ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ဒေါသပင်လယ်၌ မြုပ်နေသောသဲ
Chapter (24)
အခေါင်းကို ဖွင့်ပြီ
ဒီသင်္ချိုင်းရဲ့ အပေါ်နဲ့အောက် နှစ်လွှာတည်ဆောက်ပုံရဲ့ ကောက်ချက်ကြောင့် ဒီမှာ တံခါးရှိတယ် ဆိုတာ ထူးတော့ မထူးဆန်းပါဘူး။ သူတို့စကား ပြောနေတုန်းက ဒီဘက်ခြမ်းက အခန်းတွေလည်း ပြောင်းသွားတာ ဖြစ်မယ်။ သင်္ချိုင်းပိုင်ရှင်က ဘာကြောင့် ဒီလိုပုံစံ လုပ်ထားတာမှန်း မသိပေမယ့် ဝူရှဲကတော့ ထပ်ပြီး ထိတ်လန့်မနေတော့ချေ။
ဒါပေမဲ့ အဲဒီအထဲမှာ ရှိတဲ့ ခေါင်းတလားက ဝူရှဲကို ထိတ်လန့်သွားစေခဲ့သည်။ ဒီရွှေနန်းမူ ခေါင်းတလားဟာ အကောင်းမွန်ဆုံး ခေါင်းတလား ဖြစ်လေသည်။ နှစ်ပေါင်းထောင်ချီ ကြာတဲ့အထိ ခေါင်းတလားရဲ့ အရွယ်အစားကို တည်ဆောက်ဖို့ သစ်သား အရွယ်အစားနဲ့ ဆုံးဖြတ်ခဲ့ပုံ ပေါ်၏။
ဤခေါင်းတလား ပြုလုပ်ရန် အမှန်တကယ် အသုံးပြုထားသည့် ရွှေနန်းမူသစ်တုံးများသည် မင် မင်းဆက်၏ ကျန်လင်သင်္ချိုင်းတွင် ဧရာမတိုင်များ ပြုလုပ်ရန် အသုံးပြုထားသည့် ရွှေနန်မူသစ်လုံး ၃၂ လုံးနှင့် တူညီသယောင် ရှိသည်ဟု ထင်ရသည်။ ဤအရာ၏ ကိုယ်ထည် အရွယ်အစားမှာ သူတို့ထင်ထားတဲ့ ငွေတစ်ခုထက် ပိုတန်ဖိုး ရှိနိုင်ပေ၏။
(TN - google မှာသွားရှာတာ အရှေ့က ရွှေဆိုတဲ့ စကားလုံးကို တွေ့ရပါတယ်။ ဒီထဲမှာတော့ 楠木 ဒီစာလုံးကို ရေးထားပါတယ်။ မှတ်ရလွယ်အောင် ရွှေနန်းမူသစ်သား လို့ပဲ ပြန်လိုက်တယ်နော် အမှားပါရင် သည်းခံပေးပါရှင့်)
ဒါပေမယ့် ဒီလိုစျေးကြီးတဲ့ ခေါင်းတလားကို နားခန်းထဲမှာ ဘာလို့ ထည့်ထားရတာလဲ ဆိုတာက ထူးဆန်းသလို ခံစားရစေသည်။ ဒီစျေးကြီးတဲ့ ခေါင်းတလားကို နားခန်းထဲမှာပဲ ထည့်ထားနိုင်ရင် ပင်မအုတ်ဂူထဲမှာ အနည်းဆုံး ရွှေခေါင်းတလား ရှိရမှာပေါ့။
အံ့သြစရာ ကောင်းတာက ဒီသင်္ချိုင်းရဲ့ ပိုင်ရှင်ဟာ စည်းကမ်းလုံးဝ မရှိတာပဲ။ သူဟာ ဖုန်းရွှေ အနေအထားကို ရှုပ်စေရုံသာမက ဘယ်သူ့ရဲ့အသက်ကိုမှ မသတ်ဘဲ နေရာတိုင်းမှာ အလွန်လိမ္မာပါးနပ်တဲ့ ထောင်ချောက်တွေကို ချမှတ်ခဲ့တာပဲ။ သူ ဘာလုပ်ချင်နေတာလဲတောင် မသိတော့ချေ။
