(22)
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ဒေါသပင်လယ်၌ မြုပ်နေသောသဲ


Chapter (22)

နက်နဲသောအရာကို ဖြေရှင်းခြင်း



ဝူရှဲတို့ သုံးယောက်စလုံး အံ့အားသင့်သွားကြသည်။ စင်္ကြံဘက်ကို သွားလိုက်တာ အသွားအပြန် ငါးမိနစ်ခန့်သာ ကြာသည်။ ဤအချိန်တိုလေး အတွင်းမှာပင် သူတို့ရဲ့ စက်ပစ္စည်းတွေ အားလုံးကို ဘယ်သူမှ မရွှေ့ပြောင်းနိုင်လောက်ပေ။ ဒါ့အပြင် နားခန်းမှ စင်္ကြံလမ်းဘက်သိူ့ လမ်းတစ်ခုသာ ရှိသေးတာကြောင့် ဘယ်သူကများ ဒါတွေကို ရွှေ့နိုင်မှာတဲ့လဲ။


သုံးယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး အမူအရာတွေက သိပ်ကြည့်လို့ မကောင်းတွေပေ။ ဒါတွေကို တကယ်ကို ဆက်တိုက်ဆိုသလို ဖြစ်နေတော့ ဖက်တီးလည်း ဒီအချိန်မှာ ထိတ်လန့်သွားပြီး 


"ဒီမှာ ဖုတ်ကောင်တွေ တစ်ကောင်ထက် ပိုရှိနေတာတော့ မဟုတ်ဘူးမလား?"


ဝူရှဲလက်ကို ဝှေ့ယမ်းပြလိုက်သည်။ အခုက ဖုတ်ကောင် အကြောင်းပြောရမယ့် အချိန်မဟုတ်သေးဘူး။ ဖုတ်ကောင်ကတော့ သူတို့အတူတူ တိုက်ပွဲဝင်လို့ ရနေတုန်းပဲ။ ရေငုပ်ကိရိယာ မပါဘဲ မီတာဒါဇင်ပေါင်းများစွာ နက်တဲ့ ပင်လယ်အောက်က သင်္ချိုင်းဂူကို ဘယ်လို ဖြတ်ကျော်ရမလဲ ဆိုတဲ့ ဒီပြဿနာက အရမ်းပြင်းထန်သည်။ ဒီရေအောက်သင်္ချိုင်းမှာ သူတို့အားလုံး ပိတ်မိ​​ပြီး သေကုန်ကြလိမ့်မည်။


"ပစ္စည်းတွေကို သိမ်းတာ မင်း နောက်ဆုံးပဲမလား? မင်း ပစ္စည်းတွေကို တစ်နေရာရာ မရွှေ့လိုက်မိသေးလား?"


ဝူရှဲမေးတော့ ဖက်တီးက။


"ဟင့်အင်း... အဲဒီအောက်ဆီဂျင်အိုး ၈ လုံးက ဒီလောက်လေးတာ ငါဘယ်လိုလုပ် အကုန်လုံးကို ရွှေ့လိုက်နိုင်မှာလဲ?"


ဖက်တီးပြောတာလည်း မှန်ပေသည်။ အဲဒီတုန်းက သူတို့လည်း ရှိနေတာမလို့ အဲဒီ့အရာတွေကို ရွှေ့လိုက်မယ်ဆိုရင် သူတို့အားလုံး သိမှာ သေချာပါတယ်လေ။ ဒါ့အပြင် အောက်ဆီဂျင်အိုးက တကယ့်ကို လေးလံလွန်းတယ် မဟုတ်လား။ အဲဒါတွေကို တစ်ချက်တည်းနဲ့ ရွှေ့ပစ်လိုက်ဖို့က လုံးဝ မဖြစ်နိုင်ဘူး။ 


