ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 2)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ချင်လင်နတ်သစ်ပင်
Chapter (7)
ကျာကျစ်လျှိုမြောင်
ငါးနာရီကြာ ခြေလျင်ခရီး ထွက်ခွာလာပြီးနောက် ဒုတိယနေ့ မွန်းလွဲပိုင်းတွင် မြွေခေါင်းတောင်သို့ ရောက်လာခဲ့ကာ တောင်ခြေရင်းရှိ ပထမဆုံး ရွာငယ်လေးသို့ ရောက်ရှိခဲ့သည်။ တတ်နိုင်သမျှ နည်းမျိုးစုံဖြင့် ဤနေရာသို့ ပို့ဆောင်ပေးခဲ့သော အတွင်းရေးမှူးအား ကျေးဇူးတင်ရှိကြောင်း ပြော၍ လမ်းခွဲခဲ့သည်။ ရွာအဝင်ဝမှာ လောင်းယန်က အရင်က ဒီကိုလာခဲ့ဖူးကြောင်း ဆိုကာ သူနောက်ဆုံးနေခဲ့တဲ့ ရွာအိမ်လေးကို ရှာဖို့ ခေါ်သွားခဲ့သည်။
ဤတောင်ခြေ ရွာလေးသည် မတ်စောက်သော တောင်ပေါ်တွင် တည်ဆောက်ထားကာ မင် နှင့် ချင်စတိုင်အိမ်များလို ရောနှောတည်ဆောက်ထားသည်။ ရွာထဲရှိ လမ်းသည် ပြီးပြည့်စုံသော ကျောက်ပြာ ကုန်းစောင်းဖြစ်ပြီး လမ်းထိပ် တောင်ခြေရင်းက အိမ်များဟာ တောင်ထိပ်က အိမ်တွေထက် ပိုကြီးပြီး မီတာတစ်ရာလောက် မြင့်သည်။ တောင်ချောင်းတွေက လမ်းဘေးမြောင်းတွေကို ဖြတ်သွားတာကြောင့် နေရာတိုင်းမှာ စိမ်းစိုနေတဲ့ ရေညှိတွေ ရှိနေ၏။ လမ်းတစ်လျှောက် ကြည့်လိုက်တော့ လူနေအိမ်အများအပြားရဲ့ နံရံတွေမှာ ခေတ်အမျိုးမျိုးက အုတ်ဂူတွေ ရောယှက်စွာ ရှိနေတာကို တွေ့လိုက်ရသည်။ ဒီအုတ်တွေရဖို့ ရှေးခေတ် အုတ်ဂူတွေကိုတူးတဲ့ ဓလေ့ရှိကြောင်း တွေ့နိုင်သည်။
ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက လောင်းယန် တည်းခိုတဲ့ အိမ်မှာပဲ အစာခြောက်တွေ ဝယ်လိုက်ကြသည်။ သူတို့အိမ်ဘေးက စမ်းချောင်းမှာ ရေချိုး၊ အဝတ်အစားတွေ လျှော်ပြီး အခြောက်ခံကာ စမ်းချောင်းဘေးမှာ ဘောင်းဘီတိုနဲ့ ဘာလုပ်ရမလဲ ဆွေးနွေးကြပါတော့သည်။
ရှေ့က လူငါးယောက်ကို အမီလိုက်ဖို့ဆိုတာ မဖြစ်နိုင်တော့ပေ။ ဘာပဲဖြစ်ဖြစ် တောင်ပေါ်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီမို့ အခုတော့ လွန်ခဲ့တဲ့ သုံးနှစ်က သူသွားခဲ့တဲ့နေရာကို ရှာဖို့ လောင်းယန်ရဲ့ အမှတ်အသားတွေကိုပဲ အားကိုးရတော့မည်။
