(46)
Viewers 5k

Chapter (46)

တံတိုင်းပေါ်က နှင်းဖွဲသောည



မနက်စောစောမှာ တိမ်တွေ ညို့နေပြီ။ နှင်းတွေကြားမှာ ပတ်ဝန်းကျင်က တဖြည်းဖြည်း လင်းလာသည်။


အခန်းထဲတွင် ဟုန်ကျွင့် လီကျင်လုံကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားသည်။ လီကျင်လုံကလည်း လက်တစ်ဖက်ကို ဟုန်ကျွင့်အား ခေါင်းအုံးလုပ်ပေးထားပြီး ထိုလက်တစ်ဖက်ကို ထောက်ကာ ဟုန်ကျွင့်ကို သူ့ရင်ဘတ်ပေါ် ဖိထားသကဲ့သို့ ​​ပြန်ဖက်ထားသည်။ လီကျင်လုံ နှလုံးသားထဲက မီးအိမ်က နွေးထွေးတဲ့ အငွေ့အသက် တစ်မျိုး ရှိပေသည်။ 


လေတွေ တဝွီးဝွီး တိုက်ခတ်သံကြောင့် ဟုန်ကျွင့် နိုးလာခဲ့သည်။ မျက်လုံးဖွင့်လိုက်တဲ့အခါ အိပ်ပျော်နေတဲ့ လီကျင်လုံကို တွေ့လိုက်ရ၏။ သူသည် သူ့တစ်ကိုယ်လုံးကို လီကျင်လုံကိုယ်ပေါ်၌ ပစ်တင်ထားပြီး တစ်ဖက်လူရဲ့ ခါးကိုလည်း လက်တစ်ဖက်ဖြင့် ဖက်ကာ ခြေထောက်ကိုလည်း ထိုသူ့ခြေထောက်ကြားတွင် တင်ထားသည်။ ထို့အတူ သူ့ခေါင်းကို ရင်ဘတ်ပေါ်တင်လျက် နှလုံးခုန်သံကို နားထောင်နေရသည့် အတိုင်းပင်။ 


ပိုဆိုးတာက ဟုန်ကျွင့် မနက်အစောကြီး နိုးပြီး ခက်ခက်ခဲခဲ ဖြစ်နေရတာပါပဲ။ လီကျင်လုံသည်လည်း သူ၏ခြေထောက်တွေကြား ခက်ခက်ခဲခဲ အိပ်ပျော်နေရသည်ဟု ခံစားနိုင်သည်။ အနွေးဓာတ်လေးက သူ့ဆီကို ကူးလွင့်လာလျက်။ လီကျင်လုံ၏ ကိုယ်ပူချိန်၊ ရင်ဘတ် အတက်အဆင်းနှင့် သူ့ခန္ဓာကိုယ်၏ ကောင်းသောအနံ့သည် ဟုန်ကျွင့်အား သူ့​တစ်ယောက်တည်း မဟုတ်ကြောင်း ပြောနေသလို လုံခြုံရေးကို ခံစားရစေ​လေသည်။


ဤလုံခြုံသော ခံစားချက်က သူ့နှလုံးကို ပြင်းပြင်းထန်ထန် ခုန်စေခဲ့ပြီး ရုတ်တရက် လွမ်းဆွတ်လုမတတ် ခံစားလိုက်ရသည်။


ဘာပဲဖြစ်​ဖြစ်​ ခင်ဗျား မနိုး​သေးဘူး...ဆိုတော့ နည်းနည်းလောက် ထပ်စောင့်​​ကြည့်မယ်။ 


ဟုန်ကျွင့် ဒီခံစားချက်ကို သဘောကျသည်။ ဒါက အရသာရှိတဲ့ အစားအစာကို စားနေရတဲ့အချိန်လို၊ သူ့နှလုံးသားထဲတွင် ပန်းများပွင့်လာသလို သို့မဟုတ် နေရောင်အောက်က ကျောက်တုံးပေါ်တွင် လှဲလျောင်းနေရသလို၊ ပူနွေးသောလေတိုက်ခတ်လာပြီး တစ်ကမ္ဘာလုံးက သူ့ကို ညင်သာစွာ ပွေ့ဖက်ထားသလိုမျိုး ဤခံစားချက်ကို အလွန်နှစ်သက်သည်။ 


ဒါပေမဲ့ လီကျင်လုံက နည်းနည်း လှုပ်လာပြီး နိုးလာတော့သည်။ 


ဟုန်ကျွင့် သူ့လက်ကို လွှတ်ချပြီး ဂရုတစိုက် မော့ကြည့်လိုက်သည်။ လီကျင်လုံမှာ မငြိမ်မသက် ဖြစ်နေတဲ့ မျက်လုံး​တွေကို လှည့်ကြည့်လိုက်တော့ ဟုန်ကျွင့်ကို ပထမဆုံး မြင်လိုက်ရပေ၏။ 


"မင်း နိုးလာတာ ဘယ်လောက်ကြာပြီလဲ" 


လီကျင်လုံ၏ လက်များသည် ခေါင်းအုံးလုပ်ထားရတာကြောင့် ထုံကျင်နေပြီ။ သူက သူ့ပုခုံးကို ဖိကာ လက်နှစ်ဖက်ကို ရွှေ့လိုက်ရင်း ပြုံးပြလာ၏။ 


"အခုတလော ခေါင်းဆောင် ရယ်ရတာကို အရမ်း ကြိုက်လာသလိုပဲနော်"


လီကျင်လုံလည်း တစ်ခုခုကို သဘောပေါက်သွားပြီး သူ့အပြုံးကို မျိုသိပ်ထားလိုက်သည်။ အဲဒီနောက် မြန်မြန်ထဖို့နဲ့ အချိန်မဖြုန်းဖို့ ပြောလိုက်ပေ၏။ 