အထူးသဖြင့် ကြီးကျယ်ခမ်းနားတဲ့ ခေါင်းတလားကို ဂူဖောက်သူတွေ မြင်တဲ့အခါ လက်တွေ ယားယံလာတာကို မလွဲမသွေ ခံစားရလိမ့်မယ်။ အတွင်းထဲမှာ ကောင်းတာတွေ အများကြီး ရှိရမှာတော့ အသေအချာပဲ။ ဒါကို မြင်လိုက်တာနဲ့ ဖက်တီးရဲ့ မျက်လုံးတွေ ပြူးကျယ်သွားတာကို တွေ့လိုက်ရတော့ ဝူရှဲက ပြုံးပြီး ပြောလိုက်သည်။
"ဘာလဲ? ခေါင်းတလားကို တွေ့တော့ မင်းအသက်ကိုတောင် ဂရုမစိုက်တော့ဘူးပေါ့.. မင်း ဘာလို့ အရင်ဝင်ပြီး အပိုင်းအစ နည်းနည်းလောက် မထုတ်ကြည့်တာလဲ?"
ဝူရှဲ သူ့ကို လှောင်ပြောင်နေပေမယ့် သူပြောတာကို ဖက်တီးက မကြားသလိုပဲ ခွန်းတုံ့ပြန်လာ၏။
"ဖက်တီး ငါက အသိဥာဏ် မြင့်မားပါတယ်... ငါတို့ရဲ့ အဓိက တာဝန်က ဒီမိုက်မဲတဲ့ အုတ်ဂူခေါင်မိုးကို ထိုးဖောက်ဖို့ ကိရိယာတွေ ရှာဖို့ပဲ... မင်းငါ့ကို လာမနောက်စမ်းပါနဲ့... ပြန်လာပြီးမှ ပစ္စည်း နည်းနည်းယူဖို့ ဆိုရင် အရမ်းနောက်ကျမှာ မဟုတ်ဘူးလား?"
သူ့နှာခေါင်းကို မှုတ်ပြီး စကားပြောနေပုံကို မြင်ရတော့ နည်းနည်း ရယ်စရာကောင်းတယ်လို့ ခံစားရတာကြောင့် ဝူရှဲ ရယ်လျက် ပြန်ပြောလိုက်ပါသည်။
"မင်းပြန်လာတဲ့အခါ ဒီတံခါးက ရှိနေဦးမလားဆိုတာ ဘယ်သူက သိနိုင်မှာလဲ? နောက်တစ်ခန်းက ထပ်ပွင့်သွားလိမ့်မယ်"
ဖက်တီးဆိုတဲ့ လူသည် ဤသိသာထင်ရှားသောလက်နက်ကို တွေးတောနေဆဲ ဖြစ်သည်။ ဝူရှဲ ပြောတာ အဓိပ္ပာယ် ရှိကြောင်း ကြားရသောအခါတွင် ရှက်ရွံ့စိတ်ကို မထိန်းနိုင်ဘဲ ဖြစ်သွားသည်။ ထိုအချိန်တွင် မျက်နှာသေက သူတို့ထံသို့ သူ့လက်ကို ရုတ်တရက် ဝှေ့ယမ်းပြလာပြီး တိုးတိုးလေး ပြောလာခဲ့သည်။
“စကားမပြောနဲ့”
သူ့မျက်နှာမှာ လေးနက်တဲ့ အမူအရာနဲ့ ပါးစပ်ကို အလျင်စလို ဖုံးထားတာကို တွေ့လိုက်ရ၏။ ဘာဖြစ်မှန်းမသိဘဲ လေသေနတ်ကို ဆွဲထုတ်လိုက်ပြီး ခပ်တိုးတိုးလေး ဆက်ပြောလာသည်။
