အပိုင်းတစ် : သာမာန်မိသားစုဆိုတာ ဘယ်လိုမျိုးလဲ
သာမာန်မိသားစုက ဘယ်လိုလဲဆိုတာကို ယွမ်လော့ရီ မသိပေ။
အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းယွမ်မိသားစုသည်
ရူးနေသည့် ကောင်လေးငါးယောက်ကို မွေးပြီးနောက် ယွမ်လော့ရီဟုခေါ်သည့် သမီးလေးတစ်ယောက်ကို
ရရှိခဲ့ကြသည်။ အံ့ဩဖွယ် ကောင်းစွာဖြင့် ယွမ်တစ်မိသားစုလုံး၌ သူမတစ်ယောက်တည်းကသာ သာမာန်ဖြစ်နေကြောင်း
ရှာတွေ့ခဲ့ကြသည်။
လုပ်ကြံသတ်ဖြတ်သူတစ်ယောက်အနေနှင့် မေမေယွမ်သည်
အပျော်ရွှင်ဆုံးဖြစ်သည်။ သူမ နို့ဗူးမတိုက်ခင် သူမ၏ ဆိုးသွမ်းသော သားငါးယောက်က အချင်းချင်း
သတ်ဖြတ်ရန် ကြံစည်ကြသဖြင့် နို့ဗူးကိုချကာ သူတို့ကိုပညာပေးရန် ဓားကိုဆွဲထုတ်ရုံသာ တတ်နိုင်ခဲ့သည်။
ရန်ဖြစ်ခြင်းကို ခွင့်ပြုနိုင်သော်လည်း အချင်းချင်း
သတ်ဖြတ်ခြင်းကိုတော့မူ သူမ ခွင့်ပြုမည်မဟုတ်ပေ။
သူမ၏ သမီးလေး ယွမ်လော့ရီကတော့ ငိုလိုက် ရယ်လိုက်ဖြင့်
အမွှေးပွ အရုပ်လေးများကို နှစ်သက်ကာ လုပ်ကြံသူတစ်ယောက်ဖြစ်သည့် သူမ၏ နှလုံးသားကို
အရေပျော်သွားစေရန် မာမီဟုလည်း အသံချိုချိုလေးဖြင့် ခေါ်တတ်သေးသည်။ သူမ၏ သမီးလေးကို
သူမနေ့တိုင်း တုန်နေအောင် ချစ်ပေသည်။
လက်နက်ရောင်းဝယ်သူ တစ်ယောက်အနေနှင့် ဖေဖေယွမ်ကတော့
သူ၏ သမီးလေးကို အလွန်ဂရုစိုက်ပေသည်။သူမသည် အလွန်သာမာန်ဆန်ကာ နုနယ်လှပေသည်။ သူမသုံးနှစ်တောင်
ရှိနေပြီဖြစ်သော်လည်း မည်သည့်လက်နက်ကိုမှ မ,မနိုင်သေးပေ။
သူမ၏ ရှင်သန်နိုင်စွမ်းမှာ အတော်လေး စိုးရိမ်စရာဖြစ်နေသည်။
ညီအစ်ကိုငါးယောက်ကလည်း သူတို့၏ ညီမလေးအကြောင်း
အလွန်သိချင်ကြပေသည်။ သူတို့ပုန်းလျှိုးကွယ်လျှိုးဖြင့် ချောင်းကြည့်ကြကာ မွှေးပွရုပ်လေးများကို
ကိုင်ထားရင်း နီးစပ်ရန် ကြိုးစားကြသည်။
သူတို့အားလုံး အလွန်အိုင်ကျူမြင့်ကာ ချောမောလွန်းကြပေသည်။
သို့သော်လည်း ကံမကောင်းစွာဖြင့် သူတို့သည် သာမာန်သူများ မဟုတ်ပဲ မွေးရာပါ သွေးအေးပြီး
သွေးဆာနေသူများ ဖြစ်ကြသည်။
ယွမ်လော့ရီအား စိုက်ကြည့်သည့်အခါ ဟမ်းစတားငယ်လေးကို
