ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ဒေါသပင်လယ်၌ မြုပ်နေသောသဲ
Chapter (33)
ရှင်သန်ခြင်းတံခါး
ချီးမန်သွမ့်ကျာသည် လွန်ခဲ့သော နှစ်ပေါင်း ၄၆၀ ကျော်က တရုတ်သမိုင်းတွင် ပေါက်ဖွားလာခဲ့လေသည်။ ချီးမန်သွမ့်ကျာကို ကမ္ဘာပေါ်တွင် ပထမဆုံး အသုံးပြုခဲ့သည့် လူမှာ ဘိုးဘေးဧကရာဇ်ဟွမ် ဖြစ်ပြီး ၎င်းဟာ ခေတ်အဆက်ဆက် ဆင်းသက်လာခဲ့သည်။ ကမ္ဘာပေါ်ရှိ စစ်ရေးဗျူဟာ သို့မဟုတ် စစ်ရေးကျွမ်းကျင်သူတိုင်းလိုလိုတွင် ကျွမ်းကျင်မှုတချို့ ရှိကြသော်လည်း တကယ်တမ်းတွင် ဟန်မင်းဆက်ပြီးနောက် ချီးမန်သွမ့်ကျာသည် စာသားအပြည့်အစုံ မဟုတ်တော့ပေ။
အကြောင်းမှာ အဘိုးကြီးဟွမ်က ၎င်းကို ကျန်းလျောင်ထံ ပေးပို့ပြီးနောက် ထိုငှက်ထိန်းသည် ချီးမန်သွမ့်ကျာကို အကျဉ်းချုပ်ပြီး ရိုးရှင်းအောင် လုပ်ထားခဲ့ရာ နောက်ပိုင်း လူတွေက သူပြောနေတာတွေကို အခြေခံတောင် နားမလည်နိုင်တော့ချေ။
ဝူရှဲရဲ့ ချီးမန်သွမ့်ကျာ အကြောင်း နားလည်မှုဟာ အဓိကအားဖြင့် အိမ်မှာရှိတဲ့ သူဒုတိယဦးလေး (တတိယဦးလေး မဟုတ်) ဆီက လာခဲ့တာပင်။ အကြောင်းအရာ အများကြီးကို မသိပေမယ့် ကျန်းချီလင် ပြောလာတဲ့ အခါမှာတော့ သူဟာ ဖက်တီးလို ကောင်းကင်ကျမ်းစာကို နားထောင်နေရသလို ဖြစ်မနေတော့ချေ။
မူလက ချီးမန်သွမ့်ကျာဟာ စုစုပေါင်း ၄၃၂၀ ချက် ရှိခဲ့သော်လည်း ဧကရာဇ်ဟွမ်ကတော့ ၁၀၈၀ လောက်ပဲ နားလည်နိုင်ခဲ့သည်။ ကျန်းလျောင် လက်ထက်မှာတော့ ၇၂ချက်သာ ရှိပြီး အခု သူရဲ့ ဒုတိယဦးလေး လက်ထဲမှာ ၄၂ ချက်ပဲ ရှိပါတော့သည်။ အလွန်ရှားပါးသော ထိုယန္တရာမျိုးမှာ ကမ္ဘာပေါ်တွင် ၁၈ခုသာ ရှိသည်။ တခြားအရာများကို ဟန်ခေတ်သင်္ချိုင်းတစ်ခုမှ ဦးလေးသုံး မတော်တဆ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ချီးမန်သွမ့်ကျာသည် လျှို့ဝှက် ဆန်းကြယ်သော်လည်း စစ်နှင့် ကံကြမ္မာ သဘောတရားကို အခြေခံ၍ ဖွဲ့စည်း တည်ဆောက်ပစ်ရန် အသုံးပြုခြင်းသည် စွမ်းအင်ဖြုန်းတီးမှု တစ်ခုသာ ဖြစ်လေသည်။ ချီးမန်သွမ့်ကျာကို အစီအရင်၈ခု ဟုလည်း ခေါ်၏။ ၎င်းကို တံခါးရှစ်ပေါက် ခွဲထားသည်။
