(10)
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 2)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ချင်လင်နတ်သစ်ပင်


Chapter (10)

ငါးကြီး



လောင်းယန်က ဒီလိုပြောပေမယ့် သူတို့ခမျာ လည်ပင်းလောက်နက်တဲ့ ရေထဲမှာ ချည်နှောင်ခံထားရသလို ခက်ခက်ခဲခဲ ကူးခတ်နေရတာ ဖြစ်လေသည်။ သူတို့ ဘယ်လိုလုပ် ခပ်မြန်မြန် လွတ်မြောက်နိုင်ပါ့မလဲ ဆိုတာကို တွေးရင်း အကြိမ်အနည်းငယ် တလှုပ်လှုပ်နဲ့ ပြန်ကြည့်လိုက်တော့ တြိဂံပုံ ရေအမှတ်အသားက လျှပ်စီးလက်သလို သူဆီ ပြေးလာနေတာကို တွေ့လိုက်ရသည်။ 


ဓာတ်မီးကို လက်ကောက်ဝတ်မှာ အမြန်ချိတ်ပြီး ခါးပတ်မှာ အလျားလိုက် ထည့်ထားတဲ့ ဓားမြှောင်ကို ဆွဲထုတ်ကာ ကျောပိုးအိတ်ကို အကာအကွယ်အဖြစ် ရှေ့ကနေ သယ်သွားလိုက်သည်။ တစ်ချိန်တည်းမှာပဲ လောင်းယန်ကို အကူအညီပေးဖို့ လှမ်းခေါ်လိုက်တော့ ထိုကောင်လေးက ဆယ်​မီတာ​ကျော်​ အ​ဝေးအထိ ကူးခတ်​​နေပြီ ဆိုတာကို တွေ့ရလေ၏။


ဝူရှဲ သူ့စိတ်ထဲကနေ သူ့ဘိုးဘေးဆယ်ပါးအထိ ရေတွက် ကြိမ်းမောင်းလိုက်တော့သည်။ ဒီအချိန်မှာ သူ သိပ်စဉ်းစား​နေလို့ မရပေ။ ဘီလူးကြီးက လျှပ်စီးလက်သလို ပြေးလာပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ သူရှေ့ကို ရောက်လာသည်။


ဝုရှဲ ခန္ဓာကိုယ်ကို နှိမ့်ချပြီး ထိုဘီလူးကို ထိုးနှက်ဖို့ ပြင်ဆင်နေလိုက်သည်။ တြိဂံပုံ ရေအမှတ်အသားသည် သူ့ရှေ့ သုံးပေခန့်သို့ လျင်မြန်စွာ ရောက်လာပြီး ရုတ်တရက် ရေမျက်နှာပြင်ပေါ်တွင် တွန့်လိမ်နေသော လှိုင်းလုံးကြီး ပေါ်လာသော်လည်း ရေအမှတ်အသားမှာ မထင်မှတ်ဘဲ ပျောက်ကွယ်သွား​လေသည်။


အချိန်နှောင်းသွားတာလား မြန်လွန်းတာလား မတွေးမိမီတွင် ရုတ်တရက် သူ့​​မျက်လုံးရှေ့တွင် ရေတစ်ဆုပ်က ဖောင်းကနဲ ပေါက်ကွဲထွက်သွားပြီး တစ်ချိန်တည်းမှာပင် သူ့ရင်ဘတ်ကို အင်အားကြီးမားတဲ့ အရာတစ်ခုက ရိုက်ခတ်သွားခဲ့သည်။ ဝူရှဲ ဘာဖြစ်နေမှန်းကို မသိလိုက်ဘဲ နံစော်နေတဲ့ ရေတွေကသာ နှာခေါင်းထဲ တိုးဝင်လာပြီး မျက်လုံးကိုလည်း မဖွင့်နိုင်ခဲ့ချေ။