သူဘယ်လို အမှတ်အသားပုံစံနဲ့ မှတ်ထားခဲ့လဲ၊ အခု ရှာတွေ့နိုင်သေးတယ်လို့ ယုံကြည်နေသေးလားလို့ မေးကြည့်တော့ လောင်းယန်က ပြောလေ၏။ သူနောက်ဆုံး သွားရောက် လည်ပတ်ခဲ့သော သင်္ချိုင်းတွင်းသည် "ကျာကျစ်လျှိုမြောင်" ဟုခေါ်သော အလွန်ထူးခြားသော မြေပုံသဏ္ဌာန်ကို ဖြတ်သန်းရကြောင်း ပြောပြလာသည်။ ထိုနေရာအား ဒီကလူတိုင်း သိကြပြီး ထိုမြေပုံစံကို ဖြတ်သန်းပြီးနောက်တွင် သူပြောခဲ့သည့် နေရာနှင့် မဝေးကွာလှတော့ပေ။ ကျာကျစ်လျှိုမြောင်သည် ဤရွာမှ ကီလိုမီတာ ၄၀ ကျော် ကွာဝေးပြီး ရှေးဦးတောနက်၏ ကုန်းတွင်းပိုင်း၌ ဖြစ်သည်။
လမ်းပြမပါဘဲ တောင်ပေါ်တက်ရတာ နာကျင်ရတဲ့ အတွေ့အကြုံတွေကြောင့် ဒီလိုပိုခက်ခဲတဲ့ ခရီးမှာ လမ်းပြရှာဖို့ အတွင်းရေးမှူးကို အကူအညီ တောင်းရတော့သည်။
ထိုအတွင်းရေးမှူးက သူ့ကလေးကို ခေါ်သွားခိုင်းပြီး မုဆိုးအို တစ်ယောက်ကို ရှာခိုင်းလိုက်သည်။ ထိုကလေးနဲ့ ရွာထဲကို ခဏလောက် လမ်းလျှောက်ပြီးနောက် နှစ်ထပ်ကြွေပြားခင်းထားတဲ့ အိမ်လေးဆီ ရောက်သွားခဲ့သည်။ အိမ်ရှေ့မှာ နေပူဆာလှုံနေတဲ့ မုတ်ဆိတ်ဖြူနဲ့ အဘိုးကြီး တစ်ယောက်ကို တွေ့တော့ သူက ပြောလေ၏။
"အဲဒါသူပဲ... အဘိုးလျို"
အဘိုးကြီးလျိုက နိုင်ငံခြားသား ဖြစ်သည်။ သူ ငယ်ငယ်ကတည်းက ထွက်ပြေးလာခဲ့ပြီး ဒီနေရာမှာ အခြေချနေထိုင်ခဲ့သည်။ သူသည် မုဆိုးတစ်ဦး ဖြစ်ကာ အသက် ရှစ်ဆယ်ကျော် ရှိပြီဖြစ်သော်လည်း ကျန်းမာရေးက ကောင်းမွန်နေဆဲ ဖြစ်သည်။ လေ့လာရေး အဖွဲ့များ၊ ရှေးဟောင်း သုတေသန အဖွဲ့များနှင့် သင်္ချိုင်းဓားပြများ အားလုံးနီးပါးဟာ သူခေါ်သွားပေးလို့ လိုရာရောက်ကြသူချည်းပင်။ ပထမအချက်က ဝင်ငွေကောင်းပြီး ဒုတိယမှာ နေရာကောင်း ရတာကြောင့် ဤထမင်းပန်းကန်ကို စားရသည်ကို သူ နှစ်သက်၏။ ဝူရှဲတို့ရဲ့ ရည်ရွယ်ချက်ကို ရှင်းပြတဲ့အခါမှာတော့ သူ မအံ့သြဘဲ ခေါင်းခါပြပြီး
"မသွားဘူး.... ဒီအချိန်မှာ မင်းတို့ ကျာကျစ်လျှိုမြောင်ကို သွားလို့မရဘူး"
ဒီစကားကြားတော့ ဝူရှဲ အံ့ဩသွားပြီး
"ဘာလို့ တောင်ထဲကို သွားလို့မရတာလဲ? အခု ဆောင်းဦးလေက ကြည်လင်နေတော့ အမဲလိုက်ဖို့လည်း အချိန်ကောင်းပဲလေ... ဒီအချိန်မှာ မဝင်ရင် ဘယ်အချိန်မှာ ဝင်မှာလဲ?"
