ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ဒေါသပင်လယ်၌ မြုပ်နေသောသဲ
Chapter (38)
တားမြစ်မိန်းမပျို
သူ့မျက်စိရှေ့က သူ့လက်နဲ့ မလှမ်းမကမ်းမှာ ဖြူဖျော့နေတဲ့ ဧရာမ လူ့မျက်နှာတစ်ခု ရှိနေသည်။ သူ့အရေပြားက ပင်လယ်ထဲမှာ နှစ်ဘယ်လောက် ကြာကြာ စိမ်ထားလဲဆိုတာ ဘယ်သူက သိနိုင်မှာလဲ။ သူ့တစ်ကိုယ်လုံးက အရေပြား အားလုံးဟာ ပွင့်လင်းတဲ့အရောင်နဲ့ ရောင်ရမ်းနေတာသည်။ နတ်ဆိုးဆန်တဲ့ မျက်လုံးနှစ်လုံးက အဖြူမရှိဘဲ အနက်ရောင်မျက်လုံးတွေက မျက်လုံးဘောင် တစ်ခုလုံးကိ သိမ်းပိုက်လုနီးပါး ဖြစ်နေပြီ။ ပထမတစ်ချက် ကြည့်လိုက်တော့ မျက်လုံး နှစ်ဖက်စလုံးက ဖောက်ထွက်သွားပြီး ကြောက်စရာကောင်းတဲ့ ပုပ်ပွနေတဲ့ အလောင်းတစ်ခုလိုပဲ။
ဝူရှဲ ရူးလုမတတ် ကြောက်ရွံ့သွားသည်။ ဒေါသတကြီး အော်ပြီး တွန်းထုတ်လိုက်ချင်သည်။ အခုအချိန်မှာ သူ့စိတ်ထဲ စကားလုံးတစ်လုံးပဲ ရှိတော့သည်။ အဲဒါက ထွက်ပြေးဖို့ပဲ။ ဒါပေမဲ့ ဂူသွားလမ်းက လူနှစ်ယောက် ဖြတ်သွားဖို့အထိ ခက်ခဲလွန်း၏။ သူ ထွက်ပြေးလိုက်တာနဲ့ မျက်နှာသေနဲ့ သွားကပ်ပြီး မလှုပ်နိုင်တော့ပေ။ ဝူရှဲ မျက်နှာသေကို ဖမ်းဆွဲပြီး
“သရဲ! ရေသရဲ ရှိတယ်”
သူက ဝူရှဲပါးစပ်ကို လက်တစ်ဖက်နဲ့ အုပ်လာပြီး တိုးတိုးလေး မေးလေ၏။
“မအော်နဲ့! ရေသရဲက ဘယ်မှာလဲ?”
ဝူရှဲလည်း လှည့်ကြည့်လိုက်ရင်း သူနောက်ကို စူးစူးရဲရဲ ညွှန်ပြလိုက်သည်။
"အဲဒါက အနောက်မှာ..."
သူ့စကားက တစ်ဝက်လောက်မှာပဲ ရပ်သွားခဲ့ပြီး လှည့်ကြည့်လိုက်ချိန် အံ့အားသင့်သွားခဲ့သည်။ သူ့နောက်မှာ ဘာတစ်ခုမှ မရှိဘူး၊ မျက်နှာရော ဆံပင်ရော မရှိသလို ရေတွေတောင် အစွန်းအထင်း မရှိတာကို တွေ့လိုက်ရတာကြောင့် ဝူရှဲ စိတ်ရှုပ်သွားသည်။ သူ့လက်ညှိုးက ဖက်တီးမျက်နှာပေါ် ကျရောက်နေပြီး ဖက်တီးကလည်း ကျိန်ဆဲလာသည်။
"ငလူးတဲ့မှ... မင်းကမှ သရဲ!!"