လေနှင့် နှင်းများက ယနေ့တိုင် ကျဆင်း တိုက်ခတ်နေသော်လည်း မနက်စာစားပြီးနောက် ဆီးနှင်းများ တဖြေးဖြေး လျော့လာသည်။ အနောက်မြောက်ဘက်သို့ သွားလျှင်တော့ နှင်းမုန်တိုင်းက ပိုဆိုးလာမည်ကို စိုးရိမ်ရသည်။ အခုဆို လမ်းခရီးက ပိုခက်ခဲလာပြီလေ။ လီကျင်လုံ တည်းခိုခန်းတံခါးအပြင်ဘက်တွင် ရပ်ကာ ကောင်းကင်ကို မျက်မှောင်ကြုတ်ကာ ကြည့်နေလေသည်။


ဟုန်ကျွင့်ကတော့ ခရီးသွားရတာ စိတ်အားထက်သန်နေတဲ့အတွက် ပြောလိုက်သည်။  


"နှင်းနည်းနည်းပဲ ကျတယ် ​​သွားကြရအောင်လေ" 


"ဖြစ်နိုင်ပါ့မလား... ဒီနေ့ လေအရမ်းတိုက်နေတယ်"


ဟုန်ကျွင့်က ပြဿနာမရှိဘူးလို့ ဆိုနေသည်။ လီကျင်လုံ ခဏတုံ့ဆိုင်းသွားသော်ငြား နောက်ဆုံးတော့ အတူတူသွားဖို့ ဆုံးဖြတ်လိုက်ရသည်။ ထိုစဉ် စားပွဲထိုးက ထွက်လာပြီး။ 


"မင်းတို့နှစ်ယောက် ဝူဝေဘက်ကို သွားချင်ရင် လမ်းမှားမကူးမိအောင် သတိထားရမယ်... နှင်းတွေက ကျထားတော့ တရားဝင် လမ်းမကြီးတွေက ပိတ်ဆို့နေပြီ... တောထဲမှာဆို ဒုက္ခရောက်လိမ့်မယ်”


လီကျင်လုံသည် ဤတစ်ကြိမ် သူချန်အန်းမှ ထွက်ခွာလာသောအခါတွင် လွန်ခဲ့သည့် နှစ်နှစ်ခန့်က မြေပုံတစ်ခုကို ယူဆောင်လာခဲ့မိသည်။ ထိုအချိန်တွင် နေရာများစွာက လမ်းမှားကို သုံးကြိမ်နှစ်ခါ လိုက်သွားမိခဲ့သော်လည်း ကံကောင်းစွာနဲ့ လမ်းမှန်ကို တွေ့ရှိခဲ့သည်။ ယခုမူ နှင်းမုန်တိုင်းသည် တရားဝင်လမ်းများနှင့် လယ်မြေများကို ဖုံးလွှမ်းထားပြီး ရှင်းရှင်းလင်းလင်း မရှိသောကြောင့် ၎င်းတို့အတွက် လမ်းမှန်ကို ရှာနိုင်ဖို့က မလွယ်သလို လမ်းပျောက်ပြီး မြေကျွင်းထဲသို့ ပျက်ကျဖို့ကလည်း အလားအလာ အလွန်များပါသည်။


"မင်းတို့ မြောက်ဘက်ကို သွားကြမှာလား... အဲဒီမှာ ဟန်မင်းဆက်ရဲ့ မဟာတံတိုင်းကြီး ရှိတယ်... မဟာတံတိုင်းက မင်းတို့ကို လေဒဏ်က ကာကွယ်​ပေးနိုင်တယ်... အဲဒီကို ရောက်ဖို့ဆိုရင် ဝူဝေ အပြင်ဘက်က ဂိတ်ဝင်ပေါက်ကို ဖြတ်... လိုက်ပြီးတော့ တောင်ဘက်ကို မိုင်ခြောက်ဆယ်လောက် သွားလိုက်ရင် ရပြီ"


လီကျင်လုံ သူ့ကို ကျေးဇူးတင်စကား ပြောပြီး ဟုန်ကျွင့်နဲ့အတူ မြင်းစီးထွက်လာခဲ့သည်။ ဟန်မင်းဆက်ရဲ့ မဟာတံတိုင်းကြီးရဲ့ တည်နေရာကိုတော့ ရှာတွေ့ခဲ့ပါပြီ။ လမ်းတစ်လျှောက် လေနှင့် ဆီးနှင်းများ ဖုံးလွှမ်းနေသဖြင့် မြင်းများ သွားလာရန် ခက်ခဲပေသည်။ တံတိုင်းကြီးကို မြင်သောအခါ ဟုန်ကျွင့် မထိန်းနိုင်ဘဲ အော်ဟစ်လိုက်သည်။ 


ကြီးမားသောလေနှင့် ဆီးနှင်းများကြားတွင် မြင့်မားသော တံတိုင်းကြီးတစ်ခုက ကောင်းကင်ကို ထိုးတက်တော့မလို မတ်တပ်ရပ်နေသည်။ ကမ္ဘာ၏ အစွန်းကို ရောက်နေသလို လေပြင်းနှင့် ဆီးနှင်းများကို လျစ်လျူရှုကာ သာယာဝပြောသော ​ပြည်မ​ကြီးကို ကာကွယ်ပေးလျက် ရှိသည်။ အကွေ့အကောက် ရှည်သော ဤနဂါးတံတိုင်းသည် မြေယာများကို ဖြတ်ကျော်ကာ ၎င်း၏အစမှတ်မှ ကောင်းကင်သို့ တက်သွားသည်။  


"သွားရအောင်"


"တံတိုင်းအပြင်မှာ ဘာရှိလဲ" ဟုန်ကျွင့် မေးလိုက်သည်။


လီကျင်လုံ: "အပြင်မှာ ပိုကျယ်တဲ့ ကမ္ဘာတစ်ခု ရှိတယ်"


"ကျွန်တော် ဝမ်ချောင်လင်ရဲ့ ချင်လမ်းမှာ တောက်ပတဲ့လနဲ့ ဟန်လမ်းကို ဖတ်ပြီးပြီ..."