သူက သူ့သားကိုခေါ်ပြီး လက်ဖက်ရည် ငှဲ့ခိုင်းလိုက်ကာ။
"ဒီရာသီမှာ တောင်ထဲမှာ အရမ်းဆိုးပြီး သရဲခြောက်တယ်... ငါကအသက် ရှစ်ဆယ်ကျော်ပြီ... မင်းတို့ကို လိမ်ပြောမှာ မဟုတ်ဘူး။ ကျာကျစ်လျှိုမြောင်ဆိုတဲ့ အဲဒီနေရာက တကယ်တော့ ယင်စစ်သားတွေရဲ့ ပျဥ်ခင်းလမ်းပဲ... သူတို့ရဲ့ ပျဉ်ခင်းလမ်းမှာ လမ်းချေးငှားထားတာ တွေ့ရင် သူတို့ဆီက လှည့်စားခံရလိမ့်မယ်... အရမ်းဆိုးတယ်"
ဝူရှဲ အဲဒီနေရာကို တခါမှ မရောက်ဖူးတာကြောင့် အဲဒီမှာ ဘယ်လို ပထဝီဝင် ပတ်ဝန်းကျင်မျိုးလဲ ဆိုတာ မသိချေ။ ဒီစကားကိုကြားတော့ သူ့စိတ်ထဲမှာ ရယ်ချင်လာသည်။ ဒါပေမဲ့ အကြီးတွေက သူတို့ကိုယ်ပိုင် လောကအမြင်နဲ့ ကြည့်ကြတာမို့ တွန်းအားပေးလို့ မရချေ။ လမ်းပြငှါးဖို့ မအောင်မြင်တဲ့အတွက် တောင်ပေါ်တက်ဖို့ လမ်းကြောင်းကိုသာ တောင်းခဲ့ရတော့သည်။
ဒီရွာကနေ ချင်ချွမ်းတောင်ကို ခုနစ်ရက်ကြာ လမ်းလျှောက်ပြီးရင် ထျန်းမန်တောင်ကို ရောက်မယ်လို့ အဘိုးအိုက ပြောပြပါ၏။ နှစ်ဖက်စလုံးမှာ ချောက်ကမ်းပါးတွေရှိပြီး တောင်တက်ဖို့ မဖြစ်နိုင်ဘူးလို့လည်း ဆိုသည်။ ဘေးချင်းကပ်လျက် လူနှစ်ယောက်သာ ဖြတ်သွားနိုင်သော ကောင်းကင် တစ်ကြောင်းဟု သူတို့ မကြာခဏ ခေါ်ဝေါ်လေ့ရှိသော ထိုအရာမှာ လောင်းယန်ပြောတဲ့ 'ကျာကျစ်လျှိုမြောင်' ဖြစ်လေသည်။
ဒဏ္ဍာရီအရ တောင်ပိုင်းနှင့် မြောက်မင်းဆက်များ အဆုံးတွင်၊ မြောက်ပိုင်း ဝေမင်းဆက်၏ တပ်တစ်တပ်သည် ပျဉ်ခင်းလမ်းမှတဆင့် ချင်ချွမ်းတောင်သို့ ဝင်ရောက်လာခဲ့တာကို ဒေသခံတချို့က တွေ့လိုက်ကြသည်။ ထိုစစ်တပ်က အလွန်ထူးဆန်းလှသည်။ ဤတောင်ကြား အကွာအဝေးကို ဖြတ်သွားသောအခါတွင် မြေကြီးက ရုတ်တရက် တုန်ခါသွားပြီး ကြီးမားသော အက်ကြောင်းကြီးက ရုတ်တရက် ပိတ်သွားကာ တောင်အတွင်းရှိ တပ်များကို ပိတ်မိသွားသည်။ ထိုအချိန်မှစ၍ ထိုစစ်တပ်ဟာ ခြေရာလက်ရာ ပျောက်သွားပြီး ပြန်ထွက်မလာတော့ပေ။
