Chapter (33)
တောက်ပလာတဲ့ နှလုံးမီးအိမ်
ဟုန်ကျွင့် လီကျင်လုံကို ကြည့်ကာ ရုတ်တရက် အသက်ရှုကြပ်သွားကြသည်။
"ဒါကို ဘယ်လိုသုံးရမလဲဆိုတာ သင်ပေးလို့ရမလား"
လီကျင်လုံက ထပ်ပြောသည်။
ဟုန်ကျွင့်သည် လီကျင်လုံ၏ သွေးများဖုံးလွှမ်းနေသော ရင်ဘတ်ပေါ် သူ့လက်ကို ဖိထားသော်လည်း သူ့တွင် ခွန်အား မရှိတော့သဖြင့် အသက်ရှူထုတ်ကာ ခေါင်းယမ်းလိုက်သည်။ သူသည် ချုံမင်ထံမှ လေးလေးနက်နက် သင်ခန်းစာများ သင်ယူသင့်သည်ဟု အခုမှသာ သဘောပေါက်လာတော့သည်။
လီကျင်လုံ: "စိတ်မလောပါနဲ့... သေချာစဉ်းစားပြီး တွေးကြည့်.... မင်းအဖေက မင်းကို မှော်ပညာကို ဘယ်လို သင်ပေးခဲ့တာလဲ"
ဟုန်ကျွင့် အနည်းငယ် စိတ်ရှုပ်ထွေးလျက်: "ကျွန်တော်တို့ ခန္ဓာကိုယ်မှာရှိတဲ့ နာမ်ပိုင်းဆိုင်ရာ သွေးကြောတွေကို လှုံ့ဆော်ဖို့ လိုတယ်... ဒါပေမယ့် ခင်ဗျညးမှာ မှော်အစွမ်း မရှိဘူး နှလုံးမီးအိမ်ကို ဒီနည်းနဲ့ နှိုးလို့ရနိုင်မလား မပြောတတ်ဘူး... ခင်ဗျားမှာ မှော်အစွမ်းရှိရင်တောင်မှ မှော်ပညာကို မလေ့ကျင့်ထားရင် မထိရောက်မှာကို ကြောက်ရတယ်"
ဟုန်ကျွင့်က လေးလေးနက်နက် မျက်မှောင်ကြုတ်ကာ ဆက်ပြောသည်။
"မှော်ပညာကို သင်ယူပြီး မှော်လက်နက်တွေကို ထိန်းချုပ်ဖို့ လိုနေသေးတယ်..."
"မှော်လက်နက်?" လီကျင်လုံ အချက်တစ်ချက်ကို ချက်ချင်း ဖမ်းမိလိုက်သည်။
"မင်းဘာကိုဆိုလိုတာလဲ?"
ဟုန်ကျွင့်: "အသက်နဲ့ သေခြင်းကြား ရောက်နေတဲ့ အခိုက်အတန့်က သေခြင်းရဲ့ ခံစားချက်ပဲ... ပေထောင်ပေါင်းများစွာ မြင့်တဲ့ ကောင်းကင်ကနေ ပြုတ်ကျပြီး မသေခင် အခိုက်အတန့်လိုမျိုး....."
ဟုန်ကျွင့်လည်း ချုံမင် သူ့ကို ဝိညာဉ်စွမ်းအား အသုံးပြုနည်းကို သင်ပေးခဲ့တဲ့နေ့ကို ပြန်တွေးလိုက်မိသည်...။
——"မင်းက နတ်ဆိုးဂိုဏ်းဝင် တစ်ယောက်ပဲ မင်းမှော်စွမ်းအင်ကို အသုံးမပြုနိုင်ရင် သေဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး"
ချက်ချင်းပင် ချုံမင်သည် ရုန်းကန်နေသော ဟုန်ကျွင့်သေးသေးလေးကိ့ ကော်လံက ဖမ်းကာ ချောက်ကမ်းပါးပေါ်မှ ပစ်ချလိုက်လေသည်။
ထိုအချိန်တွင် သူသည် ရူးသွပ်စွာ အော်လိုက်ရာ သူ့ဝိညာဉ်သည် ခန္ဓာကိုယ်မှ ထွက်သွားသကဲ့သို့ သို့မဟုတ် ချက်ချင်းပင် ကောင်းကင်နှင့် မြေကြီးရှိ သွေးကြောများကို မြင်လိုက်သကဲ့သို့ ကမ္ဘာနေရာအနှံ့ စီးဆင်းနေသော ဝိညာဉ်စွမ်းအင်များကို မြင်လိုက်ရကာ သူ့ထံမှ စွမ်းအားများ ပေါက်ကွဲထွက်လာခဲ့သည်။
အဆုံးတွင် ချင်းရှုံသည် သူ့ဆီသို့ ပျံသန်းလာပြီး ဟောက်လိုက်ကာ မြေပြင်ထက် တစ်ပေအောက် အရောက်၌ အမိအရ ဖမ်းကာ ကောင်းကင်သို့ ပျံသန်းသွားခဲ့သည်။
ဒါကိုကြားပြီးနောက် လီကျင်လုံလည်း ဟုန်ကျွင့်ကို မျက်မှောင်ကြုတ်ပြီး စိုက်ကြည့်နေလေသည်။
ဟုန်ကျွင့်: "ဒါပေမဲ့ နှလုံးမီးအိမ်က ခင်ဗျားဆီကနေ မွေးလာတဲ့ အရာမဟုတ်ဘူး ကျွန်တော် စဉ်းစားပြီးပြီ...ဒါပေမဲ့ ခင်ဗျားကို ထိခိုက်သွားမှာကို ကြောက်တယ်"
"ဒါဆို မင်းအဲဒီနေ့က အဆိုပြုတဲ့ နည်းလမ်းပဲပေါ့?"