အဲဒီစွမ်းအားက သူ့ကို ရေထဲတွန်းချပြီး ရှေ့ကို ကူးခတ်သွားခဲ့သည်။ ဝူရှဲမှာ ဆယ်မီတာကျော်ကျော်လောက်အထိ တွန်းထုတ်ခံခဲ့ရသည်။ ရေထဲရောက်သွားတော့ အသက်ရှုဖို့လည်း အချိန်မရှိတော့ရာ အသက်ရှု​ကြပ်လာပြီး သူ့သည်းခံနိုင်တဲ့ ကန့်သတ်ချက်ကို ရောက်လုနီးပါးဖြစ်နေပြီ။ သူ့ကိုဒီအတိုင်း ဆက်တွန်းချခိုင်း​နေ​ရင် သေချာပေါက် အသက်ရှုကြပ်သွားမှာမို့ အံကြိတ်ကာ ဓားမြှောင်ကို ကောက်ကိုင်ကာ ထိုအရာကို ကြုံသလို ထိုးချလိုက်တော့သည်။


လက်ထဲမှာ တုန်လှုပ် ခြောက်ခြားသွားကာ ထိုအရာရဲ့ ဘယ်ကို ထိုးမိလိုက်မှန်းလည်း မသိပေ။ ၎င်းမှာ နာကျင်မှုကို ခံစားရသည့်နှယ် ရုတ်တရက် ရေထဲမှာသူ့ကို ဇောက်ထိုး လှဲချလိုက်လေ၏။ သူ့ခေါင်းက နံရံနဲ့ ထိသွားတာကြောင့် ရုတ်တရက် မျက်စိတွေက ဝေဝါးသွား၏။ 


ဒါပေမဲ့ အနည်းဆုံးတော့ ဓားက အလုပ်​ဖြစ်ပြီး ရင်ဘတ်ကို တွန်းထားတဲ့ အားက ပြေလျော့သွားသလို ဖိအားလည်း ပျောက်သွားသည်။


တစ်ဖက်က အကောင်ဟာ ပါးစပ်ကို ဖြည်လိုက်​​ပြီမှန်း သိလိုက်သဖြင့် ဝူရှဲ ခေါင်းကိုရေထဲက အမြန်ထုတ်ပြီး လောဘတကြီးနဲ့ လေကို ရှုရှိုက်လိုက်သည်။ ရုန်းကန်​နေရင်း တစ်ချိန်တည်းမှာပဲ ကျောပိုးအိတ်ကို ကြည့်လိုက်တော့ တစ်ဝက်လောက်က စုတ်ပြဲသွားပြီး အတွင်းက အရာအားလုံးနီးပါး ပြုတ်ကျသွားတာကို တွေ့ရ၏။ ကံကောင်းထောက်မစွာနဲ့ ကျောပိုးအိတ်နဲ့ ရင်ဘတ်ကို ဖုံးထားလို့သာပေါ့။ ဒါလိုမှ မဟုတ်ရင် ဒီလိုဖြစ်သွားတာက သူ့ရင်ဘတ် ဖြစ်နေမှာ။ အဲဒီအရာ ခဏအတွင်းမှာပဲ အားကြီးကြီးနဲ့ ကိုက်ချသွားတာပင်။ 


အဲဒီအချိန်မှာ ပတ်ဝန်းကျင်က အလင်းရောင်က အရမ်း​မှောင်နေပြီး လောင်းယန်ရဲ့ ဓာတ်မီးက သူနောက်မှာ လှုပ်နေတာကိုပဲ မြင်လိုက်ရသည်။ ဒါပေမဲ့ ဒီအားနည်းတဲ့ အလင်းရောင်တွေက ဘာကိုမှ အလင်းမပြနိုင်ပေ။ အဲဒီအစား သူတို့က ရေကို အလင်းထင်ဟပ်ပြီး သူ့အမြင်အာရုံကိုပါ ထိခိုက်စေသည်။


အသက်နည်းနည်းရှူပြီး စိတ်တွေ ကြည်လင်လာတဲ့ အချိန်မှာ လက်ထဲမှာခဲ့ရှိတဲ့ ဓားမြှောင်က လွတ်သွားပြီဆိုတာ သိလိုက်ရသည်။ နံရံကို ခေါင်းနဲ့ပြေးဆောင့်လိုက်တုန်းက ရေထဲကျသွားလားတော့ မသိပေ။ လက်ဗလာနဲ့ စိတ်ထဲကသာ သက်ပြင်းချလိုက်ရသည်။ ကျောပိုးအိတ်ကို အကာအကွယ်မပါဘဲ နောက်ထပ် အကိုက်ခံရရင် သူ့ကိုယ်တွင်းအင်္ဂါတွေ ပြုတ်ကျလာနိုင်၏။