သူတို့ ခဏလောက် မှင်တက်မိပြီး တခြားဖြေရှင်းချက် မရှိ​တော့တာကို တွေ့လိုက်ရသည်။ ဖက်တီးကလည်း တစ္ဆေတစ်ကောင်ကောင်ကို ရွှေ့ခိုင်းလိုက်ရင်တောင်မှ နောက်မှာ သဲလွန်စတွေ ကျန်နေမှာ သေချာတယ်လို့ ပြောလာခဲ့သည်။ ဝူရှဲလည်း အဲဒီလိုတွေးမိပြီး ကြွေအိုးတွေရဲ့ နောက်ကွယ်မှာ ဝှက်ထားသလား ဆိုတာ သိရဖို့ ပြေးထွက်သွားလိုက်သည်။ 


ဒါက နည်းနည်းတော့ လှည့်စားရာ ကျတာပဲ။ ဒီလိုသေးငယ်တဲ့ နေရာမှာ တစ်ခုခုရှိနေရင် တစ်ချက် ကြည့်လိုက်တာနဲ့ မြင်နိုင်ပေမယ့် ယခုအချိန်တွင် သူတို့ဟာ ပျာယာခတ်ပြီး ရှာဖွေတာလောက်ပဲ လုပ်ဆောင်နိုင်ခဲ့သည်။


ငါးမိနစ် ခြောက်မိနစ်လောက် ဂရုတစိုက် ရှာဖွေခဲ့ကြပေမယ့် ပိုရှာလေ တစ်ခုခုမှားနေသလို ခံစားလာရလေပင်။ ပြဿနာက ဘယ်ကလာမှန်းတောင် မသိတော့ပေ။ ဒီမှာရှိတဲ့ အရာအားလုံးဟာ ဖော်မပြနိုင်လောက်အောင် အရမ်း ထူးဆန်းတယ်လို့ပဲ ခံစားနေရ၏။ နောက်ဆုံးတွင် ဖက်တီးက ထိုပြဿနာကို တွေ့သွားခဲ့ပြီး ရုတ်တရက် ထအော်လိုက်တော့သည်။ 


"အမေရေ.... ဒီနေရာက ငါတို့အစောက နေခဲ့တဲ့နေရာ မဟုတ်ဘူးလေ!"


ဝူရှဲ လှည့်ကြည့်လိုက်တော့ သူ့လက်နှိပ်ဓာတ်မီး ထိုးထားရာ ထောင့်မှာ ထွန်းလင်းနေတဲ့ နေရာကို တွေ့လိုက်ရသည်။ သူ့မှတ်ဉာဏ်ထဲက အတိုင်းဆို အဲဒီနေရာမှာ ဘာမှမရှိပေမယ့် အခု ကျောက်စာတိုင်တစ်ခု ရှိနေပြီ။ တစ်ဖက်က နံရံမှာ မြှပ်ထားပြီး တစ်ဖက်က အပြင်ဘက်မှာ ဖြစ်သည်။ 


ကျောက်စာတိုင်ရဲ့ အပေါ်မှာတော့ ပန်းပုရုပ်တွေ အများကြီး ထွင်းထုရေးဆွဲထားသညအ။ ရှားရှားပါးပါး ငှက်များနှင့် တိရိစ္ဆာန်ပုံများ ထွင်းထုထားသည့် ဤသင်္ချိုင်းပုံစံသည် ယခင်အခန်းနှင့် လုံးဝကွဲပြားသည်။ သူတို့ တခြားထောင့် သုံးထောင့်ကို တစ်ချက် ကြည့်လိုက်တော့ သေချာတာပေါ့ လေးထောင့်အားလုံးဟာ ပြောင်းလဲနေပြီ။ ဝူရှဲ နဖူးမှ ချွေးတွေစီးကျလာခဲ့သည်။ ဒါက ကျိုးကြောင်း ဆီလျော်ရုံ သာမက မယုံနိုင်စရာလည်း ဖြစ်နေလေသည်။ 


ဝူရှဲ မျက်နှာသေကို လှမ်းကြည့်လိုက်တော့ သူက ခေါင်းညိတ်ပြီး ပြောလာ၏။ 


"သူပြောတာ မှန်တယ်.... ဒါက တခြားအခန်းပဲ ဟိုဘက်ထောင့်က ကလေး ခေါင်းတလား ပျောက်နေတယ်... အသုဘ ပစ္စည်းတွေ အလှဆင်တာက အရမ်းကွာတယ် မင်း အပေါ်ကို ကြည့်လိုက်…"