"မိုင်တစ်ထောင် ခရီးရှည် - ဘယ်သူမှ ပြန်မလာသေးပါဘူး" 


ဟုန်ကျွင့် ပြုံးကာ သီဆိုလိုက်သည်။ မြင်းနှစ်ကောင်သည် မုန်တိုင်း၊ ဆီးနှင်းများနှင့်အတူ ကမ္ဘာ့ အဆုံးသတ်ဆီသို့ မဟာတံတိုင်းတစ်လျှောက် ပြေးထွက်သွားခဲ့သည်။


"နဂါးမြို့တော်က ပျံသန်းနေတဲ့ စစ်သူကြီးတွေ ဒီမှာရှိနေသရွေ့ ရင်တောင်ကို ဖြတ်ဖို့ ငါသင်ပေးမှာ မဟုတ်ဘူး..."


လီကျင်လုံ: "ဒါက ငါ့ဘိုးဘေးတွေ အကြောင်း ရေးထားတဲ့ ကဗျာတစ်ပုဒ်ပဲ"


ဟုန်ကျွင့်သည် လီကျင်လုံ၏ ဘိုးဘေး ပျံသန်းစစ်သူကြီး လီကွမ်း၏ ကျော်ကြားသော ဂုဏ်သတင်း အကြောင်း မသိသော်လည်း သူက အလွန်သြဇာကြီးသူ ဖြစ်သည်။


"အေးလား" လီကျင်လုံ သူ့မြင်းကို အရှိန်လျှော့ပြီး ဘေးတိုက် မေးလိုက်သည်။ 


မနေ့ညက လီကျင်လုံနဲ့ ပွေ့ဖက် အိပ်ခဲ့ရတာကြောင့် အခု မျက်နှာချင်းဆိုင်ရတဲ့အခါ အမြဲတမ်း ရှက်ရွံ့လာရသလို ခံစားလာရသည်။ ဒီနေ့မှာတော့ ကိုယ့်ဘာသာကိုပဲ သီးသန့် မြင်းစီးဖို့ စတင်လုပ်ဆောင်ခဲ့ပါသည်။ ဟုန်ကျွင့် သူ့လက်ကို ဝှေ့ယမ်းပြီး အဆင်ပြေလား မေးစဥ် လီကျင်လုံက ဆိုလာ၏။ 


"​အေးရင် ဒီကို မြန်မြန်လာ.... ကိုကို မင်းကို ခေါ်သွား​ပေးမယ်"


"ကျွန်​​တော်​ အဲ့​လောက်​ မညံ့ပါဘူးနော်!"


ငါးကြင်းနတ်ဆိုးက နိုးလာပြီး ဟုန်ကျွင့်ရဲ့ နောက်ကွယ်မှ ခေါင်းထွက်လာသည်။ 


"ငါတို့ လုံးဝမ အေးဘူး... ခေါင်းဆောင်လီရေ မင်း ဘာဖြစ်နေတာလဲ... အဆင်ပြေရဲ့လား"


လေနှင့် နှင်းများသည် မနေ့ညကထက် ပိုမိုပြင်းထန်လာသည်။ အေးစက်သော လေက သူ့အသက်ရှုအားကို ဟန့်တားနေတာကြောင့် ဟုန်ကျွင့် ခဏလောက်အထိ စကားမပြောနိုင်ဘဲ သူ့ပါးစပ်နှင့် နှာခေါင်းကို အုပ်ထားရန် အချက်ပြရန် လက်ကိုသာ အမြန်ဝှေ့ယမ်းလိုက်သည်။ 


မိုင်ထောင်ပေါင်းများစွာ ရှည်လျားသော မဟာတံတိုင်းကြီးသည် ဘယ်တော့မှ အဆုံးမသတ်နိုင်သကဲ့သို့ ရှည်လွန်းလှ၏။ လီကျင်လုံလည်း ပါးစပ်နှင့် နှာခေါင်းကို ဖုံးအုပ်ကာ ဟုန်ကျွင့် လိုက်လာနေကြောင်း အတည်ပြုရန် အခါအားလျော်စွာ ပြန်လှည့်ကြည့်မိသည်။ ထူးဆန်းသည်မှာ ဟုန်ကျွင့်သည် ကောင်းကင်ယံမှ တောက်ပနေသော ကြယ်ပေါင်း သန်းပေါင်းများစွာ ကြွေကျနေသကဲ့သို့ အနီးပတ်ဝန်းကျင်ရှိ နှင်းမုန်တိုင်းကို မမူပေ။ လေပြင်းများက မြေပြင်တစ်ခုလုံးကို ချီမကာ မိုးကုပ်စက်ဝိုင်းအထိ လှုပ်ခါသွားပေတော့မည့်နှယ့်။ သို့သော် ဟုန်ကျွင့်ကတော့ သတိတောင် မထားမိပုံပင်။ 


အရှေ့က လီကျင်လုံ ရပ်သွားတာကြောင့် ဟုန်ကျွင့် လှမ်းမေးလိုက်သည်။ 


"ဘာဖြစ်လို့လဲ?"


"မင်းအေးနေလား... ငါတို့ ပြန်လှည့်ကြမလား.. အေးပြီး မခဲသွားအောင်လေ!"


"တကယ် မအေးပါဘူး... ခင်ဗျား ဘာဖြစ်လို့လဲ"


လီကျင်လုံသည် လက်အိတ်နှင့် အနက်ရောင် ၀တ်ရုံကို ၀တ်ဆင်ထားသည်။ သူသည် အမြဲတမ်း သန်မာကြံ့ခိုင်နေပြီး ဤအခိုက်အတန့်တွင် အနည်းငယ် တုန်နေသယောင် ရှိ၏။ 


"ခဏနေရင် တည်းခိုခန်းကို ရောက်လိမ့်မယ်!"


