(34)
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ဒေါသပင်လယ်၌ မြုပ်နေသောသဲ


Chapter (34)

အမှတ်စဥ်



ဒါက တကယ်ကို မကြုံစဖူး ကြုံဖူးတာဘဲ။ ဖုတ်ကောင်ဆိုရင်တောင် ခုန်နိုင်တဲ့ တစ်ကောင်ပဲ မြင်ဖူးတာ။ ရယ်နိုင်တဲ့ အကောင်ကို တစ်ခါမှ မမြင်ဖူးဘူးလေ။ ကျန်းချီလင်လည်း သူ့နှလုံးတွေ တင်းကြပ်သွားသလို ခံစားလိုက်ရပြီး ခြေတစ်လှမ်း အမြန်ပြန်ဆုတ်လိုက်သည်။ တစ်ဖက်က တိုက်ခိုက်လာရင် ခုခံဖို့ သူ့တစ်ကိုယ်လုံးကို သတိနဲ့ ပြင်ဆင်ထားသည်။ 


မမျှော်လင့်ဘဲ မူလက ကောင်းကင်ကို ညွှန်ပြ​နေသော အလောင်း၏လက်သည် ရုတ်တရက် ရွေ့လျားကာ အရှေ့ကို အလျားလိုက် ညွှန်ပြလိုက်ရာ တစ်ချိန်တည်းမှာပင် အခန်းတစ်ခုလုံး ရုတ်တရက် မှောင်မိုက်သွားပြီး မျက်နှာကျက်ထိပ်တွင် တောက်ပနေသော ပုလဲမှာ အကြောင်းပြချက် မရှိ ချက်ချင်း ပျောက်သွားတော့သည်။


သူတို့ဝင်လာတဲ့ အချိန်တုန်းက ဘက်ထရီကုန် သက်သာဖို့အတွက် သူတို့ရဲ့ဓ ာတ်မီးတွေကို ပိတ်ထားလိုက်ကြသည်။ ဒီအခိုက်အတန့်မှာ တခြားလူတော်တော် များများက ထိတ်လန့်တကြား အော်ဟစ်လာကြသည်။ ကျန်းချီလင်ဟာ အခန်းက ပိုမှောင်သွားပေမယ့် လုံးဝ မည်းမသွားဘူး ဆိုတာ တွေ့လိုက်ရသည်။ 


နံရံလေးခုနှင့် နီးသောနေရာက တောက်ပနေသော နောက်ဆုံး ပုလဲလေးလုံးမှာ မငြိမ်းသတ်နိုင်သေးတာကို တွေ့ရ၏။ ၎င်းတို့သည် မှောင်မိုက်နေသော လမ်းငယ်တစ်ခုတွင် အလင်းရောင် မှိန်မှိန်လေးအတိုင်း လမ်းလျှောက်နေရသလို ဖြစ်နေသည်။ ထိုအခိုက် လီစစ်တိရဲ့ တုန်တုန်ယင်ယင် အသံက ထွက်လာခဲ့သည်။


"နံရံပေါ်မှာ မျက်နှာကြီး ရှိ ရှိတယ်!!"


ကျန်းချီလင် လန့်ဖျပ်သွားပြီး ခေါင်းကို အမြန် လှည့်ကြည့်လိုက်သည်။ အရှေ့ဘက်ရှိ ပုလဲမှတောက်ပနေသော အဝါရောင် အုတ်နံရံတွင် အလင်းရောင်နှင့် အရိပ်များ ပြောင်းလဲသွားတာကို သူမြင်လိုက်ရပြီး ကြီးမားသော အဖြူရောင်ဖျော့ဖျော့ မျက်နှာကြီးမှာ အကြောင်းပြချက် မရှိဘဲ ပေါ်ထွက်လာ၏။


ကျန်းချီလင်သည် တခြားလှည့်ကွက်တစ်ခု ဖြစ်ရမယ် ဆိုတာကို သိသောကြောင့် အနည်းငယ် ငြီးငွေ့လာပြီး ကျောက်စင်ပေါ်မှ ခုန်ဆင်းကာ အရှေ့ဘက်အုတ်နံရံကို လှမ်းကြည့်လိုက်သည်။ နံရံသည် အရိပ်ပန်းချီကား တစ်ချပ်ဖြစ်ကြောင်း တွေ့လိုက်ရသည်။ 