ချင်မင်းဆက် အချိန်ရောက်တော့ ချမ်းသာတဲ့ အုတ်ဂူကို ဖုန်းရွှေသခင် အနည်းငယ်က လာရှာတတ်ကြသည်။ သူတို့တောင်ပေါ်ကို ဆယ်ရက်ကျော်လောက် သွားပြီးတော့ ထွက်လာတဲ့အခါ သူတို့ဟာ လူပုံစံမပေါ်လုနီးပါး ဖြစ်သွားခဲ့သည်။ လူတိုင်း ပြောနေကြတဲ့ အချက်ကတော့ ထျန်းမန်တောင်ထဲမှာ မြေအောက်ကမ္ဘာနဲ့ ဆက်သွယ်ထားတဲ့ ရေဝါ ရေတံခွန်ရှိပြီး သူတို့ဝင်လုနီးပါး ဖြစ်သွားခဲ့နိုင်ကြောင်း ဝင်ပြီးရင် အပြင်ကို ပြန်မထွက်နိုင်တော့ကြောင်း ဆိုလေ၏။
အစပိုင်းမှာတော့ တောင်ပေါ်က လူတွေက မယုံကြပေမယ့် နောက်ပိုင်းမှာတော့ မြောင်းထဲမှာ မြင်းစီးသံလိုလို ကြားရတာကြောင့် လူတော်တော်များများက အဲဒီအရာတွေ ပိုပိုပြီး ယုံကြည်ကာ နာမည်ကြီးလာခဲ့ပါတော့သည်။ တချို့သော လူများကမူ မရဏပြည်မှ သရဲတစ္ဆေ စစ်သားများသည် ရေဝါရေတံခွန်မှတဆင့် ယင်နှင့် ယန်နယ်ပယ်သို့ ဝင်ရောက်ကာ ထွက်သွားကြပြီး တောင်ပိုင်းနှင့် မြောက်မင်းဆက်များထဲ ဝင်ရောက်ကာ အဆုံးတွင် မြောက်ပိုင်း ဝေစစ်တပ်များသည် တစ္ဆေစစ်သည်များ ဖြစ်လာသည်ဟု ဆိုကြသည်။
ထျန်းမန်တောင်ကို သွားတဲ့လမ်းမှာ လမ်းလျှောက်လို့ရပေမယ့် တောင်နောက်မှာတော့ ယခုမျိုးဆက်တွေအထိ လက်လှမ်းမမှီနိုင်တဲ့ ကန့်သတ်ချက်တွေ ရှိတယ်လို့ အဘိုးအိုက ပြောခဲ့သည်။ တောင်အနောက်မှာ တောနက်ကြီး ရှိကာ အထဲမှာ ဘာတွေရှိလဲ ဘယ်သူမှ မသိချေ။ ချင်းမင်းဆက်ရဲ့ တပ်တွေပဲ ဖြစ်ဖြစ်၊ ကူမင်တန်ရဲ့ စစ်ရှုံးတဲ့တပ်တွေဘဲ ဖြစ်ဖြစ် အထဲကို ဝင်သွားတဲ့သူ တစ်ယောက်မှ မထွက်လာကြဘူးဟု ဆိုသည်။
သူက ဝူရှဲတို့ကို ခေါ်သွားပေးဖို့က အသက်ကြီးနေပြီ။ ရွာထဲမှာလည်း ဘယ်သူမှ အဲ့နေရာကို မရောက်ဖူးဘူး။ သူတို့တကယ် သွားချင်တယ် ဆိုရင်တော့ သူက လမ်းညွှန်ပေးနိုင်တယ်။ သူ့ရဲ့ညွှန်ကြားချက်တွေကို လိုက်နာနေသမျှ ခုနစ်ရက် ဒါမှမဟုတ် ရှစ်ရက်အတွင်း ရောက်လာမှာ သေချာပေမယ့် ဝင်ပြီးရင် ဘာဖြစ်သွားမလဲ ဆိုတာကိုတော့ သူတာဝန်မယူဘူးဟု အဘိုးလျိုက ဆိုလေသည်။
