(20)
Viewers 14k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ဒေါသပင်လယ်၌ မြုပ်နေသောသဲ


Chapter (20)

စင်္ကြံလမ်း



အစောတုန်းက သူတို့အားလုံးရဲ့ အာရုံက ခေါင်းတလားကို အာရုံစိုက်နေတာကြောင့် ကြွေအိုးကို သေသေချာချာ မကြည့်မိခဲ့ဘဲ အခုမှ ကမန်းကတန်း နောက်ပြန်ဆုတ်သွားရသည်။ အိုးက ကြိမ်ဖန်များစွာ လှုပ်ခါပြီး လှိမ့်လိုက်သည်။ ထို့နောက် လမ်းကြောင်းပြောင်းကာ စင်္ကြံကျောက်တံခါးဆီ လှိမ့်ဝင်သွား၏။ နောက်ဆုံးတော့ “ခလွမ်း”ဆိုတဲ့ အသံနဲ့ တံခါးဘောင်ကို ဝင်တိုက်ပြီး ရပ်သွားတော့သည်။ 


ဝူရှဲတို့လည်း တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း အားလုံး ထူးဆန်းသလို ခံစားလိုက်ရသည်။ မျက်လုံးတွေက ကြွေအိုးထဲမှာ ဖုတ်ကောင် ရှိလားဆိုပြီး အချင်းချင်း မေးမြန်းနေ၏။ 


သူတို့အားလုံး လွယ်လွယ်နဲ့ ရှေ့ကို မတိုးဝံ့​ကြဘဲ ခဏလောက်အထိ အံ့အားသင့်စွာ ရပ်နေကြသည်။ ထိုအခိုက် ဖက်တီးက အသံကိုလျှော့၍ ပြေးလာခဲ့သည်။ 


"အားလုံးပဲ... ဒီကြွေအိုးက နည်းနည်းတော့ ကြည့်ရ ဆိုးပါတယ်.... ငါတို့ အရင်ရိုက်ပြီး သူ့ကို ထွက်လာခိုင်းလိုက်ရင်ရော ဘယ်လိုလဲ?"


ဒါပေါ့ ဝူရှဲကတော့ သဘောမတူဘဲ တိုးတိုးလေး ပြန်ပြောလိုက်သည်။


"လုံးဝ မလုပ်လိုက်နဲ့.. အဲဒါဘာလဲဆိုတာ အရင်ရှာကြည့်ရအောင်"


ယွမ်နှင့်မင် မင်းဆက်မှ အဖြူအပြာ ကြွေအိုးကြီးများကို ဝူရှဲ ရတနာသိုက် အဖြစ် မြင်ဖူးသောကြောင့် အခုလို အရွယ်အစားမျိုးက ကမ္ဘာပေါ်မှယ ရှားပါးလှသည်။ ဖြိုခွဲခံလိုက်ရပါက အစအန လုံးဝ ပျောက်ဆုံးသွားမှာကို ကြောက်မိသည်။ 


ဒုတိယအချက် အနေနဲ့က အတွင်းထဲမှာ ဘာတွေ ထူးထူးခြားခြား ရှိလဲ မသိရသေးချေ။ တကယ် ဖုတ်ကောင် ဆို​ရင် နောက်ထပ် တိုက်ပွဲတစ်ခုက မလွဲမသွေ စတော့မှာပဲ။ ရေအောက်မှာ စွမ်းအင်တွေ အရမ်းကုန်ပြီးပြီမို့ အခု မပြေးနိုင်တော့ဘူးလေ။ 


ဒါ့အပြင် အခုက ဆယ်မီတာကျော် နက်တဲ့ ရေအောက် ဂူသင်္ချိုင်းတစ်ခုထဲမှာ ရှိနေတာ။ လေက ဘယ်လောက်ကြာကြာ ခံနိုင်မလဲ မသိရသေးဘူး မဟုတ်လား? ရှေ့တိုးလိုက်ရင် ကောင်းကျိုး တစ်ခုမှ မရှိနိုင်ဘူး။ ဆုတ်ခွာဖို့ ဆုံးဖြတ်ချက် ချရမှာလည်း ခက်ခဲနေပြန်ရာ ရုတ်တရက် ဝူရှဲမှာလည်း ဘာအကြံအစည်မှ မရှိတော့ပေ။ 