လီကျင်လုံ အဲဒီနေ့က မှော်ဂါထာ စာလုံးပေါင်းတွေကို သင်ယူချင်တဲ့အခါ ဟုန်ကျွင့်က "အခြားနည်းလမ်း ရှိသေးတယ်" လို့ ပြောခဲ့ဖူးပေမယ့် ငါးကြင်းနတ်ဆိုးက ချက်ချင်း ဝင်ရပ်ခိုင်းလိုက်ပါသည်။ ဟုန်ကျွင့် ခေါင်းညိတ်ပြပြီး ဘေးကို လှည့်ကြည့်ကာ မေး၏။
"ကျောက်ကျစ်လုံ ဘယ်မှာလဲ"
လီကျင်လုံ ခေါင်းခါပြီး "သူ အပြင်မှာပဲ ရှိသင့်တယ်"
"ကျွန်တော် ပျောက်ဆုံးနေတာကို သူသိသွားပြီး အဖေ့ကိုရှာဖို့ ပြန်သွားလိမ့်မယ်"
"ငါ ဒီလောက်ကြာအောင် မစောင့်နိုင်တော့ဘူး ငါကိုယ်တိုင် နည်းလမ်းရှာရမယ်"
ဟုန်ကျွင့်က သူ့ဘေးမှာ လှဲနေပြီး မျက်လုံးတွေကို မှိတ်ထားရင်း သူ့စွမ်းအင်တွေ အလွန်နှေးကွေးစွာ ပြန်ကောင်းလာတယ်လို့ ခံစားလိုက်ရသည်။ ကောင်းကင်ကို ကျေးဇူးတင်ပါ၏။ သူသည် ချိုးယုံစစ်နှင့် မော့ရစ်ကန်းတို့ထက် ပိုမိုမြန်ဆန်နေပုံရသည်။ မတိုက်နိုင်သေးပေမယ့် သူ့ခန္ဓာကိုယ်ပေါ်က သံကြိုးတွေကို ဖြတ်ပစ်နိုင်ပါပြီ။
"ကြိုးစားကြည့်မယ်"
"မဟုတ်ဘူး" လီကျင်လုံက ချက်ချင်း ရပ်ခိုင်းလိုက်ပြီး။
"အရူးအမူး မလုပ်နဲ့... မင်း အဆင်ပြေဖို့ပဲ ငါ မျှော်လင့်တယ်"
ဟုန်ကျွင့်က သူ့ကို စိတ်မပူရန် အချက်ပြလိုက်ပြီး သူ၏ မှော်အစွမ်းကို အသုံးပြုလိုက်သည်။ ထိုအခါ အဝေးမှာ ထိုးစိုက်နေသော ဓားပျံသည် အနည်းငယ် တုန်ခါကာ သွေးကန်၏ ကမ်းစပ်တစ်လျှောက် ဖြည်းညှင်းစွာ လျှောကျသွားသည်။ သူ အသက်ပြင်းပြင်း ရှူလိုက်ပေမယ့် ဓားပျံကို မမြှောက်နိုင်ဘဲ မြေပြင်ပေါ်သာ ဖြည်းညှင်းစွာ လျှောကျလာစေနိုင်၏။ ဟုန်ကျွင့်ခမျာ ချွေးတွေ တသွင်သွင် ထွက်ကျလာကာ အသက်ပြင်းပြင်း ရှူနေရသည်။
ဟုန်ကျွင့်လည်း ဘယ်လက်ဖြင့် ပစ်လိုက်သော ဓားကို ကောက်ယူလိုက်ပြီး လက်ပေါ်ရှိ သံကြိုးကို ဖြတ်လိုက်သည်။ ဟုန်ကျွင့်လက်ပေါ်ရှိ သံကြိုးကို ဖြတ်လိုက်သောအခါ သံကြိုးက အသံထွက်မည်ကို စိုးရိမ်သဖြင့် သူတို့နှစ်ယောက်လုံး မလှုပ်ဝံ့ကြပေ။
ဟုန်ကျွင့် သူ့လက်ချောင်းများကို ဆန့်ထုတ်လိုက်သော်လည်း ဓားပျံကို မထိန်းနိုင်ချေ။ အချိန်အတော်ကြာအောင် ကြိုးစားပြီးနောက် အရှုံးပေးလိုက်ရသည်။
"အရင် အနားယူလိုက်ပါ"
လီကျင်လုံက လက်ဟန်ခြေဟန်ပြပြီး ပစ်လိုက်သောဓားကို ညင်သာစွာ ကောက်ယူလိုက်သည်။ ထို့နောက် မော့ရစ်ကန်းတို့ ရှိသော လှောင်အိမ်ဆီသို့ တစ်လက်မမှ တစ်လက်မချင်း ရွေ့လျားကာ ဓားပျံကို မော့ရစ်ကန်းလက်ထဲသို့ ညင်သာစွာ ထိုးထည့်ပေးလိုက်သည်။
မော့ရစ်ကန်းလည်း ဟုန်ကျွင့်ကို အနည်းငယ် စောင်းကြည့်လိုက်သည်။ သူ နာကျင်မှုကြောင့် လန့်နိုးလာသော် လီကျင်လုံက အသံတိတ်နေရန် အချက်ပြပြီး လှောင်အိမ်ရှိ သော့ကို ဖြည်းညှင်းစွာ ဖြတ်လိုက်သည်။ မော့ရစ်ကန်း တိတ်ဆိတ်နေခဲ့သည်။ ခဏအကြာတွင် သော့ခလောက်ပြုတ်ကျပြီး မော့ရစ်ကန်း၏ လက်ကောက်ဝတ်အား ပျော့သွားသော်လည်း လှောင်အိမ်ထဲက အသံထွက်ခါနီးတွင် လီကျင်လုံက ၎င်းကို ဖမ်းဆုပ်လိုက်သည်။
သူက ဓားပျံကို မော့ရစ်ကန်းဆီ ပေး၍ ဘေးက ချိုးယုံစစ်ရဲ့ လှောင်အိမ်ဆီ ရွှေ့လိုက်ပြီး မော့ရစ်ကန်းကတော့ မိမ်လှောင်အိမ်ရဲ့ သော့ကို ဖွင့်ဖို့ ထောက်လိုက်ပါ၏။
လီကျင်လုံ ဟုန်ကျွင့်ဘက် လှည့်လိုက်သည်။
"ထပ်လုပ်လို့ရမလား?"