ဂူဗိမာန်တွေ ရှာတဲ့အခါ ရိုးရာပုံပြင် အသေးစိတ်နဲ့ ဘယ်နေရာကိုမဆို အထူးဂရုပြုသင့်တယ်လို့ အဘိုးက သူ့ရဲ့မှတ်စုထဲမှာ ပြောခဲ့ဖူးတာကို ဝူရှဲ မှတ်မိသည်။ ဒါကြောင့် အဘိုးအိုလျိုရဲ့ စကားကို အထူးဂရုပြု နားထောင်ခဲ့ပြီး အဲဒီနေရာကို သွားမယ် ဆိုတော့ နည်းနည်း ယုံကြည်မှု ပိုရှိလာသည်။ သူတို့သွားချင်တဲ့ နေရာက အမှန်ပင် ထိုဒေသအနီးတွင် ရှိရမည်။
အဘိုးအိုကို ကျေးဇူးတင်ပြီး ထွက်သွားချင်ခဲ့တာ။ အဘိုးကြီးဟာလည်း သူ့ဆီလာတဲ့ ဧည့်သည်တွေက မရှိသလောက် ရှားတဲ့အတွက် သူအရမ်း စိတ်အားထက်သန်စွာဖြင့် ညစာစားဖို့ပင် ဖိတ်ခေါ်လာခဲ့သည်။ ဝူရှဲကတော့ အလျင်လိုနေခဲ့ရာ သူတို့အတွက် အသားချဥ်ဟင်းကို ထုပ်ပေးလာခဲ့သည်။ အစတုန်းကတော့ ဒုက္ခပေးမိပြီလို့ထင်ပြီး မစားချင်ပေမယ့် အထဲမှာ အသားကင်ထားတာ တွေ့တော့ ဒီရက်ပိုင်း အသားခြောက်တွေကိုပဲ စားခဲ့ရတာကို သတိရမိသွားသည်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက ဗိုက်က တကယ်ကို အဆင်မပြေတော့ဘူး။ သို့နှင့် ယူလိုက်တော့သည်။
တစ်နေကုန် အနားယူပြီးနောက် ဒီတစ်ကြိမ်မှာတော့ ပြတ်သားတဲ့ ပန်းတိုင်တစ်ခုနဲ့ လမ်းပြန်လျှောက်ခဲ့ကြသည်။ သံလိုက်အိမ်မြှောင်ရဲ့ ဦးတည်ရာကို လိုက်လျှောက်ရင်း အံကြိတ်ကာ တောင်တွေနဲ့ မြစ်တွေကို ကျော်တက်ပြီး တရုတ်ပြည်တွင်းက လျှို့ဝှက်ဆန်းကြယ်ဆုံး တောတွင်းနက်နက်ထဲကို ရောက်သွားပါတော့သည်။
လမ်းတလျှောက်မှာ ပြောစရာ စကားလုံးတွေ မရှိသလို ခက်ခက်ခဲခဲ လုပ်ထားရတဲ့ အလုပ်ကို မှတ်တမ်းတင်ချင်တာလည်း မရှိပေ။ ခုနစ်ရက်ကြာတော့ လောင်းယန်က အော်ဟစ်လိုက်သည်။ ထျန်းမန်တောင်ထိပ်ကို သစ်ပင်ပေါ်ကနေ ပေါက်ထွက်နေတာကို တွေ့လိုက်ရ၏။