အလင်းရောင်က ပုံသေထောင့်မှ လင်းထိန်နေပြီး နံရံပေါ်ရှိ လျှိုမြောင်များ၏ အရိပ်များကြောင့် အလင်းရောင်ထောင့် မှားနေပါက ပန်းချီကား ပေါ်မလာဘဲ မျဉ်းကြောင်းများသည် အလွန်ကြောက်စရာ ကောင်းနေသည်။ အလွန်စိတ်ဖိစီးသည့် အခြေအနေတွင် ကြောက်စရာ ကောင်းသော လူသားမျက်နှာ တစ်ခုအဖြစ် ပုံဖော်သွားဖို့ အလွန် လွယ်ကူသည်။ 


သူ ဂရုတစိုက် ကြည့်ရင်း မလှုပ်ရှားနိုင်အောင် ဖြစ်သွားသည်။ သူ့ရှေ့ကပုံသည် ဇာတ်ကြောင်းပန်းချီပုံ ပေါက်နေပြီး အကြောင်းအရာကို ကြည့်ရသလောက် တိမ်ထိပ်တန်း ကောင်းကင်နန်းတော် ပြီးစဥ်အချိန်က အခြေအနေကို ပြသထားတာပဲလို့ သူမြင်၏။ ကောင်းကင်နန်းတော်ဟု ခေါ်သော အရာကို အလွန်မတ်စောက်သော တောင်ကုန်းပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ 


တောင်တန်းပေါ်တွင် တိမ်များ ဖုံးလွှမ်းနေပြီး နန်းတော်တစ်ခုလုံးက တိမ်များပေါ်တွင် လွင့်မျောနေသည့် ခံစားချက်ကို ပေးစွမ်းနိုင်သည်။ ကျန်းချီလင် တောင်ထိပ်ကို လှမ်းကြည့်လိုက်တော့ နှင်းများဖြင့် ဖုံးလွှမ်းနေပုံရတာ တွေ့ရ၏။ အမြင့်ပေသည် အလွန်မြင့်ပြီး ဘယ်တောင်ပေါ်မှာ ရှိနိုင်မှန်းတော့ သူလည်း မသိချေ။ 


ခေါင်းကို လှည့်ကာ အနောက်ဘက်က နံရံကို ကြည့်လိုက်တော့ အရိပ်တွေလို ပန်းချီကားတွေ ရှိနေတာကို ဆက်တွေ့ရသည်။ ဆက်ကြည့်ဖို့ တောင်ဘက်က အုတ်နံရံဘက် ကမန်းကတန်း လှည့်ကြည့်လိုက်တော့ ဒါကိုပဲ မြင်လိုက်ရ​ပြန်သည်။ ဈာပန အခမ်းအနားလို စီတန်းနေသည့် မြင်ကွင်းပင်။ ပျဉ်ခင်းလမ်းပေါ် တက်ရန် ခက်ခက်ခဲခဲ တန်းစီနေချိန်တွင် ကြီးမားသောအခေါင်းကြီးကို ချောက်ကမ်းပါးမှ အုတ်ဂူထဲအထိ သယ်ယူရန် ကြိုးစားနေသော အလုပ်သမား တစ်စုရဲ့ပုံတွေပဲ ဖြစ်သည်။ 


ကျန်းချီလင် တွေးမိတာက ဒီကောင်းကင်နန်းတော်က တကယ်တော့ ဂူဗိမာန် ဖြစ်နေမယ် ဆိုရင် အခေါင်းထဲမှာ ဘယ်သူရှိ​နေနိုင်လဲ?