ဟုန်ကျွင့် မျက်လုံးများကို မှိတ်ထားပြီး သွေးအိုင်၏ တစ်ဖက်ခြမ်းတွင် ပြန့်ကျဲနေသော မှော်လက်နက်များဆီ လက်ဆန့်လိုက်သည်။ လေထုအလယ်၌ ပျံသန်းနေသော ဓားတစ်လက်သည် ဖြည်းညှင်းစွာ ကျော်တက်သွားသည်။
လီကျင်လုံ အမိဖမ်းထားလိုက်သည်။ ထိုအခိုက်အတန့်တွင် မော့ရစ်ကန်းက ချိုးယုံစစ်ကို ပေါ့ပေါ့တန်တန် ကုတ်ခြစ်လိုက်ရာ ချိုးယုံစစ်လည်း နာကျင်မှုမှ နိုးထလာကာ ဒုတိယမြောက်ဓားကို ချိုးယုံစစ်အား ပေးလိုက်သည်။
ဟုန်ကျွင့် တတိယမြောက်ဓားကို ဆင့်ခေါ်လိုက်သော်လည်း အချိန်အကြာကြီး မလှုပ်ရှားနိုင်တော့ဘဲ မောပန်းကာ နံရံကို မှီထားလိုက်ရသည်။ လီကျင်လုံသည် တတိယမြောက်ဓားကို ကိုင်ဆောင်ကာ လုံလောက်ကြောင်း ပြရန် ခေါင်းညိတ်လိုက်သည်။ သူက ဓားပျံကို လက်ထဲတွင် ဝှက်ထားကာ မြေပြင်ပေါ်၌ လှဲနေလိုက်သည်။
"အဲဒီမိစ္ဆာနှစ်ကောင်... သူတို့ကို ဓားနဲ့ သတ်နိုင်တဲ့ နေရာတွေ ရှိလား"
လီကျင်လုံ အသံတိုးတိုးဖြင့် ပြောသည်။
"နှလုံး" မော့ရစ်ကန်းက ပြန်ဖြေသည်။
"နဂါးရဲ့နှလုံးသားက ဘယ်မှာလဲ လူသားနဲ့တူလား"
ချိုးယုံစစ်: "နတ်ဆိုးပုံစံမှာ နဂါးရဲ့နှလုံးက လည်ချောင်းအောက် သုံးလက်မမှာ... လူသားပုံစံနဲ့ဆို နံရိုးထဲမှာ ရှိတယ်"
လီကျင်လုံက ခေါင်းညိတ်ပြီး "ခဏနေရင် ငါအရင် လှုပ်ရှားလိုက်မယ်... ယုံစစ်က တစ်ဖက်က ဦးဆောင်ပြီး မော့ရစ်ကန်းက ငါ့ကို ကူညီပေး!"
သူတို့သုံးယောက်က ဓားတစ်ချောင်းစီ ကိုင်ထားပြီး မောဟိုက်မနေတော့ပေ။ မော့ရစ်ကန်းက ခပ်တိုးတိုး ထပ်ပြောသည်။
"ခေါင်းဆောင် ငါက ကြီးကြီးမားမား မသရုပ်ဆောင်နိုင်သေးဘူး အားလုံးက မင်းအပေါ်မှာပဲ မူတည်တယ်"
လီကျင်လုံ ခေါင်းညိတ်လိုက်သည်။
"ခေါင်းဆောင်..." ဟုန်ကျွင့် တိုးတိုးလေး ပြောပြီး။
"ခဏစောင့်... ကျွန်တော်ခွန်အား ပြန်ရလာတဲ့အထိ စောင့်ပါဦး..."
လီကျင်လုံ ပြုံးပြီး ဟုန်ကျွင့်ကို ကြည့်လိုက်သည်။
"လုပ်ကြရအောင်"
"ဟုန်ကျွင့်!"