ထိုအချိန်တွင် ဖက်တီးက သူ့ရဲ့ တုံ့ဆိုင်းမှုကို မြင်ပြီး 


"အထဲမှာ ဖုတ်ကောင် ရှိတယ်ဆိုတာ မသေချာ​သေးပါဘူး.... ဒီနေရာက ပင်လယ်နဲ့ နီးတယ်လေ တချို့ကဏန်းနဲ့ ပုဇွန်တွေ တွားသွားဝင်လာတာလည်း ဖြစ်နိုင်တယ်... ကိုယ့်ကိုကိုယ် ခြောက်စရာ မလိုပါဘူး... ဒီမှာဘာရှိလဲ သွားကြည့်တာ ပိုကောင်းပါတယ်"


အားနင်ကတော့ ခေါင်းခါသည်။


"ကျွန်မတို့ရဲ့ အဓိက ရည်ရွယ်ချက်က ပင်မသင်္ချိုင်းထဲကို ဝင်ဖို့ဖြစ်ပြီး လမ်းမှာ အချိန် မဖြုန်းတီးမိစေနဲ့... အဲဒါက ဘာကြီးပဲဖြစ်ဖြစ် ကျွန်မတို့ ရှောင်နိုင်တုန်းပဲ.... တခြားနေရာက ထွက်လမ်းရှိမရှိ ကြည့်ကြတာပေါ့"


ဝူရှဲလည်း ဒါက အဖြေတစ်ခုပဲလို့ ထင်လိုက်တာကြောင့် နားခန်းရဲ့ ဘယ်ဘက်နဲ့ ညာဘက်ခြမ်းကို ချက်ချင်း သေသေချာချာ သွားစစ်ကြည့်လိုက်သည်။ ကံမကောင်းစွာပဲ ဒီနေရာကို တစ်ချက် ကြည့်လိုက်ရင် ရှင်းရှင်းလင်းလင်း မမြင်နေရသလို ဒုတိယတံခါး မရှိ တူးစရာ အပေါက်ကလည်း မရှိပေ။ 


ဖက်တီးက သည်းမခံနိုင်တော့ဘဲ။ 


"ဒီလိုဖြစ်လာမှာတော့ အဲဒီကြွေအိုးကို ရွှေ့ရတော့မှာပဲ... ဒါမှမဟုတ် ပြန်သွားရမှာလား? အခုက တခြားနည်းနဲ့ သွားစရာမရှိဘူးနော်... ဒါပေမယ့် ငါမင်းကို ကြိုပြောထားပြီးသားပါ မင်းဒီကိုရောက်နေပြီ ဆိုတော့ ပုလင်းထဲမှာ ပိတ်မိနေတဲ့ ဖုတ်ကောင်ကြောင့်နဲ့ ပြန်လှည့်သွားမလို့လား? မင်းတို့ ​ကြောက်လို့ ပြန်လှည့်မယ် ဆိုရင်တောင် ဝမ်ဖက်တီးတို့က မလုပ်ဘူးကွ!"


ဝူရှဲ အားနင်ရဲ့ အမူအရာကို ကြည့်မိတော့ အရမ်းစိတ်ပိုင်း ဖြတ်ထားတာကို တွေ့ရ၏။ ထိပ်ပြောင်ကျန်းက စကားတစ်ခွန်းမှ မပြောဘဲ ကြက်ဟင်းခါးသီး ရောင်းနေတဲ့ မျက်နှာနဲ့။ သူတို့သုံးယောက်က ဝူရှဲဘက်ကို ကြည့်လာပြီး ဝူရှဲရဲ့ ထင်မြင်ချက်ကို သိချင်နေပုံရသည်။