သူဆက်လျှောက်သွားသည်နှင့် အနောက်ဘက်က နံရံဆေးရေးပန်းချီ ပုံရိပ်တွေက ပိုထူးဆန်းလာသည်။ ချောက်ကမ်းပါးပေါ်ရှိ ပျဉ်ခင်းလမ်းမှာ အမှန်တကယ်ပင် မီးတောက်လောင်နေပါ၏။ သင်္ချိုင်း အခမ်းအနား အပြီးတွင် ဂူဗိမာန် ဘေးကင်းစေရန်အတွက် ဤဂူဗိမာန်ကို စောင့်ကြပ်နေသော စစ်သည်များက ကောင်းကင်နန်းတော်သို့ သွားရာ တစ်ခုတည်းသော လမ်းကို မီးရှို့ဖျက်စီးနေတာ ဖြစ်မည်။ 


ဤနည်းအားဖြင့် သင်္ချိုင်းတွင်းက သေးငယ်သော လုယက်မှု အားလုံးကို အခြေခံအားဖြင့် ချေမှုန်းနိုင်မှာ ဖြစ်သည်။ တောင်ပိုင်း သို့မဟုတ် မြောက်ပိုင်းဂိုဏ်းက ဘယ်သူမှ မီတာတစ်ရာကျော်သော မြင့်သော ချောက်ကမ်းပါးသို့ တက်နိုင်စွမ်း မရှိပေ။ 


သူ့မှတ်ဉာဏ်တွေအရ ဒီလိုသင်္ချိုင်းကို တစ်ခါမှ မကြုံဖူးသေးတာကြောင့် အံ့သြလို့ မဆုံးနိုင်ဘဲ နောက်ဆုံး ပုံဆီကို အမြန်ပြေးသွားသည်။ ထိုပန်းချီပုံက အံ့သြစရာ ကောင်းလောက်အောင် ရိုးရှင်းလေသည်။ ထို​ပုံက ကောင်းကင်နန်းတော်ရဲ့ အပေါ်ထပ်က ကောင်းကင်နန်းတော်ပါပဲ။ တောင်ကြီးသည် ရုတ်တရက် ပျောက်ကွယ်သွားကာ နှင်းဖြူတစ်ချပ်မျှသာ ဖြူဖွေးကာ ချောက်ကမ်းပါးများကို ဖုံးလွှမ်းသွားသည်။ သိပ်ပြီး ကွက်ကွက်ကွင်းကွင်း မဟုတ်ပေမယ့် ကျန်းချီလင်က ဒါဟာ နှင်းမုန်တိုင်း ဖြစ်နိုင်တယ်ဆိုတာ သိပြီးသားပါ။


မီးသည် အပူချိန် မြင့်တက်လာနိုင်ပြီး ကောင်းကင်နန်းတော် အထက်က ဆီးနှင်းများ လျော့ပါးသွားကာ ကြီးမားသော နှင်းတောင်များ ပြိုလဲသွားနိုင်သည်ဟု သူထင်မိသည်။ ကောင်းကင်နန်းတော် တစ်ခုလုံးသည် နှင်းများအောက်တွင် ကျဆင်းသွားရုံ သာမက တောင်တစ်ခုလုံးကိုလည်း ဖုံးလွှမ်းသွားရာ နန်းတော်မှ စစ်မှန်သော သင်္ချိုင်း အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ 


ဒါကိုမြင်တော့ ကျန်းချီလင် မနေနိုင်ဘဲ စိတ်သက်သာရာ ရသွား၏။ ဒါက တိမ်ထိပ်တန်း ကောင်းကင်နန်းတော်ရဲ့ နောက်ဆုံးကံကြမ္မာ ဖြစ်လိမ့်မယ်လို့ သူ တကယ်ကို မမျှော်လင့်ထားခဲ့ပါဘူး။ ဝမ်ကျန့်ဟိုင်က ဒီကိစ္စအတွက် အလွန်စိုးရိမ်နေခဲ့ပုံရသည်။ သူရဲ့ထူးခြားသော အလုပ်သည် ပြီးပြီး မကြာမီတွင် နှင်းထုပြိုကျမှုကြောင့် တိုက်ရိုက် ပျက်စီးသွားခဲ့သည်။ ၎င်းသည် သူသေဆုံးတဲ့အထိ စိတ်ဓာတ် ကျသွားစေခဲ့တာ အံ့သြစရာတော့ မဟုတ်ပေ။ 