တံခါးကို အဖွင့်တံခါး၊ အပိတ်တံခါး၊ ရှင်ခြင်းတံခါး၊ သေခြင်းတံခါး၊ ထိတ်လန့်စရာတံခါး၊ ဒဏ်ရာတံခါး၊ တူတံခါးနဲ့ မြင်ကွင်းတံခါးဟူ၍ သတ်မှတ်ထားသည်။ ရှင်ခြင်းတံခါးက အသက်ရှင်သန်ရာ ဖြစ်ကာ သေခြင်းတံခါးက သေဆုံးရာ ဖြစ်သည်။ တခြားတံခါးများထဲသို့ ဝင်သောအခါ ထပ်ခါထပ်ခါ စတင်သော တံခါးရှစ်ခုကို တွေ့ရလိမ့်မည်။
ကျန်းချီလင် တွေ့ရှိခဲ့သော လျှို့ဝှက်တံခါး ရှစ်ခုသည် ချီးမန်သွမ့်ကျာအား သဘာဝကျကျ သတိရသွားစေသည်။ ဤလျှို့ဝှက်တံခါးများသည် အလွန်ကျဉ်းမြောင်းပြီး ဘေးချင်းကပ် ဖြတ်သန်းသွားသူ တစ်ဦးသာ ထားရှိနိုင်သည်။ ဤနေရာတွင် မြူခိုးများဖြင့် ပြည့်နှက်နေပြီး လှည့်နိုင်သော အုတ်တံခါးလည်း ရှိနေတာမို့ အပြင်မှာ တွန်းလိုက်ရုံနဲ့ ပွင့်နေသမျှ အထဲကို ဝင်ပြီးရင် ထောင်ချောက်တံခါးက အလိုလို ပိတ်သွားတော့မှာပဲ။ ဒါကြောင့် ထိသာမထိမိခဲ့ရင် ဒီမှာ တစ်ခုခု ထူးထူးခြားခြား ဖြစ်နေတာကို မသိနိုင်လောက်ပေ။
ကျန်းချီလင်သည် သူ၏ ပေါ့လျော့မှုအပေါ် အနည်းငယ် စိတ်မကောင်း ဖြစ်မိသွားသည်။ သူသည် မဆင်မခြင်လုပ်တတ်တဲ့ လူတစ်ယောက် မဟုတ်သော်လည်း အမြန်ဆုံး အောင်မြင်သွားရန် စိတ်အားထက်သန် လွန်းနေပါသည်။ ကမ္ဘာပေါ်က လှည့်ကွက်များ အားလုံးသည် သူ့အတွက် သေးငယ်လှသည့်အတွက် ဂုဏ်ယူနေခဲ့သော်လည်း အခုတော့ ဆန့်ကျင်ဘက် ဖြစ်နေပြီ။
သူသည် ကျောက်တုံးကြီး အနားသို့ ပြန်သွားကာ သူ့တွေ့ရှိချက်အကြောင်း လူတိုင်းကို ပြောပြလိုက်သည်။ ထိုအခါ လူတိုင်းလည်း ရုတ်ရုတ်သဲသဲ ဖြစ်နေကြသည်။ ဒီလို အသိပညာက အလွန်လေးနက်၏။ သူတို့အစောကတင် ယဉ်ကျေးမှု တော်လှန်ရေးကြောင့် စိတ်ရှုပ်ကြတာလေ။ ဒါကို ဘယ်လိုလုပ် နားလည်နိုင်ပါ့မလဲ။
ရုတ်တရက် ဝမ်ကျင်က ပြောလာ၏။
"အခုနက ဝူစန်းရှန်ရဲ့ အမူအရာက ထူးဆန်းလွန်းတယ်.... မသိရင် သရဲမတစ်ကောင် သူ့ကိုယ်ထဲ ဝင်ပူးထားသလိုပဲ.... အဲဒီသရဲက ဒီသင်္ချိုင်းရဲ့ ပိုင်ရှင်များ ဖြစ်နိုင်မလား? သူအခုဝင်လာတဲ့ လျှို့ဝှက်တံခါးက အသက်ရှင်ခြင်း တံခါးများလား?"