ဝူရှဲ သူ့စိတ်ထဲမှာ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် မချရသေးဘဲ ကမူးရှူးထိုး ပြေးလိုက်မိရင် မသင့်တော်ပေမယ့် ဖက်တီးပြောတာက အဓိပ္ပာယ်ရှိမယ်လို့ ထင်ပါ၏။ ဒီရှေးဟောင်း ဂူသင်္ချိုင်းတွင်းက အရာတော်တော် များများဟာ ကြောက်စရာတွေကဲလေ။ သူကိုယ်တိုင်လည်း အားနင်ကို နှစ်သိမ့်ပေးသည့် အကြည့်ဖြင့် ကြည့်ကာ ဆိုလိုက်သည်။ 


"ကောင်းပြီ.... တစ်လှမ်းပြီးတစ်လှမ်း လှမ်းလိုက်ကြရအောင်.... အားလုံးအဆင်ပြေရင် မေ့လိုက်ပါ.. ငါတို့လက်ထဲမှာ ​လေသေနတ်လေးလက် ရှိတယ်ဆိုတော့ မကြောက်ဘူး!"


ဖက်တီးက ဝူရှဲအား အားပေးစကား ပြောသည့်နှယ် လက်မောင်းကို တစ်ချက် ရိုက်လိုက်သည်။ လေသေနတ်ကို ထုတ်ယူလိုက်ပြီး ဘေးကင်းရေး အတွက် ကြွေအိုဘက်ကို ချိန်ထားလိုက်၏။ ဖက်တီးကရှေ့မှ ဦးဆောင် ပြီး လေးယောက်သား တံခါးအစွန်းကို ဂရုတစိုက် လျှောက်လာခဲ့သည်။


ဝူရှဲ အရမ်း​ကြီး မကြောက်ပါဘူး။ သူ နည်းနည်းတော့ တုန်လှုပ်သွားသလို ခံစားလိုက်ရတယ်။ ရေငုပ်ဝတ်စုံ ဝတ်ထားတာကြောင့် ချွေးတောင် မပြန်နိုင်ဘဲ အရမ်း စိတ်မသက်မသာ ဖြစ်နေရ၏။ 


အိုးထဲမှာရှိတဲ့ အရာကို မြင်လုနီးနီးမှာဘဲ ရုတ်တရက် အိုးဆီက အသံထွက်လာပြီး ပတ်ချာလည်သွားပြန်သည်။ ဝူရှဲ ဦးနှောက်ထဲက သွေးတွေ တဟုန်ထိုး စီးကျလာပြီး သေလုမတတ် ဖြစ်သွားတော့သည်။ 


ဖက်တီး ခြေလှမ်းနှစ်လှမ်းကို နောက်ပြန်ဆုတ်ရင်း မလှုပ်နဲ့ဟု ပြောနေသည့် အမူအရာ ပြလိုက်စဥ် ကြွေအိုးသည် ရုတ်တရက် လှိမ့်သွားသည်။ ဤတစ်ကြိမ်တွင်တော့ တိုက်ရိုက် ကွေ့ပတ်ကာ အမှောင်စင်္ကြံထဲသို့ လှိမ့်ဝင်သွား​လေသည်။ အဝေးကို လှိမ့်ဝင်သွားရင်း အသံကို ဆက်နားထောင်နေချိန် ကြွေအိုက တစ်စုံတစ်ခုကို ထိမှန်ပြီး အသံ ပျောက်သွားပြန်ပြီ။ 


သူတို့ ချက်ချင်း နောက်က လိုက်သွား​ကြည့်တော့ အထဲမှာ မှောင်မည်းနေသည်။ အလင်းရောင်ရသွားအောင် ဓာတ်မီးကို သုံးလိုက်တော့ အဖြူရောင် စကျင်ကျောက် အုတ်တွေနဲ့ဆောက်ထားတဲ့ ဖြောင့်တန်းတဲ့ စင်္ကြံကို တွေ့လိုက်ရ၏။ စင်္ကြံလမ်းက အရမ်းရိုးရှင်းပြီး လမ်းရဲ့ နှစ်ဖက်စလုံးမှာ မီးခွက်နှစ်ချောင်းကလွဲလို့ အထဲမှာ ဘာမှမရှိပေ။ 