နှစ်ယောက်သား ရှေ့ကို ဆက်သွားပြီး တစ်နာရီကြာတော့ ဟုန်ကျွင့်လည်း တစ်ခုခု မှားနေပြီဆိုတာ သတိထားမိသွားသည်။ လီကျင်လုံရဲ့ မြင်းက သိသာထင်ရှားစွာ နှေးကွေးသွားခဲ့သည်လေ။ 


"ခေါင်းဆောင်... အဆင်ပြေရဲ့လား" 


လီကျင်လုံ မြင်းပေါ်ထိုင်ကာ နှာချေ​နေသည်။


ဟုန်ကျွင့် : "..."


ဟုန်ကျွင့် သူ့မြင်းကို အရှိန်ပြင်းပြင်းနဲ့ ပြန်လှည့်လိုက်သည်။ လီကျင်လုံကလည်း သူ့အပြုအမူကိုတွေ့တော့ ပြောလာ၏။ 


"ခဏလောက် ပုန်းခိုဖို့ နေရာရှာရအောင်!"


ယခုအချိန်၌ ဟန်မင်းဆက်၏ မဟာတံတိုင်းအောက်တွင် ကင်းလှည့်နေစဉ်အတွင်း အနားယူရန် ရှေးစစ်သားများအတွက် ဆယ်မိုင်တိုင်း လစ်လပ်နေသော တန်းလျားများ ရှိသည်။ အမှောင်ထဲတွင် နှစ်ယောက်သား တန်းလျားထဲသို့ ပြေးဝင်သွားကာ ဟုန်ကျွင့်သည် အေးစက်စက်သော လေကို တားဆီးရန် တံခါးကို ပိတ်လိုက်သည်။ လီကျင်လုံ လက်များကို ပွတ်သပ်ကာ အသက်ရှူထုတ်လိုက်ပြီး သူ့နှုတ်ခမ်းများ အနည်းငယ် ပြာလာသည်။


ငါးကြင်းနတ်ဆိုးသည် တန်းလျားများ အတွင်း လှည့်ပတ်ကြည့်ရာ ရေနွေးတည်ရန် ကြွေအိုးများစွာကို တွေ့ရှိသွားခဲ့သည်။ ထိုအခိုက် လီကျင်လုံက နှာချေပြန်၏။ 


“မဖျားလိုက်နဲ့နော်” 


"ခဏလောက် အနားယူပြီးရင် ငါ နွေးနွေးထွေးထွေး ဖြစ်သွားမှာပါ... ဒီမှာ ဒီလောက်အေးမယ်လို့ ငါ မမျှော်လင့်ထားဘူး..." 


မှောင်နေတော့ ဘယ်အချိန် ရှိနေပြီလဲ မသိရချေ။ ဟုန်ကျွင့် သူ့လက်ချောင်းတွေကို ပွတ်ရင်း ထင်းမီးထွန်း၊ ရေကျိုပြီး အစာခြောက်နဲ့ ဗိုက်ဖြည့်ကြသည်။ လီကျင်လုံသည် တန်းလျားရှိ သစ်သားသေတ္တာကို မှီရင်း အိပ်ပျော်သွားရာ ငါးကြင်းနတ်ဆိုးက ဆိုလာသည်။ 


"အဲဲဒီကံမကောင်းတဲ့သူကို ကြည့်စမ်း

.. တစ်ခုခုတော့ မူမမှန်ဘူး"


ဟုန်ကျွင့် ထွက်လာပြီး လီကျင်လုံရဲ့ နဖူးကို ထိလိုက်တော့ ပူကျစ်နေတာ တွေ့လိုက်ရသည်။ 


"အမ်... ခေါင်းဆောင်?"


လီကျင်လုံ သူ့မျက်လုံးတွေကို ဖွင့်ပြီး တုန်တုန်ယင်ယင်နဲ့ ဆိုလာသည်။ 


"ဘယ်အချိန်ရှိပြီလဲ... ငါတို့ မြန်မြန် လုပ်ရဦးမယ်" 


လီကျင်လုံ ထချင်ပေမယ့် သူ့မှာ ခွန်အားမရှိတော့တာကြောင့် ဟုန်ကျွင့်ကပဲ သူ့ကို ပြန်ထိုင်ချခိုင်းလိုက်ရသည်။ 


"ခင်ဗျား အအေးမိသွားပြီ.... ခင်ဗျားရဲ့ အဆုတ်ကို ခဲမသွားစေချင်ရင် ခဏလောက် အနားယူပြီး နှင်းတွေ ရပ်သွားတဲ့အထိ စောင့်ကြရအောင်... ကျွန်တော် ဆေးကျိုပေးမယ်"


နောက်ဆုံးတွင် သူကအရင် ဖျားနာသွားသောကြောင့် လီကျင်လုံခမျာ ဟုန်ကျွင့်ရှေ့တွင် ရှက်ရွံ့မှုများစွာ ခံစားခဲ့ရသည်။ 


"ဘယ်လို ဖြစ်တာလဲမသိဘူး...ငါ လုံဝူစစ်တပ်မှာ ရှိတုန်းက ကွမ်ကျုံးလွင်ပြင်ကို လေ့ကျင့်ဖို့ သွားခဲ့ဖူးတယ်... သုံးရက်သုံးညလောက် မအိပ်ခဲ့ရသလို မိုးတွေလည်း အရမ်းရွာတယ်... နေနဲ့လည်း ထိတွေ့ခဲ့ရတယ်... ဒါပေမဲ့ မဖျားခဲ့ဖူးဘူး"


ဟုန်ကျွင့်က ဆေးရှာရင်း ပြောသည်။ 


"အပြင်မှာ အရမ်းအေးနေလို့ ဖြစ်နိုင်တယ်"


"ဟုတ်တယ် ဟုတ်တယ်" ငါးကြင်းနတ်ဆိုးကလည်း ခေါင်းတဆက်ဆက် ​ငြိမ့်လေသည်။ 


"မင်းရဲ့ ခန္ဓာကိုယ်က ဟုန်ကျွင့်လောက် မကောင်းဘူး... မင်း ရှက်နေဖို့ မလိုပါဘူး ငါ့ရဲ့ 

ဟုန်ကျွင့်က အမြဲတမ်း..."