ဝူရှဲ မော့ကြည့်လိုက်တော့ တစ်ချိန်တည်း ထိတ်လန့်သွားတော့သည်။ မျက်နှာကျက်ပေါ်က ရုပ်ကြွတွေဟာ ယင်နဲ့ယန်ကြယ်ပုံကနေ မြွေကြီးနှစ်ကောင် ချည်လုံးတွေလို အဝိုင်းပုံစံ ရစ်ပတ်နေတဲ့ပုံ ဖြစ်သွားလေပြီ။ မြွေကြီးနှစ်ကောင်ရဲ့ ပတ်ပတ်လည်မှာ ဆံထိုးပုံစံတွေကို ထွင်းထုထားသေးကာ လက်ရာက အလွန် အသက်ဝင်လှသည်။


ဝူရှဲ ကြည့်နေရင်းနှင့် သူတို့အပေါ်ကို ခုန်ချလာပြီး ကိုက်စားတော့မလို ခံစားလိုက်ရတာကြောင့် ခေါင်းတစ်ခုလုံး ထုံကျင်သွားပြီး အမြန်ငုံ့ချလိုက်သည်။


"ဘာဖြစ်နေတာလဲ? ငါတို့ တံခါးမှားဝင်တာလား"


ထိုအခါ ဖက်တီးက


"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ဒါက ဟိုးရှေးခေတ်ကတည်းကရှိတဲ့ လမ်းဆိုတာ သိသာတယ်... ဒီနေရာက အရမ်းကြီးနေရုံပဲ... အဲဒီ စုတ်ပြတ်သတ်နေတဲ့ လမ်းကို ငါတို့သွားခဲ့တယ်.... အဲဒီမကောင်းတဲ့ လမ်းပေါ်မှာ ဖြူကောင်တွေကို ပစ်သတ်ခံရပြီး ဒီကို ပြန်ပြေးလာခဲ့တာပဲလေ... မှန်ပါတယ်.... ငါ့နာမည် ဝမ် "王" ကို ဇောက်ထိုးရေးရင်တောင် မှားစရာ မရှိဘူး"


ထိုအချိန်တွင် သူ့ဦးလေးသုံးသည် လွန်ခဲ့သော အနှစ်နှစ်ဆယ်က အလားတူအဖြစ်မျိုး ကြုံတွေ့ခဲ့ရကြောင်း သဘောပေါက် လိုက်သော်လည်း လက်ရှိ အခြေအနေမှာ သူပြောပြခဲ့တဲ့ အရာနှင့် အနည်းငယ် ကွဲပြားနေသည်။ ဒီနေရာမှာ ဘာဖြစ်ခဲ့တယ် ဆိုတာ သူလည်း မသိပေ။ အဲဒီတုန်းက ဦးလေးသုံးဟာ သူ့ရဲ့ ရေငုပ်ကိရိယာကို မချွတ်ဘဲ ရေလိုဏ်ခေါင်းလို အပေါက်ထဲကနေ လွတ်မြောက်နိုင်ခဲ့တာ ဖြစ်သည်။ 


ဒါပေမဲ့ သူဝင်လာတော့လည်း ဒီလိုမျိုး ကြုံလာရနိုင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိထားပေမယ့် သူ သတိသေချာ မထားမိလိုက်ဘူး။ မတတ်နိုင်ဘဲ နည်းနည်းလေး အပြစ်ရှိသလို ခံစားလိုက်ရသည်။ 


ဖက်တီးလည်း နည်းနည်းတော့ ခေါင်းရှုပ်သွားကာ မေးလာ၏။ 


"မင်းတို့ တောင်ပိုင်းသားတွေက ရှေးဟောင်း သင်္ချိုင်းတွေမှာ လုပ်ထုံးလုပ်နည်းတွေနဲ့ သိပ်ရင်းနှီးတယ် မဟုတ်ဘူးလား? မင်း ဒီလိုမျိုး ကြုံခဲ့ဖူးလား?"