"ဒါက သာမန်အခေါင်းတလား မဟုတ်ဘူး.... လူလုပ်အလောင်းကောင် ခေါင်းတလားပဲ"
ဝူရှဲ့ ကြားလိုက်ရတာကို နားမလည်တာကြောင့် သံသယနဲ့ ကြည့်လိုက်ပေမယ့် မျက်နှာသေက လုံးဝ မရှင်းပြချင်ဘဲ ခေါင်းတလား ချထားတဲ့ နားခန်းထဲကို လျှောက်သွားလေသည်။ အဲဒါက ကြောင်လို အကောင်ကြီး ဝင်သွားတဲ့ အခန်းမဟုတ်လား။
ဖက်တီးမှာ အစကတော့ သူ့ရဲ့မြင့်မားတဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းချင်သော်လည်း မျက်နှာသေက အားမနာဘဲ ဝင်ချသွားတာကို မြင်ခဲ့ရတာကြောင့် မဆိုင်းမတွဘဲ ချက်ချင်း အလျင်အမြန် လိုက်သွားခဲ့သည်။
ဝူရှဲလည်း စင်္ကြံထဲက အမှောင်ထုကို မြင်လိုက်ရတော့ အပြင်မှာ တစ်ယောက်တည်း နေရတာ ကြောက်စရာ ကောင်းလွန်းလို့ လျစ်လျူမရှုဝံ့ဘဲ လိုက်ပြေးဝင်လာခဲ့၏။
ဒီအခန်းငယ်လေးက သူတို့ လာခဲ့တဲ့ အခန်းနဲ့ အတူတူပါပဲ။ အခန်းရဲ့ မျက်နှာကျက်မှာ စပါးအုံးမြွေကြီး နှစ်ကောင်ရဲ့ ရုပ်ကြွတွေနဲ့ အလယ်မှာ စမ်းရေတွင်းတစ်ခု ရှိသည်။ သို့သော် ကြွေအိုးတွေတော့ မရှိဘဲ သုံးပေလောက်ရှိတဲ့ အခေါင်းကြီး တစ်ခုပဲ၊ နံရံနဲ့ ခပ်ဝေးဝေးမှာ ရှိနေသည်။
မျက်နှာသေက သူ့ဓားကိုထုတ်၍ ခေါင်းတလားထဲသို့ တိုက်ရိုက်ထည့်၍ ယန္တရားတစ်ခုခုကို ရှာဖွေနေသကဲ့သို့ ဖြည်းညှင်းစွာ ပွတ်ဆွဲသွားသည်။ ဖက်တီးမှာ မျက်နှာသေက ခေါင်းတလားကို ဖွင့်တော့မယ်လို့ ထင်ကာ အလောတကြီးနဲ့ အော်လိုက်၏။
"ဖြည်းဖြည်း ဖြည်းဖြည်း... အစ်ကိုလေး ဘယ်လောက် ရိုးသားလဲဆိုတာ ကြည့်စမ်း.... ခေါင်းတလားကို မြင်တာနဲ့ပဲ အသက်မရှင်ချင်တော့သလိုပဲ"
သူက ပြောပြီးတဲ့အခါ ဖယောင်းတိုင် တစ်တိုင်ကို ထုတ်ယူကာ မီးထွန်းရန် ထောင့်ဆီသို့ ပြေးသွားခဲ့သည်။
အဲဒါကိုမြင်တော့ ဝူရှဲလည်း ဒေါသတကြီးနဲ့ အော်လိုက်သည်။
"ငါတို့ဒီလို လေကို ချွေတာနေရတာတောင် မင်းက ဖယောင်းတိုင်မီးကို ထွန်းနေသေးတယ်.... မင်းသေချင်နေပြီလား?"