ဟုန်ကျွင့်လည်း ငါးကြင်းနတ်ဆိုးကို ဆက်မဖဲ့တော့ဖို့ အလျင်အမြန် အချက်ပြလိုက်သည်။ ထို့နောက် ဂျင်းခြောက်နှင့် အခြားဆေးဖက်ဝင် ပစ္စည်းများပါရှိသည့် ဆေးထုပ်ကို သူနှင့်အတူ သယ်ဆောင်သွားစဥ် ရင်ဘတ်ထဲက ဖီးနစ်အမွေးတစ်ချောင်းကို ထုတ်ယူကြည့်လိုက်မိသည်။ 


"ငါသိပြီ... ငါ မအေးတာ ဒီဟာကြောင့် ဖြစ်နိုင်တယ်...."


ဒီလိုချမ်းအေးတဲ့ ရာသီဥတုမှာ ဟုန်ကျွင့် ဖီးနစ်အမွေး အတောင်ကို သူ့လက်ထဲမှာ ဆုပ်ကိုင်ထားခဲ့သည်။ သူ မအေးနေတာ အံ့သြစရာ မရှိပါဘူး။ ဟုန်ကျွင့် လီကျင်လုံရဲ့ လက်တွေကြားထဲ ဖီးနစ်အမွေးကိုထည့်ကာ ထင်းသွားယူရန် ပြင်လိုက်သည်။ အပြင်ထွက်ဖို့ တံခါးဖွင့်လိုက်ရင်ပဲ နှင်းလေတွေက သူ့ကို ရိုက်ခတ်လာတော့သည်။ 


"အိုက်ယိုး.... အရမ်းအေးတာပဲ!"


"အေးတယ်လို့ ပြောသားပဲ..." လီကျင်လုံ စိတ်နည်းနည်းလျော့ပြီး။ 


"မထွက်နဲ့... ငါ ခဏလောက် နားပြီးရင် နေကောင်းသွားမှာပါ"


ဟုန်ကျွင့် နှင်းတွေထဲ လျှောက်သွားကြည့်တော့ ခပ်ဝေးဝေးမှာ အေးခဲနေတဲ့ စမ်းချောင်းလေးနဲ့ တစ်ဖက်မှာ သစ်ပင်တွေ အများကြီး ရှိနေတာကို တွေ့လိုက်ရသည်။ လေအေး​တွေ တိုက်ခတ်လာတဲ့ အခါ ဟုန်ကျွင့် ကျယ်လောင်စွာ ဟစ်အော်လိုက်ရ၏။ တခဏချင်းမှာပဲ စိတ်ဝိညာဉ်သုံးကောင်နဲ့ အတွင်းဝိညာဉ် ခုနစ်ကောင်က ခန္ဓာကိုယ်ထဲက ထွက်လာသလိုတောင် ခံစားလာရတာကြောင့် ပါးစပ်ကို ပိတ်ထားလိုက်ရသည်။ 


"အေးလိုက်တာ...အေးလိုက်တာ... ငါသေတော့မှာပဲ" 


ဟုန်ကျွင့် နှင်းများပေါ် လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။ အရပ်ရပ်မှ လေပြင်းများ တိုက်ခတ်လာတဲ့အခါ အားတင်းထားဖို့ သူ့ကိုယ်သူ ထပ်ခါထပ်ခါ ပြောနေမိသည်။ 


သူ သေလို့ မဖြစ်ဘူး... သေလို့မဖြစ်ဘူး ခေါင်းဆောင် ကယ်ဖို့ ပြန်သွားရဦးမယ်။ 


ဟုန်ကျွင့်သည် နတ်အလင်းငါးရောင်ကို ဖွင့်လိုက်သော်လည်း နတ်အလင်းရောင်က လေနှင့် နှင်းများကို ပိတ်ဆို့ထားနိုင်ကာ အအေးဓာတ်ကို မပိတ်ဆို့နိုင်ပေ။ ဟုန်ကျွင့် နတ်အလင်းကို ပြန်သိမ်း၍ သစ်ကိုင်းခြောက်များကို အမြန်စုဆောင်းလိုက်သည်။ ဓားပျံဖြင့် သစ်ပင်ပင်စည်ကို ခုတ်ချလိုက်ရာ တုန်လှုပ်ချောက်ချားထွယလ လူနှင့်တူသော ထင်းရှူးပင်ကို ဆွဲထုတ်လိုက်သည်။


ဟုန်ကျွင့် တံခါးကို ဖွင့်လိုက်သည်။ အအေးဒဏ်ကြောင့် တုန်တုန်ယင်ယင်ဖြင့် ဝင်လာခဲ့ရာ လီကျင်လုံ ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။ 


"မင်းလည်း မဖျားလိုက်နဲ့နော်!"