လျှို့ဝှက်နည်းဖြင့် မှတ်တမ်းတင်ထားသောကြောင့် ဤအရာသည် ထင်ရှားသော သင်္ချိုင်း ဖြစ်သင့်သည်။ သူသည် ဤအလုပ်ကို လူသိရှင်ကြား ထုတ်မပြနိုင်ခဲ့သော်လည်း ထုတ်ဖော် ပြသလိုသော သူ၏စရိုက်ကြောင့် နောင်လာနောက်သားများကို သူ့အလုပ် သူ့အရည်အချင်းက အံ့ဩဖွယ်ကောင်းကြောင်း တနည်းနည်းဖြင့် သိစေမည် ဖြစ်သည်။ နောက်ပြီး ကောင်းကင်နန်းတော်လည်း ရှိခဲ့တယ်ဆိုတဲ့ အကြောင်းပေါ့။ 


ဒီသင်္ချိုင်းမှာ ဘယ်သူ့ကို မြှုပ်နှံထားတယ် ဆိုတာကိုတော့ မသိရသေးပေ။ ကျန်းချီလင်သည် အသက်ပြင်းပြင်း ရှူရင်း ယခုအချိန်တွင် ဝမ်ကျင် နဲ့ တခြားလူနှစ်ယောက်သည် အရှေ့တောင်ထောင့်ရှိ မှန်ကြီးကို ရွှေ့ဖို့ ကြိုးစားနေတာကို ရုတ်တရက် တွေ့လိုက်ရသည်။ ထူးထူးဆန်းဆန်း ဖြစ်နေတာကြောင့် သူမကို ဘာလုပ်နေလဲ လို့ မေးလိုက်တော့ ဝမ်ကျင်က စိုးရိမ်တကြီးနဲ့ ပြန်ဖြေလာခဲ့၏။ 


"စန်းရှန် ဒီမှန်နောက်ကွယ်မှာ ပုန်းနေတာကို တွေ့လိုက်တယ်... နောက်မှ ပြန်ပျောက်သွားတာ"


ထိုမှသာလျှင် ကျန်းချီလင်သည် ဦးလေးသုံးရဲ့ အဖြစ်အပျက်ကို သတိရသွားပြီး အကူအညီပေးရန် လျင်မြန်စွာ ရှေ့ကို တိုးလာခဲ့သည်။ တရုတ်စာလုံး "ဖူ" ပါသော အမြင့် ၂ မီတာရှိ ရွှေချထားသော ကြေးမှန်သည် အလွန်လေးလံလှသည်။ သူတို့ တစ်ဝက်တစ်ပျက်လောက် ရွှေ့ဖို့တောက် ခွန်အားကို အတော်လေး အသုံးပြုလိုက်ရသည်။


တစ်မီတာ အကွာလောက် ရွှေ့ပြီးနောက် လူတိုင်းက လှမ်းကြည့်ကြသည်။ မှန်နောက်ဘက်က ထောင့်နံရံတွင် အမြင့်တစ်ဝက်ခန့် ရှိသော စတုရန်း အပေါက်တစ်ခု ရှိသည်။ ကျန်းချီလင် အတွင်းဘက်သို့ ကြည့်လိုက်ရာ အမှောင်ထုကလွဲလို့ ဘာကိုမှ မမြင်ရတော့ဘဲ လမ်းကြောင်းက ဘယ်ကို သွားတယ်ဆိုတာလည်း မသိရချေ။ 


ဝူစန်းရှန် လွန်ခဲ့တဲ့ ရက်အနည်းငယ်က မြေအောက်နန်းတော်ထဲ ဝင်ဖို့အား စီစဉ်နေချိန်တွင် ဤနေရာ၌ ဒီလောက် ကြီးမားသော အခန်းကြီး ရှိနေခဲ့တာကို မသိလိုက်သော်လည်း ကျန်းချီလင်ကတော့ သူစီစဉ်ထားသလောက် မရိုးရှင်းကြောင်းကို အစောကတည်းက သိထားပြီးပြီ။ သင်္ဘောပျက်ထဲ သင်္ဂြိုဟ်ခြင်းမှာ မြေကြီးထဲ သင်္ဂြိုဟ်ခြင်းနဲ့ မတူညီပေ။ 