ချိုးယုံစစ်က အထိတ်တလန့်နဲ့ အော်ပြီး လှောင်အိမ်ထဲက ထွက်ဖို့ ကြိုးစားလေသည်။ အသံက ချက်ချင်းဆိုသလို စွမ်းနင်ကို ဆွဲဆောင်မိသွားရာ တစ်ဖက်မိစ္ဆာလည်း လန့်ဖျပ်သွားလေသည်။
"အိုး နိုးနေပြီလား"
စွမ်းနင် လီကျင်လုံရှေ့မှာ ဖြတ်သွားသောအခါ ဟုန်ကျွင့်၏ သူအိမ်ငယ်များ ရုတ်တရက် ကျုံ့သွားသည်။ ထိုစဥ် လျှပ်စီးလက်သွားသလို မော့ရစ်ကန်းက လှောင်အိမ်တံခါးကို ပြင်းပြင်းထန်ထန် ကန်ထုတ်လိုက်ပြီး စွမ်းနင်ကို ပိတ်ဆို့ထားလိုက်သည်။ လီကျင်လုံက သံကြိုးကိုလည်း မြေပြင်မှ သပ်ရပ်စွာ ဆွဲထုတ်၍ စွမ်းနင်ဘက် ဝေ့ယမ်းလိုက်တော့သည်။
မြေပြင်ကို ထောက်ကာ၊ ခုန်ပေါက်ကာ၊ ပျံသန်းကာဖြင့် တိုက်ခိုက်သည်။ လီကျင်လုံသည် ပြင်းထန်သော ရိုက်နှက်ခြင်းကို ခံရပြီးနောက်တွင် သူသည် ပျော့ခွေနေကြောင်း တမင်တကာ ပြသခဲ့ပြီး ယခုအချိန်တွင် သူ၏ ခွန်အား အားလုံးဖြင့် တွန်းလှန်ခဲ့သည်။ အသက်နှင့်သေခြင်း ၊ ခိုးဝင်တိုက်ခိုက်ခြင်းတွင် မည်သည့်အရာမှ အပြစ်အနာအဆာ မရှိပေ။
တခဏချင်းမှာပဲ လီကျင်လုံက ရှေ့ကိုခုန်ပြီး ညာလက်နဲ့ သံကြိုးကို ဆွဲထုတ်ကာ စွမ်းနင်ရဲ့လည်ပင်းမှာ ရစ်ပတ်ပစ်လိုက်သည်။ ဘယ်လက်က ကိုင်ထားတဲ့ ဓားပျံနဲ့ ၎င်းရဲ့ရင်ဘတ်ထဲ ချက်ချင်းနက်သွားတဲ့ အထိ ထိုးချလိုက်လေသည်။
သို့သော် စွမ်းနင်သည် အနက်ရောင် စွမ်းအင်အဖြစ်သို့ ပျံ့လွင့်သွားလေသည်။ နဂါးမိစ္ဆာ၏ ကြီးမားသော ခန္ဓာကိုယ်သည် အဖြစ်သို့ ပြောင်းလဲသွားပြီးနောက် သူက လီကျင်လုံကို ခြေတစ်လှမ်းတည်းဖြင့် ကန်ထည့်လိုက်သည်။ တစ်ဖန် လူအသွင်ပြောင်းကာ တစ်ချက်ပြီးတစ်ချက် ကန်၏။
ဓားပျံက ဟုန်ကျွင့်မိသားစု၏ မှော်လက်နက် ဖြစ်သည်။ လက်နက်သည် မသေမျိုး ဓားပျံ ဖြစ်ပြီး ၎င်းသည် ရွှံ့စေးကဲ့သို့ သံကို ဖြတ်တောက်ထားနိုင်ဆဲ ဖြစ်သည်။ ဓားပျံ၏ စွမ်းအားသည် မီးတောက်များအဖြစ် ပေါက်ကွဲကာ လီကျင်လုံ မြေပေါ်သို့ လဲကျသွားသည်။
မော့ရစ်ကန်းနဲ့ ချိုးယုံစစ်လည်း လှောင်အိမ်တံခါးထဲမှ ပြေးထွက်လာသည်။ ဟုန်ကျွင့်လည်း မိမိဘာသာ ထနိုင်ရန် ရုန်းကန်နေရသည်။ နောက်အခိုက်အတန့်တွင် သွေးကန်ထဲမှ အသံများ ထွက်လာပြီး ယိုင်ကျန်းသည် သွေးများ စီးကျလျက်သား အခြေအနေမှ ပြေးထွက်လာကာ လီကျင်လုံအား ထပ်၍ ကန်ထုတ်လိုက်လေသည်။
ဟုန်ကျွင့် သူ့အံသွားတွေကို အံကြိတ်ပြီး ယိုင်ကျန်းကို ထောင်ဖမ်းပြီး သံကြိုးကို လွှင့်ပစ်ခဲ့ပေမယ့် မတတ်နိုင်သေးပေ။ မော့ရစ်ကန်းက ဓားပျံကို တစ်ဖက်က ကိုင်ထားကာ သူ့ပုခုံးနဲ့ ရှေ့ကို ဆောင့်တွန်းလိုက်ချိန် ချိုးယုံစစ်ကလည်း ယိုင်ကျန်းကို ထိမိပြီး တွန်းထုတ်ပစ်လိုက်သာ်။
ယိုင်ကျန်းသည် ကျယ်လောင်စွာ ဟောက်ပြီး ရုန်းနေစဥ် ဟုန်ကျွင့် ဓားပျံတစ်စင်းကို ထိန်းချုပ်ကာ စွမ်းနင်၏နှလုံးကို ဖောက်ထုတ်ပစ်ခဲ့သည်။ ဖြတ်သွားသည့် ဓားပျံကို ဆွဲထုတ်စဥ် ဂူနံရံ၏အမြင့်မှ မီးမည်းတစ်ခု ရုတ်တရက် ပျံဆင်းလာသည်။ ဝုန်းကနဲ အသံနှင့်အတူ ဟုန်ကျွင့်၏နောက်တွင် အသွင်အပြင်တစ်ခု ပေါ်လာသည်။
ဟုန်ကျွင့် အော်လိုက်တဲ့အခိုင် သန်မာတဲ့ လက်မောင်းတစ်ခုက သူ့ကို ဆွဲကိုင်လိုက်ပြီး သူ့တစ်ကိုယ်လုံးကို လေထဲ မြှောက်ချလိုက်သည်။
ပါ့ရှာ့ ပြန်လာပြီ။
မော့ရစ်ကန်းနဲ့ ချိုးယုံစစ်တို့သည် ဟုန်ကျွင့်ကို ကယ်တင်ရန် အရှိန်အဟုန်ဖြင့် ပြေးလာသောအခါ ပါ့ရှာ့က သူ့လက်ကို မြှောက်လိုက်ရုံဖြင့် အနက်ရောင် မီးခိုးများ ထွက်ကျလာပြီး နှစ်ယောက်သား ပစ်ထုတ်ခံလိုက်ကာ သွေးတွေ ထွက်ကျလာတော့သည်။
လီကျင်လုံ: "ဟုန်ကျွင့်——!"