"အင်းပါ... အဆင်ပြေပါတယ်"


ဓားပျံ​ဖြင့် ထင်းအနည်းငယ် ခုတ်၊ တံခါးကို တင်းတင်းပိတ်ပြီး မီးပြန် ညှိလိုက်တော့မှ အခန်းထဲ နွေးထွေးသွားသည်။ မြေအိုးကို မီးပေါ်တင်ပြီး အအေးခံနိုင်အောင် ဟင်းချိုကို ပန်းကန်လုံးကြီး တစ်လုံးအပြည့် အရင်ပြုတ်လိုက်သည်။ လီကျင်လုံအတွက် တစ်ပန်းကန်ပေးရင်း ကိုယ်တိုင်လည်း သောက်၏။ ထို့နောက် လီကျင်လုံ ချွေးထွက်လာအောင် ကူညီပေးလေသည်။ 


ကောင်းကင်က မှောင်နေပြီ။ လေကလည်း တိုက်နေတုန်းပဲ။ လီကျင်လုံ ဆေးသောက်ပြီးသည်နှင့် သူ့လက်မောင်း အတွင်း ဖီးနစ်အမွေးရဲ့ အကူအညီပါ ပါလာရာ တဖြည်းဖြည်း နွေးလာသည်။ သူနှင့် ဟုန်ကျွင့်တို့ ပိုင်ဆိုင်သော သားမွေးအင်္ကျီ နှစ်ထည်ကိုပါ ခြုံထားလိုက်သည်။ 


ငါးကြင်းနတ်ဆိုးကတော့ လီကျင်လုံရဲ့ ပေါင်ပေါ်မှာ လဲလျောင်းနေပြီး မျက်လုံးများကိုသာ ဖွင့်ထားသည်။ ဆောင်းရာသီ ရောက်ပြီမလို့ ငါးကြင်းလည်း နာလန်မထူနိုင်ကာ စကားအလွန်နည်းသွား၏။


ဟုန်ကျွင့်ကတော့ မနေ့ညက လီကျင်လုံ ပြောခဲ့သည့်စကားကို တွေးနေတုန်းပင်။


ဘာတွေ တွေးနေတာလဲ? 


သူ့ဘဝကို ဘယ်လို ဖြတ်သန်းရမလဲ။ 


ဟုန်ကျွင့် အရင်က ချုံမင်ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းကို သတိရသွား၏။ သူ့ဘဝမှာ ငှက်တစ်ကောင်လို ဘယ်လောက်ပဲ မြင့်မြင့်ပျံသန်းပါစေ၊ နေ့ဘက်မှာ တောင်တန်းတွေကို ဖြတ်ပြီး ညဘက်မှာ ကြယ်တွေကို ဖြတ်ကာ ကောင်းကင်ပြာပြာနဲ့ တိမ်ဖြူဖြူတွေကို ဖြတ်သန်း ပျံဝဲနေရင်တောင် နောက်ဆုံးမှာ နေရာတစ်ခုမှာ အခြေချသွားမှာပဲ ဆိုတဲ့ စကားပါပဲ။ 


၎င်းသည် သူ့ဘဝ၏ ဦးတည်ရာ ဖြစ်လိမ့်မည်။ ပို၍အရေးကြီးသည်မှာ ခရီးပန်းတိုင်သည် သူ့ဘဝတစ်လျှောက်လုံး ရှာဖွေခဲ့သော နေရာတစ်ခု ဖြစ်လိမ့်မည်။ ပန်းတွေပွင့်တဲ့ကမ္ဘာလား။ အန္တရာယ်ရှိတဲ့ တောင်ထွတ်၊ လူသားမျိုးနွယ်တွေရဲ့ တံစက်မြိတ်အောက်မှာလား ဒါမှမဟုတ်လည်း မြစ်​ပြင်အလယ်က အထီးကျန်တဲ့ ကျွန်းတစ်ကျွန်းမှာလား။ 


သူရဲ့နောက်ဆုံး ပန်းတိုင်က ဘယ်မှာလဲ။ 


ဟုန်ကျွင့် ချုံမင်ရဲ့ စကားကို တဖြည်းဖြည်း နားလည်လာခဲ့ပြီ။ ထိုက်ဟန်တောင်ထွတ်က သူ့အိမ်ဖြစ်သည်။ သို့သော် သူ့ဘဝနောက်ပိုင်းတွင် သူ့ကိုယ်သူ နေရာချထားရန် လိုအပ်သော နေရာတစ်ခု​တော့ မဟုတ်​နေပေ။ နောင်တစ်ချိန်၌ ယောင်ကျင်း နန်းတော်က သူ၏နောက်ဆုံးဦးတည်ရာ ဖြစ်ကြောင်း သူတွေ့ရလိမ့်မည်။ သို့သော် အနည်းဆုံးတော့ ယခုမဟုတ်ပေ။


တစ်ချိန်က သူ့အဖေ ခုန်ရွှမ်းလိုပါပဲ။ ချုံမင်နဲ့ ချင်းရှူံဟာ သူ့အဖေက ယောင်ကျင်း နန်းတော်ကနေ ထွက်သွားပြီး သူ့အမေနဲ့ အတူနေဖို့ ပြည်မ​ကြီးကို ရောက်လာခဲ့တာလို့ ပြောခဲ့ဖူးလေသည်။


......... 


ယွိလင်မြို့ တံခါးအပြင်ဘက်။


ယွိလင်ခရိုင်ကနေ ထွက်သွားသောအခါ မော့ရစ်ကန်းသည် လုရွှီကို ခေါ်၍ မြို့စောင့်တပ်သားများထံသို့ စာတစ်စောင် ပေးခဲ့သည်။


"ကျေးဇူးပြုပြီး ဒီစာကို ချန်အန်း တလီတရားရုံးကို ပို့ပြီး နတ်ဆိုးနှင်ဌာနက လီကျင်လုံဆီ ပို့ပေးဖို့ ပြောပေးပါ" 