အဆိပ်ပြင်းသည့်မြွေများ ချောင်းမြောင်းသကဲ့သို့ တိတ်တဆိတ်နှင့် ပြင်းပြင်းထန်ထန် အေးစက်စက်
ကြည့်ကြသည်။
ညီမလေးကို ပြုစုပျိုးထောင်ခွင့်ရရန်အတွက်လည်း
သူတို့အချင်းချင်း သေချာပေါက် သည်းမခံနိုင်ကြကာ မကြာခဏ ပြင်းပြင်းထန်ထန် အငြင်းပွားပြီး
တိုက်ခိုက်လေ့ရှိကြသည်။
တစ်နေ့တွင် တတိယသား ယွမ်ရုံသည် ဒုတိယသား ယွမ်ဖာ့ကို
သွားရှာခဲ့သည်။
ယွမ်ရုံ ပြောလိုက်သည်။
“ငါအခု ဆယ့်နှစ်နှစ် ရှိနေပြီ"
ယွမ်ဖာ့ ပြောလိုက်သည်။
"ဆိုတော့"
ယွမ်ရုံပြောလိုက်သည်။
"ဆိုတော့ မင်းတစ်ကိုယ်ကောင်းဆန်တဲ့ လူယုတ်မာ၊
အခုချက်ချင်း ငါတို့ညီမလေးကို ထားခဲ့လိုက်တော့ သူ့ကိုပြုစုပျိုးထောင်ဖို့ အခုငါ့အလှည့်ပဲ၊
ငါအခု သူ့အစ်ကိုအနေနဲ့ ကိုယ့်ကိုကိုယ် ရပ်တည်နိုင်နေပြီ"
ယွမ်ရုံ၏ ကြမ်းတမ်းသော စကားများကို တုံ့ပြန်သည့်အနေဖြင့်
အညှာအတာကင်းမဲ့စွာ ပါးရိုက်လိုက်ရာ ထိုရိုက်ချက်ကြောင့် နံရံသို့ ယွမ်ရုံ၏ခေါင်းသွားတိုက်ပြီး
မူးဝေသွားလေသည်။
ယွမ်ဖာ့ သူ့လက်ကို ခါလိုက်ကာ စော်စော်ကားကားပြောလိုက်သည်။
"ဒီလောက်ပဲလား၊ ဒီလောက်လေးနဲ့ မင်းကသူ့အစ်ကိုအနေနဲ့
ရပ်တည်နိုင်ပြီလို့ ပြောရဲသေးတယ်၊ ငါမင်းကို တစ်စက္ကန့်အတွင်း ငရဲအထိရောက်အောင် ရိုက်နိုင်တယ်၊
မင်းမှာ အရည်အချင်းမရှိရင် ငါ့အချိန်တွေကို လာမဖြုန်းနဲ့ ဟုတ်ပြီလား"
ယွမ်ရုံ အလွန်မကျေမနပ်ဖြစ်သွားသည်။ သူသေခြင်းရှင်တိုက်ပွဲစရန်
ကြံစည်နေစဉ် ရုတ်တရက်အေးခဲသွားလေသည်။
သိပ်မဝေးသော နေရာတွင် သုံးနှစ်အရွယ်လေး ယွမ်လော့ရီသည်
သူမ၏ ယုန်ရုပ်လေးကို ကိုင်ထားကာ သူမ၏ အစ်ကိုနှစ်ယောက်အား ရှုပ်ထွေးသော မျက်လုံးများဖြင့်
ပြူးကြည့်နေခဲ့သည်။
"ကိုကိုတို့ ဘာလုပ်နေကြတာလဲ"
ယွမ်မိသားစု၌ တရားဝင်မဟုတ်သည့် စည်းမျဉ်းတစ်ခုရှိသည်။
ထိုအရာက လူတိုင်း သူတို့၏ အမှောင်ဘက်ခြမ်းများကို ယွမ်လော့ရီထံမှ ဖုန်းကွယ်ထားရန်ပင်။
အဘယ်ကြောင့်ဆိုသော် သူမအကြောက်လွန်သွားလျှင် အစားလုံးဝမစားတော့ပဲ တစ်ခါတစ်ရံ အဖျားကြီးသွားတတ်ပေသည်။
ညီအစ်ကိုနှစ်ယောက် တစ်ညီညွတ်တည်း တွေးလိုက်ကြသည်။