ကျောက်နံရံမှာ သွားကပ်နေလိုက်သည်။ ​​ဒီနေရာက ကျဉ်းတော့ ဟိုဘက်ဒီဘက် ကပ်နေတာမို့

သူ့ခန္ဓာကိုယ်ကို ကိုက်ဖို့က မလွယ်လောက်ချေ။


အခုလေးတင် တိုက်ပွဲဝင်ခဲ့တုန်းက ထိုအရာဟာ ငါးကြီးတစ်ကောင်လို့ ယောင်ဝါးဝါး ထင်မိပေမယ့် ဒီအလုံပိတ် ကန်ထဲမှာ ဘယ်လိုလုပ် ဒီလို ငါးမျိုးရှိနိုင်မှာလို့ ထပ်တွေးမိသည်။ အဲဒါက ဒီလောက်ကြီးတဲ့ ငါးကြီးလေ။ ဒါက ယုတ္တိမတန်ဘူး။ အဲဒါဆိုရင်တောင် ငါးကြီးက ဘာစားမှာလဲ ကျောက်တွေကို စားမှာလား?


လောင်းယန်က သူ့ကို အနောက်ကနေ လိုက်ခေါ်ပြီး မေးမြန်းလာ၏။


"အဆင်ပြေရဲ့လား? လက်တွေခြေတွေ ပျောက်နေ​​သေးလား?"


ဝူရှဲ သူ့ကို အမြန်တားပြီး နံရံကို ကပ်ခိုင်းထားပြီး ပြောလိုက်သည်။ 


"မလာနဲ့! အဲဒီဟာက အနီးမှာ ရှိနေတုန်းပဲ" 


လောင်းယန်က သူပြောတာကို မကြားလိုက်ဘဲ 


"အားလုံး အဆင်ပြေလား? ငါအစောတုန်းက သူ့အာရုံကို ဆွဲဆောင်ဖို့ ဆူညံနေချင်ပေမယ့် မမျှော်လင့်ထားဘူး သူက ဒါကိုမစား..." 


ပြောနေတုန်း လမ်းတစ်ဝက်မှာ သူ့ဘေးနားက ရေတွေက ရုတ်တရက် ဆူပွတ်လာပြီး လောင်းယန်တစ်ယောက် ရေထဲကို ဆွဲချခံလိုက်ရပြီ။ နေရာအနှံ့ ရေတွေ ပက်ကျဲကျဲ ဖြစ်နေတော့ တစ်ချိန်တည်းမှာပဲ ငါးအမြီးက ရေထဲက ထွက်လာရာ ရေစိမ်းစိမ်းတွေက ဝူရှဲမျက်နှာကို ပြေးဝင်လာတော့သည်။ 


ဝူရှဲ့ စိတ်ထဲကနေ မကောင်းတော့ဘူးလို့ အော်ဟစ်လိုက်သည်။ လောင်းယန် ဘယ်နေရာကို အကိုက်ခံလိုက်ရမှန်း မသိ။ တကယ်လို့ ခန္ဓာကိုယ်မှာ အကိုက်ခံရရင် တကယ်ကို ပြင်းထန်လိမ့်မယ်။ မသေရင်တောင် မသန်မစွမ်း ဖြစ်သွားလိမ့်မယ်။


သူ့​တစ်ကိုယ်လုံးကို ရှာဖွေခဲ့ပေမယ့် တခြားလက်နက်ကိုတော့ မတွေ့ရတော့ရာ အိတ်ကပ်ထဲက စစ်တပ်သုံး ဓားတစ်ချောင်းကို ထုတ်လိုက်တော့သည်။ ဒီဓားဟာ အသွားကောင်းပေမယ့် တိုလွန်းပါသည်။ တစ်ချက်တည်းနဲ့ တစ်စုံတစ်ယောက်ကို မသတ်နိုင်ပေ။ ခုတော့ သူ့မှာဇီဇာကြောင်နေစရာ မလိုတော့တာကြောင့် အော်ပြီး ရေထဲခုန်ဆင်းကာ လောင်းယန်ရှိရာဘက်သို့ ကူးခတ်သွားလိုက်သည်။ 