ဝူရှဲ စိတ်ရှုပ်နေပြီ။ ကမန်းကတန်း ဟိုဟိုဒီဒီ ကြည့်လိုက်တော့လည်း တကယ်ပျောက်နေတာ တွေ့လိုက်ရသည်။ ဒါပေမဲ့ တစ်ခုခုတော့ မှားနေပြီ။ အခုနက ခံစားချက်က အရမ်းမှန်နေတယ်လေ။ အဲဒါက ထင်ယောင်ထင်မှား မဖြစ်နိုင်ဘူး။ ဒါက ဒီရှေးဟောင်း ဂူသင်္ချိုင်းက ပေးတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ဖြစ်နေပြီလား။ ဘယ်လိုပဲဖြစ်ဖြစ် သူ့နှလုံးခုန်နှုန်းက မြန်နေတုန်းပဲ။ သူ့စိတ်ထဲ မြူတွေဝေနေသလို ဘယ်လိုတုံ့ပြန်ရမှန်း မသိတော့ချေ။
ဖက်တီး ဝူရှဲရဲ့မျက်နှာ အစိမ်းရောင် ပြောင်းနေတာကို မြင်ရတော့ သူက ဝူရှဲကို နှစ်သိမ့်ပေးရှာသည်။
"ဘာဖြစ်နေတာလဲ? မလောနဲ့ ဖြည်းဖြည်းချင်းပြော..."
ဝူရှဲခမျာ စကားတွေ ထစ်နေခဲ့သည်။
"ဆံပင်တွေ.. အ အဝတ်မပါတဲ့ အမျိုးသမီးတစ်ယောက်ပဲ... ရေသရဲတစ်ကောင် တွေ့လိုက်တယ် သူကငါ့ကိုတောင် နမ်းချင်နေသေးတယ်"
သူ့စိတ်တွေ အရမ်း ရှုပ်နေတာကြောင့် ဘာတွေပြောနေလဲပင် မသိတော့ချေ။ နောက်ဆုံးတော့ ဖက်တီးမှာ စိတ်မရှည်တော့ဘဲ
"ရှောင်ဝူ... မင်း အိပ်မက်တွေ ထမက်နေတာလား? ရေသရဲသာ ရှိရင် ငါ့ပေါ်ကို အရင်တက်လာမှာ မဟုတ်ဘူးလား?
သူက ဝူရှဲပုခုံးပေါ် လက်တင်လိုက်ပြီး
"ဒါပေမယ့် မင်းက အသက်လည်း နှစ်ဆယ်ကျော်လောက် ရှိပြီမို့ ကိုယ်လုံးတီး မိန်းမတစ်ယောက်ကို အိပ်မက်မက်တာက ပုံမှန်ပါပဲ... မင်းဖက်တီးငါ ငယ်ငယ်တုန်းက အများကြီး အိပ်မက်မက်ခဲ့ဖူးတယ် ဒါကြောင့် အဆင်ပြေပါတယ်”
ဝူရှဲကတော့ ပြန်ကျိန်ဆဲလိုက်သည်။
"ငါ့ကို အနှောင့်အယှက် မပေးစမ်းနဲ့... ငါ အခုနတုန်းက အိပ်မက်မက်နေတာ မဟုတ်ဘူး! ကြည့်... ငါ့လည်ပင်းက စိုနေသေးတယ် အဲဒါသူထိသွားတာကွ!"