လောင်းယန်က ဟိုဟိုဒီဒီကြည့်ရင်း ဒီနေရာပဲလို့ ပြောလာသည်။ ဤကျာကျစ်မြောင် မှတဆင့် ထိုနေရာတွင် သေးငယ်သော ချောက်တစ်ခုရှိပြီး သူတို့ရှာဖွေတွေ့ရှိခဲ့သော သင်္ချိုင်းတွင်းမှာလည်း ထိုနေရာတွင် ရှိနေသည်။
ဝူရှဲ သစ်ပင်အိုကြီး တစ်ပင်ပေါ်တက်ပြီး တယ်လီစကုပ်ဖြင့် တစ်ဖက်ကို လှမ်းမြင်နိုင်သော မှန်ဘီလူးဖြင့် ကောက်ယူကြည့်လိုက်သည်။ ထျန်းမန်တောင်သည် မြင့်မား ဖြောင့်စင်းသော တောင်ပုံသဏ္ဌာန်ရှိပြီး တောင်တန်းကြီးက ခံ့ညားထည်ဝါလှသည်။ ထိုပေါ်တွင် သရဲခေါင်းတွေလို တောင်တန်းများနှင့် ထင်းရှူးပင်များလည်း ရှိသည်။ ကြည့်ရတာ အရမ်းထူးဆန်းပေမယ့် တောင်ကြီးဟာ တောင်တန်းနဲ့တူနေမှာ မဟုတ်ဘူးလား။ ထျန်းမန်တောင်ရဲ့ နာမည်က ဘယ်ကလာမှန်းတော့ မသိပေ။ အလယ်က ကောင်းကင်မှာ သူ့အမြင်အရတော့ ပါးလွှာတဲ့ အနက်ရောင် မျဉ်းတစ်ကြောင်းလိုမျိုး ရှိနေ၏။
တောင်ကြော အနိမ့်လေး ပေါ်တက်ပြီး ထျန်းမန်တောင်ပေါ်ကို ဆက်လျှောက်လာခဲ့သည်။ လမ်းလျှောက်ရင်းနဲ့ ရှေ့ကမြေပြင် အနေအထားကို စစ်ကြည့်သည်။ မွန်းတည့်ချိန်လောက်မှာတော့ ထျန်းမန်တောင်ခြေရင်းကို ရောက်ခဲ့ပြီး ကျောက်ဆောင် တောင်ကြောတစ်ခု ဖြစ်တဲ့ ကျာကျစ်တောင်ကြား သို့မဟုတ် ကျာကျစ်လျှိုမြောင်က သူတို့မျက်စိရှေ့မှာ ပေါ်လာခဲ့လေသည်။
ချင်လင်တောင်များသည် တကယ်ကို အံ့သြစရာကောင်းသော နေရာတစ်ခု ဖြစ်သည်။ အထူးသဖြင့် ခရီးသွား လုပ်ငန်းအတွက် မဖွံ့ဖြိုးသေးသော နေရာများ ဖြစ်သော်လည်း အံ့သြဖွယ်ကောင်းသော ရှုခင်းများစွာရှိသည်။ ထျန်းမန်တောင်၏ ချောက်ကမ်းပါး အောက်ကို တိုက်ရိုက်ကြည့်ရှုပါက မြေမျက်နှာသွင်ပြင်မှာ အလွန်တရာ ကြီးကျယ်ခမ်းနားတာကို တွေ့ရမှာပဲ ဖြစ်သည်။ ယေဘူယျအားဖြင့် ၎င်းသည် ကြီးမားသော တောင်ကြောကို ချွန်ထက်သော ဓားဖြင့် ခွဲထုတ်လိုက်သလိုမျိုး အလယ်တွင် အက်ကွဲလေးတစ်ခု ဖြစ်ပေါ်လျက် ရှိသည်။