ကျန်းချီလင်က တစ်ခုခုကို တွေးနေသလိုမျိုး သူ့မျက်လုံးတွေ တောက်ပလာနေတာကို မြင်တော့ ဝမ်ကျင်က မေးလိုက်သည်။
"နင် တစ်ခုခုကို တွေးမိလို့တာလား"
ဝမ်ကျင်က သူတို့ကို သူမနောက်ကနေ လိုက်ခဲ့ခိုင်းပြီး နောက်လှည့်ကာ ကျောက်ပြားဆီသို့ လျှောက်သွားခဲ့သည်။ သူမသည် ဦးလေးသုံး၏ စံနမူနာကို လိုက်နာကာ ဒူးထောက်ထိုင်၍ ဆံပင်ကို ဖြီးနေလိုက်သည်။ သူမရဲ့ ရုပ်ရည် အလွန် ကြည့်ကောင်းတာကြောင့် အဲဒီလို ကိုယ်ဟန်အနေအထားက အလွန်ဆွဲဆောင်မှု ရှိသည်။ ယောက်ျားလေးတွေက အံ့အားသင့်သွားကြ၏။ သူမက ဆံပင်တွေကို အကြိမ်အနည်းငယ် ဖြီးလိုက်ပြီးနောက် ခေါင်းကို အံကြိတ်ကာ လှည့်ကြည့်လိုက်တော့ ရုတ်တရက် တုန်လှုပ်သွားပြီး
ချက်ချင်း အော်ပြောလိုက်သည်။
"တွေ့ပြီ"
ဒါကို လူတိုင်း ကြားလိုက်ရသောအခါ ချက်ချင်း ဝိုင်းစုလာပြီး ကျောက်ပြားကို ပတ်ကြည့်လိုက်သည်။ အချိန်အတော် ကြာပြီးနောက် သူတို့သည် ဘာမှမမြင်ရပေ။ ထိုအခါ ဝမ်ကျင်က
"မဟုတ်ဘူး... အဲဒါကို မြင်ရအောင် ငါ့လိုမျိုး ဒီမှာ ဒူးထောက်ရမယ်!"
ကျန်းချီလင်လည်း သတိဝင်လာပြီး ဒူးထောက် ထိုင်ချလိုက်သည်။ ဝမ်ကျင်းက သူ့ပုခုံးကို ဖိပြီး
"နင်က အရပ်အရမ်း ရှည်တယ်... အောက်ကို နိမ့်ဦး... တိုက်ရိုက်ကြည့်လို့ မရဘူး နင့်ဘေးကို ကြည့်ပြီး ဘုံကျောင်းကို အာရုံစိုက်ထား"
ကျန်းချီလင်က ရယ်စရာကောင်းတဲ့ သူမပုံစံကို အတုယူခဲ့သည်။ သူ ဆံပင်ကို ဖြီးလိုက်ကာ အလွန်ပင် မိန်းမဆန်သော အကြည့်တစ်ချက်ကို မြင်လိုက်ရသည်။ ရုတ်တရက် သူ့ကိုယ်သူ ကျောက်ပြားထဲမှာ မြင်လိုက်ရ၏။ ထိုကျောက်ပြားရဲ့ ရောင်ပြန်ဟပ်မှုတွင် တိမ်မြုပ်နေသော ငါးသုံးကောင်သည် အလွန်မှုန်ဝါးနေသော ဘုံကျောင်းများပေါ်တွင် ရှိနေသည်။ သူ့ခေါင်းကို နောက်တစ်ကြိမ် ရွှေ့လိုက်ပြီး ထောင့်နည်းနည်း ကျသွားလိုက်တာနဲ့ ချက်ချင်း ပျောက်ကွယ်သွားပြီး မမြင်နိုင်တော့တာကို တွေ့လိုက်ရသည်။