ဝူရှဲလည်း တစ်ခါမှ မမြင်ဖူးသေးတာကြောင့် သက်ပြင်းချရင်း 


"ဒီမှာ အပြင်လူမရှိဘူး ဒါကြောင့် ငါအမှန်အတိုင်းပဲ ပြောမယ်.... ဒါက ငါ့ရဲ့ ဒုတိယအကြိမ် ဂူဖောက်ဖူးတာပဲ လိမ္မာပါးနပ်တဲ့ ကျောက်ထောင်ချောက်တွေ အကြောင်း မပြောနဲ့ ဒီပုလင်းတွေနဲ့ အိုးတွေရဲ့ နာမည်ကိုတောင် ငါ မပြောပြနိုင်ဘူး.... မင်းတို့ ငါ့ကို သိပ်အားမကိုးပါနဲ့ ဟုတ်ပြီလား?"


ဖက်တီးက မယုံသေးဘဲ 


“ရဲဘော် ကျေးဇူးပြုပြီး ငါ့ကို မခြောက်ပါနဲ့.... မင်း ဒါကို သိနိုင်မယ်လို့ ငါတကယ် မျှော်လင့်တယ်ကွာ”


ဝူရှဲလည်း ခါးသက်သက်သာ ပြုံးနေမိတော့သည်။ သူဖက်တီး ဘယ်လိုဖြေရမှန်း မသိအောင် ဖြစ်နေပြီမို့ ပြောလိုက်သည်။


"အခု အခြေအနေက အရမ်း ထူးဆန်းတယ်... ငါ တကယ် ကောင်းကောင်း တတ်နေရင်တောင်မှ ဘာမှ လုပ်လို့ရတာ မရှိဘူး.... ဒီမိနစ်အနည်းငယ် အတွင်းမှာ ဒီအခန်းထဲက ပရိဘောနဲ့ အခန်းဖွဲ့စည်းပုံ အားလုံးကို ပြောင်းပစ်နိုင်တဲ့ ယန္တရားက ဘာလဲဆိုတာပဲ မင်းစဥ်းစားကြည့်.. ဒါကလုံးဝ မဖြစ်နိုင်ဘူး..... အခြားအကြောင်းအရင်း ရှိရမယ်"


မျက်နှာသေက သဘောတူဟန်ဖြင့် ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြလိုက်သည်။ ဖက်တီးက ခေါင်းကုတ်ပြီး 


"အဲဒါက ယန္တရားမဟုတ်ရင် ဘာလဲ? ဂါထာမန္တာန်တွေလား"


သူပြောထားတာကို ကြားတော့ ဝူရှဲ သတိရသွားပြီး ပြောလိုက်သည်။


"ဘယ်လိုပြောရမလဲ ဒါလည်း ဖြစ်နိုင်တာပဲ... ရှေးခေတ် ဂူသင်္ချိုင်းထဲကို ဝင်သွားတဲ့ လူတစ်ယောက်ရဲ့ ပုံပြင်တစ်ပုဒ်ကို ကြားဖူးတယ်... ရှေးဟောင်း သင်္ချိုင်းက နန်းတော်​ကြီး တစ်ခုလို ခမ်းနားထည်ဝါတာကို တွေ့ခဲ့ရတယ်... အထဲမှာ အရက်သောက်နေတဲ့ ယောက်ျားတစ်ယောက် ရှိနေပြီး သူ့ကိုတွေ့တော့ အဲဒီယောက်ျားက အရက် လာသောက်ဖို့ ဖိတ်ခေါ်ရုံတင် မကဘူး ခါးပတ်​ကြိုးကိုလည်း ပေးလိုက်တယ်တဲ့.... အဲဒီလူနဲ့ အရက်တွေ အများကြီး သောက်ပြီး ရှေးဟောင်း ဂူသင်္ချိုင်းထဲမှာပဲ မူးလဲသွားတော့တာ... သူ နိုးလာတော့ ပျက်စီးနေတဲ့ ခေါင်းတလားဘေးမှာ လဲလျောင်းနေတာကို တွေ့လိုက်ရတယ် သူ့ခါးပတ်ကတော့ မြွေတစ်ကောင် ဖြစ်နေတယ်တဲ့ ငါတို့ရဲ့ လက်ရှိအခြေအနေနဲ့ နည်းနည်းဆင်တူတယ် မဟုတ်လား"


