ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ဒေါသပင်လယ်၌ မြုပ်နေသောသဲ
Chapter (39)
တိုက်ပွဲ
ဝူရှဲ အနည်းငယ် အံ့အားသင့်သွားပြီး ခေါင်းပေါ်က ကျောက်တုံးကို တစ်စုံတစ်ယောက်မှ မြှောက်လိုက်ခြင်းဖြစ်မည်ဟု ချက်ချင်း သဘောပေါက်လိုက်ပါ၏။ ယခုအချိန်တွင် ဦးလေးသုံး သို့မဟုတ် အားနင်မှလွဲ၍ သင်္ချိုင်းတွင်း၌ ဘယ်သူမှ မရှိသောကြောင့် သူတို့ပဲလို့ ထင်လိုက်သည်။
သို့သော် လှမ်းကြည့်လိုက်တော့ အကြေးခွံတွေ ဖုံးအုပ်ထားတဲ့ ထွားကျိုင်းလှတဲ့ ပင်လယ်မျောက် တစ်ကောင်က ကျောပေးလျက် ငုံ့ကြည့်နေတာကို မြင်လိုက်ရသည်။ သူ့မျက်လုံးထောင့်ကနေ ၎င်းရဲ့ပခုံးပေါ်က သွေးစွန်းနေတဲ့ အသားထဲကို လှံတစ်ချောင်းနဲ့ ထိုးစိုက်ခံထားရတာကို မြင်လိုက်ရတော့ စိတ်ထဲကနေ တိတ်တိတ်ကလေး သက်ပြင်းချမိလိုက်သည်။ ဒါက ရန်သူနဲ့ နီးကပ်လွန်းနေပြီ။ ဒီအကောင်က သူ့ကို တကယ်ကြီး စွဲနေတာလား မသိတော့ချေ။
ဒီလို ကြီးကျယ်ခမ်းနားတဲ့ အဖြစ်အပျက်မျိုး ဖြစ်လာမယ်လို့ မမျှော်လင့်ထားတာကြောင့် ပြောစရာ စကားတွေ ပျောက်ရှသွားခဲ့သည်။ ရုတ်တရက် တစ်ယောက်ယောက်က သူ့ဘောင်းဘီကို ဆွဲလာ၏။ အောက်ကို ငုံ့ကြည့်လိုက်တော့ မျက်နှာသေ ဖြစ်နေတာကို တွေ့လိုက်ရသည်။ ဒီပင်လယ် မျောက်ကောင်ကြီးကို မြင်လိုက်တာနဲ့ သူ့ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်ပြီး ဝူရှဲကို အောက်အမြန် ပြန်ဆင်းခိုင်းလိုက်သည်။
ဝူရှဲအောက်က ဂူလမ်းဟာ ကုန်းစောင်း တစ်ခုပေါ်မှာ တည်ရှိနေတာ ဖြစ်သည်။ မူလက ဝူရှဲဟာ မျက်နှာသေနဲ့ ဒီနေရာကို သေချာကြည့်ချင်ပေမယ့် လှုပ်ရှားဖို့က အဆင်မပြေဘူး ဖြစ်နေသည်။ အခုက အရမ်းအလုပ်ရှုပ်နေလို့ နှေးနှေးကွေးကွေးနဲ့ လှေကားထစ် အနည်းငယ် ဆင်းနေစဥ် ပင်လယ်မျောက်က "ခရူး" ဆိုတဲ့ အသံကို ထုတ်လွှတ်လိုက်ရာ ဝူရှဲ ရုတ်တရက် ခေါင်းမော့ကြည့်လိုက်သည်။ အဲဒီမျောက်ကြီးရဲ့ မျက်နှာက သူ့နားကို ချဉ်းကပ်လာနေတာကို မြင်လိုက်ရတော့ အရမ်း ထိတ်လန့်သွားပြီး ခြေချော်ကာ ဂူနံရံကို တိုက်မိသွား၏။