ပြောပြီး မျက်နှာသေနဲ့ ဖက်တီးကိုလည်း သူ့လည်ပင်းကို လက်နဲ့ တို့ထိဖို့ ငုံ့ပေးလိုက်သည်။ နှစ်ယောက်သား တစ်ချက် ထိကြည့်ပြီးနောက် မျက်မှောင်ကြုတ်ပြီး ဖက်တီးပ ဂူလမ်းကြောင်းရဲ့ အုတ်ခေါင်မိုးကို မော့ကြည့်လိုက်သည်။ ရေတွေ စိမ့်ထွက်နေမလား ဟူ၍။ အုတ်တွင်း အက်ကွဲကြောင်းများ အားလုံးကို အဖြူရောင် အင်္ဂတေဖြင့် ဖုံးအုပ်ထားသောကြောင့် မဖြစ်နိုင်ကြောင်းကို ဝူရှဲ ဖက်တီးအား ပြောပြလိုက်သည်။
ဖက်တီးလည်း ထူးဆန်းတယ်လို့ ခံစားလာရကာ။
"ဒါကတော့ ထူးဆန်းသွားပြီ... ဒီမှာ လမ်းတစ်ခုပဲ ရှိတယ်... ယုတ္တိနည်းအရ ပြောရရင် မင်းဆီကို တစ်ခုခု တွားသွားတယ်ဆိုရင် ငါ အဲဒါကို မသိတာမျိုး မဖြစ်နိုင်ဘူး"
"မင်း အိပ်ပျော်နေတာလား? မင်းကို တစ်ယောက်ယောက် တွားသွားမှန်းတောင် မသိခဲ့ဘူး"
ထိုအခါ ဖက်တီးက ဒေါသတကြီးနဲ့ ပြန်ပြောလေ၏။
"သွားစမ်းပါ! ဖက်တီး ငါက အိပ်ပျော်နေရင်တောင် သူများတွေငါ့ကို ထိကြည့်နေတာ မသိနိုင်ဘဲ နေမလား? ဒါ့အပြင်က ဒီမှာ မင်းရော အိပ်လို့ရလို့လား? မင်း မယုံရင် ငါ့ကျောမှာ ခြေရာရှိမရှိ ကြည့်စမ်းပါဦး!"
သူက လှည့်သွားပြီး သူ့ကျောကို ကြည့်ခိုင်းလိုက်သည်။
ဝူရှဲ ငြိမ်သက်သွားပေမယ့် သူ့နောက်ကျောမှာ ထိုအရာကြီးက တကယ် တွယ်ကပ်နေမယ်လို့ မမျှော်လင့်ထားမိဘူး။ ဖက်တီး လှည့်ကြည့်လိုက်တာနဲ့ အဲဒီအရာက ခေါင်းလှည့်လာပြီး သူ့နှာသီးဖျားကို သူမပါးစပ်နဲ့ ထိတော့မလို ဖြစ်သွားတာကြောင့် ဝူရှဲ အရမ်းကြောက်သွားသည်။ လည်ချောင်းတွေ ကျဉ်းသွားသလိုပဲ အော်ဟစ်ပြီး တတ်နိုင်သမျှ ကျောခိုင်းလိုက်သည်။
ခြေလှမ်းနှစ်လှမ်းလောက် လှမ်းကြည့်လိုက်တော့ သူ့ခြေထောက်တွေ ရုတ်တရက် တင်းကြပ်သွားတာကို ခံစားလိုက်ရသည်။ အောက်ကို ငုံ့ကြည့်လိုက်တော့ သူ့ခြေသလုံးလေးတွေက ဆံပင်မွေးတွေနဲ့ ဖုံးနေတာကို တွေ့လိုက်ရ၏။ ခြေဖဝါးကို ဆွဲထုတ်ဖို့ ကြိုးစားပေမယ့် လုံးဝ မဆွဲထုတ်နိုင်ဘဲ တချိန်တည်းမှာပဲ ဆံပင်တွေ အများကြီးက သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ပြီး ပါးစပ်ထဲအထိ တည့်တည့် ဝင်လာပြန်သည်။ ပါးစပ်ကို လက်နဲ့ပိတ်ဖို့ ထိတ်လန့်တကြားနဲ့ ကြိုးစားနေချိန် မျက်နှာသေက ဝူရှဲရဲ့ကော်လံကို ဆွဲကိုင်ပြီး သူ့ဘက်ကို ဆွဲခေါ်လိုက်လေ၏။
ခြေလှမ်း အနည်းငယ်သာ ဆွဲလိုက်ရာ သူပါ သူမဆံပင်များကြားတွင် ရှုပ်ယှက်ခတ်နေသဖြင့် ဆွဲမရတော့ပေ။ ပြန်ကြည့်လိုက်တော့ ဖက်တီးမှာ ဂန္ဓမာတစ်ပင်ကဲ့သို့ ရစ်ပတ် ခံထားရတာကို မြင်လိုက်ရပြီး အနက်ရောင် ပိုးတွင်းထဲသို့ ဝင်သွားသလိုမျိုး သင်္ချိုင်းဂူ တစ်ခုလုံး ဆံပင်များဖြင့် ပြည့်နှက်နေတော့သည်။
မျက်နှာသေက သူ့လက်ကို အတင်းဆွဲထုတ်ပြီး
"မင်းမှာ မီးရှိလား? ဒါကြီးက မီးကြောက်တယ်!"