မြေပြင် တစ်ဖက်တစ်ချက်စီတွင် ၁မီတာတိုင်းတွင် မီးခွက်များ ရှိသည်။ စင်္ကြံ၏ အခြားတစ်ဖက်တွင် ကျောက်စိမ်းတံခါး တစ်ခုရှိပြီး ဘယ်နှင့်ညာဘက်တွင် အနည်းငယ် သေးငယ်သော တံခါးတစ်ခုလည်း ရှိသည်။ စုစုပေါင်း တံခါးသုံးပေါက် ရှိထားသည်။ 


တံခါးတွေ အကုန်လုံး အဖွင့်ခံထားရတာကြောင့် တစ်စုံတစ်ယောက် ဝင်သွားပြီးပြီဟု ထင်ရသည်။ ကြွေအိုးက ဘယ်ဘက်ရှိ တံခါးငယ်လေး၏ အလယ်တွင် မလှုပ်မယှက် ရပ်သွားခဲ့သည်။


ဒီတစ်ခါတော့ နည်းနည်း ထူးဆန်းတယ်လို့ ခံစားမိလာသည်။ ဒီအိုးက သူတို့သွားမယ့် လမ်းကို ဦးဆောင်နေပုံရပြီး "follow me" လို့တောင် ပြောနေသလိုပဲ။ ဒါက သတိရှိထားရမည့် အမူအရာများ ဖြစ်နိုင်မလား?


ဒါမှမဟုတ်ရင် ဒီအိုးထဲက အ​ကောင်ဟာ ဖုတ်ကောင် မဟုတ်ဘဲ တစ္ဆေသရဲများ ဖြစ်​နေမလား။


(TN - ဘယ်အချိန်က မျက်နှာသေ ပြန်ဖြစ်သွားလဲတော့ မသိဘူး။ စာရေးဆရာအတိုင်း ရေးထားပါတယ်)


မျက်နှာသေကို ကြည့်လိုက်တော့ သူ့မျက်နှာပေါ်က အမူအရာက စိတ်လောနေတာလား? ကြောက်ရွံ့​နေတာလား ဆိုတာ မပြောနိုင်ပေ။ ဝူရှဲလည်း သူ့အတွေးတွေကို ပြောပြလိုက်တဲ့အခါ ဖက်တီးကလည်း အဓိပ္ပာယ်ရှိတယ်လို့ ယူဆလိုက်သည်။


"မင်းပြောတာ ကျိုးကြောင်းဆီလျော်တယ်... ငါလည်း စောစောတုန်းက အဲဒီလို တွေးလိုက်မိသေးတယ်...အဲ့တော့ ဆိုလိုတာက အဲဒီဟာကြီးက ဘောလုံးလို လှိမ့်နေတာပေါ့"


ဝူရှဲလည်း သူ့စိတ်ထဲမှာ ခါးသက်စွာ ပြုံးလိုက်မိသည်။ ဖက်တီးက သူနည်းနည်း စိတ်ရှုပ်နေတာကို မြင်တော့ 


“ငါတို့ ဒီနေရာကို ရောက်နေပြီ ဆိုတော့ တွန့်ဆုတ်မနေပါတော့နဲ့.... သူ့ရည်ရွယ်ချက် ဘာလဲ ဆိုတာ သိဖို့ သူ့နောက်ကို လိုက်ကြည့်ရအောင်.... မင်းခေါင်းကို ဆန့်လိုက်ပြီး ဓားသွားလိုစိတ်မျိုး ထားလိုက်စမ်းပါ"


လူတိုင်းက ခေါင်းညိတ်ပြပြီး ဖက်တီးက ဝူရှဲလက်​မောင်းကို ထပ်ရိုက်လိုက်သည်။


"ဒီကျောက်စင်္ကြံလမ်းမှာ ထောင်ချောက်တွေ များတယ်.... ညီလေးဝူ ကြည့်စမ်းပါဦး ဒီနေရာမှာ ပြဿနာ တစ်ခုခုများရှိလား?"