အခု သူ့တင်ပါးက နာကျင်နေပေမယ့် ဒီအခွင့်အရေးကို အခွင့်ကောင်းယူပြီး လျှောချပစ့ရင်း ဘုရားကောင်းကြီးပေးမယ်လို့ တွေးပြီး ဂူလမ်းထဲကို အမြန် ပြန်ဝင်သွားခဲ့သည်။ ပင်လယ်မျောက်ရဲ့ ခန္ဓာကိုယ်က အရမ်းကြီးတော့ ဝင်လို့မရဘူး။ အနည်းဆုံးတော့ လုပ်နိုင်ရင် သူ့ရဲ့နှလုံးခုန်နှုန်းကို နှေးကွေးစေနိုင်သည်။
တွေးတုန်းကတော့ လှလှပပဆိုပေမယ့် ရာသီဥတုက သူတို့ဘက်မှာ မဟုတ်နေပေ။ မီတာဝက်လောက်ကို လျှောကျသွားချိန် ရုတ်တရက် အောက်ဖက်မှာ ကပ်နေတဲ့ ဖက်တီးက တွားသွားတက်လာပြီး
“အပေါ်ကိုတက် အပေါ်ကိုတက်.... အဲဒီခွေးမ က ထပ်တက်လာနေပြီ!"
ဒါကိုကြားလိုက်ရတော့ အံ့သြတုန်လှုပ်သွားပြီး သူ့နောက်ကို အမြန်ကြည့်လိုက်တော့ ဆံပင်ကြီးတစ်ဆုပ်က နောက်ဆုံး "ကျစ်...." ဟူသည့် အသံများဖြင့် အချိုးအကွေ့အထိ တက်လာတာကို မြင်လိုက်ရတော့ စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။ မကောင်းတဲ့ အရာတွေက အမြဲတမ်း အဖော်နဲ့ လာတတ်တာပဲဟု တွေးရင်း ဝူရှဲ အမြန်ပဲမီးခြစ်ကို ဖက်တီးဆီ ပစ်ပေးကာ အရင်ပိတ်ခိုင်းထားလိုက်သည်။
အပေါ်က ဘာတွေ ဖြစ်နေပြီလဲ ဆိုတာကို ကြည့်ဖို့ လည်ပင်းကို လှုပ်လိုက်ချိန် ရုတ်တရက် ပုခုံးမှာ နာကျင်သွားသလို ခံစားလိုက်ရသည်။ လှည့်ကြည့်လိုက်တော့ ပင်လယ်မျောက်ရဲ့ ပုခုံးတွေက ကျယ်လွန်းပေမယ့် လည်ပင်းက ပျော့ပြောင်းနေသေး၏။ ဝူရှဲ သတိမထားမိခင်က သူက ဝူရှဲညာဘက်ပခုံးကို ကိုက်ပစ်လိုက်ပြီးပြီ။
ဒီတစ်ခါတော့ ဒုက္ခရောက်ပြီ။ အစွယ်တွေက ငါ့အသားထဲကို နက်နက်နဲနဲ ထိုးဖောက်သွားတာကြောင့် နာကျင်မှုက မူးလဲလုနီးပါးပင်။ ဝူရှဲ ရုန်းကန်နေတုန်းက သူ့ခမျာ လှိုဏ်ဂူထဲကနေ ဆွဲထုတ်ခံလိုက်ရသည်။