လမ်းတစ်လျှောက်တွင် မြောက်ပိုင်းမှ ကုန်သည်များသည် ဆောင်းရာသီတွင် အနားယူရန် အလယ်ပိုင်းလွင်ပြင်သို့ ရောက်လာခဲ့ကြရာ သတင်းအများအပြားကိုလည်း ရခဲ့၏။ နယ်စပ်ဒေသများ၌ မြို့သားတွေကို သတ်ပြီး လုယက်တာတွေ အကြောင်း တွင်တွင်ကျယ်ကျယ် ဖြန့်ကျက် ပြောဆို​နေကြသည်။ တချို့ကလည်း ဟွေဟဲစစ်တပ်က လုယက်ကာ တစ္ဆေဟန်ဆောင် နေကြတယ်လို့လည်း ဆို၏။


လုရွှီ သယ်ဆောင်လာသော စစ်မှုထမ်းအစီရင်ခံစာကို လန်ကျိုူ စီရင်စုရှိ ကဲရှူးဟန့် မြို့စောင့်တပ်ထံ ပေးပို့မည်ဟု ယူဆရသော်လည်း စာ၏ အကြောင်းအရာမှာ ရှင်းရှင်းလင်းလင်း မသိရသေးတာကြောင့် ထိုနေရာသို့ လူကိုယ်တိုင်သွားပြီး မြောက်ဘက်သို့ သွားကာ စစ်မှုထမ်းရန် ဆုံးဖြတ်ခဲ့သည်။ ဆုံးဖြတ်ချက် ချရန်အတွက် စာကို လီကျင်လုံဆီ လွှဲပြောင်းပေးအပ်ရမည်။ မြောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တာတွေကို ဖော်ပြတဲ့ စာတစ်စောင်လည်း ပါသေး၏။ 


"ကြည့်.... ငါမင်းကိုယ်စား တာဝန်ကို လုပ်ပေးလိုက်ပြီ"


လုရွှီလည်း စစ်သားများကို မြင်သောအခါ သူ ရူးသွပ်သွားပြီးနောက် သူ့တာဝန်များကို ပျက်ကွက်ခဲ့ကြောင်း တွေးနေမိသည်။ ယခုတော့ သူ သက်သာလာပြီး မော့ရစ်ကန်းကို ပြန်​မော့ကြည့်မိသည်။


"သမင်ကိုရှာဖို့ မင်းငါ့ကို ခေါ်သွားပေးပါလား... မင်းနောက်ဆုံး တွေ့ခဲ့တဲ့ နေရာကို မှတ်မိလား"


လုရွှီက တုံ့ဆိုင်းနေပြီး မော့ရစ်ကန်းကိုသာ ကြည့်နေသည်။ မော့ရစ်ကန်းလည်း သူ့ရင်ဘတ်ကို ပုတ်ပြလိုက်ကာ။ 


"ငါ သရဲတစ္ဆေတွေကို အနိုင်ယူနိုင်တယ်... မင်းကိုယ်စား ငါ လက်စားချေ​ပေးမယ်"


လုရွှီ နောက်ဆုံးတွင် ထွက်ပြေးချင်စိတ်ကို ရပ်တန်းလိုက်ပြီး မြောက်ဘက်သို့ သွားရမည်ဖြစ်ကြောင်း ညွှန်ပြခဲ့သည်။ မော့ရစ်ကန်း သားရေမျက်နှာဖုံးကို ဝတ်ပြီး လုရွှီဘက် လှည့်၍ မေးလိုက်သည်။ 


"မင်းအသက် ဘယ်လောက်ရှိပြီလဲ မင်းမိသားစုထဲမှာ လူဘယ်နှစ်ယောက်ရှိလဲ"


လုရွှီက ဘာမှမပြောဘဲ မြင်းစီးရင်း ပတ်ဝန်းကျင်ကိုသာ လှည့်ပတ်ကြည့်နေသည်။ မော့ရစ်ကန်းလည်း ဒီလူငယ်လေးက အလွန်သနားစရာကောင်းသလို ခံစားမိ၏။ သတင်းအရ သူ့လုပ်ဖော်ကိုင်ဖက်တွေ အားလုံး သေဆုံးသွားပြီး မြို့လည်း ပျက်သုဉ်းသွားပုံပါပဲ။ လမ်းတစ်လျှောက်မှာ သူ့ကိုယ်သူလည်း ဂရုမစိုက်နိုင်တော့တာ ဖြစ်ပေမည်။


.......


ဟန်မင်းဆက်ရဲ့ မဟာတံတိုင်းအောက်မှာ ရေခဲနဲ့နှင်းတွေ ပြည့်နေသည်။ 


ဟုန်ကျွင့် သက်ပြင်းချလိုက်သည်။ အပြင်ဘက်တွင်တော့ နှင်းကျတာက ဘယ်အချိန်က ရပ်သွားမှန်းမသိ ရပ်တန့်သွားလေပြီ။ 


တန်းလျားရှိ အပေါက်သေးသေးလေးကနေ အပြင်ကို လှမ်းကြည့်လိုက်သော်ငြား အမှောင်ထုကလွဲလို့ ဘာမှ မမြင်ရသေးချေ။ လီကျင်လုံရဲ့ နဖူးကို ထိလိုက်တဲ့အခါ အဖျားကြီးနေသေးတာကို တွေ့လိုက်ရသည်။ 


ဟုန်ကျွင့် အနည်းငယ် မောပန်းကာ တစ်ညလုံး အိပ်ငိုက်နေတော့သည်။ အချိန်တစ်ခုအထိ တောင့်ခံနေရင်း အိပ်မြည်းနေစဥ် ရုတ်တရက် မြင်းများချည်ထားရာ အနီးနားမှ မသက်မသာ မြည်သံနှင့်အတူ အပြင်ဘက်မှ ထွက်လာသော သံချေးတက်နေတဲ့ အရာတစ်ခုခု ပွတ်တိုက်သံကို ကြားလိုက်ရသည်။