ဤသင်္ဘောသည် သင်္ဂြိုဟ်ခြင်း လုပ်ငန်းစဉ် အတွင်း ဟန်ချက်ညီအောင် ထိန်းသိမ်းထားရမည် ဖြစ်သောကြောင့် သင်္ချိုင်းအတွက် အချိုးညီမှု လိုအပ်ချက်များက အလွန်မြင့်မားသည်။ ဝူစန်းရှန်မှ စီစဉ်ထားသော မြေအောက် နန်းတော် ဂူဖောက်မှုများမှာ အမှားအယွင်း မရှိသော်လည်း အချိုးမညီတဲ့ တည်ဆောက်မှုနဲ့ဆို ရေအောက်ထဲ နစ်မြုပ်သွားပါက သင်္ချိုင်းတစ်ခုလုံး ပြိုကျလိမ့်မည်ဟု ခန့်မှန်းရသည်။


ထိုအချိန်တွင် သူသည် မီးမောင်းထိုးပြရန် ပျင်းလွန်းသောကြောင့် ဝူစန်းရှန်ကို မပြော​ပြခဲ့ပေ။ အခု စဥ်းစားကြည့်တော့ သင်္ချိုင်းထဲမှာ တည်ဆောက်ပုံတွေ ဟန်ချက်ညီဖို့က ဘယ်လောက် အရေးကြီးတယ် ဆိုတာ သိလာ၏။ 


သူက လူတိုင်းကို ရှင်းပြပြီး ဓာတ်မီးဖွင့်ကယ ပထမဦးဆုံး ဝင်သွားခဲ့သည်။ ဂူထဲကို ဝင်တဲ့အခါတုန်းက ဓာတ်မီး ဖွင့်ထားတာကြောင့် အခြေခံအားဖြင့်တော့ အနည်းငယ် ပါဝါပြတ်တောက်သွားခဲ့တာ ဖြစ်သည်။ ဝမ်ကျင်က သူတို့ကို အရှေ့က ဓာတ်မီးတွေကိုသာ တစ်ချက် ဖွင့်ခိုင်းလိုက်သည်။ တခြားဓာတ်မီး အားလုံးကိုတော့ ပိတ်ထားစေ၏။


ကျောက်လမ်းက တော်တော် ကျယ်တာမို့ လူလေးယောက်နီးပါး ရင်ဘောင်တန်းလျက် လျှောက်နိုင်သည်။ ဟော့လင်မှာ ကျန်းချီလင်နဲ့ ဝမ်ကျင်တို့ အရမ်းနီးကပ်နေတာကို တွေ့တော့ ဟော့လည်း နည်းနည်းလေး စိတ်မသက်မသာ ခံစားလာရကာ တွန်းဝင်သွားလိုက်သည်။ ကျန်းချီလင်လည်း တစ်ခုခု မှားနေပြီလို့ ခံစားလိုက်ရပြီး ရှေ့က အမှောင်ထဲမှာ တွားသွားနေတဲ့ အရာတစ်ခုကို သူ ယောင်ဝါးဝါး မြင်လိုက်ရသည်။


တစ်ချိန်တည်းမှာပင် လေထဲတွင် ပိုပြင်းထန်သော မွှေးရနံ့က သူ့အာရုံကို ဖမ်းစားသွားသည်။ သူတို့အခု ရနံ့ရဲ့ ရင်းမြစ်ဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာမိသလို ခံစားလိုက်ရသည်။ ခြေလှမ်း အနည်းငယ် လှမ်းပြီးနောက် အနံ့က ပိုမွှေးလာနေပြီ ဖြစ်သည်။ သူအာရုံ မစိုက်နိုင်တော့ပေ။ ဝမ်ကျင်းကို မေးရန် လှည့်ကြည့်လိုက်စဥ် သူ့နောက်မှ လူများစွာ မြေပြင်ပေါ်သို့ လဲကျသွားတာကို ရုတ်တရက် တွေ့လိုက်ရသည်။ ဝမ်ကျင်က သူ့နဖူးကို တို့ထိလိုက်ကာ စိတ်ရှုပ်စွာ စိုက်ကြည့်ရင်း ရုတ်တရက် ကျန်းချီလင် ရင်ခွင်ထဲသို့ ပြိုကျသွားသည်။