ကံကြမ္မာဆိုတာ ဘာကိုဆိုလိုမှန်း သိသွားတာနဲ့ ညည်းတွားရင်း စိတ်ထဲမှာ ကျိန်ဆဲနေမိသည်။ အလှကို မြတ်နိုးတဲ့ အမျိုးသမီးတစ်ယောက်သာ ရှေ့မှာ ဒူးထောက်လိုက်မိရင် ဒီအမှတ်အသားကို မြင်နိုင်မယ်လို့ ထင်ရ၏။ ကျောက်ပြားကို ကြည့်ပြီး သူ့ဆံပင်တွေကို ဖြီးနေရတဲ့ပုံစံက သိပ်တော့ ကြည့်မကောင်းချေ။ ဒါ့အပြင် အရပ်လည်း ရှည်တာကြောင့် ဟန်ချက်က မညီလှ။ ကံကောင်းထောက်မစွာနဲ့ ဝမ်ကျင်က သေသေချာချာ မှတ်သားထား၏။ မဟုတ်ရင် သူဘယ်လောက်ပဲ ကြိုးစားလုပ်ပါစေ ဒီလျှို့ဝှက်ချက်ကို ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး။
(ဝူရှဲမှာ ဒါကိုကြားတော့ ရုတ်တရက် သဘောပေါက်သွားပေမယ့် ဒီသင်္ချိုင်းပိုင်ရှင်က စိတ်ဖောက်ပြန်နေတာလားဟု တွေးနေမိသား)
သူသည် ငါးကို အသေအချာ စိုက်ကြည့်နေရာ အမှတ်အသားသည်လည်း ဖြည်းညှင်းစွာ ရွေ့လျားနေကြောင်း တွေ့ခဲ့ရသည်။ ရေကန်နံရံထဲ၌ အရှိန်အဟုန်ဖြင့် လှည့်နေသော ဤကျောက်ပြားအတွင်း ယန္တရားတစ်ခု ရှိနိုင်သည်။ ကောင်းကင်တံခါး ဖြစ်နိုင်တယ်လို့ တွေးပြီး ဝမ်ကျင်ကို အမြန် ကြည့်ခိုင်းလိုက်သည်။
သူမက ဓာတ်မီးတစ်လက်ကို ကောက်ကိုင်လိုက်ပြီး လျှို့ဝှက်တံခါးတွေကို တစ်ခုပြီးတစ်ခု ရှာဖို့ ရေကန်အနားကို ပြေးသွားလိုက်သည်။ တတိယလျှို့ဝှက်တံခါးကို သူရောက်တဲ့အခါ ဝမ်ကျင်က အမှတ်အသားနဲ့ တံဆိပ်ကို ဓာတ်မီးရဲ့ အလင်းရောင်အောက်မှာ တွေ့လိုက်လေသည်။
"ဒီဟာပဲ!"
အားလုံးက ရွှင်မြူးသွားကြပြီး ကျန်းချီလင်လည်း သူ့လက်သီးတွေကို တင်းတင်း ဆုပ်ထားမိသည်။ သူက လျှို့ဝှက်တံခါးကို တွန်းဖွင့်ပြီး ဘေးတိုက်လမ်းလျှောက်ဖို့ ပထမဆုံး လမ်းလျှောက် ဝင်သွားတဲ့သူပဲ။ အတွင်းဘက်မှာတော့ အလွန်ကျဉ်းမြောင်းတဲ့ လူသွားလမ်း တစ်လမ်းရှိကာ အလွန်သတိထားရသည်။ သူက တခြားလူတွေကို မခေါ်မီ တခြားယန္တရားများ မရှိကြောင်း သေချာစေရန် ပတ်၀န်းကျင်ရှိ နံရံများကို ဦးစွာထိတွေခဲ့သည်။
ဒီလူသွားလမ်းကို ချင်ကန်း ကျောက်ပြားတွေနဲ့ ပြုလုပ်ထား၏။ ကျယ်ဝန်းပြီး လူနှစ်ယောက်လောက်သာ သွားနိုင်ကာ အရပ်ပိုဝတဲ့ လူနှစ်ယောက်က လမ်းလျှောက်သွားလို့ မရချေ။ ကျန်းချီလင်က ဓာတ်မီးနဲ့ ရှေ့ကို လှမ်းထိုးကြည့်လိုက်သည်။ တစ်ချက် ကြည့်လိုက်တော့ သူ့ရှေ့မှာ အမှောင်ထုကိုသာ တွေ့လိုက်ရ၏။ ကျောက်ပြား၏ အရောင်များသည် စိမ်းဖျော့ဖျော့ အရောင် ရောနှောနေလို့ ခံစားချက်က မြေအောက်ကမ္ဘာရဲ့ အရောင်ဟုပင် ထင်ရသည်။