ဖက်တီးကလည်း ဒေါသတကြီးနဲ့ ပြန်ပြောလေ၏။
"ဖယောင်းတိုင် တစ်တိုင်က လေဘယ်လောက်ကို လောင်ကျွမ်းနိုင်မှာမလို့လဲ? အဆိုးဆုံး ဖက်တီးငါက မင်းအတွက် အသက်လျှော့ရှူပေးမယ် ဟုတ်ပြီလား?"
ပြောပြီး သူ့လက်ထဲက မီးခြစ်ကို ခြစ်လိုက်သည်။ ရုတ်တရက် လင်းသွားတဲ့ ထောင့်တစ်နေရာမှာ တစ်စုံတစ်ခုက ဘွားကနဲ ပေါ်လာလေ၏။ သတ္တိရှိတတ်တဲ့ ဖက်တီးဟာ ဒီတစ်ခါမှာတော့ အလွန် ထိတ်လန့်သွားပြီး မြေပြင်ပေါ် ဖင်ထိုင်ချလိုက်မိသည်။
ဖက်တီး မြေပြင်ပေါ် လဲကျသွားတာကို မြင်လိုက်ရတော့ ဝူရှဲလည်း ဓာတ်မီးကို အမြန်သုံးကာ ထိုးကြည့်လိုက်တဲ့အခါ သူ့ခမျာ သည်းမခံနိုင်တဲ့ အကြောက်တရားတွေ တိုးဝင်လာတော့၏။
ထောင့်စွန်းမှာ ငုတ်တုတ်ထိုင်နေတဲ့ ကြောင်သေတစ်ကောင် ရှိနေပြီး အရွယ်အစားက သာမန်ထက် အလွန်ကြီးလေသည်။ ဒါပေမဲ့ မံမီတစ်ကောင်လို အနေအထားမှာ ရှိနေပြီ။ မျက်လုံးမှာ အပေါက်နှစ်ပေါက် ဖြစ်လျက် ဖက်တီးကို တည့်တည့် စိုက်ကြည့်နေသည်။
သူ့တစ်ကိုယ်လုံးက အရေပြားတွေ ကွာကျထားကာ မေးစေ့က ပွင့်နေတာကြောင့် အစွယ်ကတွေကပါ ပွင့်ထွက်နေပုံရ၏။ ကြည့်ရတာ အတော်လေး အဆင်မပြေလှပေ။
ဝူရှဲ့မှာ ငယ်ငယ်ကတည်းက ကြောင်တွေကို အကြောက်ဆုံးပဲ ဖြစ်လေသည်။ ငယ်ငယ်တုန်းက မိသားစုထဲက လူတွေဟာ ငါးခိုးတဲ့ တောကြောင်တွေကို သစ်ပင်ပေါ်တင်ပြီး ပုပ်ပွသွားတဲ့အထိ ချိတ်ဆွဲထားလေ့ရှိ၏။ သူအဲဒီတုန်းက အရမ်းငယ်သေးတာကြောင့် ဘာမှန်း နားမလည်သေးချေ။
တစ်နေ့တော့ သစ်ပင်အောက်မှာ ဆော့ကစားရင်း သစ်ပင်ထိပ်မှာ တစ်စုံတစ်ခု ပေါ်လာတာကို တွေ့လိုက်ရသည်။ အဲဒီအချိန်မှာ ကြောင်တစ်ကောင်ရဲ့ လည်ပင်းက ပုပ်ပွပြီး ကျိုးသွားတော့ ကြောင်ခေါင်းက ရုတ်တရက် သူ့လက်ထဲကို ပြုတ်ကျလာလေ၏။
အစွယ်တွေနဲ့ မျက်လုံး အပေါက်တွေက သူ့ကို ကြည့်နေပြီး မျက်လုံးတွေက ရုတ်တရက် ဘောင်းဘီပေါ် ပြုတ်ကျသွားတာကြောင့် အရမ်း ကြောက်သွားပြီး အဲဒီကို ရက်တော်တော် ကြာသွားတဲ့အထိ ပြန်မသွားခဲ့ပေ။
ဖက်တီး မြင်လိုက်ရသည်မှာ ကြောင်ရုပ်အလောင်း တစ်လောင်းမျှသာ ဖြစ်သည်။ ဖက်တီးက ကျိန်ဆဲပြီး ကန်ထုတ်လိုက်ကာ ဖယောင်းတိုင်မီးကို ဆက်ထွန်းကာနေခဲ့သည်။ ဝူရှဲ ခေါင်းတလားဆီသို့ လှမ်းကြည့်လိုက်တော့ တစ်ခုခု မှားနေသလို ခံစားလိုက်ရသည်။
သင်္ချိုင်းထဲမှာ ကြောင်ရုပ်အလောင်း တစ်လောင်း ရှိနေတယ်။ အလောင်းကောင်ကြီး ထလာမှာကို မကြောက်ဘူးလား?
