်းဖြည်း ပေါ်လာတော့ လှေကားပေါ် လမ်းလျှောက်ရတာ လွယ်လာသည်။ ဒီအပိုင်းမှာရှိတဲ့ ကျောက်တုံးတွေက သိသိသာသာ နီညိုရောင် ပြောင်းသွားတာကို တွေ့လိုက်ရ၏။ ဓာတ်မီးရဲ့ ရောင်ပြန်ဟပ်မှုလေးတွေကြောင့် အလင်းတွေတောင် အများကြီး ထွက်လာသေးသည်။ 


ဤကျောက်မျိုးသည် ဟွားကန်းကျောက်တုံး အမျိုးအစားများ ဖြစ်နိုင်သည်။ ၎င်းတွင် အလွန်ယူရခက်သော မိုက်ခရို တချို့လည်း ပါ၀င်သည်။ ဒါဆိုရင်တော့ သူတို့အခု တောင်ကြီးထဲကို ရောက်နေပြီလို့ ဆိုရမည်။ 


ဥမင်လိုဏ်ခေါင်းအောက်က ရေသံက ဘယ်အချိန်က ထွက်လာမှန်းမသိဘူး။ အလှည့်အပြောင်း နည်းနည်းလောက် ထပ်ကွေ့ကြည့်တဲ့အခါ ရေသံက ပိုကျယ်လောင်လာသည်။ မြင်းတွေထောင်နဲ့ချီပြီး ကခုန်နေတဲ့အသံလို ရေစီးသံက အရမ်းမြန်လှသည်။


နာရီကို ကြည့်လိုက်တော့ မိနစ်နှစ်ဆယ်နီးပါး လမ်းလျှောက်လာတာကို တွေ့လိုက်ရ၏။ ဆက်သွားရင် ဝီစီသံက အပေါ်ထပ်ကို မရောက်နိုင်​တော့ဘူးလို့ ခံစားမိတဲ့အတွက် ဝီစီကို ထုတ်ပြီး အကြိမ်အနည်းငယ် မှုတ်လိုက်သည်။ 


အသံသည် အပေါ်သို့ လှည့်ပတ်သွားကာ မကြာခင်မှာပဲ အပေါ်စီးမှ ဝီစီသံတစ်ခု ပဲ့တင်ထပ်လာသည်။


ဝူရှဲ ဆက်ဆင်းသွားတော့ သူ့​ရှေ့က မိုင်းလမ်းဟာ ကျယ်လာပြီး မကြာခင် ထွက်ပေါက်က မြင်ကွင်းထဲကို တိုးဝင်လာသလို လေပြင်းကလည်း သူ့ကို လာတိုက်တော့ ဝူရှဲခမျာ လဲကျလုနီးပါး ဖြစ်သွားသည်။ ဝူရှ ခြေလှမ်းအနည်းငယ် ပြေးဆင်းလိုက်သည်နှင့် ရုတ်တရက် နားထဲတွင် ဟောက်သံတစ်ခု ကြားလိုက်ရသည်။ လူက လျှို့ဝှက်လမ်းကြောင်းမှ ထွက်ခွာလာပြီး မြစ်ကမ်းဘေးတစ်ခုဆီသို့ ရောက်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် သူရှေ့တွင် မြေအောက်မြစ်ကြီးတစ်စင်း ပေါ်ထွက်လာခဲ့သည်။


ဤမြေအောက်မြစ်သည် ဘတ်စကက်ဘောကွင်းလောက် ကျယ်ဝန်းပြီး ဂူ၏ထိပ်သည် ဆယ်မီတာခန့်မြင့်သည်။ ၎င်းသည် ဘယ်ညာအထိ အဆုံးမရှိ ကျယ်ဝန်းကာ ဘယ်နေရာသို့ ဦးတည်သွားသလဲ ဘယ်သူမှ မသိနိုင်ပေ။ ဂူထိပ်တွင် ကျောက်စက်ပန်းဆွဲများ မရှိသော်လည်း နှစ်ပေါင်းများစွာ တိုက်စားပြီးနောက် အနီးပတ်ဝန်းကျင်ရှိ ကျောက်တုံးများသည် ချောမွေ့​နေသည်။


ရေစီးနှုန်းကလည်း အရမ်းမြန်ကာ အပေါ်ကကြားရတဲ့ ရေသံကြီးအရ ဒီဂူရဲ့ တည်ဆောက်ပုံက အသံချဲ့စက်နဲ့ တူစွားပြီး ရေစီးသံကို ချဲ့ထွင်နေသလို ဖြစ်နေသည်။ အလယ်ကို လှမ်းကြည့်လိုက်တော့ ရေအပူချိန်က တော်တော်လေး မြင့်နေတာကို တွေ့လိုက်ရ၏။ ဆင်းဖို့က ခက်ပေသည်။ ဝူရှဲရှေ့ကို လျှောက်လာရင်းနဲ့ ရေက ပိုနက်လာတာ တွေ့ရကာ ခြေလှမ်း အနည်းငယ်ကြာလို့ ရေဒူးလောက်ရောက်တော့ နောက်ပြန် ဆုတ်သွား​​တော့သည်​။