သူသည် သူ၏ စွမ်းအင်အားလုံးကို စုဆောင်းပြီး အလွန်ဂရုတစိုက် လျှောက်ဝင်သွားခဲ့သည်။ ထူးဆန်းသည့် ဆူညံသံများ ထွက်ပေါ်လာပါက အချိန်အတော် ကြာအောင် ရပ်ပြီး စောင့်ရပေတော့မည်။ သို့သော် ၌အချိန်တွင် သူသည် ဤလူအုပ်စု၏ ဝိညာဉ်ရေးရာ ခေါင်းဆောင် လုံးဝ ဖြစ်လာခဲ့ကာ ဘယ်သူကမှ ဘာမှ မပြောရဲကြပေ။
သူတို့ စီးကရက်တစ်လိပ် သောက်ချိန်ရဲ့ တစ်ဝက်လောက် လမ်းလျှောက်လာရင်း ရှေ့နဲ့နောက်က အရာအားလုံးဟာ လုံးဝ မှောင်မိုက်သွားခဲ့သည်။ စကြဝဠာတစ်ခုလုံးမှာ သူတို့တစ်တွေပဲ ကျန်တော့တယ်လို့ ခံစားလိုက်ရပြီး အဆင်မပြေစ ပြုလာပါတော့သည်။ အပေါ်ကို စောင်းပြီး လမ်းကြောင်းအတိုင်း လိုက်ကြည့်လိုက်သည်။ အဝေးကို ကြည့်လိုက်တော့ သူ့ရှေ့မှာ တောက်ပတဲ့ အလင်းတန်းတစ်ခု ရှိနေတာကို တွေ့လာရ၏။ ၎င်းက နေအလင်းရောင်လို မှိန်ဖျော့နေပြီး အဝါရောင် တောက်နေကာ နွေးထွေးသည်။
ကျန်းချီလင်လည်း လမ်းဆုံးသွားသည်ကို သိသောကြောင့် နှုတ်ဆိတ်ပြီး တစ်ကြိမ်လျှင် ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။ အပြေးအလွှား သွားလိုက်တော့ အလင်းရောင်နဲ့ နီးကပ်လာတာကိုသာ လှမ်းမြင်နေရသည်။ရုတ်တရက် သူ့ခြေထောက်များ ပြားသွားကာ ကမ္ဘာကြီး တစ်ခုလုံး တုန်ယင်နေသလိုပင်။ ရုတ်တရက် ရွှေရောင် အလင်းတန်းများ ဖုံးလွှမ်းသွားကာ မျက်လုံးများကို ကျဉ်းမြောင်းထားရင်း ကြည့်လိုက်ရာ မထိန်းနိုင်ဘဲ အံ့သြတကြီး ထအော်ကာ ဒူးထောက်လုနီးပါး ဖြစ်သွားကြသည်။
သူတို့ရှေ့တွင် ကြီးမားသော စတုရန်းပုံ အခန်းကြီးတစ်ခု ပေါ်လာသည်။ ထိုအရာသည် ကြီးမားရုံသာမက ကြီးစိုးနေတဲ့ အရှိန်အဝါမျိုးလည်း ထုတ်လွှတ်ထားသည်။ အဆောက်အဦး တစ်ခုလုံးရဲ့ လေထုဟာ ခမ်းနားထည်ဝါမှုဟုသာ ဖော်ပြနိုင်ပေသည်။ ၎င်းသည် လူများကို ဒူးထောက်ချချင်လာသလို ခံစားလာရစေသည်။