ခါးပေါ်ရှိ အိတ်ဆောင် အိတ်ကပ်ထဲကို ထိလိုက်ကာ လေကာခံ မီးခြစ်တစ်လုံးကို တွေ့လိုက်ရာ ဝမ်းသာအားရ ဖြစ်သွားသည်။ ငါးခေါင်းအိုးပူပူကို စားနေစဉ် ရေနံဆီ မီးဖိုအတွက် မီးခြစ်တစ်လုံးအား သင်္ဘောသူဌေးကို မှာကြားခိုင်းလိုက်သည်။ လှေပေါ်တက်လာပြီး အိတ်ကပ်ထဲ တိုက်ရိုက် ထည့်ထားခဲ့ရာ မထင်မှတ်ပဲ တကယ် အသက်ကယ်ပစ္စည်း ဖြစ်လာခဲ့သည်။
ကိုယ့်ခန္ဓာကိုယ်ပေါ်က ဆံပင်တွေကို မီးရှို့ပစ်ဖို့ ကြိုးစားလိုက်သည်။ ၎င်းက စိုစွတ်နေသော်လည်း မီးက ဟုန်းကနဲ ထတောက်ပြီး လောင်ကျွမ်းသွားတော့ ခဏလေး အတွင်းမှာ လွတ်သွားသည်။ ဝူရှဲ ဖက်တီးဆီ အမြန်ပြေးသွားပြီး သူ့ကို ဆွဲထုတ်ခါနီးမှာ နံဘေးက ဆံပင်ပုံပေါ်ကနေ မျက်နှာကြီးကြီး ရုတ်တရက် ထွက်လာကာ ချက်ချင်းပဲ ဝူရှဲ ကျောပြင်ပေါ် လဲကျလုနီးပါး ဖြစ်သွားသည်။
သွားပြီ။ အချိန်မရှိတော့ပေ။ ဝူရှဲ ခေါင်းကိုငုံ့ပြီး လက်သီးနဲ့ လှည့်ထိုးပစ်လိုက်သည်။ ဒါက လူတွေ အကြောက်လွန်နေတဲ့ အခိုက်မှာ လုံးဝကို အေးစက်တဲ့ တုံ့ပြန်မှုတစ်ခုပဲ။ ထိုးနှက်ဖို့ အင်အား ဘယ်လောက်သုံးလိုက်လဲ မသိ။ ပေါက်ကွဲသံတစ်ခု ကြားလိုက်ရကာ သူမ နှာသီးဝတွင် မည်းနေသော ရေတစ်ဆုပ် ထွက်လာသည်။ ကံကောင်း ထောက်မစွာနဲ့ သူ့လက်ထဲက လေကာခံမီးခြစ်ကို မငြိမ်းသတ်သေးဘဲ အံကြိတ်ပြီး နောက်ထပ် စမ်းကြည့်ချင်ပေမယ့် ထိုအရာကြီးက တဆက်ဆက် တုန်လှုပ်သွားကာ နောက်ပြန် ဆုတ်သွားတာကို တွေ့လိုက်ရ၏။
ဝူရှဲ ကြည့်လိုက်ရင်း နှလုံးသားက ရုတ်တရက် အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။ တံခါးတစ်ခု ပေါက်သွားပြီ။ နတ်တွေက လူဆိုးတွေကို တကယ် ကြောက်ကြတယ်ဆိုတဲ့ စကားအတိုင်း ဒီသရဲက လက်သီးကို ကြောက်တာပဲ။ အဲဒါကို တွေးရင်း စိတ်လှုပ်ရှားစွာနဲ့ မျက်နှာချင်းဆိုင်ဖို့ ခြေဖဝါးကို မြှောက်လိုက်သည်။ ကန်ချက်တစ်ချက်ကြောင့် မျက်နှာက လိမ်သွားပြီး ဆံပင်ထဲကို တည့်တည့် ပြန်တိုးဝင်သွား၏။ ထပ်ကန်လိုက်ရင် သူနဲ့ လုံးထွေးမိသွားမှာကို ကြောက်တာကြောင့် ဝူရှဲ ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်ပြီး မီးခြစ်ကို မြှောက်ကာ ရင်ဆိုင်လိုက်ရသည်။