အဲဒီအချိန်နှာမှာ ခိုက်ရန်ဖြစ်ပွားနေတာကြောင့် ရေထဲမှာ ဘာကိုမှ မမြင်ရပေ။ နှစ်ကြိမ်လောက်ထိတော့ ငါးအမြီးက သူ့အပေါ်ကို လွင့်လာတာကြောင့် မျက်နှာကို ပြင်းပြင်းထန်ထန် အရိုက်ခံလိုက်ရတော့သည်။ သူ့ခန္ဓာကိုယ်က ရေထဲမှာ အကြိမ်ပေါင်းများစွာ လှည့်ပတ်နေပြီး လည်ပင်းတောင် ကျိုးလုနီးပါး ဖြစ်နေပါ​ပြီ။


ပါးကို အရိုက်ခံလိုက်ရတာက သူ့ကို အနည်းငယ် ဒေါသထွက်သွား​စေခဲ့ပြီး သံမဏိသွားများကို အံကြိတ်ကာ ထပ်ကာထပ်ကာ ပြေးဝင်သွားခဲ့သည်။ ထိတ်လန့်စွာဖြင့် တစ်စုံတစ်ခုကို ပွေ့ဖက်လိုက်သော်လည်း ချော်ထွက်သွားသည်။ အထိတွေ့အရ အကြေးခွံများ ပြည့်နှက်နေသည်ဟု ခံစားရသည်။ သူ့​​​နှလုံးသားက မင်းပဲလို့ပြောရင်း ငါးသေတ္တာထဲက ငါးလိုသဘောထားကာ ဓားနဲ့ထိုးချလိုက်တော့သည်။


ဒီဓားဟာ တိုတောင်းပေမယ့် အစွမ်းအစကတော့ အလွန် ထက်မြက်ပါသည်။ ဓားနဲ့ ထိမှန်ပြီးနောက် ၎င်းရဲ့ခန္ဓာကိုယ်ဟာ ရိုင်းစိုင်းစွာ လိမ်ထွက်သွားတော့သည်။ ဖက်ထားလို့ မရတော့တာကြောင့် ၎င်းကို ရေထဲက ပြန်လွှတ်ပေးလိုက်ရသည်။ အစောက သင်ခန်းစာကြောင့် ဓားကို သူ့လက်ထဲမှာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ ဓားမြှောင်က ၎င်းရဲ့ခန္ဓာကိုယ်ထဲမှာ ကပ်ငြိနေတော့ ဓားကို ခွန်အားအပြည့်နဲ့ တွန်းထုတ်လိုက်တဲ့အခါ သူ့ခန္ဓာကိုယ်ထဲမှာ အပေါက်ကြီး ဖြစ်သွားတော့သည်။ 


ဝူရှဲ ခေါင်းကိုရေထဲက ထပ်ထုတ်လိုက်တဲ့အခါ အစိမ်းရောင် ရေတွေက သွေးနီ​ရောင်တွေနဲ့ ဖုံးလွှမ်းသွားတာမို့ အရောင်နှစ်ရောင်က ရောနှောသွားကာ အရမ်းစက်ဆုပ်စရာ ကောင်းသွားသည်။ လက်ကို ရေထဲက ထုတ်လိုက်တော့ ဓားကို လိပ်သွားတာကို တွေ့လိုက်ရသည်။ လှန်ပြီး ကြည့်လိုက်တော့ သူရဲ့ဖောင်းပြီး ဖြူနေတဲ့ လက်ချောင်းကိုပါ ခြစ်မိသွားတာ တွေ့ရ၏။ အစောတုန်းက အရမ်းလောနေတာကြောင့် အဲဒါကို လုံးဝ သတိမထားမိခဲ့ပေ။


ဝူရှဲ ဒါတွေကို ဂရုမစိုက်နိုင်တော့ဘဲ ငြိမ်သက်သွားပြီး ရှေ့ကို ခြေတစ်လှမ်း တိုးလိုက်ချိန်မှာတော့ ကြီးမားလှတဲ့ ငါးခေါင်းကြီးဟာ ရေထဲက ရုတ်တရက် ထွက်ပေါ်လာတော့သည်။ ၎င်းက အစွယ်တွေကို ဖြဲပြရင်း သူ့ဆီကို ကူးခတ်လာရာ စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။ အနောက်ကို ကိုင်းမိသွားတဲ့အထိ ငါးက သူ့အပေါ်ကို ခုန်အုပ်ကာ ရေအောက်ထဲကို တွန်းပို့ပြန်သည်။ 