ဒီနေရာက လူ့ခန္ဓာကိုယ်​ပေါ်က သွေးကြောတွေလို ကျောက်သွေးပြန်ကြော​တွေ ဖြစ်နိုင်သည်။ သူအခု တောင်အတွင်းပိုင်းက တောင်သွေးကြောထဲ ရောက်နေတာ ဖြစ်လိမ့်မည်။ ကျောက်နံရံ နှစ်ဖက်စလုံးကို လှမ်းကြည့်လိုက်တော့ နှစ်ဖက်စလုံးမှာရှိတဲ့ ကျောက်နံရံတွေဟာ မြေအောက်မြစ်ကြောင့် ကျုံ့သွားပုံရပြီး အကျယ်က တဖြည်းဖြည်း ကျဉ်းလာတာကို တွေ့ရ၏။ ဘယ်ဘက်ခြမ်းက ကျောက်သားနံရံတွေမှာ သံကြိုးတွေ တွဲလောင်းချည်ထားတာ အများကြီးရှိသည်။ 


ထူးဆန်းတယ်လို့ ခံစားလိုက်ရချိန်တွင် လူငယ်သည် ထူးဆန်းသော အော်သံဖြင့် လျှို့ဝှက်လမ်းမှ ထွက်လာပြီး ရေထဲသို့ ပြေးဆင်းကာ တစ်ဆင်တည်း သူ့အော်သံကပါ ထွက်လာသည်။ 


"သောက်ကျိုးနည်း! ပူတယ်ဟ!" 


ဝူရှဲ နောက်ပြန် လှည့်ကြည့်လိုက်တော့ သူ့နောက်ကနေ နောက်ထပ် လူငယ်တစ်ယောက် ထွက်လာတာကို တွေ့လိုက်ရသည်။ အဲဒီလူက မျက်မှန်တပ်ပြီး ယဉ်ကျေးသိမ်မွေ့စွာ ကြည့်လာသည်။ သူက ဆရာကြီးလျောင် ဖြစ်ရမယ်။ သူ အနားကို ရောက်သွားတော့ ဒီလူက သူ့ထက်အသက်ကြီးမှန်း သိလိုက်ရ၏။ အသက်နည်းနည်းကြီးပေမယ့် အဝေးကနေ ကြည့်ရင်တော့ ငယ်တယ်လို့ ထင်ရသည်။ လမ်းထဲကနေ ထွက်လာတဲ့တတိယ လူကတော့ လောင်းယန်ဖြစ်ပြီး နောက်ပြီ နည်းနည်းပိန်တဲ့ လူလတ်ပိုင်းတယောက်၊ ပြီးတော့ ဦးလေးထိုက်၊ ဝူရှဲက အနောက်မှာ လူတစ်ယောက် ရှိဦးမယ်လို့ ထင်ခဲ့ပေမယ့် ဘယ်သူမှ မရှိတော့ပေ။ သူတို့ တောင်ပေါ်သို့ တက်လာတုန်းက ငါးယောက် မဟုတ်ဘူးလားဟု တွေးရင်း အံ့သြနေလေ၏။ 


သူတို့အားလုံး ဓာတ်မီးများ ဖွင့်လိုက်ကြတာကြောင့် အလင်းတန်း များစွာသည် ကျောက်သား သွေးကြောများအတွင်း အပြန်ပြန် အလှန်လှန် ပျံ့လွင့်သွားကြသည်။ ဆရာကြီးလျောင်က ဆိုလာခဲ့သည်


"ဒါ တကယ့်ကို အံ့ဖွယ်လက်ရာပဲ... ဂူဗိမာန်ကို ဦးတည်တဲ့ မြင့်မြတ်တဲ့လမ်းက မြေအောက်မြစ် ဖြစ်သွားတယ်... ကိုယ့်မျက်စိနဲ့သာ မမြင်ရရင် ယုံမိမှာတောင် မဟုတ်ဘူး"


လူငယ်သည် ရေထဲသို့ ခြေလှမ်း အနည်းငယ်လှမ်း​ကြည့်ကာ မျက်မှောင်ကြုတ်ရင်း နောက်ပြန်လှည့်လာသည်။


“တော်တော်လေး နက်တယ် ဦးလေးထိုက်.. ဒီမှာ လမ်းလျှောက်ရ ခက်တယ် အဆင်မပြေ​လောက့ဘူး” 


ဦးလေးထိုက်က သူဌေးဝမ်ကို တစ်ချက် ကြည့်လိုက်ပြီး 


"သူဌေးဝမ် အခု ဘယ်သွားရမလဲ? ခင်ဗျားရဲ့ အဖိုးတန်မြေပုံပေါ်မှာ ရေးထားတာရှိလား?"