ဝူရှဲလည်း တာဝန်သိစိတ်နဲ့ ခေါင်းတညိတ်ညိတ်ဖြင့် မြေပြင်ပေါ် ဓာတ်မီးထွန်းပြီး စင်္ကြံအောက်ခြေမှာ ကျောက်ပြားချပ်တွေ အများကြီး ရှိတာကြောင့် ထောင်ချောက်တွေ တပ်ဆင်ထားတဲ့ စက်ယန္တယားတွေ ရှိနိုင်၏။ ဝူရှဲ တွေးလိုက်မိတာက ဦးလေးသုံး ဒီကိုလာပြီးပြီဆိုတော့ ထောင်ချောက်တစ်ခု ရှိ​နေလျှင် ဖျက်ဆီးပစ်ခဲ့တာ ဒါမှမဟုတ် အစပျိုးခဲ့တာမျိုး ရှိနိုင်သည်။ 


ဒါပေမဲ့ ဒီမှာက အဲဒီလို သဲလွန်စမျိုး နည်းနည်းလေးတောင် မရှိဘူး။ ဒါက ပိုဒုက္ခများသွားပြီ။ ဝူရှဲ သူတို့ကို သတိပေးလိုက် ပြီးတော့ သူကိုယ်တိုင်လည်း ကျောပိုးအိတ်ကို လွယ်ရင်း ရှေ့က အရင်လျှောက်သွားခဲ့သည်။ 


ယန္တရားကို ရှောင်ရှားရန် နံရံကိုမှီပြီး သွားတာက အကောင်းဆုံးပဲ ဖြစ်သည်။ သို့သော် စင်္ကြံ၏ တစ်ဖက်တစ်ချက်စီတွင် လိုင်းနှစ်ခုရှိနေကာ အထဲမှာ မည်းမှောင်နေပြီး ဘာရှိမှန်းမသိသောကြောင့် စင်္ကြံ လမ်းကြောင်းအတိုင်းသာ လျှောက်လှမ်းနိုင်​တော့သည်။


ခြေဖဝါးအောက်က ကျောက်ပြားတွေပေါ် နင်းရတဲ့ ခံစားချက်ကို ကောင်းကောင်း အာရုံစိုက်ဖို့ တောင်းဆိုခဲ့ပေမယ့် တကယ်တမ်းကျတော့ သူကိုယ်တိုင်လည်း သဲလွန်စတောင် မရှိပေ။ ခြေထောက်ကို ခပ်​ကြမ်းကြမ်းနဲ့ မြန်မြန် နင်းလိုက်ရင်တော့ ထူးခြားမှုတွေ ရှိနိုင်သည်။ ဒီအရာတွေက တကယ့် အတွေ့အကြုံတွေမို့ စက်ယန္တရားက ရှိကောင်းရှိနိုင်တယ်။ ဒါကြောင့် ဝူရှဲ လမ်းလျှောက်လာရင်း ပိုထိတ်လန့်လာခဲ့သည်။ 


ခြေလှမ်း ဆယ်လှမ်းကျော်ကျော်လောက် ငြိမ်သက်စွာ လျှောက်လာရင်း ချွေးအေးတွေက သူ့တစ်ကိုယ်လုံး လွှမ်းလာခဲ့သည်။ ဝူရှဲ ဘယ်လောက်ထိ တုန်လှုပ်နေလဲ ဆိုတာ နောက်ကွယ်က သူတွေကြည့်ရင်း ထိတ်လန့်နေကြတော့သည်။ ထိုအချိန် ဖက်တီးက ဆိုလာ၏။ 


“ဒီအလုပ်က လုပ်ရတာ သိပ်မလွယ်ဘူးထင်တယ် ရဲဘော်လေး.... မင်း အရမ်းပင်ပန်း​နေရင် ငါတို့ အနားယူရအောင်လေ"


ဝူရှဲလည်း သူနဲ့ ငြင်းခုံဖို့ အချိန်မရှိတာကြောင့် ပြန်ပြောလိုက်သည်။ 


"မဆူနဲ့... ငါ အာရုံပြောင်းသွားတာနဲ့ အားလုံးသေလိမ့်မယ်" 