တစ်ခုခုကို ဖမ်းဆုပ်ဖို့ ကြိုးစားရင်း ရေထဲမှာ အပြင်းအထန် ရုန်းကန်ခဲ့ရ၏။ အဲဒီအချိန်မှာ လူတစ်ယောက်က သူ့​လက်ကို လှမ်းဆွဲပြီး ရေထဲက ဆွဲထုတ်လိုက်တာကို မြင်လိုက်ရသည်။ မျှော်ကြည့်တော့ လောင်းယန်မှာ သွေးတွေဖုံးနေပြီး အသက်ရှုကြပ်နေတာကိုပါ တွေ့လိုက်ရသည်။ 


"ဘယ်လို​နေလဲ?" ဝူရှဲ ကမန်းကတန်း မေးလိုက်သည်။ 


"မင်းအခုနက ဘယ်နားကို အကိုက်ခံလိုက်ရ​သေးလဲ?"


သူ့ကျောပိုးအိတ်တစ်ဝက်ကို ရေထဲကထုတ်​ပြပြီး ခါးသက်စွာ ပြုံးပြလာ၏။ ဝူရှဲလည်း သက်ပြင်းတစ်ချက် ချလိုက်ပါတော့သည်။ ဒီနေရာက အရမ်းကျဉ်းနေပုံရလို့ ငါးက သူတို့ရင်ဘတ်ကိုပဲ တိုက်ခိုက်နိုင်တော့ပုံပင်။ ဒါဟာ ကံဆိုးခြင်းတွေကြားထဲက ကောင်းချီးတစ်ခုပဲလို့ ဆိုရမည်။ 


ရေက စိမ်းနေတော့ ငါးကြီးကြီး နာကျင်နေမှန်း သိသာထင်ရှားစွာ ရေထဲမှာ ဒလိမ့်ခေါက်ကွေး ပတ်ပြေးနေတာကို တွေ့ရသည်။ တစ်ဖက်က ကျောက်နံရံကိုလည်း ရံဖန်ရံခါ ဝင်တိုက်မိတာကို သတိထားနေပေမယ့် မကြာခင်မှာဘဲ အသံက ဝေးဝေးကနေ လွင့်ပျံလာခဲ့တော့သည်။ ၎င်း၏ ဆူးတောင်သည် လှုပ်နေဆဲ ဖြစ်သော်လည်း ကြည့်ရတာ မဟန်တော့ဘူးဟု ထင်ရသည်။


အချိန်အတော်ကြာအောင် စောင့်ဆိုင်းပြီးနောက် ထိုငါးကြီး တောင့်တင်းလာတာကို တွေ့လိုက်ရတော့မှ ရဲရင့်စွာ ကူးခတ်သွားခဲ့သည်။


ဒီငါးဟာ အနည်းဆုံး နှစ်မီတာခွဲလောက် ရှည်လျားပြီး ခေါင်းနဲ့ ပါးစပ်က ဆူးလိုမျိုး သွားလေးတွေ ပြည့်နေတဲ့ ရေဆေးကန်လို ကြီးမားတဲ့ ခေါင်းနဲ့ ပါးစပ်ကလည်း ကျယ်ဝန်းလေသည်။ အထူးဆန်းဆုံးကတော့ ဒီငါးဟာ သူ့ရဲ့ နဖူးမှာ အလွန်ထူးဆန်းတဲ့ ပုံစံတွေ ရှိနေတာပါပဲ။ အဲဒါက ဓားမြှောင်နဲ့ ထိုးသွင်းထားတဲ့ နေရာတွေ ဖြစ်နိုင်ကာ သူ့လက်ချက်လား လောင်းယန်လက်ချက်လားတော့ မပြောတတ်ချေ။ 


အခုအချိန်မှာတော့ ဒီငါးဟာ အပြင်းထန်ဆုံး ရေချိုငါးလို့ သတ်မှတ်ခံထားရတဲ့ ဆော်လမွန်ငါးမျိုးစိတ်လို့ ပြောရင် ဒီငါးဟာ အတော်လေး သေးငယ်နေသေးတယ်လို့ ဆိုရမည်။ ဒါပေမယ့် ဒီလိုငါးမျိုးဟာ ရေအေးစနစ်မှာသာ နေထိုင်တတ်တာ မဟုတ်လား။ ဒီကို ဘယ်လိုလုပ် ရောက်လာတာလဲ။ [TN - အလည်လာတာတဲ့]


သူ အံ့သြနေစဥ်တွင် လောင်းယန်ရဲ့ အော်သံကို ကြားလိုက်ရသည်။


"ကြည့်လိုက်... ဟိုမှာ ခြေရာတွေ ရှိနေတယ်!" 