သူမက မျက်နှာကို ဆံပင်တွေကြားထဲမှာ ဖုံးကွယ်ထားပြီး အလွန်မု န်းတီးသည့် အမူအရာကို ပြနေသော်လည်း မီးကကြားထဲမှာ တားမြစ်ထားတာကြောင့် အရူးအမူး ရှေ့မတိုးဝံ့ပေ။ ထိုအချိန်တွင် မျက်နှာသေသည် ဘယ်နေရာက ထုတ်ယူလာတယ် မသိ စိုစွတ်နေသော မီးတုတ်တစ်ချောင်းကို ဆွဲယူလာသည်။ ဝူရှဲလည်း မီးခြစ်ကနေတစ်ဆင့် မီးတုတ်ကို တတ်နိုင်သမျှ မြန်မြန် လောင်ကျွမ်းစေလိုက်သည်။ စက္ကန့်အနည်းငယ်ကြာမှ ၎င်းဟာ အဝေးသို့ ကျုံ့သွားတာတွေ့လိုက်ရသည်။
မျက်နှာသေက ထိုအရာကို အမှောင်ထဲ ပျောက်ကွယ်သွားတဲ့အထိ တွန်းထုတ်လိုက်ပြီး သူ့လက်ကို ချလိုက်သည်။ အဲဒီအချိန်မှာ သူ့လက်ဟာ မီးတောက်လောင်လုနီးပါး ဖြစ်နေပြီ။ မီးတောက်က အတော်ကြီးသည်။ ၎င်းက စူးစူးဝါးဝါး အသံကြီး ထုတ်လွှတ်ရင်း တဖြည်းဖြည်း နောက်ဆုတ်သွားရာ ခပ်ဝေးဝေးကို ရောက်သွားတာနဲ့ ဆံပင်တွေကြားက ဖက်တီးကို ဆွဲထုတ်လိုက်သည်။ ဒါကို အခွင့်ကောင်းယူကာ ဝူရှဲ ဖက်တီးခေါင်းက ဆံပင်တွေကို ပြင်းပြင်းထန်ထန် မီးရှို့ပစ်ဖို့ ကြိုးစားလိုက်ရာ ဖက်တီး နှာခေါင်းထဲက အနက်ရောင် အလုံးကြီးတွေ ထွက်လာလေသည်။
ဝူရှဲလည်း ထိုအခါမှ အသက်ပြင်းပြင်း ရှူနိုင်တော့သည်။ ကံကောင်းထောက်မစွာပဲ ဖက်တီးမှာ ပိုကြီးတဲ့ အဆုတ်စွမ်းရည်ရှိပြီး သူ့လေပြွန်ကို ချက်ချင်း ဖွင့်နိုင်ခဲ့သည်။ ဒီလိုမှမဟုတ်ရင် ဝူရှဲမှာ သူသေသွားရင်တောင် ဖက်တီးကို အသက်ရှူသွင်းဖို့ ကိုယ့်ကိုယ်ကို စတေးနိုင်မှာ မဟုတ်ဘူး။
ဖက်တီးမှာ ခဏတာ အသက်ရှူ ချောင်သွားပြီး သူ့လေပြွန်အတွင်းက ကျန်သော အရာများအားလုံးကို ချောင်းဆိုးရင်း ထုတ်လိုက်ကာ တစ်ဖက်ကလည်း မေးလာ၏။
“အဖွားရေ... အဲဒါက ဘာကြီးလဲ?”