ပင်လယ်မျောက်က ဝူရှဲကို လေထဲမှာ ဆုပ်ကိုင်ထားပြီး ချက်ချင်း သတ်ချင်ပုံမပေါ်ပေမယ့် ခက်ခက်ခဲခဲ လှုပ်နေသမျှ သူ့ပုခုံးကနေ နှစ်ပိုင်းကွဲသွားနိုင်တယ် ဆိုတာ သိပါ၏။ အဲဒီအချိန်မှာ ဘယ်လောက်ပဲ ကြောက်နေပါစေ တော်ရုံတန်ရုံ ခံနိုင်ရည်ရှိနေဆဲပါပဲ။ ထိုအခိုက် သူ့ညာဘက် ပုခုံးပေါ်မှာ မတိုင်ခင်က သူထိုးစိုက်ခဲ့တဲ့ လေသေနတ်လှံကို ရုတ်တရက် တွေ့လိုက်ရသည်။ သို့နှင့် အလျင်စလိုနဲ့ ညာဘက်နေရာကို နောက်ထပ် လေးငါးချက်လောက် ကန်ပစ်လိုက်ရယ "ဘုန်းကနဲ" အသံနဲ့အတူ ဝူရှဲကို ချက်ချင်း ပစ်ချလိုက်လေသည်။
မြေပြင်ပေါ်ကို ခုနစ်ကြိမ် ရှစ်ကြိမ်လောက် လှိမ့်ပြီး နောက်ဆုံးတော့ ရပ်တန်သွားသည်။ ဒီဒဏ်ကို ခံနိုင်ရည်ရှိသေးပေမယ့် မတ်တပ်ရပ်ဖို့ ကြိုးစားတဲ့အခါ ညာလက် တစ်ခုလုံးကို လုံးဝအသုံးမပြုနိုင်တော့မလို လှုပ်လို့ မရတော့ချေ။ ပင်လယ်မျောက်ရဲ့ ခေါင်းက နာကျင်ပြီး ဒေါသတကြီး ကြိမ်ဖန်များစွာ ဟောက်ပြီး ဝူရှဲကို ထပ်ရိုက်ပြန်၏။ ဒီတစ်ခါတော့ သူက ဝူရှဲလည်ပင်းကို တည့်တည့် တိုးဝင်လာကာ လည်ချောင်းကို တိုက်ရိုက် ကိုက်ပစ်ချင်ပုံရသည်။
အရှိန်က အရမ်း မြန်လွန်သတာကြောင့် ရှောင်လွှဲလို့ မရတော့တာကြောင့် လက်နဲ့ ပိတ်ဆို့လိုက်ရသည်။ ဒါက အခြေအနေတစ်ခုကို တားဆီးဖို့ ကြိုးစားနေတဲ့ ခြင်တစ်ကောင်ဆိုတာ သံသယဖြစ်စရာ ဆိုပေမယ့် မဟုတ်ရင် သူ့ခေါင်းကိုတောင် ကယ်တင်နိုင်မှာ မဟုတ်ဘူးလေ။ ထိုအချိန်တွင် ဖက်တီးသည် ရုတ်တရက် အနောက်မှ ပြေးလာကာ ပင်လယ်မျောက်၏ ခြေဖဝါးကို ပွေ့ဖက်လိုက်ရာ ခလုတ်တိုက်ပြီး နှစ်ယောက်သား တစ်ချိန်တည်းမှာပင် မြေပြင်ပေါ်သို့ လဲကျကာ ဘောလုံးတစ်လုံးလို လှိမ့်သွားသည်။ ဖက်တီးသည် ကျားကို တိုက်ခိုက်ရာတွင် အတုယူကာ ကျောပေါ်တက်ချင်သော်လည်း ပင်လယ်မျောက်က အလွန် အစွမ်းထက်သောကြောင့် ဖက်တီး လုံးဝ မထိန်းနိုင်ဘဲ လဲကျသွားတာ ဖြစ်လေ၏။