ပြောပြီး စကားမဆုံးခင်မှာ ခြေ​ထောက်တွေ ရုတ်တရက် တုန်ခါသွား​တော့သည်​။ ဝူရှဲ ပြန်လှည့်ကြည့်လိုက်တော့ အားနင်ရဲ့ ခြေဖဝါးအောက်က ကျောက်ပြားချပ်ဟာ သိသိသာသာ နစ်ဝင်သွားပြီ။ သူမကလည်း ဝူရှဲကို ထိတ်လန့်တကြားနဲ့ ကြည့်နေ၏။ 


ဝူရှဲ စိတ်ထဲကနေ 'သွားပြီ'လို့သာ ပြောနိုင်တော့သည်။ သူတို့တွေ ဖြူကောင်တွေလို ပစ်သတ်ခါနီးမှာ ကံမကောင်းခဲ့ဘဲ ဟောက်သံကြားရပြီး မြှားတစ်စင်းက သူမနားကို ဖြတ်ပြေးလာခဲ့သည်။ ဝူရှဲ မတုံ့ပြန်နိုင်ခင်မှာပဲ ဒုတိယမြှားရောက်လာပြီး သူမရဲ့ ရင်ဘတ်ကို တည့်တည့် ပစ်လိုက်၏။


ဒါက တကယ်ကို လျှပ်စီးကြောင်းတွေလို လျင်မြန်လွန်းလှသည်။ အားနင်ရဲ့ မျက်လုံးအ​ရောင်တွေ ပြောင်းလဲသွားပြီး သူမက နောက်လှည့်၍ လျှပ်စီးလက်သလို လက်ကို ဝှေ့ယမ်းကာ လေထဲမှာပဲ မြှားကို ဖမ်းထားလိုက်သည်။ လှုပ်ရှားမှုက စက္ကန့်ပိုင်းလေး အတွင်းမှာပဲ လုပ်သွားတာ သူမရဲ့ အရိပ်ကိုတောင် မမြင်လိုက်ရချေ။ 


သူမရဲ့ ကျွမ်းကျင်မှုကို မြင်လိုက်ရတော့ ဝူရှဲခမျာ တုန်လှုပ်သွားတော့သည်။ ဒါပေမဲ့ အခြေအနေက သူ့ကို ပြီးအောင် အံ့သြချိန်မပေးဘဲ ခြေဖဝါးအောက်မှာ တုန်ခါမှုတွေ ဆက်တိုက်ဆိုသလို ခံစားလိုက်ရသည်။ 


"ကြောင်လက်သည်းပုံ မြှားတွေ... အနက်ရောင် တံကျင်လေးတောင် ပါတယ်!"


သူ့စကားပြီးတာနဲ့ တစ်ဒါဇင်လောက်ရှိတဲ့ အဖြူရောင် မီးလုံးတွေ ပေါ်လာသလို မြှားတွေ ပစ်ခွင်းလာရာ ဝူရှဲလည်း ရှောင်ဖို့ ခေါင်းငုံ့ထားလိုက်သည်။ ဒီအချိန်မှာတော့ အိုးထဲကထွက်လာတဲ့ အဖြူရောင် အမွေးတွေ ဖုံးနေတဲ့ တစ်စုံတစ်ခုကို ရုတ်တရက် မြင်လိုက်ရသည်။ ၎င်းက ဘယ်ဘက် ကျောက်တံခါးထဲ လျစ်ကနဲ ပြေးဝင်သွားလေ၏။


ဝူရှဲ အော်လိုက်ချင်ပေမယ့် ရုတ်​တရက်​ ရင်​ဘတ်​မှာ စူးကနဲ နာကျင်​မှု​တွေကို ခံစားရ​လို့ ​အောက်​ကို ငုံ့ကြည့်​လိုက်​တော့ မြင်​လိုက်​ရတာက ရင်ဘတ်မှာ မြှားနှစ်စင်း စိုက်နေသည်။ ဘယ်အချိန် ထိမှန်သွားမှန်း မသိပေမယ့် နှစ်လက်မ၊ သုံးလက်မအထိ ထိုးထည့် လိုက်ပုံရသည်။