လက်ထဲမှာ ကိုင်ထားတဲ့ မီးခြစ်ကို ဖိပြီး လွှတ်လိုက်ဖို့ ငြင်းဆန်မိနေတုန်းပင်။ မီးခြစ်က ပူလွန်းလို့ လက်ထဲက အရေပြားတွေတောင် မီးလောင်သွားထားသလို ခံစားရသည်။ မျက်နှာသေကလည်း သူ့ထက် ပိုကောင်းနေတာတေယ့ မဟုတ်ချေ။ သူက လက်ကို ဝှေ့ယမ်းရင်း ဖက်တီးရဲ့ အမေးကို ဖြေလိုက်သည်။
"တားမြစ်မိန်းမပျို ဖြစ်မယ်"
ရှေးဟောင်းဈေးကွက်က လောင်ဟိုင် ဒီအကြောင်းကို ပြောနေခဲ့တုန်းက မယုံပေမယ့် အခုတော့ အာကနဲ ဖြစ်သွားကာ သက်ပြင်းချလိုက်သည်။
“တားမြစ်မိန်းမပျို ဆိုတဲ့ ဟာကြီးက တကယ်ရှိတာလာ!”
မျက်နှာသေက ခေါင်းညိတ်ပြီး
"ဒီအရာက ဘယ်လိုဖြစ်လာတယ် ဆိုတာတော့ ငါမသိဘူး... ဒါပေမဲ့ မျိုးဆက် အဆက်ဆက် အဲဒါနဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီတွေ အများကြီးရှိတယ်... ဒါက မမှားနိုင်ဘူး"
ဝူရှဲ ထူးဆန်းသလိုလို ခံစားရတာနဲ့ အသေးစိတ် မေးကြည့်လိုက်တော့ သူက ခေါင်းခါပြပြီး
"တားမြစ်မိန်းမပျိုက ရေထဲမှာ မွေးတာ... မီးကြောက်ရမယ် ဆိုတာပဲ ငါသိတယ် တခြားအရာတွေကို ငါတကယ် မသိဘူး...ဖုတ်ကောင်တွေလိုပဲ... ဖုတ်ကောင်တွေကို ရှေးခေတ်ကစပြီး အခုအချိန်ထိ အနက်ရောင် မြည်းခွာတွေကို ကြောက်တယ်လို့ပဲ သိကြပြီး သူဘာကြောင့် ကြောက်တယ် ဆိုတာတော့ ဘယ်သူမှ မသိကြဘူး... ဒီအကောင်က တချို့ အတွေးတွေ ရှိနေလိမ့်မယ်လို့ မမျှော်လင့်ထားဘူး...ငါတို့ သတိထားရမယ်... အဲဒါကြီးက ငါတို့နောက်မှာ ပုန်းနေလောက်သေးတယ်"
ဖက်တီးခမျာ ထိတ်လန့်နေတုန်းပင်။ သူက ဝူရှဲတို့အနားကို ချဉ်းကပ်လာပြီး။
"ထူးဆန်းလိုက်တာ... ဒီသင်္ချိုင်းရဲ့ ဖုန်းရွှေက အရမ်းကောင်းပါတယ်... ဘာလို့ ထူးဆန်းတာတွေ အများကြီး ရှိနေတာလဲ"