အစောက ရုန်းရင်းဆန်ခတ် ဖြစ်နေတော့ ငါးကသူတို့ကို ဘယ်က ခေါ်လာခဲ့မှန်းကို မသိတော့ချေ။ ဒီကျောက်တုံးကြီးရဲ့ အနက်ပိုင်းကို ရောက်သွားပုံရသည်။ လှည့်ကြည့်လိုက်တော့ ရေရဲ့တစ်ဖက်မှာ ရိုးရိုးလှေခါးထစ်တွေ အများကြီး ရှိနေ၏။ ရေပြင်က ကျယ်၍ အထက်ကုန်းမြင့်တစ်ခု ရှိသည်။ ဓာတ်မီးဖြင့် ထိုးကြည့်ရုံကို ပန်းချီကားတချို့ကိုပင် မြင်တွေ့နိုင်သည်။


အအေးမိပြီး ယားယံတာတွေကိုပါ ခံစားလာရတာကြောင့် အနားယူဖို့ အရေးတကြီး လိုအပ်နေတာကြောင့် ဆွေးနွေးမှုအပြီးမှာ နှစ်ယောက်သား ရေမရှိတဲ့နေရာကို အရင်သွားပြီး ဒဏ်ရာတွေကို ကုသဖို့ ဆုံးဖြတ်ခဲ့ကြသည်။ 


လောင်းယန်မှာ အလွန်အေး​နေသောကြောင့် သူ့အား စကား သိပ်မပြောတော့ဘဲ ငါးပါးဟက်ကို ဆွဲဆောင့်ကာ အတွင်းထဲသို့ ဆွဲထည့်လိုက်သည်။ ဝူရှဲ အံ့သြသွားပြီး ငါးကို ဘာလုပ်ဦးမလို့လဲလို့ မေးလိုက်သည်။


"ငါတို့အိတ်ထဲက ပစ္စည်းတွေကို ဒီကောင် မျိုချသွားတာ.. ဒီအရာတွေကနေ ချမ်းသာဖို့ ငါတို့ မျှော်လင့်ထားတာလေ အဲဒါကြောင့် ဘာပဲဖြစ်ဖြစ် ပြန်ယူရမှာပေါ့" 


ဒီစကားကြားတော့ ဝူရှဲလည်း ခေါင်းယမ်းလိုက်ရုံပဲ တတ်နိုင်တော့သည်။ သူ့အတွက် ဘာမှ မလုပ်ပေးနိုင်တော့လို့ ငါးကိုပဲ ရှေ့ကို တွန်းထုတ်လိုက်ရသည်။ ထို့နောက် ဖြောင့်တန်းလုနီးပါး လှေကားထစ်တွေကို အရင်တက်လိုက်၏။ အပေါ်ထပ်မှာ သစ်သားနဲ့ ထောက်ထားတဲ့ ကျောက်ခန်း တစ်ခုရှိကာ တစ်ဖက်ကမ်းသို့ သွားသော လမ်းတစ်ခုလည်း ရှိသည်။ 


တခြားနေရာများရှိ ကျောက်လမ်းများသည် အတွင်းဘက်တွင် မည်းမှောင်နေသော်လည်း ဤနေရာသည် အတော်လေး ကျယ်ဝန်းကြောင်း ခန့်မှန်းကြည့်လို့ရ၏။ ကျောက်တုံးများနှင့် အညစ်အကြေးများကို ခေတ္တသိမ်းဆည်းရန်အတွက် အသုံးပြုထားတာ ဖြစ်နိုင်သည်။ လက်ရှိတော့ ထောက်ထားသော သစ်သားသည် ကျဲပြီး ပုပ်သွား​ပြီ။ နံရံဆေးရေး ပန်းချီများသည် အလွန်ရိုးရှင်းပြီး စိတ်ကူးယဉ်ဆန်သည့်ပုံပင် ပေါက်နေပါသည်။ ၎င်းသည် စိတ္တဇပုံစံဖြင့် ရေးဆွဲထားသလိုကြီးမို့ ဂရုတစိုက် ကြည့်ရန် ခွန်အားမရှိပေ။ ဝူရှဲခများ ကြည့်ရင်း အလွန် စိတ်မသက်မသာ ခံစားလာရသည်။