ဖက်တီး ထိန်းမနိုင်သိမ်းမရ ဖြစ်သွားတာကို တွေ့တော့ တစ်ခုခု ဖြစ်နေပြီ ထင်ကာ လက်ဖယ်ကြည့်လိုက်တော့ ပင်လယ်မျောက်က ဖက်တီးကို သွားတွေနဲ့ ကိုက်ပြီး ဝူရှဲဆီ လှည့်ပြေးလာပြန်၏။ သူ မိမိအား ပစ်မှတ်ထားနေတာ မြင်လိုက်တာနဲ့ ခါးမှာဆွဲထားတဲ့ လေသေနတ်ကို အလျင်စလို ထိလိုက်သည်။ ဝူရှဲ ထိုလေသေနတ်နဲ့ ပစ်လိုက်ချင်ပေယ့် အစောက ကျောက်နံရံပေါ်ကို ချောချောမွေ့မွေ့ တက်ရင်း လွတ်မြောက်ဖို့အတွက် လှံနဲ့တူတဲ့ သေနတ်ကို လွှင့်ပစ်ခဲ့တာကို သတိရမိသွားသည်။ အခုတော့ အဲဒီပစ္စည်းက ကြေမွသွားလောက်ပြီ။
အခုနောင်တရဖို့က နောက်ကျသွားပြီ။ ပင်လယ်မျောက်က သူ့ရှေ့မှာပဲ ခဏလေးအတွင်း သူ့လည်ပင်းကို ကိုက်ပြီး သေလိမ့်မယ်။ မျက်လုံးတွေကို မှိတ်ထားပြီး သေဖို့ပဲ စောင့်နေရတော့သည်။ မတ်တတ် မရပ်နိုင်သေးပေမယ့် ၎င်းက အလွန်ဒေါသ ထွက်နေပုံရသည်။ ကျောရိုးကျိုးလုမတတ် ပစ်ပေါက်ခံထားရသလို ၎င်းက သူ့ဗိုက်ပေါ်ကိုသာ ပြင်းပြင်းထန်ထန် ကန်ပစ်လိုက်ရာ သွေးတွေပင် ပါးစပ်ထဲကနေ ထွေးထုတ်မိသွားသည်။
နာကျင်လွန်းတဲ့ ဝေဒနာကြောင့် ဝူရှဲခမျာ သတိလစ်လုနီးပါး ဖြစ်နေပါပြီ။ ပင်လယ်မျောက်က အရှုံးမပေးသေးဘဲ သူ့ရင်ဘတ်ပေါ် ထပ်တက်နင်းဖို့ ကြိုးစားလေ၏။ ၎င်းရဲ့ ခြေထောက်ကို မြှောက်လိုက်တာနဲ့ ကျယ်လောင်တဲ့ "ဘန်း" ဆိုတဲ့ အသံတစ်ခု ထွက်ပေါ်လာပြီး ဘာတွေဖြစ်နေမှန်း မသိလိုက်ချိန် ပေါက်ကွဲသံကြီး ထွက်လာပြီး ပင်လယ်မျောက်ကြီး အကြိမ်ကြိမ် လွင့်လဲကျသွားခဲ့သည်။
လှည့်ကြည့်လိုက်တော့ ကြေးမှန်ကြီးကို လက်ထဲမှာ ကိုင်ထားပြီး နတ်ဘုရားလို လျှောက်လာနေတဲ့ ဖက်တီးဆိုတဲ့လူကို တွေ့လိုက်ရသည်။ ဝူရှဲ တုန်လှုပ်နေတုန်းပဲ။ အံ့လည်း အံ့ဩသွား၏။ ခုနက ကျယ်လောင်တဲ့ ဆူညံသံကို ဖြစ်ပေါ်စေတဲ့ လူသတ်လက်နက်က အဲဒါပါပဲ။ ဖက်တီးကတော့ တကယ့် လက်မည်းနဲ့လူပင်။ ပင်လယ်မျောက်သာ လူသားဖြစ်လျှင် သေအောင် ရိုက်နှက်ခံရမည်မှာ သေချာပါသည်။