ကျန်းချီလင်လည်း မ​ကောင်းတော့ဘူးဟု ခံစားလိုက်ရစဥ် ချက်ချင်း အသက်ရှု ကြပ်သွားသည်။ သို့သော် အချိန်နှောင်းသွားပြီ။ သူ မခံနိုင်အောင် အိပ်ငိုက်လာတာကို ခံစားလိုက်ရကာ နံရံကို မှီ၍ သတိထားသော်လည်း တဖြည်းဖြည်း သတိလစ်သွားခဲ့သည်။ မြူခိုးတွေ ကြားထဲမှာတော့ ဦးလေးသုံးဟာ ငုတ်တုတ်ထိုင်ပြီး သူ့ကိုဗလာ မျက်နှာနဲ့ ကြည့်နေတာကိုသာ တွေ့လိုက်ရ၏။


မျက်နှာသေက အဲဒါတွေကို ပြောပြီး အသက်ပြင်းပြင်း ရှူရင်း ငြိမ်သက်သွားသည်။


"ငါ နိုးလာတော့ ဆေးရုံကုတင်ပေါ်မှာ လဲလျောင်းနေပြီ... ဘာကိုမှ မမှတ်မိတော့ဘူး လအနည်းငယ် ကြာတဲ့အထိ ဘာမှမသိရဘဲ အဲဒီနောက်မှ ဖြည်းဖြည်းချင်း မှတ်မိလာတာ...နှစ်အနည်းငယ် ကြာတော့ ငါ့ခန္ဓာကိုယ်မှာ တစ်ခုခု မှားနေပြီဆိုတာ သိလာခဲ့တယ်"


ဝူရှဲမှာ သူစကားပြောတာကို ဝင်မတားချင်ဘဲ မနေနိုင်ဘဲ အသက်ကြီးမလာာ မဟုတ်ဘူးလားလို့ မေးကြည့်ချင်ပေမယ့် သူက ဒီအခွင့်အရေးကို မပေးဘဲ ဆက်ပြောလာခဲ့သည်။ 


“ပြဿနာက ဘာလဲဆိုတာတော့ မင်းတို့ကို မပြောနိုင်သေးဘူး... ဒါပေမဲ့ ငါ ကြုံခဲ့ရသလောက်တော့ လွန်ခဲ့တဲ့ သုံးလလောက်က မင်းရဲ့ဦးလေးသုံးကို ပြန်တွေ့ခဲ့တယ် သူနဲ့ တော်တော် ရင်းနှီး​​နေတာကို ခံစားရတာနဲ့ နောက်ထပ် အကြောင်းအရာတွေကို ​ပြန်မှတ်မိဖို့အတွက် ငါမင်းတို့နဲ့အတူ လုနန်းတော်ဆီ လိုက်သွားခဲ့တာ... လုနန်းတော်ကို ရောက်တော့မှာ မင်းရဲ့ဦးလေးသုံး ပြဿနာရှိနေတာကို တွေ့လိုက်ရတာ!"


သူဘာကို ဆိုလိုမှန်းကို မသိတော့ဘဲ ဝူရှဲ အံ့အားသင့်သွားသည်။ ထိုစဉ် မျက်နှာသေက ဆက်ပြောလာ၏။


"ကြေးခေါင်းတလားကနေ ထုတ်ယူလိုက်တဲ့ ရွှေပိုးစာအုပ်က တကယ်တော့ အတုပဲ... အဲဒါကို မင်းရဲ့ဦးလေးက ကြိုးကိုင်ထားတာ ကြာပြီ"


ဝူရှဲ တုန်လှုပ် ခြောက်ခြားသွားပြီး အော်ပြောလိုက်သည်။ 


"အဓိပ္ပာယ် မရှိတာ! အဲဒါခင်ဗျား လုပ်ခဲ့တာ မဟုတ်ဘူးလား?"