အာ ငါ့ရဲ့အားနည်းတဲ့ သုံးနှစ်အရွယ်ညီမလေးက သူ့ကိုယ်သူတောင်
ဂရုမစိုက်နိုင်သေးတာ ထပ်ပြီး မကြောက်ရွံ့စေရဘူး။
သူတို့နှစ်ယောက်၏ လူသတ်ငွေ့များကို ချက်ချင်းဖုံးကွယ်လိုက်ကြသည်။
တတိယအစ်ကို ယွမ်ရုံသည် လက်သီးကျစ်ကျစ်ဆုပ်လိုက်ကာ
ခေါင်းငုံ့ရင်း ငယ်ထိပ်အထိရောက်နေသည့် ဒေါသများကို လျှော့ချလိုက်သည်။
ဒုတိယအစ်ကို ယွမ်ဖာ့သည် အပြုံးတစ်ခုပေါ်လာရန်
သူ့နှုတ်ခမ်းများကို တွန်းအားပေးလိုက်သည်။ ထို့နောက် ရုပ်ပိုင်းဆိုင်ရာအရ စက်ဆုပ်ရွံရှာဖွယ်
ကောင်းလှသော်လည်း ချစ်ခင်ဟန်ဖြင့် ညီဖြစ်သူ ပုခုံးပေါ် သူ့လက်များကို တင်လိုက်သည်။
"ချစ်ညီမလေး ကိုကိုတို့က ကိုယ်လက်လေ့ကျင့်ခန်းလုပ်ရင်း
ချစ်ချစ်ခင်ခင်စကားပြောနေကြတာ၊ ဒါနဲ့ ခြံထဲမှာ ပန်းသီးတွေမှည့်နေပြီလို့ ကြားတယ် ဒုတိယအစ်ကိုကို
သွားယူပြပါဦး"
ယွမ်လော့ရီ သူမခေါင်းလေးကို စောင်းကာ မေးလိုက်သည်။
"မှည့်တယ်ဆိုတာ ဘာလဲဟင်"
"ဟားဟား ချစ်စရာကောင်းလိုက်တာ၊ မှည့်တယ်ဆိုတာ
သူတို့အားလုံး အနီရောင်ပြောင်းသွားတာကို ခေါ်တာ"
"ဒုတိယအစ်ကိုရဲ့အင်္ကျီပေါ်က အနီရောင်အစက်လိုလား"
ယွမ်ဖာ့ သူ့အင်္ကျီကို ငုံ့ကြည့်လိုက်သည်။
သူ့ရှပ်အင်္ကျီအဖြူ၌ သွေးများစွန်းထင်းနေလေသည်။
သူတကယ့်ကို သတိလွတ်သွားတာဖြစ်သည်။ ကြည့်ရတာ သူ့ညီကိုရိုက်တဲ့ နည်းစနစ်တွေ တိုးတက်အောင်
လုပ်မှရတော့မယ်။
"အရောင်တူတူပါပဲ၊ သေချာပြောရရင် ဒီဟာတွေက
အနီရောင်ဆေးတွေနော် ဟုတ်ပြီလား၊ ကဲအခုသွားတော့"
ယွမ်လော့ရီ သူမ၏ ယုန်ရုပ်လေးကို ဖက်ကာ ထွက်သွားလေသည်။သူမသည်
အလွန့်ကို နာခံမှုရှိသော ကလေးကောင်းတစ်ယောက် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် စိတ်ထိန်းထားသည့် ယွမ်ရုံပေါက်ကွဲသွားခဲ့သည်။
သူ ယွမ်ဖာ့၏ မျက်နှာထက်သို့ လက်သီးပိတ်ထိုးလိုက်ကာ နှာခေါင်းရိုးကို ချိုးပြီး သူ၏
ကြည့်ကောင်းသော သွင်ပြင်ကို ဖျက်ဆီးရန် ကြိုးစားလိုက်သည်။
လေထုထဲ၌ လူသတ်ငွေ့များ ပြန့်ကျဲနေကာ တစ်ယောက်နှင့်တစ်ယောက်
လုံးထွေးသတ်ပုတ်နေကြသည်။