ပင်လယ်မျောက်ကြီး ထလာမယ့် အချိန်ထိ စောင့်ဆိုင်းမနေဘဲ ရှေ့ကို ပြေးပြီး လက်ပြန်ရိုက်ချလိုက်ရာ ကျယ်လောင်တဲ့ "တုတ်ကနဲ" အသံနဲ့အတူ ပင်လယ်မျောက်ရဲ့ မျက်နှာက ကွဲအက်သွားကာ မီတာများစွာအထိ လိမ့်ထွက်သွားသည်။ ဤပင်လယ်မျောက်သည် အလွန်သန်မာပြီး မကြာသေးမီ ကာလများအထိ သူ့ကို ဆိုးရွားစွာ ထိခိုက်ပျက်စီးစေခြင်း မရှိခဲ့တဲ့အတွက် နှမြောစရာ ကောင်းလှသည်။ သို့သော် ဖက်တီး ဘယ်လောက် အစွမ်းထက်တယ် ဆိုတာကို သိရှိပြီး အလျင်စလို မကျော်ဝံ့တော့ပေ။ သူက တိုင်တစ်တိုင်မှာ ပြေးတွယ်ကပ်ရင်း ဖက်တီးဘက်ကို မာန်ဖီနေသည်။
ထိုအခါမှ ဝူရှဲလည်း ဒီအခန်းဟာ မျက်နှာသေပြောတဲ့ ကောင်းကင်နန်းတော်ရဲ့ စံနမူနာထားရာ အခန်းဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ တိုက်ရိုက် သက်သေပြချက်ကတော့ အခန်းနံရံလေးခုမှာ ပန်းချီကားကြီး လေးချပ် ပါနေတာပင်။ ထိုပန်းချီကားများ၏ အကြောင်းအရာများသည် သူ့ပြောပြချက်နဲ့ တသမတ်တည်း ဖြစ်နေသော်လည်း ၎င်းတို့ ထွက်ခွာသွားပြီးနောက် အနှစ်နှစ်ဆယ် အတွင်း ဤနေရာသည် လုံးဝပြောင်းလဲသွားခြင်း မရှိသည်မှာ သေချာပါ၏။ ဒါပေမဲ့ အံ့ဩမိတာကတော့ ဒီအခန်းက သူပြောသလောက် ကြီးကြီးမားမား မဟုတ်ပေ။ နံဘေးက ရွှေနန်းမူတိုင်ကြီးလို ခံစားရစေမယ့် တစ်ခုတည်းသော တိုင်ကတော့ လူသုံးယောက် ဝန်းရံထားနိုင်လောက်တာတော့ အမှန်ပင်။ အများစုမှာ ဇိမ်ခံပစ္စည်း အဖြစ်သာ မှတ်ယူနိုင်၏။
ဖက်တီး တစ်ချက်ဖြင့် အနိုင်ရယူပြီးနောက် မာနကြီးသော အသံဖြင့် ကျိန်ဆဲလိုက်သည်။
"ဟမ့် ငါက မရေမတွက်နိုင်တဲ့ ဖုတ်ကောင်တွေကို သေအောင်ခေါက်ခဲ့ပြီးပြီ.... မင်းက ငါ့ရှေ့မှာ ကျိုးပဲ့နေတဲ့ မျောက်တစ်ကောင်ပဲ... မင်းက ဒီအဘိုးဖက်တီးရှေ့မှာ လူ၅ယောက် ၆ယောက်စာလောက်ပဲ ရှိတယ်ကွ!!"