တိရစ္ဆာန်တွေ အရမ်းအေးနေလို့လား။ 


ဟုန်ကျွင့်သည် မြေခွေး ဒါမှမဟုတ် ဝံပုလွေ​တွေ ဖြစ်​နေမှာကို ကြောက်မိ၏။ မြင်းက ကြောက်လန့်တကြားနဲ့ ထွက်ပြေးသွားရင် အဆင်မပြေနိုင်ချေ။ ဒါကြောင့် အထဲမှာ တစ်ညလောက်ထားထားဖို့ စဥ်းစားလိုက်သည်။ သူတို့လည်း နွေးသွားတာပေါ့။ 


တံခါးကို တွန်းဖွင့်လိုက်သည်။ အပြင်ဘက်တွင် တိမ်မည်းမည်းများ ရှိနေသဖြင့် ဟုန်ကျွင့်မှာ သူ့လက်ချောင်းများကိုပင် မမြင်နိုင်တော့ပေ။ မီးတုတ်ကို ထွန်းကြည့်လိုက်တော့မှ တင်းကုပ်ထဲတွင် ငြိမ်ဝပ်နေသော မြင်းနှစ်ကောင်ကို တွေ့လိုက်ရသည်။ ဟုန်ကျွင့် ဘေးပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ရင်း မီးတုတ်ကို အမှောင်ထဲ ညွှန်ပြလိုက်ရာ ဆယ်လှမ်းလှမ်းဝေးသော ခြေရာများကို တွေ့လိုက်ရသည်။


တစ်ယောက်ယောက် ရှိနေတာလား?


ဟုန်ကျွင့် အလျင်စလို အော်မေးလိုက်သည်။ 


"အဲဒီမှာ တစ်ယောက်ယောက်ရှိလား"


ထိုအခိုက် နှင်းတွေကြားကနေ သစ်ကိုင်းများကို ခုတ်ထစ်​​နေသံများ ထွက်ပေါ်လာသည်။ ဟုန်ကျွင့် ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းပြီး မီးတုတ်ကို ဝှေ့ယမ်းကြည့်တော့ လေသံသာ ထွက်လာသည်။ သူ့အနောက်က ဆက်တိုက်ဆိုသလို အော်ဟစ်သံများ ထွက်ပေါ်လာပြီး မြင်းများထံမှ နောက်ထပ် စိတ်မသက်မသာ အသံများ ထွက်ပေါ်လာသည်။ ဒီလို တိတ်ဆိတ်တဲ့ညမှာ ဒီလိုအသံတွေ ထွက်လာတာက ထူးဆန်းနေသလိုပင်။ 


အအေးဓာတ်သည် နေရာတိုင်းတွင် ပြဒါးတစ်စင်းလို လိမ့်ဆင်းလာသည်။ ဟုန်ကျွင့် ခြေလှမ်း အနည်းငယ် ထပ်လှမ်း၍ ချောင်းကို ဖြတ်ကူးလိုက်ချိန်တွင် တစ်စုံတစ်ခု မှားနေပြီ ဆိုတာကို သဘောပေါက်လိုက်၏။ သူ့ပတ်ဝန်းကျင်ရှိ သစ်ပင်များပေါ်တွင် အနက်ရောင် အရိပ်များစွာ ပေါ်လာသည်။


လှည့်ကြည့်လိုက်တော့ လူတစ်ယောက်က သူ့အနောက်ကနေ ရုတ်တရက် ပြေးလာလေပြီ။ ၎င်းက သူ့​နောက်ကျောကို ပြင်းပြင်းထန်ထန် ရိုက်ပစ်ဖို့ပင် ပြင်နေသည်။ ဟုန်ကျွင့် ဓားပျံကို ချက်ချင်း ထုတ်လိုက်ပြီး နှင်းများပေါ်တွင် လူးလဲလှိမ့်ကာ လက်ကိုမြှောက်၍ ဓားကို အလျင်အမြန် ပစ်ခတ်လိုက်သည်။ ဓားပျံက အနက်ရောင်အရုပ်ကို ထိမှန်သွားသည်။


သို့သော် အရိပ်မည်းသည် ဓားပျံကို လုံးဝ မကြောက်ဘဲ ထူးဆန်းသော အော်ဟစ်သံဖြင့်သာ ရှေ့သို့ တိုးလာပြန်သည်။


ဒါဘာလဲ? ! 


ဟုန်ကျွင့်အာရုံက သေချာ မစဥ်းစားနိုင်ခင်မှာပဲ ချပ်ဝတ်တန်ဆာ ဝတ်ထားတဲ့ မကောင်းဆိုးဝါး တစ်ကောင်က နောက်ကနေ ခုန်ထွက်လာလေသည်။ လက်နက်ရှိတဲ့ တစ်ကောင်ကလည်း သူ့ခေါင်းထက်ရှိ သစ်ပင်ပေါ်ကနေ ခုန်ဆင်းလာ၏။ ဟုန်ကျွင့် လက်တစ်ဖက်က မီးတုတ်ဖြင့် ပိတ်ဆို့လိုက်ရာ မီးတုတ်က မြေပြင်ပေါ်သို့ ပြုတ်ကျသွားကာ ချက်ချင်းပင် မီးငြိမ်းသွားခဲ့သည်။


ရောင်စုံအလင်း ငါးရောင်သည် တုန်လှုပ်ချောက်ချားသည့် အသံဖြင့် တုန်ခါသွားရာ ဟုန်ကျွင့် ရန်သူကို ရုတ်တရက် မြင်လိုက်ရသည်။


၎င်းက ထူးဆန်းသော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် စစ်သားတစ်ယောက်ပင်။ သို့သော် စစ်သား၏ မျက်လုံးများက တိမ်ကောသွားပြီး သူ့မျက်လုံးများတွင် သူငယ်အိမ်များ မရှိတော့ဘဲ လက်နက်ကို ကိုင်ဆောင်ကာ ဟုန်ကျွင့်ထံ ခုတ်လှဲချလိုက်သည်။