ဤအက်ကွဲကြောင်းရဲ့ အောက်ခြေကတော့ ကျာကျစ်လျှိုမြောင်ပဲ ဖြစ်ပေ၏။ တောင်ကြော၏ အနေအထားသည် အလွန် မြင့်မားသောကြောင့် ဤနေရာမှ ထွက်လာသော ရှုခင်းသည် တောင်နိမ့်ပိုင်းများနှင့် မတူချေ။ လျှိုမြောင်ထဲမှ အပေါ်ကို မော့ကြည့်လိုက်လျှင် အလွန်ပါးလွှာသော အလင်းတန်းတစ်ခုကိုသာ မြင်နိုင်သည်။ အလှမ်းဝေးသော ကောင်းကင်ယံတွင် ကောင်းကင် တစ်ခုလုံးသည် ပါးလွှာသော မျဉ်းအဖြစ် ပေါင်းစည်းသွားသကဲ့သို့ ဖြစ်နေသည်။ တကယ်လို့ ကိုယ်တိုင် ကြုံတွေ့နေရလို့သာ မဟုတ်ရင် ဒီဖြစ်နိုင်ချေကို သဘောပေါက်နိုင်မည် မဟုတ်ပေ။
ကျာကျစ်လျှိုမြောင်၏ အောက်ခြေတွင် ကျောက်တုံး ကျောက်ခဲများနှင့် ရံဖန်ရံခါ ကြည်လင်နေသော စမ်းရေများ ခပ်ကျဲကျဲ ရှိနေသည်။ ကျောက်တုံးများသည် စိမ်းလန်းသော ရေညှိများဖြင့် ဖုံးလွှမ်းထားသောကြောင့် သွားလာရ အလွန်ခက်ခဲသည်။ သို့သော် အဝေးက ကြည့်ခဲ့သလောက်တော့ လမ်းက မကျဉ်းမြောင်းလှပေ။ အလင်းရောင်ကလည်း အရမ်းကောင်းသည်။ အစက တောင်တန်းတွေကြောင့် အနေအထားက သိပ်မမြင့်ရာ ကောင်းကင်ကို ကြည့်လျှင် ကောင်းကင်လိုင်း မဟုတ်ပေမယ့် “ကောင်းကင်ကြိုးမျှင်”လို ဖြစ်နေချေ၏။
ကျာကျစ်လျှိုမြောင်ကို ဖြတ်ကျော်ဖို့ နေ့ခင်းတစ်ပိုင်း အနည်းဆုံး အချိန်ယူရဦးမယ်လို့ လောင်းယန်က ပြောပြပြီး အထဲမှာ လေက အလွန်ထန်ပြီး မြေသားက စိုစွတ်နေတာကြောင့် မီးထွန်းဖို့ သိပ်အဆင်မပြေဘူးလို့လည်း ပြောလာသည်။ အဘိုးလျိုက သူတို့ကို စည်သွတ်ဘူးထဲမှာ ထည့်ထားတဲ့ အသားချဉ်တွေကို မီးဖိုပေါ်တင်ပြီး ပူပူနွေးနွေး စားကြတော့သည်။ အရသာက သိပ်မကောင်းပေမယ့် သူတို့ရဲ့ အခြောက်လှန်းထားတဲ့ အစာနဲ့ ယှဉ်ရင် အဆပေါင်းများစွာ ပိုကောင်းတဲ့အတွက် ပြီးခဲ့တဲ့ ရက်အနည်းငယ် အတွင်းမှာပဲလည်း နည်းနည်းပါးပါး စားခဲ့သေးသည်။ အခုတော့ လိုရာခရီးရောက်ဖို့က နီးကပ်လာပြီမို့ လွှတ်လိုက်နိုင်ပါပြီ။ ဘေကွန်ကို ချွေတာပြီး မြန်မြန်စားလိုက်ကြသည်။