သူပြောပြီးတဲ့နောက် မှန်ကို လွှင့်ပစ်ချင်ပေမယ့် ကြေးမှန်ရဲ့ အလေးချိန်က တကယ့်ကို လေးလံလွန်းလှသည်။ ဖက်တီးဟာ အခုနက နှစ်ကြိမ်လောက် မြှောက်ပစ်ဖို့ လုံလောက်တဲ့ ခွန်အားကို အသုံးပြုခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ မမြှောက်နိုင်ဘဲ ကြိမ်ဖန်များစွာ လှုပ်နေတော့သည်။
ဤပင်လယ်မျောက်သည် အလွန်လိမ္မာ ပါးနပ်လေသည်။ သူသည် အားမထုတ်နိုင်တော့တဲ့ ဖက်တီးကို တွေ့တော့ တိုင်ပေါ်မှ ရုတ်တရက် ခုန်ဆင်းကာ ဖက်တီးကို မြေပြင်ပေါ်သို့ လှဲသိပ်ပစ်လိုက်သည်။ သူ့ကို ခဏလောက်အထိ တွန်းမထုတ်နိုင်ချေ။ ရလဒ်ကတော့ သူ တင်းတင်းကျပ်ကျပ် ဖမ်းဆုပ်မိသွားရာ ပင်လယ်မျောက်ဆီက ပေးလာတဲ့ ပါးရိုက်ချက်ကြောင့် ဖက်တီးရဲ့ အရေပြားတစ်ပိုင်းလုံး တိုက်ရိုက် တုန်ခါသွားခဲ့သည်။
ဖက်တီး ဘယ်လိုလုပ် ဒီလိုလက်ရာမျိုးကို စားဖူးပါ့မလဲ။ သူ့မျက်နှာက ရုတ်တရတ် နီရဲလာပြီး ဟောက်ပြီး ပင်လယ်မျောက်ရဲ့ မျက်နှာကို တစ်ချက်ကိုက် ကိုက်ပစ်လိုက်သည်။ ပင်လယ်မျောက်သည် နာကျင်စွာ အော်ဟစ်ရင်း ခြေလှမ်းပေါင်းများစွာ ဆုတ်ကာ ခပ်ဝေးဝေးသို့ ပြေးသွားခဲ့သည်။
ပင်လယ်မျောက်ရဲ့ မျက်နှာပေါ်က အကြေးခွံကြီးကြီး စုတ်ပြဲသွားပြီး သွေးတွေ ရွှဲလာပေမယ့် သူ့ပုံစံက ပိုလို့တောင် ရဲရင့်နေပုံပေါ်သည်။ သို့သော် ဖက်တီးကလည်း ရှုပ်ပွနေပြီး သတိကြီးစွာနဲ့ ရပ်နေတော့ သူက ဝူရှဲတို့ကို စောင့်ကြည့်နေတော့သည်။ သူ့အကြည့်တွေက ခပ်ဝေးဝေးကနေ ဖက်တီးရဲ့ အပြစ်အနာအဆာတွေကို ရှာချင်သလိုပဲ။ ဒီအချိန်မှာ ဖက်တီးလည်း ခက်ခက်ခဲခဲ ရင်ဘတ်ကို ဆုပ်ကိုင်ထားရင်း အသက်ရှုမရပ်နိုင်သလို ကာယဗလလည်း အရမ်းပင်ပန်းနေတာ တွေ့လိုက်ရ၏။
မိနစ်အနည်းငယ် ကြာအောင် နှစ်ဖက်လုံး မျက်နှာချင်းဆိုင် ကြည့်နေကြသည်။ ပင်လယ်မျောက်သည် တိရစ္ဆာန်တစ်ကောင် ဖြစ်ပြီး လူသားကဲ့သို့ မဖြစ်နိုင်ချေ။ အချိန်ကြာလာတော့ အာရုံစူးစိုက်မှုက ပျက်ပြားလာသည်။ သူင ခေါင်းကိုလှည့်ကာ သွားတွေကြိတ်ရင်း ဘယ်ညာ ကြည့်လိုက်သည်။ ထိုအခိုက် မျက်နှာသေက ဂူအဝင်ဝက ကျောက်ပြားကို ပြန်ချထားနေတာ တွေ့လိုက်၏။ ကျောက်ပြားက အရမ်းလေးသလို လူတစ်ယောက်တည်းက မဖို့ခက်တာကြောင် တစ်လက်မနဲ့ တစ်လက်မလောက်ပဲ ဆွဲနိုင်သည်။ ပင်လယ်မျောက်သည် မျက်နှာသေ တစ်ယောက်တည်း ရှိနေတာကို မြင်သောအခါတွင် သူကထပ်၍ လူသတ်ချင်ပြန်သည်။
ဝူရှဲ တုန်လှုပ်သွားသည်။ ဒီအရာက ဒီလိုကျတော့လည်း လူသားလို တော်တော် တွေးတတ်မယ်လို့ မမျှော်လင့်ထားချေ။ ပျော့ပျောင်းပြီး ကြမ်းတမ်းတာကို ကြောက်ရကောင်းမှန်း သိတဲ့အတွက် ခပ်မြန်မြန် အော်လိုက်ရသည်။
"သတိထား!!"