ဒါပေမဲ့ ဒီနေရာနဲ့ ပတ်သက်ပြီး ယုတ္တိမတန်တဲ့ အရာတွေက အများကြီး ရှိနေပါသေးသည်။ ဒီသင်္ချိုင်းပိုင်ရှင်က စည်းကမ်းကို ဆန့်ကျင်တဲ့ အရာတွေကို တမင်တကာ လုပ်နေတယ်လို့တောင် ထင်မြင်မိလာသည်။ အရာအားလုံးက စည်းကမ်းနဲ့ ဆန့်ကျင်ဘက် ဖြစ်ပြီး ခွင့်မပြုထားတဲ့ အရာတွေကို သင်္ချိုင်းထဲမှာ ထည့်သွင်းထားသလိုပါပဲ။ ဒီအတိုင်း ဆက်သွားရင်တော့ ပင်မသင်္ချိုင်းကို ရောက်ရင် ဘာတွေ ထပ်ကြုံရဦးမလဲ မသိနိုင်ပေ။
ထိုအချိန်တွင် မျက်နှာသေကတော့ ခေါင်းတလားရဲ့ ရတနာသော့ရှစ်ခုကို တွေ့ရှိထားပြီ ဖြစ်သည်။ သူက ရတနာသေတ္တာကို ထုတ်ကာ ခေါင်းတလား၏ အက်ကြောင်း ချုပ်ရိုးထဲသို့ ချိတ်ရန် အတွင်းဘက် ချိတ်နှစ်ခုကို အသုံးပြုခဲ့သည်။ တစ်ချိန်တည်းမှာပင် အခေါင်းအဖုံး တစ်ခုလုံး အပေါ်ကို လှန်လိုက်ရာ အနက်ရောင် ရေစီးကြောင်းတစ်ခု ချက်ချင်း ထွက်လာသည်။
ဖက်တီးက စက်ဆုပ်ရွံရှာရမှာကို ဂရုမစိုက်ဘဲ ခေါင်းတလားရဲ့ အဖုံးကို တွန်းဖွင့်ပြီး အတွင်းထဲကို ကြည့်လိုက်တော့ သူအရမ်း ထိတ်လန့်သွားပြီး ထအော်လိုက်တော့သည်။
"ခွေးမသား!! ဖုတ်ကောင်တွေ အများကြီး ရှိနေတာကွ!"
ဘာသာပြန် - တခြား trans တစ်ခုမှာ ဖတ်ဖူးတာ ဒီနေရာကို အစ်ကိုလေးက ဆဲလိုက်တယ်ပေါ့နော်။ တရုတ်စာမှာတော့ ဖက်တီးက ပြောတာဆိုပြီး ရေးထားပါတယ်။ ဘယ်လိုကွဲသွားလဲ မသိပေမယ့် စာရေးဆရာအတိုင်းပဲ ရေးထားပါတယ်။