အခန်း၏ တစ်ဖက်တစ်ချက်စီတွင် ကမ္ဘာစွန်းကို ထောက်လှမ်းနိုင်သည့် မိုးကောင်းကင်တိုင်များကဲ့သို့ လူသုံးယောက် ဝိုင်း၍မဖက်နိုင်သည့် ရွှေနန်းမူ တိုင်ဆယ်တိုင် ရှိသည်။ အခန်းတစ်ခုလုံးကို အဝါရောင် အင်္ဂတေအုတ်များဖြင့် ပြုလုပ်ထားပြီး ဘေးတစ်ဖက် တစ်ချက်စီတွင် ဆယ်ပေအကွာရှိ ရွှေလက်သည်း ငါးချောင်းမျှသာ ရှိသော ရွှေနဂါး ၁၀ ကောင် အပါအဝင် ထွင်းထုထားသော တံစက်မြိတ်များနှင့် နံရံဆေးရေးပန်းချီများ ပါရှိသဖြင့် အလွန်ကို သာယာလှပနေပါသည်။
ဆယ်မီတာနီးပါး မြင့်သော ရတနာ မျက်နှာကျက်၏ ထိပ်တွင် ကြယ်ငါးဆယ်ရှိသော မြေပုံတစ်ခုကို ထွင်းထုထားသည်။ ကြယ်တစ်ပွင့်စီသည် လင်းလက်တောက်ပသော ညလင်းပုလဲတစ်လုံး ဖြစ်ပြီး ငန်းဥအရွယ် ဖြစ်နိုင်ကာ အဝါရောင်ဖျော့ဖျော့ လင်းထိန်နေသည်။ အခန်းထောင့် တစ်ခုစီတွင် မှန်ချပ်ကြီး တစ်ချပ်စီ ထောင်ထားတာကြောင့် အလင်းရောင်က တစ်ခုနှင့်တစ်ခု ရောင်ပြန်ဟပ်နေသည်။
သိပ်မတောက်ပသော်လည်း နေရာတစ်ခုလုံးကို လင်းထိန်စေရန် လုံလောက်ပါ၏။ သူတို့ အံ့အားသင့်ဆုံး အရာက အခန်းအလယ်မှာ ကျောက်ပြား အကြီးကြီးတစ်ခု ရှိနေတာပါပဲ။ ကျန်းချီလင်က ကျောက်ပြားပေါ်မှာ အကြီးစား နန်းတော်ပုံစံတစ်ခု ရှိမေတာကို တစ်ချက် ကြည့်လိုက်သည်။ ဒီဇိုင်း တစ်ခုမျှသာ ဖြစ်သော်လည်း နဂါးမျှော်စင်၊ ရတနာခန်းမ၊ ကျောက်တုံးအတုများနှင့် စီးဆင်းနေသော ရေများအားလုံးကို အသေးစိတ် ပြုလုပ်ထားတာ အလွန် အံ့သြစရာ ကောင်းလှသည်။
ကျန်းချီလင်မှာ အကြိမ်ပေါင်းများစွာ စိတ်လှုပ်ရှားစွာ လှည့်ပတ် ကြည့်နေရင်း ဒါက တိမ်ထိပ်တန်း ကောင်းကင်နန်းတော်ရဲ့ စံနမူနာပုံ ဖြစ်ကြောင်း ချက်ချင်း နားလည်သွားခဲ့သည်။ ဒီလိုရှေးခေတ် ဂူသင်္ချိုင်းတွင် ဒီလောက် ထိတ်လန့်စရာကောင်းတဲ့ နန်းတော်ရှိနေမယ်လို့ သူ မယုံသောကြောင့် စိတ်ပျက်မသွားပေ။ သို့သော် ပဟေဠိတွေက ပိုများလာတာကြောင့် သူ့ခေါင်းထဲ ရှုပ်ထွေးလာ၏။
ဝမ်ကျန့်ဟိုင်ဆိုတဲ့ လူက ကောင်းကင်နန်းတော်ကို တကယ် ဆောက်ခဲ့ပုံရတယ်။ ဒါဆို ဒီကောင်းကင်နန်းတော်က ဘယ်မှာလဲ? တကယ်ပဲ ကောင်းကင်ပေါ်မှာလား?