မျက်နှာသေက ဝူရှဲကို ပေါ့ပေါ့ပါးပါး ငုံ့ကြည့်လာပြီး ဆိုသည်။ 


"မဟုတ်ဘူး မင်းရဲ့ ဦးလေး ကိုယ်တိုင်ပဲ... သူနဲ့တခွေက သစ်ပင်နောက်ကနေ တွင်းတွေကို တူးပြီး ခေါင်းတလားရဲ့ အောက်ခြေအထိ တိုက်ရိုက်တူးခဲ့တာ အဲဒါ တခွေ ဘာကြောင့် သေခဲ့ရတာလဲ ဆိုတဲ့ အကြောင်းပြချက်ပဲ"


ဝူရှဲ တစ်ကိုယ်လုံး ချမ်းတုန်သွားပြီး အရင်ကထက် သူ့စိတ်တွေ တုန်လှုပ်လာသလို ခံစားလိုက်ရသည်။ သူ့ခမျာ ဦးလေးသုံးဘက်က ရပ်တည်ချင်သေးပေမယ့် စိတ်ထဲ လျှပ်စီးလက်သွားသလို မရေမတွက်နိုင်တဲ့ မြင်ကွင်းတွေ ထွက်လာခဲ့၏။ တခွေရုတ်တရက် အဆိပ်သင့်သွားတာကို သတိရမိလာသည်။ 


ဖန့်ကျစ်လည်း ဘာကြောင့် သစ်ပင်ပေါ်တက်တော့ အရမ်းတွေ သတိရှိနေခဲ့တာလဲ ဆိုတာကို စဉ်းစားမိသွား၏။ သစ်ပင်ပေါ် မတက်ခင် မြေပြင်ပေါ်မှာ သတိလစ် နေသေးပေမယ့် သစ်ပင်ပေါ်တက်တော့ သူက တော်တော်လေး သတိကောင်းနေပြီ။ ဖက်တီးနဲ့ သူ သစ်ပင်ပေါ် မတက်ခင်မှာပဲ သူကကျော်ပြီး ပြေးတက်သွားနေပြီ ဆိုတာ သတိရမိလာ​ပြန်သည်။


လောကကြီးက အရာအားလုံး ဇောက်ထိုးကျနေသလို ခံစားလိုက်ရ၏။ ဘယ်သူက အမှန်တရားကို ပြောနေလဲ၊ ဘယ်သူက လိမ်​နေလဲ၊ ဘယ်သူ့ကို ယုံရမှာလဲ​တောင် မသိတော့ပေ။ သူ့စိတ်ထဲ ကမောက်ကမ ဖြစ်လာသလို ခံစားရပြီး ကိုယ့်ကိုယ်ကို မထိန်းနိုင်ဘဲ ခေါင်းတွင်တွင်ခါလိုက်၏။ 


"မဟုတ်ဘူး မဟုတ်ဘူး... ဒီကိစ္စက အဲ့လောက် မရိုးရှင်းဘူး... အကြောင်းပြချက်လည်း မရှိပါဘူး ဦးလေးသုံးက ဘာကြောင့် ဒီလိုလုပ်ရမှာလဲ?"


"အဲဒီလူက မင်းရဲ့ဦးလေးသုံးသာ ဆိုရင် လုပ်မှာ မဟုတ်ဘူး.. ဒါပေမဲ့...." 


မျက်နှာသေက စကားကို တစ်ဝက်လောက်ပြောပြီး သက်ပြင်းချလိုက်သည်။


သူဘာကိုဆိုလိုမှန်းကို နားမလည်ပေမယ့် ဝူရှဲ စိတ်ထဲမှာတော့ ယုံသွားပုံပေါ်သည်။ ရှိုက်ကြီးတငင်တောင် ပြုံးမပြနိုင်ဘဲ ဦးလေးသုံးသူ့ကို လိမ်ညာနေတာ ဘယ်နှစ်ခါလောက် ရှိပြီလဲလို့ တွေးလာရသည်။ အခုတော့ ဦးလေးသုံးသူ့ကို မလိမ်ထားတာ ဘယ်နှစ်ခုလောက် ရှိပြီလဲလို့ တွေးရတော့မည်။ 