ပါ့ရှာ့သည် ချွန်ထက်သော ခြေသည်းများဖြင့် ဟုန်ကျွင့်လည်ချောင်းကို တင်းကျပ်စွာ ဆုပ်ထားသည်။ လီကျင်လုံခမျာ ပြင်းထန်သော ခွန်အားဖြင့် လှည့်ပတ်ကာ ဟုန်ကျွင့်ကို ကယ်တင်လိုသော်လည်း ယိုင်ကျန်းက သူ့ခန္ဓာကိုယ်တစ်ဝက်ကို ကိုက်ထားကာ သူ့ကို ဆွဲထုတ်လိုက်သည်။ တစ်ချိန်တည်းတွင် လူတစ်ဦးနှင့် နတ်ဆိုးတစ်ကောင် သွေးကန်ထဲသို့ ထိုးကျသွားသည်။
ဟုန်ကျွင့် အော်ချင်ပေမယ့် အသံမထွက်နိုင်ပေ။ ပါ့ရှာ့က သူ့လည်ပင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး ဘာမှမထူးခြားတဲ့ မျက်နှာနဲ့ ဟုန်ကျွင့်ကို သွေးကန်စွန်းဆီ ပစ်ပေါက်လိုက်သည်။ လီကျင်လုံ ခြေထောက်ဖြင့် ပြင်းပြင်းထန်ထန် တွန်းထုတ်သော်လည်း ယိုင်ကျန်းသည် ရေထဲတွင် ပက်လက်လှန်ကာ လီကျင်လုံရဲ့ လက်မောင်းကို အနောက်ကနေ လှမ်းကိုက်လိုက်လေသည်။
ပါ့ရှာ့: "တစ်ယောက်သေတာကို တစ်ယောက် ကြည့်ရတာ ဘယ်လိုခံစားရလဲ?"
ဟုန်ကျွင့် မျက်ဝန်းများသည် သွေးအိုင်ထဲက လီကျင်လုံကို စိုက်ကြည့်ရင်း အနည်းငယ်ဆီ တိုးလာကြည့်သည်။
လီကျင်လုံလည်း အကိုက်ခံထားရတာကြောင့် တုန်တုန်ယင်ယင် ဖြစ်လာသည်။ ပင်လယ်ထဲမှာ နစ်မြှုပ်နေတုန်း သူ့မျက်လုံးထဲမှာ ဟုန်ကျွင့်က သွေးအိုင်ရဲ့ အစွန်းမှာ တွဲလောင်းကျနေလေ၏။ အဲဒီအချိန်မှာ ပါ့ရှာ့က ဟုန်ကျွင့်ရဲ့လည်ပင်းကို လက်တစ်ဖက်နဲ့ ညှစ်ထားလေသည်။ ဟုန်ကျွင့်၏ ဓားပျံကို ပါ့ရှာ့က အခြားလက်တစ်ဖက်တွင် ကိုင်ထားပြီး ဟုန်ကျွင့် မေးရိုးတစ်ဖက်ကို ဖိကာ သူ့နားရွက်ကို ဖြည်းညှင်းစွာ ဖြတ်လိုက်သည်။
ဟုန်ကျွင့် နားရွက်များမှ သွေးများ အဆက်မပြတ် စီးကျလာသည်။
လီကျင်လုံ : "..."
ဟုန်ကျွင့်၏ အသိစိတ်သည် တဖြည်းဖြည်း မှုန်ဝါးလာပြီး ပြင်းထန်သော နာကျင်မှုကြောင့် လူက တောင့်ခဲသွားသည်။ လီကျင်လုံ စိတ်ပျက်အားငယ်စွာဖြင့် ပါးစပ်ကို ဖွင့်လိုက်သော်လည်း ယိုင်ကျန်းက၏ ချွန်ထက်သော ခြေသည်းများက သူ့ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်ကာ ပြင်းထန်သောနာကျင်မှုက သူ့တစ်ကိုယ်လုံးကို ထိမှန်သွားလေသည်။ သူ့သွေးတွေက သွေးအိုင်ထဲတွင် စီးကျနေသည်။
ဟုန်ကျွင့်၏ မျက်လုံးများသည် မျက်ရည်များဖြင့် ပြည့်နေပြီး ပါးစပ်က ပွင့်သွားသော်လည်း ဘာသံမှ ထွက်မလာပေ။
နောက်အခိုက်အတန့်တွင် သွေးအိုင်ထဲ အလင်းရောင်များ တောက်ပလာသည်။ ရုတ်တရက် တောက်ပတဲ့ အလင်းရောင်တွေ ထွက်ပေါ်လာပြီး ရေကန်ထဲက သွေးတွေ ပေါက်ထွက်သွားသည်။ အလင်းရောင်က ထောင်ပေါင်းများစွာ ကောင်းကင်အထိ ထိုးတက်လာ၏။
"သူ့ကိုလွှတ် --!"