ယခုလေးတင် လုပ်ကြံမှုတစ်ခုပြီးမြောက်လာခဲ့သည့်
မေမေယွမ်သည် ထိုနေရာသို့ ရောက်လာခဲ့သည်။ သူမသားနှစ်ယောက်ကို တစ်ချက်ကြည့်ကာ ပေါ့ပေါ့ပါးပါး
ပြောလိုက်လေသည်။
"ယွမ်ဖာ့ မင်းညီကို မသတ်မိစေနဲ့၊ သူကမင်းထက်ငယ်တယ်
နည်းနည်းလျှော့ပေါ့ပေးလိုက်"
ယွမ်ဖာ့ သူ့လက်မောင်းကို ဖြေလျှော့လိုက်ကာ သူ့ညီအား
လည်ပင်းညှစ်နေခြင်းမှ ရပ်လိုက်လေသည်။
ကြမ်းပြင်ပေါ်သို့ ယွမ်ရုံပျော့ခွေကျသွားကာ အသက်ရှုဝရန်
လေကို အသည်းအသန်ရှုလိုက်လေသည်။
ရှုံးသွားပြန်ပြီ။ မနက်ဖြန်ကနေစပြီး နေ့တိုင်း
အမဲသားကစ်တီတစ်ဝက်ပိုစားမှရတော့မယ်။ ငါဒီ့ထက် အရပ်ပိုရှည်ပြီး သန်မာလာရမယ်။
ယွမ်မိသားစုထဲ၌ အားနည်းလျှင် အရိုက်ခံထိပေလိမ့်မည်။
ငါ့ညီမလေးနားတောင် ငါကပ်နေခွင့်မရှိတော့ဘူး။
ယွမ်လော့ရီ ငါးနှစ်အရွယ်သို့ ရောက်သောအခါ သုံးနှစ်တုန်းကကဲ့သို့
ထပ်ပြီး အရူးလုပ်မခံရတော့ပေ။ အနီရောင်များသည် ပန်းချီဆေးမဟုတ်ပဲ သွေးဆိုတာကို သိသွားလေသည်။
သူမ၏ အစ်ကိုများ တတ်နိုင်သလောက် သူတို့၏ အမှောင်ခြမ်းများကို
ဖုံးကွယ်ရန် ကြိုးစားခဲ့သော်လည်း အဆုံးသတ်၌ သူတို့သည် သာမာန်သူများနှင့် မတူညီပေ။
အချိန်အများစု၌ ညီအစ်ကိုများ အေးချမ်းစွာ တူတူနေထိုင်ကြသော်လည်း
တစ်ခါတစ်ရံ၌ ထိန်းချုပ်မှု လွတ်ကင်းကာ သူတို့၏အမှောင်ခြမ်းများကို ထုတ်ဖော်ပြမိတတ်ကြသည်။
ထိုသို့ဖြစ်ချိန်တိုင်း ယွမ်လော့ရီ ကံမကောင်းသလို
ခံစားရသည်။ မြွေများဖမ်းထားခံထားရသည့် ဟမ်းစတားလေးကဲ့သို့ပင်။သူတို့၏ အမူအရာများ ပုံမှန်ပြန်ဖြစ်ချိန်အထိ
ကြောက်ရွံ့စွာဖြင့် တောင့်ခံကာ သေချင်ယောင်ဆောင်နေဖို့သာ တတ်နိုင်ခဲ့သည်။
ကြောက်ရွံ့မှုများ ထပ်ခါထပ်ခါဖြစ်ပြီးနောက် ယွမ်လော့ရီ
သူမအစ်ကိုများနှင့် တစ်ဖြည်းဖြည်းဝေးကွာသွားခဲ့သည်။
သူမရံဖန်ရံခါ ဥယျာဉ်ထောင့်နားတွင် တစ်ယောက်တည်းထိုင်ရင်း
စိတ်ကူးယဉ်နေလျက်ရှိသည်။သူမမှာ ပျော်ရွှင်စရာတွေအများကြီးပေမယ့် မျှဝေစရာလူမရှိပေ။
အထီးကျန်သည့်ခံစားချက်က အလွန့်ကို ဆိုးရွားလှပေသည်။
အနာဂတ်၌ သူမသူငယ်ချင်းကောင်းများရရန် မျှော်လင့်နေခဲ့သည်။