သူဌေးဝမ်က သူ့မှတ်စုစာအုပ်ကို လှန်ကြည့်လိုက်ပြီး 


"သူတို့ဂူဗိမာန်ကို စူးစမ်းလေ့လာဖို့ နောက်ဆုံးအကြိမ်လာတုန်းက သံသော့ခလောက် နှစ်ခုကို ရေအောက်မှာ တပ်ဆင်ထားတယ်လို့ ပြောထားတယ်... သံသော့ခလောက်တွေကို ဆက်ကိုင်ထားရင် မြေအောက်နန်းတော်ရဲ့ အဝင်ဝကို ရောက်နိုင်တယ်လို့ မြေပုံမှာ ပြောထားတယ်"


လက်နှိပ်ဓာတ်မီးကို ရေထဲ ထိုးချပြီး လေ့လာကြည့်လိုက်တော့ ရေရဲ့ အောက်ခြေမှာ လဲနေတဲ့ လက်ကောက်ဝတ် အထူလောက်ရှိတဲ့ အနက်ရောင် သံကြိုးတစ်ကွင်းကို တွေ့ရသည်။ ဦးလေးထိုက်က အဲဒါကြီးက ရေထဲက ဆွဲထုတ်လိုက်ပြီး 


“အိုး.. တကယ်ရှိတာပဲ!"


လူငယ်လေးသည် လှမ်းဆွဲလိုက် ချက်သော်လည်း ဆွဲမချနိုင်တော့ဘဲ သူ့ရှေ့ကိုသာ တစ်ချက်ကြည့်လိုက်ပြီး 


“ဦးလေးထိုက်... ဒီလိုရေထဲ လမ်းလျှောက်ရတာ မသင့်တော်မှာကို ကြောက်ရတယ်နော်... သူဌေးလီ အခုနကတင် သနားစရာ ကောင်းလောက်အောင် သေဆုံးသွားခဲ့တာ...ကျွန်တော်တို့ အဲဒီလိုငါးနဲ့ထပ်တွေ့ရင် ငါးမွေးတဲ့ အခါတိုင်းကို ကြောက်နေရတော့မှာ"


ဆရာကြီးလျောင်က ရေကိုထိလိုက်ပြီး 


"ရပါတယ်... ဒီမှာရေက အရမ်းပူတယ် ဆိုလိုတာက အောက်ခြေမှာ ရေပူစမ်း တွင်းတစ်ခု ရှိရမယ်... ငါးမရှိမှာတော့ သေချာတယ် ငါးရှိရင်တောင် ပြုတ်ပြီးသား ဖြစ်သွားလောက်ပြီပေါ့... အာ့မာကျစ် မင်းက အရမ်းတွေးနေတာပဲ"


အာ့မာကျစ်က မယုံသလို ပြုံးကာ 


"တကယ်လား?"


ဆရာကြီးလျောက်က သူ့ပုခုံးပေါ်ကို ပုတ်လိုက်ပြီး တစ်စုံတစ်ခု ပြောတော့မယ့် အချိန်မှာပဲ အာ့မာကျစ်ရဲ့ နောက်ကနေ ရေလှိုင်းလုံးကြီးတစ်ခု ပေါက်ကွဲသွားပါတော့သည်။ အာ့မာကျစ်မှာ ချက်ချင်းဆိုသလိုပဲ ရေထဲကနေ မြောက်တက်သွားပြီး အရေပြားပေါ်မှာ စိုစွတ်နေခဲ့တဲ့ အပေါက်အပြဲတွေ ဖြစ်သွားလေ၏။ ဝူရှဲတို့လည်း ရေထဲကို အပြေးအလွှား ဆင်း၍ လက်နှိပ်ဓာတ်မီးကို ထိတ်လန့်တကြား ပြန်လှည့်ကြည့်လိုက်တော့ အာ့မာကျစ်က ရေထဲကနေ ဆောင့်တက်သွားကာ ဂူခေါင်မိုးကို ထိသွားတာကို တွေ့လိုက်ရတော့သည်။ 


ဆရာကြီးလျောင်လည်း ထိတ်လန့်တကြားဖြင့် ဖြူဖျော့သွားကာ ရေထဲတွင် ထိုင်ရင်း တဆက်ဆက် တုန်ယင်လာသည်။ ဦးလေးထိုက်သည် ချက်ချင်း မတ်တပ်ထရပ်ကာ သေနတ်ကို လက်တစ်ဖက်ဖြင့် ဆွဲထုတ်လိုက်ပြီး ဆရာကြီးလျောင်ကို အော်လိုက်၏။ 


“ငလူးတဲ့! အဲဒါဘာကောင်လဲ”