ဒီလိုမျိုးတွေ ပြောင်းလဲလာလိမ့်မယ်လို့ ဝူရှဲတကယ် မမျှော်လင့်ထားပေမယ့် အဲဒါကို တွေးပြီးရ အခုစဉ်းစား​နေလို့လည်း အသုံးမဝင်ကြောင်း တွေးလိုက်သည်။ ဘယ်သူ မှန်မှန်မှားမှား သူတို့လွတ်မြောက်တဲ့အထိ စောင့်လိုက်တာ ပိုကောင်းတယ်မလား။ မဟုတ်ရင် သူတို့ ဒီမှာသေသွားရင် သိချင်တဲ့ အမှန်တရားကို ဘယ်လိုလုပ် သိရတော့မလဲ။


ဒါကိုတွေးပြီး ခဏလောက် စိတ်အေးလက်အေး အေးအေးဆေးဆေး နေလိုက်သည်။ ဒီအချိန်မှာတော့ ဖက်တီးဟာ ကျောက်​ပြားကြီးဆီကို လျှောက်သွားပြီး ငုတ်တုတ်ထိုင်နေပြီ။ သူက သစ်ခွလက်ညိုးကို မြှောက်ကာ ဆံပင်တွေကို ဖြီးနေတာကို တွေ့လိုက်ရလေ၏။


“ဖက်တီးစုတ်... မင်း ဘာလုပ်နေ​ပြန်တာလဲ? ခဏလောက် အနားယူ​နေလို့ မရဘူးလား” 


ဝူရှဲအော်လိုက်သည်။ သူက ခေါင်းကို လှည့်လာပြီး မိန်းမအသံလို ဟန်ဆောင်လိုက်ကာ။  


"အိုက်ကျားက ဆံပင်တွေ ဖြီးနေတာလေ... ဆံပင်ကို ဖြီးတာက မင်းအသက်ကို ကယ်ချင် ကယ်နိုင်မှာပေါ့ ဘာလို့ ဒီလောက် ရှည်နေရတာလဲ?" 


ထိုအခါ ဝူရှဲလည်း ကူကယ်ရာမဲ့နဲ့ မေးလိုက်ရသည်။ 


"ဆံပင်ဖြီးတယ်? မင်းက အဲဒီကောင်းကင်တံခါး ပွင့်မပွင့် ကြည့်ချင်နေတာလား?"


"ဟုတ်တယ် ဖက်တီးငါ ဒီလို ကြီးကျယ်ခမ်းနားတဲ့ မြင်ကွင်းကို ဘယ်လိုလုပ် လွဲချော်ရက်မှာလဲ? နောက်ပြီး တစ်ခါ ဆင်းလာဖို့ဆိုတာ မလွယ်ဘူးလေ... ဟိုမိန်းမကလည်း ထွက်ပြေးသွားပြီ.... ငါတို့ရဲ့ တာဝန်ကိုလည်း ထည့်တွက်ထားပုံရတယ်... ဘာပဲပြောပြော ညလင်းပုလဲလေးတွေကို တူးရမယ်... ပိုက်ဆံရှိရင် ဂူမဖောက်ဘူး ဂူဖောက်ရင်လည်း လက်ဗလာနဲ့ မပြန်ဘူး"


ဝူရှဲ ကျိန်ဆဲလိုက်သည်။


"မင်း စကားကို ဒီလောက် အကြာကြီး နားထောင်ပြီး ညပုလဲတစ်လုံးပဲ ကြားလား?"


သူက စိတ်ချလက်ချနဲ့ ပြန်ပြောလာပြန်၏။


"ဟေ့ မင်းငါ့ကို အဲ့လိုပြောလို့ မရဘူးနော်.. ဖက်တီးငါ ဒီကောင်းကင်နန်း​တော်ကို ဝင်ချင်ရတဲ့ နောက်ထပ် အရေးကြီးတဲ့ အကြောင်းပြချက်တစ်ခု ရှိသေးတယ်... အဲဒါ ဘာလဲဆိုတာ မင်းတို့သိလား?"