မျက်နှာသေသည်လည်း သူ့နောက်မှ ရုတ်တရက် လေပြင်းများ တိုက်ခတ်လာသည်ကို သတိပြုမိခဲ့ပြီး ကျောက်ချပ်ကို ပစ်ချကာ နံဘေးကို လှိမ့်ထွက်လိုက်ဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ပေ။ မျက်နှာသေ ဒီကိစ္စကို ကိုင်တွယ် ဖြေရှင်းနိုင်ရမယ် ဆိုတာကို ဝူရှဲသိသည်။ ဒါကြောင့် သူ သိပ်စိတ်မပူချေ။ သူက ရှေ့ကို ခြေလှမ်းအနည်းငယ် ပြေးပြီး ပင်လယ်မျောက်ကို နန်မူတိုင်ဆီသို့ ခေါ်ဆောင်သွားတာ မြင်လိုက်ရသည်။ ပထမခြေကို ကန်ချလိုက်ပြီး လေထဲတွင် ကခုန်သကဲ့သို့ လှည့်သွားကာ ပင်လယ်မျောက်ရဲ့ ပခုံးပေါ် ဒူးထောက် တိုက်ချလိုက်ရာ ပင်လယ်မျောက်၏ ခန္ဓာကိုယ်မှာလည်း နှိမ့်ကျသွားကာ ဒူးထောက် ထိုင်ချလိုက်သည်။
ဒါက ဘယ်လိုမျိုး ကျွမ်းကျင်မှန်း ဝူရှဲ မသိပေမယ့် မြင်လိုက်တာနဲ့ သူ့မျက်လုံးတွေ လင်းထိန်သွားတော့သည်။ သို့သော် ပင်လယ်မျောက်က အရမ်းသန်မာပြီး ဒီအချိန်မှာတော့ အဲဒါက သက်ရောက်မှု မရှိသလောက်ပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် မျက်နှာသေကတော့ အရှုံးမပေးချေ။ သူ ချက်ချင်း ခုန်မချသေးဘဲ သူ့ခြေထောက်တွေကို ကွေးလိုက်ကာ ပင်လယ်မျောက်ရဲ့ ခေါင်းကို ဒူးနဲ့ ပြင်းပြင်းထန်ထန် တိုက်ချပစ်လိုက်ရာ ပြတ်သားတဲ့ ကလစ်သံကို ကြားလိုက်ရသည်။ ပင်လယ်မျောက်ရဲ့ ဦးခေါင်းဟာ သဘာဝအတိုင်း 180 ဒီဂရီ လိမ်ပြီး လည်ပင်းရိုး တစ်ခုလုံး ကျိုးသွားလေ၏။
ဒီသိုင်းကွက် လုပ်ဆောင်ချက်တွေက တစ်စက္ကန့်အတွင်းမှာပဲ ပြီးမြောက်သွားကာ ချက်ချင်းပဲ သတ်ပစ်လိုက်ခဲ့သည်။ ဖက်တီးနဲ့ ဝူရှဲတို့ မေးရိုးတွေ ပြုတ်ကျသွားတော့မလို လည်ပင်းတွေပဲ ကြွက်တက်သလို ခံစားလိုက်ရသည်။ သွေးစွန်းနေတဲ့ အလောင်းရဲ့ ဦးခေါင်းကို ကြည့်ပြီး ကိုယ့်ကိုကိုယ် ပြန်တွေးမိသည်။ ဒီပုံစံက သူ့အလှည့်ကျ ပြန်ခံရတာဖြစ်မယ်ဟုပင်။ မထိန်းနိုင်ဘဲ လေအေးများကို ရှူရှိုက်လိုက်မိသည်။ ရက်စက်လွန်းတဲ့ ပင်လယ်မျောက် အတွက်တော့ တစ်ချက်တည်းနဲ့ သေသွားရတာက မထိုက်တန်ဘူးလို့တောင် ခံစားခဲ့ရသည်။