ဝူရှဲ မပြည့်သေးလို့ မျှစ်ချဉ်နဲ့ မျှစ်ကြော်တွေ ရှိသေးတာကို သတိရသွားပြီး အားလုံးကို ပြီးအောင် စားချင်လာတဲ့အတွက် မထင်မှတ်ပဲ လှည့်ကြည့်လိုက်တော့ စားစရာတွေ ပါလာတဲ့ အိတ်ကို မတွေ့ရတော့ပေ။
ဟိုဟိုဒီဒီ ကြည့်လိုက်တော့လည်း ဘယ်မှာမှ မတွေ့ရချေ။ ဝူရှဲအရမ်းစိတ်တွေ ရှုပ်လာတာကြောင့် လောင်းယန်ကို မေးကြည့်ပေမယ့် လောင်းယန်ဘက်က ဆူပူကြိမ်းမောင်းတဲ့ အသံကိုသာ ကြားလိုက်ရသည်။
“ဖာ့စ်! ငါ့လည်ပင်းကို ဘယ်သူ တံတွေးထွေးတာလဲ?”
ဝူရှဲလည်း တစ်ခုခု မှားနေပြီဆိုတာ ချက်ချင်း သိလိုက်သည်။ အစောက စားလိုက်တုန်းက အရိုးတွေအားလုံးကို မျိုချလုနီးပါး ဖြစ်သွားတယ်လေ။ အဲဒါကို ဘယ်လိုလုပ် ဖြုန်းတီးပစ်သလို လွင့်ပစ်နိုင်မှာလဲ။
ထူးဆန်းသလို ခံစားနေရတဲ့ အခိုက်အတန့်မှာပဲ ချောက်ကမ်းပါးကနေ နောက်ထပ် အရိုးပြုတ်ကျလို့ မျှော်ကြည့်လိုက်တော့ ရွှေရောင်အမွေးကြီးတွေနဲ့ မျောက်ကြီး တစ်ဒါဇင်ကျော်ကို တွေ့လိုက်ရသည်။ ဒီမျောက်တွေ ဘယ်အချိန်က သူတို့ခေါင်းပေါ်က တောင်နံရံကို တက်သွားလိုက်တယ် မသိလိုက်ချေ။ မျှစ်ကြော်နဲ့ ထုပ်ထားတဲ့ အိတ်ထဲက ကြက်သားတွေကို စားနေကြသည်။ စားတဲ့ပုံစံကို ကြည့်ရတာ အရသာရှိတဲ့ အစားအစာကို တစ်ခါမှ မမြည်းစမ်းဖူးပုံပင်။ တစ်ထုပ်လုံးနီးပါး စားပစ်လိုက်သည်။
ခဏကြာတော့ အရာအားလုံးကို ပြောင်စင်အောင် စားပြီး အောက်ကို ဆင်းကာ သူတို့ကျောက ကျောပိုးအိတ်တွေကို စိုက်ကြည့်နေသည်။
ဝူရှဲစိတ်ထဲ မကောင်းတော့ဘူးလို့ အော်ဟစ်ပစ်လိုက်သည်။ ဒီမျောက်တွေက သူတို့အိတ်တွေထဲမှာ စားစရာတွေနဲ့ ပြည့်နေတယ်ထင်ပြီး ဖမ်းချင်နေတာ ဖြစ်မယ်။ ဒါဆိုရင်တော့ ပြဿနာ တက်ပြီ။ သူတွေးနေတဲ့ အချိန်မှာပဲ မျောက်တစ်ကောင်က ဟစ်အော်လိုက်ရာ မျောက်တွေအားလုံး တခဏချင်း သူတို့ဘက်ကို ချဉ်းကပ်လာတော့သည်။