သူတို့အဝတ်တွေကို အကုန်ချွတ်ပြီး ထောင့်မှာ ထင်းပုပ်နဲ့ မီးစလုပ်ပြီးတော့ အဝတ်တွေကို အခြောက်ခံလိုက်သည်။ လောင်းယန်က သူ့ပစ္စည်းတွေကို စိတ်ပူနေတော့ ငါးရဲ့ ဝမ်းဗိုက်ကိုတူးပြီး ခုတ်နေရင်းနဲ့ တစ်ဖက်ကလည်း ဝူရှဲဘက်ကို ​ပြောလာသေးသည်။ 


"ဒီငါးက အရမ်းကြီးတယ်... ဒီအတိုင်း စွန့်ပစ်လိုက်ရင် ဖြုန်းတီးရာ ကျလိမ့်မယ်... အသား နည်းနည်း​လောက် လှီးပြီး မီးနဲ့ ကင်စားကြည့်ရင်ရော?"


ဝူရှဲကတော့ လောင်းယန် အိတ်ထဲမှ ဆေးအချို့ကိုယူကာ လက်ချောင်းများကို ဦးစွာပိုးသတ်ပြီးနောက် ပတ်တီးဖြင့် စည်းလိုက်သည်။


"မင်းဘာသာ စားစမ်းပါ... ရေက အရမ်းညစ်ပတ်တယ် ငါးကလည်း ဘယ်က ရောက်လာမှန်း မသိဘူး...ဘာစားပြီး ဒီလောက်ထိ ကြီးထွားလာမှန်းလည်း မသိဘူး... စဉ်းစားလိုက်တာနဲ့ကို မလုံခြုံ​တော့ဘူး"


ထိုအချိန်တွင် လောင်းယန်သည် ငါးကြီး၏ အစာအိမ်ကို တူးဖော်ပြီး အစာအိမ်အိတ်ကို ဓားဖြင့်ခွဲဖွင့်ကာ ခုတ်ထစ်လိုက်သည်။ ရုတ်တရက် နံစော်နေသော အနံ့အသက်က သူ့မျက်နှာကို ရိုက်ခတ်လာသောကြောင့် ခေါင်းကို အလိုအလျောက် လှည့်ကြည့်လိုက်တော့ ဘောလုံးတစ်လုံးသာ တွေ့လိုက်ရသည်။ အစာအိမ်ထဲက အရာတွေ ထွက်လာပြီး ဝိုင်းစက်နေတဲ့ အရာတွေထဲက တစ်ခုဟာ အကြိမ်အနည်းငယ် လှိမ့်ပြီးမှ သူ့ရှေ့ကို ရောက်လာခဲ့လေသည်။ 


ဝူရှဲ ကြည့်လိုက်ရင်း ပါးစပ်က အလိုအလျောက် အာမေဋိတ်သံ ထွက်သွားသည်။ 


"အား...အိုး" 


အဲဒါက လူဦးခေါင်းကြီးလေ!



[TN - ငါးရဲ့နာမည်အတိအကျကို အသွေးလည်း မသိပါဘူး။ အမှန်တိုင်း ပိုင်တုမှာ ရှာကြည့်တော့ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းက မြစ်ကြီးတွေနဲ့ ရုရှားနိုင်ငံတွေမှာ တွေ့ရတတ်တဲ့ အသားစားငါးတစ်မျိုးပါ။ သူက အသက်၅နှစ်မှာ သားဖောက်ပြီး အသက်၈၃ လောက်အထိ အသက်ရှည်ပါတယ်တဲ့။ ရေချိုရေအေးနဲ့ ကြည်လင်နေတဲ့ ရေနေရာတွေမှာ နေထိုင်တတ်ပါတယ်တဲ့]