ထို့နောက် သူမအတန်းထဲရှိ ကလေးမလေးသုံးယောက် သူမနားဝန်းရံလိုက်သည့်အခါ
စိတ်လှုပ်ရှားမှုကြောင့် သူမနှလုံးသား အပြင်သို့ခုန်ထွက်မတတ်ပင်။
သူငယ်ချင်းရတော့မဲ့ အခွင့်အရေးပဲ။
ကောင်မလေးတစ်ယောက် မေးလိုက်သည်။
"နင့် အင်္ကျီက ဘာတံဆိပ်လဲ"
ယွမ်လော့ရီ ပြန်ဖြေလိုက်သည်။
"မသိဘူး ကြည့်ရတာ တံဆိပ်မရှိဘူးထင်တယ်"
"နင့်မိဘတွေ ဘာလုပ်လဲ"
"မေမေက ဓားတွေအများကြီးနဲ့ အသားတွေကို မြန်မြန်လှီးနိုင်တယ်၊
ဖေဖေကတော့ အမြှောက်ကြီးကြီးတွေကိုကြိုက်တယ်၊ တစ်ခါတစ်လေ လနဲ့ချီပြီး ပျောက်သွားတတ်တယ်"
"နင်ဘာတွေပြောနေတာလဲ ဒါဆိုနင့်အိမ်ကရော"
"နည်းနည်းတော့ကြီးတယ်၊ ငါ့အခန်းကနေ ထမင်းစားခန်းကိုသွားဖို့
ငါးမိနစ်တောင် လမ်းလျှောက်ရတယ်"
"နင်လိမ်နေတာပဲ၊ နင့်အဝတ်အစားတွေမှာ တံဆိပ်တောင်မရှိဘဲနဲ့
အိမ်ကြီးကြီးတတ်နိုင်မှာလဲ၊ နင်သိလား ငါ့အိမ်က ဒီကျောင်းလောက်ကြီးတယ်"
"ဒါဆို နင်ငါ့အိမ်ကို လိုက်ကြည့်ချင်လား"
ကောင်မလေးများ ရယ်လိုက်ကြသည်။သူတို့ ယွမ်လော့ရီ၏
အလိမ်အညာကို ဖော်ထုတ်ပြီး သူတို့၏ ချမ်းသာသောဂုဏ်ကိုဖော်ကာ ဤသနားစရာဆင်းရဲသည့် ကောင်မလေးကို
ထိတ်လန့်သွားအောင်လုပ်ရန် ကြံရွယ်လိုက်ကြသည်။
ကျောင်းဆင်းသည့်အခါ သူတို့မိသားစုကားပေါ် အသီးသီးတက်လိုက်ကြပြီးနောက်
ယွမ်အိမ်တော်ဂိတ်ဝသို့ ရောက်လာခဲ့ကြသည်။
သူတို့ရောက်သွားသည့်အခါ ယွမ်လော့ရီ ပျော်ပျော်ရွှင်ရွှင်ဖြင့်
ဖိတ်ခေါ်လိုက်သည်။
"လာလာ အထဲသွားပြီးဆော့ကြမယ်၊ ငါ့မှာနင်တို့ကိုကျွေးဖို့
မုန့်တွေအများကြီးရှိတယ်"
ကားတံခါးမှာ ကျယ်လောက်စွာ ပိတ်သွားခဲ့သည်။
ကောင်မလေးများ ထိတ်လန့်တုန်လှုပ်နေကြကာ ကားထဲမှ
အပြင်မထွက်ရဲကြပေ။ယာဉ်မောင်းသည် စတီယာတိုင်ကို ကြမ်းကြမ်းတမ်းတမ်းလှည့်ကာ လီဘာကို အရှိန်ပြင်းစွာနင်းရင်း
မောင်းထွက်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုတော့ ယွမ်မိသားစု၏ ခြံတံခါးဝတွင်
ခေါင်းနှစ်လုံးပါသော မြွေတံဆိပ်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