လီကျင်လုံ ဒေါသတကြီး ဟောက်ရင်း သူ့ဘယ်ဘက်ရင်ဘတ်ကို ညာလက်နဲ့ အုပ်ပြီး ဘယ်လက်ကို ရှေ့ကို ဆန့်တန်းကာ မတတ်နိုင်လောက်အောင် ပြင်းထန်တဲ့ အလင်းရောင်အောက်မှာ ထလာခဲ့သည်။ ယိုင်ကျန်းလည်း သွေးပင်လယ်ထဲက ခုန်ထွက်သွား၏။ လီကျင်လုံကို ခက်ခက်ခဲခဲ ကိုက်ရန် သူ၏ချွန်ထက်သော သွားများကို မည်သို့ပင်ဆိုစေ ကိုက်နေပါစေ လီကျင်လုံသည် ယိုင်ကျန်း၏ခေါင်းကို ဘယ်ဘက်လက်ဖြင့် ဆုပ်ကိုင်ထားသည်။
သူ၏ ဘယ်ဘက်လက်မှ ပြင်းထန်သော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ထိုပြင်းထန်သော အလင်းရောင် အောက်တွင် ယိုင်ကျန်း၏ ခန္ဓာကိုယ်တစ်ခုလုံးက နဂါးအကြေးခွံများ ပေါက်ကွဲသွားသည်။ ထို့နောက် အနက်ရောင် စွမ်းအင်များ လွင့်စင်သွားကာ သွေးအိုင်ထဲ ဆက်လက်၍ ရုန်းကန်နေသော်လည်း ဤအဖြူရောင်၏ ပြင်းထန် ပူလောင်သော စွမ်းအားကို မခံနိုင်ပေ။
ယိုင်ကျန်း၏ အကြေးခွံများ ပျောက်ကွယ်သွားကာ သွေးများသည် မီးခိုးများ အဖြစ်သို့ ပြောင်းလဲသွားသည်။ အနက်ရောင် အရိုးများသည် အဖြူရောင် အလင်းရောင်အောက်တွင် မီးစွဲလောင်ကာ ပြာဖြစ်အထိ တစ်ခဏအတွင်း ပြောင်းလဲသွားချေ၏။
လီကျင်လုံ သွေးအိုင်ပေါ် လှမ်းတက်လိုက်သည်နှင့် သူ့ခြေဖဝါးအောက်မှ အလင်းရောင်သည် ပြန့်ကားလာသည်။ သူက ပါ့ရှာ့ဆီသို့ တရွေ့ရွေ့ လျှောက်သွားကာ ငရဲပြည်ရှိ သွေးပင်လယ်ထဲမှ ထွက်လာသူကဲ့သို့ပင်။ ပါ့ရှာ့ မတတ်နိုင်တော့ဘဲ သူ့မျက်လုံးများက သွေးစွန်းနေသော ထိုလူကို စူးစိုက်ကြည့်နေ၏။ ထိုသူ့လက်ထဲက တောက်ပနေသော အလင်းရောင်ကြောင့် သူ့မျက်လုံးများပင် ပြန်ဖွင့်ရန် မဖြစ်နိုင်သလောက်ပင်။
"သူ့ကိုလွှတ်စမ်း!" လီကျင်လုံ ထပ်ဟောက်လိုက်သည်။
သူ့တစ်ကိုယ်လုံး အလင်းရောင် ပြင်းပြင်းဖြင့် လင်းထိန်နေပြီး ဟုန်ကျွင့် သူ၏ဝိညာဉ်သုံးပါးနှင့် ဝိညာဉ်ခုနစ်ပါးတို့ ပုန်းအောင်းရန် နေရာမရှိသလောက်ပင်။ လီကျင်လုံက ယခုအချိန်တွင် လောင်ကျွမ်းလုနီးပါး ဖြစ်နေပါပြီ။ ဤအခိုက်အတန့်တွင် သူသည် မိစ္ဆာအား လက်စားချေလိုသော ရူးသွပ်သူတစ်ဦး ကဲ့သို့ဖြစ်နေပြီး ကမ္ဘာပေါ်ရှိ နတ်ဆိုးအားလုံးကို လောင်ကျွမ်းစေသော မီးတောက်များကို သူ့လက်တွင် ကိုင်ဆောင်ထားသည့် နတ်တစ်ပါးကဲ့သို့ပင်။
ပါ့ရှာ့က လီကျင်လုံကို ဘေးဖယ်ထားလိုက်သည်။ သူသည် ရုတ်တရက် မိစ္ဆာအဖြစ်သို့ ပြောင်းလဲသွားကာ လီကျင်လုံဆီသို့ ပြေးဝင်သွားတော့သည်။
လီကျင်လုံ၏ မောက်မာမှုသည် သူ့ပတ်ဝန်းကျင်တွင် လောင်ကျွမ်းနေသော အဖြူရောင်မီးလျှံကဲ့သို့ အရူးအမူး ပေါက်ကွဲထွက်လာ၏။ သူ့ဘယ်ဘက်လက်ကို မြှောက်ကာ ပါ့ရှာ့ခေါင်းကို ကိုင်ရင်း အံကြိတ်သံကြီးဖြင့် ပြောလိုက်သည်။
"သေလိုက်စမ်း!......."
ကျယ်လောင်သော ဆူညံသံနဲ့အတူ ပါ့ရှာ့သည် အလင်းထဲတွင် နစ်ဝင်သွားကာ ကျောက်ဆောင်မြေထဲသို့ ပြင်းထန်စွာ ဖိသွင်းခံလိုက်ရသည်။ သူ့တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး အဆက်မပြတ် ရုန်းကန်နေသည်။ လီကျင်လုံ၏ ခန္ဓာကိုယ်ပေါ်ရှိ ပြင်းထန်သော အလင်းတန်းများ လင်းလက်သွားကာ အရာအားလုံးက သူ့လက်ထဲ ထိန်းချုပ်ထားသကဲ့သို့ ပြောင်းလဲသွားခဲ့သည်။ ခဏကြာတော့ ပါ့ရှာ့၏ စိတ်ပျက်အားငယ်စွာ အော်ဟစ်သံကြီး ထွက်ပေါ်လာပြီး သူ့တစ်ကိုယ်လုံး ကွဲအက်ကာ အပိုင်းပိုင်းလောင်ကျွမ်းသွားသည်။ ချက်ချင်းပင် အဖြူရောင်မီးတောက်များက သူ့အား လုံး၀ ဝါးမျိုသွားခဲ့လေ၏။
ဟုန်ကျွင့်၊ မော့ရစ်ကန်းနဲ့ ချိုးယုံစစ်တို့သည် မျက်လုံးများကို ပိတ်ဆို့ရန် လက်နှစ်ဖက်ကို မြှောက်လိုက်ကြရသည်။ အဲဒီနောက် လီကျင်လုံ၏ မောက်မာသော စွမ်းအင်များ တဖြည်းဖြည်း ပျောက်ကွယ်သွားကာ ဟုန်ကျွင့်ကို မယုံကြည်နိုင်စွာ လှည့်ကြည့်လိုက်သည်။
လီကျင်လုံ : "ငါ...ငါ..."