ဒီရှာဖွေတွေ့ရှိမှုက အလွန်အံ့ဩစရာ ဖြစ်လာခဲ့သည်။ လူတိုင်းက စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြသည်။ ယောက်ျားလေး များစွာသည် ဟော့လင်ကိုပင် ကြမ်းပြင်ကနေ ကျောက်ပြားပေါ်သို့ မြှောက်တင်လိုက်ကြသည်။ ဟော့လင် မတ်တတ်ရပ်မိတာနဲ့ ရုတ်တရတ် ထအော်လိုက်လေ၏။
"ဟိုမှာလူသေ ရှိတယ်!"
ကျန်းချီလင် လန့်ဖျပ်သွားပြီး တစ်ချက် ကြည့်လိုက်တော့ နန်းတော်တစ်ခုလုံးရဲ့ အလယ်မှာ အဝိုင်းပတ်နေတဲ့ ကျောက်စိမ်း ဥယျာဉ်တစ်ခုကို တွေ့လိုက်ရသည်။ အဲဒီအပေါ်မှာ စုတ်ပြတ်သတ်စွာ ထင်ရှားနေသော အနက်ရောင် ကိုယ်ခန္ဓာတစ်ခု ရှိနေ၏။ ယင်းသည် အလွန်ရှားပါးသော ရွှေရောင်ကိုယ်ထည် တစ်ခုဖြစ်သည်။
အဲဒီခန္ဓာဟာ သဘာဝအတိုင်း အလွန်ခြောက်သွေ့နေပါပြီ။ ၎င်းကို ရွှေမှုန့်ဖြင့်စိမ်ပြီး ဝတ်ပြုကိုးကွယ်ဖို့ပင် ဘုရားကျောင်းတွင် ထားနိုင်သည်။ ဤအလောင်း၏ လက်နှစ်ဖက်တွင် တစ်ဖက်က ကောင်းကင်ကို ညွှန်ပြနေပြီး တစ်ဖက်က မြေပြင်ကို ညွှန်ပြနေသည်။ ၎င်း၏ဆံပင်နှင့် လက်သည်းများက တခြားရွှေရုပ် အလောင်းများ ကဲ့သို့ပင်။ အထူးသဖြင့် လက်ချောင်းများလောက် နီးပါးရှည်သော လက်သည်းများက အနည်းငယ် မူမမှန်စွာ ကြည့်ရဆိုးနေ၏။
သူ ဂရုမစိုက်ဘဲ အလောင်းရှေ့သို့ ခုန်ဆင်းလိုက်ကာ အလောင်းရဲ့ ပါးစပ်ထဲကို အရင်ကြည့်ရာ အထဲမှာ ဘာမှမရှိတာကို တွေ့လိုက်ရသည်။ ထို့နောက် သူ့ခြေဖဝါးကို ဆွဲယူကာ အောက်သို့ တောက်လျှောက် ဖိချလိုက်သည်။ ဝမ်ကျင်လည်း ခုန်တက်လာပြီး ကြည့်လိုက်စဥ် ကျန်းချီလင် လုပ်နေတာတွေကို ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။ သူမက သူ့နောက်ကနေ ခုန်တက်လာပြီး တိုးတိုးလေး မေးလိုက်သည်။
"ကျန်းချီလင် နင်က ဘယ်ကလာလဲ? နင့်မှာဘယ်လိုလုပ် ဂူသင်္ချိုင်းဖောက်တဲ့ လှည့်ကွက်တွေ ရှိနေတာလဲ!"
ကျန်းချီလင် သူမကို တစ်ချက် ကြည့်လိုက်သော်လည်း အဖြေ မထွက်လာပေ။ ဝမ်ကျင် ဒေါသထွက်လာကာ သူ့လက်ကို လှမ်းဆွဲလိုက်ပြီး
"နင်က သေချာပေါက် ဂူဖောက်သူတစ်ယောက်ပဲ... မဟုတ်ရင် ရှေးဟောင်းသင်္ချိုင်းမှာ ဒီလောက် တည်ငြိမ်နေမှာ မဟုတ်ဘူး... ငါတို့နဲ့အတူ လိုက်လာတာ နင်ဘာလုပ်ချင်လို့လဲ?"