မျက်နှာသေက ခုန်ချသွားပြီးနောက် ကျောက်တုံးကို ရွှေ့ဖို့ အမြန်ပြန်သွားခဲ့သည်။ ဂူပေါက်ပေါက်ဝထဲကနေ ဆံပင်တစ်ဆုပ် ထွက်လာတာကို တွေ့တော့ ဖက်တီးကို အကူအညီပေးဖို့ အမြန် တောင်းဆိုလိုက်သည်။ ဆံပင်ဘောလုံးကို အောက်ဘက်သို့ ပြန်တွန်းချရန် မီးခြစ်တစ်ချက် ခြစ်လိုက်၏။ ထို့နောက် မျက်နှာသေလည်း ကျောက်ပြားကို နဂိုအနေအထားသို့ ပြန်ဖုံးထားခဲ့သည်။
တားမြစ်မိန်းမပျိုမှာ အလွန်အမင်း မကျေမနပ်ဖြစ်ပြီး ကျောက်ပြားကို ဖြိုခွင်းရန် ကြိမ်ဖန်များစွာ ဆောင့်ကန်နေသဖြင့် ဖက်တီးလည်း ကျောက်ပြားကွဲသွားမည်ကို စိုးရိမ်သဖြင့် ရိုးရှင်းစွာ ထိုင်ချလိုက်ပြီး တွင်းပေါက်ဝကို အသေပိတ်ပစ်ခဲ့သည်။
သူမရဲ့ ရိုက်ခတ်သံတွေက ဆယ်မိနစ်ခန့်ကြာသွားသည်။ ကံမကောင်းစွာဖြင့် ဖက်တီးသည် သာမာန်လူများ မ,မနိုင်သော ကျောက်ပြားကို အားထပ်ထည့်လိုက်ရာ ပင်ပန်းနွမ်းနယ်တဲ့အထိ တွန်းတိုက်ပြီးနောက် အောက်မှအရာလည်း ငြိမ်သက်သွား၏။ ဖက်တီးက ကျိန်ဆဲပြီး မောပန်းနွမ်းနယ်နေတဲ့ ကြမ်းပြင်ပေါ်မှာ ရုတ်တရက် လှဲလျောင်းနေလိုက်တော့သည်။
ဝူရှဲလဘ်း အန္တရာယ်တွေ ပြီးသွားတော့မှ သက်ပြင်းတစ်ချက် ချလိုက်ရင်း သတိပြန်ဝင်လာကာ ညာဘက်လက်မှာလည်း လှုပ်ရှားမှု အနည်းငယ် လုပ်နိုင်ခဲ့သည်။ မျက်နှာသေက အရှေ့တောင်ထောင့်ကို လျှောက်သွားနေတာ လှမ်းမြင်လိုက်ရသဖြင့် သူ့နောက်ကို ကမန်းကတန်း လိုက်သွားသည်။
အဲဒီ့နားက မှန်ကတော့ ဖယ်လိုက်ပြီးပြီ။ နံရံမှာ မှောင်မည်းနေတဲ့ အပေါက်တစ်ပေါက် ရှိနေပြီး လူတစ်ယောက်ရဲ့ အမြင့် တစ်ဝက်လောက်သာ ရှိတဲ့ အတွင်းပိုင်းကို ကြည့်ရတာ အရမ်း နက်ရှိုင်းနေသလိုမျိုး ခံစားရကာ ဘယ်ကို ဦးတည်သွားလဲတော့ မသိရချေ။