ထိုအရာကို မြင့်မြတ်သောခေါင်းနှစ်လုံးနှင့်မြွေဟု
မေမေယွမ်မပြောခင်အချိန်ထိ ယွမ်လောရီသည် နည်းနည်းဖောင်းကားပြီး လိမ်ယှက်နေသော ပေါက်စီလုံးလေးဟုသာ
ထင်ခဲ့သည်။
ထို့နေ၌ ငါးနှစ်အရွယ် ယွမ်လော့ရီလေး အရာနှစ်ခုကို
နားလည်သွားခဲ့သည်။
ပထမတစ်ခု - လူတိုင်းယွမ်မိသားစုကို ကြောက်ရွံ့ကြသည်။
ဒုတိယတစ်ခု - သူမဘယ်တော့မှ သူငယ်ချင်းရမည် မဟုတ်တော့ပေ။
စိတ်ပျက်လက်ပျက်ဖြစ်နေသော ယွမ်လော့ရီကို
မေမေယွမ် မြင်သည့်အခါ စိတ်မကောင်းစွာဖြင့် သူမခေါင်းလေးကို
ပွတ်ပေးလိုက်သည်။
"ကလေးလေး အဆင်ပြေပါတယ်၊ ဘဝဆိုတာ ရှည်လျားလွန်းတယ်
အနာဂတ်ကျရင် သမီးလူတွေအများကြီးနဲ့ တွေ့ရမှာပါ၊ တစ်နေ့ကျရင်တော့ သမီးကို တန်ဖိုးထားပြီး
နားလည်ပေးမယ့်သူ၊ သမီးနဲ့အတူ ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း နဲ့ ဒေါသတွေကို မျှဝေဖို့
သူငယ်ချင်းဖြစ်ချင်တဲ့သူတွေ ပေါ်လာပါလိမ့်မယ်"
မေမေယွမ်သည် သူမဝယ်လာခဲ့သည့် လုပန်သော့အသစ်ကို
ထုတ်ကာ ပြောလိုက်သည်။
"ဒီနေ့တော့ မေမေနဲ့ကစားကြမယ် တူတူသော့ဖွင့်ကြရအောင်"
လုပန်သော့ကို ယူလိုက်ပြီးနောက် ယွမ်လော့ရီသူမ၏
လက်သေးသေးလေးများကို ခဏလောက်လှုပ်ရှားလိုက်ရာ ခဏလေးအတွင်း သော့ပွင့်သွားလေသည်။
မေမေယွမ် အံ့ဩစွာဖြင့် ပြောလိုက်လေသည်။
"ကလေးလေးက အရမ်းတော်တာပဲ၊ သမီးအစ်ကိုတွေတုန်းက
ဒီပိစိလေးကိုဖွင့်ကို အချိန်အကြာကြီးယူခဲ့ကြရတာ"
ယွမ်လော့ရီ ပြန်မဖြေခဲ့ပေ။ သူမ ရံဖန်ရံခါ ထူးဆန်းသည့်
အိမ်မက်များ မက်လေ့ရှိပြီး အမျိုးမျိုးသော အရည်အချင်းများဖြင့် မတူညီသည့် ဘာသာစကားများကိုပြောနေသည့်
မတူညီသည့် ခေတ်အဆက်ဆက်များကို ရောက်သွားခဲ့သည်။
မနေ့ညက အိမ်မက်ထဲ၌ သူမသည် စစ်ပွဲကာလ ၌ လုပန်သော့များကို
ကျွမ်းကျင်သည့် လက်မှုပညာသည် တစ်ယောက်ဖြစ်နေခဲ့သည်။ ကံမကောင်းစွာဖြင့် ငယ်ရွယ်စဉ်မှာပင်
ဘုရင်ဖြစ်သူနှင့်အတူ ဂူသွင်းခံလိုက်ရလေသည်။
တစ်နည်းအားဖြင့် သူမသည်လည်း သာမာန်သူမဟုတ်ခဲ့ပေ။
__________________________
T/N စစ်ပွဲကာလက (475-221)BC ကျုံမင်းဆက်ရဲ့နှောင်းပိုင်းကာလတွေပါ။