ဒီသင်္ချိုင်းရဲ့ ဖုန်းရွှေ ကောင်းလား ဆိုတာတော့ သေချာမသိပေမယ့် တားမြစ်မိန်းမပျိုနဲ့ ပတ်သက်တဲ့ အချက်အလက် တချို့ကိုတော့ စစ်ဆေး ကြည့်ခဲ့ဖူးသည်။ တောင်တန်းဒေသက တိုင်းရင်းသား လူနည်းစုတွေထဲမှာတော့ တားမြစ်မိန်းမပျိုဟာ မှော်ဆရာနဲ့ နတ်ကတော်တွေကို ကိုယ်စားပြုတယ် ဆိုပေမယ့် ရှေးခေတ်က ပင်လယ်ကမ်းစပ် ဒဏ္ဍာရီတွေထဲမှာတော့ သူတို့ဟာ ကမ္ဘာပေါ်မှာ အဆိုးဆုံး သရဲတစ္ဆေတွေပဲ ဖြစ်လေသည်။
ဘာကြောင့် ဒီလိုကွာခြားမှုတွေ ရှိလဲတော့ မသိပေမယ့် တားမြစ်မိန်းမပျိုရဲ့ ကံကြမ္မာက တခြားသူတွေထက် ပိုဆိုးပါသည်။ ဖမ်းမိသွားပါက သူတို့ရဲ့လက်တွေ၊ ခြေတွေကို ဖြတ်ကာ အရှင်လတ်လတ် မြှုပ်နှံပစ်လေ့ရှိသည်။ တားမြစ်မိန်းမပျိုရဲ့ ဇာစ်မြစ်ကို ကြည့်ရရင် အများအားဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် သက်ဆိုင်သလို ခေါင်းတလား ထားရှိရာ နားခန်းထဲက တစ်ခုခုနဲ့ ပတ်သက်နေတာလည်း ဖြစ်နိုင်သည်။ ဦးလေးသုံး ပြောခဲ့သော ဗိုက်ကြီးသည် နံရံဆေးရေး ပန်းချီလည်း ရှိနေတယ် ဆိုရင် တားမြစ်မိန်းမပျို ဒီရောက်နေတာက မတော်တဆ မဟုတ်ဘဲ သင်္ချိုင်းပိုင်ရှင်က အစီအစဥ် ချထားခဲ့တာ ဖြစ်နိုင်၏။
မျက်နှာသေက ထိုအရာကြီး နောက်က ထပ်လိုက်လာမှာကို စိတ်ပူပြီး ဝူရှဲတို့ကို လက်ဝှေ့ယမ်းပြရင်း ရှေ့ဆက်သွားဖို့ အချက်ပြလိုက်သည်။ ဝူရှဲ ဂူထိပ်က အသံကို နားထောင်ခဲ့ပေမယ့် ဘာသံမှ ထပ်မကြားခဲ့ရချေ။ အခုနက ဖြတ်သွားခဲ့တဲ့ ဘယ်သူလဲတော့ မသိ။ သူတို့အောက်မှာ လွှင့်ထုတ်လိုက်တဲ့ အသံက အရမ်းကျယ်တာကြောင့် သူကြားသွားတာ ဖြစ်နိုင်သည်။ သူတို့ဒီမှာ ကြာကြာ မနေတော့ဘဲ လမ်းမြန်မြန် ရှင်းပြီး ထွက်သွားတာ ပိုကောင်းသွားပါ၏။
ဝူရှဲ ဖက်တီးကို ကြည့်လိုက်တော့ သူက အဆင်ပြေပါတယ်လို့ ပြောလေသည်။ သူလည်းဒီမှာ မနေချင်တော့တာ မြင်တော့ ဓာတ်မီးဖွင့်ပြီး သူ့ခါးပတ်မှာ ချိတ်ထားဖို့ ပြောလိုက်သည်။ နောက်မှ မီးခြစ်ကို လက်ထဲ ထည့်လိုက်ပြီး ဆက်သွားလိုက်သည်။