ကျန်းချီလင်က အသံတိတ် အမူအရာဖြင့် အလောင်းကို လက်ညှိုးထိုးပြကာ
"အရေးမကြီးဘူး.. ကြည့်!"
ပြောပြီး အလောင်းရဲ့ အဝတ်အစားတွေကို ချွတ်လိုက်တဲ့အခါ ဝမ်းဗိုက်မှာ အလွန်ရှည်လျားတဲ့ အစင်းကြောင်း တစ်ခု ရှိနေတာ တွေ့လိုက်ရ၏။ အမာရွတ်သည် ဘယ်ဘက်ရှိ နောက်ဆုံးနံရိုးမှ ဆီးခုံမြှေး ဧရိယာအထိ ဖြစ်သည်။ သူသည် အလောင်းရဲ့ ဝမ်းဗိုက်ကို ဦးစွာဖိကြည့်ပြီးနောက် ဝမ်ကျင်ရဲ့လက်ကို ဆွဲယူကာ ထိုဗိုက်ပေါ် ဖိချလိုက်သည်။ ဝမ်ကျင် တုန်တုန်ယင်ယင် ဖြစ်သွား၏။
အလောင်းရဲ့ ဝမ်းထဲမှာ ပစ္စည်းတစ်ခုခုကို ဝှက်ထားတယ်!
ကျန်းချီလင် သူ့ခေါင်းကို မော့လိုက်သည်။ ထိုအရာအား ထုတ်ပစ်ရမလား ဆိုတာ သူ့အနေနဲ့လည်း မသေချာသေးပါ။ ဤလူက မသေခင် ဗိုက်ထဲမှာ တစ်စုံတစ်ခု ဖုံးကွယ်ထားခဲ့လျှင် ထိုအရာက သူ့အတွက် အလွန်အရေးကြီးသည်ဟု ဆိုလိုသည်။ သို့မဟုတ် သူတို့ရဲ့ နည်းလမ်းတွေထဲက တစ်ခုဖြစ်တဲ့ လူသေများအပေါ် စမ်းသပ်မှု တစ်ခုလည်း ဖြစ်နိုင်သည်။
သူ့ရဲ့ နိယာမကတော့ ရှေးဟောင်း ဂူသင်္ချိုင်းတွင်းမှာရှိတဲ့ အရာတွေနဲ့ အလောင်းကို ဘယ်တော့မှ မဖျက်ဆီးပစ်ဖို့ပါပဲ။ ကျန်းချီလင်ဟာ စိတ်ပိုင်းဆိုင်ရာအရ အချိန်အတော် ကြာအောင် ရုန်းကန်ခဲ့ရပြီး ဝမ်ကျင်ကို မော့ကြည့်လိုက်သည်။ ဝမ်ကျင်က မြောက်ပိုင်းကမို့ သူမသည် သဘာဝအားဖြင့် အလွန် အကျင့်စာရိတ္တ ကောင်းမွန်သူ ဖြစ်ပြီး ခေါင်းခါယမ်းကာ ဆိုလာ၏။
“မငဲ့ညှာဘဲ ယူလိုက်ရင် ကောင်းကင်က အပြစ်ပေးလိမ့်မယ်”
ကျန်းချီလင်လည်း သက်ပြင်းချကာ လက်လွှတ်ရန် ဆုံးဖြတ်လိုက်ပြီး နောက်ပြန်ဆုတ်လိုက်သည်။ အလောင်းကို ငုံ့ကြည့်ကာ အလောင်းကို မြှောက်လိုက်သော အခါတွင် အလောင်းမှာ တစ်ခုခု မှားယွင်းနေကြောင်း ရုတ်တရက် တွေ့လိုက်ရသည်။ သူက ဘယ်ညာ ကြည့်လိုက်တော့ ရုတ်တရက် လေအေးကို ရှုရှိုက်မိသလိုပဲ အလောင်းက ထူးဆန်းစွာ ပြုံးနေတာ တွေ့လိုက်ရတော့သည်။