ဟုန်ကျွင့် စကားတစ်ခွန်းမှ မပြောနိုင်တော့ဘဲ လီကျင်လုံကိုပဲ ကြည့်နေသည်။ သူ့လက်နှစ်ဖက်နှင့် နားရွက်များက နာကျင်လာပြီး ခွန်အားများ ဆုံးရှုံးသွားကာ ပြန်လဲလုနီးပါး ဖြစ်နေပြီ။
အမွှေးတိုင်တစ်ချောင်းစာ အချိန်ကုန်သွားသော်....။
"ဒဏ်ရာကို ဖိထား..." လီကျင်လုံက စိုးရိမ်တကြီးနဲ့ ပြောသည်။
ဟုန်ကျွင့်: "ကိစ္စမရှိပါဘူး မနာတော့ဘူး"
မော့ရစ်ကန်း: “ဆေးကိုတော့ ဒဏ်ရာပေါ် လိမ်းထားရမယ်”
ချိုးယုံစစ်: "ဘယ်ဟာတွေကို အတွင်းဒဏ်ရာနဲ့ ဘယ်ဟာတွေကို ပြင်ပဒဏ်ရာမှာ သုံးသင့်တာလဲ... ဟုန်ကျွင့် ကိုယ့်ဘာသာ ကြည့်စမ်းပါဦး..."
ဟုန်ကျွင့် သူ့ဆေးအိတ်ထဲမှာ ဒဏ်ရာလိမ်း ဆေးတွေ ရှိနေသေးသည်။ ဟုန်ကျွင့် ဆေးလိမ်းပြီးတဲ့ နောက်မှာတော့ ချိုးယုံစစ်က ဆို၏။
"မင်း ချုပ်ရိုးတွေ အမြန်ဆုံး သက်သာသွားအောင် လုပ်ရမယ် မဟုတ်ရင် အမာရွတ်တွေ ချန်ထားခဲ့ရမှာ ရှက်စရာကြီး...."
လီကျင်လုံ: "အမာရွတ်တွေရှိမှာ မဟုတ်ဘူး... ကောင်းသွားလိမ့်မယ်"
ဟုန်ကျွင့် ခေါင်းညိတ်ကာ လီကျင်လုံ၏ ဒူးပေါ်တွင် သူ့ခေါင်းကို စောင်းထားကာ လီကျင်လုံအား ဆေးလိမ်းပေးစေသည်။ အားလုံးက ကြောက်ရွံ့နေကြဆဲ ဖြစ်သော်လည်း သေခြင်းတရားမှ လွတ်မြောက်လာပြီးနောက် အားလုံးက ရယ်မောသွားနိုင်ကြသည်။
လီကျင်လုံ ပြုံးလိုက်ပြီး သူ့မျက်လုံးတွေလည်း နီရဲလာသည်။ လက်တစ်ဖက်က ရင်ဘတ်ကို ထိကြည့်လိုက်၏။
ဟုန်ကျွင့်: "ကံကောင်းတာက ခေါင်းဆောင်ရှိနေလို့...."
ကျန်နှစ်ယောက်က 'ဟုတ်တယ် ဟုတ်တယ်' လို့ ထောက်ခံကြ၏။ ခေါင်းစဉ်ပြောင်းပြီး ဟုန်ကျွင့် ထထိုင်တော့မည် ဖြစ်သော်လည်း လီကျင်လုံက သူ့ကို ခဏလောက် အနားယူခိုင်းထညးသည်။
"အမြန်ဆုံး ထွက်ပေါက်ရှာ..."
လီကျင်လုံ ပါးစပ်ကို ဖွင့်လိုက်သည်နှင့် သူ့နှလုံးက နာကျင်လာတာကြောင့် စကားရပ်သွားသည်။
"ဘာဖြစ်တာလဲ" ဟုန်ကျွင့် စိတ်ပူသွားသည်။
လီကျင်လုံ သူ့လက်ကို ဝှေ့ယမ်းစဥ် မော့ရစ်ကန်းက ဝင်ရောက်ရှင်းပြသည်။
"အခုနကသုံးတဲ့ မှော်စွမ်းအင်က နှလုံးကို ထိခိုက်စေနိုင်တယ် ဒါကြောင့် အရင်လှဲနေဖို့လိုတယ်"
လီကျင်လုံက ဘာမှမဖြစ်ဘူးဟု ဆိုပြီး ဟုန်ကျွင့်ဘက် လှည့်မေးသည်။
"နှလုံးမီးအိမ်ကို ငါ သုံးလို့ရသွားပြီလား?"