ထိုအခါ ဖက်တီးတစ်ယောက်ကတော့ ကျိန်ဆဲတော့သည်။


"ငါ့ဖင်ကြီးကိုပဲ တူနေလိုက်! အနည်းဆုံးတော့ သူ့မှာ သောက်စရာ ဝိုင်ရှိသေးတယ်... ငါတို့မှာ ရေပဲရှိတယ်... အဲဒီလူနဲ့ ငါတို့က ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ"


အခုအချိန်မှာ ဝူရှဲလည်း ဦးလေးသုံး အကြောင်း သူတို့ကို ပြောပြဖို့ ချီတုံချတုံ ဖြစ်နေခဲ့သည်။ အဓိက အကြောင်းအရင်းကတော့ ဒီကိစ္စက အစနဲ့အဆုံး မရှိဘူးလို့ ပြောရင်တောင် မျက်နှာသေကတော့ ပါ၀င်နေနိုင်တယ်လေ။ သူ့အကြောင်းကို ဝူရှဲ မသိချေ။ တစ်ခုခု မှားပြောမိရင် ဒုက္ခက ပိုကြီးလာလိမ့်မယ်။ အဲဒါကို တွေးမိတော့ တစ်ဝက်ကို ပြောပြပြီး ကျန်တစ်ဝက်ကို ဖျောက်ထားလိုက်ဖို့ ဆုံးဖြတ်လိုက်သည်။


ဖက်တီးက သက်ပြင်းချလိုက်စဥ် ဝူရှဲလည်း သူတို့ကို ငြိမ်ငြိမ်လေး ထိုင်ခိုင်းပြီး ဦးလေးသုံးအကြောင်း တချို့ကို ပြောပြလိုက်သည်။ နောက်ဆုံးတော့ ဖက်တီးမှာ လုံးဝ အံ့အားသင့်သွားပြီး သူ့ကို ဆူပူကြိမ်းမောင်းတော့သည်။ 


"ကောင်စုတ်လေး မင်းဒီလောက် သိထားတာတောင် ငါတို့ကို မပြောပြဘူးပေါ့လေ တော်တော်ကောင်းတဲ့ ကောင်လေး! အခု မင်းဘယ်လောက်ကောင်းလဲ ကြည့်စမ်း! ပြီးသွားပြီ.... အခုငါတို့အားလုံး တစ်ပိုင်းသေတဲ့ အခြေအနေကို ရောက်သွားပြီ!"


မျက်နှာသေက သူပြောတာကို နားထောင်နေရင်း သဘောကျသွားပုံ ရသည်။ အဲဒီအချိန်မှာ လက်တစ်ဖက်က သူ့ကို ဖမ်းဆွဲလာပြီး 


"မင်းဦးလေးသုံး သတိလစ်သွားတဲ့ အချိန်က ဘာပြောခဲ့တာလဲ? ထပ်ပြောပါဦး!"


သူ့ရဲ့ လေးနက်တဲ့ အမူအရာကို မြင်တော့ ဝူရှဲလည်း တထစ်ထစ် အငေါ့ငေါ့ ဖြစ်သွားတော့သည်။ 


"သူ.... သူ 'ဓာတ်လှေကား' လို့ ပြောခဲ့တာ"


မျက်နှာသေက 'အိုး' ဆိုတဲ့ အသံတစ်ချက်ပြုရင်း ရုတ်တရက် ပြုံးလိုက်သည်။


"လတ်စသတ်တော့ အဲဒီလို ဖြစ်သွားတာကိုး..."