သူတို့နည်းနည်း ထပ်တက်လိုက်တော့ ဂူပေါက်က ရုတ်တရက် အပေါ်ကို ပြန်တက်သွားတာ တွေ့ရသည်။ ဝူရှဲ တစ်ထက်ကို ကြည့်လိုက်တော့ သူက ဒီဘက်လမ်း တစ်လျှောက်လုံး ဖောက်ထားတာကို တွေ့လိုက်ရ၏။ ဂူသင်္ချိုင်းနံရံရဲ့ အပြင်က ပင်လယ်ကြီး ဖြစ်နိုင်သည်။ ကြည့်ရတာ လမ်းဖောက်ခဲ့တဲ့လူက အပြင်ဘက် ရေပြင်မှာ လမ်းကြောင်းပြောင်းပြီး မျက်နှာကျက် အထက်လမ်းကို ရှာကာ သင်္ချိုင်းထိပ်ကနေ ဖောက်ထွက်ချင်စိတ် ရှိခဲ့တာ ဖြစ်မည်။
လိုဏ်ဂူလမ်းထဲကို ဝင်ပြီး နာရီဝက်လောက် လမ်းလျှောက်ဖို့ ကြာလိုက်ရာ ဒီရေအောက် ဂူသင်္ချိုင်းက သိပ်မကြီးဘူးလို့ ထင်ရသည်။ ဝူရှဲ လမ်းတစ်လျှောက်မှာ ယေဘူယျ ခန့်မှန်းချက်တစ်ခု ခန့်မှန်းမိသည်။ တကယ်တော့ ဒီသင်္ချိုင်းရဲ့အလျားနဲ့အနံက၊ သိပ်မရှည်ပေ။ အဓိက ပြဿနာက အမြင့် မီတာ ၃၀ နီးပါးလောက် မြင့်တယ်လို့ ခန့်မှန်းရ၏။ လက်ရှိ စံနှုန်းအတိုင်းဆို အဆောက်အအုံ တစ်ခုက တစ်ထပ်ကို သုံးမီတာ ဆိုရင် သင်္ချိုင်းဂူဟာ ပင်လယ်ထဲ ဆယ်ထပ်လောက် နက်ထားလေသည်။ ဒီလောက် ကြီးကျယ် ခမ်းနားနေတာ မထူးဆန်းတော့ပေ။
သူတို့ အခု နောက်ပြန်လှည့်ဖို့ လမ်းမရှိတော့ဘူး။ ဒါကြောင့် ဆက်တက်ဖို့ပဲ လိုတော့သည်။ အသက်တစ်ချက် ရှူထုတ်လိုက်တုန်း မျက်နှာသေက ရုတ်တရက် ရပ်သွားလေ၏။ ဝူရှဲ သူ့ကို တွန်းလိုက်တော့ သူက လှည့်ပြီး တိုးတိုးလေး ပြောလာသည်။
"လမ်းမရှိတော့ဘူး"
ဝူရှဲ အံ့အားသင့်သွားသည်။ မဖြစ်နိုင်ဘူး။ တစ်ချက် ကြည့်လိုက်ရန် ကမန်းကတန်း ဖျစ်ညှစ် တိုးဝင်ကာ ကြည့်လိုက်တော့ အပေါ်မှာ အမှန်ပင် အစိမ်းရောင် ကျောက်တုံးကြီး များစွာဖြင့် ပိတ်ဆို့ထားတာကို တွေ့လိုက်ရသည်။ လက်ဖြင့် အသာ တွန်းလိုက်တော့လည်း တွန်းဖွင့်လို့ မရအောင်ကို လေးလံလှ၏။ ဝူရှဲ မျက်နှာသေနဲ့အတူ နည်းနည်း မြှောက်ဖို့ ကြိုးစားကြည့်လိုက်တော့ အပေါ်က အုတ်ဂူလမ်းကြောင်းမှ အလင်းတန်းတွေ ထွက်လာတာကို အံ့ဩစွာ တွေ့လိုက်ရသည်။ လက်တွေကို ဖြေလျှော့လိုက်တာနဲ့ သူတို့ခေါင်းပေါ်က ကျောက်တုံးကြီးဟာ ရုတ်တရက် ပျောက်သွားတော့သည်။