ဟုန်ကျွင့်လည်း ဘာဖြစ်နေမှန်းကို မသိတာကြောင့် အသံတိုးတိုးနဲ့ ဖြေလိုက်သည်။
"ရူးရူးမိုက်မိုက် မလုပ်ပါနဲ့... ဝိညာဉ်စွမ်းအင်ရဲ့ တိုက်မိမှုက ကြွက်သားတွေနဲ့ သွေးကြောတွေကို အလွယ်တကူ ဒဏ်ရာရစေနိုင်တယ်"
လီကျင်လုံ မှော်စွမ်းအင်ကို စမ်းကြည့်ချင်သော်လည်း ယခု ၎င်းကို မသုံးနိုင်တော့ပေ။ ထိုခဏ၌ပင် သူစိတ်ပျက်သွား၏။ အစောတုန်းက သူ့စွမ်းအားကို ပေါက်ကွဲရန် အခွင့်ရှိခဲ့သည်။
ချိုးယုံစစ်: "နှလုံးမီးအိမ်က လောင်ကျွမ်းမီး ချန်မိသားစုရဲ့ မှော်လက်နက်ပဲ... အဲဒါက ခန္ဓာကိုယ်အတွင်းထဲက သွေးကြောတွေနဲ့ ပေါင်းစပ်သွားပြီး နှလုံးရဲ့ စွမ်းအားကိုလည်း ထိခိုက်စေတယ်... သေရေးရှင်ရေး အရေးပါတဲ့ အချိန်တွေမှာပဲ ထိန်းမနိုင်သိမ်းမရ လွှတ်ထွက်လာတတ်တာ... "
လီကျင်လုံလည်း မျက်မှောင်ကြုတ်ပြီး "အခုအချိန်က အရေးကြီးတဲ့ အခိုက်အတန့်ပဲ ဒီမှာ အကြာကြီးနေဖို့ မသင့်တော်ဘူး... ဒီနှလုံးမီးအိမ်ကလည်း ထပ်ထွက်လာဖို့ မဖြစ်နိုင်ဘူး... အရင်ထွက်သွားသင့်တယ်"
ဟုန်ကျွင့်၏ နားနှင့် လက်မောင်း ဒဏ်ရာများကို ရိုးရိုးရှင်းရှင်း ပတ်တီးစည်းထားပြီး သူ့စွမ်းအင်တွေလည်း အတော်အသင့် ပြန်ရနေပြီ။ မော့ရစ်ကန်းလည်း ထောင့်တွင် ပစ်ထားသော မှော်လက်နက်ကို ကောက်ကိုင်လိုက်ကာ ချိုးယုံစစ်ကိုလည်း စုတ်တံတစ်ချောင်း ပေးလိုက်သည်။
"စွမ်းအင်တွေ ပြန်ကောင်းနေသရွေ့ ငါတို့ ရုန်းထွက်နိုင်မှာ သေချာတယ်"
မော့ရစ်ကန်းက သူ့ခေါင်းကို မော့ပြီး ဂူထိပ်ရှိ ပို့ဆောင်ခြင်းအစီအရင်ကို ကြည့်ကာ ဆိုလိုက်သည်။
"မြေခွေးနတ်ဆိုးက နောက်ထပ် ၂နာရီလောက်ဆို ပြန်လာနိုင်တယ်.... ငါတို့က ပြန်ပြီး လက်တွဲလိုက်ရင် အလုပ်ဖြစ်ကောင်းဖြစ်မယ်... သူ့ကိုတိုက်နိုင်မလား မသေချာသေးဘူး”
"နတ်အလင်းရောင်က သူမခန္ဓာကိုယ်ပေါ်မှာ ရှိနေပြီ... ငါ့ဆီကနေ ယူသွားတာ" ဟုန်ကျွင့်က ပြန်ဖြေသည်။
ချိုးယုံစစ်: "သူမကို ချောင်းမြောင်းဖို့ နေရာကို ဘယ်လိုရှာရမလဲ?"
လီကျင်လုံ: "အရင် ပုန်းနေကြမယ်...အလောင်းတွေကို စွန့်ပစ်လိုက်ပါ"
အလောင်းကောင် ဖြစ်တဲ့အရာက စွမ်းနင်တစ်ယောက်သာ ကျန်တော့သည်။ လေးယောက် အတူတူ ၎င်းအား သွေးအိုင်ထဲ ပစ်ချလိုက်ပြီး စွမ်းနင်၏ အလောင်းလည်း နစ်မြုပ်သွားခဲ့သည်။ စွမ်းနင်သေဆုံးခြင်းကို တွေးတောရင်း ပါ့ရှာ့ အကြောင်းပြချက် မရှိ ပြန်ပေါ်လာတာက ထူးဆန်းကြောင်း ခံစားရစေသည်။ ၎င်းတို့အားလုံးသည် နဂါးများဖြစ်ကြပြီး သူတို့ကတော့ သူတို့အသက်အတွက် အပြင်းအထန် တိုက်ခိုက်ရင်း နောက်ဆုံးတွင် လွတ်မြောက်သွားခဲ့သည်။
ဂူထဲမှာ မြင့်မားတဲ့ ရေကန်ငယ်တစ်ခုရှိပြီး ရေကန်ပတ်လည်မှာ ပိုးကောင်တချို့ ပြန့်ကျဲနေသည်။ စွမ်းနင် အခုနက ဒီနေရာကို ရောက်လာတာ အံ့သြစရာမရှိပါဘူး။ သူတို့လေးယောက်လည်း သူတို့ရဲ့စွမ်းအင်ကို ပြန်လည် ရယူရင်း ခဏလောက် အနားယူဖို့ ရိုးရှင်းတဲ့ အစီအစဉ်တစ်ခု ပြုလုပ်ခဲ့သည်။ သခင်မကော် ရုတ်တရက်ပြန်လာရင် ခိုးကြောင်ခိုးဝှက်နဲ့ တိုက်ခိုက်မှုကို စတင်လိုက်ကြမည်။